ကြောက်လန့်မှုကြောင့်ရော၊ စိတ်လှုပ်ရှားမှုများကြောင့်ပါ ဖဲလ်လစ် ရင်ခုန်နေသည်။ လူကြီးတွေမြင်သွားမှာကို ကြောက်သည်ရော၊ တစ်ခါမှ စိတ်ကူးထဲပင်မထည့်ရဲသော ကိစ္စတစ်ခုကို စမ်းသပ်လုပ်ရမည်ဖြစ်သောကြောင့်ပါ တုန်လှုပ်နေသည်။ ကျွန်တစ်ယောက်အဖြစ် မွေးဖွားကြီးပြင်းလာခဲ့သည့် သူ့အတွက်တော့ လူကြီးများ၏ အာဏာကို ဖီဆန်ဖို့ဆိုတာသည် တွေး၍ရသည်ဟုပင် ထင်မထားခဲ့။ လက်ရှိ အသက် ၁၀ နှစ်အရွယ်အထိ အရှင်သခင် စိတ်တိုင်းမကျမှာကို ကြောက်ရွံ့ရမည်ဆိုတာကိုသာ သူနားလည်သည်။
"အရှင်.. မသွားပါနဲ့တော့။"
အခြားသူတွေမမြင်အောင် သူ့ရှေ့မှ ပုန်းလျှိုးကွယ်လျှိုးသွားနေသော ရွယ်တူ ကလေးငယ်ကို အသံတုန်တုန်နှင့် လှမ်းတားဖြစ်သည်။ အကောင်းစားအဖိုးတန်အဝတ်အစားများနှင့် ကောင်လေးမှာ သူ့ခေါ်သံကိုကြားသော်လည်း လှည့်မကြည့်။ လူကြီးများ မမြင်အောင် ချုံနွယ်များကြား ခါးကိုကုန်းကာ ရှေ့ဆက်သွားနေသည်။ ကလေးငယ်၏ လည်ပင်းမှ ငိုက်ခနဲ ကျလာသော အဆောင်ဆွဲကြိုးငယ်မှာ ခြေလှမ်းများနှင့်အတူ ဘယ်ညာယိမ်းနေသည်။
"ပြန်ရအောင် အရှင်။ အန္တရာယ်များလွန်းတယ်။ နောက်ပြီး ကျွန်တော်ကြောက်တယ်။"
သူ့အသံမှာ ငိုသံပါသွားသောကြောင့်လားမသိ။ ရှေ့မှ လျှောက်လှမ်းနေသော ကောင်လေးသည် ချာခနဲလှည့်ကာ မကျေမနပ်စိုက်ကြည့်သည်။
"မင်းက အနီးကပ် မမြင်ချင်ဘူးလား။"
"မြင်.. မြင်ချင်ပါတယ်။ ဒါပေမဲ့ လူကြီးတွေက.."
"လူကြီးတွေက အမြဲလိုက်တားနေတာပဲ။ ဟိုဟာမလုပ်ရဘူး။ ဒီဟာမလုပ်ရဘူး။ သူတို့စိတ်တိုင်းကျ ဘာလို့လိုက်နေရမှာလဲ။ ငါ လုပ်ချင်ရင် လုပ်မှာပဲ။"
အားနှင့် ဆောင့်တွန်းခံလိုက်ရသောကြောင့် ဖဲလ်လစ်ယိုင်သွားသည်။ မိမိရှေ့မှ ကောင်လေး၏မျက်လုံးများကို စိုက်ကြည့်ရင်း ဖဲလ်လစ် စကားပြန်ဖြေဖို့ မေ့သွားရပြန်သည်။ အရည်လဲ့နေသော မျက်လုံးများတွင် ဖီဆန်မှုများအပြည့်နှင့်ဖြစ်ပြီး ခပ်တိုတိုညှပ်ထားသော ဆံပင်လိပ်များသည် ရှုံ့မဲ့နေသည့် မျက်နှာငယ်ပေါ် တစ်ဝက်တစ်ပျက် ဝဲကျနေသည်။
အရှင်ဟူသော ဝေါဟာရကို သူ့ရင်ထဲမှ တမြတ်တနိုးခေါ်ဝေါ်သည့် တစ်ဦးတည်းသော ထိုလူသားသည် တကယ်ပင် နတ်သားတစ်ပါးပင်ဖြစ်သည်။ အသက်အရွယ်ချင်း မတိမ်းမယိမ်းတူပေမယ့် သူ့ဘဝနှင့် လုံးဝဆန့်ကျင်ဘက်ဘဝကို ပိုင်ဆိုင်ထားသူ။ ရောမအင်ပါယာတွင် တန်ခိုးအာဏာအရှိဆုံး မိသားစုဝင်၏ ကလေးငယ်ဖြစ်သောအရှင်သည် မွေးဖွားလာစဉ်ကတည်းက အခြံအရံ၊ စည်းစိမ်၊ အာဏာ အားလုံးကို ပိုင်ဆိုင်ခဲ့သည်။ လုပ်ချင်တာကို လုပ်ခွင့်ရှိသည်။ ပြောချင်တာကို ပြောခွင့်ရှိသည်။ နောက်ပြီး အရှင့်မိဘများ၏ ချစ်ခင်မှု၊ အလိုလိုက်မှုများကို သူမြင်ဖူးသည်။ သူ့အတွက်တော့ အိပ်မက်တောင် မက်ခွင့်မရှိသည့် အရာတွေ။
"မင်းလိုက်ခဲ့ရင် ဒီဆွဲကြိုးလက်ဆောင်ပေးမယ်။"
လည်ပင်းမှ ကမာကောင်ပုံစံ အဆောင်ဆွဲကြိုးကိုပြရင်း ခပ်ပြုံးပြုံးဖြင့်ပြောသည်။ ဖဲလ်လစ် အံ့သြသွားသည်။ မဖြစ်နိုင်တာ။ ဒီအဆောင်ဆွဲကြိုးများသည် ရောမနိုင်ငံသား ကလေးငယ်များသာ ပိုင်ဆိုင်ခွင့်ရှိသည်။ အသက် ၁၃၊ ၁၄ ကျော်ကာ လူငယ်အရွယ်ရောက်သည်နှင့် ထိုအဆောင်ငယ်ကို သေဆုံးခဲ့ပြီဖြစ်သော ဘိုးဘွားများအား ကိုးကွယ်ထားသည့် နတ်ဘုရားစင်ပေါ်တွင် တင်ကာ အပ်နှံရသည်။ ကလေးဘဝမှသည် လူငယ်တစ်ယောက်အဖြစ် အားလုံးကအသိအမှတ်ပြုသည့် ပွဲတော်တစ်ခု ကျင်းပကြသည်။ ထို့အတွက် အဆောင်လက်ဖွဲ့သည် ရောမကလေးငယ်များအတွက် အရေးပါလှသည်။ အစေခံကျွန်တွေကတော့ ပိုင်ဆိုင်ခွင့်မရှိ။
ထိုအဆောင်လက်ဖွဲ့သည် ကလေးငယ်များကို နတ်ဆိုးများရန်မှ ကာကွယ်ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အထဲတွင် သတ္တုပြားငယ်ရှိပြီး ဂါထာများရေးသားထားတတ်သည်။ တစ်ခါတစ်ရံ မိသားစု ယုံကြည်အားကိုးရာအလိုက် ခရုခွံ၊ ကျောက်ငယ်၊ တိရစ္ဆာန်များ၏သွား၊ အမွှေးစများ ရှိသည်။
သာမာန်ကလေးများအတွက် ဘာမှမထူးခြားပေမယ့် ဖဲလ်လစ်အတွက်တော့ အဖိုးထိုက်တန်လွန်းသည်။ ထိုဆွဲကြိုးလေးသည် နတ်ဆိုးမိစ္ဆာများရန်မှ ကာကွယ်ပေးနိုင်သလို သူ့ကို မနှစ်မြို့ဘဲ အမြဲပြစ်ဒဏ်ပေးလေ့ရှိသည့် ကျွန်ထိန်းကြီး၏ရန်မှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ထင်နေခဲ့သည့်အတွက် အရမ်းလိုချင်နေခဲ့သည်။ အရှင်နှင့်တွေ့တိုင်း အရှင့်လည်ပင်းမှ ထိုအဆောင်ဆွဲကြိုးလက်ဖွဲ့ကို ခိုးမကြည့်ဘဲမနေနိုင်။ အရှင်သည် ဒါကိုလည်း သိနေခဲ့သည်တဲ့လား။ သူ့လို အစေခံကလေးငယ်တစ်ယောက် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိ၊ ဝတ်ဆင်ခွင့်မရှိသည့် အဆောင်လက်ဖွဲ့ကို ပေးမည်ဟု ပြောနေသည်။
"ဘယ်လိုလဲ။ လိုက်ခဲ့မယ် မဟုတ်လား။"
"ဒါ.. ဒါပေမဲ့ အရှင့်မှာ မရှိတော့ရင်.."
"ဘာမှစိတ်မပူနဲ့။ ငါ မကြံနိုင်တာ ဘာမှမရှိဘူး။ ဒါကို မင်းလိုချင်ရင် အခု ငါ့နောက်လိုက်ခဲ့။"
အရှင်သည် ချွေးရွှဲနေသော သူ့လက်တစ်ဖက်ကိုဆွဲရင်း ရှေ့ဆက်သွားနေပြီ ဖြစ်သည်။ ဖဲလ်လစ် မငြင်းရဲတော့။ မငြင်းဆန်ချင်တော့တာလည်းပါသည်။ တကယ်ပင် ဒီအဆောင်လက်ဖွဲ့ကို အရှင်က သူ့ကိုပေးလိမ့်မည်တဲ့လား။ တကယ်လား။ ကြောက်စိတ်ထက် စိတ်လှုပ်ရှားမှုက သူ့ခြေထောက်များကို ရှေ့သို့ ဆက်လက်ရွေ့လျားသွားစေသည်။
ခပ်လှမ်းလှမ်းမှ လူကြီးများ၏ စကားပြောသံများ၊ ရယ်သံများ၊ ဂီတသံများသည် တဖြညး်ဖြည်း တိုးလာလည်။ အဆုံးမရှိသလို ကျယ်ပြန့်လွန်းသည့် ပန်းဥယျာဉ်ကြီး၏ အနောက်ပိုင်းနားသို့ ရောက်လာပြီဖြစ်သည်။ လူအသွားအလာ မရှိတော့။ သစ်ပင်ကြီးများသည် မြင့်မားကြီးမားစွာ အကိုင်းအခက်များ ဖြာဝေကာ အရိပ်ရနေစေသည်။ အောက်ခြေမြေပြင်မှ မြက်ပင်များသည် သေချာဂရုတစိုက် ရိတ်ဖြတ်ထားခြင်းမရှိတော့သောကြောင့် ရှည်ချင်တိုင်းရှည်နေသည်။ ချုံနွယ်များ ပိုပြီး ထူထပ်လာသည်။
ဝေါင်း...
ကျယ်လောင်သော အော်သံတစ်ခု။ ချုံကွယ်ထဲသို့ နှစ်ယောက်စလုံး ခေါင်းဝပ်သွားသည်။ ညှီစို့စို့အောင့်သက်သက် အနံ့ကိုလည်း ရလိုက်သည်။
"ရောက်တော့မယ်.."
အရှင့်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တဖျတ်ဖျတ် လက်နေသည်။ နှုတ်ခမ်းများက ကျေနပ်စွာပြုံးနေသည်။ ဖြုတ်ကောင်ငယ်များသည် မျက်စိထဲ အတင်းတိုးဝင်ချင်သလို မျက်နှာရှေ့မှာ ဝဲပျံနေသည်။ ကိုက်ခဲနေသော ခြင်နှင့် တဝီဝီ ဝဲပျံနေသော ယင်ကောင်များကို မြင်ဟန်မတူ။ မနှစ်မြို့ဖွယ် အောင့်သက်ပုပ်ပွနေသော အနံ့များကိုလည်း ဂရုစိုက်ဟန်မရှိ။ အရှင်သည် ရွှေဇွန်းကိုက်ကာ မွေးခဲ့ပေမယ့် သူ ဖြစ်ချင်သည်၊ လိုချင်သည်ရှိလျှင် ဘယ်လိုဆိုးဝါးမှုများကိုမှ ဂရုမစိုက်ကြောင်း ဖဲလ်လစ် အသိဆုံးဖြစ်သည်။
"အရှင်.. သတိထား.."
ဖဲလ်လစ်၏ စကားမဆုံးလိုက်ပါ။ အရှင်သည် ချုံကွယ်မှနေ၍ ခုန်ထွက်သွားပြီဖြစ်သည်။ အရှင့်ရှေ့တွင် သစ်သားလှောင်အိမ်တစ်ခု။ အထဲတွင် အမွှေးများဖွာနေသော ခြေင်္သေ့ကြီးတစ်ကောင်။ ခြေနှစ်လှမ်း၊ သုံးလှမ်း စာသာရှိသော ထိုလှောင်အိမ်ထဲတွင် မာန်ဖီကာ ဟိုဘက်ဒီဘက် လျှောက်နေသည်။ လှောင်အိမ်ထဲတွင် စားလက်စ အသားစများနှင့် သွေးများ ရဲရဲနီနေသည်။ လှောင်အိမ်သစ်လုံးများတွင် လက်သည်းရာများ၊ ကုတ်ရာ ဖြစ်ရာများနှင့် အပြည့်ဖြစ်သည်။ ရောမမြို့သို့ ရောက်လာသည်မှာ မကြာသေးကြောင်း နီရဲရိုင်းစိုင်းနေသည့် ခြေင်္သေ့ကြီး၏ မျက်လုံးများက သက်သေခံနေသည်။
"ဟား.. လှလိုက်တာကွာ။ မင်းသိလား ဖဲလ်လစ်။ ဒီကောင်ကြီးကို လူဘယ်လိုသတ်ရမလဲဆိုတာ သူတို့တွေ လေ့ကျင့်ပေးလိမ့်မယ်။ နောက်ပြီး ကစားကွင်းထဲမှာ ပြလိုက်မယ်။ ဒုစရိုက်ကောင်တွေကို ဒီကောင်ကြီးက ဟောဒီလို ဟောဒီလို ကိုက်စားပစ်မှာ။"
အရှင်သည် စကားပြောရင်း ခုန်ဆွခုန်ဆွနှင့် ကိုယ်ဟန်ပြနေသည်။ မျက်နှာမှာ စိတ်လှုပ်ရှားမှုများက အပြည့်။ ဖဲလ်လစ် ချုံထဲမှ ခြေတစ်လှမ်း လှမ်းထွက်လာရင်း လှောင်အိမ်ထဲမှ ခြေင်္သေ့ကြီးကို ကြောက်ရွံ့စွာ စိုက်ကြည့်မိသည်။ ခြေင်္သေ့ကြီး၏ ဖွင့်ဟန်၊ ပိတ်ဟန်လုပ်ရင်း တုန်နေသော နှုတ်ခမ်းပေါက်မှ သွားချွန်များသည် သွေးစွန်းနေသည်။ အရှင်ကတော့ ခြေင်္သေ့ကြီးရှိရာ လှောင်အိမ်ကို လက်ညှိုးညွှန်ရင်း စကားဆက်သည်။
"မင်းသိလား။ ဒီကောင်ကြီးကို ဟိုးအဝေးကြီးက ဖမ်းလာရတာ။ ရွက်လှေအကြီးကြီးနဲ့ သယ်လာရတာ။"
"ဝေါင်း.."
"အရှင်.."
ဖဲလ်လစ် မျက်လုံးတွေပြာသွားသည်။ အသက်ရှူဖို့မေ့သွားသည်။ မြင်လိုက်ရသည်က လှောင်အိမ်နောက်မှ ခြေင်္သေ့ကြီး၏ လက်တစ်ဖက် မြောက်တက်လာသည်ကိုဖြစ်သည်။ အရှင့်ကျောပြင်သည် ခြေင်္သေ့ကြီး လှမ်းပုတ်လိုက်သည့် လက်တည့်တည့်မှာ။ လှောင်အိမ်နားမှ အရှင့်ကို သူ့အားကုန် တွန်းထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့မျက်နှာတစ်ခြမ်းမှာ ဓါးထက်ထက်နှင့်အခွဲခံလိုက်ရသလို..
ဖျင်းခနဲ..
အရှင်လတ်လတ် အရေခွံဆွဲစုတ်ခံလိုက်ရသကဲ့သို့ နာကျင်မှုတစ်ခု..
.
.
.
.
.
.
လည်ပင်းတွေ နာနေသည်။ ရင်ဘတ်တစ်ခုလုံးလည်း ရစရာမရှိအောင် အောင့်နေသည်။ ဖဲလ်လစ် မျက်လုံးကို ကြိုးစားဖွင့်ကြည့်သည်။ ဖွင့်လို့ရသည့် မျက်လုံးသည် တစ်ခုထဲ။ အခြားတစ်ဖက်က လှုပ်ရှားမှုမရှိ။ လက်တစ်ဖက်က သုံးမရတော့သော မျက်လုံးတစ်ဖက်ပေါ် အုပ်ကိုင်မိသွားသည်။ အမြဲတစေ ဖုံးအုပ်ထားခဲ့သော အဝတ်စသည် ရှိမနေ။ ခြေင်္သေ့လက်သည်းရာများကို မာကြောသောအမာရွတ်များအဖြစ် ထိတွေ့လိုက်ရသည်။
ကြာခဲ့ပြီဖြစ်သည်။
ထိုအချိန်များသည် ဆယ်စုနှစ်တစ်ခုနီးပါးပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ လှောင်အိမ်ထဲမှ ခြေင်္သေ့ကြီး၏မျက်နှာကို ထိုစဉ်ကတော့ သူ ကြောက်ရွံ့ခဲ့သည်။ ယခုအချိန် ပြန်စဉ်းစားကြည့်လျှင်တော့ ကိုယ်ချင်းစာကာ သနားမိသည်။ လှောင်အိမ်ထဲမှ ခြေင်္သေ့ကြီးနေရာတွင် သူကိုယ်တိုင်ရောက်နေသလို ခံစားခဲ့ရသောအချိန်များမှာ နေ့စဉ်နီးပါးပင်ဖြစ်သည်။ လက်တစ်ဖက်ကို ခပ်ဖြည်းဖြည်းရွေ့ရင်း ခေါင်းအုံးအောက်ကို လက်ထည့်ဖြစ်သည်။ ခပ်မာမာ အဆောင်ဆွဲကြိုးငယ်၏ အတွေ့တွင် သက်ပြင်းတစ်ချက်ချဖြစ်သည်။
ထိုစဉ်က အရှင်သည် ကတိတည်ခဲ့သည်။ အရှင့်၏အဆောင်ဆွဲကြိုးလေးသည် ယခုအချိန်အထိ သူ့နားတွင် ရှိနေသည်။ သူ တမြတ်တနိုးသိမ်းထားခဲ့သည့် ထိုဆွဲကြိုးလေးသည် အချိန်ကြာမြင့်စွာဖြင့် သူ့နားမှာ တစ်ဦးတည်းသောအဖော်ဖြစ်ခဲ့သည်။ ဒါပေမဲ့ အချိန်နှောင်းမှ သူ သိခဲ့ရသည်။ အရှင်သည် ထိုလက်ဖွဲ့အဆောင်ကို သူ့ကိုပေးခဲ့ပေမယ့် အရှင့် မိဘများသတိမထားမိအောင် အခြားသူငယ်ချင်းတစ်ယောက်ထံမှ ပုံစံတူအဆောင်ဆွဲကြိုးကို ခိုးယူခဲ့သည်။ ထိုကောင်လေး၏ ကျွန်ထိန်းမှာ အဆောင်လက်ဖွဲ့ပျောက်ရသည်ကို မသိရကောင်းလားဆိုပြီး သခင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ထိုအကြောင်းများကို သူ့ကိုပြောပြနေခဲ့သည့် အရှင့်မျက်နှာတွင် နောင်တဆိုတာမရှိ။ ဝမ်းသာကျေနပ်ကာ လှောင်ပြောင်ရိပ်များသာ ရှိခဲ့သည်။
ဟုတ်ပါသည်။ အရှင်သည် အခြားသူပေါ်တွင် စာနာမှုဆိုတာကို မသိသူတစ်ယောက်။ သူ ဖြစ်ချင်တာအတွက်ဆိုလျှင် ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ရှေ့ဆက်လျှောက်မည့်သူတစ်ယောက်။ မိမိလိုချင်ရာ ပန်းတိုင်ရောက်ရန် ဘယ်လိုနည်းပဲ သုံးရသုံးရ။ တွေဝေမနေတတ်သည့် အကြံဉာဏ်ကြီးသူတစ်ယောက်။ သူသည် ဘယ်တုန်းကမှ အရှင့်အမိန့်ကိုရော၊ အလိုဆန္ဒများကိုပါ မငြင်းဆန်ရဲခဲ့။ အရှင့်စိတ်တိုင်းကျ အမိန့်နာခံဖို့သာ၊ အရှင်ဖြစ်ချင်သည်များ ဖြစ်စေဖို့သာ သူ့တစ်သက်လုံး ကြိုးစားခဲ့သည်။ ဒါ့ကြောင့်လည်း ယခု ဒီအိမ်ကို ရောက်လာရသည်။
လုလိယက်စ်ဆိုသည့် လူတစ်ယောက်ကို အရှင်ဟု ခေါ်နေရသည်။
အံကိုကြိတ်ရင်း ခုတင်ပေါ်မှ ထထိုင်ရန် ကြိုးစားလိုက်သည်။ ဒဏ်ရာရထားသော ပေါင်တစ်ဖက်ခြမ်းမှ စူးခနဲ။ ကောက်ရိုးသိပ်ထားသော အိပ်ရာခင်းသည် အကူအညီမဖြစ်။ အသက်ကိုအောင့်ရင်း စို့ထွက်လာသော ချွေးစများကို လက်တစ်ဖက်ဖြင့် ဖိသုတ်လိုက်သည်။ မှောင်မည်းနေသော အခန်းပတ်လည်ကို တစ်ချက်ဝေ့ကြည့်ရင်း ဗိုက်ထဲမှ ဆာလောင်မှုကို သတိထားမိသည်။ အခန်းတံခါးတွန်းဖွင့်သံနောက်မှာ တိုးဝင်လာသော အလင်းရောင်များကြောင့် မျက်လုံးကို ပြန်မှိတ်ဖြစ်သည်။ နည်းနည်းလောက် လှုပ်ရှားလိုက်သည်နှင့် မောသလိုဖြစ်နေသော မိမိကိုယ်ကို မကျေနပ်။ သူသည် ဒီလောက် ပျော့ညံ့သူတစ်ယောက် မဟုတ်ပါ။
"မင်း နိုးပြီလား။"
အိမ်ထိန်းအဘိုးအို၏ အသံသည် မာဆတ်ဆတ်ဖြစ်သည်။ ဖဲလ်လစ်ကို ဆေးကုပေးနေရပေမယ့် ဒီ့ထက်ပိုနာစေချင်နေသည့်အသံဆိုလျှင် မမှား။
ဖဲလ်လစ် ဒဏ်ရာရခဲ့သည်မှာ ရက်အတော်ပင် ကြာခဲ့ပြီဖြစ်သည်။ ဒဏ်ရာအတော်အတန် သက်သာလာသည်နှင့် မီးဖိုခန်းနောက်မှ လက်ရှိအခန်းသို့ ပြောင်းဖြစ်ခဲ့သည်။ ဒါပေမဲ့ အဖျားမကျသေးသည့်အပြင် လှုပ်ရှားတိုင်း နာကျင်နေသေးသောကြောင့် ဘာအလုပ်မှ မလုပ်နိုင်သေး။ အဘိုးအိုသည် စိတ်ထဲမှာ သနားပေမယ့် ပါးစပ်မှတော့ ဖဲလ်လစ်ကို ဘယ်တော့မှ အကောင်းမပြော။ အမြဲလိုလို ဆူပူကြိမ်းမောင်းနေတတ်သည်။ ယခုလည်း လက်ထဲမှ အသားနှင့်ပဲကို ရောပြုတ်ထားသည့် ဟင်းရည်ပန်းကန်ကို ကမ်းပေးရင်း နှာခေါင်းရှုံ့သည်။
"ဘယ်လိုနေသေးလဲ။ မင်း အလုပ်လုပ်နိုင်ပြီလား။"
ဖဲလ်လစ်ထံမှ ဖြေသံမကြားရ။ ပဲပျစ်ပျစ်ရောထားသော ဟင်းရည်ကို တစ်ဇွန်းပြီးတစ်ဇွန်းခပ်ကာ ခေါင်းမဖော်တမ်း စားနေသည်။ အားလုံးပြောင်စင်သွားမှ ကြေးပန်းကန်ကို အဘိုးအိုကို ပြန်ကမ်းပေးရင်း လက်ဖမိုးဖြင့် နှုတ်ခမ်းကို ဖိသုတ်သည်။ ဒါပေမဲ့ အဘိုးအိုသည် ဖဲလ်လစ်ကမ်းပေးသော ပန်းကန်ကို ပြန်မယူ။
"ဟေ့ကောင်လေး။ မင်းကို ဒီမှာ အပန်းဖြေခရီးထွက်ဖို့ ဖိတ်ထားတာ မဟုတ်ဘူး။ နေကောင်းပြီလား။ ကောင်းပြီဆိုရင် အောက်ဆင်းပြီး အလုပ်ကူလုပ်။ ဒါပဲ။"
"လမ်းလျှောက်လို့တောင် မရသေးဘူးဗျ။ ဘာမှမလုပ်နိုင်ဘူး။"
ဒေါသသံနှင့် ပြန်အော်သောကြောင့် အဘိုးအို မျက်လုံးပြူးသွားသည်။ ထို့နောက်မှာတော့ တဖြည်းဖြည်း မျက်နှာကြီး မည်းလာသည်။ သူ့ရှေ့မှ ဖဲလ်လစ်ကို လက်ညှိုးဖြင့် ထိုးရင်း ပါးစပ်မှာ ဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် အသံတော်တော်နှင့် ထွက်မလာ။
"မင်း.. မင်း.. မင်းကိုယ်မင်း ဘာမှတ်နေလဲ။ ဟင်။ ငါတို့အရှင်က သဘောကောင်းတိုင်း.."
"သူ ကျွန်တော့်ကို တစ်ခါတည်း သတ်ပစ်ရမှာ။"
အေးစက်စက်အသံက ဒေါသကိုထိန်းထားပြီး ပြောနေရသလို။ အဘိုးအို ပိုအံ့သြသွားသည်။
"ဘာပြောတယ်။"
"ဟုတ်တယ်။ သူ ကျွန်တော့်ကို သတ်ပစ်ရမှာ။ ကျွန်တော် အခုအချိန်ဆို သေနေရမှာ။ ကျွန်တော်သေသွားရင် အားလုံးပြီးသွားပြီ။ ဘာလို့ မသတ်တာလဲ။ ဘာလို့ ဆက်ပြီး အသက်ရှင်ခိုင်းထားတာလဲ။ အဘရဲ့ အရှင်ဆိုတာကြီးက သဘောကောင်းတာမဟုတ်ဘူး။ အသုံးမကျတာ။"
စကားဆုံးသည်နှင့် ဒေါသတကြီးဖြင့် လက်ထဲမှပန်းကန်ကို ပစ်ပေါက်လိုက်သည်။ ကြေးပန်ကန်လုံးမှာ နံရံနှင့် အရှိန်ပြင်းစွာ တိုက်မိသွားပြီး ချွင်ခနဲမြည်ကာ ပြန်ကန်ထွက်ကာ ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေးကျသွားသည်။ အဘိုးအို အဲလ်ဇီယိုမှာ တော်ရုံတန်ရုံ သွေးလန့်တတ်သူ မဟုတ်ပါ။ ဒါပေမဲ့ ဖဲလ်လစ်ထံမှ အပြုအမူကို လုံးဝ မမျှော်လင့်ထားသောကြောင့် ပါးစပ်ကြီးဟကာ ငေးကြောင်ကြောင် ဖြစ်နေသည်။ ကျိုးနေသော သွားပေါက်မှ တရှူးရှူးလေတွေထွက်နေတာကိုတောင် သတိမထားမိ။
"မင်း.. မင်းက အရှင့်ကို စော်ကားတယ် ဟုတ်လား။"
"မှန်တာပြောတာ အဘ။ အဲ့ဒီ့လူက အသုံးမကျတဲ့ အရှင်။ အလကားလူ။"
ဖဲလ်လစ် ဒေါသသံနှင့် ထပ်ပြောရင်း ခုတင်ပေါ် ပြန်လှဲချလိုက်သည်။ ဒီတစ်ခါတော့ ခါးမှဒဏ်ရာက စူးခနဲနာကျင်သွားသောကြောင့်လားမသိ။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားကာ လက်တစ်ဖက် ဒဏ်ရာရှိရာ အုပ်ကိုင်ထားသည်။ ဘာစကားမှ ထပ်မပြောတော့။
"မင်း.. မင်း.. မင်း.. သူခိုးလိုကောင်.. အရိုင်းအစိုင်းကျွန်.. မင်း ကောင်းကောင်းမသက်သာသေးလို့ ငါ လွှတ်ပေးထားတယ်မှတ်။ မင်းနေကောင်းတာနဲ့ ငါကိုယ်တိုင် မင်းကိုသတ်မယ်။ ခွေးလေး။ ကျေးဇူးမသိတတ်တဲ့ကောင်။ ကျွန်ထဲမှာတောင်မှ မင်းဟာ ပြည့်တန်ဆာကျွန်ပဲဖြစ်ဖို့ကောင်းတဲ့ကောင်။ ငါ မင်းကို သော့ခတ်ထားမယ် ဟေ့ကောင်လေး။ အငတ်ထားမယ်။"
အဘိုးအိုမှာ ဒေါသကြောင့် ခုန်ဆွခုန်ဆွပင် ဖြစ်နေပြီဖြစ်သည်။ သူ့တစ်သက်တွင် အရှင်လုလိယက်စ်ကို ဒီလိုစော်ကားဖူးသူ တစ်ယောက်မှ မရှိခဲ့။ ဒေါသကြောင့် တစ်ကိုယ်လုံးထူပူကာ သူ့ရှေ့မှ ဖဲလ်လစ်ကို ကန်ကျောက်ပစ်ချင်လာသည်။ နုတ်နုတ်စဉ်းချင်လာသည်။ ဒဏ်ရာတွေအပြီးမပျောက်သေးဆိုသည့် အသိကြောင့်သာ ဘာမှမလုပ်ဖြစ်။
"မင်း ငတ်သေဖို့သာပြင်ထား ဖဲလ်လစ်။ ငါ မင်းကို အခန်းပိတ်ထားမယ်။"
ဖဲလ်လစ်က အဘိုးအို၏စကားကို အသိအမှတ်ပင် မပြုသလို လုံးလုံးလှည့်မကြည့်။ အံကြိတ်ကာ ဒေါသကိုထိန်းထားရသလို မျက်နှာသေနှင့် မျက်နှာကြက်ကိုသာ စိုက်ကြည့်နေသည်။ အဘိုးအို ဆဲနည်းမျိုးစုံဖြင့် ဆဲကာ အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ အပြင်ရောက်တာနှင့် အခန်းတံခါးကို ဆွဲပိတ်ကာ ခါးမှာချိတ်ထားသောသော့နှင့် လှည့်ခတ်လိုက်သည်။ ဒေါသကြောင့် နောက်တစ်ကြိမ် ထပ်ဆဲအပြီး လှည့်ထွက်ဖို့အပြင်တွင် အဘိုးအို၏ မျက်လုံးများမှာ ပေါက်ကွဲတော့မတတ်ပြူးကျယ်သွားသည်။
"အ..အ...ရှင်.."
လုလိယက်စ်သည် တံခါးဘေး နံရံကိုမှီကာရပ်နေသည်။ အဘိုးအိုကို အသံမထွက်ရန် လက်ညှိုးနှင့်လက်ခလယ်နှစ်ခုပူးကာ နှုတ်ခမ်းနားသို့ တိုးကပ်ဖိရင်း အချက်ပြသည်။ နှုတ်ခမ်းများသည် ပြုံးချင်သယောင်ယောင်..
လှည့်ထွက်သွားသော လုလိယက်စ်နောက်မှ အဘိုးအိုလိုက်လာခဲ့သည်။ ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ။ သူနှင့်ဖဲလ်လစ်၏ စကားသံများကို ကြားမှာ သေချာသည်။ ဒီလောက် အော်ကြီးဟစ်ကျယ်ပြောနေခဲ့သည်မှာ မကြားစရာမရှိ။ ဒီနေရာသည် ကျွန်အစေခံများ၏ တန်းလျားဖြစ်သည်။ ဒုတိယထပ်တွင်ရှိသည်။ လုလိယက်စ် ဘယ်တုန်းကမှ မလာဖူးခဲ့။ လာခဲ့လိမ့်မည်ဟုလည်း အဘိုးအို မထင်ထားခဲ့။ အခန်းအောက်ထပ်ဆင်းသော လှေကားနားရောက်မှ လုလိယက်စ် ခြေလှမ်းရပ်သည်။ သူ့လက်ထဲမှ ဖန်ပုလင်းငယ်ကို ကမ်းပေးသည်။ ဆီနှင့်ဆေးရောထားသည့် ဆေးပုလင်းငယ်။ ဖဲလ်လစ် ဒဏ်ရာအတွက်ဖြစ်ကြောင်း နားလည်ရတော့ အဘိုးအို မျက်လုံးတွေ စပ်လာသည်။
"သူ ဘယ်လိုနေသေးလဲ အဘ။"
"အရှင် ကြားတယ် မဟုတ်လား။ ဒီကောင်လေး မသေနိုင်တာ သေချာတယ်။"
သူ့စကားသံထဲမှ ဒေါသသံကို ကြားလို့လားမသိ။ ပြုံးရုံပြုံးကာ ပုလင်းကို သူ့ရှေ့ထပ်တိုးပေးသည်။ အဘိုးအို သက်ပြင်းချရင်း ကမ်းပေးနေသည့် ဆေးပုလင်းကိုယူလိုက်ရသည်။ လုလိယက်စ်သည် ဖဲလ်လစ်အတွက် သမားတော်ကို လွှတ်ပေးရုံမက အကောင်းဆုံးဆေးဝါးများဖြင့် ကုသစေသည်။ ဟိုကောင်လေးကတော့ ကျေးဇူးတင်ရမှန်းပင် နားမလည်။ သူကတော့ ပြောလိမ့်မည်။ ဒဏ်ရာတွေက အရှင်ပေးခဲ့တာဟူ၍။ သူသာ တိုက်ခိုက်တတ်ကြောင်း အမှန်ကို စောစောစီးစီးဝန်ခံလျှင်၊ သခင်လေးအားရီးယူးစ် ဓါးဝှေ့ပြရုံနှင့် မြေကြီးပေါ် ပစ်လှဲချ မပြနေလျှင် အရှင်လုလိယက်စ်သည်လည်း သူ့ကို လက်ဖျားနှင့်ပင် ထိလိမ့်မည်မဟုတ်။ ဒါကို အဘိုးအိုသိသည်။ လုလိယက်စ်လို နှစ်ရှည်လများ စစ်မြေပြင်မှာ အမိန့်ပေးအုပ်ချုပ်ခဲ့သည့် ခေါင်းဆောင်တစ်ယောက်ကို လှည့်စားချင်သည့် ဒီကောင်လေးအပြစ်သာ။ အခုတော့ သူကပင် လုလိယက်စ်ကို စော်ကားလိုက်သေးသည်။ အဘိုးအိုက မကျေနပ်သလောက် လုလိယက်စ်ကတော့ ဖဲလ်လစ်ကို ဒေါသထွက်ပုံပင်မရှိ။ အခုအချိန်အထိ ပြုံးချင်ချင်ဖြစ်နေသည်။
"အရှင်.. ဘာကို သဘောကျနေတာလဲ။"
အဘိုးအို သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးဖြစ်သည်။ မကြာသေးခင်က ပြောခဲ့သော ဖဲလ်လစ်၏ စကားများတွင် အရှင်လုလိယက်စ် သဘောကျစရာအကြောင်း ဘာမှမရှိ။
"သူက ကျွန်တော့်ကြောင့် ဒဏ်ရာရတာကို စိတ်မဆိုးဘဲ ကျွန်တော့်ကြောင့် မသေသေးတာကို စိတ်ဆိုးနေလို့ ကျွန်တော် ရယ်ချင်နေတာ အဘ။"
လုလိယက်စ်သည် အပေါ်ထပ်ရှိရာ လှမ်းကြည့်ရင်း ပြုံးသည်။ ထို့နောက် အဘိုးအို၏ပခုံးကို တစ်ချက်လှမ်းပုတ်သည်။
"အခန်းပိတ်ထားမယ်ဆိုလည်း အဘသဘောပါ။ ဒါပေမဲ့ အငတ်တော့ မထားပါနဲ့ အဘရာ။ သူ့အစား ကျွန်တော်ကပဲ တောင်းပန်ပါတယ်။ ဟုတ်လား။"
ရယ်စရာလိုသဘောထားကာ ခပ်ပေါ့ပေါ့ပြောရင်း ကျောခိုင်းထွက်သွားသည်။ ခြေလှမ်း သုံးလေးလှမ်း လှမ်းပြီးမှ ရပ်သွားကာ အဘိုးအိုရှိရာ ပြန်လှည့်ကြည့်သည်။ အမြဲတည်နေတတ်သော နှုတ်ခမ်းများသည် ပြုံးသည့်အချိန်တွင် ပိုပြီး လှနေတတ်သည်။ ခပ်ကားကား နားရွက်ထိပ်ဖျားသည် နီလာသည်။ နှုတ်ခမ်းများကို လက်ညှိုးနှင့်ထိပြီး ရှက်ရယ် ရယ်လိုက်သည်။
"သူ ကျွန်တော့်ကို ရှက်နေတာ မဟုတ်လား။ ဟား.. တကယ့်ကောင်လေးဗျာ။"
မေးခွန်းကိုမေးပေမယ့် အဖြေကို မစောင့်ဘဲ လှည့်ထွက်သွားပြန်သည်။ ခေါင်းကိုခါပြီး ရယ်လိုက်သေးသည်။ ရင်ထဲမှလာသည့် ဒီလိုရယ်သံမျိုးကို အရှင်သခင်ဖြစ်သူထံမှ မကြားခဲ့ရသည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာ အဘိုးအို မမှတ်မိတော့။
ဖဲလ်လစ်သည် လုလိယက်စ်ကို အသုံးမကျသည့် အလကားလူဟု ပြောခဲ့တာ မဟုတ်ဘူးလား။ ဒေါသကြီးကာ မာထန်နေခဲ့တာ။ ရှက်သည့်ဟန်ပန်လည်းမရှိ။ ကြောက်ရွံ့ကာ ရှိန်းတိန်းနေသည်လည်းမဟုတ်။ ပန်းကန်နှင့်ပစ်ပေါက်သည်မှာ ကံကောင်းလို့ ဒဏ်ရာမရခဲ့တာဖြစ်သည်။ ဒါကို ဘယ်လိုကနေဘယ်လို ဒီလိုကောက်ချက်ချသွားသည်ကို အဘိုးအို စဉ်းစားမရဘဲ ဆေးပုလင်းငယ်ကိုကိုင်ကာ ခပ်ငိုင်ငိုင် ကျန်ခဲ့သည်။
...................