နွေရာသီ၏ပူပြင်းမှုသည် နားရိပ်ခိုစရာပင် မရှိနိုင်လောက်အောင်။ ကွင်းပြင်ကျယ်များမှ ရိုးပြတ်များပင် အချိန်မရွေး မီးထတောက်တော့မည်လား ထင်ရလောက်အောင် ပူပြင်းနေခြင်းဖြစ်သည်။ သစ်ရိပ်၊ ပန်းရိပ်မရှိသောနေရာများတွင်မူ နေမင်း၏ အပူရှိန်သည် မြေပြင်ကိုပါ အပူဟပ်နေစေသောကြောင့် အပူနှစ်ပူကြားမှာ ညှပ်ပိတ်ခံထားရသလို ဖြစ်နေသည်။ ပုံပေမြို့မှ လုလိယက်စ်၏ နေအိမ်ကြီးသည် ရေပန်းရေကန်များနှင့် အလှဆင်ထားသော အိမ်ကြီးဖြစ်ပြီး ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြေကို တိုက်ရိုက်ရရှိသောကြောင့် အပူဒဏ်ကို အံတုနိုင်နေသေးသည်။
အလုပ်ခန်းတွင်းမှ ထွက်ပြီး လှေကားထစ်များအတိုင်း တက်လာခဲ့သော လုလိယက်စ်၏ ခေါင်းထဲမှာ အတွေးများဖြင့် ပြည့်နှက်နေသည်။ အပေါ်ဆုံးထပ်ရှိ ဥယျာဉ်ထဲသို့ လှမ်းဝင်လိုက်ချိန် မြင်လိုက်ရသော ပင်လယ်ပြင်အလှသည် သူ့စိတ်ကို လန်းဆန်းသွားစေသည်။
ရွက်လွှင့်နေသော ရွက်လှေငယ်များ၊ ဝဲပျံနေသော ပင်လယ်စင်ရော်များနှင့် အပေါ်စီးမှ လှမ်းမြင်နေရသော ပုံပေမြို့ကြီးအလှသည် မြင်နေကြပေမယ့် ဘယ်တော့မှမရိုးနိုင်။ ဥယျာဉ်ကြီးထဲရှိ သီးပင်၊ ပန်းပင်များကြားတွင် လှပသော ရေပန်းတစ်ခုရှိသည်။ ပူပြင်းသော နွေနေ့လယ်မှာ အေးမြသောရေပန်းငယ်မှ ရေစက်ရေပေါက်များကို မြင်ရသည်မှာ မျက်စိအေးရသလို လန်းဆန်းသွားစေသည်။ ရေပန်းငယ်ပတ်လည်ရှိ သစ်ပင်ငယ်များကို ယုန်ငယ်ပုံ၊ သမင်ငယ်ပုံများဖော်ကာ ညှပ်ထားသည်မှာ ကြည်နူးစရာ။
သိပ်မကြာလိုက်။ ဥယျာဉ်ထဲလှမ်းဝင်လာသော ဖဲလ်လစ်ကို လုလိယက်စ်တွေ့လိုက်ရသည်။ ဖဲလ်လစ်၏လက်ထဲတွင် လေ့ကျင့်ရာတွင် အသုံးပြုသည့် သစ်သားဓါးနှစ်လက်ကို ကိုင်ထားသည်။ ညနေစောင်း အချိန်များသည် သူတို့နှစ်ယောက် ဓါးရေးလေ့ကျင့်လေ့ရှိသည်ကို ယနေ့အတွေးများနေသောကြောင့် လုလိယက်စ် မေ့သွားခဲ့သည်။
လက်ရည်တူသူနှစ်ယောက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ကြားတွင် အနိုင်အရှုံး ဘယ်တော့မှ မသဲကွဲ။ ဖဲလ်လစ်က လူငယ်ဖြစ်သောကြောင့် လျှင်မြန်ဖျတ်လက်သည့်နေရာတွင် အနညး်ငယ်သာသည်ထင်ရသော်လည်း လုလိယက်စ်က အတွေ့အကြုံတွင် နှာတစ်ဖျားသာနေသောကြောင့် ရှင်းလင်းစွာ အနိုင်အရှုံး ဆုံးဖြတ်နိုင်သည့် နေ့ဆိုတာ မရှိခဲ့။
ဖဲလ်လစ်နောက်တွင် အဘိုးအို အဲလ်ဇီယိုပါ လိုက်ပါလာသည်။
"အရှင်..ကျွန်တော့်ကို ခေါ်တယ်ဆို။"
ပူအိုက်သောအချိန်ကာလဖြစ်သောကြောင့် အဘိုးအိုသည်လည်း ချည်ထည်ပါးဝတ်စုံနှင့်ဖြစ်သည်။ ဒါတောင် မျက်နှာက အဆီပြန်ကာ ချွေးတွေရွှဲနေသည်။
"ကျွန်တော် ရောမမြို့ကို သွားရမယ် အဘ။"
ဖဲလ်လစ်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ အဘိုးအိုသည်လည်း အံ့သြသွားပုံရသည်။
"ဘယ်တော့လဲ အရှင်။"
"ပင်လယ်ခရီးဆိုတော့ ပြောလို့တော့မရဘူး။ အခွင့်သင့်တာနဲ့ သွားမှဖြစ်မယ်။ ခရီးအတွက် လိုအပ်တာတွေသာ ပြင်ထားပေး အဘ။"
ပင်လယ်ခရီးဝေးထွက်သူတိုင်း နေ့ရက်အချိန်ထက် လေသာ၊ မသာပေါ် မူတည်ဆုံးဖြတ်ရခြင်းဖြစ်သည်။ အဘိုးအိုမှာ နားလည်ပုံမရသေး။ စိတ်ပူပန်ဟန် ထပ်မေးသည်။
"ဘာဖြစ်လို့လဲ အရှင်။ ဘာလို့ချက်ချင်းကြီး သွားမှာလဲ။"
"အင်ပါယာရှင်ရဲ့ ဆင့်ခေါ်စာကို ဒီမနက်ပဲ ကျွန်တော်ရတယ်။"
"ဘာကိစ္စအရေးတကြီးဖြစ်လာလို့ အရှင့်ကို ဆင့်ခေါ်ရတာလဲ။ မဟုတ်မှလွဲရော.. အ..အရှင့်ကို.."
အင်ပါယာရှင်သည် လုလိယက်စ်ကို မွေးစားသားအဖြစ် မွေးစားဖို့ရန် အလိုရှိသည်ဆိုတာကို ရောမလွှတ်တော်ထဲတွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ သတင်းဖြစ်နေသည်။ သတင်းကောင်းဟု အများက ထင်နိုင်ကြသော်လည်း အဘိုးအို စိတ်ထဲမှာထင့်နေသည်။ အင်ပါယာရှင်မှာ ၎င်း၏ အရိပ်အရာကို ဆက်ခံမည့် သားအရင်းတစ်ယောက် ဖြစ်သည့် အိမ်ရှေ့မင်းသား အရှင်တိတိုဆိုသူ ရှိနေပြီးဖြစ်သည်။ အရှင်တိတိုသည် ယခုလက်ရှိတွင်လည်း ပြည်နယ်တစ်ခုကို ဦးစီးအုပ်ချုပ်နေသည့် ဘုရင်ခံဖြစ်သည်။
"ကျွန်တော်မသိဘူး အဘ။ အခုနောက်ပိုင်း အင်ပါယာရှင်ရဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းဘူး။ နောက်ပြီး ရောမလွှတ်တော်ထဲမှာ အရင်အင်ပါယာရှင်ဟောင်းတွေရဲ့ မိသားစုတွေ အာဏာကြီးလာတယ်လို့ ကျွန်တော်ကြားတယ်။ အိမ်ရှေ့မင်းသားကိုလည်း ရောမကို ပြန်လာခဲ့ဖို့ခေါ်ထားတယ်လို့ပါ စာထဲမှာပါတယ်။"
"အိမ်ရှေ့မင်းသားကိုပါ ခေါ်ထားတယ်။ ဟုတ်လား အရှင်.."
"ကျွန်တော်ထင်တာတော့ ကျွန်တော့်ကို အိမ်ရှေ့မင်းသားရဲ့ ညာလက်ရုံးလိုမျိုး ဖြစ်စေချင်ပုံရတယ်။ ဒီမှာနေတာထက် ရောမလွှတ်တော်မှာ ပြန်နေစေချင်ပုံရတယ်။"
လုလိယက်စ် ပြောတာလည်း ဖြစ်နိုင်သည်။ အာဏာရာထူးအတွက် ကောက်ညစ်ဉာဏ်များလွန်းသည့် နန်းတွင်းတွင် အိမ်ရှေ့စံမင်းသားအတွက် မဟာမိတ်များမှ ဖြစ်မည်။ လုလိယက်စ်သည် အင်ပါယာရှင်နှင့် အိမ်ရှေ့မင်းသားပေါ်တွင် သစ္စာရှိဖို့ရော၊ ယုံကြည်ဖို့ရန်ပါ စံထားနိုင်မည်မှာသေချာသည်။ ခက်သည်က လွှတ်တော်ထဲက အမတ်တော်တော်များများကတော့ ဒီကိစ္စကို အလွယ်တကူ လက်ခံကြလိမ့်မည်မဟုတ်။
နောက်ပြီး အိမ်ရှေ့မင်းသားကိုယ်တိုင်ကရော။
ဘယ်လိုတွေးမှာလဲ။
လုလိယက်စ်သည် သူ့နေရာလုလိမ့်မည်ဟု အတွေးမပေါ်နိုင်ဘူးလား။
အဘိုးအိုသည် လုလိယက်စ်ကို ရောမသို့ မသွားစေချင်။ လွှတ်တော်ထဲမှာ ဖြစ်ပျက်နေသည့် အာဏာလုခွက်စောင်းခုတ်မှုများကြားတွင် လုလိယက်စ်လို ရိုးဖြောင့်သူတစ်ယောက်သည် ဓါးစာခံသက်သက်သာ ဖြစ်သွားလိမ့်မည်ကို စိုးရိမ်သည်။
"မသွားပါနဲ့လား အရှင်။ တစ်ခုခုအကြောင်းပြပြီး ငြင်းလိုက်ပါလား။"
"ဘယ်ရမလဲ အဘရာ။ အင်ပါယာရှင်ကိုယ်တိုင် ဆင့်ခေါ်တာကို။ ကဲပါ။ ပြင်ထား။ ဖဲလ်လစ်ကိုပါ ကျွန်တော်ခေါ်သွားမယ်။"
"ကျုပ် လိုက်ခဲ့မယ် အရှင်။ ကျုပ်လည်း ရောမကို မရောက်တာ ကြာပြီ။ သခင်ကြီးနဲ့ သခင်မတို့ကို တွေ့ပြီးအရိုအသေပေးချင်သေးတယ်"
"ခရီးကြမ်းတယ် အဘရ။ ကျွန်တော်က အခုရောက်၊ အခုပြန် ပြန်လာချင်တယ်။ ဖြစ်နိုင်ရင် ရောမမှာ ရက်အကြာကြီး မနေချင်ဘူး။ ဒီတော့ ခရီးဒဏ်ကို အဘခံနိုင်မှာမဟုတ်ဘူး။ အင်ပါယာရှင်ကိုယ်တိုင် တားရင်တော့ တစ်မျိုးပေါ့။ ကျွန်တော့်သဘောအရဆိုရင်တော့ ပုံပေမှာပဲ ဆက်နေချင်တာပဲ။"
လုလိယက်စ်သည် စကားဆုံးသည့်ဟန် ဘာမှရှေ့ဆက်မပြောတော့ဘဲ ဖဲလ်လစ်ရှေ့သို့ လျှောက်သွားကာ သစ်သားဓါးကို လှမ်းယူလိုက်သည်။ ဘေးပတ်ချာလည်တွင် အဆောက်အဦးများရှိနေသောကြောင့် ဥယျာဉ်ကြီး၏ တစ်ဝက်လောက်ကို အရိပ်ကျနေပြီဖြစ်သည်။ ဥယျာဉ်တွင်းရှိ ပန်းသီး၊ လိမ္မော်သီးပင်တို့မှ အသီးမှည့်တစ်ချို့သည် မြက်ခင်းစိမ်းပေါ် ကြွေကျနေသည်။ အချို့မှာ ရှဉ့်များ၊ ငှက်များ၏ အစားခံထားရသောကြောင့် ကိုက်ရာများနှင့် ဖြစ်သည်။
လုလိယက်စ်သည် လေ့ကျင့်ရေးဓါးကို လက်မှာကိုင်ရင်း ရေပန်းငယ်နားမှာရပ်လိုက်သည်။ အေးမြသော ရေစက်များကို လက်ဖဝါးဖြင့်ခံယူကာ မျက်နှာ၊ လည်ကုပ်တို့တွင် တို့ထိလိုက်ပြီးမှ လန်းဆန်းသွားသလို ခေါင်းကို ခါလိုက်သည်။ ဖဲလ်လစ်ကို စောင့်နေရသည်ကို အပြစ်မတင်။
သူတို့နှစ်ယောက်၏ လေ့ကျင့်ချိန်များတွင် လုလိယက်စ်သည် စတင်တိုက်ခိုက်ခြင်း ဘယ်တော့မှမရှိ။ ဖဲလ်လစ်တိုက်ခိုက်လာတာကို စောင့်ပြီးမှ တုံ့ပြန်တတ်သည်။ ဒါကလည်း ပုံပေမြို့၏ အမိုးဖွင့်ပြဇာတ်ရုံထဲတွင် သူတို့နှစ်ယောက် ပထမဆုံး စတင်တိုက်ခိုက်လာချိန်ကတည်းကဖြစ်သည်။
ဖဲလ်လစ်သည် ဓါးကိုမြှောက်လိုက်ကာ ခြေတစ်လှမ်းတိုးရင်း လုလိယက်စ်၏ ဝမ်းဗိုက်နေရာကို ထိုးချလိုက်သည်။ လုလိယက်စ်က ကိုယ်ကိုရွှေ့သည်ဆိုရုံသာရှောင်ရင်း မျက်နှာပျက်သွားသည်။ ဖဲလ်လစ်၏ တိုက်ကွက်သည် အသက်မပါ။ နေ့စဉ်နေ့တိုင်း တွေ့နေကြဖြစ်သော အားမာန်ပါသည့် ပုံစံမျိုးမဟုတ်။
ဖဲလ်လစ်သည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ကာ ပေါင်ရှိရာသို့ ဓါးဦးကို ချိန်ပြီး ထိုးလိုက်သည်။ လုလိယက်စ်သည် လျှင်မြန်စွာ ကိုယ်ကိုတစ်ပတ်လည်အောင် လှည့်လိုက်ပြီး လက်ထဲမှဓါးဖြင့် ဖဲလ်လစ်လည်ပင်းကို ပိုင်းချလိုက်သည်။ ဖဲလ်လစ်မရှောင်နိုင်။ လုလိယက်စ်က အချိန်မီ ရပ်လိုက်သောကြောင့်သာ ဓါးမှာ လည်ပင်းနားသို့ ဝေ့ခနဲရောက်လာကာ မထိမိမီမှာ ရပ်တန့်သွားခြင်းဖြစ်သည်။
"မင်းဘာဖြစ်နေတာလဲ။"
လုလိယက်စ် မျက်မှောင်ကြုတ်နေသည်။ အလိုမကျဟန်က အထင်းသား။ စတင်တိုက်ခိုက်ပြီး ခေတ္တခဏအတွင်း ဖဲလ်လစ်ကို သေကွက်အထိ တိုက်နိုင်သွားသည်ကို နည်းနည်းမှမကျေနပ်နိုင်။
"ကျွန်..ကျွန်တော် သတိလွတ်သွားလို့ အရှင်။"
ဖဲလ်လစ် နောက်ပြန်ဆုတ်ရင်း အသင့်အနေအထား ပြန်ရပ်လိုက်သည်။ သူ့မျက်လုံးများကတော့ မြေပြင်သို့သာ စူးစိုက်ကြည့်နေသည်။ တိုက်ခိုက်ရေးလေ့ကျင့်ရန် ဘယ်လိုမှ အာရုံစုစည်းလို့မရသည့်ဟန်မျိုး ဖြစ်နေသည်။ ဒုတိယအကြိမ်ပြန်စသည့် တိုက်ခိုက်ရေးလေ့ကျင့်မှုများသည် ပထမတုန်းကလိုတော့မဟုတ်။ ဒါပေမဲ့ တိုက်ကွက်များသည် ကစင့်ကလျားဖြစ်နေသည်။ လုလိယက်စ်၏ ဓါးချက်များကို လွတ်သည်ဆိုရုံသာ ကသီလင်တ ရှောင်ရှားနေရသည်။ အမြဲတမ်းလက်ရေညီနေသည့် လေ့ကျင့်မှုများသည် ဒီနေ့တော့ လုလိယက်စ်ဘက်မှ တစ်ဖက်သတ်တိုက်ခိုက်သလို ဖြစ်နေသည်။
"ဒီနေ့အတွက်တော့ တော်ပြီ ဖဲလ်လစ်။"
သိပ်မကြာခင်မှာပဲ လုလိယက်စ်သည် တိုက်ကွက်များကို ရပ်ပစ်လိုက်သည်။ ချွေးပင်မစို့လိုက်။ လက်ထဲမှ သစ်သားဓါးကို မြေပြင်ပေါ်ပစ်ချလိုက်သည့် လုလိယက်စ်၏ ပုံစံသည် မကျေနပ်မှုတစ်ချို့ကို သိမ်းဆည်းထားရမှန်း သိသာစေသည်။ သူ့ရှေ့မှ ဖဲလ်လစ်ကို တစ်ချက်စိုက်ကြည့်ရင်း ကျောခိုင်းထွက်သွားခဲ့သည်။ ဖဲလ်လစ်ကတော့ နေရာမှာတင် ခေါင်းငုံ့ရင်း ကျန်နေရစ်ခဲ့သည်။