ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 10 (Unicode)

19.2K 2.4K 137
By akyinnamon

အေဒီ ၇၈ ခုနှစ်
ပုံပေမြို့
ရောမအင်ပါယာ

နေ့လယ်ခင်းနေရောင်သည် အမိုးဖွင့်ပြဇာတ်ရုံကြီး၏ တစ်ဖက်ခြမ်းလှေကားများပေါ် ဖြာကျနေသည်။ အခြားအခြမ်းမှာတော့ ပြဇာတ်ရုံကြီး၏ နံရံရိပ်များကြောင့် နေရောင်မရှိ။

ပြဇာတ်ရုံကြီး ဘေးတွင်တော့ ပုံပေမြို့၏ နာမည်အကြီးဆုံးသော ဂလေဒီယေတာကျောင်းနှင့် လေ့ကျင့်ရေးကွင်းကြီးရှိသည်။ ညနေခင်းအချိန်ဖြစ်သောကြောင့် လူငယ်တစ်ချို့သည် ကွင်းပတ်လည်မှ လှေကားထစ် နေရာများတွင် ထိုင်ကာ တိုက်ခိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးနေကြသည်။ အခြားလူငယ်များမှာမူ ပြဇာတ်ရုံကြီးဘေးမှ လေ့ကျင့်ရေးကွင်းတွင် ကိုယ်တိုင်သွားရောက် လေ့ကျင့်နေကြသည်။

ပြဇာတ်ရုံကြီးနှင့် လေ့ကျင့်ရေးကွင်းကို သွားရောက်ကြည့်ရှုချင်သည်ဟု တောင်းဆိုလာသည့် အားရီးယူးစ်ကြောင့် လုလိယက်စ်နှင့် အားရီးယူးစ်သည် ယခုနေရာသို့ ရောက်နေကြခြင်းဖြစ်သည်။ ပြဇာတ်ရုံကြီး၏ ဝင်ပေါက်ကျယ်ကြီးမှတစ်ဆင့် လှေကားထစ်များအတိုင်း သူတို့ဝင်လာခဲ့ကြသည်။ ထို့နောက် လေ့ကျင့်နေသော တိုက်ခိုက်ရေးသမားများနှင့် အနီးဆုံးနေရာဖြစ်သည့် ရှေ့ဆုံးတန်းမှ အနိမ့်ဆုံးနေရာများထိရောက်အောင် ပြန်ဆင်းလာခဲ့ကြသည်။

"အရှင်လုလိယက်စ်.. ကြွပါ.. ကြွပါ"

ဂလေဒီယေတာများ လေ့ကျင့်ရေးဆောင်၏ ပိုင်ရှင်ဖြစ်သူ အသက်ခပ်ကြီးကြီး အဘွားအိုမှာ ဝမ်းသာအားရ ကြိုဆိုကာ နေရာပေးသည်။ သူမလည်ပင်းမှ အဖိုးတန် ရွှေဆွဲကြိုးကြီးမှာ ကိုင်းနေသော ခါးကို မမတ်နိုင်အောင် ကူညီပေးနေသလား အမှတ်မှားရသည်။ အဘွားအို ခပ်ယိုင်ယိုင် လမ်းလျှောက်လိုက်တိုင်း ယိမ်းထိုးနေသည်။ သိပ်မကြာလိုက်။ ကျွန်အမျိုးသမီးငယ်တစ်ယောက်သည် စပျစ်ရည်ကရားနှင့် ငွေဖလားခွက်များ တင်ထားသော လင်ဗန်းကို ယူလာပြီး အနီးရှိစားပွဲဝိုင်းငယ်ပေါ် ရိုကျိုးစွာ ချပေးသည်။ အဘိုးအို အဲလ်ဇီယိုနှင့် ဖဲလ်လစ်မှာတော့ လုလိယက်စ်၏ နောက်နားတွင် ခပ်ခွာခွာ ရပ်နေကြသည်။

ဂလေဒီယေတာ စစ်သားများသည် ဝတ်စုံအဖြစ် နံငယ်ပိုင်းသာ ဝတ်ဆင်ထားကြသည်။ တိုက်ခိုက်ရေးသမားများ၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာများမှာ လိမ်းကျံထားသော ဆီများကြောင့် လက်လက်ထနေသလို ချွေးများဖြင့် စိုရွှဲနေသည်။ လေ့ကျင့်ရေးဆရာများဖြစ်သည့် အသက်ကြီးကြီး ဂလေဒီယေတာစစ်သားဟောင်းများက နည်းပြအဖြစ် စစ်သားသစ်များကို သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။

ဓါးသံ၊ အော်ဟစ်သံ၊ အားယူသံများသည် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ လေ့ကျင့်ရေးအတွက် တကယ်တမ်းတိုက်ခိုက်ရမည့် လက်နက်များထက် များစွာ ပိုပြီး လေးလံသော သစ်သားဓါး၊ ဒိုင်းနှင့် လက်နက်များကို အသုံးပြုကြသည်။ ကြွက်သားများ ကြံ့ခိုင်ပြီး တကယ့်တိုက်ပွဲတွင် ပိုပြီး သွက်လက်စေရန်ဖြစ်သည်။ ခြေနင်းကွက်များအရွှေ့တွင် ထောင်းခနဲ ထလာသော ဖုန်မှုန်များကြားတွင် ကြံ့ခိုင်သန်မာသော ကိုယ်ခန္ဓာများ၏ လှုပ်ရှားမှုများသည် လှမ်းကြည့်ရုံနှင့် အားမာန်ပြည့်လာစေသည်။

"အား.. သူတို့ကိုကြည့်ရင်း ကျုပ်တောင် တိုက်ခိုက်ချင်လာပြီ အစ်ကိုရာ။"

အားရီးယူးစ်သည် ပခုံးကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ရင်း လက်ကို ပတ်ချာလည်ဝိုက်ကာ အားရပါးရပြောသည်။ မျက်လုံးများက တဖျတ်ဖျတ်အရောင်တောက်လို့နေသည်။ တိုက်ခိုက်ရေးကို အပျော်အပါးလောက် ၀ါသနာမပါသည့် ညီဖြစ်သူအကြောင်းကို သိနေသည့် လုလိယက်စ်မှာ ပြုံးရုံသာ။

"မင်းသဘောပဲလေ ညီ။ ဒီကလူတွေနဲ့တော့ မတိုက်နဲ့။ မင်းရော ငါပါ နာမည်ပျက်မှာ။"

"ဟာ အစ်ကိုရာ.. ကျုပ် သေချာလေ့ကျင့်ထားတာပါဗျ။"

အပေါ်ဝတ်ရုံကို ချွတ်ရင်း အားရီးယူးစ် လက်မောင်းကိုကွေးပြသည်။ အဖြူရောင် နုနယ်သော အသားအရေမှာ အမာရွတ်တစ်ခုပင်မရှိ။ နွေဦးရာသီ၏ တိမ်စိုင်များလို လှပနူးညံ့သည့် အသားအရေသည် ချမ်းချမ်းသာသာနေခဲ့ရခြင်း၏ အထိမ်းအမှတ်တစ်ခုလို။ လုလိယက်စ်သည် အားရီးယူးစ်ကို ဆန့်ကျင်ကာ အတိုက်အခံ မပြောတော့။ ညီဖြစ်သူစိတ်တိုင်းကျ အမြဲအလျှော့ပေးတတ်သူ ဖြစ်သောကြောင့် လေ့ကျင့်နေသော စစ်သားများကို လှမ်းကြည့်ရင်း အစေခံကျွန်တစ်ယောက်ကမ်းပေးလာသည့် စပျစ်ရည်ခွက်ကို လှမ်းယူလိုက်သည်။

အားရီးယူးစ်ကတော့ နေရာမှာ အငြိမ်ထိုင်နိုင်ဟန်မရှိ။ နေရာမှထသွားကာ လက်နက်များထားရာနေရာမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် အလုပ်ရှုပ်နေသည်။ ဓါးကိုကိုင်ကြည့်လိုက်၊ ပြန်ချလိုက်။ လှံတံရှည်ကို ကိုင်ကြည့်လိုက်၊ ပြန်ချလိုက်နှင့် စိတ်တိုင်းကျဟန်မတူ။ နောက်တော့မှ ခပ်လတ်လတ် ဓါးတိုတစ်ချောင်းနှင့် လူတစ်ကိုယ်လုံးကို အလွယ်တကူ ဖုံးနိုင်သည့် ဒိုင်းအနီကို ရွေးယူလိုက်သည်။ လေ့ကျင့်ရေးလက်နက်များမဟုတ်။ တကယ်တိုက်ခိုက်ရာတွင် အသုံးပြုသည့် မြနေအောင် ထက်မြက်နေသော ဓါးဖြစ်သည်။

"ဖဲလ်လစ်.. မင်းလာခဲ့။"

အားရီးယူးစ်၏ ခေါ်သံ။

လုလိယက်စ်၏ နောက်နားတွင် ရပ်နေသော အဘိုးအို အဲလ်ဇီယိုမှာ ခေါင်းပေါ်မှရှိသမျှ ဆံပင်မွှေးများ ထောင်တက်သွားသလို လန့်သွားသည်။ အားရီးယူးစ်၏ တောင်းဆိုမှုများသည် ထိတ်လန့်စရာတွေချည်းပင်။ မနေ့ညကပင် ဖဲလ်လစ်ကို အားရီးယူးစ်အခန်းရှိရာသို့ သူ ပို့ပေးခဲ့ရပြီးပြီဖြစ်သည်။ ဖဲလ်လစ်သည် အံ့သြဟန် မပြခဲ့။ ကြောက်ရွံ့ရှက်ရွံ့ပုံလည်းမရှိခဲ့။ အဘိုးအို၏ စကားအဆုံးမှာ ခံစားချက်မရှိသလို မျက်နှာသေနှင့် အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှာတော့ စကားတစ်ခွန်းမပြောဘဲ အားရီးယူးစ်အခန်းသို့ အေးဆေးစွာ လျှောက်သွားခဲ့သည်ပဲဖြစ်သည်။

ယခုတစ်ဖန် သူနှင့်တိုက်ခိုက်ရန် ဖဲလ်လစ်ကို အားရီးယူးစ် ခေါ်နေပြန်ပြီဖြစ်သည်။ လုလိယက်စ်များ တားလိုက်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် အဘိုးအို လှမ်းကြည့်သော်လည်း လုလိယက်စ်သည် ဘာမှမပြော။ ဘာတစ်ခုမှ မကြားရသလို ခပ်လှမ်းလှမ်းမှ ကွန်ဖြင့် တိုက်ခိုက်ရေးလေ့ကျင့်နေသည့် ဂလေဒီယေတာ တစ်ယောက်ကို လှမ်းကြည့်နေသည်။

"ဟေ့.. အကန်းကောင်.. လာခဲ့ပါဆို။"

ဖဲလ်လစ်ကို နောက်တစ်ကြိမ်လှမ်းခေါ်သည့် အားရီးယူးစ်အသံသည် စိတ်ရှည်သံ မဟုတ်တော့။ လုလိယက်စ်ကိုယ်တိုင် ဝင်မတားမှတော့ အဘိုးအိုလည်း ဘာမှမတတ်နိုင်တော့။ သွားလိုက်လေ ဟု ခပ်တိုးတိုးပြောရင်း ဖဲလ်လစ်ကို တွန်းထုတ်လိုက်ရသည်။ ဖဲလ်လစ်မှာ စိတ်ရှုပ်သလို မျက်နှာမသာမယာနှင့် ရှေ့သို့ထွက်လာသည်။ ဖဲလ်လစ် အနားရောက်သည်နှင့် မလှမ်းမကမ်းမှ လက်နက်များရှိရာသို့ အားရီးယူးစ် လက်ညှိုးညွှန်ပြသည်။

"မင်း ကြိုက်တာရွေး။"

"ကျွန်တော် တိုက်ခိုက်ရေးတွေ နားမလည်ဘူး သခင်လေး။"

"စိတ်မပူပါနဲ့။ ငါ မင်းကို မသတ်ပါဘူး။"

အားရီးယူးစ်သည် ဖဲလ်လစ်အခက်တွေ့နေသည်ကို သဘောကျနေသလို ပြုံးတုံ့တုံ့နှင့်ဖြစ်သည်။ လက်နက်များရှိရာသို့ တစ်ချက်လှမ်းကြည့်ရင်း ဖဲလ်လစ်သည် အကြီးအကျယ်မျက်နှာပျက်နေသည်။

"မြန်မြန်ရွေးစမ်းပါကွာ။ တစ်နေလုံး မင့်ကိုစောင့်နေဖို့ ငါ့မှာ အချိန်မရှိဘူး။"

အားရီးယူးစ်၏ ခပ်မြူးမြူးရယ်သံကြောင့် လေ့ကျင့်ရေးလုပ်နေသော ဂလေဒီယေတာစစ်သားများဆီမှပါ လှောင်ရယ်သံတစ်ချို့ ထွက်ပေါ်လာသည်။ အဝိုင်းပုံ ငွေဒိုင်းတစ်ခုနှင့် ထိပ်ပိုင်းတွင် ကောက်နေအောင် ပြုလုပ်ထားသောဓါးလတ်တစ်ခုကို ဖဲလ်လစ် ရွေးယူလိုက်သည်။ ထို့နောက်တွင်တော့ အားရီးယူးစ်ရှေ့သို့ လျှောက်သွားပြီး မလှမ်းမကမ်းတွင် ရပ်လိုက်သည်။

အားရီးယူးစ်သည် ကြွေကျနေသော သစ်ရွက်ခြောက်များကို နင်းရင်း တစ်လှမ်းချင်း ရှေ့သို့တိုးသွားသည်။ မျက်လုံးများကတော့ သူ့ရှေ့မှ ဖဲလ်လစ်ထံမှာ ဖြစ်သည်။ သိပ်မကွာဝေးတော့သော အနေအထားအရောက်တွင် အားယူသံနှင့် ဖဲလ်လစ်ရှိရာ ပြေးလာကာ ဝမ်းဗိုက်ရှိရာသို့ ဓါးဖြင့် ထိုးချလိုက်သည်။ ဓါးချက်ကို ဖဲလ်လစ် နောက်ဆုတ်ပြီး ရှောင်လိုက်သည်။ အရှိန်လွန်သွားသလို ဟန်ချက်လည်းပျက်ကာ လူက ယိုင်သွားသည်။ အားရီးယူးစ် နောက်တစ်ချက် ထပ်ထိုးလိုက်ချိန်မှာတော့ ယိုင်နေပြီဖြစ်သော ကိုယ်ခန္ဓာကြောင့် ဖဲလ်လစ်သည် မြေကြီးပေါ် ပက်လက်လန်ကျသွားရသည်။

"ဟား.."

အားရီးယူးစ်သည် ကျေနပ်သလို ဝမ်းမြောက်ဝမ်းသာနှင့် အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။ လုလိယက်စ်သည် လက်ထဲမှစပျစ်ရည်ကို မော့သောက်တော့မလို နှုတ်ခမ်းနားထိ ရွှေ့ယူလိုက်ပြီးမှ မသောက်သေးဘဲ သူ့ရှေ့မှ မြင်ကွင်းကို စူးစိုက်ကြည့်နေသည်။

"ဟေ့ကောင်လေး။ ပြန်ထလေ။"

မြေပြင်ပေါ်မှာ လဲကျနေသည့် ဖဲလ်လစ်၏ ပေါင်ကို အားရီးယူးစ် လှမ်းကန်လိုက်သည်။ စစတိုက်ခိုက်ချင်း အနိုင်ရလိုက်သဖြင့် ကျေနပ်နေသလို ခပ်ကြွားကြွားပုံစံနှင့်ဖြစ်သည်။ ဖဲလ်လစ်သည် မြေပြင်မှ လူးလဲထပြီး နေရာတကျ ပြန်ရပ်နိုင်အောင် ကြိုးစားသည်။ ဆံပင်နက်လိပ်များကြားတွင် မြေပြင်ထက်မှ သစ်ရွက်ခြောက်တွေရော၊ မြက်ပင်တစ်ချို့ပါ ရောကျန်နေခဲ့သည်။

ဖဲလ်လစ် မတ်တတ်ရပ်လိုက်သည်နှင့် အားရီးယူးစ်သည် လည်ပင်းနေရာကို ဓါးဖြင့်လှမ်းခုတ်လိုက်သည်။ ဒီတစ်ခါတော့ ဖဲလ်လစ်သည် ဒိုင်းကိုမကာ ကာလိုက်သည်။ ကြေး ကြေးချင်းတိုက်မိသံနှင့်အတူ နောက်ဘက်သို့ ခြေလှမ်း သုံးလေးလှမ်းလောက်ဆုတ်သွားပြီး ဖဲလ်လစ်လက်ထဲမှ ဒိုင်းမှာ လွတ်ကျသွားသည်။ ထို့အတူ မိမိရှေ့မှ တိုက်ခိုက်ပုံကို မျက်တောင်မခတ် စိုက်ကြည့်နေသည့် လုလိယက်စ်၏ မျက်ခုံးနှစ်ဖက်သည်လည်း တစ်ခုနှင့်တစ်ခု ထိစပ်လုနီးပါး မှောင်ကုတ်လာသည်။ လက်ထဲမှ စပျစ်ရည်ကို တစ်ငုံသောက်လိုက်ပြီး ဖန်ခွက်ကို အဘိုးအိုလက်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ နေရာမှ မတ်တတ်ထရပ်လိုက်သည်။

လုလိယက်စ် မတ်တတ်ရပ်လိုက်ကတည်းက လေ့ကျင့်ရေးကွင်းမှ ကစားသမား အတော်များများမှာ လေ့ကျင့်မှုများကိုရပ်တန့်လိုက်ကြသည်။ အားရီးယူးစ်နှင့် ဖဲလ်လစ်တို့ရှိနေရာ မြေကွက်လပ်ကို စိတ်ဝင်တစား လှမ်းကြည့်နေကြသည်။ လုလိယက်စ်သည် လှေကားထစ်များအတိုင်း ဆင်းသွားကာ အားရီးယူးစ် လက်ထဲမှ ဓါးကို လှမ်းယူလိုက်သည်။

"ညီ.. မင်း ဖယ်.."

ထို တစ်ခွန်းသာပြောသည်။ ထို့နောက်မှာတော့ ဖဲလ်လစ်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

အံ့သြမှုကြောင့် အဘိုးအို၏ ပါးစပ်များ ဟောင်းလောင်းပွင့်သွားသလို ကွင်းထဲတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။ ယခုအချိန်အထိ လုလိယက်စ်သည် လေ့ကျင့်မှုများမှလွဲပြီး မည်သူနှင့်မှ မတိုက်ခိုက်ခဲ့။ ယခုလို လူပုံလယ်တွင် တိုက်ခိုက်ရန်ကို မနှစ်သက်။ သို့ပေမယ့် လုလိယက်စ်သည် တိုက်ခိုက်ရေးတွင် သူမတူအောင် ကျွမ်းကျင်သည်ကို ပုံပေတစ်မြို့လုံး သိထားသည်။ နယ်စပ်စစ်ပွဲများတွင် အင်ပါယာရှင်၏ ယုံကြည်အားထားရသော စစ်ဗိုလ်ချုပ်အနေဖြင့် ရောမစစ်တပ်ကို ကြီးကြပ်အနိုင်ယူခဲ့သူတစ်ယောက်။ စစ်တပ်မှအနားယူကာ နိုင်ငံရေးလောကတွင် လွှတ်တော်အမတ်ဖြစ်သည့်တိုင် နေ့စဉ်နေ့တိုင်း တိုက်ခိုက်လေ့ကျင့်မှုမပြတ်ခဲ့သည့် လုလိယက်စ်၏ တိုက်ခိုက်ရေးကျွမ်းကျင်ပုံကို ပုံပေမြို့သားများ ကြားသိထားပေမယ့် တွေ့မြင်ဖို့ အခွင့်ကို ဘယ်တုန်းကမှ မရခဲ့ပေ။

ကျွန်တစ်ယောက်သည် လုလိယက်စ်အနားသို့ အပြေးအလွှား ပြေးလာကာ သံခေါင်းစွပ်ကို တရိုတသေကမ်းပေးသည်။ လုလိယက်စ်လက်မခံ။ လက်တစ်ဖက်နှင့် မလိုကြောင်းသာ အချက်ပေးရင်း ဖဲလ်လစ်ရှိရာသို့ စိုက်ကြည့်သည်။ လက်ထဲမှ ဒိုင်းကို ခပ်ဝေးဝေးသို့ လွှင့်ပစ်လိုက်ကာ ဓါးလက်ကိုင်ကို လက်နှင့်အုပ်ပြီး ပြောင်းပြန်ကိုင်လိုက်သည်။ ငွေဓါးသည် လက်၏အနောက်ဘက် မကျတကျတွင် ရောက်နေပြီး ဦးချွန်ပိုင်းသည် ကောင်းကင်ရှိရာ ဦးတည်နေသည်။

"မင်း အရင်တိုက်။"

လုလိယက်စ်၏အသံသည် ပြတ်သားသော အမိန့်သံ။ လုလိယက်စ်နှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဖဲလ်လစ်၏ မျက်လုံးနက်မှာ တည်ငြိမ်နေသော်လည်း စိုးရိမ်မှုတစ်ချို့ ဖြတ်ပြေးသွားသည်။ မျက်နှာတစ်ဝက်ကျော်ကို အုပ်ဆိုင်းထားသော ဆံပင်လိပ်ခွေများသည် ချွေးစေးများနှင့် ကပ်နေသည်။

အားရီးယူးစ်သည် နောက်ပြန်လျှောက်လာပြီး လုလိယက်စ်ထိုင်ခဲ့သည့် နေရာမှာ ထိုင်ချလိုက်သည်။ အဘိုးအိုလက်ထဲမှ ၀ိုင်ခွက်ကို ဆွဲယူကာ တစ်ကျိုက်တည်းနှင့် အကုန်မော့သောက်လိုက်ပြီးမှ ခွက်လွတ်ကို ပြန်ကမ်းပေးလိုက်သည်။ မျက်လုံးများသည် စိတ်လှုပ်ရှားတက်ကြွမှုကြောင့် တောက်ပနေသည်။

"ဖဲလ်လစ်.. ကိုယ်.. မင်းကို ညှာမှာမဟုတ်ဘူး။"

ခပ်တိုးတိုး စကားသံ။ လုလိယက်စ်သည် ငြိမ်သက်စွာ ရပ်နေသော်လည်း တောင့်တင်းမှုမရှိ။ တစ်ကိုယ်လုံး စိတ်လျှော့ထားသလို တည်ငြိမ်နေသော်လည်း ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးသည် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေသည်။

ဖဲလ်လစ်သည် ငြိမ်သက်စွာရပ်နေသည်မှာ ကျောက်ရုပ်တုတစ်ခုအလား အမှတ်မှားနိုင်သည်။ ခပ်ဝေ့ဝေ့တိုက်ခိုက်သွားသော လေညှင်းကြောင့် စည်းနှောင်ထားသော ဆံပင်လိပ်နက်များသည် လွင့်ခနဲ လှုပ်ရှားသွားရုံ။ အတန်ကြာမှ ရွေးစရာမရှိတော့သည်ကို နားလည်သည့်ဟန် လုလိယက်စ် ရှိရာသို့ လျှောက်လာသည်။ လုလိယက်စ်ကိုအလယ်ဗဟိုနေရာတွင်ထားရင်း ဘယ်ဘက်၊ ညာဘက်သို့ ရွှေ့ရင်း လစ်ဟာကွက်ကို စောင့်နေသည်။

ထို့နောက် လုလိယက်စ်၏ လည်ပင်းနေရာရှိရာသို့ ဓါးဖြင့် လှမ်းထိုးလိုက်သည်။ ဓါးကောက်သည် လည်ပင်း၊ ခြေထောက်၊ ခါးတို့ကို ဒဏ်ရာရစေရန် အထူးသဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဒါပေမဲ့ ဖဲလ်လစ်၏ ဓါးချက်တွင် ခွန်အားမပါ။ တိုက်ခိုက်ရေး နားမလည်သူတစ်ယောက်လို ဗလာသက်သက်ထိုးချက်မျိုးဖြစ်သည်။ လုလိယက်စ်သည် ဖဲလ်လစ်၏ဓါးချက်ကို ခေါင်းကိုနောက်ရွှေ့ရုံ တိမ်းရှောင်လိုက်သည်။ လေကိုသာ တိုးမိသွားသည့် ဝှီးခနဲမြည်သံကို အားလုံးကြားလိုက်သည်။

"ဟာ.."

ပရိသတ်ထံမှ ဟာခနဲ အော်မြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရိပ်ခနဲ နီးကပ်သွားသည့် အရိပ်နှစ်ခုနှင့်အတူ ဖြာထွက်လာသော သွေးစက်များကို မြင်လိုက်ရသည်။ လူချင်းကွဲသွားချိန်တွင် လုလိယက်စ်တွင် ထိခိုက်ရာတစ်ခုမှ မရှိပေမယ့် ဖဲလ်လစ်၏ပေါင်တွင် ဓါးဒဏ်ရာတစ်ခု။ သွေးနီများ ဖြန်းခနဲ ပန်းထွက်သွားပြီးမှ တစိမ့်စိမ့်ဆက်ပြီး စီးကျနေသည်။ ဒဏ်ရာကြောင့် ဖဲလ်လစ် မျက်နှာမပျက်ပေမယ့် နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။

အဘိုးအိုအယ်လ်ဇီယိုမှာ မျက်လုံးများ ပြူးကျယ်သွားသည်။ လုလိယက်စ်သည် ဖဲလ်လစ်အပေါ် သက်ညှာစွာတိုက်ခိုက်ခြင်း မရှိ။ မကြာသေးခင်လေးကမှ တိုက်ခိုက်ရေးကို မကျွမ်းကျင်ကြောင်း အားရီးယူးစ်ကို ဖဲလ်လစ် ပြောနေခဲ့သည်။ ဒါကို လုလိယက်စ် မကြားမိတာတော့ မဖြစ်နိုင်။ ဖဲလ်လစ်အတွက် စိတ်ပူကာ လုလိယက်စ်ကို အချိန်မီတားရန် အဘိုးအို ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"ဝင်မပါစမ်းနဲ့ အဘိုးကြီး။ ပွဲက အခုမှကြည့်လို့ကောင်းတာ။"

သို့ပေမယ့် အားရီးယူးစ်က လက်တစ်ဖက်ဆန့်ကာ တားလိုက်သည်။ စိတ်ဝင်စားစရာ အကောင်းဆုံးမြင်ကွင်းတစ်ခုကို မြင်ရသည်နှယ် ထိုင်ခုံမှပြုတ်ကျမတတ် ရှေ့တိုးကာ တိုက်ပွဲကို ဆက်ကြည့်နေသည်။

လုလိယက်စ်၏ ဓါးချက်များသည် အားအပြည့်။ ဟာကွက်မရှိ။

ရောမစစ်သားများသည် စစ်မြေပြင်တွင် ရန်သူတစ်ယောက်ကို မသေမချင်း သတ်ဖြတ်သည်မဟုတ်။ ခွန်အားနှင့်အချိန်ကို ချွေတာရန်အတွက် သေလောက်သည့် ဒဏ်ရာရရုံပြုလုပ်တိုက်ခိုက်ပြီးသည်နှင့် အခြားရန်သူတစ်ယောက်ရှိရာ ပြောင်းလဲတိုက်ခိုက်တတ်သည်။ လည်ပင်း၊ မျက်နှာ၊ ဝမ်းဗိုက်တို့ကို အဓိက ထားပြီး တိုက်ခိုက်သည်။ စစ်မြေပြင်တွင် ဓါးဒဏ်ရာနက်နက်တစ်ခုသည် လူတစ်ယောက် အသက်သေစေရန် လုံလောက်သည်။ ယခုလည်း လုလိယက်စ်သည် ဖဲလ်လစ်ကို သေကွင်းသေကွက်များကို တိုက်ခိုက်နေသည်မဟုတ်ပေမယ့် အသေသတ်ရန် ရည်ရွယ်ထားသော တိုက်ခိုက်မှုမျိုးဖြစ်သည်။ စစ်ပွဲအတွင်း တကယ့်ရန်သူတစ်ယောက်ကို တိုက်ခိုက်သလို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓါးချက်များကို ဒိုင်းငယ်ဖြင့်ကာရင်း အသည်းအသန် ရှောင်တိမ်းနေရသော ဖဲလ်လစ်ကိုကြည့်ရင်း အဘိုးအိုမှာ စိုးရိမ်ပူပန်မှုများကြောင့် ဘာလုပ်ရမှန်းမသိတော့။ ဒီအတိုင်းဆိုလျှင် ဖဲလ်လစ်သေသွားလိမ့်မည်။ အခုတောင် ပေါင်မှဒဏ်ရာကြောင့် ဖဲလ်လစ်၏ လှုပ်ရှားမှုများသည် နှေးကွေးနေသည်။ ကပ်သီးကပ်ဖဲ့ ရှောင်ရှားနေရသည့် ဖဲလ်လစ်၏ လက်မောင်းနှင့် ခါးတွင် အသွားနှစ်ဖက်လုံး မြနေအောင် ထက်သည့် ဓါးချက်နှင့် ပွတ်သပ်ရှထားသည့် ဒဏ်ရာများမှ သွေးတွေ စိမ့်ထွက်နေပြီဖြစ်သည်။

အဘိုးအိုမှာ သူ့ရှေ့မှ မြင်ကွင်းကို ဆက်လက်ကြည့်ရှုဖို့ပင် မဝံ့ရဲတော့။ အသက်ပင် မရှူနိုင်တော့။ လေ့ကျင့်ရေးကွင်းမှ ဂလေဒီယေတာ စစ်သားများအားလုံးသည်လည်း လုလိယက်စ်တို့ တိုက်ခိုက်နေရာသို့ တဖြည်းဖြည်းဝိုင်းအုံလာကာ စိတ်လှုပ်ရှားစွာ အားပေးနေကြသည်။

လုလိယက်စ်၏ တိုက်ကွက်များသည် ပြင်းသည်ထက်ပြင်းလာသည်။ ထက်သည်ထက် ထက်လာသည်။ ဓါးကို ဘယ်လက်နှင့် ညာလက်သို့ လျှင်မြန်စွာ ပြောင်းလဲကိုင်တွယ်ကာ အသုံးပြုပုံမှာ လျှပ်စီးလက်သည်လားဟုပင် ထင်ရသည်။ လုလိယက်စ်သည် ညာသန်သာမဟုတ်။ ဘယ်သန်လည်းဖြစ်သည်။ ဘယ်ရော၊ ညာပါ ခွန်အားအပြည့်တိုက်ခိုက်နိုင်သည်မှာ လုလိယက်စ်၏ အားသာချက်ဖြစ်သည်။ ယခုတော့ ထိုအားသာချက်သည် ဖဲလ်လစ်အတွက် လုံးဝအရေးမလှနိုင်တော့။

လုလိယက်စ်၏ တည်ငြိမ်သော မျက်လုံးများထက်မှာ ပြတ်သားမှုတစ်ခုရှိသည်။ ဒီပြတ်သားမှုသည် တစ်ဖက်သားကို အသေသတ်တော့မည့် ပြတ်သားမှုမျိုးဖြစ်ကြောင်း အဘိုးအို ကြက်သီးထစွာ နားလည်လိုက်သည်။ အဘိုးအို နားလည်သလို ဖဲလ်လစ်သည်လည်း နားလည်ပါလိမ့်မည်။ လုလိယက်စ်၏ ဓါးသွားကို လှိမ့်ရှောင်ရင်း လက်ထဲမှ ဓါးကောက်ကို လွှင့်ပစ်ကာ ဓါးရှည်တစ်ခုကို လျှင်မြန်စွာ လှမ်းယူလိုက်သည်။ မျက်တောင်တစ်ခတ်ပင် မကြာလိုက်။ မြန်ဆန်လွန်းလှသည့် အပြောင်းအလဲတစ်ခုကို ရိုးခနဲ ရိပ်ခနဲသာ မြင်လိုက်ရသည်။

ချွင်...

ဓါး၊ ဓါးချင်း ထိမိသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နှစ်ဖက်စလုံး မည်မျှ အားပြင်းသလဲဆိုတာကို လွင့်စင်သွားသော မီးပွား၊ မီးစများက သက်သေခံနေသည်။ လုလိယက်စ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွှတ်သွားသည်။

အရှင် မဲ့ပြုံးပြုံးလိုက်လေသလား။ အဘိုးအို မသေချာပါ။ ရိပ်ခနဲ မြင်လိုက်ရသော မျက်နှာအမူအရာကို အကဲခတ်ဖို့ သူ့မှာ အချိန်မရလိုက်။ လုလိယက်စ်သည် ကိုယ်ကိုပတ်ချာလည်လှည့်ပြီး ဖဲလ်လစ်၏ ကျောဖက်သို့ ရောက်သွားသည်။ ဒါပေမဲ့ ဖဲလ်လစ်သည်လည်း လုလိယက်စ်၏ တိုက်ကွက်များကို ကြိုမြင်နေရသူတစ်ယောက်လို ကာကွယ်ရန်အသင့်ဖြစ်နေသည်။

တဖြည်းဖြည်းနှင့် လုလိယက်စ်နှင့် ဖဲလ်လစ်တို့၏ တိုက်ခိုက်မှုတွင် ဘယ်သူသာသည်ဆိုတာကို ခန့်မှန်းရဖို့ပင် ခက်ခဲသွားသည်။ ဓါးချင်းထိသံ၊ ပွတ်ကာသီကာ လေထဲတွင် ဝေ့သီသွားသံများနှင့် တိုက်ခိုက်နေသူနှစ်ယောက်၏ ခြေထောက်အောက်မှ မြေမှုန်များ လွင့်စင်သွားမှုကိုသာ တွေ့ရတော့သည်။

နှစ်ယောက်စလုံး၏ လှုပ်ရှားမှုများက မြန်လွန်းသလို၊ တိကျလှသည်။ ထူးခြားသည်မှာ ခွန်အားဖြစ်သည်။ ဓါးချက်များ၏ ခွန်အားသည် မည်မျှပြင်းထန်သည်ဆိုသည်ကို တဖျတ်ဖျတ်လွင့်သွားသော ဆံပင်စများ၊ ဝတ်ရုံနားစများနှင့် တုန်ခါနေသော လက်မောင်းများက သက်သေခံနေသည်။ အဘိုးအိုသာမက ထိုတိုက်ပွဲကို ကြည့်ရှုနေသူများအားလုံး တဖြည်းဖြည်း ပါးစပ်များပွင့်ဟလာသည်အထိ အံ့သြနေကြသည်။ အဆင့်မြင့်စစ်သားနှစ်ယောက်၊ တစ်သက်တာလုံး တိုက်ခိုက်ရေးလေ့ကျင့်လာသူနှစ်ယောက် သူမသာ၊ ကိုယ်မသာ ယှဉ်ပြိုင်နေသည်နှင့် ဆင်တူသည့် တိုက်ခိုက်ပွဲတစ်ခုဖြစ်လာသည်။

သို့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ ဖဲလ်လစ်ဘက်က အရေးနိမ့်လာသည်။ တိုက်ပွဲအစက ရရှိထားခဲ့သော ဓါးဒဏ်ရာများကြောင့် အင်အားကုန်ခမ်းလာဟန်တူသည်။ ဓါးဒဏ်ရာများမှ ယခင်က စိမ့်ထွက်နေသော သွေးများသည် စီးကျနေသည်မှာ ကြာနေပြီဖြစ်သည်။ တိုက်ခိုက်ပွဲမြေပြင်ထက်တွင် ဖဲလ်လစ်ကိုယ်မှ သွေးစက်များ ပေကျံနေသည်။

ဒါပေမဲ့ လုလိယက်စ်သည် တိုက်ပွဲကို ရပ်တန့်မည့်ဟန်မရှိ။ အပွန်းအပဲ့များနှင့် ထက်မြက်မှုမရှိတော့သည့် လက်ထဲမှ ဓါးကို လွှင့်ပစ်ကာ လှံတံရှည်ကို လှမ်းယူလိုက်သည်။ လုလိယက်စ် လှံတံကို လှမ်းယူလိုက်သည်နှင့် ဖဲလ်လစ်သည်လည်း ဂလေဒီယေတာစစ်သားများ တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပိုက်ကွန်နှင့် ဓါးတို လှမ်းယူလိုက်သည်။

၀ိုင်းကြည့်နေကြသူများထံမှ အားပေးအော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။ လုလိယက်စ်သည် တိုက်ပွဲအစကလိုပင် တည်ငြိမ်စွာ ရပ်နေသည်။ ပြန့်ကျဲနေသောဆံပင်များ၊ စုတ်ပြဲနေသော ဝတ်ရုံအနားစများနှင့် နားထင်ထက်မှ ချွေးစီးကြောင်းတစ်ခု ရှိနေသည်မှလွဲပြီး ဘာဒဏ်ရာမှ မရှိ။ ဒဏ်ရာ ဒဏ်ချက် မြောက်မြားစွာနှင့် ဖဲလ်လစ်မှာတော့ မတ်မတ်ရပ်နိုင်ဟန်ပင်မရှိတော့။ လဲကျမသွားအောင် ဓါးဖြင့်မြေပြင်ကိုထောက်ရင်း ထိန်းနေရသည်။ သူ့တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေသလို တစ်ကိုယ်လုံး သွေးစီးကြောင်းများဖြင့် ချင်းချင်းနီနေသည်။

"အ.. အရှင်.."

အဘိုးအိုမှာ အရှင့်ကို လှမ်းတားဖို့ ကြိုးစားပေမယ့် မအောင်မြင်လိုက်။ မရပ်တန့်သေးသည့် တိုက်ခိုက်ပွဲသည် ဒုတိယအကြိမ် ပြန်လည် စတင်ပြန်ပြီဖြစ်သည်။ ဒီတစ်ခါတွင်တော့ လုလိယက်စ်သည် ပထမချိန်ကထက်ပင် ပိုပြီး ရက်စက်စွာ တိုက်ခိုက်သည်။ ရှောင်ဖို့၊ ကာကွယ်ဖို့ ခွန်အားနည်းနေပြီဖြစ်သော ဖဲလ်လစ်သည် လုလိယက်စ်၏ လှံဖျားတွင် အချိန်မရွေး အသက်ပါသွားနိုင်သည့် အခြေအနေဖြစ်သည်။ အခြားသူများ၏ စိတ်လှုပ်ရှားသံများကြားမှာ အဘိုးအိုမှာ တစ်ကိုယ်လုံးချွေးများဖြင့် စိုရွှဲနေသည်အထိ ကြောက်လန့်နေသည်။

ဖဲလ်လစ်သည်လည်း သူ့အခြေအနေကို သိပုံရသည်။ လုလိယက်စ် သူ့ကို ချမ်းသာခွင့်ပေးလိမ့်မည်ဟူသော ထင်မြင်ချက်ကို လုံးဝစွန့်လွှတ်လိုက်ဟန်တူသည်။ မိမိကိုယ်ကို ကာကွယ်ဖို့ထက် လုလိယက်စ်ကို ပြန်လည်တိုက်ခိုက်ဖို့သာ ကြိုးစားနေသည်။ လုလိယက်စ်၏လှံချက်များကို သူ့ရဲ့ပိုက်ကွန်အတွင်း ဖမ်းမိနိုင်ရန် ကြိုးစားနေသလို အခြားတစ်ဖက်မှ ဓါးတိုကိုလည်း အသင့်ကိုင်ထားသည်။ ချောင်ပိတ်မိနေသော ကျားသစ်တစ်ကောင်၏ အားမာန်နှင့် ထက်မြက်မှုကို အဘိုးအို သတိမထားဘဲ မနေနိုင်။ ဖဲလ်လစ်နေရာတွင် အခြားသူများသာဆိုလျှင် ဒူးထောက်အရှုံးပေးပြီး အညံ့ခံကာ အသက်ချမ်းသာရာရဖို့ အသနားခံကြမည်ပဲဖြစ်သည်။ ဒါပေမဲ့ ဖဲလ်လစ်ကတော့ ဒီလိုမဟုတ်။ အံကို တင်းတင်းကြိတ်ထားရုံသာ။ မျက်လုံးနက်များတွင် ကြောက်ရွံ့မှုအနည်းငယ်မှမရှိ။

လုလိယက်စ်၏ လက်ထဲမှ လှံတံမှာ ဖဲလ်လစ်လက်ထဲမှ ပိုက်ကွန်တွင် ကပ်ငြိကာ လွတ်ကျသွားသည်။ ဒါကို လုလိယက်စ် ဂရုမစိုက်။ လှံချက်ကို ကာကွယ်လိုက်ရချိန် လစ်ဟာသွားသော ဖဲလ်လစ်၏ ဝမ်းဗိုက်နေရာကို အားကုန်သုံးရင်း ခြေထောက်နှင့် ကန်လိုက်သည်။ ပြင်းထန်လှသော ကန်ချက်ကြောင့် ဖဲလ်လစ်သည် နောက်သို့ ယိုင်သွားသည်။ သွေးစတစ်ချို့ အန်ထွက်သွားသည်ကိုလည်း တွေ့လိုက်ရသည်။ လုလိယက်စ်သည် ကန်ချက်ကိုရုပ်လိုက်သည်နှင့်တစ်ပြိုင်နက် အနားမှာရှိနေသော ဓါးတိုကို လှမ်းယူလိုက်သည်။ ထို့နောက် ဖဲလ်လစ်ရှိရာသို့ အပြေးလိုက်သွားကာ ဓါးကို လက်ပြောင်းကိုင်ကာ ဖဲလ်လစ်၏ လည်ပင်းနေရာသို့ ထိုးသွင်းလိုက်သည်။ ရန်သူကို ခုခံခွင့်ပင် မပေးဘဲ နောက်ဆုံးအပြီးသတ် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

"ဟာ.."

ကျယ်လောင်သော အာမေဋိတ်သံများကို ကြားလိုက်ရသည်။ အဘိုးအိုမှာ မျက်လုံးများကို ယောင်ယမ်းပိတ်လိုက်မိသည်။ သူ မမြင်ရက်တော့။ ဖဲလ်လစ်ဆိုသည့် ကောင်လေးကို သဘောမကျပေမယ့် သူ့ရှေ့မှာ သွေးရဲရဲ သံရဲရဲနှင့် အသတ်ခံနေရသည်ကို မြင်ရဖို့တော့ သူ့မှာ ခွန်အားမရှိ။ တီးတိုးသံများကို ကြားလိုက်ရသည်။ တင်းကြပ်စွာ ပိတ်စေ့ထားသော မျက်လုံးများကို ကြိုးစားဖွင့်ရင်း သူ့မျက်စိရှေ့မှ မြင်ကွင်းကို မရဲတရဲနှင့် အဘိုးအို လှမ်းကြည့်မိသည်။ လုလိယက်စ်၏ ဓါးဦးသည် ဖဲလ်လစ်၏ လည်ပင်းနားတွေ တေ့ပြီး ရပ်နေသည်။ အဆုံးထိ ထိုးမသွင်းလိုက်။

ဖဲလ်လစ် အသက်ရှင်နေသေးသည်။

အဘိုးအိုမှာ အခုမှပင် အသက်ရဲရဲရှူရဲတော့သည်။ ဒါပေမဲ့ ချက်ချင်းလိုပင် အံ့သြမှုများကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ဖဲလ်လစ်၏ ဓါးဦးသည်လည်း လုလိယက်စ်၏ ဝမ်းဗိုက်ကို ချိန်ရွယ်ထားသည်။ ရှေ့တစ်လက်မလောက်တိုးသည်နှင့် ဝမ်းဗိုက်တစ်ဆုံး ထိုးဝင်ပြီးသားပင်ဖြစ်သွားလိမ့်မည်။ ဆိုလိုသည်က လုလိယက်စ်၏အသက်သည်လည်း ဖဲလ်လစ်၏ လက်အတွင်းမှာ။ ထိုဓါးဦးကို ဖဲလ်လစ်သာ ရှေ့ဆက်ထိုးသွင်းလိုက်မည်ဆိုလျှင် လုလိယက်စ် သေသွားနိုင်သည်။

နှစ်ယောက်စလုံး သေသွားနိုင်သည်။

ဒီအဖြေကို သိရချိန်မှာ အဘိုးအိုမှာ စောစောက ကြောက်လန့်ရသည်ထက် ပိုပြီး ကြောက်ရွံ့သွားမိသည်။ ဘာမှမဟုတ်သည့် ကျွန်တစ်ယောက်ဟု ထင်ထားခဲ့သည့် ဖဲလ်လစ်သည် အရှင်လုလိယက်စ်ကို သတ်လိုက်နိုင်သည်။ ဒီ့ထက်မကသေးပါ။ ဖဲလ်လစ်သည် လုလိယက်စ်ကဲ့သို့ ၀ါရင့် စစ်ဗိုလ်ချုပ်တစ်ယောက်လို ထပ်တူထပ်မျှ တိုက်ခိုက်ရေးမှာ ကျွမ်းကျင်သည်။

မဖြစ်နိုင်။ ဘယ်လိုမှ မဖြစ်နိုင်။

လုလိယက်စ်သည် သူ့လက်ထဲမှ ဓါးကို ရုပ်သိမ်းကာ နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ မျက်လုံးများကတော့ သူ့ရှေ့မှ ဖဲလ်လစ်ကို စိုက်ကြည့်နေဆဲဖြစ်သည်။ ဖဲလ်လစ်သည် အင်အားမရှိတော့ဘဲ ဒူးထောက်ကျသွားသည်။ မြေပြင်ကို ဓါးနှင့်ထောက်ပြီး အားယူလိုက်သောကြောင့်သာ လဲကျ မသွားခြင်းဖြစ်သည်။ ချောင်းဆိုးလာပြီး ပါးစပ်မှ နောက်ထပ် သွေးစအချို့ အန်ထွက်လာသည်။

ဖဲလ်လစ်ကို ငုံ့ကြည့်နေသော လုလိယက်စ်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီရဲနေသည်။ ဓါးရိုးကိုဆုပ်ကိုင်ထားသော လက်များသည် တဆတ်ဆတ်တုန်ခါနေသည်။ ကွင်းတစ်ခုလုံး ဘာသံမှမကြားရအောင် တိတ်ဆိတ်နေသည်။ ဖဲလ်လစ်ရှိရာကို ကျောပေးလိုက်ပြီးမှ လုလိယက်စ်သည် သူ့လက်ထဲမှ ဓါးကိုငုံ့ကြည့်သည်။ အံကိုကြိတ်ထားသည်မှာ နှုတ်ခမ်းများ ပြတ်ထွက်မတတ်။

"မင်းက တိုက်ခိုက်ရေး နားမလည်ဘူး။ ဟုတ်လား ဖဲလ်လစ်။"

လုလိယက်စ်သည် လက်ထဲမှ ဓါးကို လက်နက်များထားရာ စားပွဲပေါ်သို့ အရှိန်ပြင်းစွာ ထိုးစိုက်ချလိုက်သည်။ စားပွဲသာမက အပေါ်တင်ထားသော လက်နက်များ တုန်ခါသွားသည်။ ကွင်းပြင်ကျယ်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသည်။

Continue Reading

You'll Also Like

159K 17.9K 94
ဘာသာပြန်သူ - စွဲညို့အသင်း
90.4K 11.5K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
69K 3.5K 15
S-1ဖတ်ပြီးရင်တော့ ဆက်စပ်မိမှာပါ။ မဖတ်ဖူးသေးလည်း S-1နဲ့ ကွဲလွဲတဲ့ ဇတ်အိမ်တစ်ခုနဲ့ ရေးထားပါတယ်။ အချစ်တွေနဲ့ သာယာနေတဲ့ သူတို့ဘဝထဲကို တတိယလူ တွေ ဝင်လာတဲ့...
94.3K 4.7K 13
(Zawgyi +Unicode) ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မင်း အတွက် စိတ်ပင်ပမ်းမူတွေကို ပြေပျောက်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တော့ ဖြစ်မှာပါ။ ...