နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ ဆိုသည့် ရာသီဥတုလေးပါးထဲတွင် နွေဦးရာသီသည် အလှဆုံးဖြစ်လိမ့်မည်။ ဆောင်းတွင်းမှ အအေးဓါတ်လက်ကျန်များသည် မကုန်သေးသော်လည်း အရိုးစိမ့်အောင် ချမ်းလှသည်မဟုတ်တော့ဘဲ အေးစိမ့်စိမ့်လေးဖြစ်သည်။ ဆောင်းရာသီတစ်လျှောက်လုံး မိုးသားမိုးတိမ်မည်းတို့ဖြင့် ဖုံးအုပ်ကာ နေရာမရခဲ့သော နေမင်းကိုလည်း ဖြူစင်သော တိမ်ဖြူ တိမ်စိုင်များကြားမှာ မြင်ရပြီဖြစ်သည်။
သာယာကြည်လင်သော နေ့တစ်နေ့ဖြစ်ပြီး လေပြည်လေညင်းကလည်း ခပ်ဖြည်းဖြည်း တိုက်ခတ်နေသည်။ အပြာရောင်လွင်နေသော ပင်လယ်ပြင်တွင် ခပ်ပြေပြေလှိုင်းကြပ်ခွပ်ငယ်များ ပြေးလွှားနေသည်။ ထိုလှိုင်းကြပ်ခွပ်ငယ်များပေါ်တွင် ရွက်လွှင့်နေသော ရွက်လှေကြီး၏ ရောင်စုံလေးထောင့်ရွက်ကြီးမှာ လေတိုးမှုကြောင့် ခပ်ဖောင်းဖောင်းဖြစ်လို့နေသည်။ စောင်းကောက်ပုံ အနားနှစ်ဖက် ကွေးကောက်နေကာ ငန်းလည်ပင်းပုံစံ ထွင်းထုထားသည့် ရွက်လှေကြီး၏ လှေဦးပိုင်းတွင် ပဲ့ကိုင်သူသည် တက်မနှစ်ခုကို ကြိုးဖြင့်ဆက်သွယ်ထားရာမှ ကျွမ်းကျင်စွာ ထိန်းကြောင်းဦးတည့်ပေးနေသည်။
လုလိယက်စ်နှင့် ဒါမီဒယ်သည် ခေါင်းအုံးများ ချခင်းထားသော လှေဦးကြမ်းပြင်တွင် လှဲလျာင်းရင်း အနားယူအပန်းဖြေနေကြသည်။ ယခုရွက်လှေကြီးသည် လုလိယက်စ်၏ ပိုင်ဆိုင်မှုများစွာထဲမှ တစ်ခု ဖြစ်သည်။ အနားယူစံအိမ်ကြီးတွင် ကိုယ်ပိုင်လှေဆိပ်လည်း ရှိကာ အပန်းဖြေရွက်လှေကို ဆိုက်ကပ်ထားသည်။ ယခုတစ်ခေါက် အနားယူစံအိမ်ကြီးသို့ ရောက်ခဲ့ချိန်တွင်တော့ ဒါမီဒယ်သည် အမဲလိုက်ဖို့ထက်အပျော်စီးရွက်လှေဖြင့် အပန်းဖြေဖို့ရန် ပိုအားသန်နေခဲ့သည်။
ဒါမီဒယ်၏ သားငယ်နှင့် ဖဲလ်လစ်သည် ပင်လယ်စင်ရော်များကို ပေါင်မုန့်စများ ပစ်ကျွေးနေကြသည်။ ဆယ်ကောင်ထက် မနည်းသော စင်ရော်ငှက်ငယ်များမှာ လှေတောက်လျှောက် လိုက်ပါပျံဝဲနေကြသည်။
"ငါ ပြောနေတာတွေကို စကားတစ်လုံးပဲဖြစ်ဖြစ် မင်း ကြားရဲ့လား လုလိယက်စ်.."
လုလိယက်စ်၏ ပခုံးကိုတွန်းကာ ဒါမီဒယ်ပြောလိုက်သည်။ ဒီတော့မှ ဖဲလ်လစ်ရှိရာ ငေးကြည့်နေသော လုလိယက်စ်သည် အသက်ပြန်ဝင်လာသည်။
"ဘာလဲ သူငယ်ချင်း.."
"ဒီဒီရာနဲ့ မင်းရဲ့ မင်္ဂလာကိစ္စလေ။"
"မဖြစ်နိုင်ပါဘူး သူငယ်ချင်းရာ။ ငါက မင်းထင်သလို အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။"
ယခုအချိန်တွင် သူ့ဘဝမှာ ဘာမှမလိုအပ်ဘဲ ပြီးပြည့်စုံနေပြီဟု လုလိယက်စ် ယုံကြည်သည်။
ဒါမီဒယ်၏သားငယ်သည် ဖဲလ်လစ်နားကပ်ပြီး တစ်စုံတစ်ရာ တိုးတိုးပြောလိုက်သည်။ ဘာပြောမှန်းမကြားရပေမယ့် ပင်လယ်ပြင်နောက်ခံမှာ တစ်ခြမ်းစောင်းမြင်နေရသည့် အရယ်အပြုံးများနှင့် ဖဲလ်လစ်၏မျက်နှာသည် လုလိယက်စ်၏ ရင်ကိုထွေးဖက်ထားသလို နွေးထွေးစေသည်။ ဖဲလ်လစ်သည် ပေါင်မုန့်စများကို ပစ်ပေးနေရာမှ လုလိယက်စ်ရှိရာ လှမ်းကြည့်သည်။ မသိမသာ ခိုးကြည့်ခြင်းဖြစ်သည်။ လုလိယက်စ်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်တော့မှ မျက်နှာရဲသွားကာ အကြည့်လွှဲသွားသည်။ လုလိယက်စ် မပြုံးဘဲမနေနိုင်။
ဖဲလ်လစ်သည် သူတို့နှစ်ယောက် စတွေ့ကာစအချိန်ကလို မပိန်တော့၍ ကြည့်ကောင်းသည် ဆိုတာထက် ပိုသည်။ ပခုံးကျော်အထိ ခွေဆင်းလိပ်ကျနေသော ဆံပင်လိပ်နက်လေးများကိုတော့ လုလိယက်စ် သဘောအကျဆုံးဖြစ်သည်။ သံလွင်ဆီလိမ်းထားသည့် သန်မာသော ထိုဆံပင်လိပ်ခွေများသည် နေရောင်အောက်တွင် တောက်ပနေသည်။
ဒါမီဒယ်သည် သူတို့နှစ်ယောက်လှဲလျောင်းနေရာဘေးရှိ စားပွဲဝိုင်းငယ်ထက်မှ ပန်းသီးတစ်လုံးကို လှမ်းယူလိုက်သည်။ အသီးပန်းကန်ထဲမှ လန်းဆန်းသော ပန်းသီများမှာ ရဲရဲနီကာ စားချင့်စဖွယ်ဖြစ်သည်။ အရည်ရွှမ်းသော ပန်းသီးမှ ပန်းသီးရည်စက်တစ်ချို့ လွင့်စင်သွားသည်အထိ ကျွတ်ခနဲ ကိုက်ချလိုက်ပြီးမှ လုလိယက်စ် ကြည့်နေရာသို့ လှမ်းကြည့်ဖြစ်သည်။ ဖဲလ်လစ်ကိုမြင်တော့ ပြုံးရုံပြုံးသည်။
"မင်းနဲ့ ဖဲလ်လစ်အကြောင်းကို ငါသိသလို ဒီဒီရာလည်း သိတာပါပဲကွာ။ ဒါဟာ မင်းတို့အိမ်ထောင်ရေးမှာ ဘာမှအနှောင့်အယှက်ဖြစ်စရာ မရှိပါဘူး။"
အိမ်ထောင်တစ်ခုကို ထူထောင်ရာတွင် ချစ်သည်၊ မချစ်ဘူးဆိုသည့် စကားဆန်းဆန်းကို မည်သူမှ အလေးထား မစဉ်းစားနေကြ။ လုလိယက်စ်အနေဖြင့် အစေခံတစ်ဦးဖြစ်သော ဖဲလ်လစ်နှင့်အတူ ညတိုင်းလိုလို အချိန်ဖြုန်းကုန်ဆုံးသည်ကိုလည်း မည်သူမှ မအံ့သြ။ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်သည် ဇနီးမယားအပြင် ပျော်တော်ဆက်များ၊ အစေခံများနှင့် လွတ်လပ်စွာ ပျော်ပါးဆက်ဆံခွင့်ရှိသည်။
အားလုံးအတွက် ထူးဆန်းနေသည်မှာ ဖဲလ်လစ်အပေါ်တွင် သခင်ဖြစ်သည့် လုလိယက်စ်က ခံစားချက်များရှိနေသည်ကို ဖြစ်သည်။ ဒါကိုတော့ မည်သူမှ နားမလည်နိုင်သလို၊ သတိထားမိသူများက ရှုံ့ချချင်သည်။ ဒါမီဒယ်ကိုယ်တိုင်ပင် ဖြစ်နိုင်လျှင် တားဆီးချင်သည်။ အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်သော အစေခံတစ်ယောက်ကို အသုံးချနိုင်သည်။ တွယ်တာမြတ်နိုးခွင့်တော့မရှိ။ ဒါက လူအားလုံး၏ ယေဘုယျသဘောထားဖြစ်သည်။
ရွက်လှေကြီးသည် ပင်လယ်ကမ်းစပ်တစ်လျှောက် ခပ်ဖြည်းဖြည်း ခရီးနှင်နေသည်။ ကျောက်ဆောင်များထက်မှ ဂရိနတ်ဘုရားကျောင်းကြီးများသဖွယ် ခန့်ထည်သော လူချမ်းသာများ၏ အနားယူစံအိမ်ကြီးများကို တစ်ခုနှင့်တစ်ခု ထိစပ်တော့မလား ထင်ရအောင် နီးကပ်စွာ တွေ့နေရသည်။ အချို့မှာ ပင်လယ်ကမ်းစပ်နားရှိ ကျောက်ဆောင်မြင့်များတွင် တည်ဆောက်ထားသည်။ အချို့မှာ ကုန်းတွင်းမကျ တကျတွင် တည်ဆောက်ထားသည်။
အဖိုးတန် စကျင်ကျောက်တိုင်ကြီးများနှင့်အတူ တန်ဖိုးကြီးလှသော ရောင်စုံမှန်များမှ ရောင်ပြန်ဟပ်မှုသည် မျက်စိမလွှဲနိုင်လောက်အောင်။ စံအိမ်ကြီးများ၏ ဥယျာဉ်များထဲမှ ကြေးရုပ်များသည်လည်း တလက်လက်တောက်ပနေသည်။ အနားယူစံအိမ်ကြီးများ၏ စီးပွားရေးလုပ်ငန်းများဖြစ်သော ကျောက်ဆောင်များကြားမှ ကမာ၊ ပင်လယ်ငါး မွေးမြူရေးလုပ်ငန်းများကိုလည်း ကမ်းခြေတစ်လျှောက် တွေ့မြင်နေရသည်။
"ဒီဒီရာလေးအတွက် သင့်တော်တဲ့သူကို မင်းတို့တစ်နေ့တွေ့မှာပါ သူငယ်ချင်းရာ။ ငါကတော့ ဒီတစ်သက် အိမ်ထောင်ပြုဖို့ဆိုတာ ဖြစ်နိုင်မယ် မထင်ပါဘူး။"
လုလိယက်စ် စကားကိုမလွန်အောင်ပြောရင်း ငြင်းလိုက်သည်။ ရောမအမျိုးသမီးတစ်ယောက်၏ အိမ်ထောင်ရှင်မဟူသော နေရာသည် သားသမီးမွေးဖွားရန်၊ ညစာစားပွဲ၊ ဧည့်ခံပွဲများတွင် နာမည်တပ်ရုံဆိုတာထက် မပို။ ခံစားချက်မရှိသည့် လူပိုတစ်ယောက်လို သဘောထားသည့် စနစ်နှင့်အဖြစ်ကို သူ သဘောမကျ။ သူ့ညီမလေးတစ်ယောက်လို ချစ်ခင်ရသည့် ဒီဒီရာလေးကို ဒီလိုမဆက်ဆံနိုင်။
"လုလိယက်စ်ရာ..မင်း တကယ်ပဲ ဒီကောင်လေးအပေါ် အစွဲအလမ်းကြီးလှချည်လား။ တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူးလို့များ ဆုံးဖြတ်ထားသလား။"
ဒါမီဒယ်၏ မချင့်မရဲစကားအတွက် လုလိယက်စ် အပြစ်မတင်ရက်။ ပြုံးရုံသာ ပြုံးဖြစ်သည်။
"အနာဂတ်ဆိုတာကို ငါ မတွေးဖြစ်တော့တာ ကြာပြီ သူငယ်ချင်း။ လက်ရှိအချိန်ကိုပဲ ငါ တန်ဖိုးထားတယ်။"
"ဒီလိုတော့လည်း ဘယ်ဟုတ်မလဲ။ မင်းမိသားစုမှာ မင်းက သားကြီးတစ်ယောက် မဟုတ်လား။ ရောမအင်ပါယာအတွက်၊ မင်းမိဘတွေအတွက်၊ မင်းရဲ့မျိုးဆက်အတွက် မင်းမှာ တာဝန်ရှိတယ်။ ငါ့ညီမလေးကို မင်းလက်မခံလို့ ရန် စကားပြောနေတာ မဟုတ်ဘူး သူငယ်ချင်း။ တစ်ချိန်ချိန်မှာ မင်းအနေနဲ့ မျိုးဆက်အတွက် သင့်တော်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုသင့်တယ်။"
"မျိုးဆက်ရဖို့တစ်ခုတည်းအတွက်နဲ့တော့ အိမ်ထောင်မပြုချင်ပါဘူးကွာ။ အဲ့ဒီ့အတွက်ဆိုရင်တော့ အားရီးယူးစ်ကိုပဲ ငါ့မိဘတွေ အားကိုးရလိမ့်မယ်။"
"အားရီးယူးစ်ဆီကရော ဘာသတင်းရသေးလဲ။"
"ဟင့်အင်း။ ပုံပေက ပြန်သွားပြီးကတည်းက အဆက်အသွယ် မရတော့ဘူး။"
"ဟာ..တကယ်လား။ ကြာပဲကြာလှပြီ။"
"ဒီတစ်ခါတော့ တကယ်စိတ်ဆိုးသွားတယ်နဲ့တူပါတယ်။ ငါ့ကို စာ မပြန်ဘူး။"
လုလိယက်စ် သက်ပြင်းကိုမသိမသာချလိုက်သည်။ အားရီးယူးစ်သည် အမဲလိုက်စဉ်အချိန်က အဖြစ်အပျက်များအတွက် ခွင့်မလွှတ်နိုင်သေးသည့်ပုံပင်။ လူချင်းမဆုံဖြစ်လျှင်တောင် စာများဖြင့် အမြဲလိုလို အဆက်အသွယ် မပြတ်ခဲ့သည့် ညီငယ်ဖြစ်သူထံမှ ပြန်စာမရတာကြာခဲ့သည်ကို လုလိယက်စ် စိတ်မကောင်းနိုင်။
အဖိုးတန် စကျင်ကျောက်တိုင်လုံးကြီးများ တင်ဆောင်ထားသော ကုန်တင်ရွက်လှေကြီးတစ်စီးသည် မလှမ်းမကမ်းမှ ဖြတ်သန်းသွားသည်။ ပွင့်လင်းရာသီရောက်ပြီ ဖြစ်သောကြောင့် ပင်လယ်ပြင်တွင် ကုန်သယ်လှေကြီးများကို မကြာခဏ တွေ့မြင်နေရသည်။ ဆောင်းဦးရာသီ မရောက်မချင်း အင်ပါယာကြီးအတွင်း ဝေးလံသော နေရာဒေသများမှ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးကြမည့် ကျေးဇူးရှင်ကြီးများဆိုလျှင်လည်း မမှားပါ။ အီဂျစ်ပြည်မှ ဂျုံ၊ စွန်ပလွံသီး၊ သားရဲတိရစ္ဆာန်များသာမက တရုတ်တိုင်းပြည်နယ်မှ ပိုးသားချည်ထည်များအထိ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်နေရာပြီးတစ်နေရာ ပြောင်းလဲရပ်တန့်ကာ အင်ပါယာ၏ မြို့တော်ကြီးဖြစ်သော ရောမမြို့အရောက် သယ်ယူပို့ဆောင်ပေးကြဦးမည်ပဲဖြစ်သည်။
လေပြည်၏ တွန်းအားနှင့် ရွှေ့လျားနေသော ရွက်လှေကြီးသည် ကမ်းခြေတစ်လျှောက်ရှိ အနားယူစံအိမ်ကြီးများကို ဖြတ်သန်းအပြီးမှာ သဲသောင်ပြင်တစ်ခုဘေးမှ ဖြတ်သန်းသွားနေသည်။ ပင်လယ်ပြင်တွင် တံငါလှေငယ်တစ်ချို့ရှိနေသလို သဲသောင်ထက်တွင် စပျစ်ရည်အိုးများကို ပင်လယ်ရေနှင့် လာရောက် ဆေးကြောကြသော ကျွန်များ၊ လှည်းများနှင့် လှုပ်ရှားသက်ဝင်နေသည်။ သောင်ပြင်သည် ဖွေးဖွေးဖြူနေသည်မဟုတ်။ သဲမှုန်များသည် အနက်ရောင်ဘက်ကို အားသန်နေသော သောင်ပြင်မျိုးဖြစ်သည်။
လှိုင်းလုံးများကြား ခုန်ပေါက် ကစားနေကြသော ကလေးငယ်တစ်ချို့ ရှိသော်လည်း ရေကူးနေသူ မည်သူမျှမရှိ။ ရောမခေတ်ကာလတွင် ပင်လယ်၊ မြစ်ကမ်းများတွင် မွေးဖွားကြီးပြင်ခဲ့သူများကြားတွင် ရေမနစ်အောင် ရေကူးတတ်သူတစ်ချို့၊ ရေငုပ်တတ်သူတစ်ချို့ ရှိသော်လည်း အများစုမှာ ရေကူးတတ်သူများမဟုတ်။ သောင်ပြင်နောက်တွင်တော့ တမျှော်တခေါ်ဆားခင်းများနှင့် မြင့်မားသော ထင်းရှူးတောများရှိသည်။
ဒါမီဒယ်သည် နှင်းခဲများနှင့်ရောထားသော စပျစ်ရည်အေးအေးကို မော့သောက်လိုက်သည်။ ဆောင်းတွင်းမှ နှင်းများ၊ ရေခဲများကို မြေအောက်ဂူများတွင် သိုလှောင်ထားတတ်ကြသောကြောင့် စပျစ်ရည်အေးအေး တစ်ခွက်ရရန်မှာ မခက်ခဲလှပေ။ စပျစ်ရည်အေးသည် အမွှေးနံ့သာရောထားသောကြောင့် သင်းပျံ့အေးမြနေသည်။
"မနက်ဖြန်အမဲလိုက်ဖို့ မင်း မလိုက်ဘူးလား သူငယ်ချင်း"
"မင်းက လိုက်စေချင်လို့လား။"
"ဟင့်အင်း။ မလိုက်စေချင်ဘူး။"
လုလိယက်စ်၏အဖြေကြောင့် ဒါမီဒယ် သူငယ်ချင်းဖြစ်သူကို ကျိန်ဆဲလိုက်ပြီး ရယ်နေလိုက်သည်။ ဖဲလ်လစ်ဆိုသည့်ကောင်လေးနှင့် နှစ်ယောက်တည်းအတူ အမဲလိုက်ထွက်ရန် ဆုံးဖြတ်ထားသည့် လုလိယက်စ်ကို သူ မနှောင့်ယှက်ချင်တော့။
လုလိယက်စ်သည် စကားစပြတ်သွားသည်နှင့် သူ့လက်တွင်းရှိ စာလိပ်မှတ်တမ်းရှိရာသို့ အာရုံပြန်ရောက်သွားသောကြောင့် ဒါမီဒယ် မျက်နှာရှုံ့မဲ့သွားသည်။ စာလိပ်မှတ်တမ်းသည် ပုံပေမြို့ပြင်ရှိ သချင်္ိုင်းမြေပုံနှင့် နေရာစာရင်းဇယားများ ဖြစ်သည်။ သချိင်္ုင်းနေရာပါမချန် တိကျစစ်ဆေးလွန်းသည့် လုလိယက်စ်ကို မြို့ပြမျက်နှာဖုံးလူချမ်းသာများက ကြည့်မရသည်ကလည်း အပြစ်တော့မဟုတ်။
"မင်းကွာ။ အလုပ်ကို ဒီအထိ ယူလာသေးတာပဲလား။"
"ပြီးတော့မှာပါ။ ဒီစာရင်းတွေကို ငါ ပစ်ထားတာကြာလှပြီ။ ငလျင်ကိစ္စတွေရှုပ်နေတာနဲ့ အခုမှ ပြန်ကြည့်ရမှာ။"
"အေးကွာ။ ငါလည်း ရွေးကောက်ပွဲဝင်ဖို့ကိစ္စတွေနဲ့ ရှုပ်နေလို့ မင်းကိုမကူညီပေးနိုင်တာတောင် ကြာပြီ။"
"မင်း ရွေးကောက်ပွဲဝင်ဖြစ်မှာ သေချာပြီပေါ့။"
"အေး။ မင်းငါ့အတွက် မဲဆွယ်ပေးဦး လုလိယက်စ်။ မင်းအိမ်ရှေ့နံရံမှာ ငါ့ကိုမဲပေးဖို့ ကြော်ငြာရေးခိုင်းဦး သူငယ်ချင်းရ။ ရွေးကောက်ပွဲရောက်ဖို့ ဘာမှမလိုတော့ဘူး။"
"မင်း ငါ့ကို လာဘ်ထိုးရင် စဉ်းစားပေးမယ်။"
"အေးပါ။ မင်းက ဆင်းရဲမွဲတေပြီး လာဘ်ယူတတ်တဲ့ အရာရှိကိုး။"
"မင်းဆီကဆိုရင်တော့ ငွေဒင်္ဂါးတပြားပဲဖြစ်ဖြစ် ရအောင်ယူမယ် သူငယ်ချင်း။"
ဒါမီဒယ် တဟားဟားရယ်ရင်း လုလိယက်စ်၏ ပခုံးကို ဖက်လိုက်သည်။
"အရှင်..နေ့လယ်စာ အဆင်သင့်ဖြစ်နေပါပြီ။"
ဖဲလ်လစ်သည် သူတို့နှစ်ယောက်နားမှာ ခပ်ခွာခွာရပ်နေသည်။ ဒါမီဒယ်၏ သားငယ်မှာ ဖခင်ဖြစ်သူကို ပြေးဖက်ကာ လှေကြမ်းပြင်မှာ နှစ်ယောက်အတူ ပြုတ်ကျသွားကာ ရယ်မောနေကြသည်။ ပြုံးပျော်နေသော သားအဖနှစ်ယောက်ကို လှမ်းကြည့်နေသည့် ဖဲလ်လစ်နှုတ်ခမ်းမှာ အပြုံးရိပ်သဲ့သဲ့။
"အား..ဆာနေတာနဲ့အတော်ပဲ။ လာ..ဖေ့သားကြီး။"
ဒါမီဒယ်မှာ သားငယ်၏လက်ကိုဆွဲကာ လှေဝမ်းအတွင်းမှ အနီရောင်ရွက်ဖျင်မိုးထားသောနေရာသို့ ထထွက်သွားသည်။ ထိုနေရာတွင် အားလုံးလှဲလျောင်းနိုင်ရန် ခေါင်းအုံးများ ချထားသည့်အပြင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားသော နေ့လယ်စာကိုလည်း စားပွဲငယ်များပေါ်တွင် အသင့်တင်ထားပြီးဖြစ်သည်။ ဒါမီဒယ်၏ ဇနီးနှင့် ဒီဒီရာလေးတို့မှာ စားသောက်ပွဲများရှေ့ လှဲလျောင်းနေသည်။ ဒါမီဒယ်၏ ဇနီးမှာ ပြည့်ဝန်းသော မျက်နှာလေးနှင့်ဖြစ်သည်။ နောက်တစ်ကြိမ် ကိုယ်ဝန်ရှိနေသောကြောင့် ဝမ်းဗိုက်ဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းနေသည်။
ဖဲလ်လစ်သည် လုလိယက်စ်ဘေးနားတွင် ဒူးထောက်ရင်း အသီးပန်းကန်ကို သိမ်းဆည်းရန် ပြင်နေသည်။ ဒါပေမဲ့ ဖဲလ်လစ်၏ အကြည့်များသည် စားပွဲဝိုင်းပေါ်ရှိ အသီးပန်းကန်ရှိရာမှာ မဟုတ်။ မိခင်ရှိရာထံ အပြေးလျှောက်သွားသော ကလေးငယ်နှင့် သားငယ်နောက်မှ ရယ်မောလိုက်ပါသွားသော ဒါမီဒယ်တို့ကို ငေးကြည့်နေသည်။
"အရှင်ဒါမီဒယ်က ဖခင်ကောင်းတစ်ယောက်ပဲ အရှင်။"
စကားအဆုံးတွင် ဝမ်းနည်းရိပ်တစ်ချို့ ဖြတ်ပြေးသွားသလို။ အရိပ်တကြည့်ကြည့် နေတတ်သူမို့ သတိထားမိသည်။
"ဘာဖြစ်လို့လဲ ဖဲလ်လစ်။"
ဖဲလ်လစ် ခေါင်းခါသည်။ အတွေးစတစ်ချို့ကို ပြန်မြိုချဟန်။ အပြုံးမမည်သော အပြုံးတစ်ခုက နှုတ်ခမ်းများထက်မှာ။
"ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဖခင် ကျွန်တော့်ကို ဒီလိုဂုဏ်ယူတဲ့အကြည့်တွေနဲ့ အရမ်းကြည့်စေချင်ခဲ့တာ။"
"မင်းမှာ..."
"ကျွန်တော့်မှာ ဖခင်မရှိပါဘူး အရှင်ရာ။ ပိုင်ရှင်ပဲ ရှိခဲ့တာပါ။"
လုလိယက်စ်၏ မေးခွန်းကို နားလည်သလို အဆုံးထိ နားမထောင်ဘဲ စကားဖြတ်ကာ ဖြေလိုက်သည်။
"ကျွန်တော့်အမေနဲ့လည်း ကြာကြာနေခဲ့ရတာ မဟုတ်တော့ သိပ်မမှတ်တော့ဘူး။ မှတ်မိသလောက်တော့ အမေက ကျွန်တော့်ကို တောင်းပန်သလို မျက်လုံးတွေနဲ့ စိုက်ကြည့်နေတတ်တာပဲ။ သူ့ကြောင့် ကျွန်တော် ကျွန်အဖြစ် မွေးလာရတာကို စိတ်မကောင်းဖြစ်နေသလိုပဲ။ နောက်ပြီး အမေ အမြဲပြောခဲ့တာရှိတယ်။ ကျွန်တော့်ကို ဘယ်သူပဲပိုင်ပိုင် အရှင်သခင် စိတ်ချမ်းသာဖို့ ကြိုးစားရမယ်တဲ့။ အရှင်သခင် သဘောကျအောင် နေရမယ်တဲ့။ ဒါဆိုလည်း ကျွန်တော့်တိုကို သဘာဝတရားက ဘာလို့ခံစားချက်တွေနဲ့ မွေးဖွားစေခဲ့တာလဲ အရှင်ရာ။ ကျွန်တော် နားမလည်ဘူး။ ကျွဲတွေ၊ နွားတွေလို အသိဉာဏ်မရှိဘဲ မွေးဖွားလာခဲ့ရင် ပိုမကောင်းဘူးလား။"
သူ့ဘဝအကြောင်းကို ဖဲလ်လစ် ပထမဆုံးအကြိမ် ပြောခြင်းဖြစ်သည်။ လုလိယက်စ် စကားဖြတ်မပြောတော့ဘဲ တိတ်ဆိတ်စွာ နားထောင်နေဖြစ်သည်။
ဖဲလ်လစ်ကို ပိုင်ဆိုင်တဲ့ အရှင်သခင်..
ဘာ့ကြောင့်ရယ်မသိ။ ထို အရှင်သခင်ဟူသည့် အသုံးအနှုန်းသည် မိမိကို ရည်ညွှန်းနေခြင်းမဟုတ်သလို လုလိယက်စ် ခံစားရသည်။ ရင်ဖွင့်လာမည့် နောက်ထပ်စကားများကို နားထောင်ချင်သေးပေမယ့် ဖဲလ်လစ် စကားမဆက်တော့။ ဘာမှထပ်ပြောစရာမရှိတော့သလို အသီးပန်းကန်ကို လှမ်းယူကာ မတ်တတ်ရပ်လိုက်သည်။
"အရှင်.."
အခုအချိန်အထိ နေရာမှမထသေးသည့် လုလိယက်စ်ကို ဖဲလ်လစ်ထပ်ခေါ်လိုက်ခြင်းဖြစ်သည်။ လုလိယက်စ် ပြုံးကာ ခေါင်းခါရမ်းပြလိုက်သည်။
"ဒီစာရင်းကိုပြီးအောင် စစ်လိုက်ဦးမယ်။ သူတို့ကိုပဲ အရင်စားခိုင်းထားလိုက်။"
ဖဲလ်လစ် နေရာမှမရွေ့။ လုလိယက်စ် မျက်လုံးလှန်ကြည့်တော့ မကျေနပ်သလို စိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ။"
"အိမ်ရှင်ကဧည့်သည်တွေကို ဧည့်မခံဘဲ သူတို့ဘာသာစားခိုင်းတာမျိုးဟာ မယဉ်ကျေးရာ ရောက်တယ်ဆိုတာ အရှင် မသိဘူးလား။"
"ဟောဗျာ.."
လုလိယက်စ် ရယ်လိုက်သည်။ အဲဒါပဲဖြစ်သည်။ ဖဲလ်လစ်သည် အခြားသူများရှိလျှင် သူ့ကို အစေခံတစ်ယောက်က အရှင်သခင်တစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံသည်။ နှစ်ယောက်တည်း ဆိုလျှင်တော့ ဒီလိုမျိုး မထင်ထားသည့် စကားတွေကိုပြောတတ်သလို မထင်ထားသည့် အပြုအမူများကိုလည်း ပြုလုပ်တတ်သည်။ တရင်းတနှီးနိုင်သည်။ ခွဲခြားမှုတွေမရှိ။ အရှင်သခင်နှင့် အစေခံဆိုသည့် အဆင့်အတန်းများကို လုံးလုံးမေ့ထားသလို မျိုးပင်။
"အေးပါကွာ။ ငါ အခုပဲသွားပါ့မယ်။"
လုလိယက်စ် အလျှော့ပေးသလို အပြုံးနှင့်ဖြေတော့ ဖဲလ်လစ်က သူ့လက်ထဲမှ စာရွက်လိပ်ကို လှမ်းယူလိုက်သည်။ မသိမသာ ထိမိသွားသော လက်ဖဝါးနှစ်ခုက လျှပ်စီးတစ်ခုလို။ လုလိယက်စ် ရင်ထဲမှ နှလုံးခုန်သံကို ပြန်ကြားနေရသည်။ ဒီလိုပဲလား။ ဘယ်တော့မှ မရိုးတော့ဘူးလား။ ဘယ်တော့မှ မပျောက်တော့ဘူးလား။ ဒီလက်တွေကို သူ အခုချက်ချင်း ဖမ်းဆုပ်လိုက်ချင်သည်။ ဖဲလ်လစ်ကို ပွေ့ဖက်ပြီး တည်ကြည်နေသည့် နှုတ်ခမ်းပါးများကို နမ်းရှုပ်လိုက်ချင်သည်။ ခံစားချက်မရှိသလို မျက်လုံးများကို မျက်ရည်တွေဝိုင်းသွားသည်အထိ နင့်နဲသော ခံစားချက်များ ပေးလိုက်ချင်သည်။
ဒါပေမဲ့ တကယ်တမ်းကျတော့ သူ ဘာမှ မလုပ်နိုင်။ မသက်မသာ တစ်ချက်ပြုံးကာ ဖဲလ်လစ်နောက်မှ လိုက်ခဲ့ရုံသာ။