နွေဦးရာသီ၏ နေရောင်နွေးနွေးအောက်မှာ သစ်ရွက်နုများ တိုးထွက်လာကာ တောအုပ်တစ်ခုလုံး စိမ်းစိုနေသည်။ နှစ်စဉ်နှစ်တိုင်း ကြွေကျမြေခရသော သစ်ရွက်များကြောင့် မြေဇီသြဇာ ကြွယ်ဝသော တောအုပ်ကြမ်းပြင်တွင်လည်း တောရိုင်းပန်းလေးများ ဖူးပွင့်နေသည်မှာ ပန်းခင်းကြီးလေအလား အမှတ်မှားရနိုင်သည်။ ပွင့်ဖတ်နုနုနှင့် ခရမ်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ အပြာရောင် ပန်းမျိုးစုံလှသည်။ ပန်းတို့နှင့်အတူ လိပ်ပြာငယ်များမှာလည်း မရှားပါ။ အဖြူနှင့်အနက်ရောင် အရိုင်းလိပ်ပြာလေးများကိုတော့ အများအားဖြင့် တွေ့ရသည်။
လုလိယက်စ်ရှေ့မှ ဖဲလ်လစ်သည် ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လှမ်းနေရင်း မျက်စိရှင်ရှင်ထားကာ ဘေးဘီဝဲယာသို့ အဆက်မပြတ် ကြည့်ရှုလာခဲ့သည်။ မနက်စောစောကတည်းက အနားယူစံအိမ်ကြီးမှ သူတို့နှစ်ယောက် ထွက်လာခဲ့ကြသည်။ ယခင်တစ်ခေါက်ကလို ကျွန်များဖြင့် အုပ်စုလိုက် အမဲလိုက်ရသည်မှာ ပိုမိုမြန်ဆန်ပြီး သက်သာသလောက် ယခုလို ခြေလျင် အမဲလိုက်ရသည်မှာ ပိုအပင်ပန်းခံရသည်။
"ဖဲလ်လစ်..ခဏ"
ဖဲလ်လစ်ကို လှမ်းတားလိုက်ရင်း တောင်ကုန်းမြင့်တစ်နေရာမှ ခြုံကြီးနားသို့ လုလိယက်စ် လျှောက်လာခဲ့သည်။
"ဘာဖြစ်လို့လဲ အရှင်.."
"ဒီနေရာမှာ အရင်က တောင်ပေါ်စမ်းရေတွေ စီးကျပြီး ရေစီးကြောင်းလို ဖြစ်နေတာ။"
ခြောက်သွေ့နေသော ကျောက်တုံးကျောက်ခဲများကို ကြည့်ရင်း လုလိယက်စ် မျက်မှောင်ကြုတ်နေသည်။ လုလိယက်စ်သည် ဒီတော၊ ဒီတောင်များကို ကောင်းကောင်း ကျွမ်းဝင်သည်။ ယခုနေရာသည် နွေရာသီတွင် သိုး၊ နွားကျောင်းသူများအတွက် အဓိကအရေးပါသော ရေကန်ငယ်လိုမျိုးနေရာဖြစ်သည်။ ဒီနေရာလေးတွင် နွားကျောင်းသူများ တစ်ထောက်နားကာ တိရစ္ဆာန်များကို ရေတိုက်လေ့ရှိသည်။ နှစ်ပေါင်းများစွာကြာကတည်းက ရှိခဲ့သည့် သဘာဝစမ်းရေအိုင်တစ်ခု ဆိုလျှင် မမှား။ ပူပြင်းခြောက်သွေ့သော နွေရာသီမှာပင် ရေစီးမပျက်ခဲ့။
အခုတော့ ဘာစမ်းရေမှ မရှိတော့။ ခြောက်သွေ့ပက်ကြားအက်နေသော မြေပြင်နှင့် ကျောက်တုံး ကျောက်ခဲများသာ ကျန်တော့သည်။ အေးချမ်းသော စမ်းရေအိုင်လေးမှ ရေစက်ရေပေါက်များကို ကွဲအက်နေသော မြေကြီးများက တစ်စက်မှ မကျန်အောင် သောက်သုံးထားသလိုပင်။
"အရှင်.."
ဖဲလ်လစ်သည် လုလိယက်စ်ရှိရာ လှည့်ကြည့်ပြီး မျက်ရိပ်ပြသည်။ လုလိယက်စ်သည် ခြေသံလုံအောင် သတိထားရင်း ဖဲလ်လစ်အနားသို့ လျှောက်သွားသည်။ ကျောမှာလွယ်ထားသော လေးနှင့် မြားတံများကို မလှုပ်ရအောင် လက်ကိုနောက်ပစ်ရင်း အနားကို ဖမ်းထိန်းထားလိုက်သည်။ ဖဲလ်လစ် လက်ညှိုးညွှန်ပြရာသို့ အကြည့်တွင် သမင်တစ်ကောင်ကို တောင်ကုန်းအောက်နားမှာ တွေ့လိုက်ရသည်။
တစ်မနက်လုံး ခြေညောင်းခံကာ သားကောင်ရှာနေရာမှ အခုတော့ မထင်မှတ်ဘဲ တွေ့လိုက်ရခြင်းဖြစ်သည်။ မြားတစ်ပစ်အကွာထက် အနည်းငယ်ဝေးသော်လည်း မိမိလက်ကို မိမိယုံကြည်သည်။ မထိနိုင်စရာ အကြောင်းမရှိ။ ထို့အပြင် သမင်ရှိနေသောနေရာသည် တောင်ကုန်းအောက် တောစပ်မှာဖြစ်သည်။ သစ်ပင်ချုံနွယ်များနှင့် ပိတ်မနေဘဲ မြင်ကွင်းရှင်းနေသည်။
သမင်မဖြစ်သည်။ သမင်ထီးလောက် အရွယ်အစားမကြီးထွားသောလည်း အလေးချိန်နည်းမည်မဟုတ်။ အညိုရောင်အမွှေးများသည် နေရောင်အောက်တွင် ကြည့်ကောင်းသော ကတ္တီပါပိတ်စတစ်ခုလိုပင်။ ခပ်နိမ့်နိမ့် ဝက်သစ်ချပင်ပေါက်၏ သစ်ရွက်များကို နှုတ်သီးဖြင့်ထိုးကာ စားသောက်နေသည်။ အန္တရာယ်ကို သတိပြုမိပုံမရှိ။
လုလိယက်စ်သည် ရှေ့သို့ ခြေသုံးလှမ်းလောက်တိုးရင်း လွယ်ထားသောလေးကို ဖြုတ်ယူလိုက်သည်။ မြားဦးကို မြေကြီးရှိရာညွှန်ကာ လေးမှာတပ်ပြီးနောက်မှ ပင့်တင်ကာ ပစ်မှတ်ရှိရာ ဆွဲယူချိန်လိုက်သည်။ လက်တံတောင်သည် မြေပြင်နှင့် တဖြောင့်တည်းဖြစ်သည်။ ပစ်မလွဲနိုင်တာ လုံးလုံးသေချာပြီးကာမှ မြားကို မလွှတ်ဖြစ်။ လေပူတစ်ချက်ကို မှုတ်ထုတ်ကာ လက်ထဲမှ လေးကို အောက်သို့ ပြန်ချလိုက်သည်။
"ဘာဖြစ်လို့လဲအရှင်.."
လုလိယက်စ်သည် လက်ထဲမှလေးနှင့်မြားကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ လှုပ်ရှားသံကြောင့် သမင်မသည် လန့်သွားကာ တောအုပ်ထဲပြေးဝင်သွားသည်။ သူ့နောက်မှာတော့ သမင်ပေါက်လေးတစ်ကောင်သည် ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ ဟုတ်ပါသည်။ သမင်မသည် မိခင်တစ်ယောက် ဖြစ်နေသည်။ လွယ်ကူပေမယ့် လုလိယက်စ် မသတ်ရက်။ ထိုသမင်သားအမိသည် စမ်းရေအိုင်သို့ ရေသောက်ဆင်းရန် လာခဲ့ကြဟန်တူသည်။ ရေခန်းနေသည်ကိုသာ တွေ့သွားခဲ့ပြီး အဝေးသို့ မသွားနိုင်ဘဲ တဝဲလည်လည်ဖြစ်နေကြဟန်တူသည်။
ဖဲလ်လစ်က သမင်မနောက်မှ ပြေးလိုက်သွားသော သမင်ငယ်ကိုမြင်မှ အခြေအနေအရပ်ရပ်ကို နားလည်သွားဟန်တူသည်။ လုလိယက်စ်ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"အဘသာသိရင်တော့ နှမြောမှာပဲ။"
သမင်သားဆိုလျှင် ကြိုက်လွန်းတတ်သည့် အဲလ်ဇီယိုအကြောင်း ထည့်ပြောတော့ လုလိယက်စ် မပြုံးဘဲ မနေနိုင်။
"ဒီနေ့တော့ လက်ချည်းပြန်ရမယ်ထင်တယ်။"
"ဟုတ်တယ် အရှင်ရ။ အချိန်မရှိတော့ဘူး။"
နေကျချိန်ရောက်နေပြီဖြစ်သည်။ နောက်ထပ်ခြေရာခံဖို့ရော၊ သားကောင်ရှာဖို့ပါ သူတို့မှာ အချိန်မရှိတော့။ လာလမ်းအတိုင်း လှည့်ပြန်ပါမှ မြင်းများကို ကျွန်တစ်ချို့နှင့် အစောင့်ထားခဲ့ရာ နေရာသို့ နေမဝင်ခင် ပြန်ရောက်လိမ့်မည်ဖြစ်သည်။
"အရှင်..ဆာနေပြီလား။"
ကျောမှာသိုင်းလွယ်ထားသော အဝတ်ထုတ်ကို ဖြုတ်ယူရင်း ဖဲလ်လစ် မြေပြင်ပေါ် ထိုင်ချလိုက်သည်။ စုချည်ထားသော အဝတ်စအနားကြိုးကို ဖြေကာ အထဲမှ ဝက်ပေါင်ခြောက်အပိုင်းစကို လုလိယက်စ်ကို ကမ်းပေးသည်။ တစ်ဆက်တည်းမှာပင် ပေါင်မုန့်ဝိုင်းထဲမှ တြိဂံပုံအပိုင်းစတစ်ခုကို ဖြုတ်ကာ ထပ်ပေးသည်။
လုလိယက်စ် ပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်သည်။ ဒီတော့မှ ရင်ထဲမှာ ပူနေသည်အထိ ဗိုက်ဆာနေသည်ကို သတိထားမိသည်။ တစ်မနက်လုံး သားကောင်ရရန်သာ စိတ်စောနေသောကြောင့် ဗိုက်ဆာနေသည်ကိုပင် သတိမထားမိခဲ့။ မနက် မိုးမလင်းခင်ကတည်းက စားလာခဲ့သော မနက်စာသည် အခုအချိန်မှာ အငွေ့ပျံပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီပဲဖြစ်သည်။
ပေါင်မုန့်ကြမ်းကိုသာ စားနေသော ဖဲလ်လစ်လက်ထဲသို့ ဝက်သားခြောက်ကို လုလိယက်စ် ထိုးထည့်ပေးလိုက်သည်။ ကိုက်လက်စ ပေါင်မုန့်ကို ကိုက်ဖို့ရန် မေ့သွားသလို ပါးစပ်ထဲထည့်ထားလျက်သားနှင့် ဖဲလ်လစ် လုလိယက်စ်ကိုမော့ကြည့်သည်။
"အရှင်ဟာလေဗျာ..."
ဒီတစ်ခွန်းပဲဖြစ်သည်။ ရိပ်ခနဲထင်သွားသော အပြုံးကို မြင်လိုက်ရသည်။ ဖဲလ်လစ်သည် ဒီတစ်ခွန်းသာပြောပြီး ပေါင်မုန့်ကို ကိုက်ဝါးနေသည်။ လုလိယက်စ်ရှိရာ မကြည့်တော့။ ခပ်လှမ်းလှမ်းမှ လိပ်ပြာငယ်များကို လှမ်းကြည့်သလိုနှင့် အကြည့်လွှဲသွားသည်။
သစ်ပင်အောက်မှ ကျောက်တုံးကို လုလိယက်စ် ကျောမှီထိုင်ရင်း မိမိရှေ့မှ ကောင်လေးကို ငေးကြည့်ဖြစ်သည်။ သူ့ကြည့်နေမှန်းသိသောကြောင့် မျက်နှာမထားတတ်သလို ဖြစ်နေသည့် ထိုလူငယ်လေး၏ ပုံစံကို သူမြတ်နိုးသည်။
လုလိယက်စ်၏ နှလုံးသားထဲမှ ခံစားနေရသည့် နွေးထွေးမှုသည် သစ်ရွက်များကြားမှ နေရောင်နွေးနွေးကြောင့် မဟုတ်။ အံ့သြဖို့တော့ကောင်းသည်။ ဖဲလ်လစ် သူ့အနားမှာ ရှိနေသည်နှင့် သူ ကျေနပ်သည်။ တခြားဘာကိုမှ သတိမထားမိတော့သလို။ လုလိယက်စ် အကြည့်ကြောင့် ဖဲလ်လစ်သည် တကယ်ပင် နေတတ်ပုံမရတော့။ မသိမသာ ဟိုကြည့်ဒီကြည့်လုပ်နေပြီးမှ လုလိယက်စ်ရှိရာ ငဲ့ကြည့်သည်။ သူ့ကိုစိုက်ကြည့်နေသေးမှန်းသိသောအခါ ချက်ချင်း ခေါင်းငုံ့သွားပြန်သည်။
"ပြန်တော့မလားအရှင်.."
လက်များက ဂနာမငြိမ်စွာ ဒူးတွေကို ဆုပ်ကိုင်ရင်း ဒီမေးခွန်းကိုသာမေးသည်။ လုလိယက်စ် ရယ်လိုက်မိသည်။ ဘယ်လိုတောင် မာယာကင်းသည့် ကောင်လေးပါလဲ။ ဘယ်လိုတောင် ဖြူစင်လွန်းသည့် ကောင်လေးပါလဲ။ ဒီအချိန်မှာသာ သူ့အနားကို ကပ်လာခဲ့ပါလျှင် သူ ပိုင်သမျှ စည်းစိမ်ဥစ္စာများကို ပေးလိုက်ဖို့အသင့်ဖြစ်နေသည်ဆိုတာကို သူ့မျက်လုံးများမှ အဓိပ္ပါယ်ကို ဖတ်တတ်သူတိုင်း သိပါလိမ့်မည်။ ဖဲလ်လစ်လည်း နားလည်ပါလိမ့်မည်။ အခုတော့ ဖဲလ်လစ်ပုံစံက တကယ့်ကို အကျဉ်းအကျပ်ထဲရောက်နေသလိုပင်။ သူ ထပ်ပြီး မနှိပ်စက်ချင်တော့။ နှစ်ယောက်အတူ အေးချမ်းစွာ နေချင်သေးပေမယ့် ပြန်ဖို့သင့်ပြီဖြစ်သည်။
ရုတ်တရက်ရပ်လိုက်သည်တွင် ကျောက်ခဲငယ်တစ်လုံးကို နင်းမိကာ လုလိယက်စ် ယိုင်သွားသည်။ သို့ပေမယ့် ချက်ချင်းပင် ခိုင်ခံ့သော လက်နှစ်ဖက်သည် သူ့လက်မောင်းများကို ဆုပ်ကိုင်လိုက်သည်။
"အရှင်..ဘာဖြစ်လဲ။"
သူ့ကျောမှ ဝတ်ရုံကို အတင်းပွေ့ဖက်ဆုပ်ကိုင်ထားသည့် ဖဲလ်လစ်၏ လက်ချောင်းများမှ အင်အားကို ခံစားရတော့ လုလိယက်စ် မပြုံးဘဲမနေနိုင်။ သူ့အတွက် စိတ်ပူပေးသည်ဆိုတာနှင့် ကျေနပ်နေသည်က တရားလွန်မှန်းသိပေမယ့် ဘာမှမတတ်နိုင်။
"ရတယ်။ ဘာမှမဖြစ်ဘူး။"
"သတိထား အရှင်ရ။ မျက်နှာကို ခြစ်မိလိမ့်မယ်။"
လုလိယက်စ်၏ မျက်နှာရှေ့နားရှိနေသော သစ်ကိုင်းကို တွန်းဖယ်ရင်း ဖဲလ်လစ် ထပ်ပြောသည်။ အဲဒါပဲဖြစ်သည်။ လုလိယက်စ် ရုန်းထွက်မရနိုင်လောက်အောင် ခံစားရသည်မှာ ယခုကဲ့သို့ အမှတ်မထင် ပြုလုပ်တတ်သည့် ထိုကောင်လေး၏ ဂရုစိုက်မှုများကြောင့် ဖြစ်သည်။ အရယ်အပြုံး သိပ်မရှိသလို စကားကို လိုအပ်သည်ထက် တစ်ခွန်း၊ နှစ်ခွန်းပင် ပိုမပြောတတ်ပေမယ့် လုလိယက်စ်အတွက်ဆိုလျှင် အသေးစိတ်အကြောင်းအရာလေးများမှအစ ဂရုတစိုက်ပေးတတ်ပြန်သည်။ ယခုလည်း ပူပန်မှုတွေရောနေသည့် ထိုစကားသံသည် လုလိယက်စ်၏ ရင်ထဲမှ ထိန်းချုပ်ထားရသည့် ဆန္ဒများကို ပေါက်ကွဲထွက်စေသည်။
လုလိယက်စ်သည် ဖဲလ်လစ်၏ ကိုယ်ကိုဆွဲယူကာ ခါးမှ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ အားပါသွားသည်ထင်သည်။ ရင်ခွင်နှစ်ခု၏ ပေါင်းဆုံမှုသည် ဖြည်းညင်းစွာမဟုတ်။ အံ့သြသွားသလို နှုတ်ခမ်းများပွင့်ဟသွားသည့် ဖဲလ်လစ်၏ မျက်နှာကို ငုံ့ကြည့်ရင်း လုလိယက်စ် ပြုံးလိုက်သည်။
"ငြိမ်ငြိမ်နေ"
"ဘာ..ဘာဖြစ်.."
"မင်းရဲ့ မျက်နှာကို မြင်ချင်တယ်။"
အမာရွတ်ရှိနေသည့် မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ထားသည့် သားရေပြားနက်ကို ခွာယူဖို့ကြိုးစားတော့ လုလိယက်စ်၏ လက်ကို အုပ်ကိုင်ကာ တားဆီးလိုက်သည်။
"ကျွန်..ကျွန်တော်က ကြည့်မကောင်းဘူး အရှင်.."
စကားသံနောက်မှာ မျက်လွှာချသွားသည်။ စင်းနေသော မျက်တောင်များသည် စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်ခတ်နေသလို နှုတ်ခမ်းများမှာ မသိမသာ တုန်နေသည်။ ဘယ်လိုတောင် ပြီးပြည့်စုံသော အလှတစ်ခုပါလဲ။ လုလိယက်စ် တစ်ကိုယ်လုံးက သွေးတွေ ပွက်ပွက်ဆူလာသည်အထိ။ နှလုံးသားနှစ်ခုသည် စည်းချက်မညီ။ သို့ပေမယ့် မတူညီသော ရင်ခွင်နှစ်ခုအတွင်းမှာ အရှိန်ပြင်းစွာ လှုပ်ခါနေသည်။
"ဒီဒဏ်ရာအတွက် မင်းနောင်တမရခဲ့ဘူးဆို။ မင်းဂုဏ်ယူတဲ့အရာဆိုရင် ကိုယ်လည်း မြတ်နိုးတယ်။"
လုလိယက်စ်၏ စကားအဆုံးမှာ ဖဲလ်လစ်မျက်လုံးလှန်ကြည့်သည်။ အရည်ကြည်လဲ့နေသော မျက်လုံးနက်သည် အဖိုးမဖြတ်နိုင်အောင် လှသည်။ မျက်လုံးတစ်ဖက်ကို အုပ်ကာထားသည့် သားရေပြားကို လုလိယက်စ် ခပ်ဖြည်းဖြည်း ဆွဲခွာချလိုက်သည်။ ကန့်လန့်ဖြတ်ထင်နေသော အမာရွတ်ကြီး သုံးခုသည် နဖူးထက်မှနေ၍ မျက်လုံးများကို ဖြတ်သန်းကာ ပါးပြင်တစ်ဝက်ထိ ရှိသည်။ အမာရွတ်ကို လက်ညှိုးဖြင့် ဖွဖွစမ်းပြီးနောက်မှာ နှုတ်ခမ်းများဖြင့် ငုံ့နမ်းလိုက်သည်။
သူ့အနမ်းအောက်မှာ ဖဲလ်လစ် အသက်မရှူတော့ဘဲ ငြိမ်သက်သွားသည်။
သူတော့ရူးတော့မယ်ထင်ပါရဲ့။
လုလိယက်စ်၏ အတွေးတို့သည်ပင် မတည်ငြိမ်။ အမာရွတ်ပေါ်မှ သူ့နှုတ်ခမ်းများကို ရွေ့လျားကာ ပါးပြင်၊ ထို့နောက်မှာတော့ အေးစက်တုန်ရင်နေသည့် နှုတ်ခမ်းများ။ ခွန်အားမပါဘဲ ဖွဖွလေးသာ အနမ်းပွင့်များကို သူ ထားဖြစ်ခဲ့သည်။ မကျေနပ်သေးပေမယ့် ကျေနပ်လိုက်ရသည်။ သူ့အနမ်းတွေ မရပ်သေးလျှင် ဖဲလ်လစ်သည် အသက်မရှူတော့ဘူးဟု ဆုံးဖြတ်ထားသလား ထင်မှားရသည်။ နှုတ်ခမ်းပါးများပေါ်မှ သူ့အနမ်းတွေကို ဖယ်ကာ မျက်လုံးထဲ စိုက်ကြည့်တော့ မျက်ရည်ကြည်များဝေ့နေသော ဖဲလ်လစ်၏ မျက်လုံးကို ရင်ဆိုင်လိုက်ရသည်။
"မကြိုက်လို့လား ဖဲလ်လစ်။"
နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားမိသည်။ သူ့အသံတွေမှာ သူ့ရဲ့ ဂုဏ်သိက္ခာတစ်ချို့ပါ ရောပါသွားသည်ဟု လုလိယက်စ်ထင်လိုက်မိသည်။ ဒါပေမဲ့ ဖဲလ်လစ်နှုတ်ခမ်းများမှ အပြုံးသဲ့သဲ့ကိုမြင်တော့မှ စိတ်ထဲမှ ပူပန်မှု အနည်းငယ်လျော့သွားရသည်။
"အရှင်ဟာလေဗျာ.."
ထိုစကားတစ်ခွန်းကိုသာ ထပ်ပြောရင်း ဖဲလ်လစ် ပြုံးသည်။ ထို့နောက် လည်ပင်းကို သိုင်းဖက်ကာ လုလိယက်စ်၏ကိုယ်ကို မိမိရှိရာသို့ ဆွဲယူကာ နှုတ်ခမ်းများကို နမ်းလိုက်သည်။ လုလိယက်စ် မအံ့သြဘဲမနေနိုင်။ ပထမဆုံးအကြိမ် ဖဲလ်လစ်ထံမှ စတင်သည့် အနမ်းများဖြစ်သည်။ နက်ရှိုင်းမွတ်သိပ်သော အနမ်းမျိုး။ ဖဲလ်လစ်၏ ဆံပင်နက်များကြားသို့ လက်ဖဝါးထည့်ရင်း မျက်နှာကိုနီးသထက်နီးအောင် သူကြိုးစားလိုက်သည်။ ပူနွေးနေသော နှုတ်ခမ်းများ၏အတွေ့ကို အရိုးအသားထဲထိ မှတ်ထားချင်သည်။
ရပ်တန့်ဖို့ဆိုတာကို မစဉ်းစားမိ။