ရိပေါ် အရေးပေါ်ကားနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲရောက်ချလာတယ်။ ရှောင်းကျန့်လို့မေးလိုက်တာနဲ့ သေချာပေါက်သိလာရမယ့်အဖြေကို ဆရာဝန်ပေါက်စလေးတွေကအစ ဘယ်အခန်းမှာဆိုတာ ပြောပြဖို့ရာအင်တင်တင်မို့ ရိပေါ်စိတ်မရှည်တော့ဘူး။ ပြီးတော့ အရေးပေါ်ဌာနကိုပို့တဲ့လူနာကို ဘာကိစ္စနဲ့ အခန်းထဲအထိသွင်းသွားရလဲဆိုတာကိုလည်း.ရိပေါ်နားမလည်ဘူး။ ခုံတန်းတစ်ခုကို ရိုက်ချိုးပြီး..နပ်စ်မလေးတစ်ယောက်ကိုလည်ပင်းညစ်မိတော့မှ အခန်းနံပါတ်တစ်ခုက ပေထျန်းဆိုတဲ့ကောင်လေးဆီကနေတုန်တုန်ရီရီထွက်လာတယ်။
ထျန်းရှင်းမှာ Field တွေအများကြီးပဲ။ w နဲ့စတဲ့ အခန်းနံပါတ်တွေက ကင်ဆာဌာန ဆိုတာကိုညွှန်ပြနေတယ်။
"ယွီလန်"
ဆေးမှတ်တမ်းတစ်ခုကိုကိုင်ပြီး သူ့ရှေ့ခပ်လှမ်းလှမ်းဆေးရုံပေါင်းကူးကနေ ပြေးသွားတဲ့ အစ်မယွီလန်ကိုတွေ့လိုက်တယ်။
ယွီလန်နောက်ကနေ သူတိတ်တိတ်ကလေး လိုက်လာတယ်။ ကိုင်လာတဲ့ ကတ်ပြားကလေးတစ်ခုကို အခန်းတံခါးမှာချိတ်ပြီး အစ်မက အထဲကိုဝင်သွားတယ်။ ခြေစုံရပ်သွားပေမဲ့ တံခါးကိုရိပေါ်တွန်းမဖွင့်ရဲဘူး။ တံခါးဝက Name Tag ကလေးကထင်းနေတယ်။
Patient Name: Xiao Zhan
Room No: W525
.......
ဆေးအိတ်ကနေတစ်ဆင့် သွယ်ထားတဲ့ ပိုက်ထဲကို ဆေးစက်တွေတစ်စက်ချင်းကျနေတယ်။ အခင်းစောင်ဖြူဖြူပေါ်၊ ခေါင်းအုံးဖြူဖြူပေါ်မှာ လဲလျောင်းနေတဲ့ ရှောင်းကျန့်က မျက်လုံးတွေကိုပိတ်ထားတယ်။ ဝင်လာတဲ့သူ့ကို ယွီလန်က တစ်ချက်ပဲ ကြည့်ပြီး လုပ်စရာရှိတာဆက်လုပ်နေတယ်။
"အစ်မယွီလန်"
"ရှောင်းကျန့်အိပ်ပျော်နေတုန်း တိုးတိုးနေပေး။ မင်းအသံကြားရင် လန့်ဖျန့်နိုးလာမှာစိုးလို့"
မေ့ဆေးခပ်ပါးပါးနဲ့မို့ ရှောင်းကျန့်မျက်လုံးတွေပိတ်သွားတာ မကြာသေးတာကိုပဲ ယွီလန်ကျေးဇူးတင်လို့မဆုံးဘူး။
......
"ဘာဖြစ်တာလဲ"
ယွီလန်စကားမပြန်မိဘူး။ ရှောင်းကျန့်က ဒါတွေကိုမြင်လို့ သူ့ရပိုင်ခွင့်တွေအကုန်လုံးကိုတောင်စွန့်လွတ်ပြီး ကာကွယ်ခဲ့တာ။ သူတရားဝင်ပိုင်ဆိုင်နိုင်တဲ့ ချစ်ခြင်းမေတ္တာကိုတောင်စွန့်ပစ်ခဲ့ပြီး!
"မင်းကို ရှောင်းကျန့်က ပြောပြချင်မှာမဟုတ်ဖူး"
"ကျွန်တော်မလုပ်နိုင်တာဘာမှမရှိဘူး အစ်မယွီလန်"
ယွီလန်ခက်ခက်ခဲခဲရီချလိုက်တယ်။ ဘယ်ကဘယ်လိုဝေ့လာမှန်းမသိတဲ့ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပဲ ပွတ်သုတ်ရင်း!
"ကောင်းပြီ! လုပ်နိုင်တယ်။ ငါသိပြီးပြီမို့ မင်းမှာ အဲ့ဒီလောက်အစွမ်းအစရှိရင် ရှောင်းကျန့်အတွက် ရိုးတွင်းခြင်ဆီသွားရှာပေးလေ။ မိဘမဲ့တစ်ယောက်အတွက် ဘာတွေများ မျှော်လင့်စရာခပ်များများရှိနေလို့လဲ"
သူ့ရင်ဘတ်ကို ယွီလန်က အားပြင်းပြင်းနဲ့တွန်းလွတ်တယ်။ မျက်နှာကိုလက်ဖဝါးနဲ့အုပ်ပြီးငိုနေတဲ့ ယွီလန့် ကိုရိပေါ် ခပ်ကြောင်ကြောင်ပဲ ကြည့်မိတယ်။
"အခုဘာဖြစ်တယ်?"
"သေတော့မှာ..သေရတော့မှာ။ သူထွက်သွားတော့မှာလို့!!! ငါဒီလိုတောင်းပန်ပါတယ်။ ကူညီပေးပါ ဝမ်ရိပေါ်!"
လက်ဖဝါးတွေနဖူးဆီပူးကပ်ရင်း ရှိုက်ငိုနေတဲ့ အစ်မကို ရိပေါ် ဘာမှမတုံ့ပြန်မိဘူး။ သူထုံသွားတယ်။ စိတ်ဝိညာဉ်ဟာ ခန္ဓာကနေ ကင်းကွာသွားသလို အေးကနဲ! အရုတ်ကြိုးပြတ် ဆိုတဲ့စကားကို ရိပေါ်အခုပဲ ယုံသွားတယ်။ ခြေထောက်တွေပါ ပျော့ပြီး တစ်ကိုယ်လုံးကအားတွေစုပ်ယူခံလိုက်ရတယ်။ ပုံကနဲ ထိုင်ကျသွားတဲ့ ဝမ်ရိပေါ်!
ယွီလန်သက်ပြင်းရှိုက်လိုက်တယ်။ တောင်းပန်တယ်ရှောင်းကျန့်! အဲ့ဒါက ကောက်ရိုးတစ်မျှင်ပဲဆိုရင်တောင် နင့်အတွက် ငါအဆုံးထိဆွဲဆုပ်ထားမယ်။
........
"ကုသမှုစခဲ့တာသုံးပတ်ကျော်ပြီ။ ဒီနေ့က တတိယအကြိမ် ဆေးသွင်းရမဲ့နေ့။ မင်းစေ့စပ်တဲ့နေ့။"
ယွီလန်ပေးသွားတဲ့ အထုပ်ကလေးကိုဖြေကြည့်လိုက်တယ်။ မျက်ရည်တွေဖျောကနဲပဲ။ အဲ့ဒီနေ့က သူချွတ်ချပြီး သူ့ခြေထောက်နဲ့ တက်နင်းခဲ့တဲ့ ဂျာကင်အင်္ကျီ။
(သူ့မှာ မင်းနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုက ဒီတစ်ခုပဲ ရှိတယ်တဲ့။ အရူးက ဆေးရုံလာတက်ဖို့ပြင်တာတောင် တခြားဟာတွေထက် ဒီအင်္ကျီပါထည့်မှာချည်းပဲဂျီကျနေတာ)
Goodbye လို့ခင်များကပြောချင်သေးတယ်လား။ ကျွန်တော့်ကို မစွန့်လွတ်နိုင်ပဲနဲ့လေ။
ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေတဲ့ ရှောင်းကျန့်က အရင်ကထက်သိသိသာသာပဲ ပိန်သွားတယ်။ ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေမို့ ဆံပင်တွေပါ စပါးနေပြီ။ ဒါပေမဲ့ ခင်များကကြည့်ကောင်းနေတုန်းပဲ။ ကျွန်တော်ကလည်း သဘောကျနေတုန်းပဲ။
"ရိပေါ်။ ဆေးရုံစည်းကမ်းတွေအတိုင်း အုပ်ထိန်းသူနေရာမှာ လက်မှတ်ထိုးရမယ့်လူလိုတယ်။ မင်းဆန္ဒရှိရင်.."
အနီရောင် ဖိုင်ကလေးကိုင်ပြီး ယွီလန်က တံခါးဝနေ ပွင့်ရုံကလေးတွန်းဖွင့်ရင်း ခေါင်းပြူမေးတယ်။
"ကျွန်တော့်လက်မှတ်ထိုးပေးပါ့မယ်။"
တွေဝေမှုမရှိပဲ ရိပေါ်ကဖြေတယ်။ ရှောင်းကျန့်ရဲ့ လက်ဖဝါးတစ်ဖက်ကို ခပ်ဖွဖွထွေးဆုပ်ထားတဲ့ ရိပေါ်ရဲ့ခပ်ကြီးကြီးညာလက်ကိုကြည့်ပြီး ယွီလန်ပြုံးရင်း ok! ' လို့ ခပ်တိုးတိုးဆိုတယ်။
ဒီနေ့ကစပြီး ခင်များရဲ့အုပ်ထိန်းသူက ကျွန်တော်ပဲ။ ခင်များအတွက် ကျွန်တော် လုပ်နိုင်တာရော..မလုပ်နိုင်တာရော...အကုန်လုပ်မှာမို့!
.......