သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၂၀၆
ရီယွမ် တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ရန် အခွင့်အရေးမရရှိစဉ်ကတည်းက တိုင်အီနိုင်ငံရှိ ထိပ်သီးသိုင်းကျမ်းများက ဘယ်လိုပုံစံလဲဆိုတာ အလွန်သိချင်နေမိသည် ။ ယနေ့တွင်တော့ ထိုသိုင်းကျမ်းများက ဘယ်လိုလဲဆိုတာ သူသိနိုင်ပြီ ဖြစ်၏ ။
ရီယွမ်က တိုင်အီဝိညာဉ်ကျင့်၏ ပထမအဆင့်ကို မြင်လိုက်ရကတည်းက အလွန်အံ့သြသင့်သွားမိသည် ။ ထိုသိုင်းကျမ်းတွင် နိယာမများ ၊ ပုံသေနည်းများနှင့် စည်းမျဉ်းစည်းကမ်းအချို့ပါဝင်ပြီး ရုပ်ပုံကားချပ်တစ်ခုနှင့်ပင် တူနေသေးသည် ။
ထိုပန်းချီကားက တိုင်အီဝိညာဉ်ကျင့်စဉ် ပထမအဆင့်၏ အဓိက အကြောင်းအရာတစ်ခု ဖြစ်သည် ။
ရီယွမ် ယိုင်လဲကျမတတ် ဖြစ်သွားသည် ။ သူက ထိုသိုင်းကျမ်းတစ်ခုလုံးကို စာများဖြင့် ပြည့်နှက်နေမည်ဟု ကြိုထင်ထားခဲ့သည် ။ အဆင့်မြင့်သိုင်းကျမ်းများ ဖြစ်လေ … ခက်ခဲနက်နဲသော ကျင့်စဉ်စာသားများ ပါဝင်လေပဲဟု သူတွေးထင်ထားခဲ့သည် ။
ယခုအခါတွင် ထိပန်းချီကားတစ်ခုက တိုင်အီ ဝိညာဉ်ကျင့်စဉ်၏ ပထမအဆင့်တဲ့လား …
ထိုပန်းချီကား နေလုံးကြီး တစ်ခု၏ ပုံဖြစ်သည် ။ ရီယွမ်က ထိုပန်းချီကားကို ကြည့်ရင်း ထူးဆန်းသလို ခံစားနေရသည် ။ ထိုနေလုံးကြီးက ပန်းချီကား တစ်ခုသာဖြစ်သော်လည်း ကောင်းကင်ထက်ရှိ တကယ့်နေလုံးကြီးပမာ အလျှံငြီးငြီး တောက်လောင်နေသည်ဟု သူခံစားနေရသည် ။
အဲဒီ ပန်းချီကား …
ရီယွမ်က အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည် ။ ထိုပန်းချီကားကို ဆွဲခဲ့သည့်လူက ထူးဆန်းသည့် နည်းလမ်း တစ်မျိုးမျိုး အသုံးပြုခဲ့ရမည်ဟု သူထင်သည် ။ ပန်းချီကား၏ စုတ်ချက်တိုင်းက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် သဘောတရားများ ပေါင်းစပ်ပါဝင်နေလေ၏ ။
အင်း တိုင်အီဝိညာဉ် ကျင့်စဉ်က အဲဒီလောက်ထိ ဈေးကြီးနေတာ အံ့သြစရာ မရှိဘူးပဲ …. ဒီ ကျောက်စိမ်း ပြားလေးက ဒီလောက်အထိ တန်ဖိုးကြီးတယ်ဆိုတော့ ဘယ်သူမှလည်း ကူးပေးမှာ မဟုတ်ဘူးပဲ …
တိုင်အီ နတ်ဘုရားမြို့တော်တွင် တိုင်အီဝိညာဉ်ကျင့်စဉ်၏ မိတ္တူများ အနည်းငယ်သာရှိကြပြီး ထိုမိတ္တူများကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ပြိုင်ဘက်ကင်း ဆာဂီများက ရေးဆွဲထားခဲ့ကြသည် ။ ဆာဂီများထဲမှ အတော်ဆုံး ဆာဂီများသာ ထိုကဲ့သို့ ရေးဆွဲနိုင်လိမ့်မည် ဖြစ်သည် ။ တိုင်အီမြို့တော်ရှိ ယခုလက်ရှိ ဆာဂီများသည်ပင် ထိုကဲ့သို့ ရေးဆွဲနိုင်ရန် မလွယ်ကူပေ ။
ရီယွမ်က လှိုက်ခနဲ ပျော်သွားမိသည်။ တိုင်အီမြို့တော်က တိုင်အီဝိညာဉ်ကျင့်စဉ်ကို အကြောင်းပြချက် နှစ်ခုကြောင့် တင်းကျပ်စွာ တားမြစ်ထားသည်။ ပထမအချက်က တိုင်အီဝိညာဉ်ကျင့်စဉ်က တိုင်အီနိုင်ငံတော်၏ ပင်မထောက်တိုင်ကြီး တစ်ခု ဖြစ်သလို အပြင်သို့လဲ လွယ်လွယ်ကူကူ ပျံ့နှံ့သွားခွင့် မပေးနိုင်ချေ ။ ဒုတိယ အချက်အနေဖြင့် တိုင်အီဝိညာဉ်ကျင့်စဉ်၏ မူရင်းနှင့် မိတ္တူကျောက်စိမ်းစာလိပ်များက အနည်းငယ်သာ ရှိသည် ။
လူတော်များထဲမှ အတော်ဆုံး လူများသည်သာ တိုင်အီဝိညာဉ်ကျင့်စဉ်ကို သင်ယူခွင့်ရနိုင်သည် ။
ရီယွမ်က ထိုရုပ်ပုံကားချပ်အောက်မှ စာပိုဒ်များကို ဖတ်ရှုလိုက်သည် ။ ထိုစာသားများက တိုင်အီဝိညာဉ်ကျင့်စဉ်၏ စည်းမျဉ်းများပင် ဖြစ်ကြသည်။
ထိုယျေဘုယျ စည်းမျဉ်းများက လေးလုံးစပ် လင်္ကာတွဲများ ဖြစ်ကြပြီး လကာင်္တွဲ ၂၇ ခုရှိရာ စုစုပေါင်း စာလုံး ၁၀၈ လုံး ပါဝင်သည်။
( နရီစက နေခြည်ဖြာကျ
ထန်မြစ်အလှ....
လောကလွှမ်းခြုံ သီရိထုံလည်း
ဖူဆန်းမှသည် သူရိန်ဆယ်စင်း
ထိန်ထိန်လင်းသို့ ကြီးမားရှိန်ဝါ
ကွန်ခြာထွန်းသည့် သခင်ယန်၏
အောင်မြင်ခြင်းတည့်...) Crd ; ဆရာပြည့်ဖြိုးစံ
ထိုစာသားများ၏ အနက်အဓိပ္ပါယ်ကို ရီယွမ်က နားမလည်သော်လည်း ဖတ်ရှုလိုက်သည်နှင့် ထူးဆန်းနက်နဲသည့် ခံစားမှုကို ရရှိလိုက်သည်။ စာသားများ ထောင့်နေခြင်း ထစ်ငေါ့နေခြင်း မရှိပဲ အဆင်ပြေပြေ ရွတ်ဆိုနိုင်ပေသည် ။
ရီယွမ်က ထိုစာသားများကို တစ်ခါတမ်း ဆယ်ကြိမ်ခန့် ထပ်ကာထပ်ကာ ဖတ်ရှုလိုက်သည်။ ပိုပြီးဖြတ်လေ သူ့အတွေးများ ပိုများလာခဲ့လေပင် ဖြစ်သည်။
ထိုစကားလုံးများက ဘဝ၏ အဓိပ္ပါယ်ကို ဖော်ညွှန်းနေသလို ခံစားလိုက်ရသည် ။ စကားလုံးတိုင်းက ဓါးသွားတစ်စင်းလို ထက်မြနေပြီး သိပ်သည်းအားကောင်းသော စိတ်စွမ်းအင်များစွာ ပါဝင်စီးဆင်းနေသည် ။
ထိုစကားလုံးများကို ကောင်းစွာ ရေးဆွဲထားခြင်း ဖြစ်ရမည် ။
ထိုစကားလုံးများက နေမင်းကြီး နှင့်တူသည် ။ စာလုံးများ၏ အရိပ်သည်ပင် နားလည်ရန်အလွန်ခက်ခဲသည့် နက်နဲသည့် သဘောတရားများစွာ ပါဝင်နေပေသည် ။
သေမျိုးနယ်ပယ်ထဲမှ ပန်းချီဆွဲကျွမ်းကျင်ပြီး လက်ရေးလှသူများပင် ထိုကဲ့သို့ သေသပ်လှပပြီး နက်နဲသည့်စာများကို ရေးဆွဲနိုင်ရန် မလွယ်ကူပေ ။
ရီယွမ်က ထိုစာထဲရှိ စည်းမျဉ်းစည်းကမ်းများနှင့် နေဝန်းကြီး၏ ပုံကို ဆက်စပ်မသိနိုင်သေးသော်လည်း ထိုစာများကို ဖတ်ကြည့်လိုက်ရုံနှင့်ပင် သူ၏ သွေးများ နွေးထွေး ဆူပွက်လာသလို ခံစားလိုက်ရသည် ။ ပူနွေးသာ စွမ်းအင်များက သူ၏ ရိုးတွင်းချဉ်ဆီထဲသို့တိုင်အောင် စိမ့်ဝင်စီးဆင်းသွားသည်ဟု ခံစားလိုက်ရသည်။
လက်ရာမြောက်တဲ့ ပန်းချီ ၊ လှပတဲ့လက်ရေးလက်သား ၊ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေနဲ့ စာသားတွေ
ရီယွမ်က ချီးကျူးလိုက်မိသည် ။ တိုင်အီဝိညာဉ်ကျင့်စဉ်က နိုင်ငံတစ်ခုလုံး၏ ပင်မထောက်တိုင်ကြီးတစ်ခု ဖြစ်နေခြင်းက အံ့သြစရာတော့မရှိပေ ။ ရီယွမ် ယခင်က မြင်တွေ့ဖူးသော သိုင်းကျမ်းများနှင့် နှိုင်းယှဉ်လိုက်ပါက ထိုအရာများက လရောင်အောက်မှ ပိုးစုန်းကြူများပမာ မှေးမှိန်သွားရသည် ။
ရီယွမ်က ထိုစာများကို အငမ်းမရ ဖတ်လိုက်ပြီး စာလုံး ၁၀၈ ခုကို နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည် ။
တိုင်အီဝိညာဉ်ကျင့်စဉ်က အလွန်ကျယ်ပြန့်နက်နဲလှသည် ။ ရီယွမ်အနေဖြင့် အများကြီးနားလည်နိုင်ရန် မလွယ်ကူပေ ….
တစ်ရက်ဟူသော အချိန်က မသိလိုက်မသိသာ နှင့် ကုန်ဆုံးသွားခဲ့သည် ။
တိုင်အီဝိညာဉ်ကျင့်စဉ်က အတော် နားလည်ဖို့ ခက်တာပဲ … ငါ့ဘာသာငါ ဖတ်နေလို့ကတော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး … ဆရာတစ်ယောက်တော့လိုတယ် …
ရီယွမ်က ထိုကဲ့သို့ ညဉ်းတွားလိုက်မိသည် ။
တိုင်အီမြို့တော်ထဲတွင် စွမ်းအားကြီးသော လူများစွာ ရှိသည် ။ ထိုလူများက တစ်ခါတစ်လေ သင်တန်းတစ်ချို့ဖွင့်ထားကြသည် ။ ထိုသင်တန်းကြေးအတွက် နဂါးအကြေးခွံများစွာ ပေးသွင်းနိုင်မှသာ အတန်းတက်ခွင့် ရနိုင်ပေလိမ့်မည် ။
အကယ်၍ အလွန်ချမ်းသာပါက ဆာဂီအကြီးအကဲတစ်ယောက်ဆီမှ အကြံအဥာဏ်များကို နဂါးအကြေးခွံဖြင့် လဲလှယ်နိုင်ပေလိမ့်မည် ။
သို့သော် သာမာန်လူများကတော့ ထိုကဲ့သို့ လုပ်ဆောင်ရန် မတတ်နိုင်ကြပေ …. ဆာဂီတစ်ဦးမှ ညွှန်ပြသွန်သင်မှုများက အလွန်ကောင်းမွန်မည် ဖြစ်သော်လည်း ထိုအတွက် နဂါးအကြေးခွံများ သုံးစွဲရမည် ဟူခြင်းက သူတို့အားလုံးကို နောက်တွန့်သွားစေသည် ။
ရီယွမ်က တိုင်အီမြို့တော်သို့ ပြန်လာသည့်အချိန်တွင် မိုးအတော်ချုပ်နေပြီ ဖြစ်၏ ။ ရီယွမ်က ပြသာဒ်တစ်သောင်း လေလံဈေးတန်းထဲရှိ မှော်အစီအရင်ထဲသို့ ဝင်ရောက်သွားလိုက်သည် ။
ထိုမှော်အစီအရင်ထဲတွင် လွန်ခဲ့သော လေးနှစ်တာက တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည့် ပါရမီရှင်များ၏ အမည်များကို မှတ်တမ်းတင်ထားသည် ။
ထို့ပြင် ထိုပါရမီရှင်များအားလုံးက နှယ်နှယ်ရရ မဟုတ်ကြပေ ။ ထိုသူများအားလုံးက ကောင်းကင်သင်ပုန်းနှင့် မြေပြင်သင်ပုန်းတွင် အဆင့်ကောင်းကောင်း ရရှိထားသူများ ဖြစ်ကြသည် ။
ထိုသူထဲမှ တစ်ယောက်ကတော့ ချင်ဟိုတန် … ကောင်းကင်သင်ပုန်း အဆင့် ၁ ၊ မြေပြင်သင်ပုန်း အဆင့် ၁
သို့သော် ထိုသင်ခန်းစာများ ပို့ချနေသည့် အတန်းကို မတက်ရောက်နိုင်သော်လည်း စာသင်ချိန်ကို မှတ်တမ်းတင်ထားသည့် မှော်အစီအရင်ပြားများကို ဝယ်ယူရရှိနိုင်သေးသည်။
ထို့ပြင် ထိုမှတ်တမ်းတင် မှော်အစီအရင်ပြားများက အလွန်ဈေးချိုသည့်အတွက် လွန်ခဲ့သည့် လေးနှစ်အတွင်း အတော်လေး အရောင်းသွက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
တိုင်အီဝိညာဉ်ကျင့်စဉ်ကို မလေ့ကျင့်ကြသည့်လူများသည်ပင် ထိုမှတ်တမ်းတင်မှော်အစီအရင်ပြားများကို သိလိုစိတ်ဖြင့် ဝယ်ယူခဲ့ကြသည်။ သို့သော် သူတို့ မည်သည့်အရာကိုမှ နားမလည်နိုင်ခဲ့ကြပေ ။
တိုင်အီ ဝိညာဉ်ကျင့်စဉ်က လေ့ကျင့်အောင်မြင်ရန်အတွက် ခက်ခဲလွန်းလှသည် ။ သိုင်းကျမ်းစာအုပ်ရှိသူများပင် နားမလည်နိုင်သည့် သိုင်းကျမ်းကို အတန်းထဲတွင် ထိုင်နားထောင်နေခြင်းဖြင့် မည်သူက နားလည်နိုင်ပါလိမ့်မည်နည်း …
လွန်ခဲ့တဲ့လေးနှစ်က သင်ခန်းစာ … ငါကြည့်ပြီးရင်တော့ အနည်းဆုံး တစ်ခုခုတော့ရမှာပဲ ..
ရီယွမ်က ထိုသို့တွေးလိုက်ပြီးနောက် သူလက်ထဲရှိ မှော်အစီအရင်ပြားလေးကို လှမ်းကြည့်လိုက်မိသည် ။
ထိုမှော်အစီအရင်ပြား၏ အလယ်တွင် ပုံရိပ်များ ပေါ်ထွက်လာနေသည် ။ ထိုပုံရိပ်များက ယခင်အတိတ်ကာလမှ မှတ်တမ်း တင်ထားခဲ့သော အဖြစ်အပျက်များပင် ဖြစ်ကြသည် ။ စွန့်ပစ်သားရဲ အရိုးအမြုတေမှ စွမ်းအင်များနှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းကြောင့် နှစ်ပေါင်းရာချီ ကြာမြင့်သည့်အထိ ပုံရိပ်များကို ကောင်းစွာ ထိမ်းသိမ်းထားနိုင်သည် ။
ရီယွမ်က ယွမ်ချီများကို ထိုမှော်အစီအရင်ပြားထဲသို့ ထည့်လိုက်သောအခါ ထွက်ပေါ်လာသော ပုံရိပ်များကို တွေ့လိုက်ရသည် ။
သူပထမဦးဆုံး မြင်လိုက်ရသည်က ဝတ်ရုံအနက်ကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်၏ ပုံရိပ် ..
ထိုလူကြီးက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပြီး သူ့မျက်နှာပေါ်တွင် အမာရွတ်သဏ္ဍာန် အစင်းကြောင်းသုံးကြောင်းကို တွေ့နေရ၏ ။
အဲဒီ လူကြီးပါလား ..
ရီယွမ် အံ့သြသင့်သွားမိသည် ။ ထိုလူကြီးက အရေးပိုင်တရားလူကြီးမင်း ဖြစ်သည်။ အကြီးအကဲဂျန်ဂီဆီသို့ တွေ့ဆုံရန်အတွက် လေ့ကျင့်ရေးကွင်းထဲတွင် သူ့ကို လာခေါ်သော လူကြီး ဖြစ်သည်။
အင်း .. ဒီလူကြီးက တိုင်အီ နတ်ဘုရားမြို့တော်မှာ တော်တော်အစွမ်းထက်တာပဲ … ဆာဂီတွေပြီးရင် သူအတော်ဆုံးလို့ ပြောလို့ရတယ် …
ရီယွမ်က ထိုကဲ့သို့ ညဉ်းတွားလိုက်ပြီး စာသင်နေကြသော ကျောင်းသားများကို ကြည့်လိုက်သည် ။
ယောကျာ်းလေး လေးယောက်နှင့် မိန်းကလေး တစ်ယောက် … လူငယ်လေးတစ်ယောက်ကတော့ လီနင်အင်္ကျီကို ဝတ်ဆင်ထားသည် ။ သူ၏ မျက်ခုံးများက ပါးလျထက်မြနေပြီး သူ၏ မျက်ဝန်းများကတော့ ကြယ်တစ်စင်းပမာ တောက်ပလင်းလက်နေကြသည် ။ သူ့နောက်တွင်တော့ ဓါးနှစ်လက်ကို ကန့်လန့်ဖြတ် ချိတ်လွယ်ထားသည် ။
သူ့တစ်ကိုယ်လုံး ဓါးတစ်စင်းကဲ့သို့ အားကောင်းသည့် အရှိန်အဝါများ ပေါ်ထွက်နေသည် ။
ချင်ဟိုတန်…
ရီယွမ်၏ မျက်ခုံးနှစ်ဖက် အပေါ်သို့ ပင့်တက်သွားသည် ။ ချင်ဟိုတန်ကို သူမမြင်ဖူးသော်လည်း ဘယ်လိုပုံစံရှိသလဲ ဆိုတာတော့ သူကြားထားဖူးသည် ။ ချင်ဟိုတန်၏ လက်နှက်က ဓါးတိုတစ်ချောင်းနှင့် ဓါးရှည်တစ်လက် ဖြစ်သည် ။
သူမြင်နေရသော ပုံရိပ်က လွန်ခဲ့သော လေးနှစ်အချိန်က ချင်ဟိုတန် ဖြစ်ပြီး အသက် ၁၃ နှစ် အရွယ်သာ ရှိသေးသည် ။
ချင်ဟိုတန်၏ ဘေးတွင်တော့ လေးတစ်လက်ကို လွယ်ထားသည့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ရှိ၏ ။ သူ၏ မျက်ဝန်းများက ကျဉ်းမြောင်းသော်လည်း အလွန်စူးရှလှသည် ။
အဲဒါက လီရှောက်လား မသိဘူး …
လွန်ခဲ့သော ရက်အနည်းငယ်က လီရှောက်၏ အမည်ကို သူကြားထားဖူးသည် ။ မြားပစ်ကွင်းထဲရှိ သတ္တနံရံထဲတွင် တုတ်ချင်းပေါက်လုနီးပါး စိုက်ဝင်နေသော မြားများက လီရှောက်၏ မြားပင် ဖြစ်သည် ။
ရီယွမ်က မှတ်တမ်းတင် မှော်အစီအရင်ပြား၏ ပုံရိပ်များမှ သူမြင်နေရသောလူများက ကောင်းကင်သင်ပုန်းနှင့် မြေပြင်သင်ပုန်းတွင် အကျော်ကြားဆုံး လူများ ဖြစ်မှန်းသိလိုက်ရသည် ။ ထိုအရာက တိုက်ဆိုင်မှုသက်သက်မဟုတ်ချေ … အတော်ဆုံးလူများသာ တိုင်အီဝိညာဉ် ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အခွင့်အရေး ရရှိနိုင်သည် မဟုတ်ပါလား …
အဲဒီမိန်းကလေးက … လျှိုဟွားအာ များလား …
ရီယွမ်က ထိုသူများ၏ နံဘေးရှိ တစ်ဦးတည်းသော မိန်းမပျိုလေးကို လှမ်းကြည့်လိုက်မိ၏ ။
လွန်ခဲ့သော လေးနှစ်က လျှိုဟွားအာက ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ကျက်သရေရှိစွာ လှပနေပေသည်။
သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာက ကျန်းမာရေးကောင်းသည့်ဟန်ဖြင့် ပန်းဆီရောင်သမ်းနေလေ၏ ။ သူမ၏ ပါးမို့မို့လေးပေါ်တွင် ပါးချိုင့်လေး နှစ်ခု ရှိပြီး သူမ၏ မျက်ဝန်းတောက်တောက်လေးများနှင့် ပြုံးရယ်ပြလိုက်ပါက မြင်ရသူပုရိသအပေါင်း ရူးခါသွားနိုင်သည်။
အင်း … နောက်ထပ်ယောကျာ်းလေးနှစ်ယောက်က တိုင်အီသူရဲကောင်းနှစ်ဖော်လို့ နာမည်ကြီးနေတဲ့ အမြွှာညီအစ်ကိုပဲ ဖြစ်မယ် … သူတို့နှစ်ယောက် .. ဘယ်သူကအကြီး … ဘယ်သူက အငယ်လဲမသိဘူး …
ထိုအချိန်တွင် ဝတ်ရုံအနက်နှင့်လူက သင်ခန်းစာ စတင်ပို့ချနေပြီ ဖြစ်၏ ။
ထိုလူကြီးက သူ၏ အသံအက်ကွဲကွဲကို အသုံးချပြီး တိုင်အီဝိညာဉ်ကျင့်စဉ်၏ စည်းမျဉ်းများကို ဌာန်ကရိုဏ်းကျကျ ရွတ်ပြပေးနေလေသည်။
ရီယွမ်သည်လည်း ထိုအသံထဲတွင် မျောပါ စီးဆင်သွားသည်။
တိုင်အီဝိညာဉ်ကျင့်စဉ်၏ သဘောတရားများကို ထိုကဲ့သို့ မန္တာန်ပုံစံ ဌာန်ကရိုဏ်းကျကျ အနိမ့်အမြင့် လေသံဖြင့် ဖတ်ရှုရသည်တဲ့လား …
ထိုအချက်ကို ကြည့်ခြင်းဖြင့် ဝတ်ရုံအနက်နှင့် လူကြီးက တိုင်အီ ဝိညာဉ်ကျင့်စဉ်ကို အနေအထားတစ်ခုအထိ လေ့ကျင့်ပြီးထားမှန်း ရီယွမ်က နားလည်လိုက်သည် ။
ရီယွမ်က သူကိုယ်တိုင်ပါ ထိုစာသင်ခန်းထဲတွင် ဝင်ထိုင်ပြီး သင်ယူနေရသလို ခံစားလိုက်ရသည် ။
“တိုင်အီဝိညာဉ်ကျင့်စဉ်ရဲ့ အခက်ခဲဆုံးနဲ့ အရေးအကြီးဆုံး အပိုင်းက နေရောင်ခြည် ယန်စွမ်းအင်ကို ပေါင်းစုစည်းဖို့ပဲ ။ ပထမဆုံး မြို့တော်သခင် ပြောသွားတာကတော့ နေရောင်ခြည်ယန်စွမ်းအင်ကို ကျစ်လစ်သိပ်သည်းအောင် ပေါင်းစည်းပေးနိုင်မှသာလျှင် တိုင်အီဝိညာဉ်ကျင့်စဉ်ကို လွယ်လွယ်ကူကူ လေ့ကျင့်နိုင်လိမ့်မယ် …အဲဒါမှ မဟုတ်ရင် မင်းတို့နဲ့ ဘယ်လိုမှ လိုက်ဖက်အောင် လေ့ကျင့်နိုင်မှာ မဟုတ်ဘူး ..”
ထိုလူကြီး၏ စကားများက ရီယွမ်ကိုသာမက အခြားသူများကိုပါ ငြိမ်သက်တွေဝေသွားစေသည် ။ သို့သော် တိုင်အီဝိညာဉ်ကျင့်စဉ်က အကောင်းဆုံး ကျင့်စဉ်တစ်ရပ်ဖြစ်ခြင်းကို သူတို့ပြန်လည် သတိရသွားကြသည် ။ ဟုတ်သည် … ထိုမျှ ခက်ခဲနက်နဲသော ကျင့်စဉ်က လူငါးယောက်တွင် တစ်ယောက်သာ လေ့ကျင့်အောင်မြင်နိုင်သည်။
“မင်းတို့အားလုံးကိုတော့ ငါချီးကျူးပါတယ် .. မင်းတို့အားလုံးက ဒုတိယနှစ်ကျောင်းသားတွေထဲမှာ တိုင်အီ ဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်နိုင်တဲ့ ပထမမြောက် အသုတ်ပဲ … ငါလိုအပ်တာက မင်းတို့အားလုံး နေရောင်ခြည်ယန်စွမ်းအင်ကို ကျစ်လစ်သိပ်သည်းအောင် စီးဆင်းနိုင်ဖို့ပဲ .. ငါ့ကို စိတ်မပျက်စေနဲ့ ..”