"အားရီးယူးစ်.."
အာဏာသံပြည့်ဝသော အသံတစ်ခု။ အားရီးယူးစ်၏လက်များသည် လေထဲတွင်ရပ်တန့်သွားသည်။ မယုံကြည်နိုင်သလို နောက်သို့လှည့်ကြည့်လိုက်ချိန်မှာ ပါးစပ်များဝိုင်းဟသွားကာ မျက်လုံးများပြူးကျယ်သွားသည်။
လုလိယက်စ်သည် အခန်းဝမှာ ရပ်နေသည်။ အားရီးယူးစ် အံ့သြချိန်မရလိုက်။ လုလိယက်စ်သည် အနားရောက်လာကာ ဓါးတိုကို ကိုင်ထားသည့် လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။
"အ.. အား.."
အားရီးယူးစ်၏ နာကျင်စွာ အော်လိုက်သံက ဟိန်းထွက်သွားသည်။ ကွေးလိမ်သွားသော လက်ကောက်ဝတ်နေရာသည် ချက်ချင်းနီရဲလာသလို အားရီးယူးစ်၏ မျက်လုံးများသည် ပြူးထွက်လာသည်။ မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
"အင်ပါယာရှင်ဖြစ်ဖို့။ ဟုတ်လား အားရီးယူးစ်။ မင်း ဒီလောက်ရည်မှန်းချက်ကြီးလိမ့်မယ်လို့ ငါ မထင်ထားဘူး။"
လုလိယက်စ်၏ မျက်နှာသည်တည်နေသည်။ မျက်လုံးပြာများသည် နာကျင်မှုအပြည့်။ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်ကောက်ဝတ်ကို မလွှတ်။ အားရီးယူးစ်၏ မျက်နှာသည် နာကျင်မှုကြောင့် ပြာနှမ်းလိုက်၊ နီလိုက်နှင့် အရောင်မျိုးစုံပြောင်းနေသည်။ နဖူးမှ ချွေးများစိမ့်ထွက်လာကာ နားထင်တစ်လျှောက် စီးကျလာသည်။
"မဟုတ်ဘူး အစ်ကို။ မဟုတ်ဘူး။"
အားရီးယူးစ်သည် ကြောက်လန့်တကြားအော်နေသည်။ ကြမ်းပြင်ပေါ် ဒူးထောက်လျက်သား ကျသွားသည်။ လုလိယက်စ်သည် ဖမ်းချုပ်ထားသော လက်များကို ဖြေလွှတ်ပေးလိုက်ချိန် အားရီးယူးစ်သည် တုန်လှုပ်စွာဖြင့် ဖဲလ်လစ်ရှိရာသို့ လက်ညှိုးထိုးသည်။
"သူ..သူ လုပ်ခိုင်းတာ အစ်ကို။ ကျုပ်..ကျုပ် ဘာမှမသိဘူး။ အားလုံး ဒီကောင့်အကြံတွေ။ အားလုံး သူ့အကြံတွေ။ ကျွန်တော် ဘာမှမသိဘူး။"
လုလိယက်စ်သည် အားရီးယူးစ်၏ ရင်ဝကို ကန်လိုက်သည်။ အားပြင်းသည့် ကန်ချက်ဖြစ်သောကြောင့် ဝုန်းခနဲ လွင့်သွားကာ အခန်းဝနားမှ နံရံနှင့် ဆောင့်မိသွားသည်။ စပျစ်ရည်ထည့်ရာ မြေအိုးငယ်တစ်ချို့သည် ကွဲအက်သွားပြီး စပျစ်ရည်များပေကျံသွားသည်။ အားရီးယူးစ်သည် လဲကျသွားရာမှ ကုန်းထရင်း မြေအိုးကွဲစတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
"ငါ့ကို အဲ့ဒီ့မြေအိုးကွဲစနဲ့ သတ်လို့ရလိမ့်မယ်လို့ မင်း ထင်နေတာလား အားရီးယူးစ်..."
လုလိယက်စ်၏ စကားသံသည် အေးစက်မာကျောနေသည်။ ပြတ်သားသော မျက်လုံးပြာများမှ အကြည့်များသည် ညှာတာမှုလုံးဝထားမည်မဟုတ်ကြောင်း ပြောကြားနေသလိုပင်။ အားရီးယူးစ်သည် ထွက်ပေါက်မရှိတော့သည့် မိမိအဖြစ်ကို ချက်ချင်းနားလည်လိုက်သည်။ ထိုစဉ်မှာပင် အဘိုးအိုအဲလ်ဇီယိုကို တွေ့လိုက်ရသည်။ မြေအောက်ခန်းထဲ လှမ်းဝင်လာသည့်အဘိုးအိုကို နောက်မှ ဖမ်းချုပ်ကာ မြေအိုးကွဲစကို လည်ပင်းနား ဖိကပ်ခြိမ်းခြောက်လိုက်သည်။
"ကျုပ်..ကျုပ် ဒီအဘိုးကြီးကို သတ်ပစ်မယ်။"
အားရီးယူးစ်သည် ဘာကိုမှမမြင်တော့ဘဲ မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်လို ဖြစ်နေသည်။ အဘိုးအိုလည်ပင်းကို မြေအိုးကွဲစနှင့် အတင်းဖိကပ်ချိန်ရွယ်ထားသည်။ ပြူးကျယ်နေသော မျက်လုံးများသည် ကြောက်ရွံ့မုန်းတီးမှုများဖြင့် မီးဟုန်းဟုန်းတောက်နေသည်။
"မင်း အဘကို မထိနဲ့။"
"ကတိပေး။ ကျုပ်နောက်ကို မလိုက်ဘူးလို့ ကတိပေးမှ ဒီအဘိုးကြီးကို ကျုပ်လွှတ်ပေးမယ်။ မ.. မဟုတ်ရင်.."
ထစ်ထစ်အအ ပြောနေသော အားရီးယူးစ်ကိုကြည့်ရင်း လုလိယက်စ် မဲ့ပြုံးပြုံးလိုက်သည်။ ခါးပတ်မှာ ချိတ်ထားသော ဓါးအိမ်မှ ဓါးကို ဆွဲထုတ်ပြီး ခပ်လှမ်းလှမ်းသို့ လှမ်းပစ်လိုက်သည်။ ချွင်ခနဲမြည်သွားသောအသံသည် ပဲ့တင်သံအဖြစ် အခန်းထဲမှာ အကြိမ်များစွာ ထွက်ပေါ်လာသည်။
"အဘရဲ့အသက်က မင်းရဲ့အသက်ထက် ဆယ်ခါပြန် တန်ဖိုးရှိတယ် အားရီးယူးစ်။ မင်း သွားတော့။"
အားရီးယူးစ်သည် မယုံရဲသလို လုလိယက်စ်ကိုတစ်လှည့် ကြမ်းပြင်မှဓါးကိုတစ်လှည့်ကြည့်ရင်း နောက်ဘက်သို့ တဖြည်းဖြည်းဆုတ်သွားသည်။ အခန်းပြင်ရောက်မှ အဘိုးအိုကို ကျောမှ အားနှင့်တွန်းကာ နောက်သို့လှည့်ရင်း လှေကားများအတိုင်း ပြေးတက်ကာ အားသွန် ထွက်ပြေးသွားသည်။ အဘိုးအိုသည် အားရီးယူးစ်၏တွန်းချက်ကြောင့် ယိုင်သွားသော်လည်း လဲမကျသွား။ လုလိယက်စ်က ရှေ့မှဖမ်းထိန်းလိုက်သောကြောင့်ဖြစ်သည်။
"အ.. အရှင် ရောမမြို့ကို ထွက်သွားပြီထင်နေတာ။"
"ကျွန်တော် အားရီးယူးစ်ရဲ့ အကြံကိုသိချင်လို့ သွားမယ်လို့ ပြောလိုက်တာ အဘ။"
ကြမ်းပြင်ပေါ်ပစ်ချလိုက်သော ဓါးရှိရာသို့ လုလိယက်စ်လျှောက်သွားသည်။ ခြေစုံရပ်ကာ ခေတ္တခဏ စိုက်ကြည့်ပြီးမှ ကောက်ယူလိုက်သည်။ ဓါးလက်ကိုင်ကို ဆုပ်ကိုင်ထားသော လုလိယက်စ်၏လက်ဖမိုးမှ သွေးကြောပြာများ ထင်းနေသည်။
"ဥယျာဉ်ထဲမှာ အားရီးယူးစ်ပြောခဲ့တာ အဘမှတ်မိလား။ သူငယ်ငယ်တုန်းက သေမလို ဖြစ်ခဲ့တယ်ဆိုတာလေ။"
အားရီးယူးစ် ငယ်စဉ်က သေမလိုဖြစ်ခဲ့သည်ကို အဘိုးအိုမှတ်မိသည်။ အရှင်တိတိုထံ အလည်သွားစဉ် ခြေင်္သေ့ရိုင်းတစ်ကောင်၏ လှောင်အိမ်နားသို့ အားရီးယူးစ် သွားခဲ့သည်။ ထိုခြေင်္သေ့သည် ရောမမြို့တွင် ခင်းကျင်းပြသမည့် အမဲလိုက်ပြပွဲများ၊ သေဒဏ်ပြပွဲများအတွက် အာဖရိကတိုက်မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်မှာ မကြာသေးသည့် တကယ့်အရိုင်းကောင်ကြီးမျိုးဖြစ်သည်။ ခြေင်္သေ့လက်အတွင်းမှ အားရီးယူးစ် အသက်ချမ်းသာရာရခဲ့သည်မှာ အစေခံ ကလေးငယ်တစ်ယောက်၏ ကာကွယ်ပေးမှုကြောင့် ဖြစ်ခဲ့သည်။ ထိုအစေခံမှာတော့ မျက်လုံးတစ်ဖက်ကွယ်ကာ ဒဏ်ရာအကြီးအကျယ်ရခဲ့သည်ဟု သတင်းသဲ့သဲ့ရခဲ့သည်။
ကြိုးတုပ်ခံထားရဆဲဖြစ်သော ဖဲလ်လစ်ရှိရာသို့ အဘိုးအို လှမ်းကြည့်မိသွားသည်။ ဖဲလ်လစ်သည် သူတို့ကို လှမ်းကြည့်မနေ။ လုလိယက်စ်တင်းကြပ်စွာ ကိုင်ထားသော ဓါးကိုသာ စိုက်ကြည့်နေသည်။ ဖဲလ်လစ်၏ သွေးစွန်းနေသော နှုတ်ခမ်းများမှ မဲ့ပြုံးသည် လှောင်ပြုံးဖြစ်လာသည်။
"ကျစ်.. ခင်ဗျား ဒီလောက် ဉာဏ်နည်းလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တော့ထင်ထားတာပဲ။ သခင်လေးက အရမ်းလောကြီးတာကိုး။"
ဖဲလ်လစ်ထံမှ ရယ်သံကို ကြားရသည်။ လှောင်ရယ်သံ။ တစ်လောကလုံးကို လှောင်ရယ်နေသလား ထင်ရသည့် လှိုက်လှိုက်လှဲလှဲရယ်သံ။
လုလိယက်စ်သည် ဖဲလ်လစ်ရှိရာ လှည့်ကြည့်ရန် ခေါင်းကိုငဲ့လိုက်သော်လည်း အဆုံးထိမဟုတ်။ လမ်းတစ်ဝက်မှာ ရပ်တန့်သွားသော အကြည့်သည် ဖဲလ်လစ်ရှိနေသော နေရာအထိ မရောက်လိုက်။ အသက်အောင့်ထားသလား ထင်ရအောင် လုလိယက်စ်၏ တစ်ကိုယ်လုံး မာကျောနေသည်။ နဖူးလယ်မှ တင်းမာနေသော အရေးကြောင်းနှစ်ခုသည် ထင်းနေသည်။ ငွေရောင်လက်နေသော ဂလာဒီယိုဓါး၏ ထိပ်ဖျားသည် တဆတ်ဆတ်တုန်ခါနေသည်။
လုလိယက်စ်သည် အတန်ကြာသည်အထိ ဘာစကားတစ်ခွန်းမှ မပြော။ ထို့နောက်မှာတော့ အဘိုးအို၏ ပခုံးကိုသာ တစ်ချက်ဖိညှစ်ဆုပ်ကိုင်ရင်း အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။
"မင်း... မင်း.."
အဘိုးအိုသည် အရှင်လုလိယက်စ်နောက်သို့ ပြေးလိုက်ဖို့ကို မစဉ်းစားမိ။ မြေအောက်ခန်းထောင့်တွင် လှိုက်လှိုက်လှဲလှဲ ရယ်နေသည့် ဖဲလ်လစ်ရှိရာသို့ လျှောက်သွားပြီး မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
ဖဲလ်လစ်မျက်နှာတစ်ချက်မပျက်။ မော့ပင်မကြည့်။ အဘိုးအို နောက်ပါးတစ်ဖက်ကိုပါ ရိုက်ပစ်လိုက်သည်။ ထို့နောက် နောက်တစ်ဖက်။ သူ့လက်တွေနာပြီး မလှုပ်နိုင်တော့သည်အထိ ဖဲလ်လစ်ကို ဘယ်ပြန်ညာပြန် အဘိုးအို ရိုက်နေသည်။ ဒါပေမဲ့ အားမပြင်းသည့် ရိုက်ချက်များကို ဖဲလ်လစ်ကတော့ ဖြုတ်ကိုက်တာလောက်ပင် သတိထားမိဟန်မတူ။
အဘိုးအို၏ ရင်ထဲမှာ လှိုက်ပြီး ဝမ်းနည်းနေသည်။ မသင်္ကာမှုတွေ၊ သံသယတွေကြားထဲမှာပင် သူက သားတစ်ယောက်လို သဘောထားပြီး ချစ်ခင်ခဲ့မိတော့လည်း ဝမ်းနည်းမိသည်မှာ အတိုင်းအဆမရှိ။ သခင်လေးကို မုန်းတီးမိသလို ဖဲလ်လစ်ကို နာကြည်းမိသည်။
မိမိ၏အရှင်သခင်ဖြစ်သော လုလိယက်စ်နေရာက ဝင်ပြီးမစဉ်းစားရဲပေးလောက်အောင်ပင်။ ညီအရင်းဖြစ်သူနှင့် ဖဲလ်လစ်။ အရှင်လုလိယက်စ်ဘဝတွင် တန်ဖိုးအထားဆုံး လူသားနှစ်ယောက်က ပူးပေါင်းလုပ်ကြံသည့် ဇာတ်လမ်းတစ်ခု။
မြားတစ်စင်းနှင့် ငှက်နှစ်ကောင်ကို တပြိုင်တည်းပစ်ချင်သည့် အားရီးယူးစ်အကြောင်း စဉ်းစားမိချိန်မှာ အဘိုးအို ကြက်သီးဖြန်းဖြန်းထမိသည်။ မိဘနှစ်ပါး၏ မျက်နှာကိုမှမထောက်ထား။ ဖဲလ်လစ်ကို အသုံးချပြီး အရှင်လုလိယက်စ်နှင့် အရှင်တိတိုကို သွေးခွဲကာ နှစ်ယောက်စလုံးမရှိချိန်မှ အာဏာသိမ်းချင်သည့် ရက်စက်လွန်းသောအကြံကို အားရီးယူးစ် ဘယ်လိုများတွေးခဲ့လေသလဲ။ အရှင်တိတိုသည် အရှင်လုလိယက်စ်အပေါ် အမြင်မကြည်သည်မှာ မထူးဆန်းတော့။ လွှတ်တော်ထဲတွင် အားရီးယူးစ်သည် ဘယ်လောက်တောင် သွေးထိုးခဲ့သည်လဲမသိ။ ကြားခဲ့ရသော စကားများအရဆိုလျှင် ဒါတွေအားလုံးဖြစ်လာဖို့ ဖဲလ်လစ်က အကြံပေးခဲ့တာတဲ့။ အဘိုးအို မယုံရဲ။ မယုံချင်။ အရေးအကြောင်းများထင်းနေသော အဘိုးအို၏ မျက်နှာမှာ မယုံနိုင်အောင် ဒေါသများ၊ ဝမ်းနည်းမှုများနှင့် ပြည့်နေသည်။
"မင်း မင်းဟာ သခင်လေးရဲ့ အစေခံ။ ဟုတ်လား။ ဟုတ်လား မိစ္ဆာလေး။"
ဖဲလ်လစ်သည် ခေါင်းငုံ့နေသည်။ ဆံပင်နက်များ ဖွာကျဲအုပ်နေသော ဖဲလ်လစ်၏ မျက်နှာကိုမမြင်ရ။
"ဖဲလ်လစ်.. မင်း အားရီးယူးစ်နဲ့ပေါင်းပြီး အရှင့်ကို.. အရှင့်ကို လုပ်ကြံဖို့..."
ငိုသံပါသွားသော စကားအတွက် အဘိုးအို နောင်တမရ။ ဒီအရွယ်ရောက်မှ သူ မျက်ရည်ကျရပြန်ပြီ ဖြစ်သည်။ သားတစ်ယောက်လို သဘောထားမိသည့် မိမိ၏ ချစ်ခြင်းမေတ္တာကို လိမ်ညာယူခဲ့သည်ဆိုလျှင်တောင် အဘိုးအိုခွင့်လွှတ်နိုင်သေးသည်။ ဒါပေမဲ့ အရှင်လုလိယက်စ်ကို လှည့်စားခဲ့သည်ဆိုလျှင်တော့ သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာမဟုတ်။
"ဖြေလေ။ ဟေ့ကောင်လေး။ မင်း.. မင်း တကယ်ပဲ အရှင့်ကို.."
အဘိုးအို၏စကားသံသည် တိမ်ဝင်သွားသည်။
အခုအချိန်ရောက်မှတော့ ဘာမှအရေးမကြီးတော့။ ဖဲလ်လစ်သည် အားရီးယူးစ်အပေါ် သစ္စာရှိခဲ့သည်ဖြစ်ဖြစ်၊ လုလိယက်စ်အပေါ်သစ္စာရှိခဲ့သည်ဖြစ်ဖြစ် ဘာဆိုဘာမှ အရေးမကြီးတော့။ ပေါက်ကွဲထွက်ခါနီး ဒေါသများကို ပြန်လည်မြိုသိပ်ကာ မြေအိုးကွဲတစ်ခုကို ကောက်ယူလိုက်သည်။
"ငါ မင်းကိုသတ်ချင်ပေမယ့် မသတ်ဘူး ကောင်လေး။ မင်း သေရမလား။ ရှင် ရမလားဆိုတာ အရှင်ပဲ ဆုံးဖြတ်လိုက်မယ်။"
အံကိုကြိတ်ကာ အဘိုးအို ပြောဖြစ်သည်။ ဒူးထောက်ထိုင်ရင်း ဖဲလ်လစ်၏ လက်များကိုချည်ထားသော ကြိုးများနှင့် ခြေထောက်ကိုချည်ထားသော ကြိုးများကို ဖျက်ပေးလိုက်သည်။ ကြိုးဖြင့်ချည်နှောင်ထားသည့် လက်ကောက်ဝတ်နှင့် ခြေကျင်းနေရာများတွင် နီရဲပွန်းပဲ့နေကာ သွေးစို့နေသည်။ ဖဲလ်လစ်သည် အသက်မဲ့နေသည့် ဖယောင်းရုပ်တစ်ခုလို။ လုံးဝလှုပ်ရှားမှုမရှိ။ အဘိုးအိုသည် ဖဲလ်လစ်အနားမှခွာကာ မြေအောက်ခန်းထဲမှ ထွက်လာခဲ့သည်။ တံခါးကိုနောက်ပြန်ပိတ်ကာ သော့ခတ်နေသည့် အဘိုးအို၏ လက်များသည် တုန်ယင်နေသည်။
ထွက်ခွာသွားပြီဖြစ်သော အဘိုးအို၏ ခြေသံများနှင့်အတူ မြေအောက်အခန်းငယ်သည် ဘာဆိုဘာမှ မဖြစ်ခဲ့သလို ပြန်လည်တိတ်ဆိတ်သွားပြီဖြစ်သည်။ တိတ်ဆိတ်မှောင်မည်းနေသော အခန်းထဲမှာ အသက်ရှူသံမှလွဲပြီး ဘာသံမှမရှိ။
ဖဲလ်လစ်၏ ရင်ဘတ်တွေသည် ဖောင်းလိုက်နိမ့်လိုက်ဖြင့် လှိုက်ဖိုနေသည်။ မျက်တောင်ကို ခဏခဏ ပုတ်ခတ်ရင်း မျက်ရည်မကျအောင် ထိန်းထားပေမယ့် အောင်မြင်ဟန်မတူ။ မခံစားနိုင်တော့ဟန် မျက်စိကို မှိတ်လိုက်ချိန်မှာ သွေးစွန်းသောအနီရောင်မျက်ရည်စက်များသည် ပါးပြင်ထက်သို့ လှိမ့်ဆင်းလာသည်။ ခေါင်းကိုမော့ကာ နံရံကိုမှီထားသောကြောင့် လည်ပင်းကြောများ ထင်းနေသည်။
ရေအောက်ထဲသို့ ရောက်နေသလို ဖဲလ်လစ် အသက်ရှူမဝ။ လှုပ်ရှားမှုမရှိသည့် ခြေတွေ၊ လက်တွေသည် သူ့ခံစားချက်ထဲတွင်တော့ အတင်းရုန်းကန်နေကြသည်။ ရေတွေ ပါးစပ်နှင့်နှာခေါင်းထဲ အလုံးအရင်း လှိမ့်ဝင်နေသလို။ ပါးစပ်ဖွင့်မထားပေမယ့် လည်ပင်းတွေ နာကျင်ဆို့နစ်နေသည်။
ခံစားချက်ကြောင့် သေတတ်ပါသလား။
နာကျင်မှုကြောင့် သေဆုံးတတ်သလား။
ပြင်းထန်လွန်းတဲ့ ဆို့နစ်ဝမ်းနည်းမှုတွေကြောင့် သူ့ရဲ့နောက်ဆုံးအချိန်ကို ရောက်နေသလို ဖဲလ်လစ် ခံစားရသည်။
ခေါင်းကို နံရံနှင့် ဆောင့်လိုက်သည်။ ဖြည်းညင်းစွာမဟုတ်။ ရင်ထဲမှ နာကျင်မှုကို မခံစားနိုင်တော့ဟန် အကြိမ်ကြိမ် ဆောင့်နေခြင်းဖြစ်သည်။ မူးဝေမေ့မြောသွားဖို့ကို မျှော်လင့်နေသလားမသိ။ ဒါပေမဲ့ ကိုယ်ခန္ဓာရဲ့ နာကျင်မှုကို သတိမရနိုင်လောက်အောင် သူ့နှလုံးသားသည် ကိုက်ခဲနေသည်။ တစ်ကိုယ်လုံးမှာ ခွန်အားဟူ၍ ရွေးစေ့တစ်စေ့စာပင် မကျန်တော့။ တုန်ယင်နေသော တစ်ကိုယ်လုံးကို တည်ငြိမ်အောင် ဒူးနှစ်ဖက်ကို လက်နှင့်ပိုက်ပြီး ခေါင်းကိုငုံ့ထားသည်။
အရှင်ရာ.. ကျွန်တော့်ကို သတ်လိုက်ပါလား။ ဒါမှမဟုတ် စိတ်တိုင်းကျ ရိုက်ပစ်လိုက်ပါလား။ ဒီလိုဆိုရင် အရှင် ခံစားနေရတဲ့ နာကျင်မှုကနေ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် သက်သာသွားမှာ မဟုတ်ဘူးလား။
အတွေးနှင့်ပင် သေနိုင်လောက်အောင် ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်နေသည်။ ရင်ညွှန့်နေရာသည် အဆိုးဆုံး။ လှံသွားချွန်နှင့် ထုတ်ချင်းဖောက်အထိုးခံထားရသလို နာကျင်နေသည်။ သူ့တစ်ကိုယ်လုံး သေးငယ် ပျောက်ကွယ်သွားချင်သလို ဒူးနှစ်ဖက်ကို အတင်းပိုက်ရင်း တုန်နေသည်။
နည်းနည်းလောက်ပဲ ဖြစ်ဖြစ်..
အက်ကွဲနေသော စကားသံသည် တုန်ခါနေသည်။ သွေးရောင်စွန်းသော မျက်ရည်များသည် ရပ်တန့်ခြင်းမရှိ။ ညစ်မဲစိုထိုင်းနေသော ကြမ်းပြင်ထက်သို့ တစ်စက်ပြီးတစ်စက် ကျဆင်းနေသည်။