သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
အခန်း ၂၀၁
“ အိုး … မင်းက ပထမတန်းအဆင့် ထိပ်သီး ဆုစာရင်းကို ကြည့်ချင်တာလား ” အကြီးအကဲ ဂျီက ရီယွမ်ကို ကြည့်ပြီး အံ့သြင့်ကာ ပြုံးလိုက်မိသည် ။
သူက ပထမတန်းအဆင့် ထိပ်သီး ဆုစာရင်းကို ရီယွမ်အားမပေးသေးပဲ စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည် ။ “ လူလည်ကလေး … မင်းမှာ အနာဂတ်ဘာအစီအစဉ်ရှိလဲ … အနာဂတ်မှာ ဘာလေ့ကျင့်ချင်လဲ ”
အနာဂတ်မှာလား…
ရီယွမ်က အနည်းငယ်တွေဝေသွားပြီး မသိစိတ်က ခေါင်းကို အလိုလို ခါရမ်းမိသွားသည် ။ သူ့အနာဂတ် သိုင်းအဆင့်အကြောင်း သူတစ်ခါမှ မတွေးခဲ့ဖူးပေ ။
“ အိုး ” … ဂျီအကြီးအကဲက ရီယွမ်တွေဝေသွားသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည် ။ “ မင်းမှာ ပန်းတိုင်မရှိဘူးပေါ့ ”
ရီယွမ်က အနည်းငယ် တွေဝေနေပြီးနောက် … “ ဒီလိုပါ ။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဒီက ဂျူနီယာလေးက ဘယ်အထိ ရောက်နိုင်မလဲဆိုတာ မသိသေးလို့ပါ ။ ကျွန်တော်တွေ့တဲ့ ဘယ်သိုင်းအဆင့်မျိုးကိုမဆို ကျွန်တော် တက်လှမ်းချင်ပါတယ်”
ရီယွမ်က ဆာဂီများက ဒီကမ္ဘာကြီးထဲတွင် အံ့သြသင့်ဖွယ်ရာ လူသားများဖြစ်ခြင်းကို ကောင်းစွာ သိထားသည် ။ သို့သော် ဆာဂီများက သိုင်းပညာခရီးလမ်း၏ အဆုံးသတ် နယ်ပယ် မဟုတ်သေးပေ ။ ဆာဂီများအထက်တွင် မဟာအင်ပါရီယာ အဆင့်ဟူ၍ ရှိသေးသည် ။
မဟာ အင်ပါရီယာသခင်က ဘာလဲ ဆိုတော့ ရီယွမ်လည်းပဲ မသိချေ ။
သိုင်းပညာ လမ်းစဉ်ဆိုသည်က တောင်တစ်လုံး တက်ရသည်နှင့်တူသည်။ အမြင့်သို့ရောက်လေ အရာအားလုံးကို ပိုပြီး မြင်လာနိုင်လေပင် ဖြစ်သည် ။ သို့သော် လက်ရှိ ဆာဂီဟူသော အဆင့်က ရီယွမ်အတွက် ဒဏ္ဍာရီလာ ပန်းတိုင်တစ်ခုပင် … သူကတော့ ထိုကိစ္စကို ရယ်စရာတစ်ရပ်ဟု မမြင်ပေ ။
ခရမ်းရောင်သလင်းကျောက်က နတ်ဘုရားတို့နှင့် သက်ဆိုင်သော ပစ္စည်းတစ်မျိုးပင် ဖြစ်သည် ။ သူ့တွင် အာရုံခံနိုင်မှု အလွန်အားနည်းသော်လည်း ရှေးဦးမူလ ဆေးပင်သည်ပင် ခရမ်းရောင်သလင်းကျောက် အရှေ့၌ မပုန်းကွယ်နိုင်ချေ ။ လူသားသခင်နှင့် ဆာဂီများ ကြိုက်သလို စူးစမ်းရှာဖွေသော်လည်း သူ့နုလုံးသားထဲရှိ ခရမ်းရောင်သလင်းကျောက်ကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ ။
ခရမ်းရောင်သလင်းကျောက်၏ လုပ်ဆောင်နိုင်မှု စွမ်းရည်က ဆာဂီများ၏ နယ်ပယ်ထက် ကျော်လွန်နေသည်က အမှန်ပင် ..။ ထိုကဲ့သို့သော တန်ဖိုးရှိ ရှားပါး ရတနာတစ်မျိုးကို ပိုင်ဆိုင်ထားပြီးမှတော့ သူ၏ပန်းတိုင်က အဘယ်သို့ ပညာရှင် ဖြစ်နိုင်လိမ့်မည်နည်း ။
ရီယွမ်က ရည်မှန်းချက်က ဘာဖြစ်မယ်မှန်း ဂျီအကြီးအကဲက မသိနိုင်သေးသော်လည်း ရီယွမ်၏ စကားက သူ့ကို အတော်လေး ကျေနပ်အားရသွားစေသည် ။
ရီယွမ်တွင် ချို့ယွင်းချက်များစွာရှိသလို အခြား ထိပ်ထိပ်ကြဲ ပါရမီရှင်များကဲ့သို့ ဘက်စုံ မပြည့်စုံသော်လည်း သေချာသော ပန်းတိုင်ရှိခြင်းက စစ်သည်တစ်ဦး၏ အောင်မြင်မှုကို ဆုံးဖြတ်ပေးပေလိမ့်မည် ။
ဂျီအကြီးအကဲ ငယ်စဉ်တုန်းကလည်း ဆာဂီတစ်ယောက် ဖြစ်ချင်ခဲ့သည် ။ လူအများက မဖြစ်နိုင်သည့်အရာကို စိတ်ကူးယဉ်နေသော အရူးတစ်ယောက်လို သူ့ကို လှောင်ပြောင်ကဲ့ရဲ့ ခဲ့ကြသည် ။ အနှစ်ငါးရာကြာမှ တစ်ခါခန့်ပေါ်ထွက်လာခဲသော ဆာဂီက သူ့အလှည့်ကျမှ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်လိမ့်မည်နည်း။
သို့သော် သူ့ကို အထင်သေးလှောင်ပြောင်ခဲ့သည့် လူများအားလုံး ယခုအခါတွင် သက်တမ်းစေ့ပြီး မြေကြီးထဲတွင် အရိုးဆွေးနေကြပြီ ဖြစ်၏။
ဂျီအကြီးအကဲက လူသားသခင်တစ်ယောက် ဖြစ်လာပြီးမှ ဆာဂီအဆင့်သို့ တဖြည်းဖြည်းချင်း တက်လှမ်းခဲ့ခြင်း ဖြစ်သည် ။ သေချာတိကျသော အိပ်မက်တစ်ခုရှိခြင်းက လှောင်ရယ်စရာကိစ္စရပ်တစ်ခု မဟုတ်ပေ ။ ပန်းတိုင်မရှိသည့်လူများကသာ သနားစရာအကောင်းဆုံး ရည်မှန်းချက်ပျောက်ဆုံးနေသူများ ဖြစ်ကြသည် ။
“ ဒါက ပထမအဆင့် ထိပ်တန်း ဆုစာရင်းပဲ … မင်းအဲဒါကို ကြည့်ကြည့်လိုက်ပါ ။ ဒါပေမယ့် အဲဒီပစ္စည်းတွေက မင်းအိပ်မက်တွေနဲ့တော့ အတော်အလှမ်းဝေးနေဦးမယ် …”
ထိုသို့ပြောပြီးနောက် ဂျီအကြီးအကဲက ကျောက်စိမ်းစာရွက်လိပ်တစ်ခုကို ရီယွမ်ထံ ပစ်ပေးလိုက်သည် ။ ထိုကျောက်စိမ်းစာလိပ်က ရွှေရောင်တလဲ့လဲ့ တောက်ပနေပြီး ပထမတစ်ခုထက် အလွန်သေးငယ်သည် ။
ရီယွမ်က ထိုစာလိပ်ကိုကိုင်ပြီး အာရုံခံ ဖတ်ရှုကြည့်လိုက်သည် ။
အထဲတွင် ပါဝင်သော ပစ္စည်းအမျိုးအစားများကို တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးအစုံက လုံးဝ မရွှေ့လျားနိုင်တော့ပေ ။
ထိုကဲ့သို့သော နတ်ပစ္စည်းမျိုး ဒီကမ္ဘာကြီးထဲတွင် တကယ်ရှိနေခဲ့ခြင်းလား ..
နတ်ဘုရားကြမ္မာအရိုး အဆောင် စင်ကြယ်ခင်း ၃၂ ခု နဂါးအကြေးခွံ ၅၀၀၀၀
ထိုဈေးနှုန်းများက ရီယွမ်ကို ပါးစပ်အဟောင်းသား ပွင့်ထွက်သွားစေသည် ။ ထိုပစ္စည်းများက ဈေးကြီးလွန်းလှသည် ။
ခရမ်းရောင်ကောင်းကင် ဂျင်စင်းကို အပ်နှံခဲ့တာတောင်မှ စင်ကြယ်ခြင်း အမှတ် သုံးမှတ်သာ သူရရှိခဲ့သည် ။ သို့သော် ထိုသို့လျော့နည်းရခြင်းက သူယူခဲ့သော ဆေးပင်က ဒဏ်ရာများစွာနှင့် အနာတရ ရရှိနေခြင်းကြောင့် မူလတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာ သူရရှိခဲ့ခြင်းကြောင့်လဲပါသည် ။ မူလတန်ဖိုးအတိုင်းသာဆိုပါက စင်ကြယ်ခြင်းအမှတ် ကိုးမှတ်တိတိ သူရရှိပေလိမ့်မည် ။
နတ်ဘုရားကြမ္မာအရိုး အဆောင်က ခရမ်းရောင်ကောင်းကင် ဂျင်စင်း၏ မူလတန်ဖိုးထက်ပင် သုံးဆမျှ ဈေးကြီးသေးသည် ။ ထို့ပြင် နဂါးအကြေးခွံ ၅၀၀၀၀ ပါ ထပ်မံလိုက်ပေးရဦးမည် ။
သို့သော် … ထိုကဲ့သို့ တန်ဖိုးကြီးမားသော ပစ္စည်း၏ ဘေးတွင် အကြောင်းအရာ တစ်ခုကိုသာ ဖော်ပြထားသည် ။
နတ်ဘုရားကံကြမ္မာအရိုး အဆောင်က လူ၏ ခန္ဓာကိုယ်ကြံခိုင်သန်မာမှုကို ပိုမိုအားကောင်းလားစေပြီး ခန္ဓာကိုယ်နှင့် ကောင်းကင်မြေကြီးယွမ်ချီများကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်ကာ သိုင်းပညာ စွမ်းရည်ကို တိုးတက်မြင့်မားစေသည် ။
သိုင်းပညာ စွမ်းရည်ကို တိုးတက်မြင့်မားစေနိုင်သည် တဲ့လား ..
အကြောင်းအရာ ဖော်ပြချက်တစ်ကြောင်းလေးက ရီယွမ်ကို အံ့သြသင့်သွားစေသည် ။ အဲဒီလို အစွမ်းထက်သော ပစ္စည်းမျိုးလဲ ရှိသေးတာလား ။
ရီယွမ်၏ ထိုးထွင်းသိမြင်နိုင်စွမ်းက လုံးဝ မခေပေ ။ ဘဝနှစ်ခုနှင့် ရှင်သန်ကြီးပြင်းခဲ့ရခြင်းကြောင့် သူ၏ ဝိညာဉ်က အခြားသူများထက် ပိုပြီး သန်မာအားကောင်းသည် ။ ထို့ပြင် သိုင်းလေ့ကျင့်ရန်အတွက် စွမ်းအင်ဆေးလုံးများ ၊ ဆေးရည်များနှင့် အမြုတေများကလည်း သူ့အတွက် ပြတ်လပ်သွားခြင်း မရှိပေ ။
သူ့တွင် စွမ်းအင်ကျင့်စဉ်များ တစ်ခုမှ မရှိသေးသော်လည်း သူကြိုးစား ရှာဖွေလို့ရသေးသည် ။ သူ့တွင် လုံးဝမရှိသည့် အရာတစ်ခုက သိုင်းပညာ စွမ်းရည် ပင် ဖြစ်၏။
ဒီကမ္ဘာကြီးထဲတွင် သူ၏ သိုင်းအဆင့်နှင့် အနေအထားက သူလိုငါလို သာမန်အဆင့်သာ ရှိသေးသည် ။
နတ်ဘုရားကံကြမ္မာ အရိုး အဆောင်က သိုင်းစွမ်းရည်ကို ဘယ်အဆင့်အထိ တိုးမြှင့်ပေးနိုင်သလဲဆိုတာတော့ သူမသိပေ ။ သို့သော် တိုင်အီ နတ်ဘုရားမြို့တော်က ချမှတ်ပေးထားသည့် ဈေးနှုန်းများက မျှတသည် ဆိုခြင်းတော့ သူသိသည် ။
“အိုး … မင်းစိတ်ဝင်စားတာ တစ်ခုခုတွေ့လို့လား” … ရီယွမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို ဂျီအကြီးအကဲက အကဲခတ်လိုက်မိသည် ။
“ဟုတ်ကဲ့ .. ဂျူနီယာလေး တစ်ခုလောက်မေးချင်လို့ပါ ။ နတ်ဘုရား ကံကြမ္မာ အရိုး အဆောင်က သိုင်းစွမ်းရည်ကို ကန့်သတ်ထားတာ ရှိလား ။ ဥပမာ ဘယ်အဆင့်အထိ ပဲ သုံးလို့ရမယ်ဆိုတာမျိုးတွေပေါ့”
“နတ်ဘုရားကံကြမ္မာ အရိုးအဆောင်က သိုင်းအဆင့် ကန့်သတ်ထားတာတွေ မရှိပါဘူး ။ မင်းလို ခရမ်းရောင်သွေးနယ်ပယ် သိုင်းအဆင့်တွေ ကောင်းကောင်းသုံးလို့ရပါတယ် ။ အဲဒီအဆောင်က ရှေးဦးမူလသားရဲကြီးရဲ့ အရိုးကနေ ချက်လုပ်ထားတာ ဖြစ်တဲ့အတွက် အရမ်းအစွမ်းထက်တယ် ။ ဒါပေမယ့် ငါတို့ တိုင်အီ နတ်ဘုရားမြို့တော်ကနေ လုပ်ထားတာ မဟုတ်ဘူး ။ ငါတို့မှာ ရှိတဲ့ ကောင်းကင်သားရဲပညာနဲ့ အဲဒီလို အမြုတေကို လုပ်ဖို့ အဆင့်မမှီသေးဘူး ..”
“ အို ” ရီယွမ်က အံ့သြသင့်သွားမိသည် ။ တိုင်အီနတ်ဘုရားမြို့တော်မှာ ရှိတဲ့ ကောင်းကင်သားရဲသခင်တွေတောင် မသန့်စင်နိုင်ဘူးတဲ့လား ။
“ဟုတ်တယ် … ကောင်းကင်သားရဲပညာက အင်မတန်မှ နက်နဲပြီး ကျယ်ပြန့်တယ် ။ ဆာဂီတွေထဲမှာတောင် တတ်တဲ့လူဆိုလို့ လက်တစ်ဆုပ်စာပဲ ရှိတာ ။ ဒါတောင် နတ်ဘုရားကံကြမ္မာအရိုးကို ဘယ်လိုသန့်စင်ရမလဲဆိုတာ သူတို့မသိကြဘူး”
ဂျီအကြီးအကဲက ထိုသို့ပြောပြီးသည်နှင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည် ။
“ကမ္ဘာကြီးက အဆုံမရှိကျယ်ပြန့်တယ် ။ တိုင်အီနတ်ဘုရားနိုင်ငံ အပြင် တခြား အင်အားကြီးနိုင်ငံတွေလဲ အများကြီးရှိတယ် ။ နက်နဲတဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားတဲ့ မိသားစု ကလန်ကြီးတွေအပါအဝင် တခြားအင်အားကြီး သိုင်းဂိုဏ်းတွေလဲ အများကြီး ရှိတယ်”
နတ်ဘုရားကံကြမ္မာ အရိုးအဆောင်က လျှို့ဝှက်ဆန်းကြယ်သော မိသားစု ကလန်ကြီးများမှ ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုမိသားစုကြီးများနှင့် တိုင်အီ နိုင်ငံ၏ ဆက်ဆံရေးက အတော်လေး နက်ရှိုင်းလှပေသည် ။
ဂျီအကြီးက ရီယွမ်ကို အတိုချုံးရှင်းပြလိုက်သည် ။ ဝိညာဉ်အဆင့် မိသားစုကြီးကလန် .. ဝိညာဉ်အဆင့် သိုင်းဂိုဏ်းတွေ …
ရီယွမ်က ရုတ်တရက် လင်စန်းတုန်ကို သတိရသွားမိသည် ။
လင်စန်းတုန်လာခဲ့သော လင်မိသားစုက ဘယ်လိုပုံစံမျိုးလဲ ။ လင်မိသားစုကလန်က တိုင်အီနတ်ဘုရားနိုင်ငံနှင့် အဆက်အသွယ် ရှိနေတာလား ။ ဒါမှမဟုတ် အပြင်ဘက်ကမ္ဘာကြီးရဲ့ အနားသတ် တစ်နေရာမှာလား …..
“ဟဲ… ဟဲ .. ကလေးလေး မင်းက ရည်မှန်းချက်မရှိတာ မဟုတ်ဘူးပဲ … တိုင်အီနတ်ဘုရားမြို့က ပစ္စည်းတွေက လူတော်တော်များများကို အံ့သြစေတဲ့အထိ ဈေးကြီးတယ် ။ ဒါပေမယ့် နတ်ဘုရားကံကြမ္မာအရိုးက အစွမ်းထက်ပြီးသားလူတွေစားရင် အကျိုးအမြတ် နည်းနည်းပဲ ရမယ် ။ ဆိုလိုတာက မင်းများများစားလေ .. ပိုပြီး အာနိသင်နည်းလာလေပဲ …”
ဂျီအကြီးအကဲ၏ ရှင်းပြသံကို ကြားလိုက်ရသောအခါ ရီယွမ်က နောက်ဆုံးတွင် ကောင်းစွာ သဘောပေါက် နားလည်သွားလိုက်သည် ။
ပင်ကိုယ်စွမ်းရည်ထူးချွန်သူများအဖို့ ထိုပစ္စည်းကို စားသုံးလိုက်ပါက မည်သို့မျှ သိပ်ပြီး အကျိုးရှိနိုင်လိမ့်မည် မဟုတ်ပေ ။ ထို့ကြောင့် နတ်ဘုရားကံကြမ္မာ အရိုးအဆောင်မှ မည်သူမှ သိပ်ပြီး အကျိုးများများ ရလိမ့်မည် မဟုတ်ပေ ။
ထို့ပြင် ထိုကဲ့သို့ ပစ္စည်းကောင်းများကို ဝယ်ယူရန်အတွက် စင်ကြယ်ခြင်း အမှတ်များစွာလိုအပ်သည် ။ စင်ကြယ်ခြင်းအမှတ်များ ရရှိရန်က ရီယွမ်၏ လက်ရှိ ရည်မှန်းချက်ပင် ဖြစ်သည် ။ ထိုအမှတ်များ ရရှိရန်အလွယ်ကူဆုံးနည်းလမ်းက ဘိုးဘေးများ၏ စံချိန်ကို ကျော်ဖြတ်ပြီး ပညာရှင်ရိပ်မြုံလမ်းကြားလေးထဲရှိ ကျောက်စာများထဲတွင် မှတ်တမ်းတင်နိုင်ရန် ဖြစ်သည် ။
“ဂျီအကြီးအကဲ … ကျွန်တော်က တိုင်အီဝိညာဉ်ကျင့်စဉ်ရဲ့ ပထမသုံးဆင့်နဲ့ အမှတ်တွေကို လဲလှယ်ချင်ပါတယ်”
ရီယွမ်က သူ၏ ဆုံးဖြတ်ချက်ကို ပြောပြလိုက်သည် ။ သူ့အနေနှင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းရပေလိမ့်မည် ။ ပညာရှင်ရိပ်မြုံရှိ စံချိန်များကို ကျော်ဖြတ်နိုင်ရန်အတွက် တိုင်အီဝိညာဉ်ကျင့်စဉ်ကို တစ်ဖတ်ကမ်းခတ်အောင် ကျင့်ကြံပြီး သူ၏ စွမ်းအင်များကို တိုးမြှင့်အောင် ကြိုးစားရပေလိမ့်မည် ။
ထိုနေ့လည်ခင်းပိုင်းတွင် ရီယွမ်က ဂျီအကြီးအကဲကို နူတ်ဆက်ပြီး သူ၏ အဆောင်ခန်းသို့ ပြန်လာခဲ့လိုက်သည် ။ သူလေ့ကျင့်ရန်အတွက် အချိန်ခြောက်လခန့် သူသတ်မှတ်ထားလိုက်သည် ။
ရီယွမ် မသိလိုက်သော အချိန်တွင် … ရှေးဦးမူလဆေးပင်ကို ခူးယူနိုင်ခဲ့ပြီး စင်ကြယ်ခြင်းအမှတ်များကို သူရရှိသွားခဲ့သည်ဟူသော သတင်းက တစ်ကျောင်းလုံးသို့ တောမီးသဖွယ် ပြန့်နှံ့နေပြီ ဖြစ်၏ ။
ထိုသတင်းက သင်တန်းသားဟောင်းများနှင့် သင်တန်းသားသစ်များကြားထဲတွင်သာမက တိုင်အီမြို့တော်ရှိ သင်ပုန်းသုံးခုမှ ထိပ်တန်းအဆင့် ရယူထားသူများ၏ နားသို့တိုင် ပေါက်ကြားသွားခဲ့ကြသည် ။
ထိုအချိန်တွင် နတ်ဘုရားမြို့တော်ရှိ ပန်းပဲခန်းမတွင်ရှိသော ကျိုးခိုင်ကတော့ သူ၏ ဧရာမတူကြီးကို ထုတ်ပြီး သတ္တုများကို ပုံသွင်းရန်အတွက် လုံးပမ်းရင်း အလုပ်ရှုပ်နေလျက်ရှိသည် ။
ကျိုးခိုင်၏ နံဘေးတွင်တော့ ရွှမ်းဝူစစ်တပ်မှ လူငယ်များ ရှိကြပြီး တောင့်တင်းသန်မာသော ခန္ဓာကိုယ်များကြောင့် အရွယ်ရောက် လူကြီးများ အလား ထင်နေရသည် ။
“ ကျား … ကျား.. ကျား … ကျား ..”
သူတို့အားလုံး စည်းချက်ကျစွာ အော်ဟစ်မာန်သွင်းရင်း အထူးသတ္တုများဖြင့်ပြုလုပ်ထားသော လက်နှက်များကို ပုံသွင်းရန်အတွက် တူကို ကိုင်မြှောက်ကာ အကြိမ်ပေါင်းများစွာ ကြိုးစား ထုရိုက်နေကြလေ၏ ။