နိုးလာပြီးတဲ့နောက် မြင်ရတဲ့ မျက်နှာကျက်ဖြူဖြူက ဒီလောက်အထီးကျန်ဖို့ကောင်းလိမ့်မယ်လို့ ရှောင်းကျန့် တစ်ခါမှမတွေးခဲ့ဖူးဘူး။ ယွီလန်က သူ့ကိုခွင့်ယူပြီးကိုအပြည့်အဝဂရုစိုက်ပေးတယ်။ ကျန့်ခိုင်ကိုတော့မတွေ့ရပါဘူး။ မတွေ့ရတာပဲ ခပ်ကောင်းကောင်းလို့ သူယူဆလိုက်တယ်။ ဒီနှစ်ပတ်အတွင်း ခန္ဓာကိုယ်ထဲမှာ stem cell တွေပွားလာဖို့နဲ့ အသစ်ဖြစ်ဖြစ်လာတဲ့ သွေးနီဥတွေကို ခန္ဓာကိုယ်က လက်ခံနိုင်ဖို့ သူကြိုးစားရတယ်။ ဆေးရုံမှာ ရှောင်းကျန့်က လုံးဝလိုလေသေးမရှိဘူး။ အကြောင်းအရင်းကိုသူတွေးမိတဲ့အခါမှာ ယောကျာ်းတန်မဲ့ မျက်ရည်ကျရတော့တာပါပဲ။
ဆေးရုံကဆင်းတဲ့အခါ ယွီလန်က ပန်းစည်းတစ်ခုကိုပေးတယ်။ ဝတ်ဆံကြီးကြီးရှိတဲ့ အဲ့ဒီပန်းဝါဝါတွေကို Daffodil ပန်းတွေလို့ခေါ်တယ်။ သူ့မှာ အဓိပ္ပါယ်တွေမှအများကြီးပဲ။
အပြာရောင် ကြိုးနဲ့စည်းထားတဲ့ Daffodil ပန်းသုံးပွင့်ကတော့...'သေချာပေါက်ပျော်ရွှင်ပါ' တဲ့။
ဘယ်သူ့ဆီကလဲဆိုတာ....ရှောင်းကျန့်တိတ်တိတ်ကလေးပဲ သဘောပေါက်ခဲ့ပါတယ်။
.........
အချိန်တွေက ရပ်မနေဘူး။ ရှောင်းကျန့်က ထျန်းရှင်းရဲ့ ပင်မဆေးရုံကြီးမှာ မရှိတော့ဘူး။ သူနေရာအနှံ့သွားတယ်။ ထျန်းရှင်းရဲ့နာမည်အောက်က ပြန်လည်ထူထောင်ရေးစခန်းတွေ။ စစ်ဘေးရှောင်စခန်းတွေအထိ! လက်နက်တွေကြားကနေ ခက်ခက်ခဲခဲအသက်ရှင်ခဲ့ရတဲ့ကာလတွေရှိတယ်။ ဒါပေမဲ့ ရှောင်းကျန့်ပုံစံက သေရမှာကို မမှုတော့သလိုပဲ။ တစ်ခါဆို အာဖဂန်နစ္စတန် ကအကြမ်းဖက်သမားတွေ ပြန်ပေးဆွဲထားတဲ့ အဆောက်အအုံထဲမှာသူရောက်နေခဲ့တာ။ အရေးပေါ်သတင်းတွေထဲ ဓားစားခံအဖြစ်ပါလာတဲ့ တရုတ်လူမျိုး ဆရာဝန်က ရှောင်းကျန့်ဖြစ်နေတဲ့အခါ ယွီလန်မေ့လဲသွားတဲ့အထိပဲ!
ဒါပေမဲ့ ရှောင်းကျန့်က အဲ့ဒီထဲကလူတွေအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ အပြင်ကိုခေါ်ထုတ်ပေးနိုင်ခဲ့တယ်။ အစိုးရနဲ့ အကြမ်းဖက်သမားတွေကြားမှာ ရှောင်းကျန့်က ငြိမ်းချမ်းရေးချိုးဖြူငှက်ကလေးလိုပဲ! ရုန်းရင်းဆံခတ်ဖြစ်တုန်းက ဗိုက်ကိုရှပ်ထိခဲ့တဲ့ ဓားဒဏ်ရာကလွှဲရင် ဘာအနာတရမှမဖြစ်ခဲ့ဘူး။ အဲ့ဒါပြီးတာနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံယူဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါပေမဲ့ ရှောင်းကျန့်က ငြင်းပစ်တယ်။ ဒါလည်းပဲ ရှောင်းကျန့်ရဲ့ နာမည်ကပိုကြီးလာတာပါပဲ။ ဆရာဝန်လောကမှာ ရှောင်းကျန့်ရဲ့ အကြောင်းကပုံပြင်လေးတစ်ပုဒ်လိုဖြစ်ခဲ့တယ်။
လေရဟတ်တွေကို နှစ်သက်တဲ့ ဆရာဝန်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူက လေပြည်လေးနဲ့တွေ့ခဲ့တယ်။..အဲ့ဒီလိုနဲ့ အစချီတဲ့ ပုံပြင်တွေပေါ့...။
..............
ယွီလန်နဲ့ရှောင်းကျန့်တို့ လူချင်းမတွေ့ရတာ နှစ်နှစ်ကျော်သွားခဲ့ပြီ။ သိပ်လှတဲ့ မင်္ဂလာဖိတ်စာလေးကို သူလက်ခံရတဲ့နေ့က အာဖရိကမှာရှိတဲ့ လူမှုထူထောင်ရေးစခန်းကို သူရောက်နေတာ။ ဘယ်တော့မှ ပြန်ခြေမချဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ မြေကို ရှောင်းကျန့် ပြန်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ယွီလန် လက်ထပ်တော့မယ်!
.............
ရှောင်းကျန့်ရဲ့ သူငယ်ချင်းမလေးကသိပ်လှတယ်။ လပိုင်းပဲ ကြီးပေမဲ့ ယွီလန်က ရှောင်းကျန့်အတွက်တော့ အမေလိုအစ်မလို နွေးထွေးမှုပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်။ မိဘမဲ့ခဲ့ပေမဲ့ မေတ္တာမငတ်ခဲ့ရတာ ယွီလန်ကြောင့်ပဲ။ အခုတော့ သူမက အဖြူရောင် ဇာဂါဝန်ကလေးနဲ့ သူ့ရှေ့မှာမတ်တပ်ရပ်နေပြီ။ ပွဲပြီးခါနီးအချိန်မှရောက်လာခဲ့ပေမဲ့ ယွီလန်စိတ်မဆိုးလို့ တော်ပါသေးရဲ့ လို့တွေးမိတယ်။
"ငါလှလား!"
"နင်အလှဆုံးပါပဲ။"
ယွီလန်က ပန်းစည်းကလေးကွယ်ပြီးရယ်တယ်။
"နင်ရော ကျန့်ခိုင်ရောက ယုံရတာမဟုတ်ဖူး"
ယွီလန်ရဲ့ ပုခုံးတစ်ဖက်ကို ဖက်ရင်းကျန့်ခိုင်က ဘေးနားယှဉ်ရပ်လာတယ်။
"မ က တကယ် အရမ်းလှပါတယ်ဗျာ"
ချစ်တဲ့သူကိုပိုင်ဆိုင်ရတဲ့ ပျော်ရွှင်မှုဆိုတာ ဒီလိုနေမယ်။ အပြုံးတွေအထိတောင် ထပ်တူကျနေတဲ့ အသစ်စက်စက်ဇနီးမောင်နှံကိုကြည့်ရင်း ရှောင်းကျန့်ပါကြည်နူးလာတယ်။
"ငါလက်ဖွဲ့ကို နင့်အိမ်အထိပို့ခိုင်းထားပြီနော်"
"နင်ပြန်လာတာကိုက ငါ့အတွက် အကောင်းဆုံးလက်ဖွဲ့မှန်းမသိဘူးလား"
ရယ်လိုက်ပေမဲ့ ပေါ့ပါးမှုမရှိဘူး။ နာရီတကြည့်ကြည့်ဖြစ်နေတဲ့ သူ့ကို ယွီလန်က စိတ်ဆိုးသလိုကြည့်တယ်။
"နင်ကပြန်တော့မလို့လား!"
"တကယ်နော် မ သူငယ်ချင်းရော ကျွန်တော့်သူငယ်ချင်းရော တကယ်မကောင်းတာ။ အခုမှတွေ့ရတာကို ပြန်မယ်တကဲကဲနဲ့ တစ်ယောက်ကလည်း ပေါ်ကိုမလာ။"
"Flight ချိန်ကပ်နေလို့ပါကွာ"
ပြန်ချင်ပြီကို ဝန်မခံချင်လို့ သူစကားလမ်းကြောင်းလွှဲဖို့ကြံတယ်။ အစစအရာရာ အဆင်ပြေနေတော့မယ့် ဘဝထဲမှာ ရှောင်းကျန့်က အနည်အဖြစ် ရိပေါ်ကို မနှောင့်ယှက်ချင်တော့ဘူး။ မင်္ဂလာပွဲ ပြီးခါနီးမှ အချိန်ကိုက်ပြီးရောက်လာရတာလဲ လွယ်ကူမနေခဲ့ဘူး။
"နည်းနည်း ဝေးနေတော့ ဟုတ်ရော ဟုတ်ပါ့မလားလို့!တကယ် ရှောင်းကျန့်ပဲ"
နောက်ပါးဆီက အသံကြောင့် သူ့နှလုံးတွေ ဒိန်း ကနဲ ခုန်သွားသလိုပဲ။ တစ်ခါပဲ စကားပြောခဲ့ဖူးပေမဲ့ အဲ့ဒီအသံကို သူမှတ်မိနေတယ်။ တဖြည်းဖြည်းနဲ့ ကပ်လာတဲ့ ခြေသံငယ်။ လှည့်ကြည့်လိုက်ဖို့ သတ္တိတွေ သူ့မှာ မရှိဘူး။
"ဟော...နှုတ်ဆက်လိုက်လေ ရှောင်းကျန့်ရဲ့"
သူ့မျက်နှာရိပ်မျက်နှာကဲကို ယွီလန်က မသိကျိုးကျွံပြုပြီး လက်မောင်းတွေကနေ ခပ်ပြုံးပြုံးနဲ့ တွန်းလှည့်တယ်။ သူမလွန်ဆန်နိုင်ပါဘူး။ မျက်လုံးတွေကိုအောက်ကိုပို့ထားတာမို့ ကြက်သွေးရင့်ရောင် ပွဲတက်ဂါဝန်ရှည်ရဲ့ အောက်အနားစတွေကိုသူမြင်လိုက်ရတယ်။ ပြီးတော့ နက်မှောင်ပြောင်လက်နေတဲ့ ရှူးဖိနပ်တစ်စုံရယ်။ တဖြည်းဖြည်းဆန်တက်လာတဲ့ အကြည့်တွေနောက်မှာ ပြောင်းလဲမသွားတဲ့ အလှပိုင်ရှင်ကလေးက ခပ်ပြုံးပြုံးကလေးပဲ။ ကျက်သရေ ရှိလိုက်တဲ့ မိန်းကလေး။
"ကျွန်မ ရှင့်သတင်းတွေကို ကြားပါတယ်။ သိပ်သတ္တိရှိတာပဲနော်။ ကျွန်မ အမျိုးသား ကလည်း ကျွန်မ တစ်ဖွဖွပြောလို့ ရှင့်ကို တွေ့ဖူးချင်နေတာ။ နှုတ်ဆက်လိုက်ဦးလေ အဲရစ်! ရှင်ပဲ လေရဟတ်နဲ့ တူတဲ့ အဲ့ဒီဆရာဝန်ကို အပြင်မှာ သိပ်တွေ့ဖူးချင်တယ်ဆို"
ဘုရားရေ!
အခုထိ သူမျက်နှာချင်းဆိုင် မဆိုင်ခဲ့တဲ့ သူမဘေးကလူကိုကြည့်မိလိုက်တယ်။
ရှောင်းကျန့် နှလုံးတွေမှ ပြုတ်ထွက်သွားတော့မလို ခံစားလိုက်ရတယ်။
ရှယ်လီက လူတစ်ယောက်ရဲ့ လက်ကို ချိတ်တွဲထားတယ်။ ပြီးတော့ အဲ့ဒီအမျိုးသားက ဝမ်ရိပေါ် မဟုတ်ခဲ့ဘူး။
.......
A.N
Next part will be final. ❤