အခန်း ၁၈၄
ရီယွမ်က တပ်မတစ်ထောင် ဓါးမော့ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည် ။ သူ့တစ်ကိုယ်လုံးရှိ စွမ်းအင်များကို စုစည်းထားလိုက်ပြီး ကျားသစ်ပျိုတစ်ကောင်ကဲ့သို့ တိုက်ခိုက်ရန် ပြင်လိုက်သည် ။
ရီယွမ်၏ ပတ်ပတ်လည် ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏ ။ ချောက်ကမ်းပါးကြီးက ရီယွမ်၏ မြင်ကွင်းမှ လုံးလုံးလျားလား ကွယ်ပျောက်သွားခဲ့သလို သချိုင်းတစ်ခု၏ အလယ်တည့်တည့်သို့ သူရောက်ရှိနေသည် ။
မှတ်တိုင်များ … များစွာသော မှတ်တိုင်များ … ထိုသချိုင်းမြေပုံများက ဤကမ္ဘာကြီးထဲသို့ ရီယွမ်စတင်ရောက်ရှိခဲ့စဉ်က သချိုင်းနှင့် တူသည် ။
ငါ ဒီနေရာကို ဘယ်ကနေ ဘယ်လို ရောက်လာခဲ့တာလဲ ?
ရီယွမ်က အမျိုးမျိုးအဖုံဖုံ လိုက်လံစဉ်းစားလိုက်သော်လည်း လုံးဝအဖြေရှာမရပေ ။
လွန်ခဲ့တဲ့ တစ်စက္ကန့်ကပဲ ချောက်ကမ်းပါးထိပ်မှာ ရှိနေတယ် … နောက်တစ်စက္ကန့်ကျတော့ သချိုင်းတစ်ခုထဲ ရောက်နေတယ် ။ အချိန်လမ်းကြောင်း ပြောင်းသွားတာလား ( Time Slip ) များလား ….
ရုတ်တရက် ရီယွမ်မျက်စိရှေ့ရှိ အုတ်ဂူများ ကျိုးပဲ့ပျက်စီးထွက်သွားပြီး အထဲမှ အလောင်းကောင်များ မြေပေါ်သို့ကုပ်တွယ်တက်လာခဲ့ကြသည်ကို သူမြင်လိုက်ရသည် ။
ထိုအလောင်းကောင်များ၏ အဝတ်အစားများက ဆွေးရိစုတ်ပြတ်သတ်နေကြပြီး မျက်စိဟောက်ပက်နှင့် အလွန်ရုပ်ဆိုးပြီး ကြောက်စရာကောင်းလှသည် ။ ရီယွမ်ခေါင်းနပန်းကြီးသွားသည် ။ ဤဖြစ်ရပ်က သူ၏ တွေးခေါ်နိုင်စွမ်းထက် လုံးဝကျော်လွန်နေသည် မဟုတ်ပါလား ။
အလောင်းကောင်များ၏ မျက်လုံးနေရာများမှ အနီရောင်အလင်းတန်းလေးများ တောက်ပလာကြပြီး ရီယွမ်ကို တွေ့မြင်သွားဟန်နှင့်တူသည် ။ အလောင်းကောင်များက ဂီးဂီးဂါးဂါး အသံများ ဆူညံစွာ အော်ဟစ်လိုက်ကြပြီး ရီယွမ်ရှိရာသို့ စုပြုံတိုးဝင်လာကြပါလေတော့သည် ။
ရီယွမ်၏ ခန္ဓာကိုယ်ထဲတွင်တော့ စွမ်းအင်များက လှိုင်းလုံးကြီးများကဲ့သို့ တဝုန်းဝုန်း ရိုက်ခတ်နေကြသည် ။
သို့သော် မည်သည့်အရာနှင့်တွေ့ကြုံလာရသည်ဖြစ်စေ သူ့မျက်စိရှေ့ရှိ အရာမှန်သမျှကို သူရှင်းလင်းပစ်မည်ဟု ရီယွမ်က ဆုံးဖြတ်ချက်ချလိုက်သည် ။
ရွှမ်း … ဝှစ် …
ခုနှစ်ပေကျော်ခန့်ရှည်လျားသော ရီယွမ်၏ တပ်မတစ်ထောင်ဓါးမော့က လေထုကိုထိုးခွင်းပြီး ပျံသန်းသွားသည် ။ ရီယွမ်အရှေ့ရှိ အလောင်းကောင်သုံးကောင်၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွားသည် ။
တပ်မတစ်ထောင်ဓါးမော့က သတ္တုရိုင်းများကိုပင် တိုဟူးဖတ်ကဲ့သို့ အသာလေး ဖြတ်တောက်နိုင်သည် ။ ပုပ်သိုးဆွေးမြေ့နေသော အသားများက သတ္တုရိုင်းထက် ပိုမာကြောနိုင်မည်တဲ့လား ?
ရီယွမ်က အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တပ်မတစ်ထောင်ဓါးမော့ကို ဘက်ပေါင်းစုံသို့ တဝှီးဝှီး ဝှေ့ယမ်းလိုက်သည် ။ ရီယွမ်၏ ဓါးချက်စီတိုင်းတွင် အလောင်းကောင်လေးကောင် ပါသွားကြသည် ။
အလောင်းကောင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ မြေပေါ်တွင်ပြဲကျန့်နေသလို သွေးများကလည်း ဘက်ပေါင်းစုံသို့လွင့်စင်ထွက်သွားကြသည် ။
အဲဒီခံစားမှုလေးက ဖရဲသီးတစ်လုံးကို ခွဲလိုက်ရသလိုမျိုး ဘာမှ မထူးခြားချေ …
သို့သော် မြေပုံများထဲမှ တိုးထွက်လာကြသည့် အလောင်းကောင်များကတော့ တဖြည်းဖြည်း များသည်ထက် ပိုများလာကြသည် ။ တချို့မြေပုံများဆိုလျှင် မြေပုံတစ်ခုထဲမှ အလောင်းကောင် လေးငါးကောင်ခန့်ထွက်လာကြသည်များလဲ ရှိသည် ။ တခါတစ်လေ ဆယ်ကောင်အထိ တိုးထွက်လာကြသည် ။
ရီယွမ်၏ တပ်မတစ်ထောင်ဓါးမော့တွင် သွေးများ ပေကျံကာ အသားစများ ကပ်နေပြီ ဖြစ်သလို … ဓါးကိုင်လက်တစ်ခုလုံးလဲ သွေးများဖြင့် ချွဲကျိကျိဖြစ်နေသည် ။ ရီယွမ်၏ သွင်ပြင်က အဆုံးမရှိ သားသတ်သမားတစ်ယောက်နှင့် တူနေပေသည် ။
နေပါဦး …….
ရုတ်တရက် ရီယွမ်၏ ခေါင်းထဲတွင် တစ်ခုခုကို ဖျတ်ခနဲ သတိရသွားလိုက်သည် ။ ခြောက်ခြားဖွယ်ရာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး တိခနဲ တိတ်ကျသွားပြီး လည်ပတ်နေသော နာရီလက်တံများ ပိုမိုနှေးကွေးသွားသလို အရာအားလုံး နှေးကွေးစွာ လည်ပတ်နေကြသည် ။
ရီယွမ်၏ အတွေးအာရုံများ ကြည်လင်သန့်စင်လာကြသည် ။
ချောက်ကမ်းပါးထိပ်မှာ ဆေးမြစ်ခူးရင်းနဲ့ ဒီကမ္ဘာကြီးထဲကို ရောက်လာပြီး သချိုင်းအလယ်မှာ ဖုတ်ကောင်တွေနဲ့ အဆက်မပြတ် တိုက်ပွဲတစ်ရပ်ကို ဆင်နွဲနေရသည် ။
ထိုအဖြစ်အပျက်များအားလုံးက ထူးဆန်းလွန်းလှသည် ။
ဒါက မကောင်းဆိုးဝါး တစ်ကောင်ကောင်ကြောင့်များလား ?
ရီယွမ်ဆတ်ခနဲ တုန်သွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိသည် ။ ဖုတ်ကောင်များက သူ့ထံသို့ တစ်စစီဆုတ်ဖြဲပစ်မည့်ဟန်ဖြင့် ပြေးလာနေကြသည် ။
အဲဒီအလောင်းတွေ ကို ငါမြင်ဖူးနေတယ် …
ဖုတ်ကောင်များ၏ လက်သည်းရှည်ရှည်များက ရီယွမ်ထံတိုးဝင်လာကြသည် ။ ရီယွမ်က ဓါးမော့ဖြင့်မခုတ်ချလိုက်သလို ရှောင်လဲ မရှောင်လိုက်ပေ …. ထိုလက်သည်းများက ရီယွမ်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြသည် ။
နာလိုက်တာ …!
တော်တော်နာတယ်….
သို့သော် ရီယွမ်က အပြုစားခံနေရသည့်အတိုင်းပင် …. သူ၏ ရင်ဘတ် တစ်ခုလုံးကို ဖုတ်ကောင်များက ဆုတ်ဖြဲသွားသည့်တိုင် သူနောင်တမဲ့စွာ ဒီအတိုင်းရပ်နေဆဲပင် ဖြစ်သည် ။
ရီယွမ်က သူ၏ မျက်လုံးများကို ခေတ္တမှိတ်ချလိုက်သည် ။ ထို့နောက် သူ၏ စိတ်စွမ်းအင်များကို ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များနှင့်ပေါင်းစပ်လိုက်ပြီးနောက် သူ၏ မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သည် ။ သူ၏ မြင်ကွင်းတစ်ခုလုံး အဖြူရောင်သို့ပြောင်းလဲသွားသည် ။
သူမြင်နေရသည်များက စွမ်းအင်ပုံရိပ်လှိုင်းများသာ ဖြစ်သည် ။ မည်သည့် အရိပ်အယောင်တစ်ခုမှ မရှိသလို မည်သည့် အလောင်းကောင်များလည်း မရှိနေပေ ….
ဖုတ်ကောင်များအားလုံး ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားကြသည် ။ သူမြင်ခဲ့ရသည့် ဖုတ်ကောင်များနှင့် သချိုင်းတစ်ခုက ပုံရိပ်ယောင်သက်သက်မျှသာ ဖြစ်သည် ။
အဘယ့်ကြောင့် ထိုဖုတ်ကောင်များကို သူရင်းနှီးနေရသလဲဆိုသည့်အချက်က သူသည်လည်းပဲ ထိုဖုတ်ကောင်များကဲ့သို့ သချိုင်းမြေပုံရှိ မှတ်တိုင်အောက်မှ တွားတွားကုပ်တွယ်တက်ခဲ့ရသည် မဟုတ်ပါလား ….
ထိုမှတ်ဥာဏ်များက ရီယွမ်၏ စိတ်ထဲတွင် စွဲထင်နေသည်ဖြစ်ရာ ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး ရီယွမ်ကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည် ။
ထိုအချက်ကြောင့် ထိုမြင်ကွင်းကို သူရင်းနှီးနေသလိုမျိုး ခံစားနေရခြင်းဖြစ်သည် ။ သို့သော် ထိုဖုတ်ကောင်များက မည်သည့်နေရာမှ ရောက်ရှိလာကြသနည်း ။
အဲဒီပုံရိပ်ယောင်တွေကို ဘယ်သူက ဖန်တီးထားတာလဲ ?
တိုင်အီ ဆေးပင်တောင်၏ ဝင်ပေါက်က တစ်ခုသာ ရှိပြီး အခြားသူများ လုံးဝ ဝင်ရောက်နိုင်ခြင်းမရှိအောင် ကာရံထားသည် ။
ယန်သွေးပန်းပွင့်ကြောင့်များလား ?
မဟုတ်ဘူး … အဲဒါကြောင့်လဲ မဖြစ်နိုင်ဘူး .. နတ်ဘုရားဒေသ မှတ်တမ်းစာအုပ်ထဲတွင် ယန်သွေးပန်းပွင့်၏ အချက်အလက် အကုန်လုံးရှိသည် ။ ထိုပန်းပွင့်တွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် အစွမ်းမရှိပေ …
အဲဒါဆိုရင် ဘာကြောင့်လဲ ?
ရီယွမ်က သူ၏ စိတ်စွမ်းအင်များကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်လိုက်သဖြင့် ခရမ်းရောင်သလင်းကျောက်၏ မြင်နိုင်စွမ်းက ပိုပြီးတော့ ကြည်လင်ပြတ်သား လာခဲ့ကြသည် ။
လှည့်စား ဖြားယောင်မှုမရှိသော အမှန်ဓိဋ္ဌာန်မြင်ကွင်းအောက်တွင်တော့ စွမ်းအင်အလင်းစက်ပျောက် နှစ်ခုကိုသာ သူမြင်တွေ့လိုက်ရသည် ။
တစ်ခုက လက်ဆေးဇလုံအရွယ်အစားခန့်ရှိပြီး အနီရောင်လဲ့လဲ့လေးသန်းနေကာ မီးတောက်တစ်ခုလိုမျိုး တောက်ပလင်းလက်နေလေ၏ ။
ထိုစွမ်းအင်များက ယန်သွေးပန်းပွင့်မှ ထွက်ပေါ်လာသော စွမ်းအင်များ ဖြစ်ကြသည် ။
ရီယွမ်က ယန်သွေးပန်းပွင့်ကို ခူးရန်အတွက် ထိလိုက်သည်နှင့် ချောက်ကမ်းပါးထိပ်မှ သချိုင်းထဲသို့ ချက်ခြင်းပို့ဆောင်ခြင်း ခံလိုက်ရသည်ကို သူအမှတ်ရသွားသည် ။
ယန်သွေးပန်းပွင့်နှင့်မလှမ်းမကမ်းတစ်နေရာတွင် ခပ်မှိန်မှိန်လေး တောက်ပနေသော စွမ်းအင်လှိုင်းများကို သူတွေ့လိုက်ရသည် ။
ထိုစွမ်းအင်များ ထွက်ပေါ်နေသည့် အရာက တစ်ပေခန့်ရှည်သော တုတ်တစ်ချောင်းနှင့် ဆင်ပြီး လက်ကောက်ဝတ်ခန့် လုံးပတ်အထူ ရှိလေ၏ ။
ထိုအရာမှ ထုတ်လွှတ်နေသော စွမ်းအင်များက အလွန်နည်းပါးလှသည် ။ ယန်သွေးပန်းပွင့်များထက်ပင် နည်းပါးလှသော်လည်း ရီယွမ်က ထိုစွမ်းအင်လှိုင်းများကို မြင်လိုက်ရသောအခါ ထခုန်မတတ် ဝမ်းသာသွားမိသည် ။
ထိုအရာလေးမှ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများက ရီယွမ်ထင်ထားသည်ထက်ပင် ပိုမိုသန့်စင်နေသေးသည် ။
အနန္တနတ်ဘုရားခန်းမတွင် သူစုပ်ယူခဲ့သော စွမ်းအင်များသာ ထိုစွမ်းအင်များနှင့် နှိုင်းယှဉ်နိုင်သည် ။
အဲဒါက ဘာလေးလဲ မသိဘူး … ရှေးဦးမူလသားရဲ စွမ်းအင်တွေနဲ့တူတယ်ဆိုတော့ … အဲဒါများ ဖြစ်နေမလား …
ရှေးဦးမူလ ဆေးပင်များ ဖြစ်နေမလား …?
ကောင်းကင်အဆင့်ဆေးပင်များအထက်တွင် ရှေးဦးမူလဆေးပင်များ ၊ မူလဆေးပင်များ … မသေမျိုးဆေးပင်များနှင့် နတ်ဘုရားအဆင့် ဆေးပင်များစွာ ရှိကြသေးသည် ။
ထိုဆေးပင်များ၏ အစွမ်းက ဆာဂီများနှင့် လူသားသခင်များ အချင်းချင်း တိုက်ပြီးလုယူရလောက်သည့် အထိ တန်ဖိုးမြင့်မားသည် ။
တိုင်အီ နတ်ဘုရားမြို့တော်ရှိ အကြီးအကဲများသည်ပင် ဆေးပင်ရှာရန်အတွက် ဆေးပင်တောင်သို့ထွက်ခွာလေ့ရှိကြသည် ။ သူတို့၏ သိုင်းအဆင့်အများအရ ကောင်းကင်အဆင့် ဆေးပင်များသည်ပင် အသုံးမဝင်ကြတော့သည်ဖြစ်ရာ ရှေးဦးမူလဆေးပင်များကဲ့သို့ အဆင့်မြင့် ဆေးပင်များကိုသာ ရှာဖွေကြရသည် ။
ရှေးဦးမူလ အဆင့် ဆေးပင်များက ရှာဖွေရန်ခက်ခဲသော်လည်း ထိုအကြီးအကဲများ၏ သိုင်းပညာအဆင့်နှင့်ဆိုပါက ရှာတွေ့လိုက်သည်နှင့် ခူးယူဖမ်းဆီးဖို့က မခက်ခဲပေ …
အဓိက အကြောင်းရင်းကတော့ သူတို့ဘယ်လိုမှ လုံးဝ ရှာမတွေ့နိုင်ခြင်းပင် ဖြစ်သည် ။
အဓိကအချက်က ရှေးဦးမူလအဆင့် ဆေးပင်များထဲတွင် ဝိညာဉ်များပါရှိနေခြင်းကြောင့် ဖြစ်သည် ။ သူတို့ကိုယ်သူတို့ အသွင်ပြောင်းပုန်းကွယ်နိုင်သည့်အပြင် ရန်သူများကိုလည်း လှည့်စားနိုင်သည် ဖြစ်ရာ ထိုဆေးပင်များအပေါ်မှ မိမိတို့ကိုယ်တိုင် ဖြတ်လျှောက်သွားသော်လည်း ဆေးပင်မှန်းပင် သိလိုက်မည် မဟုတ်ချေ …
ရီယွမ်၏ စိတ်ထဲတွင် အတွေးများ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီးနောက် ဖျတ်ခနဲ အကြံတစ်ခုရသွားသည် ။
စိတ်လျှော့စမ်း … စိတ်ကို ငြိမ်အောာင်ထားစမ်း .. ငါစိတ်ငြိမ်ငြိမ်ထားဖို့လိုတယ် …
ရီယွမ်က သူ့ကိုယ်သူ ပြန်ပြောလိုက်မိသည် ။ မဟာအခွင့်အရေးကြီးတစ်ရပ်နှင့် ကြုံနေရပြီ ဖြစ်မှန်း သူသိလိုက်သည် ။
ထိုဆေးပင်များကို သူခူးယူလိုက်နိုင်ပါက သူ့အတွက် ဆုလာဘ်များစွာ ရရှိနိုင်ပေလိမ့်မည် ။
သို့သော် အပြောထက် အလုပ်က ပိုခက်သည် ။
ရီယွမ်၏ သိုင်းအဆင့်က အရမ်းကို နိမ့်ကျလွန်းနေသည် ။ လူသားသခင်တစ်ယောက် .. သို့မဟုတ် .. ပညာရှင်တစ်ယောက်အတွက်ပင် ထိုဆေးပင်များကို ခူးယူဖို့ အလွန်ခက်ခဲနေသေးသည် ၊
သို့သော် စွမ်းအင်အဆင့်နိမ့်ကျနေခြင်းကလည်း ရီယွမ်အတွက် အားသာချက်တစ်ခုပင် ဖြစ်၏ ။
ထိုဆေးပင်များက ဝိညာဉ်ရှိသည်ဖြစ်ရာ ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်သည့်အပြင် ဆေးပင်ခူးသမား၏ သိုင်းအဆင့်ကိုလည်း အာရုံခံနိုင်စွမ်းရှိ၏ ။
ရီယွမ်၏ စွမ်းအင်အဆင့်နိမ့်ကျခြင်းကြောင့် ရီယွမ်ကို လုံးဝဂရုမစိုက်ပဲ … ရီယွမ်၏ အရှေ့တွင် ပြောင်ပြောင်တင်းတင်းပေါ်ထွက်လာပြီး ပုံရိပ်ယောင်များဖြင့်ပါ တိုက်ခိုက်လိုက်သေးသည် ။
အကယ်၍ ရီယွမ်သာ ဆာဂီတစ်ယောက်ဖြစ်ပါက ထိုဆေးမြစ်က ထိုကဲ့သို့ လုပ်ရဲလိမ့်မည် မဟုတ်ချေ … ဆာဂီတစ်ယောက်ကို မထိတထိ သွားစနေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်မှန်း ထိုဆေးပင်က ကောင်းစွာ နားလည်သည် ။
တကယ်တမ်းတွင် ရီယွမ်က ခရမ်းရောင်သလင်းကျောက်၏ အကူအညီနှင့် ထိုဆေးပင်၏ တည်နေရာကို တိတိကျကျ သိရှိနေပြီ ဖြစ်ကြောင်းကို ထိုဆေးပင်က မသိသေးပဲ ဆက်ရွနေသည် ။
ငါဘာလုပ်သင့်လဲ ..? ရီယွမ်က သူ၏ ဦးနှောက်ကို အလျှင်အမြန် အလုပ်ပေးလိုက်သည် ။
ရီယွမ်က ထိုဆေးပင်ရှိရာသို့ ထပ်မကြည့်တော့ပဲ အကြည့်လွှဲလိုက်သည် ။ ဝိညာဉ်ရှိသည့် ဆေးပင်များဖြစ်သဖြင့် တစ်ခုခု ချွတ်ချောင်တိမ်းစောင်းသွားသည်နှင့် တစ်စုံတစ်ခုမှားယွင်းနေပြီ ဖြစ်မှန်း သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် ။
ငါသူ့ကို မတွေ့သလိုမျိုး သူထင်သွားရအောင် ဟန်ဆောင်လိုက်မယ်
ထိုသို့တွေးပြီးသည်နှင့် ရီယွမ်က ဘေးပတ်ပတ်လည်ကို ဓါးဖြင့်ဝှေ့ယမ်းလိုက်ပြီး ဖုတ်ကောင်များနှင့် တိုက်ခိုက်နေသည့်ပုံ ဟန်ဆောင်လိုက်သည် ။
ရီယွမ်က တစ်ချိန်ထဲမှာပင် သူ၏ စွမ်းအင်မြင်ကွင်းကို ဖြန့်ကျက်ထားပြီး မျက်လုံးထောင့်မှ တဆင့် ရှေးဦးမူလ ဆေးပင်၏ တည်နေရာကို မျက်ခြေမပြတ် တိတ်တဆိတ် အကဲခတ်နေသည် ။
ရီယွမ်သိလိုက်သည်က ထိုဆေးပင်က သူ့အနားတွင်ပတ်နေပြီး ရီယွမ်ကို ဆပ်ကပ်ထဲမှ မျောက်တစ်ကောင်ကပြနေသလိုသာ သဘောထားပြီး ကြည့်နေခြင်းပင်…
ငိုးမ ဆေးပင် !!
ဒီလို ဆေးပင်လေး တစ်ပင်က သူ့ကို လာစနေသည်ကို ရီယွမ်ဘယ်လိုလုပ် ခံစားနိုင်လိမ့်မည်နည်း …?
အိုး…
ရှေးဦးမူလဆေးပင်က သူ၏ တည်နေရာကို သီးခြားတောင်တစ်လုံး၏ ထောင့်အစွန်းဘက်သို့ တိတ်တဆိတ် ရွှေ့ပြောင်းလိုက်သည်ကို ရီယွမ်တွေ့လိုက်ရသည် ။ ထိုအချိန်အတွင်းတွင် ထိုဆေးပင်က မြေကြီးထဲသို့ ခပ်နက်နက်လေး စိုက်ဝင်သွားသည်ကို သူတွေ့လိုက်ရသည် ။
ထိုအရာကို တွေ့လိုက်သောအခါ ရီယွမ်က အဖြစ်အပျက်အားလုံးကို ယခုမှ ဆက်စပ်စဉ်းစားလိုက်မိသည် ။
အဲဒီဆေးပင်က ယန်သွေးပန်းပွင့်ကို ငါမခူးရအောင်ဆိုပြီးတော့ ပုံရိပ်ယောင်တွေလွှတ်ပြီး နှောက်ယှက်နေတာကိုး …
ယန်သွေးပန်းပွင့်ကို သူခူးယူဖို့ဟန်ပြင်လိုက်သည်နှင့် ထိုမသာလေးက ရုတ်တရက်ပေါ်လာခြင်းက ဘယ်လိုမှ တိုက်ဆိုင်ခြင်းသက်သက် မဖြစ်နိုင်ပေ …
ထိုဆေးပင်က ယန်သွေးပန်းပွင့်ကို စောင့်ကြပ်နေခြင်း ပင် ဖြစ်ရမည် ။ ယန်သွေးဆေးပင်ကို ပျိုးထောင်ထားပြီး အမြဲလို အရိပ်တကြည့်ကြည့်နှင့် စောင့်ကြပ်နေခြင်းကြောင့်သာ သူ့ကို တားဆီးရခြင်း ဖြစ်မည် ။
အချို့သော ရှေးဦးမူလဆေးပင်များက သူတို့၏ စွမ်းအင်များ တိုးတက်စေရန်အတွက် အဆင့်မြင့်ဆေးပင်များကို ပြန်လည်စိုက်ပျိုးထားတတ်ကြသည် ။
ရီယွမ်က ရှေးဦးမူလဆေးပင်သည်လည်း ထိုအတိုင်းပင် ဖြစ်ရမည်ဟု သူကောက်ချက်ချလိုက်မိသည် ။