တရားရုံးကြီးအတွင်းတွင် တစ်ယောက်တစ်မျိုး အော်ဟစ် ပြောဆိုနေသံများ ဆူညံနေသည်။ ဝန်ထမ်းကျွန်များ၏ ခပ်သွက်သွက် ပြေးလွှားသွားသည့် ခြေသံများသည် ခန်းမကြီးအတွင်း ပဲ့တင်ထပ်နေသည်။ ခန်းမကျယ်ကြီးပတ်ပတ်လည်တွင် အဝိုင်းပုံစံထိုင်ခုံတန်းများရှိနေပြီး ပုံပေမြို့၏ အာဏာရှိသူများ၊ တာဝန်ရှိသူများ အားလုံး ၀ိုင်းထိုင်နေကြသည်။ အလယ်နေရာလွတ်တွင် ထိုအာဏာရှိသူများထဲမှ တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်ကာ လက်ရှိ မြို့၏အခြေအနေ၊ အဖြစ်အပျက်များကို တင်ပြဆွေးနွေးနေသည်။ နားထောင်နေကြသူများထံမှ ငြင်းခုန်သံများ၊ ထောက်ခံသံများကိုလည်း အဆက်မပြတ်ကြားနေရသည်။
ငလျင်လှုပ်မှုများသည် ယခုတစ်ဖန် ခပ်စိတ်စိတ် ပြန်လည်ဖြစ်ပေါ်နေပြန်ပြီဖြစ်သည်။ ငလျင်အကြီးစားများ မဟုတ်သော်လည်း အားလုံးစိုးရိမ်ကြောင့်ကြနေရသည်။ ပြည်သူပိုင်အဆောက်အဦးများသည် ပျက်စီးမှုများကြောင့် ပြင်လို့မပြီးနိုင်အောင် ဖြစ်နေသည်။ ထို့အပြင် မြို့တော်ဝန်ရာထူးအတွက် ရွေးကောက်ပွဲနားနီးနေပြီ ဖြစ်သောကြောင့် အာဏာရှိသူများ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ မိတ်ဖွဲ့သူတွေ၊ မဲဆွယ်သူတွေကြားမှာ အချင်းချင်းဟန်ဆောင်ပြုံးတွေကို ဖောဖောသီသီ ထုတ်သုံးနေချိန်ဆိုလျှင်လည်း မမှား။ မည်သူက မည်သည့်အဆောက်အဦးကို ပြင်ဆင်ရန် တာဝန်ယူကြောင်းတွေကို မကြာခဏ ကြားနေရသည်။
"အခုဖြစ်နေတာတွေဟာ နတ်ဘုရားတွေရဲ့ ဒေါသအမျက်ကြောင့်ပဲ။ ကျုပ်ကိုယ်တိုင် ကြီးမှူးပြီး နွားထီး ဆယ်ကောင်၊ သိုး အကောင်တစ်ရာကို နတ်ဘုရားကျောင်းမှာ ယဇ်ပူဇော်မယ်။ ပုံပေမြို့အတွက်ဆိုရင် ကျုပ် ချမ်းသာသမျှ အားလုံးကုန်ပါစေဗျာ။ ပေးဆပ်ဖို့ အသင့်ပဲ။ ခင်ဗျားတို့သိတဲ့အတိုင်း ကျုပ်ရဲ့ ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ပုံပေမြို့အတွက်ဆိုရင်.. "
ဆွေးနွေးမှုများသည် တော်တော်နှင့် အဆုံးသတ်မည့်ပုံမရှိ။ ဘဏ်ပိုင်ရှင် လူချမ်းသာကြီး၏ ကိုယ်ရည်သွေးစကားများကို ဆက်နားထောင်ချင်စိတ်မရှိတော့သဖြင့် လုလိယက်စ်သည် ရှေ့ဆုံးခုံတန်းမှာ ထိုင်နေရာမှ မတ်တတ်ရပ်ကာ တရားရုံးကြီးထဲမှ ထွက်လာခဲ့သည်။
"လုလိယက်စ်.."
ခေါ်သံနောက်မှာ ဘေးနားရောက်လာသည့် သူငယ်ချင်းဖြစ်သူ ဒါမီဒယ်၏ အပြုံးကို မြင်ရသည်။
"မင်း စိတ်ညစ်နေပြီလား။"
လုလိယက်စ် ခေါင်းခါလိုက်သည်။
"စိတ်ပူနေတာ သူငယ်ချင်း။ ဒီမြို့ကြီးဟာ ကျိန်စာမိနေသလိုပဲ။"
ခမ်းနားဝင့်ထည်နေသော မြို့လယ်အဆောက်အဦးများကို မြင်နေရပေမယ့် လုလိယက်စ် မကြည်နူးနိုင်။ ပုံပေမြို့သည် ချမ်းသာကြွယ်ဝသော ပင်လယ်ဆိပ်ကမ်းမြို့ကြီးတစ်မြို့ ဖြစ်သည်။ အနီးပတ်ဝန်းကျင်တွင်လည်း မြေဆီသြဇာကောင်းသည်။ စပျစ်ခင်း၊ သံလွင်ခင်းများ အောင်မြင်သလို ဆားချက်ခင်းများမှ ဝင်ငွေသည်လည်း မနည်းလှ။ ပင်လယ်ကမ်းခြေဖြစ်ပြီး Sarno မြစ်လည်းရှိသဖြင့် ကုန်ကူးသန်းရာတွင် အချက်အချာကျသော နေရာတစ်ခု။ သို့ပေမယ့် အခုနောက်ပိုင်းတွင် ပုံပေမြို့နှင့် ပတ်ဝန်းကျင်တွင် ခြောက်ခြားစရာ ငလျင်များ အဆက်မပြတ် လှုပ်ခါနေသည်။ မြို့သူမြို့သားများမှာ ကျီးလန့်စာစားဖြစ်နေကြသည်။ ကြီးမားသော ပျက်စီးဆုံးရှုံးမှု၊ သေကြေမှုများ မရှိသော်လည်း မည်သူမျှ စိတ်အေးချမ်းသာစွာ မနေနိုင်ကြ။
"အေးကွာ။ တကယ်ပါပဲ။ မြို့ပြင်မှာ တောင်ပြိုတာတွေ၊ မြေပြိုတာတွေဖြစ်တယ်လည်း ကြားတယ်။"
"ဘယ်နားမှာဖြစ်တာလဲ။"
"ဟိုး တောင်စောင်းနားမှာ။"
ဒါမီဒယ်သည် နတ်ဘုရားကျောင်းနောက်မှ တောင်တန်းငယ်တစ်ချို့ကို လက်ညှိုးညွှန်ပြသည်။ စိမ်းစိုနေသော တောင်တန်းငယ်များသည် ဆိတ်ငြိမ်နေသည်။ ပုံပေမြို့ကို စရောက်လာချိန်ကတည်းက ဒီနေရာမှမြင်ကွင်းကို လုလိယက်စ် နှစ်ခြိုက်သဘောကျခဲ့သည်။ ခန့်ထည်သော နတ်ဘုရားကျောင်း၊ စျေးကြီးနှင့် မြို့အဆောက်အဦးများ၊ ၎င်းတို့နောက်မှ စိမ်းစိုသော တောင်တန်း။ အခြားဘက် မျက်နှာမူလျှင် အဆောက်အဦးများကြားမှ ခပ်ရိပ်ရိပ်မြင်ရသော ပင်လယ်ပြာ။ အရာရာသည် လှပငြိမ်းချမ်းနေဆဲဖြစ်သည်။
သူနှင့်ဖဲလ်လစ်တို့ ပထမဆုံးအကြိမ် ဆုံဖြစ်ခဲ့သော စျေးကြီးရှိရာသို့ နောက်တစ်ကြိမ်မကြည့်ဘဲ မနေနိုင်။ ထိုနေ့ကလိုပင် စျေးကြီးသည် စည်ကားနေဆဲဖြစ်သည်။ စျေးရောင်းစျေးဝယ်သူများ၊ ကျွန်များ၊ လူချမ်းသာများအပြင် ပေါင်မုန့်ပူများကို ဗန်းထဲထည့်ရောင်းနေသူများ၊ သူဖုန်းစားများနှင့် ပြောင်းလဲမှုမရှိ။
ဘယ်ဘက်ရင်အုံမှ လွမ်းမောနာကျင်မှု ဒဏ်ရာကြောင့် စျေးကြီးထံမှ အကြည့်လွှဲလိုက်သည်။ ယခုအချိန်တွင် ဖဲလ်လစ်သည် ပုံပေမြို့မှာမရှိတော့။ ဒါမီဒယ်၏ မိတ်ဆွေထံမှ အရှင်တိတို၏ လူယုံဖြစ်ခဲ့ကြောင်း သိရချိန်ကတည်းက မြို့ပြင်မှ အနားယူစံအိမ်ကြီးရှိရာ ပို့ထားခဲ့သည်မှာ လပေါင်းအတော်ကြာခဲ့ပြီဖြစ်သည်။ အမှန်တော့ လုလိယက်စ် မပြတ်သားခြင်းသာ။ ပြဿနာတစ်ခုကို ရင်ဆိုင်ရလျှင် မြေဆုံးရေဆုံးလိုက်ကာ ဖြေရှင်းတတ်သော လုလိယက်စ်သည် ဖဲလ်လစ်နှင့် ပတ်သက်သော ပြဿနာအတွက်မူ ဖြေရှင်းဖို့ထက် အချိန်ဆွဲထားရုံသာ လုပ်နိုင်ခဲ့သည်။
ဖြေရှင်းရန်ဆိုသည်မှာ နည်းလမ်းနှစ်မျိုးသာ ရှိသည်။ အမှန်အတိုင်း ဝန်ခံလာသည်အထိ ဖဲလ်လစ်ကို သူ နှိပ်စက်နိုင်သည်။ ဒါပေမဲ့ ဖဲလ်လစ်သည် ဘာဆိုဘာမှ ဖွင့်ပြောမည်သူမဟုတ်။ ပထမဆုံးအချိန် သူတို့နှစ်ယောက် တိုက်ခိုက်စဉ်ကတည်းက ထိုကောင်လေး၏ သဘောထားကို လုလိယက်စ် နားလည်ပြီးဖြစ်သည်။ အသေသာခံသွားမည်။ တောင်းပန်လိမ့်မည်မဟုတ်။ ထို့အပြင် အနားယူစံအိမ်ကြီးတွင် နှစ်ယောက်တည်း ရှိစဉ်က ဖဲလ်လစ်၏နောက်ကြောင်းကို သိရဖို့ သူကြိုးစားခဲ့ဖူးသည်။ မအောင်မြင်ခဲ့။ ဖဲလ်လစ်သည် သူ၏အရှင်သခင်ဟောင်းကို သစ္စာဖောက်မည့်လူငယ်မဟုတ်ဆိုတာ ရင်နာပေမယ့် နားလည်နေသည်။ ဒါမှမဟုတ် အန္တရာယ်ကင်းအောင် ဒီကောင်လေးကို တစ်ခါတည်း အသေသတ်လိုက်နိုင်သည်။ ဒီနည်းလမ်းကိုလည်း လုလိယက်စ် မလုပ်နိုင်။
"မင်းဇနီးရော ဒါမီဒယ်။ နေကောင်းရဲ့လား။"
"အေးကွာ။ ဒီလိုပါပဲ။ မီးဖွားဖို့က နေ့လား၊ ညလားမသိ ဖြစ်နေပြီ။ ဒီငလျင်တွေလှုပ်တိုင်း စိတ်ခြောက်ခြားနေရတာ။"
ဒါမီဒယ်၏ ဇနီးမှာ ကလေးမျက်နှာမြင်ရန် အချိန်နီးကပ်နေပြီဖြစ်သည်။ သာမာန်အချိန်ဆိုလျှင် အားလုံးပျော်ရွှင်ဝမ်းမြောက်နေရမည် ဖြစ်သော်လည်း ယခုတော့ အားလုံးစိုးရိမ်နေကြသည်။ လုလိယက်စ်၏ တိုက်တွန်းချက်အတိုင်း ဇနီးနှင့်သားငယ်ကို ရောမမြို့သို့ ပို့ထားရန်အတွက် ပြင်ဆင်မှုများပင် ပြုလုပ်နေပြီဖြစ်သည်။
"မင်း ပြန်တော့မလို့လား လုလိယက်စ်။"
"မြို့ပြင်က နတ်ဘုရားကျောင်းငယ်နားက ရေကန်ကို ငါ သွားကြည့်မလို့ သူငယ်ချင်း။"
"ဘာဖြစ်လို့လဲ။"
"ရေတွေ ပွက်နေတယ်တဲ့။ လမ်းတွေလည်း ပြိုနေတယ်လို့ကြားတယ်။"
"တောင်ပြိုတယ်ဆိုတာလည်း အဲ့ဒီ့နားတွေပဲ။ ကဲပါကွာ။ ငါပါ မင်းနဲ့လိုက်ခဲ့မယ်။"
ဒါမီဒယ်၏ ကမ်းလှမ်းချက်ကို လုလိယက်စ် သဘောတူလိုက်သည်။ နေ့လယ်စာ စားပြီးသည်နှင့် မြင်းကိုယ်စီနှင့် သူတို့နှစ်ယောက် ပုံပေမြို့မှ ထွက်ခဲ့ကြသည်။ မြို့တွင်း၊ မြို့ပြင်တွင် ထူးခြားသော ပြောင်းလဲမှုများ မရှိ။ မြို့သူမြို့သားများမှာ မြေငလျင်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြသော်လည်း သွားလာမပျက်၊ ရောင်းဝယ်မပျက်ကြ။
သို့ပေမယ့် နတ်ဘုရားကျောင်းများတွင် ဆုတောင်းသူတွေ ပြည့်နေသည်။ နတ်ဘုရားများ၏ အမျက်ဒေါသ ပြေရန်အတွက် ယဇ်ပူဇော်မှုများကို အဆက်မပြတ်ပြုလုပ်နေကြသလို သိုး၊ နွားများကို သတ်ဖြတ်ကာ ဘုန်းတော်ကြီးများကို ၎င်းတို့၏အတွင်းကလီစာများမှ နိမိတ်ဖတ်စေသူများမှာလည်း မရှား။ လမ်းဘေး နတ်ဘုရားကျောင်းငယ်များ၊ အိမ်တွင်းနတ်ဘုရားစင်များတွင် အမွှေးနံ့သာနှင့် ပူဇော်ပသမှုများ မပြတ်လပ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
မြင်းများကို ဒုန်းစိုင်းမောင်းနှင်ကာ ခရီးပြင်းနှင်လာခဲ့သောကြောင့် သိပ်မကြာခင်မှာပဲ မြေပြန့်များ၊ ကွင်းပြင်ကျယ်များကို ဖြတ်ကျော်ပြီး တောင်ကုန်း၊ တောင်တန်းဒေသများသို့ ရောက်လာခဲ့သည်။ တောလမ်းထဲရောက်သည်နှင့် ပြိုကျနေသော သစ်ပင်များကို တွေ့လိုက်ရသည်။ အကြိမ်ကြိမ် လှုပ်ခါနေသော မြေငလျင်များသည် ပုံပေမြို့ကြီးကိုသာမက သစ်တောအုပ်ငယ်ကိုပါ ပွတ်တိုက်ကျီစယ်ခဲ့ဟန်တူသည်။ အချို့နေရာများတွင် မြေပြင်မှာ ထက်ပိုင်းခြမ်းခံထားရသလို အနိမ့်အမြင့်မတူတော့ဘဲ ကွဲအက်နေသည်။ လူသွားလမ်းငယ်များမှာ ပြိုကျနေသော ကျောက်တုံးများကြားတွင် အစရှာလို့မရတော့လောက်အောင် ပျောက်ဆုံးနေသည်။ တစ်နေရာတွင်တော့ အမြစ်မှကျွတ်ထွက်ကာ လမ်းငယ်ပေါ်ကန့်လန့်ဖြတ်လဲကျနေသော ထင်းရှူးပင်ကြီးကို တွေ့လိုက်ရသည်။
"အခြေအနေက ငါတို့ထင်တာထက် ပိုဆိုးနေတယ် လုလိယက်စ်။"
ဒါမီဒယ်သည် လည်ပင်းတွင်ချိတ်ဆွဲထားသော အဆောင်ငယ်ကို ဖိကိုင်လိုက်သည်။ တောအုပ်တစ်ခုလုံးမှာ လေတိုးသံမှလွဲလျှင် ဘာသံမျှ မကြားရ။ ကျေးငှက်သံ၊ ပျားပိတုန်းဝဲသံများပင် မရှိဘဲ တိတ်ဆိတ်နေသည်။ ဒါမီဒယ်က တောအုပ်ငယ်ထဲမှ လှမ်းမြင်နေရသော အမိုးအကာတစ်ခုကို လမ်းညွှန်ပြသည်။
"နတ်ကျောင်းက ဟိုးနားမှာ မဟုတ်လား။"
"ဟုတ်တယ် သူငယ်ချင်း။"
လုလိယက်စ် မြင်းပေါ်မှဆင်းလိုက်သည်။ မြေပြင်သည် ညီညာခြင်းမရှိသလို အက်ကွဲကြောင်းများနှင့် ဖြစ်သည်။ အမြင့်နေရာမှ လိမ့်ကျလာပုံရသော ကျောက်တုံး ကျောက်ခဲများကြောင့် ပိုဆိုးသည်။ ရှေ့ဆက်ပြီး မြင်းစီးသွားဖို့ရန် မဖြစ်နိုင်တော့။ မြင်းများကို အနီးမှ သစ်ပင်တစ်ခုတွင် ကြိုးဖြင့်ချည်နှောင်ပြီး ထားရစ်ခဲ့ကာ ခြေကျင်ဆက်လျှောက်လာခဲ့ကြသည်။
နတ်ဘုရားကျောင်းငယ်သည် မြေအောက်မှ စိမ့်ထွက်နေသော စမ်းရေကန်အနီးတွင် တည်ဆောက်ထားသည်။ ရှေးယခင်အချိန်ကတည်းက ထိုစမ်းရေမှာ နတ်ဘုရားများ ပေးသနားသော ဆုလာဘ်ဖြစ်သည်ဟု ဒေသခံများ ယုံကြည်ခဲ့ကြသည်။ အိမ်ထောင်ရှင် အမျိုးသမီးများသည် ယခုဘုရားကျောင်းငယ်တွင် သားဆုပန်ရန် လာရောက်ဆုတောင်းလေ့ ရှိခဲ့သည်။ ရောဂါဝေဒနာသည်များသည် မိမိတို့ခံစားနေရသော ဝေဒနာများ သက်သာပျောက်ကင်းစေရန် လာရောက်ဆုတောင်းတတ်သည်။ ပူဇော်ပသရန် နတ်ဘုရားရုပ်ငယ်များ၊ ဝေဒနာခံစားနေရသော ကိုယ်ခန္ဓာအစိတ်အပိုင်း ပုံစံငယ်များကို မြေသား၊ ကြေးသားများဖြင့် ထုလုပ်ကာ နတ်ဘုရားစင်အနီးမှာ ထားခဲ့တတ်ကြသည်။
ယခုတော့ တစ်ချိန်က စိမ်းစိုသာယာခဲ့သော နတ်ဘုရားကျောင်းငယ်ရှေ့မှ ရေကန်ငယ်မှာ မှတ်မိချင်စရာပင်မရှိ။ ရေကန်ထဲမှ ရေများသည် စိမ်းရွှေရွှေရောင်ဖြစ်ကာ ပွက်ပွက်ဆူနေသည်။ အနားကပ်လို့မရ။ အပူရှိန်သည် အတော်ပင် ပြင်းထန်သည်။ ရေကန်ငယ်ကို ကာထားသော အုတ်များမှာ မည်းညစ်နေပြီး အလယ်မှ နတ်ဘုရားရုပ်တုတွင်လည်း ကြေးမည်းလိုမျိုး အမှုန်မည်းများ ကပ်နေသည်။ နံဟောင်နေသော အနံ့သက်တစ်မျိုးကြောင့် လုလိယက်စ်ရော၊ ဒါမီဒယ်ပါ နှာခေါင်းများကို လက်နှင့်ကာလိုက်ရသည်။
"ဘာ..ဘာဖြစ်တာလဲ။"
ပုံစံပြောင်းနေသော နတ်ဘုရားရုပ်သည် ဆိုးဝါးသောကျိန်စာကြီးတစ်ခု၏ အတိတ်နမိတ်လိုပင်။ ကာလမကြာမီလေးကပင် ဇနီးဖြစ်သူနှင့်အတူ ယခုနတ်ကျောင်းတွင် လာရောက်ဆုတာင်းခဲ့သည့် ဒါမီဒယ်အတွက် ပိုပြီး ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းနေသည်။ မတ်မတ်ရပ်ရန်ပင် ဒူးမခိုင်ချင်တော့။
လုလိယက်စ် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ တစ်ချိန်က ဘုန်းတော်ကြီးများ၊ ဘုရားကျောင်းစောင့်များ၊ ဆုတောင်းပူဇော်သူများနှင့် စည်ကားခဲ့သော နတ်ကျောင်းပတ်လည်တွင် မည်သူမှ မရှိကြတော့။ တိတ်ဆိတ်ခြင်းနှင့် ခြောက်သွေ့ခြင်းသာ အရာရာကို လွှမ်းခြုံထားသည်။ ရေကန်ငယ်အနီးတဝိုက်မှ သစ်ပင်များသည်လည်း မီးလောင်ခံထားရသလို ခြောက်သွေ့နေသည်။ မြက်ပင်စိမ်းများလည်းမရှိ။ ချုံပုတ်ငယ်များသည် ထိကိုင်လိုက်တာနှင့် ကြွေတော့မည့်ဟန်။ ယခင် ဆုတောင်းသူများ ထားခဲ့ကြသော ရွှံ့ရုပ်၊ နတ်ရုပ်များသာ ခြောက်သွေ့စွာ ကျန်နေခဲ့သည်။ တစ်နေရာအရောက် လုလိယက်စ် ခြေလှမ်းတွေရပ်သွားသည်။
"ဘာလဲ သူငယ်ချင်း.."
ဒါမီဒယ်၏အမေးကို လုလိယက်စ် ချက်ချင်းမဖြေနိုင်။ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။
"မင်းသတိထားမိလား ဒါမီဒယ်။ ဒီနားတဝိုက်မှာ ဘာတိရစ္ဆာန်မှ မရှိဘူး။ ငါတို့လာခဲ့တဲ့ လမ်းတစ်လျှောက် ငှက်တစ်ကောင်တောင် မတွေ့ခဲ့ရဘူး။"
"ငါ ငါတို့ပြန်ရအောင် လုလိယက်စ်။ ဒီနေရာမှာ ဆက်နေဖို့မကောင်းဘူး။"
အပြန်လမ်းတွင်နှစ်ယောက်စလုံး စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်နေသည်။
"ငါ အင်ပါယာရှင်ကို ဒီကအဖြစ်အပျက်တွေကို ပေးသိမှဖြစ်မယ်သူငယ်ချင်း။ ရောမလွှတ်တော်အထိ သွားပြောမှဖြစ်မယ်။"
"ဒါပေမဲ့ လက်ရှိအင်ပါယာရှင်က မင်းကိုသိပ်မကျေနပ်ဘူးဆိုတာ လွှတ်တော်မှာ လူတိုင်းပြောနေကြ တယ်လေကွာ။ မင်းသွားရင် အန္တရာယ်မရှိဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။"
"သူနဲ့ငါ့ကြားမှာ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ မကျေလည်တာမျိုးတွေရှိပေမယ့် အခုကိစ္စက ပုံပေမြို့အတွက်လေ။ ငါ ဒါတွေ ထည့်တွက်နေလို့ ဘယ်ဖြစ်မလဲ။"
သာယာမှုလုံးလုံးမရှိသော တောအုပ်သည် ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေသည်။ မြင်းကိုခပ်မှန်မှန်စီးလာခဲ့သော်လည်း တစ်ယောက်နှင့်တစ်ယောက် နောက်ထပ် စကားမပြောဖြစ်ကြ။ အပြန်လမ်းတစ်လျှောက်လုံးတွင်လည်း သားကောင်ငယ်များနှင့်မဆုံခဲ့ရ။ သစ်ပင်များကြားတွင် ချေငယ်ခြေရာများမရှိ။ သစ်တောကြမ်းပြင်တွင် ပန်းများပွင့်မနေ။ တောရိုင်းငှက်ငယ်များကို နေရာတကာ တွေ့နိုင်ခဲ့သောနေရာတွင် တောင်ပံခတ်သံပင် မကြားရတော့။
"လုလိယက်စ်..ဒီနားမှာ မင်းရဲ့အိမ်ရှိတယ်မဟုတ်လား။ ဒီည အဲ့ဒီ့မှာပဲ သွားနားရအောင်။ မိုးချုပ်တော့မယ်။"
ဒါမီဒယ်၏အပြောသည် အတွေးကမ္ဘာမှ မလွတ်မြောက်နိုင် ဖြစ်နေသော လုလိယက်စ်ကို လှုပ်နိုးလိုက်သလိုပင်။ သိပ်မကြာခင်တွင် နေဝင်တော့မည်ဖြစ်သည်။ မြင်းကိုအပြင်းနှင်လျှင်တောင် ညမိုးချုပ်မှ ပုံပေမြို့သို့ သူတို့ပြန်ရောက်နိုင်လိမ့်မည် ဖြစ်သောကြောင့် ဒါမီဒယ်ပြောသလို အနားယူစံအိမ်မှာ ညအိပ်နားလိုက်သည်သာ အကောင်းဆုံးဖြစ်လိမ့်မည် ဖြစ်သည်။ တောင်ကုန်းမြင့် တစ်နေရာမှ ထီးထီးကြီး ရှိနေသော အနားယူစံအိမ်ကြီးကို လုလိယက်စ် လှမ်းကြည့်မိသည်။
ရင်ထဲမှနာကျင်မှုသည် အချိန်တွေကြာလာခဲ့သော်လည်း ပျောက်ကွယ်မှုမရှိ။
စံအိမ်ကြီးတွင် သူ မေ့ထားချင်ပေမယ့် တစ်နေ့မပြတ် သတိရနေမိသည့် တစ်စုံတစ်ယောက် ရှိနေသည်။ ဒါပေမဲ့ လုလိယက်စ် မသေချာ။ စံအိမ်ကြီးကို စွန့်ခွာကာ ရောမမြို့သို့ ပြန်သွားတာမျိုးလည်း ဖြစ်နိုင်သည်။ လုလိယက်စ်၏ မသိစိတ်က ဒီအတိုင်းဖြစ်စေချင်သည်။ ဖဲလ်လစ်သည် အရှင်တိတို၏ သွေးသား။ သူမတူအောင် ထူးချွန်သော အရည်အသွေးများနှင့် ပတ္တမြားကျောက်တစ်လုံးလို တန်ဖိုးရှိသူ။ ရောမမြို့တွင် ဖဲလ်လစ်အတွက် ထိုက်တန်သော နေရာကောင်းတစ်ခု စောင့်ကြိုနေမည်မှာ မလွဲပင်။
"ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖခင် ကျွန်တော့်ကို ဒီလိုဂုဏ်ယူတဲ့အကြည့်တွေနဲ့ ကြည့်စေချင်ခဲ့တာ။"
တစ်ချိန်က ထိုကောင်လေး ပြောခဲ့ဖူးသော စကားကို လုလိယက်စ် ပြန်လည်ကြားယောင်မိသည်။ သူ့နားသို့ ဖဲလ်လစ်ရောက်လာခဲ့သည်မှာလည်း ဖခင်ဖြစ်သည့် အရှင်သခင်စိတ်တိုင်းကျသာ ဖြစ်လိမ့်မည်။ အရှင်တိတို ဘာတွေခိုင်းခဲ့သလဲ။ လုလိယက်စ် မသိ။ သူတို့နှစ်ယောက် အတူ ရှိနေစဉ်အချိန်များတွင် ဖဲလ်လစ်သည် သူ့အသက်ကို ရန်မရှာခဲ့။ ဒါဟာ ဘာ့ကြောင့်လဲ။ အခုအချိန်အထိ အရှင်တိတိုထံမှ လုလိယက်စ်ကို သတ်ဖြတ်ရန် အမိန့်မရသေးလို့လား။
လုလိယက်စ် ခေါင်းငုံ့ရင်း သက်ပြင်းချဖြစ်သည်။ အန်နီရာနှင့် ဖဲလ်လစ်တို့ တွေ့ဆုံဖြစ်ခဲ့မှာကို စဉ်းစားမိချိန်မှာ ရင်နာသည်ထက်ပိုသည်။ သူ့ဘဝအတွက် ပထမဆုံးချစ်ရသူဖြစ်သည့် အန်နီရာ။ ထို့နောက်မှာတော့ ဖဲလ်လစ်ဆိုသည့် အစေခံကောင်လေးတစ်ယောက် သူ့ဘဝထဲ ဝင်လာခဲ့သည်။ မိမိကိုယ်တိုင်ထက်ပင် ဖဲလ်လစ်ကို တန်ဖိုးထားမိနေမှတော့ လုလိယက်စ်သည် ပြန်ထွက်မရသည့် ထောင်ချောက်ထဲသို့ မိမိစိတ်နှင့် မိမိကိုယ် တိုးဝင်ခဲ့သူတစ်ယောက်ပင်။
ထိုထောင်ချောက်ကို ဆင်ခဲ့သူသည် အရှင်တိတို။
ထို ထောင်ချောက်အဆုံးတွင် သူ့ကို စောင့်ကြိုနေသည်က မည်သည့်အရာများ ဖြစ်လေမလဲ။
သေခြင်းတရားလား..
ပျက်စီးဆုံးရှုံးခြင်းလား..
အကယ်၍ အရှင်တိတိုသည် လုလိယက်စ်ကို အသက်ရှင်လျက်နှင့် သေဆုံးနေသူတစ်ယောက် ဖြစ်စေချင်ခဲ့သည်ဆိုလျှင်တော့ အကြံအောင်မြင်ခဲ့သည်ဟု ခါးသက်စွာပင် ဝန်ခံရမည်ဖြစ်သည်။
"ဘယ်လိုလဲ လုလိယက်စ်။ သွားမလား။"
ငြိမ်ငြိမ်ရပ်နေရသည်ကို သဘောမကျဟန် နှာမှုတ်နေသည့် အနက်ရောင်မြင်းကြီး၏ လည်ပင်းကို လုလိယက်စ် ပွတ်သပ်ချော့မော့လိုက်သည်။ စံအိမ်ကြီးရှိရာ နောက်တစ်ကြိမ် လှမ်းကြည့်ရင်း မသိမသာ သက်ပြင်းချဖြစ်သည်။
"သွားလေ။ မင်းသဘောပဲ။"
သုံးလ..
သူနှင့် ဖဲလ်လစ်တို့ မဆုံဖြစ်ခဲ့သည်မှာ သုံးလခန့်ပင် ရှိတော့မည်။ သတိမရမိသည့်နေ့ဆိုတာ မရှိခဲ့။ မိမိအနားမှာ အရိပ်တစ်ခုလို အမြဲရှိနေပြီး လိုအပ်သမျှကို ပါးစပ်မှဖွင့်ပြောစရာမလိုအောင် အလိုက်သိတတ်သည့်ကောင်လေးကို သူဘယ်လို မေ့ထားလို့ရမှာလဲ။ ပြတ်သားစွာ ဆုံးဖြတ်ဖို့ မဝံ့ရဲသည့်အတွက်သာ အနားမှာ ပြန်ခေါ်ထားဖို့ကို လုလိယက်စ် မလုပ်နိုင်ခဲ့တာဖြစ်သည်။ တစ်ခါတစ်ရံမှသာ စိတ်လိုလက်ရ ပြုံးတတ်သည့် ထိုကောင်လေး၏ ရှားရှားပါးပါး အပြုံးများကို သူ မခံစားနိုင်လောက်အောင် လွမ်းနေသည်။ သတိရမိတိုင်းလည်း ခံရခက်လောက်အောင် သူ့ရင်တွေ နာကျင်ရသည်ကတော့ အမှန်။
မြင်းဇက်ကြိုးကို တင်းတင်းကိုင်ရင်း လမ်းမကြီးပေါ်မှ ခွဲချကာ ဆင်းလာခဲ့သည်။ ဝေါခနဲ တိုက်ခတ်လာသော လေကို မျက်နှာမော့ခံယူပြီး မြင်းကိုဒုန်းစိုင်းဖြစ်သွားသည်။
ဘာလို့ အပြင်းနှင်မိသည်ကိုတော့ သူ့ကိုယ်သူ မမေးမိ။