ရင်သပ်ရှုမောဖို့ကောင်းတဲ့ စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေ။ ဘောဂ၀တီပြည်ကနဂါးမနဲ့ ဆေးမြစ်ရှာတဲ့ ဝိဇ္ဇာဓိုရ်တို့ရဲ့ ဇာတ်လမ်းတွေ။
ဒီဒေသဟာ ဒဏ္ဍာရီလာ သမိုင်းကြောင်းတို့နဲ့ လွမ်းဆွတ်စရာကောင်းလိုက်တာများ။
ထီးနန်းစည်းစိမ်ကို အလိုမရှ်ိပဲ ရသေ့ရဟန်းပြုကြတဲ့ ရသေ့ညီနောင်နှစ်ပါးဟာ တနေရာစီမှာ သီတင်းသုံးရင်း ကိစ္စကြီးငယ်တစုံတရာရှိရင် မီးနဲ့အချက်ပြလေ့ရှိတယ်တဲ့။
ရွေ့လျားနေတဲ့ အပြာရောင်Cable Carတန်းကို ငေးမောကြည့်ရင်း ငယ်စဉ်ကထဲက ရင်းနှီးခဲ့ရတဲ့ အကြောင်းအရာတို့ကို ပြန်တွေးမိသည်။
အတူစီးပေးမဲ့သူလဲ မရှိသလို၊ သူစိမ်းတွေနဲ့ စီးနင်းရမှာလဲ ၀န်လေးတာကြောင့် Cable Carအဆောက်အဦးရဲ့ ဘေးနားကနေ ငေးကြည့်ယုံသာ တက်နိုင်လေ၏။
လာတုန်းကတော့ တယောက်ထဲလဲ ဘာဖြစ်လဲ Cableစီးမယ်ဆိုပြီး အားတင်းလာခဲ့ပြီးမှ Cableတွေ မြင်လိုက်ရတော့ မစီးချင်တော့ဘူး။ စိတ်ကိုက ရူးတောတော ပေါကြောင်ကြောင်နဲ့။
တောင်တက်ကားတွေဆီက စက်သံ၊ တောင်အောက်ဆင်းမဲ့ကားကို စောင့်နေကြတဲ့ လူတွေရဲ့ဆူညံသံတွေနဲ့ ပတ်၀န်းကျင်ဂာ စည်ကားနေ၏။
ခါးပိုက်နှိုက်လဲ ကြောက်ရသေးတာကြောင့် ပိုက်ဆံအိတ်ကို ဂရုစိုက်ပြီး ဘုရားရင်ပြင်ပေါ် ပြန်တက်ဖို့ပြင်ရသည်။
တောင်တက်ခရီးကိုတော့ ကားနဲ့တက်ခဲ့ရပေမယ့် အပြန်ကိုတော့ မီးတုတ်လေးကိုင်ပြီး ခြေလျင်ဆင်းမည်ဟု ဆုံးဖြတ်ထားသည်။
လမ်းဘေးဝဲယာတစ်လျှောက်လုံးမှာ
တွေ့နေရတဲ့ ဈေးသည်တွေ၊ အထမ်းသမားရဲ့ ဘေးကပ်ခိုင်းတဲ့အသံတွေ၊ ကလေးတွေလူစုကွဲမှာစိုးလို့ အော်ဟစ်နေကြတဲ့ အသံတွေ။
ဒီအသံတွေ၊ ဒီပတ်၀န်းကျင်၊ ဒီမြင်ကွင်းတွေဟာ သူ(မ)အတွက် ဘယ်တုန်းကမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ဘူး။ ပူပန်သောကမရှိခဲ့တဲ့ ကလေးဘ၀ကို ပြန်ရောက်သွားသလိုပါပဲ။
တယောက်ထဲဆိုပေမဲ့ ဖရဲသီး၀ယ်စားလိုက်။ မုန့်လက်ဆောင်း၀င်သောက်လိုက်။ selfieရိုက်လိုက်နဲ့ပဲ လှေကားထစ်တွေကို မမောမပန်း ကျော်ဖြတ်လာလိုက်သည်။
လူရှင်းတဲ့နေရာရယ်လို့ မရှိပေမယ့် လူသိပ်မရှုပ်တဲ့နေရာမှာ ခဏရပ်ရင်း ဓာတ်ပုံလှလှလေး ရိုက်ပေးမဲ့သူရှိရင် ကောင်းမယ်တွေးမိ၏။
နှစ်ကိုယ့်တစိိတ်ဖြစ်နေတဲ့ လူအချို့ကို တွေ့လိုက်ရတာကိုး...။
အဲဒီအချိန်မှာပဲ ရုတ်တရက် ကြားလိုက်ရတဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ချိုမြမြအသံကြောင့် ကြက်သီးထသွားရ၏။
" ဓာတ်ပုံ.. ရိုက်ပေးရမလား... "
တချို့က လူတစ်ယောက်ကိုတွေ့ရင် ခြေထောက်က စကြည့်တယ်တဲ့။ သူ(မ)ကတော့ မျက်လုံးက။ တက်ိုယ်လုံး ပြုပြင်လို့ရရင်တောင် မပြောင်းလဲတာကတော့ မျက်လုံးမလား။
(မျက်လုံးပါ ပြောင်းလို့ရရင်တော့ ခက်ပြီ)
သူ့မျက်လုံးတွေ...။
ဘယ်နေရာမှာ ပြန်တွေ့တွေ့ မှတ်မိနိုင်မယ်ထင်တဲ့ တောက်ပလွန်းတဲ့ မျက်၀န်းညိုတွေ။ ပြီးတော့ မျက်တောင်ရှည်တို့က မိန်းကလေးကပင် အားကျချင်စရာ။
" ဟင်.. ရိုက်ပေးရမလား... "
သူနဲ့ အကြည့်ချင်းဆုံသွားတော့ ရှက်ကိုးရှက်ကန်းနဲ့ပဲ မျက်လွှာချလိုက်သည်။ ဘယ်နှယ့် သူများမျက်နှာကို အားမနာတမ်းကြည့်မိရတယ်လို့...။
" ရှင်.. နေပါစေ.. ရပါတယ်... "
" ကျနော်.. ဘုရားပေါ်မှာ ဓာတ်ပုံလိုက်ရိုက်ပေးတဲ့ ဓာတ်ပုံဆရာ မဟုတ်ပါဘူး... "
သု့လည်ပင်းမှာ လွယ်ထားတဲ့ Cameraကို တချက်ငုံကြည့်ပြီး သူ့လည်ပင်းသူ ပွတ်သပ်ရင်း ပြောလာသည်။
" ဟို.. ဆယ့်ငါးမိနစ်အမြန်တို့ နာရီ၀က်အမြန်တို့ အဲ့လိုမျိုးလဲ မဟုတ်ပါဘူး.. အဲ ကင်မရာက ကျနော်လဲ ဓာတ်ပုံရိုက် ဝါသနာပါလို့ပါ... "
" ကျေးဇူးတင်ပါတယ်.. ဒါမဲ့ မရိုက်တော့ပါဘူး... "
" ဟိုးဘက်မှာ ဘုရား.. ဒီဘက်မှာ တောင်တန်းတွေနဲ့ အရမ်းလှတဲ့ ရှုခင်းကို ခင်ဗျားက လက်လွှတ်ခံချင်တယ်ပေါ့... "
တခါမှ မတွေ့ဘူး မသိဘူးတဲ့ ယောက်ျားတယောက်က ဓာတ်ပုံရိုက်ပေးမယ် ဆိုတော့ ခေါင်းထဲမှာ မလုပ်သင့်ဘူး၊ လက်မခံသင့်ဘူး၊ မရိုက်သင့်ဘူး၊ ဘာလို့ ရပ်ပြီး စကားပြောနေတာလဲ သွားတော့ ဆိုတဲ့ alarmတွေ မြည်နေ၏။
မြည်နေပေမယ့်လဲ... ။
သူ(မ)မျက်လုံးတွေကို သေချာစိုက်ကြည့်လာတဲ့ သူ့မျက်လုံးတွေက...။
ဟုတ်တာပေါ့... ခုနလေးကတင်ပဲ ဓာတ်ပုံရိုက်ပေးမဲ့ တစုံတယောက်ကို မျှော်လင့်နေတာ မဟုတ်လား။
ဒါပေမယ့်လဲ...။
" ဟို ရိုက်ချင်ပါတယ် တော်ပြီရှင့်.. ကျေးဇူးတင်ပါတယ်... "
" ဘာလဲ ခင်ဗျားဖုန်းကို လုပြေးမှာ စိုးရိမ်လို့လို့လား... "
ပုခုံးထက်မှာ ဘေးတစောင်းလွယ်ထားတဲ့ ပိုက်ဆံအိတ်နဲ့ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တော့ သူက ရယ်ကျဲကျဲနဲ့ မေးလာသည်။
" ပြောလို့ရမလား.. လုချင်လဲ လုပြေးမှာပေါ့... "
" ကဲ ရော့.. ကျနော့် ကင်မရာရော ဖုန်းရော ပိုက်ဆံအိတ်ရော ယူထား.. ကျနော်က ဒီလောက်လှတဲ့ ရှုခင်းထဲမှာ ခင်ဗျားကို မှတ်တမ်းတင်ထားချင်လို့ပါဗျ... "
ပြောရင်းဆိုရင်းပဲ သူ့မှာပါလာသမျှ ပစ္စည်းအကုန်ကို သူ(မ)လက်ထဲ အတင်းထည့်ပေးလာသည်။
မတွေးနဲ့ ဘာမှမတွေးနဲ့။ မြင်မြင်ချင်းအချစ်တို့ Love at first sightတို့ ဘာတို့ မရှိဘူး။ အော် မတွေးပါနဲ့ဆို စိတ်ညစ်ပါတယ်နော်။
" ကျွန်မ poseမပေးတက်ဘူးရှင့်.. ဓာတ်ပုံစားတဲ့ထဲမှာ ကျွန်မပါဘူး.. ဘယ်လောက် ကင်မရာမန်းတော်တော် ဓာတ်ပုံရိုက်ရင် အချိုးကျကျ ပုံလှလှ ထွက်လာတဲ့သူ မဟုတ်ဘူး... "
စူပုတ်ပုတ်နဲ့ ပြောမိတော့ အရှေ့က သူစိမ်းယောက်ျားက ပခုံးတွေ လှုပ်လာတဲ့အထိ ရယ်မောနေသည်။
" ကြာပါတယ်ဗျာ.. ကျနော့်ဖုန်းနဲ့ အရင် ရိုက်ပေးမယ်.. မလှဘူးဆို ကြိုက်သလိုပြော သွား.. သွား.. အဲ့တန်းလေးနား သွား အဆင်ပြေသလိုနေ... "
" မနေတက်ဘူး.. ဘွဲ့ယူတုန်းက ဘွဲ့ခန်းမရှေ့ဓာတ်ပုံရိုက်တာကို.. ဓာတ်ပုံဆရာက ညီမလေး တစ်ခါမှ ဓာတ်ပုံမရိုက်ဖူးဘူးလား မေးခံရတာပါဆို... "
ဘာအတွက်နဲ့များ ပထမဆုံးမြင်ဘူး တွေ့ဘူးတဲ့ ယောက်ျားကို Dark Sideတွေ ပြောနေရတာလဲ...။
" ကဲ.. အဲ့နားမှာပဲ မတ်တပ်လေးရပ်နေပေး.. ဘယ်လိုနေရမယ်ဆိုတာ ကျနော်ပြောပေးပါ့မယ်..."
စိတ်မရှည်တော့ဘူးထင်သည်။ ဟင်း... ။
သူ ပြောသလိုလေးနေလိုက်ပြီး ပေါ့ပေါ့ပါးပါးပြုံးရယ်လိုက်သည်။
" ကြည့်ကြည့်ပါဦး.. အဲ့ဓာတ်ပုံဆရာက အမြင်မရှိလို့နေမှာ အဆင်ပြေပါတယ် ခင်ဗျားလား poseမပေးတက်တာ... "
" အာ.. ကျွန်မကို ကူးပေး.. ရှင်နော် ကျွန်မဓာတ်ပုံတွေ Social Mediaမှာ လျှောက်မတင်နဲ့နော်... "
" မတင်ပါဘူး ခင်ဗျားမှ မလှပဲနဲ့... "
" အာ ဖုန်းအားမရှိတော့ဘူး 1%တဲ့.. သွားပြီ သွားပြီ ပိတ်သွားပြီ... "
စိတ်ညစ်တော့တာပဲ၊ ဖုန်းအားက တခါသွင်း တထောင်ကို။ Power Bankကလဲ ကျန်ခဲ့တယ်။
" လာ.. သွားမယ် လမ်းလျှောက်ရင်းနဲ့ ပြောကြတာပေါ့.. ဘယ်နေ့ပြန်မှာလဲ.. ကျနော်က သဘက်ခါမှ ခင်ဗျားကရော... "
" မနက်ဖြန် မနက်အစောကြီး လေးနာရီလောက်ထပြန်မှာ.. ကျမ အခုဖုန်းအားသွားသွင်းလိုက်မယ်.. ညပိုင်းအားတယ်မလား.. အခု ညနေလေးနာရီခွဲပြီ ရှင်ဘယ်မှာတည်းတာလဲဟင်.. ခုနှစ်နာရီထိုးရင် ကျွန်မ ရှင့်ဆီလာခဲ့မယ်လေ"
သူ(မ)ရဲ့ တရစပ်ပြောစကားကို ခေါင်းညိတ်နားထောင်နေတဲ့သူရဲ့ မျက်၀န်းတို့ကလဲ အပြုံးရိပ်တို့နဲ့။
" ခုနှစ်နာရီထိုးရင် ဒီရွှေဆိုင်းရောင်းတဲ့နားမှာတွေ့မယ်လေ.. အာ Messengerကပို့ရင် ရတယ်လေ.. အဲ့ကပဲ ပို့လိုက်မယ်.. ဒါမှမဟုတ် Viberကဖြစ်ဖြစ်... "
" ဟင့်အင်း မပို့နဲ့.. ပုံတွေက မကြည်တော့ပဲ ဝါးနေမှာပေါ့.. ခုနှစ်နာရီထိုးရင် တွေ့မယ် သွားပြီနော် ဆက်ဆက်လာခဲ့မယ် ဘိုင့်ဘိုင်... "
လက်ပြနှုတ်ဆက်လိုက်ပြီး လူအုပ်ကြားထဲ တိုး၀င်သွားလိုက်သည်။ ခပ်ဝေးဝေးအရောက်မှာပဲ မသိစိတ်က နှိုးဆော်နေတာကြောင့် အနောက်မှာ ကျန်နေခဲ့တဲ့ သူ့ကို လှည့်ကြည့်လိုက်သည်။
ဘုရားရင်ပြင်ပေါ်မှာ ခြေချစရာနေရာမရှိရအောင် လူတွေရှုပ်ထွေးနေပေမယ့် သူတယောက်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရသည်။ ခုနက နေရာကနေ တဖဝါးမကွာသေးတဲ့ သူက သူ့ကို လှည့်ကြည့်တဲ့ သူ(မ)ကို လက်လှမ်းပြလာသည်။
လေအေးတချက် တိုးဝေ့တိုက်ခတ်သွားပေမဲ့လဲ တကိုယ်လုံးပူနွေးနေတဲ့ ခံစားချက်က ဘာကြောင့်လဲ။ သူ့ကြောင့်လား...။
:
:
:
ကိုကို့ကို စတွေ့တဲ့ကနေ့ထဲက မကောင်းတဲ့သူ။ ကျွန်မအပေါ်ကို လိမ်လည်လှည့်ဖျားမဲ့သူ မဟုတ်ဘူးဆိုတာ ခံစားမိခဲ့ပါတယ်။
.
မင်းကို စတွေ့ခဲ့တာ January 1ရက်နေ့။
လူတွေအများကြီးနဲ့ ဆူညံသံတွေရှိတဲ့ ပတ်၀န်းကျင်ဟာ ကိုယ်အတွက် အဆင်မပြေပေမဲ့ မင်းကတော့ အဲ့ဒီအသံတွေကို မကြားသလိုနဲ့ လူတွေကြားမှာ ပျော်ရွှင်နေတယ်လေ။ မင်းက မသိခဲ့ပေမဲ့ အဲ့ဒီချိန်ကစပြီး မင်းဟာ ကိုယ့်ဘ၀ထဲကို တိတ်တဆိတ် ၀င်ရောက်လာခဲ့ပြီ...။ ရှေ့ဆက် ဘာလုပ်ရမှန်းမသိပဲ မှောင်မိုက်နေတဲ့ ကိုယ့်ကမ္ဘာကို အလင်းပေးလာတဲ့ ပိုးစုန်းကြူးလေးတကောင်ပေါ့...။
--____--
💚 Thanks For Reading 💚
(14.3.2020)