အခန်း ၁၈၉
သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ
ရွှမ်း !
ရီယွမ်က ဆေးပင်တောင်ထံသို့သွားသည့် ပို့ဆောင်ရေး မှော်အစီအရင်ထဲမှ ထွက်လာခဲ့လိုက်သည်။
ရီယွမ် ဆေးပင်ခူးရသော ဆေးပင်တောင်က အမှတ် ၆၀ ဖြစ်သည် ။ လွန်ခဲ့သော ရက်၃၀ အတွင်း ထိုဆေးပင်တောင်၌သာ သူကျင်လည်ခဲ့ရသည်။
ဆေးပင်ခူးသမားများအတွက် ဆေးပင်တောင်တစ်ခုထဲကိုသာ ချထားပေးပြီး ထိုထဲမှာပင် နေ့စဉ်ဆေးပင်ခူးရသည် ။ သို့ဖြစ်၍ သူတို့အတွက် လမ်းကြောင်းများကို မှတ်သားထားနိုင်သည့်အပြင် သူတို့ ခူးယူခဲ့ပြီးသော နေရာများကို ရှောင်ကွင်းပြီး တစ်ခြားနေရာအသစ်များသို့ သွားရောက်ခူးယူနိုင်သည့် ကောင်းကျိုးများရှိသည်။
ရီယွမ်က စီးမျောခြင်းပြဒါးဝတ်စုံကို ဝတ်ဆင်ပြီး အမှတ်၆၀ ဆေးပင်တောင်ရှိရာသို့ တက်လာခဲ့လိုက်သည်။
ခရမ်းရောင် ကောင်းကင်ဂျင်စင်း ဘယ်နေရာတွင်ရှိသလဲဆိုခြင်းကို သူကောင်းစွာသိသည်ဖြစ်ရာ ထိုချောက်ကမ်းပါးရှိရာသို့ သူတန်းတန်းမတ်မတ် သွားလိုက်သည်။
တဖြည်းဖြည်း ချောက်ကမ်းပါးကြီး ရှိရာနှင့် မိုင်ပေါင်းအနည်းငယ်မျှ အကွာအဝေးအထိ သူရောက်ရှိလာခဲ့သည်။
ရီယွမ်က ချောက်ကမ်းပါးကြီးရှိရာသို့ ချက်ချင်းမသွားသေးပဲ ပတ်ဝန်းကျင်ကို အကဲခတ်သည့်အနေဖြင့် အနီးအနားရှိ ဆေးပင်များကို လိုက်လံ ရှာဖွေလိုက်သည်။
ရီယွမ်က သူ၏ ကိုယ်ဖော့ပညာကိုလည်း လေ့ကျင့်ချင်သေးသည် ဖြစ်ရာ စီးမျောခြင်းပြဒါးဝတ်စုံကို သူချွတ်လိုက်သည် ။ တန်နှစ်ရာခန့်အလေးချိန်ကို အမြဲလိုလိုဝတ်ဆင်ထားပြီး ချက်ချင်းချွတ်ချလိုက်သောအခါ ရီယွမ်တစ်ကိုယ်လုံး ငှက်မွေးတစ်ချောင်းကဲ့သို့ ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရသည်။
ယခုက ရီယွမ်၏ အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်သည် ။ ကြိုမမြင်နိုင်သော တိုက်ပွဲတစ်ရပ်နှင့် အချိန်မရွေးတွေ့ဆုံနိုင်မည်ဖြစ်သောကြောင့် အရင်တစ်ခါကလိုတော့ သူအဖြစ်မခံနိုင်ပေ …
“ ဟား … နောက်တစ်ခု အဝါရောင်အဆင့်မြင့် ဆေးပင်တစ်ပင်ပါလား … အမြစ်သေပန်းပင်ပဲ … အဲဒါက အဆိပ်ဖော်တဲ့နေရာမှာသုံးတဲ့ အဆိပ်ပင်ပဲ” … ရီယွမ်က အမြစ်သေပန်းပင်ကို သိမ်းဆည်းလိုက်သည်။ တိုင်အီနတ်ဘုရားမြို့တော်ရှိ ဆေးဝါးပညာရှင်များက ဆေးဝါးများ၏ အကျိုးသတ္တိကို အသုံးချပြီး ဆေးရည်ဖော်စပ်ရုံမျှမက သူတို့၏ အဆိပ်သင့်စွမ်းအင်များကိုလည်း အသုံးချပြီး ဆေးဝါးဖော်စပ်ကြသည်။
အမြစ်သေ ပန်းပင်ပြီးတော့ … မှိုနက် … သွေးနီသစ်မြစ် … နှင့် ခရမ်းရောင် မြက်ပင်များကို သူထပ်မံရှာတွေ့လိုက်သည် ။
ရီယွမ်က ဆေးပင်များကို သူ့နေရာနှင့်သူ လိုက်လံသိမ်းဆည်းနေရာ ခရမ်းရောင်ကောင်းကင် ဂျင်စင်းကိုပင် ခေတ္တ မေ့လျော့သွားခဲ့မိသည်။
တစ်နေ့တာလုံး ဆေးပင်လိုက်ခူးပြီးနောက် ညနေစောင်းအချိန်အခါသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုအချိန်တွင်လည်း ရီယွမ်က ခရမ်းရောင်ကောင်းကင် ဂျင်စင်းရှိသည့် ချောက်ကမ်းပါးနားသို့ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။
ရီယွမ်က ထိုဆေးပင်အကြောင်း ကောင်းကောင်းသိသည် ။ သူ့အနေဖြင့် တိတ်တဆိတ် အလိုက်အငိုက် ဝင်ဖမ်းမှသာ ရမည်ဟု သူတွေးလိုက်သည်။
သန်းခေါင်းယံအချိန်မတိုင်မှီ နှစ်နာရီခန့်အလိုတွင် …………
ရီယွမ်က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မိသည် ။ လမရှိသည့်အပြင် မည်သည့်ကြယ်တစ်စင်းမှ မရှိနေသလို တစ်လောကလုံး အမှောင်ပိတ်ဖုံးနေလေသည်။
ရီယွမ်က မနက်ကတည်းက ဆေးပင်တောင်သို့ ရောက်ရှိလာခဲ့သော်လည်း လမ်းတွင်ဆေးပင်ခူးရင်း အချိန်ကုန်အောင်လုပ်ပြီး ချောက်ကမ်းပါးနားသို့ လာခဲ့ခြင်းက သူ့တွင် အစီအစဉ်ရှိသည်။ သူက အခွင့်အရေးကောင်းတစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သော်တာလမင်းကြီး အစိုးရသော ပထမဆုံးလ၏ ပထမဆုံးရက် … လသစ် ဟုခေါ်ဆိုနိုင်သလို လမထွက်သည့် နေ့ကို လနတ်သမီး၏ ယင်နေ့ ( အမဓါတ်အစိုးရသော) နေ့ရက်ဟုခေါ်သည်။
ထိုနေ့အတွင်း ယင်စွမ်းအင်များက ယခင်ကထက် ပိုပြီး ထူထပ်သိပ်သည်းကြသည်။ သန်းခေါင်ယံ လွန်ပြီး တစ်နာရီ အတွင်း ယင်စွမ်းအင်များ အပြင်းထန်ဆုံး အချိန်ပင် ဖြစ်၏။
ထို့ကြောင့် ရီယွမ်က တစ်လတာအတွင်း ယန်စွမ်းအင်များ အမြင့်ဆုံးရောက်ရှိမည့် အချိန်တစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ခရမ်းရောင်ကောင်းကင် ဂျင်စင်းကဲ့သို့သော ယန်ဓါတ်များ ပေါများကြွယ်ဝသည့် ဆေးပင်များအဖို့ သန့်စင်သော ယန်စွမ်းအင်များကို စုပ်ယူစားသုံးလိမ့်မည်က အမှန်ပင် …..
သန်းခေါင်ယံလွန်ပြီး လေးဆယ့်ငါးမိနစ်အချိန်က ယန်စွမ်းအင်များ အားအပျော့ဆုံး အချိန်ပင် ဖြစ်၏။ ထို့ကြောင့် ရီယွမ်က ထိုအချိန်ကို ရွေးချယ် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဲဒါတောင်မှ ရီယွမ်က ခရမ်းရောင် ကောင်းကင်ဂျင်စင်းကို သူ၏ တိုင်တန်လေးဖြင့် ဖမ်းနိုင်ရန် မသေချာသေးပေ…
ထိုဆေးပင်၏ အမြန်နှုန်းနှင့် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် လျှင်မြန်လွန်းလှသည်။
အရင်နေ့ရက်များအတွင်း ရီယွမ်က စာကြည့်တိုက်သို့သွားပြီး ခရမ်းရောင် ကောင်းကင်ဂျင်စင်းအကြောင်း အူမချေးခါးမကျန် အကုန်လုံး စုံစုံလင်လင် လေ့လာ မှတ်သားထားခဲ့သည်။
သူ၏ မြှားပစ်စွမ်းရည်နှင့် ထိုဆေးမြစ်၏ အမြန်နှုန်းကို အပြန်ပြန်အလှန်လှန် နှိုင်းယှဉ်သုံးသပ်ပြီးသောအခါတွင် အဖြေကတစ်ခုထဲ ထွက်လာသည်။ သူ၏ မြှားက အသံထက် မြန်လျှင်တောင်မှ မီတာသုံးဆယ်အတွင်း ထိုဆေးမြစ်က ကောင်းစွာ ရှောင်တိမ်းနိုင်နေဆဲပင် ဖြစ်သည်။
ထိုအခိုက်အတန့်လေးသာ သူလွဲချော်သွားခဲ့ပါက နောက်တစ်ကြိမ်ဆိုတာ ပိုပြီးတော့ ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် ရီယွမ်က ဘက်စုံထောင့်စုံ စဉ်းစားပြီး အခြေအနေအမျိုးမျိုးကို တွက်ချက်လေ့လာနေခြင်း ဖြစ်သည်။
“ တွေ့ကြသေးတာပေါ့ .. မင်းရဲ့ညှို့ချက်ကပဲ ပြင်းမလား … ငါ့ရဲ့ မြှားကပဲ ပိုမြန်မလားဆိုတာ … ဟင်းဟင်း ..” ရီယွမ်က ထိုသို့ ကြုံးဝါးလိုက်ပြီးနောက် အရှေ့သို့ ခုန်ထွက်သွားလိုက်သည်။
ဖျောက် …
ရီယွမ်က ခြေသံလုံအောင်လျှောက်ပြီး ကျော်တွင် ဆေးခြင်းတောင်းကိုလွယ်ကာ ချောက်ကမ်းပါးနားသို့ လျှောက်လာခဲ့လိုက်သည်။
ထို့နောက် မျောက်တစ်ကောင်ထက် အဆတစ်ရာခန့်ပိုသော လျှင်မြန်သွက်လက်မှုဖြင့် ချောက်ကမ်းပါးပေါ်သို့ တစ်ဖြည်းဖြည်း ကုပ်တွယ်တက်သွားလိုက်သည်။
တောင်လေက အရိုးထဲထိ ချမ်းစိမ့်အောင် တသုန်သုန် တိုက်ခတ်နေလေ၏။
တောင်ထိပ်တွင်တော့ သားရဲအရိုးများက တစ်စစီ ပြန့်ကျဲနေကြပြီး လေတဟူးဟူး တိုက်ခတ်နေသည့်အောက်တွင် လှုပ်ခါယိမ်းထိုးနေကြသည်။
တောင်ထိပ်ပေါ်တွင် ရှိသည့် ယွမ်ချီများက အလွန်သိပ်သည်းအားကောင်းလှသည်။ ထိုနေရာမျိုးတွင် မည်သည့်သက်ရှိမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ ….
ရီယွမ်က ချောက်ကမ်းပါးထိပ်တွင် မတ်တပ်ရပ်လိုက်ကာ မျက်စိခနမှိတ်ထားပြီး အာရုံစူးစိုက်လိုက်၏ ။ သူ၏ စိတ်စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်နှင့် ပေါင်းစပ်လိုက်သည့်အခါတွင်တော့ အနီးအနားရှိ အရာဝတ္ထုများ၏ စွမ်းအင်ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ သူမြင်နေရသည်။
မလှမ်းမကမ်းတစ်နေရာတွင် သူ့ကို စောင့်ကြည့်နေသော ဟိုသတ္တဝါလေးရှိနေမှန်း သူသိလိုက်ရသည် ။
ခရမ်းရောင် ကောင်းကင် ဂျင်စင်း ..
ခရမ်းရောင်သလင်းကျောက်၏ အကူအညီဖြင့်ပင် ထိုဆေးမြစ်ရှိသည့် နေရာကို သူကောင်းစွာ မသိနိုင်သေးပေ
ယင်စွမ်းအင်များ အလွန်သိပ်သည်းနေသည့်ကြားမှပင် ယန်စွမ်းအင်များက တစ်နေရာထဲမှ အားကောင်းစွာ ထွက်ပေါ်လာကြသည် ။ ထိုနေရာသည်ကား ခရမ်းရောင် ကောင်းကင်ဂျင်စင်း ရှိသည့် နေရာပဲ ဖြစ်၏။
ထိုသတ္တဝါလေးကတော့ ရီယွမ်သူ့ကို ရှာတွေ့သွားမှာကို လုံးဝမစိုးရိမ်ပေ … သူ့စိတ်ထဲတွင်တော့ ရီယွမ်က သူအစိုးရသည့် တောအုပ်ထဲတွင် မြက်ပင်များအကြား ပြေးလွှားနေသာ ယုန်ကလေးတစ်ကောင်သာသာပဲ ရှိသည်။
ရှေးဦးမူလဆေးပင်များက နှစ်ထောင်ချီကြာ သက်တမ်း ရှိသည့်အပြင် ဆေးပင်ခူးသမားပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသည် ။ သို့သော် .. မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို မြင်နိုင်စွမ်း မရှိကြပေ ….
ရီယွမ်၏ လက်ရှိသိုင်းအဆင့်အရ ခရမ်းရောင် ကောင်းကင် ဂျင်စင်းက သူ့အတွက် ခြိမ်းခြောက်နိုင်သည့် ကိစ္စတစ်ခုဟု မမှတ်ယူထားပေ …
အမှောင်ထဲတွင်တော့ ရီယွမ်က တိတ်ဆိတ်စွာ ရပ်နေဆဲပင် ရှိသည် ။ ရီယွမ်က အချိန်ကို စောင့်နေခြင်းဖြစ်သည် ။ သူသတ်မှတ်ထားသော အချိန်ကို ရောက်ရှိရန်အတွက် နှစ်နာရီခန့်လိုသေးသောကြောင့်ဖြစ်သည်။
ရီယွမ်က သူ၏ တပ်မတစ်ထောင် ဓါးမော့ကို ဆွဲထုတ်ပြီး ဟိုဟိုဒီဒီ လွှဲယမ်းလိုက်သည်။ ခရမ်းရောင်ဂျင်စင်းရှိသည့်နေရာကို သူအတိအကျ မခန့်မှန်းနိုင်သော်လည်း ယန်သွေးပန်းပွင့် ရှိသည့်နေရာကိုတော့ သူသိသည် မဟုတ်ပါလော ..
ယန်သွေးပန်းပွင့်က သူ၏ ဘယ်ဘက် မီတာတစ်ရာခန့်တွင်ရှိပြီး မြေကြီးထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်နစ်မြုပ်နေလေသည်။ ရီယွမ်က ယခင်တစ်ခါတုန်းက သူတူးထားသည့် နေရာသို့ လျှောက်လှမ်းလာခဲ့လိုက်သည်။
သူတူးထားတဲ့ တွင်းကြီးကတော့ ယခုထိ ရှိနေဆဲပင် ….
ရီယွမ်က ဝေခွဲမရသည့်ဟန်ဖြင့် ညဉ်းညူလိုက်မိသည်။ “ ဟူး… ဒီနေရာက ယန်သွေးပန်းပွင့်ကို ငါရှာတွေ့တဲ့ နေရာပဲ မဟုတ်ဘူးလား … ဘာဖြစ်လို့လဲမသိဘူး … ငါယန်သွေးပန်းပွင့်ကို ကောက်ကိုင်လိုက်တာနဲ့ အလောင်းတွေ အုတ်ဂူထဲက ထလာပြီး ငါ့ကို လာတိုက်တယ် … ငါအများကြီးသတ်လိုက်ပေမယ့် ခနကျတော့ ဘာဖြစ်သွားမှန်း ငါမသိလိုက်ရဘူး ….ငါနိုးလာတော့ ငါ့တစ်ကိုယ်လုံး ဒဏ်ရာတွေအများကြီးနဲ့ ယန်သွေးပန်းပွင့်ကိုလဲ မတွေ့ရတော့ဘူး …. အိပ်မက်လိုလို ဘာလိုလိုနဲ့ ဟူး … ”
ရီယွမ်က စိတ်ပျက်လက်ပျက်ညဉ်းညူလိုက်သည် ။ မလှမ်းမကမ်းတစ်နေရာတွင်တော့ ခရမ်းရောင်ကောင်းကင် ဂျင်စင်းက စိတ်ဝင်စားဖွယ်ကောင်းသည့် ထိုလူသားကို တိတ်တဆိတ် စောင့်ကြည့်နေလေ၏။
ထိုဆေးမြစ်က အသိဥာဏ် အနည်းငယ်ရှိသည်ဖြစ်ရာ ရီယွမ်ညဉ်းတွားလိုက်သော စကားလုံးများ၏ အဓိပ္ပါယ်ကို ကောင်းစွာ နားလည်သည်။
( ဟီးဟီး …. တော်တော်ပိန်းတဲ့ လူသားတွေပဲ …. သူတို့အညှို့ခံရတာကို မသိပဲနဲ့ အိပ်မက်မက်တယ် ထင်နေတယ် ဟားဟား…
အဲဒီလို ပိန်းတိန်းတိန်းကောင်တွေကများ ငါ့ရဲ့ ယန်သွေးပန်းပွင့်ကို လိုချင်နေကြတယ် … မတန်မရာတွေ … )
ရီယွမ်က အနည်းငယ် စိတ်ရှုပ်ဝေခွဲမရသည့်ဟန်ဖြင့် ခေတ္တမျှ ငိုင်တွေနေပြီးနောက် သူ၏ ဓါးမော့ကို မြေထဲသို့ စိုက်ချလိုက်သည်။
ဝုန်း…
မြေသားနှင့် ကျောက်တုံးကြီးများ ကွဲအက်လွင့်စင်သွားပြီးနောက် မြေပေါ်တွင် နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရီယွမ်က တုန့်ဆိုင်းခြင်းမရှိပဲ ထိုနေရာသို့ အပြေးအလွှားသွားကြည့်လိုက်သောအခါ မည်သည့်အရာကိုမှ မတွေ့ရချေ ….
"အယ် … နောက်ဆုံးတစ်ခေါက်တုန်းက ဒီမှာပဲ ရှိနေတာ မဟုတ်ဘူးလား … ယန်သွေးပန်းပွင့်က ဘယ်ကို ထွက်ပြေးသွားတာလဲ …"
ရီယွမ်တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ ခရမ်းရောင်ကောင်းကင် ဂျင်စင်းက သူ့ကိုကြည့်ပြီး ကြိတ်ရယ်နေလေသည် ။
(အော်… တုံးလိုက်တဲ့ လူသားပါလား …. ကိုယ့်ဘာကိုယ် အပြုစားခံရမှန်းမသိပဲနဲ့ အရင်နေရာမှာပဲ ရှိမယ်ထင်ပြီး လာရှာနေသေးတယ် ….
တော်တော့်ကို ပိန်းတဲ့ကောင် …)
ထိုအချိန်တွင် ရီယွမ်က နောက်တစ်နေရာပြောင်းလိုက်ပြီး ထပ်မံတူးဆွလိုက်ပြန်သည်။
သို့သော် … ထိုအရာသည်လည်း အသုံးမဝင်ပြန်ပေ …
ရီယွမ်က လုံးဝစိတ်မလျော့သေးဟန်ဖြင့် အင်္ကျီလက်ကိုပင့်တင်ပြီး နောက်တစ်နေရာတွင် ထပ်တူးလိုက်ပြန်သည် ။ ထိုမှတစ်ဖန် တစ်နေရာပြီး တစ်နေရာ တစ်တွင်းပြီးတစ်တွင်း ဆက်တူးလိုက်သည် ။ ရီယွမ်တူးလိုက်သည့် တွင်းများက တစ်တွင်းကို သုံးပေခန့်နက်သည် ။
ထိုသတ္တဝါလေးအတွက်တော့ ရီယွမ်က ပျော်တော်ဆက်တစ်ယောက်လို ဖြစ်နေသည် ။
သို့သော် တဖြည်းဖြည်းနှင့် သူစိုးရိမ်စပြုလာသည် ။ ရီယွမ် တူးနေသည့် နေရာက ယန်သွေးပန်းပွင့်ရှိသည့်နေရာနှင့် တဖြည်းဖြည်းနီးကပ်လာပြီ မဟုတ်ပါလား …
တိုက်ဆိုင်တာများလား ….
ရီယွမ်တဖြည်းဖြည်းချင်း နက်နက်တူးချနေသည်ကို တွေ့လိုက်ရသောအခါ ဒီပုံအတိုင်းဆို သိပ်မကြာခင် ယန်သွေးပန်းပွင့်ကို တွေ့သွားလိမ့်မည်ဟု သူတွက်ဆလိုက်သည်။
ဒီငပိန်းကောင် ကံကောင်းလို့များလား …
သူ့အနေနှင့် ထိုငပိန်းလေးကို ခိုးယူခွင့် လုံးဝမပေးနိုင်ချေ …
ဟွန့် … အရင်တစ်ခေါက်က ငါသင်ခန်းစာပေးထားတာ ဒင်းက မမှတ်သေးဘူးထင်တယ် … ဒီတစ်ခါတော့ ကောင်းကောင်း ပုံစံထပ်ပေးရမယ် …ဒီကောင့်ကို အပြတ်ရှင်းထုတ်လိုက်တာနဲ့ တစ်ခါထဲ ပြသနာတွေ အကုန်ငြိမ်းသွားမှာပဲ …