အခန်း(၂၃) - Jelly But Bitter
Unicode
[ကတိတည်စွာထွက်သွားခဲ့ပြီ .....]
ဟန်လင်းထက် ရေချိုးဆောင်ကနေပြန်လာတဲ့အခါ ခုတင်ပေါ်တွင် Gameဆော့ရင်းငြိမ်လျက်သားကျနေသော မင်းစက်ကိုတွေ့လိုက်ရလေသည်။ထိုအခိုက် ဟန်လင်းထက်ရဲ့နှုတ်ခမ်းလွှာတို့ကအပေါ်ဘက်ဆီသို့ကွေးညွှတ်တက်သွားပြီးနောက် ငြင်သာစွာစကားဆိုလိုက်သည်။
"ကိုစက် မနက်ဖြန် unity fairလာမှာလား"
"အင်းလာမှာလေ။"
"Ok။ ဒါနဲ့ကျနော့်ကိုအားပေးဖို့လာမှာများလား"
ဟန်လင်းထက်ကမင်းစက်အားစကားနှိုက်လိုက်သော်လည်း မင်းစက်ဆီမှဘာအသံမှဆက်ထွက်မလာခဲ့ပေ။အနည်းငယ်ကြာသောအခါတွင်မှ မင်းစက်ရဲ့မျက်ဝန်းတွေကမျက်စိရှေ့ကလူချောလေးအားဖြတ်ခနဲပင့်ကြည့်လာပြီးနောက် သူ့ရဲ့နှုတ်ခမ်းလွှာတွေကိုပွင့်ဟလိုက်ကာရိသဲ့သဲ့ကလေးဆိုလာခဲ့သည်။
"အကိုအားမပေးလည်း အလင်းကိုအားပေးမယ့်လူတွေပေါပါတယ်။အထူးသဖြင့်မေဂျာပေါင်းစုံကနှုတ်ခမ်းနီမအချောလေးတွေပေါ့ ဟုတ်တယ်မှတ်လား"
ထိုအခါဟန်လင်းထက်က သဘောတကျနဲ့ပါးချိုင့်လေးတစ်ခွက်ပေါ်တဲ့အထိရယ်လာခဲ့ရင်း သူ့ရဲ့ရေစိုနေတဲ့ဆံပင်တွေကိုသုတ်နေတဲ့တဘက်လေးအား သူ၏ခုတင်ပေါ်ပစ်တင်လိုက်ပြီးနောက်မင်းစက်ရဲ့ခုတင်ရှိရာဘက်ဆီသို့ဦးတည်လိုက်သည်။
မင်းစက်မျက်နှာအပ်ထားတဲ့ ဖုန်း screenလေးအားတွန်းဖယ်ပစ်လိုက်ပြီးနောက် အံ့ဩမှုအပေါင်းတို့ခညောင်းနေပါတဲ့ တစ်ယောက်သောသူရဲ့အနီရင့်ရောင်မျက်နှာလေးကို ထိုလူသားလေးရဲ့လည်ပင်းနောက်နေရာကနေဆွဲကိုင်လိုက်လျက် သူ့ရဲ့အနီးနားသို့အနီးကပ်ဆွဲယူလိုက်တော့သည်။
ဟန်လင်းထက်ရဲ့နက်မှောင်ညစ်ထေးနေတဲ့မျက်ဝန်းအရောင်နဲ့အပြုံးတို့ကိုမြင်တော့မင်းစက်ရဲ့မျက်ဝန်းတွေကဝိုင်းစက်လာရကာ သူကထိုလူဆိုးကောင်ရဲ့ရင်ဘက်တစ်နေရာ၌လက်တွေကိုထောက်လိုက်လျက်တွန်းကန်လိုက်လေ၏။
"ဘာ...ဘာ...လုပ်မလို့လဲ"
"ပြောကြည့်ပါဦး။ကိုစက်ကကောကျနော်ဘာလုပ်မယ်လို့ထင်လဲ"
ဟန်လင်းထက်ကမျက်ခုံးတစ်ဖက်ပင့်ကာအက်ရှရှဆိုလာတော့ မင်းစက်ကပို၍ထိတ်လန့်လာရသည်။
"အလင်း ဖယ်ကွာ။မဟုတ်တရုတ်တွေမလုပ်စမ်းနဲ့"
"ဟားဟား ကိုစက်ကကောကျနော် ဘာမဟုတ်တရုတ်တွေလုပ်မယ်လို့ထင်နေတာလဲ"
ထို့နောက်အနေအထားမှာရုတ်ချည်းပြောင်းသွားရပြီး ဟန်လင်းထက်က သူ့ရဲ့ ကိုယ်ပေါ်ကို လုံးဝအုပ်မိုးထားလိုက်လေပြီ။
ထိုအခိုက်မင်းစက်ရဲ့ဦးနှောက်ထဲမှာအန္တရာယ်အချက်ပေးသံတွေက မရပ်မနားမြည်ဟီးလာရကာ
မင်းစက်တစ်ယောက်ခုတင်ပေါ်ကနေကုန်းရုန်းထလိုက်သော်လည်း ဟန်လင်းထက်က အလွတ်မပေးဘဲသူ့ရဲ့ကိုယ်လေးကိုပြန်တွန်းချလာခဲ့သည်။
ပြီးတဲ့နောက်မင်းစက်ရဲ့လက်နှစ်စုံအား ခပ်ချောချောလူငယ်လေးရဲ့သန်မာတဲ့လက်တစ်စုံကတင်းကြပ်စွဲမြဲစွာဆွဲကိုင်ထားလိုက်ကာခုတင်တစ်ဖက်တစ်ချက်စီတွင်ဖမ်းချုပ်ထားလိုက်ပေတော့သည်။
ဘယ်စကားကများ ဒီကောင်လေးရဲ့သွေးဆိုးတွေကိုသွားစစေခဲ့ပါသနည်း.......
မင်းစက်ခမျာကြောက်လဲကြောက်မိသလို ယောကျာ်းလေးတစ်ယောက်ကတခြားယောကျာ်းလေးတစ်ယောက်ရဲ့တွန်းလှဲခြင်းကိုခံထားရတာကြောင့်ခံပြင်းဒေါသလည်းထွက်မိရပေမယ့် တဒုတ်ဒုတ်နဲ့ခုန်ပေါက်နေတဲ့ရင်ခုန်သံတွေကိုကြားနေရတဲ့အခါ သူငြိမ်ကျသွားခဲ့ရသည်။သူ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကမူမမှန်တော့ပေ။
အနီးကပ်မြင်နေရတဲ့ချောမောကြည့်ကောင်းတဲ့မျက်နှာတစ်သွယ်၊အညိုရင့်ရောင်မျက်ဆံလေးတွေနဲ့ဆွဲဆောင်မှုရှိပါတဲ့အလင်းရဲ့မျက်ဝန်းလေးတွေ၊ နတ်ဆိုးဆန်စွာကွေးတက်နေတဲ့ပါးလျလျနှုတ်ခမ်းလေးတွေဆီအကြည့်ရောက်သွားတဲ့အခါ သူ့ရဲ့နှလုံးသားလေးဟာရင်ခုန်သံစည်းချက်တို့လွဲချော်နေခဲ့ရသည်။
ဟန်လင်းထက်က မင်းစက်ရုတ်တရက်ငြိမ်သက်သွားတာကြောင့်သူ့ရဲ့မျက်ဝန်းလေးတွေကိုမှေးစင်းလိုက်ပြီး စိတ်ဝင်တစားနဲ့မေးလာခဲ့သည်။
"ကိုစက် ဘာလို့ငြိမ်ကျသွားတာလဲ ။ဘုရားစာတွေဘာတွေရွတ်နေတာတော့မဟုတ်ဘူးမှတ်လား"
'လခွမ်း!!!!!! သေနာလေး ငါ့ကိုလာလှောင်နေတယ် !! '
"ဖယ်စမ်း ! အကိုဒီလိုကြီးနေနေရတာ တကယ်အဆင်မပြေဘူး"
"အဲ့ဒါဆို မနက်ဖြန်ကျနော့်ကို အားပေးဖို့လာမှာလို့ပြောလေ။ဟိုငကြောင်ကောင်ကိုအားပေးမယ့်အစားပေါ့။"
"ဆက်နောင်ကအကိုတို့မေဂျာကလေ အကို့မှာသူ့ကိုအားမပေးချင်ရင်တောင်အားပေးရမယ့်တာဝန်ရှိတယ်"
ထိုစကားကအဖြေမှန်မဟုတ်သည်ဖြစ်မည်။ဟန်လင်းထက်ကမျက်မှောင်ပိုကြုတ်သွားကာ ကလေးဆိုးတစ်ယောက်ကဲ့သို့ရစ်နေခဲ့ပြန်လေသည်။
"ဒါပေမယ့်ကျနော်မကြိုက်ဘူးလေ။အဲ့ကောင်ကို supportပေးတာမျိုးကို"
"အလင်းရာ မရစ်စမ်းနဲ့ကွာဖယ်တော့"
"မဖယ်ဘူး။"
"အလင်း!!"
မင်းစက်ကအံကြိတ်ကာထဖို့ပြင်လိုက်သော်လည်းတစ်စုံတစ်ယောက်ရဲ့အဖိခံထားရတာကြောင့်သူ့ရဲ့ကိုယ်လေးကခုတင်ပေါ်၌ထိကပ်နေရာကနေနည်းနည်းမှကြွမလာခဲ့ပေ။
"ကျနော် depressionဝင်သွားပြီ။ဖယ်ပေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူး"
"အဲ့တော့ ဒီညဒီလိုကြီးအိပ်မလို့လား"
"အင်း ကောင်းသားပဲ"
"ဟန်လင်းထက်!!!!!!!!!အာ့!!"
ထိုသို့ခေါ်သံကိုကြားလိုက်ရတာနဲ့မင်းစက်ရဲ့လက်နှစ်ဖက်စလုံးဟာဆိုရင်အားပြင်းပြင်းနှင့်ဖျစ်ညှစ်မှုတစ်ခုကိုခံစားလိုက်ရလေသည်။
'ငုံးးးးးးး '
"ကျနော် ပြောထားတယ်လေ။ကျနော့်ကိုအဲ့လိုခေါ်တာမကြိုက်ဘူးလို့"
ဟန်လင်းထက်ရဲ့အသံတို့ကခုနတုန်းကထက်အနည်းငယ်တင်းမာလာပြီး စနောက်နေတာနဲ့မတူတော့ပေ။
"အဲ့လိုခေါ်တာမကြားချင်ရင် အခုဖယ်"
"ရပါတယ်လွယ်လွယ်လေးပါ။ကိုစက်ဆီကအဲ့လိုခေါ်သံမကြားနိုင်မယ့်တစ်နည်းရှိတယ်။ကိုစက် စမ်းကြည့်ချင်လား"
ဟန်လင်းထက်ကသူ့ရဲ့ညာဘက်မျက်ခုံးသားလေးအားအပေါ်ဘက်ဆီသို့စင်ရော်တောင်ပမာတွန့်ကွေးချိုးလိုက်ပြီးနောက် ညစ်ကျဲကျဲရယ်ကာဆိုလာသံကြားတဲ့အခါ မင်းစက်ရဲ့နှလုံးအိမ်မှာသိမ့်ခနဲတုန်ယင်သွားလေ၏။
ထိုကောင်လေးရဲ့နူးညံ့ရှတသောရယ်သံလေးတွေရပ်စဲသွားပြီးတဲ့အခါ စက္ကန့်ပိုင်းမျှပင်မကြာလိုက် မင်းစက်ရဲ့နှုတ်ခမ်းတစ်စုံကဟန်လင်းထက်ရဲ့နှုတ်ပိတ်အပြစ်ပေးခြင်းကိုခံလိုက်ရလေသည်။ထိုအခါမင်းစက်ရဲ့မျက်ဝန်းသူငယ်အိမ်တို့ကထွက်ကျလုမတတ်ပြူးကျယ်ဝိုင်းစက်လာခဲ့ရလေ၏။
'ဖာ့ခ် !!!! '
ပြင်းပြပူနွေးတဲ့ဝင်လေထွက်လေတို့ကနှစ်ဦးသားအကြားအချိန်အတော်ကြာတဲ့အထိရောယှက်နေခဲ့ရကာ တစ်စုံတစ်ယောက်ရဲ့ဖျော့တော့တော့အသက်ရှူသံလေးတွေကထွက်ပြေးရုန်းကန်နေခဲ့ပြီး တခြားတစ်ယောက်ရဲ့ဆန္ဒပြင်းပြနေရှာတဲ့အသက်ရှူသံလေးတွေကအမိအရလိုက်လံဖမ်းဆီးနေခဲ့သည်။
မင်းစက်ရဲ့အပေါ်အောက်နှုတ်ခမ်းတစ်စုံလုံးက ဟန်လင်းထက်ရဲ့ကျွမ်းကျင်ပိုင်နိုင်စွာဆော့ကစားနေမှုအောက်ကနေလွတ်မြောက်စွာရုံးမထွက်နိုင်ခဲ့။
ပြီးတော့ ထိုလူဆိုးလေးရဲ့ပူနွေးနွေးလျှာဖျားလေးကလည်း သူ့ရဲ့နှုတ်ခမ်းတွေကိုလျက်လိုက်ရင်းမှ နယ်နိမိတ်ကျော်လာရန်အချက်ပြနေခဲ့သည်။
'ခွေးဆိုးလေး!!!! ဒါမင်းရဲ့ပထမဆုံးအနမ်းတော့မဟုတ်လောက်ဘူး ဒီလောက်ကျွမ်းကျင်နေတာ!!'
အခန်းတစ်ခုလုံး၌ အတက်အကျမညီသောအသက်ရှူသံများနှင့် စည်းချက်ကျစွာမြည်ဟီးနေသောတိုင်ကပ် နာရီရဲ့ တချက်ချက်မြည်သံများက နံရံများကိုရိုက်ခတ်လျက် သူတို့နှစ်ဦးအားအဖော်ပြုပေးလျက်ရှိသည်။
နာရီလက်တံအရှည်လေးက 1ဆိုတဲ့နံပါတ်ကလေးမှ 3ဆိုတဲ့ နံပါတ်လေး ဆီသို့တရွေ့ရွေ့ဆင်းလာခဲ့သော်လည်း နှစ်ဦးသားရဲ့ ထိစပ်သွယ်ယှက်ထားတဲ့နှုတ်ခမ်းအစုံတို့ကတော့ အနည်းငယ်မျှတောင်ခွဲခွာသွားခြင်းမရှိခဲ့ပေ။
မင်းစက်ခမျာအောက်စီဂျင်ပြတ်လပ်လာပြီးအသက်ရှူမရဖြစ်လာတာကြောင့် ဟန်လင်းထက်ရဲ့ချုပ်တီးမှုကနေသူ့ရဲ့နာကျင်နေတဲ့လက်၂ဖက်ကိုလွတ်အောင်လုပ်လိုက်ပြီး ထိုကောင်လေးရဲ့ရင်ဘတ်အားအကြမ်းပတမ်းဆွဲထိုးပစ်လိုက်ပါတော့သည်။
'အာ့!!!'
မင်းစက်ရဲ့နှုတ်ခမ်းသားတို့ဟာခွေးကောင်လေးရဲ့ချုပ်နှောင်မှုကနေလွတ်မြောက်သွားပြီးနောက် ငံကျိကျိအရသာတစ်ဖုံကခံတွင်းဆီသို့စီးဝင်လာခဲ့သည်။
စပ်ဖျဥ်းဖျဥ်းနာကျင်သွားရတဲ့အောက်နှုတ်ခမ်းလေးကိုထိကိုင်ကြည့်လိုက်လေသော် သူ့ရဲ့လက်ချောင်းထိပ်လေးမှာသွေးစက်လေးတစ်စက်ကပ်ငြိပါလာတာကြောင့်မင်းစက်တစ်ယောက်အမျက်ခြောင်းခြောင်းထလာရတော့သည်။
"သွေး!။ အလင်းမင်းကခွေးလား ဘာကိစ္စကိုက်တာတုန်း! ခွေးကောင်ရ !!"
ဟန်လင်းထက်က ခုတင်ဘေး၌မတ်တပ်ထရပ်လိုက်ကာသူ့နှုတ်ခမ်းထက်မှာတင်ကျန်နေတဲ့ချိုမြမြသွေးစက်လေးကိုလျှာဖျားလေးနဲ့အရသာရှိစွာလျက်လိုက်ရင်း ကျေနပ်မှုအပြည့်နဲ့ဆိုသည်။
"ကျနော့်နည်းလမ်းကထိရောက်သားပဲ။"
ထိုအခါ မင်းစက်က ဟန်လင်းထက်ကိုမျက်ထောက်နီကြီးနဲ့စိုက်ကြည့်လာကာ အံတကြိတ်ကြိတ်ဖြင့် လက်ညှိုးထိုးလျက် ဒေါသတကြီးအော်ပြောလာခဲ့သည်။
"မင်း! မင်း! မင်းကငါ့ကိုကစားစရာအရုပ်တစ်ရုပ်လိုသဘောထားနေတာပဲ!
ငါကမင်းပျင်းတိုင်းကြိုက်ရာဆော့ကစားပိုင်ခွင့်ရှိတဲ့ကစားစရာမဟုတ်ဘူးကွ ! "
"မင်းအမြင်မှာ ငါကမင်းအတွက်ဟာသလိုပဲဖြစ်နေတာလား ? ဟုတ်လား ဟန်လင်းထက် !
မင်းကိုငါတော်တော်စိတ်ဆိုးတယ်။ငါ မင်းမျက်နှာကိုထပ်မမြင်ချင်ဘူး!!!"
မင်းစက်ကတရှုးရှူးတရှားရှားနဲ့ဒေါသပုန်ထကာအခန်းထဲမှထွက်သွားမည်အပြု ဟန်လင်းထက်ကမင်းစက်အားသူ့ရင်ခွင်ထက်ဆီသို့ပြန်ဆောင့်ဆွဲလိုက်ပါတော့သည်။
သူကမင်းစက်ရဲ့ကိုယ်လေးကိုသိမ်းကျုံးဖက်ထားလိုက်ပြီးနောက် မြတ်နိုးရတဲ့လူသားလေးရဲ့ပုခုံးတစ်ဖက်မှာ သူရဲ့မေးစေ့လေးကိုတင်လိုက်ကာခပ်အက်အက်ဆိုလာသည်။
"ကိုစက်က ကျနော့်အတွက် ကစားစရာလည်းမဟုတ်သလို ဟာသလည်းမဟုတ်ဘူး။
ကိုစက်က တကယ်တော့ ကျနော်သိပ်ချစ်ရတဲ့ ကျနော့်ချစ်ရသူဗျ!!။"
"ကျနော့်နှလုံးသားကိုအမြဲချုပ်ကိုင်ထားနိုင်တဲ့တစ်ဦးတည်းသောသူ။
ကျနော့်အသက်ကိုတောင် ကိုစက်လိုချင်ရင် ကျနော်တစ်ချက်မတွန့်ပဲပေးနိုင်တယ်။
အဲ့လောက်ထိ ကိုစက်ကိုရူးရူးသွပ်သွပ်ချစ်နေရတယ်ဆိုတာ ကိုစက်သိရဲ့လား။"
ထိုစကားတို့ကသူ့ရဲ့နားဖျားထက်ကနေနှလုံးသားထိတိုင်အောင်ပဲ့တင်ထပ်သွားတဲ့အခါ မင်းစက်ရဲ့ကိုယ်လေးက ရုတ်တရက်တောင့်ခဲသွားရပြီး ဟန်လင်းထက်အားအဝေးဘက်ဆီသို့အစွမ်းကုန်တွန်းဖယ်ပစ်လိုက်ပေတော့သည်။ရုတ်တရက်မို့ဟန်လင်းထက်လည်းကြောင်အသွားပြီး သူ့ရဲ့နောက်ကျောကအခန်းနံရံနဲ့ဝုန်းခနဲဝင်ဆောင့်သွားခဲ့ရသည်။
ဟန်လင်းထက်ရဲ့မျက်ဝန်းတွေကချက်ချင်းနီရဲတက်လာကာမင်းစက်ရဲ့မျက်နှာလေးအားမိန်းမောစွာဖြင့်ငေးကြည့်နေခဲ့သည်။
"ကိုစက်!"
"ငါတို့ကယောက်ျားလေးတွေလေ။ဘယ်လိုလုပ်ချစ်လို့ရမှာလဲ"
"အချစ်မှာအဲ့တာတွေလိုလို့လားဗျာ။ကျနော်ကကိုစက်ကိုချစ်ပြီးကိုစက်ကကျနော့်ကိုချစ်ရင်ပြီးပြီလေ။
ဘာကိုဂရုစိုက်စရာလိုသေးလို့လဲ"
ဟန်လင်းထက်ကထိုသို့ဆိုရင်းမင်းစက်ရဲ့အနားဆီသို့တိုးကပ်လာတော့ မင်းစက်ကအနောက်ဘက်ဆီသို့ခြေလှမ်းလိုက်ပြီး ဟန်လင်းထက်နဲ့ဝေးရာကိုသာထွက်ခွာသွားဖို့ဆန္ဒရှိခဲ့သည်။
"ငါ Gay မဟုတ်ဘူး။ငါယောက်ျားချင်းမကြိုက်ဘူး။
ပြီးတော့ ငါ မင်းမျက်နှာကိုလည်းထပ်မမြင်ချင်ဘူး"
ဟု စိမ်းကားမှုအပြည့်နဲ့ပြောလာပြီးနောက်မင်းစက်ကအခန်းထဲမှပြေးထွက်သွားခဲ့လေသည်။
ဒီတစ်ခါမှာတော့ဟန်လင်းထက်ထံ၌ မင်းစက်ဆိုတဲ့လူသားလေးအား သူ့အနားသို့ပြန်ဆွဲခေါ်ထားဖို့ရာအတွက် ခွန်အားတို့ကုန်ခမ်းနေခဲ့ရလေပြီ။
'ကျနော့်အနားကနေအမြဲတမ်းထွက်ပြေးချင်နေတဲ့လူသားလေးက ကျနော်ဖမ်းဆွဲထားလည်း ကျနော့်ဆီကနေထွက်ပြေးနေဦးမှာပဲ....'
••••••••••••••••••••••••••••••••••••••••••••••••••
"ညီ မနက်ဖြန်သွားမယ့်အချိန်အကို့ကိုပြောလေ အကိုလိုက်ပို့မယ်"
မင်းခန့်ထည်က Laptopရှေ့၌ထိုင်နေကာ Assignmentရေးရန်အချက်အလက်တွေကိုရှာဖွေနေရင်း တစ်ဖက်ခုတင်ပေါ်၌ထိုင်လျက်ကျောပိုးအိတ်ထဲသို့အဝတ်အစားများကိုသပ်သပ်ရပ်ရပ်စီထည့်နေပါတဲ့ ရှိုင်းဇေယံလေးအားခေါင်းလှည့်ကြည့်၍ဆိုလိုက်လေသည်။
"အကိုအားလို့လား။မနက်ဖြန် unity fairလည်းရှိသေးတယ်လေ။အကို ကျနော်နဲ့လိုက်လို့အဆင်ပြေပါ့မလား"
"ဘာလို့အဆင်မပြေရမှာလဲ ညီနဲ့သွားမှာပဲကို။ပြီးတော့ ညီကအခုမှပထမဆုံးသန်လျင်ကနေမြို့ထဲဘက်ကူးမှာလေ။စဉ်းစားကြည့် အကိုညီ့ကိုတစ်ယောက်တည်းဘယ်လိုစိတ်ချရမလဲ"
မင်းခန့်ထည်စကားဆုံးတော့ရှိုင်းကဘာစကားမျှထပ်မပြောလာခဲ့ပေမယ့် နူးညံ့လှပတဲ့အပြုံးလေးတစ်ပွင့်ကတော့ ချစ်စရာကောင်လေးရဲ့မျက်နှာထက်တွင်ခပ်ဖွဖွဖူးပွင့်လျက်ရှိလေသည်။
ထိုအခိုက်
"ခန့်ထည် သားကြီး တံခါးဖွင့်စမ်းပါ"ဟူတဲ့အသံတစ်သံနဲ့အတူအခန်းတံခါးကိုအပြင်ဘက်မှထုရိုက်တဲ့အသံတွေပါဆက်ထွက်လာတာကြောင့် မင်းစက်အသံမှန်းအတပ်သိနေတဲ့အခန်းထဲရှိ၂ယောက်စလုံးမှာအခန်းတံခါးဆီသို့တပြိုင်နက်လှည့်ကြည့်ဖြစ်ကြလေသည်။
မင်းခန့်ထည်လည်းအခန်းတံခါးဆီလျှောက်သွားလိုက်ပြီး တံခါးချက်လေးကိုဖွင့်လိုက်တော့ မင်းစက်ကကြောက်ရွံ့ထိတ်လန့်နေတဲ့ကတုန်ကယင်ပုံစံဖြင့်အခန်းထဲသို့အလျင်စလိုပြေးဝင်လာတာကြောင့် မင်းခန့်ထည်နဲ့အတူ ရှိုင်းဇေယံပါထိတ်လန့်သွားရလေသည်။ မင်းခန့်ထည်ကအခန်းတံခါးကိုအမြန်ပိတ်လိုက်ကာ တုန်လှုပ်နေရှာတဲ့မင်းစက်ဆီလျှောက်သွားလိုက်ပြီးစိုးရိမ်တကြီးမေးလာခဲ့သည်။
"ဟိတ်ကောင် မင်းဘာဖြစ်လာတာတုန်း! !"
ရှိုင်းဇေယံကလည်းသူ့ရဲ့ခုတင်ပေါ်ကနေခုန်ထလာကာမင်းစက်ရှေ့သို့အပြေးရောက်လာလေ၏။
"အကိုမင်းစက် ဘာဖြစ်လာတာလဲ!"
"ဟင်!!! ငါ....ငါ.....ဘာ...မှ...မ....ဖြစ်"
မင်းစက်ရဲ့အသံတို့ကတုန်ရီထစ်အနေကာစကားတစ်ခွန်းတောင်အဆုံးမသတ်နိုင်ခင်မှာပင်ပျောက်ရှပြတ်တောက်သွားရသည်။
"မင်းစက် ဘာဖြစ်လာတာလဲဆိုတာပြောပြစမ်းပါကွာ။
အခု မင်းပုံစံက ဘာမှမဖြစ်တဲ့ပုံစံမဟုတ်ဘူးကွ"
မင်းခန့်ထည်ကမင်းစက်ကိုဆို သာမန်အချိန်တွေမှာဘယ်လောက်ပဲခွေးမစားဝက်မစားဆဲဆိုနေပါစေ သူ့သူငယ်ချင်းကိုလာထိလို့ကတော့ငြိမ်နေမယ့်ကောင်တော့မဟုတ်။
မင်းစက်ရဲ့ထိုသို့သောပုံစုံမျိုးကိုသူတစ်ခါမှမမြင်ဖူးတာကြောင့် သူ့သူငယ်ချင်းပုံစံကိုကြည့်နေရင်း သူ့ရဲ့နှဖူးကြောတို့ကပေါက်ထွက်တော့မတတ်ထင်းစွာထောင်ထလာတော့လေသည်။ဒေါသအိုးမင်းခန့်ထည်ကလက်သီးတပြင်ပြင်ဖြစ်နေကာ သူ့ရဲ့မျက်နှာကမုန်တိုင်းတစ်ခုသဖွယ်ကြမ်းတမ်းခက်ထန်နေပြီးအရာအာလုံးကိုပျက်စီးခြေမှုန်းဖို့ရာအသင့်ဖြစ်နေသည်။
ထို့နောက် မင်းခန့်ထည်ကမင်းစက်ရဲ့မျက်နှာအားသေချာကြည့်လိုက်တဲ့အခါ သွေးစို့နေသောအောက်နှုတ်ခမ်းကို မျက်လုံး၂ဖက်ကနေတပ်အပ်မြင်လိုက်ရတာကြောင့်သူထပ်ပြီးပေါက်ကွဲလာရပြန်လေသည်။
"မင်း နှုတ်ခမ်းကဘာဖြစ်လာတာတုန်း။မင်းကိုဘယ်သူဆွဲထိုးလိုက်တာလဲ။
ငါ့ကိုအခုချက်ချင်းပြောပြစမ်း !"
မင်းစက်ကမင်းခန့်ထည်ရဲ့မျက်လုံးတွေကိုမကြည့်လာဘဲခေါင်းငိုက်စိုက်လျက်တိုးဖျစွာဆိုလာခဲ့သည်။
"မတော်တဆ ခိုက်မိတာ"
"မဟုတ်တာတွေတော်လိုက်တော့ မြတ်မင်းစက်!။မင်း ဟိုအကောင် ဟန်လင်းထက်နဲ့ပြဿနာတက်လာတာမှတ်လား။ဟိုအကောင်မင်းမျက်နှာကို ဆွဲထိုးလိုက်တာမှတ်လား။"
မင်းခန့်ထည်မှာအင်္ကျီလက်တွေကိုအကြမ်းပတမ်းဆွဲတင်လိုက်ရင်း သူ့ခမျာလုံးဝဒေါသထွက်နေပြီဖြစ်သည်။
"တောက်!!!!! ဒီကောင်ကွာ ငါ့ကိုမကျေနပ်တာနဲ့ မင်းကိုမဲစရာလား။ဘယ်မှာလဲ အဲ့အကောင်။ငါအဲ့အကောင်နဲ့စာရင်းသွားရှင်းမှဖြစ်တော့မယ်!!"
မင်းခန့်ထည်ဆိုသည်မှာ နူးညံ့ပျော့ပျောင်းပြီဆိုလျှင်ဖယောင်းတို့ကတောင်အရှုံးပေးရပေမယ့် ဒေါသမီးတောက်လာပြီဆိုလျှင်တော့အားပြင်းသောငရဲမီးတို့ကတောင်အရှုံးပေးရလောက်သောလူစားပင်။
"အကို စိတ်လျှော့ပါဗျာ။အကိုမင်းစက်ကိုလည်းသေချာအောင်မေးကြည့်ပါဦး။"
ရှိုင်းကမင်းခန့်ထည်ရဲ့ လက်မောင်းအားဆုပ်ကိုင်လိုက်ရင်းတားမြစ်လိုက်တော့ မီးတဝင်းဝင်းတောက်နေတဲ့မင်းခန့်ထည်ကအနည်းငယ်ငြိမ်ကျသွားလေသည်။
"မင်းခန့် ငါဘာမှမဖြစ်ဘူး။ငါမတော်တဆထိခိုက်မိတာ။ပြီးတော့ ဟန်လင်းထက်နဲ့ပြဿနာတက်လာတာလဲမဟုတ်ဘူး။
စိတ်အေးအေးထားစမ်းပါကွာ"
မင်းစက်ကထိုသို့ဆိုရင်းအရိပ်အခြည်တစ်ခုပြလာတာကြောင့် အရိပ်အကဲသိနေတဲ့မင်းခန့်ထည်ကသူ၏ဒေါသတွေကိုတခနပြန်မျိုသိပ်လိုက်ကာရှိုင်းဇေယံဘက်လှည့်လျက်ဆိုလာ၏။
"ညီ အကိုတို့အပြင်ဘက်မှာစကားသွားပြောလိုက်ဦးမယ်။မနက်ကျရင် အစောကြီးထရမှာဆိုတော့ gameအရမ်းဆော့မနေနဲ့နော်ဟုတ်ပြီလား။"
သူ့စကားကြားတော့ကောင်လေးက လိမ္မာစွာခေါင်းငြိမ့်ပြလာတာကြောင့်မင်းခန့်ထည်က ထိုကလေးရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်လေသည်။
"ပြီးတော့ အရမ်းလည်းစိတ်မပူနဲ့ဦး "
ထို့နောက်မင်းခန့်ထည်က မင်းစက်အားတစ်ချက်ရှုကြည့်လိုက်ပြီး မေးဆတ်ပြကာအခန်းထဲကနေခေါ်ထုတ်သွားတော့သည်။
"ဟိုအကောင် ထွက်ခဲ့!"
မင်းခန့်ထည်နောက်ကနေ မင်းစက်လည်းလိုက်ထွက်သွားတာကြောင့် အခန်းထဲတွင်ရှိုင်းတစ်ယောက်တည်းသာကျန်ခဲ့တော့လေသည်။
အခန်းထဲကနေထွက်လာပြီးနောက် မင်းခန့်ထည်နဲ့မင်းစက်တို့၂ယောက်သားသည်အဆောင်အနောက်ဘက်နားဆီသို့ဦးတည်လိုက်သည်။
အဆောင်အနောက်ဘက်နေရာဆိုသည်မှာ နှစ်ကြီးကျောင်းသားတို့ရဲ့ခိုလှုံရာ၊ ဆေးလိပ်ခိုးသောက်ရာ ၊သံစဉ်များသီကုံးဖွဲ့ဆိုရာ Guitar သံတို့ဖြင့်ပြည့်နှက်နေသော စိတ်အပန်းဖြေစရာနေရာတစ်ခုဖြစ်ပေသည်။
တစ်ခါတစ်လေကျနောက်ဆုံးနှစ်စီနီယာကြီးတွေက ထိုနေရာ၌ဘီယာခိုးသောက်တတ်တာကြောင့် ဘီယာခွံတစ်လုံးစနှစ်လုံးစမျှ လက်ကျန်ကျန်ရစ်နေတတ်ကာ မင်းခန့်ထည်ကသူ၏ဖိနပ်အောက်၌လဲလျောင်းနေတဲ့ဘီယာဗူးခွံတစ်ခုကိုတစ်ဖက်သို့ကန်ထုတ်လိုက်လေသည်။
သတ္တုသံလေးတစ်သံကညပုစဥ်းသံတွေကြား၌ကြည်လင်ကွဲထွက်စွာထွက်ပေါ်လာ ကာ နောက်ဆုံးဘီယာခွံလေးဟာကွန်ကစရစ်မြောင်းလေးထဲသို့ထိတိုက်ပြုတ်ကျသွားပါတော့သည်။
မင်းခန့်ထည်က အနည်းငယ်မြင့်တဲ့အုတ်ခုံလေးပေါ်သို့ခုန်ကာတက်ထိုင်လိုက်ပြီးနောက်မင်းစက်ကလည်းထိုနေရာ၌ဝင်ထိုင်လာခဲ့သည်။
"ကဲ..ပြောလို့ရပြီလား။မင်း နှုတ်ခမ်းပေါက်လာတဲ့အကြောင်း"
မင်းစက်ကတော်တော်နဲ့ပြန်ဖြေမလာတာကြောင့်မင်းခန့်ထည်ကသက်ပြင်းချကာခေါင်းတဆတ်ဆတ်ငြိမ့်လာခဲ့သည်။
"မင်း ဒီလောက်တွန့်ဆုတ်နေပုံပေါက်ရင် ဒီကိစ္စကသာမန်တော့မဟုတ်ဘူးမှတ်လား"
"မင်းကိုငါတစ်ခုမေးချင်တာရှိတယ်"
"ဘာလဲ"
"မင်း Gayတွေကိုမုန်းလား"
မင်းစက်အမေးကိုကြားတော့မင်းခန့်ထည်ကမျက်မှောင်ကြုတ်လိုက်ကာ သူပြန်ဖြေဖို့အတွက်စကားစရှာမရခဲ့ပေ။
"ဘာကိစ္စဒီအကြောင်းလဲ"
"ငါမေးတာကိုမင်းဖြေရင်။မင်းမေးတာကိုငါဖြေမယ်"
"မသိဘူး။"
"ဒါဆို LGBTကိုမင်းလက်ခံလား"
"ငါမသေချာဘူး"
"အဲ့တာဆို အချစ်မှာလိင်ခွဲခြားစရာလိုလား မလိုဘူးလား"
"တစ်ယောက်နဲ့တစ်ယောက်ချစ်ရင်ပြီးတာပဲမဟုတ်ဘူးလား။အဲ့တာတွေလိုလို့လား"
"မင်းပြောတော့ LGBT ကိုလက်မခံဘူးဆို"
ထိုအခါမင်းခန့်ထည်က သူ့ရဲ့မျက်တောင်လေးတွေကိုလှုပ်ရှားလိုက်လျက်အူကြောင်ကြောင်မျက်နှာပေးနဲ့ငြင်းဆန်လာခဲ့သည်။
"ငါလက်မခံဘူးလို့မပြောပါဘူး။မသေချာဘူးလို့ပဲပြောတာပါ။
ငါက Gayတစ်ယောက်မဟုတ်တော့ အဲ့အကြောင်းတွေကိုသေချာသိပ်မသိဘူးလေကွာ"
မင်းစက်ကငူငူငိုင်ငိုင်နဲ့ထိုင်နေရင်းကနေသူ့မျက်နှာကိုလက်ခုပ်ထဲထည့်အုပ်ထားရင်းအသံခပ်အုပ်အုပ်နဲ့ကရားရေလွတ်ရေရွတ်လာခဲ့သည်။
"သူကပြောတယ်သိလား။ငါကသူ့ကိုချစ်ပြီးတော့ သူကငါ့ကိုချစ်ရင်ပြီးပြီတဲ့။
ဘာတွေဂရုစိုက်ရမှာလဲတဲ့လေ။
ဒီကလေးတကယ်ပဲဘာတွေတွေးနေလဲဆိုတာငါမသိတော့ဘူးကွာ။
သူကချစ်တာတစ်ခုတည်းကိုပဲသိတာ။ကြုံတွေ့ရမယ့်ချောက်နက်ကြီးတွေကိုကျ သူမှမသိသေးတာ။"
"ငါကသိသိကြီးနဲ့ အဲ့ကလေးကိုချောက်နက်ကြီးထဲဆွဲခေါ်ချလိုက်ရင် သူ့ကိုလည်းငါမာန်လိုပဲဆုံးရှုံးလိုက်ရမှာကွ။ငါဘယ်လိုပြောမှသူနားလည်မှာလဲ။ငါ Gayမဟုတ်ဘူး။ငါယောက်ျားချင်းမကြိုက်တတ်ဘူး။ဒါပေမယ့် သူနဲ့ပက်သတ်ပြီးဖြစ်ပေါ်လာရတဲ့ရင်ခုန်သံတွေ၊ခံစားချက်တွေကိုလည်း ငါတစ်ချိန်လုံးထိန်းချုပ်ထားလို့မရခဲ့ဘူး။အဲ့လိုဖြစ်တဲ့ ငါ့ကိုယ်ငါလည်းမုန်းတယ်။ငါ့ကိုအမြဲတမ်းအဲ့လိုဖြစ်အောင်ပြုစားနိုင်တဲ့ သူ့ကိုလည်းငါဒေါသထွက်တယ်။"
"မင်းသိလား အဲ့ကောင်လေးကိုငါကျောခိုင်းဖို့တိတ်တဆိတ်ကြိုးစားခဲ့ဖူးသေးတယ်။ဒါပေမယ့်ကြိုးစားတိုင်းလည်းအရာမထင်ခဲ့ဘူး။........"
မင်းခန့်ထည်ကိုပြန်ကြည့်လာတဲ့မင်းစက်ရဲ့မျက်ဝန်းတွေကမျက်ရည်စတွေနဲ့ပြည့်နှက်နေပြီးနီရဲရီဝေနေတာကြောင့် မင်းခန့်ထည်ကသက်ပြင်းဖွဖွချလျက် သူ့သူငယ်ချင်းရဲ့ပုခုံးပေါ်ကိုလက်တင်ဖက်လိုက်တော့သည်။
"ဆိုတော့ကာ လက်စသတ်တော့ ဟန်လင်းထက်ကမင်းကိုထိုးလိုက်တာမဟုတ်ဘဲ ရည်းစားစကားပြောလိုက်တာပေါ့။
အဲ့အရာကလည်း ဟိုကမင်းကိုခပ်ကြမ်းကြမ်းနမ်းပြီးကိုက်လိုက်တာကြောင့်ရလာတဲ့ဒဏ်ရာပေါ့လေ"
မင်းစက်ကမင်းခန့်ထည်အားဆွေကြည့််လာရင်းထမဆဲမိအောင်မနည်းထိန်းထားရလေ၏။သူ့သူငယ်ချင်းရှက်ရမ်းရမ်းနေမှန်းသိတဲ့မင်းခန့်ထည်ကအပြင်မှာတော့ထုတ်မရယ်ခဲ့ပေမယ့်ရင်ထဲ၌တော့ကြိတ်ရယ်နေခဲ့ပေသည်။
"ဟန်လင်းထက်ကသတ္တိတော့အတော်ကောင်းသားပဲ။ငါ့သူငယ်ချင်းကို ငါတောင်မသိလိုက်ရတဲ့အချိန်တိုအတွင်းမှာရအောင်လိုက်သွားနိုင်တယ်တဲ့ ဟမ့် !"
ပေါတောတောနုံအအနဲ့ နှစ်တစ်ထောင်အကြီးစားFAဖြစ်ပါတဲ့ မင်းစက်ဆိုတဲ့သူ့သူငယ်ချင်းအားသူ့နောက်ကွယ်မှာ အလစ်သုတ်ဖို့ပြင်နေတဲ့ဟန်လင်းထက်အတွက် မင်းခန့်ထည်ဟာဆိုရင် ရင်ထဲအသည်းထဲ၌ဓားသွေးထားပြီးပြီဖြစ်သည်။
"မင်းငါ့ကိုရွံသွားပြီလားမင်းခန့်။"
"ဘာကိစ္စရွံရမှာလဲ။မင်းက ငါမင်းကိုရွံသွားလားမရွံဘူးလား အခုဂရုစိုက်နေရမှာမဟုတ်ဘူး။ မင်းရင်ထဲကလူကိုသာ လမ်းမှားမရောက်အောင်ဂရုစိုက်ရမှာ။
ဒီအရွယ်တွေကအသဲကွဲရင်ထိန်းချုပ်ရခက်တယ်။အထူးသဖြင့် သူ့လိုတဇွတ်ထိုးတစောက်ကမ်းတွေကပိုဆိုးတယ်။"
"အလင်းက မာန်နဲ့တော့တော်တော်ဆင်ပေမယ့်။စိတ်ဓာတ်ကတော့မပျော့ညံ့ဘူး။သူ သူ့ကိုယ်သူတော့စောင့်ရှောက်နိုင်မှာပါ။
ခံစားချက်တွေကတော့ လေပြေတွေလိုပါပဲ တိုက်ခတ်လာချိန်ခနပြီးရင် သူ့အလိုလိုပျောက်ကွယ်သွားကြမှာပဲ။အဲ့လိုပဲဖြစ်ဖို့ငါမျှော်လင့်တယ်။ မှားမှန်းသိရဲ့သားနဲ့မှားအောင်လုပ်မိရင် ငါတော်တော်ရူးတဲ့အရူးမို့လို့ပဲနေမှာ။"
အေးစိမ့်နေတဲ့ဆောင်းလေအေးတို့ဝေ့တိုက်လာတဲ့အခါ အဖြူရောင်လက်ရှည်တစ်ထပ်တည်းကိုသာဝတ်ဆင်ထားတဲ့မင်းစက်တစ်ယောက် သူ့ရင်ထဲကအပူမီးတွေကြောင့်အအေးဒဏ်ကိုတောင်မခံစားနိုင်ခဲ့ပေ။
ထိုစဥ်မင်းခန့်ထည်ကအလင်းနှစ်များစွာကွာဝေးလွန်းပါတဲ့ကြယ်စင်တန်းတွေဆီငေးကြည့်နေရင်း သူစိတ်ထဲမှာမှန်မယ်ထင်တဲ့အတွေးတို့နဲ့အတူပြောပြလာခဲ့သည်။
"အဲ့အမှားအတွက်မင်းတာဝန်ယူနိုင်ရင်တော့ မမှားသင့်လည်းမင်းမှားရမှာပဲ။တစ်ချိန်ကျရင်မင်းမမှားမိခဲ့တဲ့အမှားအတွက် နောင်တရချင်ရနေမှာပေါ့။မင်းသေချာစဉ်းစားပါ။ငါတော့ သိပ်ပြီးအကြံမပေးတတ်ဘူး။ကာယကံရှင် မင်းကဆုံးဖြတ်ရမှာဆိုတော့ မင်းပဲသေချာစဉ်းစားဖို့လိုတယ်။"
သူကခပ်ဟဟရယ်လာရင်းမင်းစက်ရဲ့ခေါင်းကိုတစ်ချက်တီးထည့်လိုက်ပါတော့သည်။
"မြတ်မင်းစက် မြတ်မင်းစက် နောက်ဆုံးတော့ မင်းတောင်ချစ်တတ်လာခဲ့ပြီပဲ"
ထို့နောက်မင်းခန့်ထည်ကအုတ်ခုံပေါ်၌ထရပ်လိုက်ကာ အောက်သို့ခုန်ဆင်းသွားခဲ့လေသည်။
"အပြင်မှာအေးတယ် အခန်းပြန်ရအောင်။
ရှိုင်းလေး ငါတို့ကိုစောင့်နေလိမ့်မယ်။ငါတို့မပြန်သွားမချင်းသူအိပ်ဦးမှာမဟုတ်ဘူး"
မင်းစက်ကမင်းခန့်ထည်ရဲ့ကျောပြင်တစ်နေရာကိုရှုကြည့်နေရင်း အုတ်ခုံပေါ်ကနေအော်ပြောလိုက်လေ၏။
"ဒါနဲ့စကားမစပ် မင်းတောင် အချစ်အကြောင်းတွေနားလည်တတ်နေပြီပဲ"
မင်းစက်စကားကြားတော့မင်းခန့်ထည်ကနောက်ပြန်လှည့်လာလျက် ခပ်စူးစူးတစ်ချက်စိုက်ကြည့်လာကာ မျက်ခုံးတွေကိုတွန့်ချိုးထားချေသည်။
"ဟန်လင်းထက်နမ်းလိုက်လို့မင်းဦးနှောက်ကခွေးစားသွားတာလား"
"ဟုတ်ပါပြီ ငါပဲမှားတာပါ "
••••••••••••••••••••••••••••••••••••••••••••••••••
မနက်မင်းစက်နိုးလာတော့ အခန်းထဲတွင်ရှိုင်းဇေယံနှင့်မင်းခန့်ထည်တို့၂ယောက်စလုံးမရှိတော့ပေ။မင်းစက်လည်းညကအခန်းမပြန်ဖြစ်ပဲ မင်းခန့်ထည်တို့အခန်းတွင်သာညအိပ်လိုက်လေသည်။
မင်းခန့်ထည်ကတော့ ရှိုင်းဇေယံရဲ့တိုက်ခန်းကိုလိုက်ပို့ရန်အတွက် ရှိုင်းနဲ့အတူတူလိုက်သွားသည်မှာပြောစရာပင်မလိုတော့ပေ။
ဒီနေ့မနက်Unity Fairသို့သွားရဦးမည်ဖြစ်တာကြောင့် သူအခန်းဆီမပြန်တော့ပဲ မင်းခန့်ထည်ရဲ့Uniformတစ်စုံကိုယူဝတ်လိုက်၍ အဆောင်ကနေတန်းထွက်လာခဲ့လိုက်သည်။
Unity Fairရောက်တော့ နားနေခန်းထဲတွင်လူတော်တော်များများစုံနေပြီဖြစ်ကာ ထိုလူအုပ်ထဲတွင်တော့ လူဆိုးလေးနဲ့ဆင်တူတဲ့အရိပ်အယောင်တစ်စွန်းတစ်စမျှရှာမတွေ့ခဲ့ပေ။
"အကိုကတော့ဗျာ အခုမှလာတာလား"
Suitအပြည့်ဝတ်ထားတဲ့ဆက်နောင်ခကမင်းစက်ကိုမြင်တာနဲ့အပြေးပြေးလာပြီးပုခုံးကနေသိုင်းဖက်လျက်မေးလာလေသည်။
"အေးအခုမှလာတာ။ငါတို့မေဂျာက Queenကောရောက်ပြီလား"
"ရောက်ပြီလေ။ဟိုနားမှာ Seniorမကြီးတွေက make upပြင်ပေးနေတယ်"
ဆက်နောင်လက်ညှိုးထိုးပြတဲ့ဆီကိုကြည့်လိုက်တော့ထားသရဖီဦးကQueenညီမလေးကိုမိတ်ကပ်ပြင်နေရင်းနဲ့သူ့အားပြုံးပြလာတာကြောင့် သူလည်းပြန်ပြုံးပြလိုက်ပေသည်။
"Ok။လူစုံပြီဆိုတော့ စိတ်အေးသွားရပြီ။"
မင်းစက်ကထိုသို့ပြောနေစဉ်အတွင်း Archi majorမှဂျူနီယာညီမလေးတစ်ဦးက မင်းစက်ဘေးဆီသို့ရောက်လာလေသည်။
"ဟိုလေ အကိုက အကိုမြတ်မင်းစက်လား"
ကောင်မလေးရဲ့တွန့်ဆုတ်တွန့်ဆုတ်နဲ့မေးသံလေးကိုကြားတော့မင်းစက်ကလှည့်ကြည့်လိုက်ကာခေါင်းငြိမ့်ပြရင်းပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ ညီမ"
"အကိုက ဟန်လင်းထက်ရဲ့အခန်းဖော်ဆိုတာဟုတ်လား"
"အင်း ဟုတ်တယ်လေ။"
"အဲ့ဒါဆိုရင်လေ အခုဟန်လင်းထက်ဘယ်မှာရှိလဲအကိုသိလားဟင်။အကိုအဆောင်ကထွက်လာတုန်းကကော ဟန်လင်းထက်နဲ့တွေ့သေးလား"
"မတွေ့ဘူး ညီမ။ဟန်လင်းထက်ဘာဖြစ်လို့လဲ"
သူ့ရဲ့အဖြေကိုကြားတော့ကောင်မလေးရဲ့မျက်နှာကပိုပြီးငိုမဲ့မဲ့လေးဖြစ်သွားကာ ချက်ချင်းပင်ငိုချတော့မတတ်ဆိုလာသည်။
"ဟန်လင်းထက်ကအခုထိ Unity Fairကိုရောက်မလာသေးဘူး အကို။
ပွဲချိန်ကလည်းစတော့မယ်။ဖုန်းနဲ့ဆက်သွယ်တာလည်းဆက်သွယ်လို့မရဘူးဖြစ်နေတယ်။အကို သူ့ကိုအဆောင်မှာသွားရှာပေးလို့ရမလား"
ကောင်မလေးရဲ့စကားကိုကြားတဲ့အခါ မင်းစက်ရဲ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားရလေသည်။
"အကိုအခုသွားရှာပေးမယ်သိလား။ညီမတို့လည်း တစ်နည်းနည်းနဲ့ရှာကြည့်ပါဦး"
"ဟုတ်ကဲ့ အကို"
မင်းစက်လည်းပြောပြီးပြီးချင်းပင် သုံးထပ်ဆောင်အပေါ်ဆုံးထပ်ကနေအဆောင်ဆီသို့အသက်မရှူစတမ်းအပြေးပြေးသွားတော့လေသည်။အဆောင်ကိုပြေးသွားတဲ့တစ်လျှောက်လုံးမင်းစက်က လူဆိုးလေးဟန်လင်းထက်ဆီသို့မရပ်မနားဖုန်းခေါ်နေခဲ့သော်လည်းတစ်ဖက်ကဖုန်းကိုင်လာခြင်းမရှိဘဲ ကျကျသွားခဲ့သည်။
သူအဆောင်ပေါ်သို့ပြေးတက်လိုက်ပြီးနောက်အခန်းတံခါးကိုကြည့်လိုက်တော့ အသက်ရှူရပ်မတတ်ပင်။သူ့ရဲ့ရင်ဘက်ကဆစ်ခနဲအောင့်လာရလေ၏။
အဘယ်ကြောင့်ဆိုသော် အခန်းတံခါးကို ဟန်လင်းထက်ကသော့အသစ်နဲ့ခတ်ထားခဲ့ပြီးချန်ရစ်ထားခဲ့လေပြီ။
သေချာသည်က ထိုကောင်လေးကထိုအခန်းထဲတွင်ရှိမနေခဲ့ပေ။
'ဒါဆို သူဘယ်မှာလဲ'
မင်းစက်တစ်ယောက် ထမင်းစားဆောင် နဲ့ရေချိုးဆောင်တွေဘက်၌အပြေးလိုက်ရှာ
ကြည့်သော်လည်းသူရှာနေတဲ့ကောင်လေးရဲ့အရိပ်လေးကိုတောင်မဖမ်းဆုပ်နိုင်ခဲ့ပေ။ထို့နောက်သူတို့နှစ်ယောက် သွားခဲ့ဖူးသောကျောင်းရှေ့ကလက်ဖက်ရည်ဆိုင်လေးကိုလည်းအပြေးသွားရှာခဲ့သည်။
သို့သော်သူရှာနေတဲ့ထိုကောင်လေးကတော့သူ့ရဲ့မျက်ဝန်းတွေဆီကနေပုန်းကွယ်နေခဲ့ကာဘယ်နေရာမှာမှ ရှိမနေခဲ့ပေ။
'တဇွတ်ထိုးလေးရေ မင်းဘယ်မှာလဲ'
သူ့ရဲ့ဆံပင်တွေကိုထိုးဖွလိုက်ရင်းလမ်းမထက်မှာ တောင်ကြည့််လိုက်မြောက်ကြည့်လိုက်နဲ့အရူးတစ်ယောက်ကဲ့သို့ချာချာလည်နေခဲ့ရကာ သူ၏လမ်းစတို့ကပျောက်ဆုံးသွားခဲ့ရချေပြီ။
မင်းစက်ပူထူနေရင်း ညကသူမမျှော်လင့်ဘဲပြောမိလိုက်တဲ့စကားအချို့ကိုပြန်ကြားယောင်လာမိသည်။
ငါမင်းမျက်နှာကိုထပ်မမြင်ချင်ဘူး.....
ကျနော်ကသူ့ရဲ့မျက်နှာကိုမမြင်ချင်ဘူးလို့ဆိုလိုက်တော့ ထိုကောင်လေးကကတိတည်စွာနဲ့ပဲသူ့ရဲ့မျက်နှာလေးကိုကျနော့်ရှေ့မှာထပ်မပြလာတော့ဘူး။
နောက်ဆုံးတော့သူသဘောပေါက်သွားခဲ့ပြီပင်။
ကောင်လေးက သူ့ဆီကနေထွက်သွားခဲ့ပြီဆိုတာ ....
'အလင်းရေ အကိုတောင်းပန်ပါတယ်ကွာ။'
မင်းစက်အခန်းတံခါးကိုစိတ်ပျက်လက်ပျက်နဲ့ဖွင့်လိုက်ပြီးအခန်းထဲကိုဝင်လိုက်တော့ တစ်ခါကလိုစီးကရက်ရနံ့တို့က သူ့ရဲ့နှာခေါင်းထဲသို့ထောင်းခနဲမဝင်ရောက်လာတော့သလို စီးကရက်သောက်တတ်တဲ့ကောင်လေးတစ်ယောက်လည်းဒီအခန်းထဲမှာရှိမနေတော့ပေ။
ဟန်လင်းထက်ရဲ့ခုတင်နေရာကပြောင်ရှင်းနေပြီး အခန်းထဲတွင် သူတစ်ယောက်တည်းရဲ့အသုံးအဆောင်ပစ္စည်းများသာကျန်ရစ်နေတော့သည်။ပြီးတော့ သူ့ရဲ့ခုတင်ထက်မှာနေရာယူထားတဲ့မုန့်ထုပ်တွေကိုကိုင်ကြည့်လိုက်ရင်းနှာခေါင်းထဲ၌တင်းကြပ်လာရလေ၏။
ထို့အပြင်စားပွဲပေါ်မှာတင်ထားခဲ့တဲ့စာလေးတစ်စောင်လေးရှိနေသေးလေသည်။
မင်းစက်ထိုစာလေးကိုယူလိုက်ကာ အချိန်တစ်ခုကြာပြီးတဲ့နောက်မှနီရဲနေတဲ့မျက်ဝန်းတွေနဲ့အတူဖွင့်ကြည့်လိုက်တော့သည်။
အဖြူရောင်စာရွက်လေးပေါ်မှာလက်ရေးဝိုင်းဝိုင်းလေးတွေက သပ်ရပ်စွာဖြင့်စီတန်းနေရာယူလို့ထားလျက်။
ကျနော့်အချစ်ရဆုံးအတွက်....
ကိုစက် ကျနော်ညတုန်းက ကိုစက်အပေါ်တဇွတ်ထိုးဆန်ခဲ့မိတဲ့ကိစ္စအတွက်တောင်းပန်ပါတယ်။
ကိုစက်သိလား ကိုစက်ကကျနော့်အတွက်ဘယ်တုန်းကမှပေါ့ပျက်ပျက်လူတစ်ယောက်မဟုတ်ခဲ့ဘူး။
ကိုစက်ကိုကျနော် ကိုကြီးအဖြစ်နဲ့လိမ်ညာပြီး message boxမှာစကားတွေပြောခဲ့တယ်။
ကိုစက်ကအချိန်အတော်ကြာတာတောင်ကျနော့်ကိုမရိပ်မိခဲ့ဘူး။ကိုစက်ကဘယ်လောက်တောင်ရိုးသားလိုက်လဲ
သူ့အကြောင်းတွေကိုအမြဲတမ်းမေးနေတတ်တဲ့သူ့သူငယ်ချင်းကိုလုံးဝမရိပ်မိခဲ့တဲ့အထိ ကိုစက်ကလေရိုးစင်းနုံအလွန်းတယ်. . .
ကျနော်တို့နှစ်ယောက်တစ်နှစ်လောက်အဆက်အသွယ်ပြတ်သွားသေးတယ်နော်။
အဲ့တာကလည်းကျနော်ကကိုစက်ကိုကစားရတာဝလို့အဆက်အသွယ်ဖြတ်ခဲ့တာမဟုတ်ပါဘူး။
အဲ့နှစ်သင်္ကြန်တုန်းကကျနော့်ဖုန်းရေတွေဝင်ပြီးပျက်သွားတာပြန်ပြင်လို့မရခဲ့ဘူး။
အဲ့တာနဲ့ကျနော်နောက်ဆုံးကိုစက်ရှိတဲ့နေရာကိုရောက်အောင်လာမှဖြစ်မယ်ဆိုပြီး ကျနော့် daddyရဲ့စကားကိုတောင်ကျနော်လွန်ဆန်ခဲ့တယ်။
ကျနော်ဝါသနာပါတဲ့ Business Managementကိုလည်းလက်လျှော့ခဲ့တယ်။
ကိုစက်နဲ့အနီးဆုံးမှာနေရရင်ကျနော့်အတွက် ဝါသနာဆိုတာတွေကလည်းမလိုအပ်ခဲ့ပါဘူး။
ကျနော် စိတ်ကိုအတတ်နိုင်ဆုံးတင်းပြီး
ကိုစက်အနားကိုရောက်အောင်လာခဲ့တယ်။
ကိုစက်ကတော့ကျနော့်ကိုလုံးဝမမှတ်မိခဲ့ဘူး။
ပြီးတော့စစတွေ့ချင်းကျနော်ကကိုကြီးနဲ့တူလို့ဆိုပြီးကိုစက်လန့်နေခဲ့သေးတယ်မှတ်လား။
မလန့်ပါနဲ့ကိုစက်ရာ။
ကျနော်ဒီကိုရောက်လာတာအရေးမပါတဲ့လက်စားချေမှုတွေအတွက်ရောက်လာတာမဟုတ်ပါဘူး။ ကိုစက်ကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့်သာ ကိုစက်အနားကိုရောက်လာတာပါ။
ဒါတွေပြောနေလို့လည်းမထူးတော့ပါဘူးလေ။
ကိုစက်နဲ့ကျနော်ဆုံကြတော့မှာမှမဟုတ်တာ။
ကိုစက်ကကျနော့်ကိုထပ်မမြင်ချင်တော့ဘူးမှတ်လား။
အဲ့ဒါကြောင့်ကျနော်ထွက်သွားပေးပါ့မယ်။
ကျနော် ကိုစက်အတွက်ဝယ်ထားပေးခဲ့တဲ့မုန့်တွေက မကြာခင်ကုန်သွားလိမ့်မယ်။
ကိုစက်ညညဆို ဗိုက်ဆာလို့အိပ်မပျော်မှာကျနော်စိုးရိမ်တယ်။
ကျနော် ကိုစက်အနားကိုပြန်လာချင်ပါတယ်။ကျနော် ကိုစက်ကိုဂရုစိုက်ပေးရတာတွေက ကျနော့်အတွက်မလုံလောက်သေးဘူးဗျ။
ကျနော် ကိုစက် ကိုအများကြီးဂရုစိုက်ပေးချင်သေးတယ်။စောင့်ရှောက်ပေးချင်သေးတယ်။
ကိုစက်ကို ကျနော့်ရင်ခွင်ထဲမှာဖက်ထားချင်သေးတယ်။
ကိုစက်ရဲ့နှုတ်ခမ်းလေးတွေကိုနမ်းချင်သေးတယ်။ပြီးတော့ ကိုစက်ကို အများကြီးချစ်ပေးချင်သေးတယ်။
ဒါပေမယ့် အဲ့တာတွေအကုန်လုံးကအခုမဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျနော် ကိုစက်ကိုနှုတ်ဆက်ခဲ့ပါတယ်
ပျော်အောင်နေပါနော် ကျနော်ထွက်သွားလို့ငိုတော့မငိုလောက်ဘူးမှတ်လား ......
အလင်း
သို့သော် သူသည် မင်းစက်ရဲ့ဘယ်ဘက်ပါးပြင်ပေါ်ကမျက်ရည်စက်လေးတွေကိုသုတ်ပေးဖို့ရန်အတွက်တော့လွဲချော်သွားခဲ့ရချေပြီ။
စာရွက်လေးကိုဆုပ်ကိုင်ထားရင်းမျက်ရည်တွေကကာဆီးမရစွာစီးကျလာရသည်။
"မမြင်ချင်ဘူးပြောတာနဲ့ထွက်သွားရလား သောက်ရူးရဲ့။ငါ့မှာတော့ မင်းကြောင့် အရူးတစ်ပိုင်းကြီးဖြစ်နေရတာကိုတော့ မင်းမသိဘူးမှတ်လား။"
"ငါ...မင်းကို ချစ်မိနေပြီနဲ့တူတယ်အလင်း။
ငါ ဒီအကြောင်းတွေကို မင်းကြားအောင်ဘယ်လိုပြောပြရမှာလဲ။"
"ထွက်သွားလည်းထွက်သွားပေါ့။ဘာကိစ္စဖုန်းကိုပါ ဆက်သွယ်လို့မရအောင်ပါ ပိတ်ထားရပြန်တာတုန်း လဒရဲ့!!!!!"
အခန်းထဲ၌ မင်းစက်တစ်ယောက်တည်းအရူးထနေရှာတဲ့ငိုရှိုက်သံတွေ၊ဆဲဆိုကြိမ်းမောင်းသံတွေက ရပ်နားသွားခြင်းမရှိဘဲပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ရကာ နောက်ဆုံးဒူးနှစ်ဖက်ပေါ်ခေါင်းကိုတင်မှောင်ထားလိုက်ပါတော့သည်။
"မင်းမကြိုက်ရင် ငါမင်းကိုဟန်လင်းထက်လို့ထပ်မခေါ်တော့ဘူးလေ ဒီလိုကြီးတော့ငါ့ကိုထားမသွားပါနဲ့လား
ငါမင်းကိုလိုအပ်တယ်....လူဆိုးလေး"
••••••••••••••••••••••••••••••••••••••••••••••••••
နံပါတ် ၇၀ ကားလေးပေါ်၌ကျောင်းရှေ့ကနေလိုက်ပါစီးနင်းလာတဲ့ခရီးသည်လေး၂ဦးမှာအနောက်ဘက်၂ယောက်ခုံ၌ဘေးချင်းယှဥ်လျက်ထိုင်နေကြပြီး ထို၂ယောက်ထဲကမှခန္ဓာကိုယ်ပိန်သွယ်တဲ့ကောင်လေးပေါ်သို့အလင်းစူးစူးနေရောင်တို့ကကားမှန်ကိုဖြတ်ကျော်၍ဖြာကျလာတာကြောင့် အရပ်ပိုမြင့်ပြီးခန္ဓာကိုယ်ပိုတောင့်တဲ့တစ်ယောက်က ဘေးနားကကောင်လေးပေါ်သို့နေရောင်တွေမကျစေရန် သူ့ရဲ့လက်တွေနဲ့အုပ်ကာထားလေသည်။
မင်းခန့်ထည်ရဲ့ထိုအပြုအမူကြောင့်ကားပြတင်းပေါက်ကိုမှီရင်းမျက်လုံးလေးတွေမှေးစင်းထားတဲ့ရှိိုင်းဇေယံရဲ့မျက်တောင်ကလေးတွေကပွင့်ဟလာခဲ့ကာ ဘေးနားကလူဆီပြန်ငေးကြည့်လိုက်တော့ ထိုလူသားကထုံးစံအတိုင်းသူ့အားနွေးထွေးငြင်သာစွာပြုံးပြနေခဲ့သည်။
ထို့နောက်ကောင်လေးက ထိုလူသားရဲ့ကျယ်ပြန့်တဲ့လက်ဖဝါးနှစ်ဖက်ကိုဖယ်ခွာဖို့ဆုပ်ကိုင်လိုက်တဲ့အခါ ကျိုးတိုးကျဲတဲနေရောင်လေးတွေကသူတို့လက်၂သွယ်ကြားရှိအပေါက်ကလေးတွေကနေ ကောင်လေးရဲ့မျက်နှာထက်ဆီတိုးဝင်လာပြန်တာကြောင့် မင်းခန့်ထည်ကသူ့လက်တွေကိုဖယ်ပေးဖို့ငြင်းဆန်နေခဲ့သည်။
သို့ပေမယ့် နေရောင်အထိခံရတာကိုအလွန်နှစ်ခြိုက်သဘောကျပါသည့်ကောင်လေးကြောင့်နေရောင်တွေကိုဖမ်းဆုပ်ထားချင်တဲ့သူ့ရဲ့ဆန္ဒတွေကိုလက်လျှော့လိုက်ရတာကြောင့် မင်းခန့်ထည်ရဲ့မျက်နှာဟာစူပုတ်သွားရတော့သည်။
"အကို အကိုမင်းစက်အဆင်ပြေပါ့မလား"
"ပြေမှာပါ။"
"သူတို့နှစ်ယောက် မနေ့ညတုန်းကအကြီးအကျယ်ရန်ဖြစ်ကြတယ်ထင်တယ်။"
'အကြီးအကျယ်ရန်ဖြစ်တယ်'ဆိုတဲ့စကားအသုံးနှုန်းကိုကြားတော့မင်းခန့်ထည်ရဲ့နှုတ်ခမ်းတို့ကခပ်ပြုံးပြုံးဖြင့်ကွေးတက်သွားရလေသည်။
"အကြီးအကျယ်တော့အကြီးအကျယ်ပဲ။ဒါပေမယ့် ရန်ဖြစ်တာတော့မဟုတ်ဘူး။အဲ့ဒါကြောင့် ညီအရမ်းစိတ်မပူလည်းဖြစ်တယ်။"
ထိုစဥ်ကားပေါ်၌တပ်ဆင်ထားတဲ့ Speakerကနေ မှတ်တိုင်ကြေညာသံတစ်သံကပြတ်သားကျယ်လောင်စွာပျံ့နှံ့လာခဲ့သည်။
"နောက်မှတ်တိုင်မှာ ဆူးလေမှတ်တိုင်ဖြစ်ပါတယ်။ဆူးလေမှတ်တိုင်တွင်ဆင်းမည့်ခရီးသည်များအဆင်သင့်ပြုလုပ်ထားပေးပါ "
"ညီ နောက်မှတ်တိုင်ဆိုရောက်ပြီ"
မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့လည်းနောက်မှတ်တိုင်တွင်ဆင်းရန် အသင့်ပြင်လိုက်သည်။သူတို့ထိုင်နေတဲ့ခုံပေါ်ကနေထရပ်လိုက်ပြီး အဆင်းတံခါးပေါက်နားသို့လျှောက်သွားလိုက်တဲ့အချိန်မှာ ကားကရုတ်တရက် ဘရိတ်အုပ်လိုက်တာကြောင့် ရှိုင်းကအနောက်ဘက်သို့ယိုင်လဲလုလုဖြစ်သွားရသည်။
သို့သော် မင်းခန့်ထည်ကကောင်လေးရဲ့ခါးသိမ်သိမ်လေးကို တင်းကြပ်စွာအမိအရဖက်ထားလိုက်တာကြောင့် ရှိုင်းမလဲကျသွားဘဲဟန်ချက်ပြန်ညီသွားတော့လေသည်။
"သတိထားမှပေါ့ ရှိုင်းလေးရာ"
မင်းခန့်ထည်ကရှိုင်းရဲ့နားရွက်အဖျားလေးနားသို့သူ့ရဲ့နွေးထွေးရှတသောဝင်လေထွက်လေတို့နဲ့ရှပ်တိုက်ရင်းကပ်ပြောလိုက်တဲ့အခါရှိုင်းရဲ့ကိုယ်လေးကလျှပ်စစ်ဓာတ်တို့စီးခံလိုက်သကဲ့သို့တုန်ခနဲဖြစ်သွားရလေ၏။
ထို့အပြင် မင်းခန့်ထည်ကသူရဲ့ခါးကိုပွေ့ပိုက်ထားတဲ့လက်တွေအားအခုထက်ထိမလွှတ်ပေးသေးတာကြောင့် ရှိုင်းရုန်းလိုက်ကာအထွန့်တက်တဲ့လေသံလေးနဲ့ထိုလူကြားအောင်ပြောလိုက်သည်။
"အကို လွှတ်လို့ရပြီလေ"
"ဆင်းရင်လွှတ်ပေးမယ်"
"ယခုမှတ်တိုင်မှာ ဆူးလေ မှတ်တိုင်ဖြစ်ပါတယ်။ကားတံခါးအဖွင့် အတက်အဆင်းသတိပြုပါ။ "
ဆင်းရမယ့်မှတ်တိုင်ရောက်တဲ့အခါကားတံခါးကပွတ်ဆွဲသံတစ်ခုနဲ့အတူအလိုအလျောက်ပွင့်လာခဲ့လေသည်။
ထိုအခါမှမင်းခန့်ထည်ကကောင်လေးရဲ့ခါးလေးကိုငြင်သာစွာလွှတ်ပေးလာခဲ့ချေသည်။
သူတို့နှစ်ယောက်ဆူးလေမှတ်တိုင်တွင်ဆင်းလိုက်ကြပြီးနောက် ကွန်ဒိုလိပ်စာအတိုင်းဦးတည်လိုက်ကြသည်။
ရှိုင်းရဲ့ကွန်ဒိုက အိမ်ရာဝန်းတစ်ခုထဲမှာဖြစ်ပြီးမှတ်တိုင်နဲ့သိပ်မဝေးပေ။
"အကို ဟိုတိုက်"
ရှိုင်းက အိမ်ရာအဝင်ဝကနေလှမ်းမြင်နေရတဲ့လမ်းထောင့်ချိုးနားရှိ အညိုရောင်ကွန်ဒိုတိုက်လေးအားလက်ညှိုုးထိုးရင်းဆိုနေစဥ်မှာ မင်းခန့်ထည်က ရှိုင်းရဲ့အဝတ်အစားအိတ်လေးကိုလက်တစ်ဖက်ကနေမငြီးမငြူဆွဲကိုင်ထားလျက် အရှေ့ကနေခုန်ပေါက်ကာသွားနေပါတဲ့ကလေးလေးရဲ့နောက်ကနေစမတ်ကျတဲ့ခြေလှမ်းကျယ်ကြီးတွေနဲ့အမှီလိုက်နေခဲ့သည်။
မင်းခန့်ထည်ကမီးခိုးရောင်လည်ပင်းဝိုက်ဆွယ်တာအင်္ကျီအပွကို အနက်ရောင်ဂျင်းဘောင်းဘီအကျပ်နဲ့တွဲဖက်ဝတ်ဆင်ထားကာကျစ်လျစ်ရှည်လျားသောခြေတံရှည်ရှည်တို့ကဆွဲဆောင်မှုရှိတဲ့ Auraတစ်ခုကိုလူငယ်ဆန်စွာခန့်ညားတောက်ပမှုအပြည့်နဲ့ နေရာအနှံ့ဖြန့်ကျက်ထုတ်လွှင့်နေခဲ့သည်။
လည်ပင်းဝိုက်ဆွယ်တာဖြစ်တာကြောင့်ထိုလူသားရဲ့ယောကျာ်းပီသလှသောအာဒမ်ပန်းသီးလေးကအကာကွယ်မဲ့စွာအတိုင်းသားလှစ်ဟာထွက်ပေါ်နေခဲ့ကာ ထိုလူသားတံတွေးမြိုချလိုက်တိုင်း တစ်ချက်တစ်ချက်ထောင်ထလာသောစိမ်းဖန့်ဖန့်လည်ပင်းကြောတို့ကိုမြင်လိုက်ရသည်နှင့် ထိုလူချောကြီးအားအရှေ့ကနေနောက်ပြန်ပြန်လျှောက်ရင်းငမ်းနေပါတဲ့ကောင်လေးရဲ့လည်ချောင်းတို့ကရုတ်ချည်းခြောက်ကပ်လာရတော့သည်။
ထို့ကြောင့်ရှိိုင်းဇေယံလေးမှာနောက်သို့နောက်တစ်ခါပြန်လှည့်ကြည့်မလာတော့ဘဲရှေ့သို့သာခပ်မြန်မြန်ဆက်လျှောက်နေလိုက်သည်။ခြေလှမ်းတွေကိုရုတ်တရက်သွက်လိုက်တဲ့ကောင်လေးကြောင့်မင်းခန့်ထည်မှာအမှီပြေးလိုက်လာရတော့သည်။
နေရောင်အောက်မှာခြေတံရှည်ရှည်တို့နဲ့ပြေးလွှားနေတဲ့ထိုလူသားရဲ့မှင်နက်ရောင်ဆံကေသာတို့ဟာ နူးညံ့ညင်းသွဲ့သောလေပြေညှင်းလေးတွေကြားမှာညှို့ချက်တစ်ခုနဲ့အတူလွင့်မြောနေတဲ့အခါ ဖီးသင်ထားတဲ့ဆံပင်ပုံစံကပျက်ယွင်းသွားရတာတောင်မှ မင်းခန့်ထည်ရဲ့ချောမောခန့်ညားနေမှုတို့ကမူ တစ်စက်ကလေးတောင်ယုတ်လျော့သွားခြင်းတို့မရှိခဲ့ပေ။
သူတို့၂ယောက်အညိုရောင်ကွန်ဒိုရဲ့မြေညီထပ်ဆီရောက်လာတော့ အပေါ်ထပ်ကနေဆင်းလာတဲ့ဓာတ်လှေကားကိုခနရပ်စောင့်လိုက်ရသည်။
ဓာတ်လှေကားက'တင်'ဆိုတဲ့မြည်သံနဲ့အတူ
ပွင့်သွားတဲ့အခါ ၁၀နှစ်အရွယ်ကလေးလေးနဲ့မိခင်ဖြစ်သူထင်ရတဲ့အမျိုးသမီးတစ်ယောက်ကလက်ချင်းတွဲ၍ထွက်လာပြီးနောက် သူတို့၂ယောက်လည်းဓာတ်လှေကားထဲဝင်ရပ်လိုက်ကာ ရှိုင်းက ၉လွှာနံပါတ်လေးကိုနှိပ်၍အသံတိတ်နေခဲ့သည်။
ကောင်လေးကစကားလေးတစ်ခွန်းတောင်ပြန်မပြောတော့ဘဲအသံတိတ်နေတာကြောင့် အသားရောင် Hoddieလေးရဲ့ခပ်မတ်မတ်နောက်ကျောပြင်လေးကို သူနားမလည်စွာငေးကြည့်နေမိလေသည်။
'သူညီ့ကို စိတ်ဆိုးသွားအောင်တစ်ခုခုများလုပ်လိုက်မိတာလား'
၉လွှာရောက်တော့ ဓာတ်လှေကားကပွင့်သွားကာ နှစ်ယောက်အတူတူထွက်လာလိုက်ပြီးနောက် ဘယ်ဘက်စင်္ကြံထောင့်ချိုးက
စစချင်းတွေ့တဲ့အခန်းရှေ့၌ရှိုင်းဇေယံကရပ်လိုက်၍ တံခါး passwordကိုနှိပ်လိုက်လေသည်။ထိုစဥ်ရင့်ကျက်တည်ကြည်တဲ့ယောကျာ်းတစ်ယောက်အသံက
သူတို့နှစ်ယောက်နောက်ကနေထွက်ပေါ်လာခဲ့သည်။
"ကျောင်းပိတ်လို့ ဒီရောက်နေတာလား ကိုဇေ"
အသံလာရာအတိုင်းလှည့်ကြည့်လိုက်တော့ Sport Shirtအဖြူရောင်လေးကို အနက်ရောင်ရှော့ပင်ဘောင်းဘီတိုနဲ့ဝတ်ဆင်ထားတဲ့ အသားဖြူဖြူနဲ့အရပ်ရှည်ရှည်လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"ကိုကြီး!"
ရှိုင်းဇေယံကအံ့အားသင့်မှင်သက်မှုအပြည့်နဲ့ထိုသို့ခေါ်ဝေါ်လိုက်တော့ မင်းခန့်ထည်ကထိုလူသားအားစေ့စေ့စပ်စပ်ပြန်ကြည့်လိုက်ပေတော့သည်။
ထိုလူရဲ့အရပ်က သူနဲ့တန်းတူဖြစ်ပြီး ဖြောင့်စင်းတဲ့နှာတံ၊ထင်းစွာသောမေးရိုးနဲ့အတူ ရှိုင်းဇေယံနဲ့တစ်ထပ်တည်းဆင်တူတဲ့တောက်ပသောမျက်လုံးဝိုင်းဝိုင်းတွေကိုပိုင်ဆိုင်ထားတာကြောင့် ညီအကိုတွေမဟုတ်ကြောင်းငြင်းဆန်ဖို့ရာအတွက်အင်မတန်မှခက်ခဲလှသည်ပင်။
ထိုလူက သတင်းစာလိပ်ကိုလက်ထဲတွင်လိမ်လိုက်ရင်း မင်းခန့်ထည်ကိုမျက်လုံးပင့်ကြည့်၍ဆက်ပြောလာသည်။သူ၏မျက်နှာထက်၌ပြုံးရယ်ခြင်းလည်းမရှိသလို ခက်ထန်ခြင်းတို့လည်းရှိမနေပေမယ့် အေးစက်ခဲသေခြင်းတစ်လွှာကိုတော့သိသိသာသာကိုလွှမ်းခြုံလို့ထားသည်။
"ဒါနဲ့ သူကဘယ်သူလဲ။ဘာကိစ္စဒီရောက်"
ထိုလူ့အသံကတည်ငြိမ်ပြတ်သားလှသည့်တိုင် မြင့်မားသောမာနတရားတို့ကပါကိန်းဝပ်ပျော်ဝင်နေလျက်။
သူစိမ်းတွေနဲ့ဆိုလျှင်အချေကြီးပါတဲ့ရေခဲတုံးကြီးမင်းခန့်ထည်မှာ ရှိုင်းဇေယံရဲ့အကိုဖြစ်သူရှေ့တွင်တော့သူထိုအချိုးမျိုးသွားချိုးလို့မရတာကြောင့်ရင်းနှီးဖော်ရွေစွာပြုံးပြလာရင်း တည်တံ့မှုအပြည့်နဲ့ဆိုလေသည်။
"ကျနော်က မင်းခန့်ထည်ပါ။
ညီ့ရဲ့အခန်းဖော် seniorလည်းဖြစ်ပြီး Majorတူ Seniorတစ်ယောက်လည်းဖြစ်ပါတယ်။
ညီကသန်လျင်ကနေ ဒီကိုတစ်ခါမှမလာဖူးသေးလို့ ကျနော်ကလိုက်ပို့ပေးတာပါ"
မင်းခန့်ထည်အကြောင်းနည်းနည်းသိသွားတော့ရှိုင်းဆက်ယံက သူ့ခန္ဓာကိုယ်ကနေစိမ့်ထွက်လာတဲ့အေးစက်မှုတို့ကိုလျှော့ချလိုက်ပြီးနောက် တံခါးကိုတွန်းဖွင့်လိုက်ရင်းမေးဆတ်ပြလာခဲ့သည်။
"လာလေ အိမ်ထဲဝင်"
ရှိုင်းဆက်ယံဝင်သွားပြီးမှမင်းခန့်ထည်လည်းရှိုင်းဇေယံနဲ့အတူတူအခန်းထဲသို့လိုက်ဝင်သွားလိုက်လေသည်။ ဝတ်လာတဲ့အနက်ရောင် Sneakerကိုရှိုင်းထုတ်ပေးလာတဲ့အိမ််စီးဖိနပ်အသစ်တစ်ရံနဲ့လဲလှယ်ဝတ်ဆင်ပြီးနောက်ဧည့်ခန်းကျယ်ကြီးထဲသို့အနေရခက်စွာနဲ့ဦးတည်လိုက်တော့သည်။
ဧည့်ခန်းအတွင်းရှိအခန်းအပြင်အဆင်ကတော့တန်ဖိုးကြီးဇိမ်ခံပစ္စည်းများစွာတို့ဖြင့်အဆင့်အတန်းမြင့်စွာအလှဆင်ထားကာ ခင်းကျင်းထားတဲ့ဆိုဖာဆက်တီကိုကြည့်ရုံနဲ့တင် ရှိုင်းဇေယံရဲ့အကိုဖြစ်သူက သူ့လိုပဲအကောင်းကြိုက်တတ်မှန်းသိသာလှလေသည်။
"ထိုင်ပါ ညီလေးမင်းခန့်ထည်"
ရှိုင်းဆက်ယံက ဆိုဖာခုံတွင်အရင်ဝင်ထိုင်လိုက်ပြီးနောက်သတင်းစာကိုစားပွဲပေါ်တင်လိုက်ရင်းဆိုလာသည်။
"အကို ထိုင်လေ။ကျနော် အကိုတို့အတွက်သောက်စရာတစ်ခုခုသွားစီစဥ်လိုက်ဦးမယ်"
ထိုသို့ပြောပြီးပြီးချင်းရှိုင်းကမီးဖိုဆောင်ဘက်သို့လျှောက်ဝင်သွားတာကြောင့်မင်းခန့်ထည်တစ်ယောက် ရှိုင်းဇေယံရဲ့အကိုရှေ့မှာအကြောင်းပြချက်မရှိချွေးပြန်လာခဲ့ရလေသည်။
သူ့အဖြစ်က ယောက္ခမအိမ်လိုက်တွေ့တဲ့သားမက်ပုံစံကဲ့သို့ဖြစ်နေသည်ဟု သူထူးထူးဆန်းဆန်းခံစားနေမိချေသည်။
မင်းခန့်ထည်ကရှိုင်းဆက်ယံနဲ့မျက်နှာချင်းဆိုင်ဆိုဖာ၌တည်တည်ငြိမ်ငြိမ်နဲ့ဝင်ထိုင်လိုက်တဲ့အခါ ထိုလူသားကသူ့အားစူးရှရှအကြည့်တွေနဲ့အကဲခတ်ကြည့်နေရင်း သူ၏နှုတ်ခမ်းတွေကိုဖြည်းညင်းစွာဖွင့်ဟလာခဲ့သည်။
"ကိုဇေက ဒီကိုသူစိမ်းတွေခေါ်လာတာဆိုလို့မင်းကပထမဆုံးပဲ။"
"အာ..ဟုတ်ကဲ့"
မင်းခန့်ထည်အသံကအနည်းငယ်ပျက်ရှနေကာ သူ့ပုံစံနဲ့မလိုက်ဖက်စွာစိတ်လှုပ်ရှားပုံလည်းပေါက်နေသည်။
"ကိုယ်က ရှိုင်းဆက်ယံပါ။ကိုဇေရဲ့တစ်ဦးတည်းသောမိသားစုဝင်ဆိုလည်းဟုတ်တယ်။ကိုယ်က ဦးနှောက်နဲ့အာရုံကြောအထူးကုပါရဂူတစ်ယောက်ဖြစ်ပြီး အခုလောလောဆယ်တော့ Englandမှာအခြေချနေတယ်။"
"ဟုတ်ကဲ့။အကိုနဲ့အခုလိုဆုံတွေ့ရတာဝမ်းသာပါတယ်။"
"ကိုယ်ကောပဲ။ဒါနဲ့ ကြည့်ရတာ မင်းတို့ချင်းအရမ်းရင်းနှီးတယ်နဲ့တူတယ်"
"ဟုတ် ရင်းနှီးပါတယ်"
"မင်းပုံစံကိုကြည့်ရတာငါ့ကိုကြောက်နေသလိုပဲ။Relaxပါကွာ။"
"ဟုတ်ကဲ့"
ရှိုင်းဆက်ယံကမျက်တောင်မခတ်တမ်းသူ့အားအကဲခတ်နေသည်ကိုမင်းခန့်ထည်တစ်ယောက်ရှင်းရှင်းလင်းလင်းခံစားမိနေတာကြောင့် သူ Relaxမထားနိုင်ခြင်းပင်။မင်းခန့်ထည်သူ့ရဲ့လက်၂ဖက်ကိုယှက်ထားရင်းတင်းတင်းဆုပ်ထားမိ၏။
"ကိုဇေ အခုရက်ပိုင်းအဆောင်မှာနေရတာအဆင်ပြေရဲ့လား။မူးလဲတာတွေဘာတွေများရှိလား"
"မရှိပါဘူး။"
"ဖျားနာတာကော"
"ကျောင်းဖွင့်ခါစတုန်းကတော့တစ်ခါဖျားတယ်။ဒါပေမယ့် အဖျားက၂ရက်တောင်မကြာဘူး။ပျောက်သွားတယ်"
"ဟုတ်ပြီ။
မင်းခန့်ထည်ပြန်ဖြေလာတဲ့အဖြေတွေကိုသေသေချာချာနားစိုက်ထောင်နေပြီးနောက် ရှိုင်းဆက်ယံကသက်ပြင်းတစ်ချက်ချလိုက်တော့သည်။ထို့နောက် မင်းခန့်ထည်ကိုရှုကြည့်လာရင်းခပ်ဖျော့ဖျော့ပြုံးလျက်ဆက်ပြောလာသည်။
"မင်းကဒီလိုမျိုးအတိအကျပြန်ဖြေနိုင်တာကိုကြည့်ရသလောက် မင်းကကိုယ့်ညီလေးကိုတအားဂရုစိုက်ပေးနေရတဲ့ပုံပဲ။
ကျေးဇူးပါကွာ"
"ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ။ကျနော်ကရှိုင်းလေးကိုညီအရင်းတစ်ယောက်လိုမျိုးသံယောဇဥ်တွယ်တာမိလို့ မိသားစုဝင်တစ်ယောက်လိုဂရုစိုက်ပေးခဲ့ရုံတင်ပါ။"
ထိုစဥ်ရှိုင်းဇေယံက NESကော်ဖီနှစ်ခွက်ကိုကိုင်ကာဧည့်ခန်းဘက်သို့ထွက်လာတာကြောင့် သူတို့စကားဝိုင်းကပြတ်တောက်သွားရသည်။ရှိုင်းဇေယံက အကိုဖြစ်သူနဲ့ မင်းခန့်ထည်ရှေ့ကို ကော်ဖီတစ်ခွက်စီချပေးလိုက်ရင်း မေးလိုက်လေသည်။
"ကိုကြီး ဒီတစ်ခေါက်ပြန်လာတာ ကျနော့်ကိုတောင်အကြောင်းမကြားဘူး"
"Sorryကိုဇေ။ကိုကြီး ဒီတစ်ပတ်နဲနဲအလောကြီးသွားလို့"
မင်းခန့်ထည်ကကော်ဖီကိုတစ်ငုံသာသောက်ကာခွက်လေးအားပြန်ချထားလိုက်ပြီး ခွင့်တောင်းလိုက်တော့သည်။
"ဒါဆို ကျနော့်ကိုခွင့်ပြုပါဦး။
ကျနော့် သူငယ်ချင်းအိမ်ကိုသွားစရာကိစ္စလေးရှိနေသေးလို့ပါ"
"ဟုတ်လား အကို။အဲ့ဒါဆိုလည်းသွားလေ။နောက်ကျနေဦးမယ်"
"အင်း အကိုသွားပြီနော်။"
"ဒါဆိုအကိုဆက်ယံ ကျနော့်ကိုခွင့်ပြုပါဦး"
မင်းခန့်ထည်ကရှိုင်းဆက်ယံဘက်လှည့်ကာနှုတ်ဆက်ပြီးထထွက်လာလိုက်သော်
သူဧည့်ခန်းကနေမထွက်ခင်တွင် ရှိုင်းဆက်ယံလှမ်းပြောလာတဲ့အေးတိအေးစက်အသံတစ်သံကိုကြားလိုက်ရသည်။
"ဒါနဲ့ ညနေကျရင် ဒီကိုပြန်လာခဲ့လို့ရတယ်။ကိုယ်က ညဘက်တွေဆိုတိုက်ခန်းမှာမရှိဘူး။ကိုယ့်ညီလေးနဲ့အဖော်လာနေပေးဖို့အဆင်ပြေတယ်မှတ်လား။"
"ဟုတ် အဆင်ပြေပါတယ်။ဒါဆို အကိုညနေကျရင်ပြန်လာခဲ့မယ်နော် ညီ။"
"ဟုတ်"
ရှိုင်းကမျက်လုံးလေးတွေပိတ်အောင်ရယ်လိုက်ရင်းပြန်ဖြေလာခဲ့လေသော် မင်းခန့်ထည်လည်း ရှိုင်းကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးနောက်ကွန်ဒိုထဲကနေထွက်သွားတော့လေသည်။
မင်းခန့်ထည်ရဲ့တည်ရှိမှုကအခန်းထဲကနေပျောက်ကွယ်သွားတဲ့အခါ အခန်းတစ်ဝိုက်ရှိလေထုအပူချိန်ကအေးစိမ့်သိပ်သည်းစွာကျဆင်းလာနေသည်မှာ အစောနလေးတင်မှဖျော်ထားတဲ့ကော်ဖီခွက်လေးတွေကိုတောင်အေးခဲသွားစေတော့မတတ်ပင်။
ထို့နောက်တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့အခန်းနယ်ပယ်ထဲ၌ တစ်စုံတစ်ရာထိခတ်သံတို့ကရှိုင်းဇေယံရဲ့နားဖျားလေးထံသို့ကြည်တောက်ပြတ်သားစွာတိုးဝင်လာလေသော် ကောင်လေးရဲ့မျက်ဝန်းတွေက စိုးရိမ်ကြောင့်ကြမှုအပြည့်နဲ့လှုပ်ရှားသွားရလေသည်။
ရှိုင်းဆက်ယံက ညီဖြစ်သူရဲ့ရှေ့သို့ချိတ်ပိတ်ထားတဲ့အညိုရောင်စာအိတ်တစ်အိတ်ကိုခပ်ဆတ်ဆတ်ပစ်ချလာ၍ အံကြိတ်ကာဆိုသည်။
"ရှိုင်းဇေယံ မင်းအပြစ်ကိုမင်းသိတယ်နော်!"
••••••••••••••••••••••••••••••••••••••••••••••••••
Thanks for reading. 💖
If you enjoy this love story, you can give some stars for me. ☺🌟
Love you all my readers. (♥´∀`)/
••••••••••••••••••••••••••••••••••••••••••••••••••
အခန္း(၂၃) - Jelly But Bitter
Zawgyi
[ကတိတည္စြာထြက္သြားခဲ့ၿပီ .....]
ဟန္လင္းထက္ ေရခ်ိဳးေဆာင္ကေနျပန္လာတဲ့အခါ ခုတင္ေပၚတြင္ Gameေဆာ့ရင္းၿငိမ္လ်က္သားက်ေနေသာ မင္းစက္ကိုေတြ႕လိုက္ရေလသည္။ထိုအခိုက္ ဟန္လင္းထက္ရဲ႕ႏႈတ္ခမ္းလႊာတို႔ကအေပၚဘက္ဆီသို႔ေကြးၫႊတ္တက္သြားၿပီးေနာက္ ျငင္သာစြာစကားဆိုလိုက္သည္။
"ကိုစက္ မနက္ျဖန္ unity fairလာမွာလား"
"အင္းလာမွာေလ။"
"Ok။ ဒါနဲ႔က်ေနာ္႕ကိုအားေပးဖို႔လာမွာမ်ားလား"
ဟန္လင္းထက္ကမင္းစက္အားစကားႏိႈက္လိုက္ေသာ္လည္း မင္းစက္ဆီမွဘာအသံမွဆက္ထြက္မလာခဲ့ေပ။အနည္းငယ္ၾကာေသာအခါတြင္မွ မင္းစက္ရဲ႕မ်က္ဝန္းေတြကမ်က္စိေ႐ွ႕ကလူေခ်ာေလးအားျဖတ္ခနဲပင့္ၾကည့္လာၿပီးေနာက္ သူ႕ရဲ႕ႏႈတ္ခမ္းလႊာေတြကိုပြင့္ဟလိုက္ကာရိသဲ့သဲ့ကေလးဆိုလာခဲ့သည္။
"အကိုအားမေပးလည္း အလင္းကိုအားေပးမယ့္လူေတြေပါပါတယ္။အထူးသျဖင့္ေမဂ်ာေပါင္းစုံကႏႈတ္ခမ္းနီမအေခ်ာေလးေတြေပါ့ ဟုတ္တယ္မွတ္လား"
ထိုအခါဟန္လင္းထက္က သေဘာတက်နဲ႔ပါးခ်ိဳင့္ေလးတစ္ခြက္ေပၚတဲ့အထိရယ္လာခဲ့ရင္း သူ႕ရဲ႕ေရစိုေနတဲ့ဆံပင္ေတြကိုသုတ္ေနတဲ့တဘက္ေလးအား သူ၏ခုတင္ေပၚပစ္တင္လိုက္ၿပီးေနာက္မင္းစက္ရဲ႕ခုတင္႐ွိရာဘက္ဆီသို႔ဦးတည္လိုက္သည္။
မင္းစက္မ်က္ႏွာအပ္ထားတဲ့ ဖုန္း screenေလးအားတြန္းဖယ္ပစ္လိုက္ၿပီးေနာက္ အံ့ဩမႈအေပါင္းတို႔ခေညာင္းေနပါတဲ့ တစ္ေယာက္ေသာသူရဲ႕အနီရင့္ေရာင္မ်က္ႏွာေလးကို ထိုလူသားေလးရဲ႕လည္ပင္းေနာက္ေနရာကေနဆြဲကိုင္လိုက္လ်က္ သူ႕ရဲ႕အနီးနားသို႔အနီးကပ္ဆြဲယူလိုက္ေတာ့သည္။
ဟန္လင္းထက္ရဲ႕နက္ေမွာင္ညစ္ေထးေနတဲ့မ်က္ဝန္းအေရာင္နဲ႔အျပဳံးတို႔ကိုျမင္ေတာ့မင္းစက္ရဲ႕မ်က္ဝန္းေတြကဝိုင္းစက္လာရကာ သူကထိုလူဆိုးေကာင္ရဲ႕ရင္ဘက္တစ္ေနရာ၌လက္ေတြကိုေထာက္လိုက္လ်က္တြန္းကန္လိုက္ေလ၏။
"ဘာ...ဘာ...လုပ္မလို႔လဲ"
"ေျပာၾကည့္ပါဦး။ကိုစက္ကေကာက်ေနာ္ဘာလုပ္မယ္လို႔ထင္လဲ"
ဟန္လင္းထက္ကမ်က္ခုံးတစ္ဖက္ပင့္ကာအက္႐ွ႐ွဆိုလာေတာ့ မင္းစက္ကပို၍ထိတ္လန္႔လာရသည္။
"အလင္း ဖယ္ကြာ။မဟုတ္တ႐ုတ္ေတြမလုပ္စမ္းနဲ႔"
"ဟားဟား ကိုစက္ကေကာက်ေနာ္ ဘာမဟုတ္တ႐ုတ္ေတြလုပ္မယ္လို႔ထင္ေနတာလဲ"
ထို႔ေနာက္အေနအထားမွာ႐ုတ္ခ်ည္းေျပာင္းသြားရၿပီး ဟန္လင္းထက္က သူ႕ရဲ႕ ကိုယ္ေပၚကို လုံးဝအုပ္မိုးထားလိုက္ေလၿပီ။
ထိုအခိုက္မင္းစက္ရဲ႕ဦးေႏွာက္ထဲမွာအႏၲရာယ္အခ်က္ေပးသံေတြက မရပ္မနားျမည္ဟီးလာရကာ
မင္းစက္တစ္ေယာက္ခုတင္ေပၚကေနကုန္း႐ုန္းထလိုက္ေသာ္လည္း ဟန္လင္းထက္က အလြတ္မေပးဘဲသူ႕ရဲ႕ကိုယ္ေလးကိုျပန္တြန္းခ်လာခဲ့သည္။
ၿပီးတဲ့ေနာက္မင္းစက္ရဲ႕လက္ႏွစ္စုံအား ခပ္ေခ်ာေခ်ာလူငယ္ေလးရဲ႕သန္မာတဲ့လက္တစ္စုံကတင္းၾကပ္စြဲၿမဲစြာဆြဲကိုင္ထားလိုက္ကာခုတင္တစ္ဖက္တစ္ခ်က္စီတြင္ဖမ္းခ်ဳပ္ထားလိုက္ေပေတာ့သည္။
ဘယ္စကားကမ်ား ဒီေကာင္ေလးရဲ႕ေသြးဆိုးေတြကိုသြားစေစခဲ့ပါသနည္း.......
မင္းစက္ခမ်ာေၾကာက္လဲေၾကာက္မိသလို ေယာက်ာ္းေလးတစ္ေယာက္ကတျခားေယာက်ာ္းေလးတစ္ေယာက္ရဲ႕တြန္းလွဲျခင္းကိုခံထားရတာေၾကာင့္ခံျပင္းေဒါသလည္းထြက္မိရေပမယ့္ တဒုတ္ဒုတ္နဲ႔ခုန္ေပါက္ေနတဲ့ရင္ခုန္သံေတြကိုၾကားေနရတဲ့အခါ သူၿငိမ္က်သြားခဲ့ရသည္။သူ႕ခႏၶာကိုယ္ရဲ႕တုံ႔ျပန္မႈကမူမမွန္ေတာ့ေပ။
အနီးကပ္ျမင္ေနရတဲ့ေခ်ာေမာၾကည့္ေကာင္းတဲ့မ်က္ႏွာတစ္သြယ္၊အညိဳရင့္ေရာင္မ်က္ဆံေလးေတြနဲ႔ဆြဲေဆာင္မႈ႐ွိပါတဲ့အလင္းရဲ႕မ်က္ဝန္းေလးေတြ၊ နတ္ဆိုးဆန္စြာေကြးတက္ေနတဲ့ပါးလ်လ်ႏႈတ္ခမ္းေလးေတြဆီအၾကည့္ေရာက္သြားတဲ့အခါ သူ႕ရဲ႕ႏွလုံးသားေလးဟာရင္ခုန္သံစည္းခ်က္တို႔လြဲေခ်ာ္ေနခဲ့ရသည္။
ဟန္လင္းထက္က မင္းစက္႐ုတ္တရက္ၿငိမ္သက္သြားတာေၾကာင့္သူ႕ရဲ႕မ်က္ဝန္းေလးေတြကိုေမွးစင္းလိုက္ၿပီး စိတ္ဝင္တစားနဲ႔ေမးလာခဲ့သည္။
"ကိုစက္ ဘာလို႔ၿငိမ္က်သြားတာလဲ ။ဘုရားစာေတြဘာေတြ႐ြတ္ေနတာေတာ့မဟုတ္ဘူးမွတ္လား"
'လခြမ္း!!!!!! ေသနာေလး ငါ့ကိုလာေလွာင္ေနတယ္ !! '
"ဖယ္စမ္း ! အကိုဒီလိုႀကီးေနေနရတာ တကယ္အဆင္မေျပဘူး"
"အဲ့ဒါဆို မနက္ျဖန္က်ေနာ္႕ကို အားေပးဖို႔လာမွာလို႔ေျပာေလ။ဟိုငေၾကာင္ေကာင္ကိုအားေပးမယ့္အစားေပါ့။"
"ဆက္ေနာင္ကအကိုတို႔ေမဂ်ာကေလ အကို႔မွာသူ႕ကိုအားမေပးခ်င္ရင္ေတာင္အားေပးရမယ့္တာဝန္႐ွိတယ္"
ထိုစကားကအေျဖမွန္မဟုတ္သည္ျဖစ္မည္။ဟန္လင္းထက္ကမ်က္ေမွာင္ပိုၾကဳတ္သြားကာ ကေလးဆိုးတစ္ေယာက္ကဲ့သို႔ရစ္ေနခဲ့ျပန္ေလသည္။
"ဒါေပမယ့္က်ေနာ္မႀကိဳက္ဘူးေလ။အဲ့ေကာင္ကို supportေပးတာမ်ိဳးကို"
"အလင္းရာ မရစ္စမ္းနဲ႔ကြာဖယ္ေတာ့"
"မဖယ္ဘူး။"
"အလင္း!!"
မင္းစက္ကအံႀကိတ္ကာထဖို႔ျပင္လိုက္ေသာ္လည္းတစ္စုံတစ္ေယာက္ရဲ႕အဖိခံထားရတာေၾကာင့္သူ႕ရဲ႕ကိုယ္ေလးကခုတင္ေပၚ၌ထိကပ္ေနရာကေနနည္းနည္းမွႂကြမလာခဲ့ေပ။
"က်ေနာ္ depressionဝင္သြားၿပီ။ဖယ္ေပးဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့ဘူး"
"အဲ့ေတာ့ ဒီညဒီလိုႀကီးအိပ္မလို႔လား"
"အင္း ေကာင္းသားပဲ"
"ဟန္လင္းထက္!!!!!!!!!အာ့!!"
ထိုသို႔ေခၚသံကိုၾကားလိုက္ရတာနဲ႔မင္းစက္ရဲ႕လက္ႏွစ္ဖက္စလုံးဟာဆိုရင္အားျပင္းျပင္းႏွင့္ဖ်စ္ညႇစ္မႈတစ္ခုကိုခံစားလိုက္ရေလသည္။
'ငုံးးးးးးး '
"က်ေနာ္ ေျပာထားတယ္ေလ။က်ေနာ္႕ကိုအဲ့လိုေခၚတာမႀကိဳက္ဘူးလို႔"
ဟန္လင္းထက္ရဲ႕အသံတို႔ကခုနတုန္းကထက္အနည္းငယ္တင္းမာလာၿပီး စေနာက္ေနတာနဲ႔မတူေတာ့ေပ။
"အဲ့လိုေခၚတာမၾကားခ်င္ရင္ အခုဖယ္"
"ရပါတယ္လြယ္လြယ္ေလးပါ။ကိုစက္ဆီကအဲ့လိုေခၚသံမၾကားႏိုင္မယ့္တစ္နည္း႐ွိတယ္။ကိုစက္ စမ္းၾကည့္ခ်င္လား"
ဟန္လင္းထက္ကသူ႕ရဲ႕ညာဘက္မ်က္ခုံးသားေလးအားအေပၚဘက္ဆီသို႔စင္ေရာ္ေတာင္ပမာတြန္႔ေကြးခ်ိဳးလိုက္ၿပီးေနာက္ ညစ္က်ဲက်ဲရယ္ကာဆိုလာသံၾကားတဲ့အခါ မင္းစက္ရဲ႕ႏွလုံးအိမ္မွာသိမ့္ခနဲတုန္ယင္သြားေလ၏။
ထိုေကာင္ေလးရဲ႕ႏူးညံ့႐ွတေသာရယ္သံေလးေတြရပ္စဲသြားၿပီးတဲ့အခါ စကၠန္႔ပိုင္းမွ်ပင္မၾကာလိုက္ မင္းစက္ရဲ႕ႏႈတ္ခမ္းတစ္စုံကဟန္လင္းထက္ရဲ႕ႏႈတ္ပိတ္အျပစ္ေပးျခင္းကိုခံလိုက္ရေလသည္။ထိုအခါမင္းစက္ရဲ႕မ်က္ဝန္းသူငယ္အိမ္တို႔ကထြက္က်လုမတတ္ျပဴးက်ယ္ဝိုင္းစက္လာခဲ့ရေလ၏။
'ဖာ့ခ္ !!!! '
ျပင္းျပပူေႏြးတဲ့ဝင္ေလထြက္ေလတို႔ကႏွစ္ဦးသားအၾကားအခ်ိန္အေတာ္ၾကာတဲ့အထိေရာယွက္ေနခဲ့ရကာ တစ္စုံတစ္ေယာက္ရဲ႕ေဖ်ာ့ေတာ့ေတာ့အသက္႐ွဴသံေလးေတြကထြက္ေျပး႐ုန္းကန္ေနခဲ့ၿပီး တျခားတစ္ေယာက္ရဲ႕ဆႏၵျပင္းျပေန႐ွာတဲ့အသက္႐ွဴသံေလးေတြကအမိအရလိုက္လံဖမ္းဆီးေနခဲ့သည္။
မင္းစက္ရဲ႕အေပၚေအာက္ႏႈတ္ခမ္းတစ္စုံလုံးက ဟန္လင္းထက္ရဲ႕ကြၽမ္းက်င္ပိုင္ႏိုင္စြာေဆာ့ကစားေနမႈေအာက္ကေနလြတ္ေျမာက္စြာ႐ုံးမထြက္ႏိုင္ခဲ့။
ၿပီးေတာ့ ထိုလူဆိုးေလးရဲ႕ပူေႏြးေႏြးလွ်ာဖ်ားေလးကလည္း သူ႕ရဲ႕ႏႈတ္ခမ္းေတြကိုလ်က္လိုက္ရင္းမွ နယ္နိမိတ္ေက်ာ္လာရန္အခ်က္ျပေနခဲ့သည္။
'ေခြးဆိုးေလး!!!! ဒါမင္းရဲ႕ပထမဆုံးအနမ္းေတာ့မဟုတ္ေလာက္ဘူး ဒီေလာက္ကြၽမ္းက်င္ေနတာ!!'
အခန္းတစ္ခုလုံး၌ အတက္အက်မညီေသာအသက္႐ွဴသံမ်ားႏွင့္ စည္းခ်က္က်စြာျမည္ဟီးေနေသာတိုင္ကပ္ နာရီရဲ႕ တခ်က္ခ်က္ျမည္သံမ်ားက နံရံမ်ားကို႐ိုက္ခတ္လ်က္ သူတို႔ႏွစ္ဦးအားအေဖာ္ျပဳေပးလ်က္႐ွိသည္။
နာရီလက္တံအ႐ွည္ေလးက 1ဆိုတဲ့နံပါတ္ကေလးမွ 3ဆိုတဲ့ နံပါတ္ေလး ဆီသို႔တေ႐ြ႕ေ႐ြ႕ဆင္းလာခဲ့ေသာ္လည္း ႏွစ္ဦးသားရဲ႕ ထိစပ္သြယ္ယွက္ထားတဲ့ႏႈတ္ခမ္းအစုံတို႔ကေတာ့ အနည္းငယ္မွ်ေတာင္ခြဲခြာသြားျခင္းမ႐ွိခဲ့ေပ။
မင္းစက္ခမ်ာေအာက္စီဂ်င္ျပတ္လပ္လာၿပီးအသက္႐ွဴမရျဖစ္လာတာေၾကာင့္ ဟန္လင္းထက္ရဲ႕ခ်ဳပ္တီးမႈကေနသူ႕ရဲ႕နာက်င္ေနတဲ့လက္၂ဖက္ကိုလြတ္ေအာင္လုပ္လိုက္ၿပီး ထိုေကာင္ေလးရဲ႕ရင္ဘတ္အားအၾကမ္းပတမ္းဆြဲထိုးပစ္လိုက္ပါေတာ့သည္။
'အာ့!!!'
မင္းစက္ရဲ႕ႏႈတ္ခမ္းသားတို႔ဟာေခြးေကာင္ေလးရဲ႕ခ်ဳပ္ေႏွာင္မႈကေနလြတ္ေျမာက္သြားၿပီးေနာက္ ငံက်ိက်ိအရသာတစ္ဖုံကခံတြင္းဆီသို႔စီးဝင္လာခဲ့သည္။
စပ္ဖ်ဥ္းဖ်ဥ္းနာက်င္သြားရတဲ့ေအာက္ႏႈတ္ခမ္းေလးကိုထိကိုင္ၾကည့္လိုက္ေလေသာ္ သူ႕ရဲ႕လက္ေခ်ာင္းထိပ္ေလးမွာေသြးစက္ေလးတစ္စက္ကပ္ၿငိပါလာတာေၾကာင့္မင္းစက္တစ္ေယာက္အမ်က္ေျခာင္းေျခာင္းထလာရေတာ့သည္။
"ေသြး!။ အလင္းမင္းကေခြးလား ဘာကိစၥကိုက္တာတုန္း! ေခြးေကာင္ရ !!"
ဟန္လင္းထက္က ခုတင္ေဘး၌မတ္တပ္ထရပ္လိုက္ကာသူ႕ႏႈတ္ခမ္းထက္မွာတင္က်န္ေနတဲ့ခ်ိဳျမျမေသြးစက္ေလးကိုလွ်ာဖ်ားေလးနဲ႔အရသာ႐ွိစြာလ်က္လိုက္ရင္း ေက်နပ္မႈအျပည့္နဲ႔ဆိုသည္။
"က်ေနာ္႕နည္းလမ္းကထိေရာက္သားပဲ။"
ထိုအခါ မင္းစက္က ဟန္လင္းထက္ကိုမ်က္ေထာက္နီႀကီးနဲ႔စိုက္ၾကည့္လာကာ အံတႀကိတ္ႀကိတ္ျဖင့္ လက္ညိႇဳးထိုးလ်က္ ေဒါသတႀကီးေအာ္ေျပာလာခဲ့သည္။
"မင္း! မင္း! မင္းကငါ့ကိုကစားစရာအ႐ုပ္တစ္႐ုပ္လိုသေဘာထားေနတာပဲ!
ငါကမင္းပ်င္းတိုင္းႀကိဳက္ရာေဆာ့ကစားပိုင္ခြင့္႐ွိတဲ့ကစားစရာမဟုတ္ဘူးကြ ! "
"မင္းအျမင္မွာ ငါကမင္းအတြက္ဟာသလိုပဲျဖစ္ေနတာလား ? ဟုတ္လား ဟန္လင္းထက္ !
မင္းကိုငါေတာ္ေတာ္စိတ္ဆိုးတယ္။ငါ မင္းမ်က္ႏွာကိုထပ္မျမင္ခ်င္ဘူး!!!"
မင္းစက္ကတ႐ႈး႐ွဴးတ႐ွား႐ွားနဲ႔ေဒါသပုန္ထကာအခန္းထဲမွထြက္သြားမည္အျပဳ ဟန္လင္းထက္ကမင္းစက္အားသူ႕ရင္ခြင္ထက္ဆီသို႔ျပန္ေဆာင့္ဆြဲလိုက္ပါေတာ့သည္။
သူကမင္းစက္ရဲ႕ကိုယ္ေလးကိုသိမ္းက်ံဳးဖက္ထားလိုက္ၿပီးေနာက္ ျမတ္ႏိုးရတဲ့လူသားေလးရဲ႕ပုခုံးတစ္ဖက္မွာ သူရဲ႕ေမးေစ့ေလးကိုတင္လိုက္ကာခပ္အက္အက္ဆိုလာသည္။
"ကိုစက္က က်ေနာ္႕အတြက္ ကစားစရာလည္းမဟုတ္သလို ဟာသလည္းမဟုတ္ဘူး။
ကိုစက္က တကယ္ေတာ့ က်ေနာ္သိပ္ခ်စ္ရတဲ့ က်ေနာ္႕ခ်စ္ရသူဗ်!!။"
"က်ေနာ္႕ႏွလုံးသားကိုအၿမဲခ်ဳပ္ကိုင္ထားႏိုင္တဲ့တစ္ဦးတည္းေသာသူ။
က်ေနာ္႕အသက္ကိုေတာင္ ကိုစက္လိုခ်င္ရင္ က်ေနာ္တစ္ခ်က္မတြန္႔ပဲေပးႏိုင္တယ္။
အဲ့ေလာက္ထိ ကိုစက္ကို႐ူး႐ူးသြပ္သြပ္ခ်စ္ေနရတယ္ဆိုတာ ကိုစက္သိရဲ႕လား။"
ထိုစကားတို႔ကသူ႕ရဲ႕နားဖ်ားထက္ကေနႏွလုံးသားထိတိုင္ေအာင္ပဲ့တင္ထပ္သြားတဲ့အခါ မင္းစက္ရဲ႕ကိုယ္ေလးက ႐ုတ္တရက္ေတာင့္ခဲသြားရၿပီး ဟန္လင္းထက္အားအေဝးဘက္ဆီသို႔အစြမ္းကုန္တြန္းဖယ္ပစ္လိုက္ေပေတာ့သည္။႐ုတ္တရက္မို႔ဟန္လင္းထက္လည္းေၾကာင္အသြားၿပီး သူ႕ရဲ႕ေနာက္ေက်ာကအခန္းနံရံနဲ႔ဝုန္းခနဲဝင္ေဆာင့္သြားခဲ့ရသည္။
ဟန္လင္းထက္ရဲ႕မ်က္ဝန္းေတြကခ်က္ခ်င္းနီရဲတက္လာကာမင္းစက္ရဲ႕မ်က္ႏွာေလးအားမိန္းေမာစြာျဖင့္ေငးၾကည့္ေနခဲ့သည္။
"ကိုစက္!"
"ငါတို႔ကေယာက်္ားေလးေတြေလ။ဘယ္လိုလုပ္ခ်စ္လို႔ရမွာလဲ"
"အခ်စ္မွာအဲ့တာေတြလိုလို႔လားဗ်ာ။က်ေနာ္ကကိုစက္ကိုခ်စ္ၿပီးကိုစက္ကက်ေနာ္႕ကိုခ်စ္ရင္ၿပီးၿပီေလ။
ဘာကိုဂ႐ုစိုက္စရာလိုေသးလို႔လဲ"
ဟန္လင္းထက္ကထိုသို႔ဆိုရင္းမင္းစက္ရဲ႕အနားဆီသို႔တိုးကပ္လာေတာ့ မင္းစက္ကအေနာက္ဘက္ဆီသို႔ေျခလွမ္းလိုက္ၿပီး ဟန္လင္းထက္နဲ႔ေဝးရာကိုသာထြက္ခြာသြားဖို႔ဆႏၵ႐ွိခဲ့သည္။
"ငါ Gay မဟုတ္ဘူး။ငါေယာက်္ားခ်င္းမႀကိဳက္ဘူး။
ၿပီးေတာ့ ငါ မင္းမ်က္ႏွာကိုလည္းထပ္မျမင္ခ်င္ဘူး"
ဟု စိမ္းကားမႈအျပည့္နဲ႔ေျပာလာၿပီးေနာက္မင္းစက္ကအခန္းထဲမွေျပးထြက္သြားခဲ့ေလသည္။
ဒီတစ္ခါမွာေတာ့ဟန္လင္းထက္ထံ၌ မင္းစက္ဆိုတဲ့လူသားေလးအား သူ႕အနားသို႔ျပန္ဆြဲေခၚထားဖို႔ရာအတြက္ ခြန္အားတို႔ကုန္ခမ္းေနခဲ့ရေလၿပီ။
'က်ေနာ္႕အနားကေနအၿမဲတမ္းထြက္ေျပးခ်င္ေနတဲ့လူသားေလးက က်ေနာ္ဖမ္းဆြဲထားလည္း က်ေနာ္႕ဆီကေနထြက္ေျပးေနဦးမွာပဲ....'
••••••••••••••••••••••••••••••••••••••••••••••••••
"ညီ မနက္ျဖန္သြားမယ့္အခ်ိန္အကို႔ကိုေျပာေလ အကိုလိုက္ပို႔မယ္"
မင္းခန္႔ထည္က Laptopေ႐ွ႕၌ထိုင္ေနကာ Assignmentေရးရန္အခ်က္အလက္ေတြကို႐ွာေဖြေနရင္း တစ္ဖက္ခုတင္ေပၚ၌ထိုင္လ်က္ေက်ာပိုးအိတ္ထဲသို႔အဝတ္အစားမ်ားကိုသပ္သပ္ရပ္ရပ္စီထည့္ေနပါတဲ့ ႐ိႈင္းေဇယံေလးအားေခါင္းလွည့္ၾကည့္၍ဆိုလိုက္ေလသည္။
"အကိုအားလို႔လား။မနက္ျဖန္ unity fairလည္း႐ွိေသးတယ္ေလ။အကို က်ေနာ္နဲ႔လိုက္လို႔အဆင္ေျပပါ့မလား"
"ဘာလို႔အဆင္မေျပရမွာလဲ ညီနဲ႔သြားမွာပဲကို။ၿပီးေတာ့ ညီကအခုမွပထမဆုံးသန္လ်င္ကေနၿမိဳ႕ထဲဘက္ကူးမွာေလ။စဥ္းစားၾကည့္ အကိုညီ့ကိုတစ္ေယာက္တည္းဘယ္လိုစိတ္ခ်ရမလဲ"
မင္းခန္႔ထည္စကားဆုံးေတာ့႐ိႈင္းကဘာစကားမွ်ထပ္မေျပာလာခဲ့ေပမယ့္ ႏူးညံ့လွပတဲ့အျပဳံးေလးတစ္ပြင့္ကေတာ့ ခ်စ္စရာေကာင္ေလးရဲ႕မ်က္ႏွာထက္တြင္ခပ္ဖြဖြဖူးပြင့္လ်က္႐ွိေလသည္။
ထိုအခိုက္
"ခန္႔ထည္ သားႀကီး တံခါးဖြင့္စမ္းပါ"ဟူတဲ့အသံတစ္သံနဲ႔အတူအခန္းတံခါးကိုအျပင္ဘက္မွထု႐ိုက္တဲ့အသံေတြပါဆက္ထြက္လာတာေၾကာင့္ မင္းစက္အသံမွန္းအတပ္သိေနတဲ့အခန္းထဲ႐ွိ၂ေယာက္စလုံးမွာအခန္းတံခါးဆီသို႔တၿပိဳင္နက္လွည့္ၾကည့္ျဖစ္ၾကေလသည္။
မင္းခန္႔ထည္လည္းအခန္းတံခါးဆီေလွ်ာက္သြားလိုက္ၿပီး တံခါးခ်က္ေလးကိုဖြင့္လိုက္ေတာ့ မင္းစက္ကေၾကာက္႐ြံ႕ထိတ္လန္႔ေနတဲ့ကတုန္ကယင္ပုံစံျဖင့္အခန္းထဲသို႔အလ်င္စလိုေျပးဝင္လာတာေၾကာင့္ မင္းခန္႔ထည္နဲ႔အတူ ႐ိႈင္းေဇယံပါထိတ္လန္႔သြားရေလသည္။ မင္းခန္႔ထည္ကအခန္းတံခါးကိုအျမန္ပိတ္လိုက္ကာ တုန္လႈပ္ေန႐ွာတဲ့မင္းစက္ဆီေလွ်ာက္သြားလိုက္ၿပီးစိုးရိမ္တႀကီးေမးလာခဲ့သည္။
"ဟိတ္ေကာင္ မင္းဘာျဖစ္လာတာတုန္း! !"
႐ိႈင္းေဇယံကလည္းသူ႕ရဲ႕ခုတင္ေပၚကေနခုန္ထလာကာမင္းစက္ေ႐ွ႕သို႔အေျပးေရာက္လာေလ၏။
"အကိုမင္းစက္ ဘာျဖစ္လာတာလဲ!"
"ဟင္!!! ငါ....ငါ.....ဘာ...မွ...မ....ျဖစ္"
မင္းစက္ရဲ႕အသံတို႔ကတုန္ရီထစ္အေနကာစကားတစ္ခြန္းေတာင္အဆုံးမသတ္ႏိုင္ခင္မွာပင္ေပ်ာက္႐ွျပတ္ေတာက္သြားရသည္။
"မင္းစက္ ဘာျဖစ္လာတာလဲဆိုတာေျပာျပစမ္းပါကြာ။
အခု မင္းပုံစံက ဘာမွမျဖစ္တဲ့ပုံစံမဟုတ္ဘူးကြ"
မင္းခန္႔ထည္ကမင္းစက္ကိုဆို သာမန္အခ်ိန္ေတြမွာဘယ္ေလာက္ပဲေခြးမစားဝက္မစားဆဲဆိုေနပါေစ သူ႕သူငယ္ခ်င္းကိုလာထိလို႔ကေတာ့ၿငိမ္ေနမယ့္ေကာင္ေတာ့မဟုတ္။
မင္းစက္ရဲ႕ထိုသို႔ေသာပုံစုံမ်ိဳးကိုသူတစ္ခါမွမျမင္ဖူးတာေၾကာင့္ သူ႕သူငယ္ခ်င္းပုံစံကိုၾကည့္ေနရင္း သူ႕ရဲ႕ႏွဖူးေၾကာတို႔ကေပါက္ထြက္ေတာ့မတတ္ထင္းစြာေထာင္ထလာေတာ့ေလသည္။ေဒါသအိုးမင္းခန္႔ထည္ကလက္သီးတျပင္ျပင္ျဖစ္ေနကာ သူ႕ရဲ႕မ်က္ႏွာကမုန္တိုင္းတစ္ခုသဖြယ္ၾကမ္းတမ္းခက္ထန္ေနၿပီးအရာအာလုံးကိုပ်က္စီးေျခမႈန္းဖို႔ရာအသင့္ျဖစ္ေနသည္။
ထို႔ေနာက္ မင္းခန္႔ထည္ကမင္းစက္ရဲ႕မ်က္ႏွာအားေသခ်ာၾကည့္လိုက္တဲ့အခါ ေသြးစို႔ေနေသာေအာက္ႏႈတ္ခမ္းကို မ်က္လုံး၂ဖက္ကေနတပ္အပ္ျမင္လိုက္ရတာေၾကာင့္သူထပ္ၿပီးေပါက္ကြဲလာရျပန္ေလသည္။
"မင္း ႏႈတ္ခမ္းကဘာျဖစ္လာတာတုန္း။မင္းကိုဘယ္သူဆြဲထိုးလိုက္တာလဲ။
ငါ့ကိုအခုခ်က္ခ်င္းေျပာျပစမ္း !"
မင္းစက္ကမင္းခန္႔ထည္ရဲ႕မ်က္လုံးေတြကိုမၾကည့္လာဘဲေခါင္းငိုက္စိုက္လ်က္တိုးဖ်စြာဆိုလာခဲ့သည္။
"မေတာ္တဆ ခိုက္မိတာ"
"မဟုတ္တာေတြေတာ္လိုက္ေတာ့ ျမတ္မင္းစက္!။မင္း ဟိုအေကာင္ ဟန္လင္းထက္နဲ႔ျပႆနာတက္လာတာမွတ္လား။ဟိုအေကာင္မင္းမ်က္ႏွာကို ဆြဲထိုးလိုက္တာမွတ္လား။"
မင္းခန္႔ထည္မွာအက်ႌလက္ေတြကိုအၾကမ္းပတမ္းဆြဲတင္လိုက္ရင္း သူ႕ခမ်ာလုံးဝေဒါသထြက္ေနၿပီျဖစ္သည္။
"ေတာက္!!!!! ဒီေကာင္ကြာ ငါ့ကိုမေက်နပ္တာနဲ႔ မင္းကိုမဲစရာလား။ဘယ္မွာလဲ အဲ့အေကာင္။ငါအဲ့အေကာင္နဲ႔စာရင္းသြား႐ွင္းမွျဖစ္ေတာ့မယ္!!"
မင္းခန္႔ထည္ဆိုသည္မွာ ႏူးညံ့ေပ်ာ့ေပ်ာင္းၿပီဆိုလွ်င္ဖေယာင္းတို႔ကေတာင္အ႐ႈံးေပးရေပမယ့္ ေဒါသမီးေတာက္လာၿပီဆိုလွ်င္ေတာ့အားျပင္းေသာငရဲမီးတို႔ကေတာင္အ႐ႈံးေပးရေလာက္ေသာလူစားပင္။
"အကို စိတ္ေလွ်ာ့ပါဗ်ာ။အကိုမင္းစက္ကိုလည္းေသခ်ာေအာင္ေမးၾကည့္ပါဦး။"
႐ိႈင္းကမင္းခန္႔ထည္ရဲ႕ လက္ေမာင္းအားဆုပ္ကိုင္လိုက္ရင္းတားျမစ္လိုက္ေတာ့ မီးတဝင္းဝင္းေတာက္ေနတဲ့မင္းခန္႔ထည္ကအနည္းငယ္ၿငိမ္က်သြားေလသည္။
"မင္းခန္႔ ငါဘာမွမျဖစ္ဘူး။ငါမေတာ္တဆထိခိုက္မိတာ။ၿပီးေတာ့ ဟန္လင္းထက္နဲ႔ျပႆနာတက္လာတာလဲမဟုတ္ဘူး။
စိတ္ေအးေအးထားစမ္းပါကြာ"
မင္းစက္ကထိုသို႔ဆိုရင္းအရိပ္အျခည္တစ္ခုျပလာတာေၾကာင့္ အရိပ္အကဲသိေနတဲ့မင္းခန္႔ထည္ကသူ၏ေဒါသေတြကိုတခနျပန္မ်ိဳသိပ္လိုက္ကာ႐ိႈင္းေဇယံဘက္လွည့္လ်က္ဆိုလာ၏။
"ညီ အကိုတို႔အျပင္ဘက္မွာစကားသြားေျပာလိုက္ဦးမယ္။မနက္က်ရင္ အေစာႀကီးထရမွာဆိုေတာ့ gameအရမ္းေဆာ့မေနနဲ႔ေနာ္ဟုတ္ၿပီလား။"
သူ႕စကားၾကားေတာ့ေကာင္ေလးက လိမၼာစြာေခါင္းၿငိမ့္ျပလာတာေၾကာင့္မင္းခန္႔ထည္က ထိုကေလးရဲ႕ေခါင္းေလးကိုပြတ္သပ္ေပးလိုက္ေလသည္။
"ၿပီးေတာ့ အရမ္းလည္းစိတ္မပူနဲ႔ဦး "
ထို႔ေနာက္မင္းခန္႔ထည္က မင္းစက္အားတစ္ခ်က္႐ႈၾကည့္လိုက္ၿပီး ေမးဆတ္ျပကာအခန္းထဲကေနေခၚထုတ္သြားေတာ့သည္။
"ဟိုအေကာင္ ထြက္ခဲ့!"
မင္းခန္႔ထည္ေနာက္ကေန မင္းစက္လည္းလိုက္ထြက္သြားတာေၾကာင့္ အခန္းထဲတြင္႐ိႈင္းတစ္ေယာက္တည္းသာက်န္ခဲ့ေတာ့ေလသည္။
အခန္းထဲကေနထြက္လာၿပီးေနာက္ မင္းခန္႔ထည္နဲ႔မင္းစက္တို႔၂ေယာက္သားသည္အေဆာင္အေနာက္ဘက္နားဆီသို႔ဦးတည္လိုက္သည္။
အေဆာင္အေနာက္ဘက္ေနရာဆိုသည္မွာ ႏွစ္ႀကီးေက်ာင္းသားတို႔ရဲ႕ခိုလႈံရာ၊ ေဆးလိပ္ခိုးေသာက္ရာ ၊သံစဥ္မ်ားသီကုံးဖြဲ႕ဆိုရာ Guitar သံတို႔ျဖင့္ျပည့္ႏွက္ေနေသာ စိတ္အပန္းေျဖစရာေနရာတစ္ခုျဖစ္ေပသည္။
တစ္ခါတစ္ေလက်ေနာက္ဆုံးႏွစ္စီနီယာႀကီးေတြက ထိုေနရာ၌ဘီယာခိုးေသာက္တတ္တာေၾကာင့္ ဘီယာခြံတစ္လုံးစႏွစ္လုံးစမွ် လက္က်န္က်န္ရစ္ေနတတ္ကာ မင္းခန္႔ထည္ကသူ၏ဖိနပ္ေအာက္၌လဲေလ်ာင္းေနတဲ့ဘီယာဗူးခြံတစ္ခုကိုတစ္ဖက္သို႔ကန္ထုတ္လိုက္ေလသည္။
သတၱဳသံေလးတစ္သံကညပုစဥ္းသံေတြၾကား၌ၾကည္လင္ကြဲထြက္စြာထြက္ေပၚလာ ကာ ေနာက္ဆုံးဘီယာခြံေလးဟာကြန္ကစရစ္ေျမာင္းေလးထဲသို႔ထိတိုက္ျပဳတ္က်သြားပါေတာ့သည္။
မင္းခန္႔ထည္က အနည္းငယ္ျမင့္တဲ့အုတ္ခုံေလးေပၚသို႔ခုန္ကာတက္ထိုင္လိုက္ၿပီးေနာက္မင္းစက္ကလည္းထိုေနရာ၌ဝင္ထိုင္လာခဲ့သည္။
"ကဲ..ေျပာလို႔ရၿပီလား။မင္း ႏႈတ္ခမ္းေပါက္လာတဲ့အေၾကာင္း"
မင္းစက္ကေတာ္ေတာ္နဲ႔ျပန္ေျဖမလာတာေၾကာင့္မင္းခန္႔ထည္ကသက္ျပင္းခ်ကာေခါင္းတဆတ္ဆတ္ၿငိမ့္လာခဲ့သည္။
"မင္း ဒီေလာက္တြန္႔ဆုတ္ေနပုံေပါက္ရင္ ဒီကိစၥကသာမန္ေတာ့မဟုတ္ဘူးမွတ္လား"
"မင္းကိုငါတစ္ခုေမးခ်င္တာ႐ွိတယ္"
"ဘာလဲ"
"မင္း Gayေတြကိုမုန္းလား"
မင္းစက္အေမးကိုၾကားေတာ့မင္းခန္႔ထည္ကမ်က္ေမွာင္ၾကဳတ္လိုက္ကာ သူျပန္ေျဖဖို႔အတြက္စကားစ႐ွာမရခဲ့ေပ။
"ဘာကိစၥဒီအေၾကာင္းလဲ"
"ငါေမးတာကိုမင္းေျဖရင္။မင္းေမးတာကိုငါေျဖမယ္"
"မသိဘူး။"
"ဒါဆို LGBTကိုမင္းလက္ခံလား"
"ငါမေသခ်ာဘူး"
"အဲ့တာဆို အခ်စ္မွာလိင္ခြဲျခားစရာလိုလား မလိုဘူးလား"
"တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ရင္ၿပီးတာပဲမဟုတ္ဘူးလား။အဲ့တာေတြလိုလို႔လား"
"မင္းေျပာေတာ့ LGBT ကိုလက္မခံဘူးဆို"
ထိုအခါမင္းခန္႔ထည္က သူ႕ရဲ႕မ်က္ေတာင္ေလးေတြကိုလႈပ္႐ွားလိုက္လ်က္အူေၾကာင္ေၾကာင္မ်က္ႏွာေပးနဲ႔ျငင္းဆန္လာခဲ့သည္။
"ငါလက္မခံဘူးလို႔မေျပာပါဘူး။မေသခ်ာဘူးလို႔ပဲေျပာတာပါ။
ငါက Gayတစ္ေယာက္မဟုတ္ေတာ့ အဲ့အေၾကာင္းေတြကိုေသခ်ာသိပ္မသိဘူးေလကြာ"
မင္းစက္ကငူငူငိုင္ငိုင္နဲ႔ထိုင္ေနရင္းကေနသူ႕မ်က္ႏွာကိုလက္ခုပ္ထဲထည့္အုပ္ထားရင္းအသံခပ္အုပ္အုပ္နဲ႔ကရားေရလြတ္ေရ႐ြတ္လာခဲ့သည္။
"သူကေျပာတယ္သိလား။ငါကသူ႕ကိုခ်စ္ၿပီးေတာ့ သူကငါ့ကိုခ်စ္ရင္ၿပီးၿပီတဲ့။
ဘာေတြဂ႐ုစိုက္ရမွာလဲတဲ့ေလ။
ဒီကေလးတကယ္ပဲဘာေတြေတြးေနလဲဆိုတာငါမသိေတာ့ဘူးကြာ။
သူကခ်စ္တာတစ္ခုတည္းကိုပဲသိတာ။ၾကဳံေတြ႕ရမယ့္ေခ်ာက္နက္ႀကီးေတြကိုက် သူမွမသိေသးတာ။"
"ငါကသိသိႀကီးနဲ႔ အဲ့ကေလးကိုေခ်ာက္နက္ႀကီးထဲဆြဲေခၚခ်လိုက္ရင္ သူ႕ကိုလည္းငါမာန္လိုပဲဆုံး႐ႈံးလိုက္ရမွာကြ။ငါဘယ္လိုေျပာမွသူနားလည္မွာလဲ။ငါ Gayမဟုတ္ဘူး။ငါေယာက်္ားခ်င္းမႀကိဳက္တတ္ဘူး။ဒါေပမယ့္ သူနဲ႔ပက္သတ္ၿပီးျဖစ္ေပၚလာရတဲ့ရင္ခုန္သံေတြ၊ခံစားခ်က္ေတြကိုလည္း ငါတစ္ခ်ိန္လုံးထိန္းခ်ဳပ္ထားလို႔မရခဲ့ဘူး။အဲ့လိုျဖစ္တဲ့ ငါ့ကိုယ္ငါလည္းမုန္းတယ္။ငါ့ကိုအၿမဲတမ္းအဲ့လိုျဖစ္ေအာင္ျပဳစားႏိုင္တဲ့ သူ႕ကိုလည္းငါေဒါသထြက္တယ္။"
"မင္းသိလား အဲ့ေကာင္ေလးကိုငါေက်ာခိုင္းဖို႔တိတ္တဆိတ္ႀကိဳးစားခဲ့ဖူးေသးတယ္။ဒါေပမယ့္ႀကိဳးစားတိုင္းလည္းအရာမထင္ခဲ့ဘူး။........"
မင္းခန္႔ထည္ကိုျပန္ၾကည့္လာတဲ့မင္းစက္ရဲ႕မ်က္ဝန္းေတြကမ်က္ရည္စေတြနဲ႔ျပည့္ႏွက္ေနၿပီးနီရဲရီေဝေနတာေၾကာင့္ မင္းခန္႔ထည္ကသက္ျပင္းဖြဖြခ်လ်က္ သူ႕သူငယ္ခ်င္းရဲ႕ပုခုံးေပၚကိုလက္တင္ဖက္လိုက္ေတာ့သည္။
"ဆိုေတာ့ကာ လက္စသတ္ေတာ့ ဟန္လင္းထက္ကမင္းကိုထိုးလိုက္တာမဟုတ္ဘဲ ရည္းစားစကားေျပာလိုက္တာေပါ့။
အဲ့အရာကလည္း ဟိုကမင္းကိုခပ္ၾကမ္းၾကမ္းနမ္းၿပီးကိုက္လိုက္တာေၾကာင့္ရလာတဲ့ဒဏ္ရာေပါ့ေလ"
မင္းစက္ကမင္းခန္႔ထည္အားေဆြၾကည္္႕လာရင္းထမဆဲမိေအာင္မနည္းထိန္းထားရေလ၏။သူ႕သူငယ္ခ်င္း႐ွက္ရမ္းရမ္းေနမွန္းသိတဲ့မင္းခန္႔ထည္ကအျပင္မွာေတာ့ထုတ္မရယ္ခဲ့ေပမယ့္ရင္ထဲ၌ေတာ့ႀကိတ္ရယ္ေနခဲ့ေပသည္။
"ဟန္လင္းထက္ကသတၱိေတာ့အေတာ္ေကာင္းသားပဲ။ငါ့သူငယ္ခ်င္းကို ငါေတာင္မသိလိုက္ရတဲ့အခ်ိန္တိုအတြင္းမွာရေအာင္လိုက္သြားႏိုင္တယ္တဲ့ ဟမ့္ !"
ေပါေတာေတာႏုံအအနဲ႔ ႏွစ္တစ္ေထာင္အႀကီးစားFAျဖစ္ပါတဲ့ မင္းစက္ဆိုတဲ့သူ႕သူငယ္ခ်င္းအားသူ႕ေနာက္ကြယ္မွာ အလစ္သုတ္ဖို႔ျပင္ေနတဲ့ဟန္လင္းထက္အတြက္ မင္းခန္႔ထည္ဟာဆိုရင္ ရင္ထဲအသည္းထဲ၌ဓားေသြးထားၿပီးၿပီျဖစ္သည္။
"မင္းငါ့ကို႐ြံသြားၿပီလားမင္းခန္႔။"
"ဘာကိစၥ႐ြံရမွာလဲ။မင္းက ငါမင္းကို႐ြံသြားလားမ႐ြံဘူးလား အခုဂ႐ုစိုက္ေနရမွာမဟုတ္ဘူး။ မင္းရင္ထဲကလူကိုသာ လမ္းမွားမေရာက္ေအာင္ဂ႐ုစိုက္ရမွာ။
ဒီအ႐ြယ္ေတြကအသဲကြဲရင္ထိန္းခ်ဳပ္ရခက္တယ္။အထူးသျဖင့္ သူ႕လိုတဇြတ္ထိုးတေစာက္ကမ္းေတြကပိုဆိုးတယ္။"
"အလင္းက မာန္နဲ႔ေတာ့ေတာ္ေတာ္ဆင္ေပမယ့္။စိတ္ဓာတ္ကေတာ့မေပ်ာ့ညံ့ဘူး။သူ သူ႕ကိုယ္သူေတာ့ေစာင့္ေ႐ွာက္ႏိုင္မွာပါ။
ခံစားခ်က္ေတြကေတာ့ ေလေျပေတြလိုပါပဲ တိုက္ခတ္လာခ်ိန္ခနၿပီးရင္ သူ႕အလိုလိုေပ်ာက္ကြယ္သြားၾကမွာပဲ။အဲ့လိုပဲျဖစ္ဖို႔ငါေမွ်ာ္လင့္တယ္။ မွားမွန္းသိရဲ႕သားနဲ႔မွားေအာင္လုပ္မိရင္ ငါေတာ္ေတာ္႐ူးတဲ့အ႐ူးမို႔လို႔ပဲေနမွာ။"
ေအးစိမ့္ေနတဲ့ေဆာင္းေလေအးတို႔ေဝ့တိုက္လာတဲ့အခါ အျဖဴေရာင္လက္႐ွည္တစ္ထပ္တည္းကိုသာဝတ္ဆင္ထားတဲ့မင္းစက္တစ္ေယာက္ သူ႕ရင္ထဲကအပူမီးေတြေၾကာင့္အေအးဒဏ္ကိုေတာင္မခံစားႏိုင္ခဲ့ေပ။
ထိုစဥ္မင္းခန္႔ထည္ကအလင္းႏွစ္မ်ားစြာကြာေဝးလြန္းပါတဲ့ၾကယ္စင္တန္းေတြဆီေငးၾကည့္ေနရင္း သူစိတ္ထဲမွာမွန္မယ္ထင္တဲ့အေတြးတို႔နဲ႔အတူေျပာျပလာခဲ့သည္။
"အဲ့အမွားအတြက္မင္းတာဝန္ယူႏိုင္ရင္ေတာ့ မမွားသင့္လည္းမင္းမွားရမွာပဲ။တစ္ခ်ိန္က်ရင္မင္းမမွားမိခဲ့တဲ့အမွားအတြက္ ေနာင္တရခ်င္ရေနမွာေပါ့။မင္းေသခ်ာစဥ္းစားပါ။ငါေတာ့ သိပ္ၿပီးအၾကံမေပးတတ္ဘူး။ကာယကံ႐ွင္ မင္းကဆုံးျဖတ္ရမွာဆိုေတာ့ မင္းပဲေသခ်ာစဥ္းစားဖို႔လိုတယ္။"
သူကခပ္ဟဟရယ္လာရင္းမင္းစက္ရဲ႕ေခါင္းကိုတစ္ခ်က္တီးထည့္လိုက္ပါေတာ့သည္။
"ျမတ္မင္းစက္ ျမတ္မင္းစက္ ေနာက္ဆုံးေတာ့ မင္းေတာင္ခ်စ္တတ္လာခဲ့ၿပီပဲ"
ထို႔ေနာက္မင္းခန္႔ထည္ကအုတ္ခုံေပၚ၌ထရပ္လိုက္ကာ ေအာက္သို႔ခုန္ဆင္းသြားခဲ့ေလသည္။
"အျပင္မွာေအးတယ္ အခန္းျပန္ရေအာင္။
႐ိႈင္းေလး ငါတို႔ကိုေစာင့္ေနလိမ့္မယ္။ငါတို႔မျပန္သြားမခ်င္းသူအိပ္ဦးမွာမဟုတ္ဘူး"
မင္းစက္ကမင္းခန္႔ထည္ရဲ႕ေက်ာျပင္တစ္ေနရာကို႐ႈၾကည့္ေနရင္း အုတ္ခုံေပၚကေနေအာ္ေျပာလိုက္ေလ၏။
"ဒါနဲ႔စကားမစပ္ မင္းေတာင္ အခ်စ္အေၾကာင္းေတြနားလည္တတ္ေနၿပီပဲ"
မင္းစက္စကားၾကားေတာ့မင္းခန္႔ထည္ကေနာက္ျပန္လွည့္လာလ်က္ ခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္လာကာ မ်က္ခုံးေတြကိုတြန္႔ခ်ိဳးထားေခ်သည္။
"ဟန္လင္းထက္နမ္းလိုက္လို႔မင္းဦးေႏွာက္ကေခြးစားသြားတာလား"
"ဟုတ္ပါၿပီ ငါပဲမွားတာပါ "
••••••••••••••••••••••••••••••••••••••••••••••••••
မနက္မင္းစက္ႏိုးလာေတာ့ အခန္းထဲတြင္႐ိႈင္းေဇယံႏွင့္မင္းခန္႔ထည္တို႔၂ေယာက္စလုံးမ႐ွိေတာ့ေပ။မင္းစက္လည္းညကအခန္းမျပန္ျဖစ္ပဲ မင္းခန္႔ထည္တို႔အခန္းတြင္သာညအိပ္လိုက္ေလသည္။
မင္းခန္႔ထည္ကေတာ့ ႐ိႈင္းေဇယံရဲ႕တိုက္ခန္းကိုလိုက္ပို႔ရန္အတြက္ ႐ိႈင္းနဲ႔အတူတူလိုက္သြားသည္မွာေျပာစရာပင္မလိုေတာ့ေပ။
ဒီေန႔မနက္Unity Fairသို႔သြားရဦးမည္ျဖစ္တာေၾကာင့္ သူအခန္းဆီမျပန္ေတာ့ပဲ မင္းခန္႔ထည္ရဲ႕Uniformတစ္စုံကိုယူဝတ္လိုက္၍ အေဆာင္ကေနတန္းထြက္လာခဲ့လိုက္သည္။
Unity Fairေရာက္ေတာ့ နားေနခန္းထဲတြင္လူေတာ္ေတာ္မ်ားမ်ားစုံေနၿပီျဖစ္ကာ ထိုလူအုပ္ထဲတြင္ေတာ့ လူဆိုးေလးနဲ႔ဆင္တူတဲ့အရိပ္အေယာင္တစ္စြန္းတစ္စမွ်႐ွာမေတြ႕ခဲ့ေပ။
"အကိုကေတာ့ဗ်ာ အခုမွလာတာလား"
Suitအျပည့္ဝတ္ထားတဲ့ဆက္ေနာင္ခကမင္းစက္ကိုျမင္တာနဲ႔အေျပးေျပးလာၿပီးပုခုံးကေနသိုင္းဖက္လ်က္ေမးလာေလသည္။
"ေအးအခုမွလာတာ။ငါတို႔ေမဂ်ာက Queenေကာေရာက္ၿပီလား"
"ေရာက္ၿပီေလ။ဟိုနားမွာ Seniorမႀကီးေတြက make upျပင္ေပးေနတယ္"
ဆက္ေနာင္လက္ညိႇဳးထိုးျပတဲ့ဆီကိုၾကည့္လိုက္ေတာ့ထားသရဖီဦးကQueenညီမေလးကိုမိတ္ကပ္ျပင္ေနရင္းနဲ႔သူ႕အားျပဳံးျပလာတာေၾကာင့္ သူလည္းျပန္ျပဳံးျပလိုက္ေပသည္။
"Ok။လူစုံၿပီဆိုေတာ့ စိတ္ေအးသြားရၿပီ။"
မင္းစက္ကထိုသို႔ေျပာေနစဥ္အတြင္း Archi majorမွဂ်ဴနီယာညီမေလးတစ္ဦးက မင္းစက္ေဘးဆီသို႔ေရာက္လာေလသည္။
"ဟိုေလ အကိုက အကိုျမတ္မင္းစက္လား"
ေကာင္မေလးရဲ႕တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ေမးသံေလးကိုၾကားေတာ့မင္းစက္ကလွည့္ၾကည့္လိုက္ကာေခါင္းၿငိမ့္ျပရင္းျပန္ေျဖလိုက္သည္။
"ဟုတ္တယ္ေလ။ဘာျဖစ္လို႔လဲ ညီမ"
"အကိုက ဟန္လင္းထက္ရဲ႕အခန္းေဖာ္ဆိုတာဟုတ္လား"
"အင္း ဟုတ္တယ္ေလ။"
"အဲ့ဒါဆိုရင္ေလ အခုဟန္လင္းထက္ဘယ္မွာ႐ွိလဲအကိုသိလားဟင္။အကိုအေဆာင္ကထြက္လာတုန္းကေကာ ဟန္လင္းထက္နဲ႔ေတြ႕ေသးလား"
"မေတြ႕ဘူး ညီမ။ဟန္လင္းထက္ဘာျဖစ္လို႔လဲ"
သူ႕ရဲ႕အေျဖကိုၾကားေတာ့ေကာင္မေလးရဲ႕မ်က္ႏွာကပိုၿပီးငိုမဲ့မဲ့ေလးျဖစ္သြားကာ ခ်က္ခ်င္းပင္ငိုခ်ေတာ့မတတ္ဆိုလာသည္။
"ဟန္လင္းထက္ကအခုထိ Unity Fairကိုေရာက္မလာေသးဘူး အကို။
ပြဲခ်ိန္ကလည္းစေတာ့မယ္။ဖုန္းနဲ႔ဆက္သြယ္တာလည္းဆက္သြယ္လို႔မရဘူးျဖစ္ေနတယ္။အကို သူ႕ကိုအေဆာင္မွာသြား႐ွာေပးလို႔ရမလား"
ေကာင္မေလးရဲ႕စကားကိုၾကားတဲ့အခါ မင္းစက္ရဲ႕ရင္ထဲမွာထိတ္ခနဲျဖစ္သြားရေလသည္။
"အကိုအခုသြား႐ွာေပးမယ္သိလား။ညီမတို႔လည္း တစ္နည္းနည္းနဲ႔႐ွာၾကည့္ပါဦး"
"ဟုတ္ကဲ့ အကို"
မင္းစက္လည္းေျပာၿပီးၿပီးခ်င္းပင္ သုံးထပ္ေဆာင္အေပၚဆုံးထပ္ကေနအေဆာင္ဆီသို႔အသက္မ႐ွဴစတမ္းအေျပးေျပးသြားေတာ့ေလသည္။အေဆာင္ကိုေျပးသြားတဲ့တစ္ေလွ်ာက္လုံးမင္းစက္က လူဆိုးေလးဟန္လင္းထက္ဆီသို႔မရပ္မနားဖုန္းေခၚေနခဲ့ေသာ္လည္းတစ္ဖက္ကဖုန္းကိုင္လာျခင္းမ႐ွိဘဲ က်က်သြားခဲ့သည္။
သူအေဆာင္ေပၚသို႔ေျပးတက္လိုက္ၿပီးေနာက္အခန္းတံခါးကိုၾကည့္လိုက္ေတာ့ အသက္႐ွဴရပ္မတတ္ပင္။သူ႕ရဲ႕ရင္ဘက္ကဆစ္ခနဲေအာင့္လာရေလ၏။
အဘယ္ေၾကာင့္ဆိုေသာ္ အခန္းတံခါးကို ဟန္လင္းထက္ကေသာ့အသစ္နဲ႔ခတ္ထားခဲ့ၿပီးခ်န္ရစ္ထားခဲ့ေလၿပီ။
ေသခ်ာသည္က ထိုေကာင္ေလးကထိုအခန္းထဲတြင္႐ွိမေနခဲ့ေပ။
'ဒါဆို သူဘယ္မွာလဲ'
မင္းစက္တစ္ေယာက္ ထမင္းစားေဆာင္ နဲ႔ေရခ်ိဳးေဆာင္ေတြဘက္၌အေျပးလိုက္႐ွာ
ၾကည့္ေသာ္လည္းသူ႐ွာေနတဲ့ေကာင္ေလးရဲ႕အရိပ္ေလးကိုေတာင္မဖမ္းဆုပ္ႏိုင္ခဲ့ေပ။ထို႔ေနာက္သူတို႔ႏွစ္ေယာက္ သြားခဲ့ဖူးေသာေက်ာင္းေ႐ွ႕ကလက္ဖက္ရည္ဆိုင္ေလးကိုလည္းအေျပးသြား႐ွာခဲ့သည္။
သို႔ေသာ္သူ႐ွာေနတဲ့ထိုေကာင္ေလးကေတာ့သူ႕ရဲ႕မ်က္ဝန္းေတြဆီကေနပုန္းကြယ္ေနခဲ့ကာဘယ္ေနရာမွာမွ ႐ွိမေနခဲ့ေပ။
'တဇြတ္ထိုးေလးေရ မင္းဘယ္မွာလဲ'
သူ႕ရဲ႕ဆံပင္ေတြကိုထိုးဖြလိုက္ရင္းလမ္းမထက္မွာ ေတာင္ၾကည္္႕လိုက္ေျမာက္ၾကည့္လိုက္နဲ႔အ႐ူးတစ္ေယာက္ကဲ့သို႔ခ်ာခ်ာလည္ေနခဲ့ရကာ သူ၏လမ္းစတို႔ကေပ်ာက္ဆုံးသြားခဲ့ရေခ်ၿပီ။
မင္းစက္ပူထူေနရင္း ညကသူမေမွ်ာ္လင့္ဘဲေျပာမိလိုက္တဲ့စကားအခ်ိဳ႕ကိုျပန္ၾကားေယာင္လာမိသည္။
ငါမင္းမ်က္ႏွာကိုထပ္မျမင္ခ်င္ဘူး.....
က်ေနာ္ကသူ႕ရဲ႕မ်က္ႏွာကိုမျမင္ခ်င္ဘူးလို႔ဆိုလိုက္ေတာ့ ထိုေကာင္ေလးကကတိတည္စြာနဲ႔ပဲသူ႕ရဲ႕မ်က္ႏွာေလးကိုက်ေနာ္႕ေ႐ွ႕မွာထပ္မျပလာေတာ့ဘူး။
ေနာက္ဆုံးေတာ့သူသေဘာေပါက္သြားခဲ့ၿပီပင္။
ေကာင္ေလးက သူ႕ဆီကေနထြက္သြားခဲ့ၿပီဆိုတာ ....
'အလင္းေရ အကိုေတာင္းပန္ပါတယ္ကြာ။'
မင္းစက္အခန္းတံခါးကိုစိတ္ပ်က္လက္ပ်က္နဲ႔ဖြင့္လိုက္ၿပီးအခန္းထဲကိုဝင္လိုက္ေတာ့ တစ္ခါကလိုစီးကရက္ရနံ႔တို႔က သူ႕ရဲ႕ႏွာေခါင္းထဲသို႔ေထာင္းခနဲမဝင္ေရာက္လာေတာ့သလို စီးကရက္ေသာက္တတ္တဲ့ေကာင္ေလးတစ္ေယာက္လည္းဒီအခန္းထဲမွာ႐ွိမေနေတာ့ေပ။
ဟန္လင္းထက္ရဲ႕ခုတင္ေနရာကေျပာင္႐ွင္းေနၿပီး အခန္းထဲတြင္ သူတစ္ေယာက္တည္းရဲ႕အသုံးအေဆာင္ပစၥည္းမ်ားသာက်န္ရစ္ေနေတာ့သည္။ၿပီးေတာ့ သူ႕ရဲ႕ခုတင္ထက္မွာေနရာယူထားတဲ့မုန္႔ထုပ္ေတြကိုကိုင္ၾကည့္လိုက္ရင္းႏွာေခါင္းထဲ၌တင္းၾကပ္လာရေလ၏။
ထို႔အျပင္စားပြဲေပၚမွာတင္ထားခဲ့တဲ့စာေလးတစ္ေစာင္ေလး႐ွိေနေသးေလသည္။
မင္းစက္ထိုစာေလးကိုယူလိုက္ကာ အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္မွနီရဲေနတဲ့မ်က္ဝန္းေတြနဲ႔အတူဖြင့္ၾကည့္လိုက္ေတာ့သည္။
အျဖဴေရာင္စာ႐ြက္ေလးေပၚမွာလက္ေရးဝိုင္းဝိုင္းေလးေတြက သပ္ရပ္စြာျဖင့္စီတန္းေနရာယူလို႔ထားလ်က္။
က်ေနာ္႕အခ်စ္ရဆုံးအတြက္....
ကိုစက္ က်ေနာ္ညတုန္းက ကိုစက္အေပၚတဇြတ္ထိုးဆန္ခဲ့မိတဲ့ကိစၥအတြက္ေတာင္းပန္ပါတယ္။
ကိုစက္သိလား ကိုစက္ကက်ေနာ္႕အတြက္ဘယ္တုန္းကမွေပါ့ပ်က္ပ်က္လူတစ္ေယာက္မဟုတ္ခဲ့ဘူး။
ကိုစက္ကိုက်ေနာ္ ကိုႀကီးအျဖစ္နဲ႔လိမ္ညာၿပီး message boxမွာစကားေတြေျပာခဲ့တယ္။
ကိုစက္ကအခ်ိန္အေတာ္ၾကာတာေတာင္က်ေနာ္႕ကိုမရိပ္မိခဲ့ဘူး။ကိုစက္ကဘယ္ေလာက္ေတာင္႐ိုးသားလိုက္လဲ
သူ႕အေၾကာင္းေတြကိုအၿမဲတမ္းေမးေနတတ္တဲ့သူ႕သူငယ္ခ်င္းကိုလုံးဝမရိပ္မိခဲ့တဲ့အထိ ကိုစက္ကေလ႐ိုးစင္းႏုံအလြန္းတယ္. . .
က်ေနာ္တို႔ႏွစ္ေယာက္တစ္ႏွစ္ေလာက္အဆက္အသြယ္ျပတ္သြားေသးတယ္ေနာ္။
အဲ့တာကလည္းက်ေနာ္ကကိုစက္ကိုကစားရတာဝလို႔အဆက္အသြယ္ျဖတ္ခဲ့တာမဟုတ္ပါဘူး။
အဲ့ႏွစ္သႀကၤန္တုန္းကက်ေနာ္႕ဖုန္းေရေတြဝင္ၿပီးပ်က္သြားတာျပန္ျပင္လို႔မရခဲ့ဘူး။
အဲ့တာနဲ႔က်ေနာ္ေနာက္ဆုံးကိုစက္႐ွိတဲ့ေနရာကိုေရာက္ေအာင္လာမွျဖစ္မယ္ဆိုၿပီး က်ေနာ္႕ daddyရဲ႕စကားကိုေတာင္က်ေနာ္လြန္ဆန္ခဲ့တယ္။
က်ေနာ္ဝါသနာပါတဲ့ Business Managementကိုလည္းလက္ေလွ်ာ့ခဲ့တယ္။
ကိုစက္နဲ႔အနီးဆုံးမွာေနရရင္က်ေနာ္႕အတြက္ ဝါသနာဆိုတာေတြကလည္းမလိုအပ္ခဲ့ပါဘူး။
က်ေနာ္ စိတ္ကိုအတတ္ႏိုင္ဆုံးတင္းၿပီး
ကိုစက္အနားကိုေရာက္ေအာင္လာခဲ့တယ္။
ကိုစက္ကေတာ့က်ေနာ္႕ကိုလုံးဝမမွတ္မိခဲ့ဘူး။
ၿပီးေတာ့စစေတြ႕ခ်င္းက်ေနာ္ကကိုႀကီးနဲ႔တူလို႔ဆိုၿပီးကိုစက္လန္႔ေနခဲ့ေသးတယ္မွတ္လား။
မလန္႔ပါနဲ႔ကိုစက္ရာ။
က်ေနာ္ဒီကိုေရာက္လာတာအေရးမပါတဲ့လက္စားေခ်မႈေတြအတြက္ေရာက္လာတာမဟုတ္ပါဘူး။ ကိုစက္ကိုခ်စ္တဲ့စိတ္တစ္ခုတည္းေၾကာင့္သာ ကိုစက္အနားကိုေရာက္လာတာပါ။
ဒါေတြေျပာေနလို႔လည္းမထူးေတာ့ပါဘူးေလ။
ကိုစက္နဲ႔က်ေနာ္ဆုံၾကေတာ့မွာမွမဟုတ္တာ။
ကိုစက္ကက်ေနာ္႕ကိုထပ္မျမင္ခ်င္ေတာ့ဘူးမွတ္လား။
အဲ့ဒါေၾကာင့္က်ေနာ္ထြက္သြားေပးပါ့မယ္။
က်ေနာ္ ကိုစက္အတြက္ဝယ္ထားေပးခဲ့တဲ့မုန္႔ေတြက မၾကာခင္ကုန္သြားလိမ့္မယ္။
ကိုစက္ညညဆို ဗိုက္ဆာလို႔အိပ္မေပ်ာ္မွာက်ေနာ္စိုးရိမ္တယ္။
က်ေနာ္ ကိုစက္အနားကိုျပန္လာခ်င္ပါတယ္။က်ေနာ္ ကိုစက္ကိုဂ႐ုစိုက္ေပးရတာေတြက က်ေနာ္႕အတြက္မလုံေလာက္ေသးဘူးဗ်။
က်ေနာ္ ကိုစက္ ကိုအမ်ားႀကီးဂ႐ုစိုက္ေပးခ်င္ေသးတယ္။ေစာင့္ေ႐ွာက္ေပးခ်င္ေသးတယ္။
ကိုစက္ကို က်ေနာ္႕ရင္ခြင္ထဲမွာဖက္ထားခ်င္ေသးတယ္။
ကိုစက္ရဲ႕ႏႈတ္ခမ္းေလးေတြကိုနမ္းခ်င္ေသးတယ္။ၿပီးေတာ့ ကိုစက္ကို အမ်ားႀကီးခ်စ္ေပးခ်င္ေသးတယ္။
ဒါေပမယ့္ အဲ့တာေတြအကုန္လုံးကအခုမျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ က်ေနာ္ ကိုစက္ကိုႏႈတ္ဆက္ခဲ့ပါတယ္
ေပ်ာ္ေအာင္ေနပါေနာ္ က်ေနာ္ထြက္သြားလို႔ငိုေတာ့မငိုေလာက္ဘူးမွတ္လား ......
အလင္း
သို႔ေသာ္ သူသည္ မင္းစက္ရဲ႕ဘယ္ဘက္ပါးျပင္ေပၚကမ်က္ရည္စက္ေလးေတြကိုသုတ္ေပးဖို႔ရန္အတြက္ေတာ့လြဲေခ်ာ္သြားခဲ့ရေခ်ၿပီ။
စာ႐ြက္ေလးကိုဆုပ္ကိုင္ထားရင္းမ်က္ရည္ေတြကကာဆီးမရစြာစီးက်လာရသည္။
"မျမင္ခ်င္ဘူးေျပာတာနဲ႔ထြက္သြားရလား ေသာက္႐ူးရဲ႕။ငါ့မွာေတာ့ မင္းေၾကာင့္ အ႐ူးတစ္ပိုင္းႀကီးျဖစ္ေနရတာကိုေတာ့ မင္းမသိဘူးမွတ္လား။"
"ငါ...မင္းကို ခ်စ္မိေနၿပီနဲ႔တူတယ္အလင္း။
ငါ ဒီအေၾကာင္းေတြကို မင္းၾကားေအာင္ဘယ္လိုေျပာျပရမွာလဲ။"
"ထြက္သြားလည္းထြက္သြားေပါ့။ဘာကိစၥဖုန္းကိုပါ ဆက္သြယ္လို႔မရေအာင္ပါ ပိတ္ထားရျပန္တာတုန္း လဒရဲ႕!!!!!"
အခန္းထဲ၌ မင္းစက္တစ္ေယာက္တည္းအ႐ူးထေန႐ွာတဲ့ငို႐ိႈက္သံေတြ၊ဆဲဆိုႀကိမ္းေမာင္းသံေတြက ရပ္နားသြားျခင္းမ႐ွိဘဲပဲ့တင္ထပ္ထြက္ေပၚလာခဲ့ရကာ ေနာက္ဆုံးဒူးႏွစ္ဖက္ေပၚေခါင္းကိုတင္ေမွာင္ထားလိုက္ပါေတာ့သည္။
"မင္းမႀကိဳက္ရင္ ငါမင္းကိုဟန္လင္းထက္လို႔ထပ္မေခၚေတာ့ဘူးေလ ဒီလိုႀကီးေတာ့ငါ့ကိုထားမသြားပါနဲ႔လား
ငါမင္းကိုလိုအပ္တယ္....လူဆိုးေလး"
••••••••••••••••••••••••••••••••••••••••••••••••••
နံပါတ္ ၇၀ ကားေလးေပၚ၌ေက်ာင္းေ႐ွ႕ကေနလိုက္ပါစီးနင္းလာတဲ့ခရီးသည္ေလး၂ဦးမွာအေနာက္ဘက္၂ေယာက္ခုံ၌ေဘးခ်င္းယွဥ္လ်က္ထိုင္ေနၾကၿပီး ထို၂ေယာက္ထဲကမွခႏၶာကိုယ္ပိန္သြယ္တဲ့ေကာင္ေလးေပၚသို႔အလင္းစူးစူးေနေရာင္တို႔ကကားမွန္ကိုျဖတ္ေက်ာ္၍ျဖာက်လာတာေၾကာင့္ အရပ္ပိုျမင့္ၿပီးခႏၶာကိုယ္ပိုေတာင့္တဲ့တစ္ေယာက္က ေဘးနားကေကာင္ေလးေပၚသို႔ေနေရာင္ေတြမက်ေစရန္ သူ႕ရဲ႕လက္ေတြနဲ႔အုပ္ကာထားေလသည္။
မင္းခန္႔ထည္ရဲ႕ထိုအျပဳအမူေၾကာင့္ကားျပတင္းေပါက္ကိုမွီရင္းမ်က္လုံးေလးေတြေမွးစင္းထားတဲ့႐ွိိဳင္းေဇယံရဲ႕မ်က္ေတာင္ကေလးေတြကပြင့္ဟလာခဲ့ကာ ေဘးနားကလူဆီျပန္ေငးၾကည့္လိုက္ေတာ့ ထိုလူသားကထုံးစံအတိုင္းသူ႕အားေႏြးေထြးျငင္သာစြာျပဳံးျပေနခဲ့သည္။
ထို႔ေနာက္ေကာင္ေလးက ထိုလူသားရဲ႕က်ယ္ျပန္႔တဲ့လက္ဖဝါးႏွစ္ဖက္ကိုဖယ္ခြာဖို႔ဆုပ္ကိုင္လိုက္တဲ့အခါ က်ိဳးတိုးက်ဲတဲေနေရာင္ေလးေတြကသူတို႔လက္၂သြယ္ၾကား႐ွိအေပါက္ကေလးေတြကေန ေကာင္ေလးရဲ႕မ်က္ႏွာထက္ဆီတိုးဝင္လာျပန္တာေၾကာင့္ မင္းခန္႔ထည္ကသူ႕လက္ေတြကိုဖယ္ေပးဖို႔ျငင္းဆန္ေနခဲ့သည္။
သို႔ေပမယ့္ ေနေရာင္အထိခံရတာကိုအလြန္ႏွစ္ၿခိဳက္သေဘာက်ပါသည့္ေကာင္ေလးေၾကာင့္ေနေရာင္ေတြကိုဖမ္းဆုပ္ထားခ်င္တဲ့သူ႕ရဲ႕ဆႏၵေတြကိုလက္ေလွ်ာ့လိုက္ရတာေၾကာင့္ မင္းခန္႔ထည္ရဲ႕မ်က္ႏွာဟာစူပုတ္သြားရေတာ့သည္။
"အကို အကိုမင္းစက္အဆင္ေျပပါ့မလား"
"ေျပမွာပါ။"
"သူတို႔ႏွစ္ေယာက္ မေန႔ညတုန္းကအႀကီးအက်ယ္ရန္ျဖစ္ၾကတယ္ထင္တယ္။"
'အႀကီးအက်ယ္ရန္ျဖစ္တယ္'ဆိုတဲ့စကားအသုံးႏႈန္းကိုၾကားေတာ့မင္းခန္႔ထည္ရဲ႕ႏႈတ္ခမ္းတို႔ကခပ္ျပဳံးျပဳံးျဖင့္ေကြးတက္သြားရေလသည္။
"အႀကီးအက်ယ္ေတာ့အႀကီးအက်ယ္ပဲ။ဒါေပမယ့္ ရန္ျဖစ္တာေတာ့မဟုတ္ဘူး။အဲ့ဒါေၾကာင့္ ညီအရမ္းစိတ္မပူလည္းျဖစ္တယ္။"
ထိုစဥ္ကားေပၚ၌တပ္ဆင္ထားတဲ့ Speakerကေန မွတ္တိုင္ေၾကညာသံတစ္သံကျပတ္သားက်ယ္ေလာင္စြာပ်ံ႕ႏွံ႔လာခဲ့သည္။
"ေနာက္မွတ္တိုင္မွာ ဆူးေလမွတ္တိုင္ျဖစ္ပါတယ္။ဆူးေလမွတ္တိုင္တြင္ဆင္းမည့္ခရီးသည္မ်ားအဆင္သင့္ျပဳလုပ္ထားေပးပါ "
"ညီ ေနာက္မွတ္တိုင္ဆိုေရာက္ၿပီ"
မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔လည္းေနာက္မွတ္တိုင္တြင္ဆင္းရန္ အသင့္ျပင္လိုက္သည္။သူတို႔ထိုင္ေနတဲ့ခုံေပၚကေနထရပ္လိုက္ၿပီး အဆင္းတံခါးေပါက္နားသို႔ေလွ်ာက္သြားလိုက္တဲ့အခ်ိန္မွာ ကားက႐ုတ္တရက္ ဘရိတ္အုပ္လိုက္တာေၾကာင့္ ႐ိႈင္းကအေနာက္ဘက္သို႔ယိုင္လဲလုလုျဖစ္သြားရသည္။
သို႔ေသာ္ မင္းခန္႔ထည္ကေကာင္ေလးရဲ႕ခါးသိမ္သိမ္ေလးကို တင္းၾကပ္စြာအမိအရဖက္ထားလိုက္တာေၾကာင့္ ႐ိႈင္းမလဲက်သြားဘဲဟန္ခ်က္ျပန္ညီသြားေတာ့ေလသည္။
"သတိထားမွေပါ့ ႐ိႈင္းေလးရာ"
မင္းခန္႔ထည္က႐ိႈင္းရဲ႕နား႐ြက္အဖ်ားေလးနားသို႔သူ႕ရဲ႕ေႏြးေထြး႐ွတေသာဝင္ေလထြက္ေလတို႔နဲ႔႐ွပ္တိုက္ရင္းကပ္ေျပာလိုက္တဲ့အခါ႐ိႈင္းရဲ႕ကိုယ္ေလးကလွ်ပ္စစ္ဓာတ္တို႔စီးခံလိုက္သကဲ့သို႔တုန္ခနဲျဖစ္သြားရေလ၏။
ထို႔အျပင္ မင္းခန္႔ထည္ကသူရဲ႕ခါးကိုေပြ႕ပိုက္ထားတဲ့လက္ေတြအားအခုထက္ထိမလႊတ္ေပးေသးတာေၾကာင့္ ႐ိႈင္း႐ုန္းလိုက္ကာအထြန္႔တက္တဲ့ေလသံေလးနဲ႔ထိုလူၾကားေအာင္ေျပာလိုက္သည္။
"အကို လႊတ္လို႔ရၿပီေလ"
"ဆင္းရင္လႊတ္ေပးမယ္"
"ယခုမွတ္တိုင္မွာ ဆူးေလ မွတ္တိုင္ျဖစ္ပါတယ္။ကားတံခါးအဖြင့္ အတက္အဆင္းသတိျပဳပါ။ "
ဆင္းရမယ့္မွတ္တိုင္ေရာက္တဲ့အခါကားတံခါးကပြတ္ဆြဲသံတစ္ခုနဲ႔အတူအလိုအေလ်ာက္ပြင့္လာခဲ့ေလသည္။
ထိုအခါမွမင္းခန္႔ထည္ကေကာင္ေလးရဲ႕ခါးေလးကိုျငင္သာစြာလႊတ္ေပးလာခဲ့ေခ်သည္။
သူတို႔ႏွစ္ေယာက္ဆူးေလမွတ္တိုင္တြင္ဆင္းလိုက္ၾကၿပီးေနာက္ ကြန္ဒိုလိပ္စာအတိုင္းဦးတည္လိုက္ၾကသည္။
႐ိႈင္းရဲ႕ကြန္ဒိုက အိမ္ရာဝန္းတစ္ခုထဲမွာျဖစ္ၿပီးမွတ္တိုင္နဲ႔သိပ္မေဝးေပ။
"အကို ဟိုတိုက္"
႐ိႈင္းက အိမ္ရာအဝင္ဝကေနလွမ္းျမင္ေနရတဲ့လမ္းေထာင့္ခ်ိဳးနား႐ွိ အညိဳေရာင္ကြန္ဒိုတိုက္ေလးအားလက္ညိႇဳုးထိုးရင္းဆိုေနစဥ္မွာ မင္းခန္႔ထည္က ႐ိႈင္းရဲ႕အဝတ္အစားအိတ္ေလးကိုလက္တစ္ဖက္ကေနမၿငီးမျငဴဆြဲကိုင္ထားလ်က္ အေ႐ွ႕ကေနခုန္ေပါက္ကာသြားေနပါတဲ့ကေလးေလးရဲ႕ေနာက္ကေနစမတ္က်တဲ့ေျခလွမ္းက်ယ္ႀကီးေတြနဲ႔အမွီလိုက္ေနခဲ့သည္။
မင္းခန္႔ထည္ကမီးခိုးေရာင္လည္ပင္းဝိုက္ဆြယ္တာအက်ႌအပြကို အနက္ေရာင္ဂ်င္းေဘာင္းဘီအက်ပ္နဲ႔တြဲဖက္ဝတ္ဆင္ထားကာက်စ္လ်စ္႐ွည္လ်ားေသာေျခတံ႐ွည္႐ွည္တို႔ကဆြဲေဆာင္မႈ႐ွိတဲ့ Auraတစ္ခုကိုလူငယ္ဆန္စြာခန္႔ညားေတာက္ပမႈအျပည့္နဲ႔ ေနရာအႏွံ႔ျဖန္႔က်က္ထုတ္လႊင့္ေနခဲ့သည္။
လည္ပင္းဝိုက္ဆြယ္တာျဖစ္တာေၾကာင့္ထိုလူသားရဲ႕ေယာက်ာ္းပီသလွေသာအာဒမ္ပန္းသီးေလးကအကာကြယ္မဲ့စြာအတိုင္းသားလွစ္ဟာထြက္ေပၚေနခဲ့ကာ ထိုလူသားတံေတြးၿမိဳခ်လိုက္တိုင္း တစ္ခ်က္တစ္ခ်က္ေထာင္ထလာေသာစိမ္းဖန္႔ဖန္႔လည္ပင္းေၾကာတို႔ကိုျမင္လိုက္ရသည္ႏွင့္ ထိုလူေခ်ာႀကီးအားအေ႐ွ႕ကေနေနာက္ျပန္ျပန္ေလွ်ာက္ရင္းငမ္းေနပါတဲ့ေကာင္ေလးရဲ႕လည္ေခ်ာင္းတို႔က႐ုတ္ခ်ည္းေျခာက္ကပ္လာရေတာ့သည္။
ထို႔ေၾကာင့္႐ွိိဳင္းေဇယံေလးမွာေနာက္သို႔ေနာက္တစ္ခါျပန္လွည့္ၾကည့္မလာေတာ့ဘဲေ႐ွ႕သို႔သာခပ္ျမန္ျမန္ဆက္ေလွ်ာက္ေနလိုက္သည္။ေျခလွမ္းေတြကို႐ုတ္တရက္သြက္လိုက္တဲ့ေကာင္ေလးေၾကာင့္မင္းခန္႔ထည္မွာအမွီေျပးလိုက္လာရေတာ့သည္။
ေနေရာင္ေအာက္မွာေျခတံ႐ွည္႐ွည္တို႔နဲ႔ေျပးလႊားေနတဲ့ထိုလူသားရဲ႕မွင္နက္ေရာင္ဆံေကသာတို႔ဟာ ႏူးညံ့ညင္းသြဲ႕ေသာေလေျပညႇင္းေလးေတြၾကားမွာညိႇဳ႕ခ်က္တစ္ခုနဲ႔အတူလြင့္ေျမာေနတဲ့အခါ ဖီးသင္ထားတဲ့ဆံပင္ပုံစံကပ်က္ယြင္းသြားရတာေတာင္မွ မင္းခန္႔ထည္ရဲ႕ေခ်ာေမာခန္႔ညားေနမႈတို႔ကမူ တစ္စက္ကေလးေတာင္ယုတ္ေလ်ာ့သြားျခင္းတို႔မ႐ွိခဲ့ေပ။
သူတို႔၂ေယာက္အညိဳေရာင္ကြန္ဒိုရဲ႕ေျမညီထပ္ဆီေရာက္လာေတာ့ အေပၚထပ္ကေနဆင္းလာတဲ့ဓာတ္ေလွကားကိုခနရပ္ေစာင့္လိုက္ရသည္။
ဓာတ္ေလွကားက'တင္'ဆိုတဲ့ျမည္သံနဲ႔အတူ
ပြင့္သြားတဲ့အခါ ၁၀ႏွစ္အ႐ြယ္ကေလးေလးနဲ႔မိခင္ျဖစ္သူထင္ရတဲ့အမ်ိဳးသမီးတစ္ေယာက္ကလက္ခ်င္းတြဲ၍ထြက္လာၿပီးေနာက္ သူတို႔၂ေယာက္လည္းဓာတ္ေလွကားထဲဝင္ရပ္လိုက္ကာ ႐ိႈင္းက ၉လႊာနံပါတ္ေလးကိုႏွိပ္၍အသံတိတ္ေနခဲ့သည္။
ေကာင္ေလးကစကားေလးတစ္ခြန္းေတာင္ျပန္မေျပာေတာ့ဘဲအသံတိတ္ေနတာေၾကာင့္ အသားေရာင္ Hoddieေလးရဲ႕ခပ္မတ္မတ္ေနာက္ေက်ာျပင္ေလးကို သူနားမလည္စြာေငးၾကည့္ေနမိေလသည္။
'သူညီ့ကို စိတ္ဆိုးသြားေအာင္တစ္ခုခုမ်ားလုပ္လိုက္မိတာလား'
၉လႊာေရာက္ေတာ့ ဓာတ္ေလွကားကပြင့္သြားကာ ႏွစ္ေယာက္အတူတူထြက္လာလိုက္ၿပီးေနာက္ ဘယ္ဘက္စႀကႍေထာင့္ခ်ိဳးက
စစခ်င္းေတြ႕တဲ့အခန္းေ႐ွ႕၌႐ိႈင္းေဇယံကရပ္လိုက္၍ တံခါး passwordကိုႏွိပ္လိုက္ေလသည္။ထိုစဥ္ရင့္က်က္တည္ၾကည္တဲ့ေယာက်ာ္းတစ္ေယာက္အသံက
သူတို႔ႏွစ္ေယာက္ေနာက္ကေနထြက္ေပၚလာခဲ့သည္။
"ေက်ာင္းပိတ္လို႔ ဒီေရာက္ေနတာလား ကိုေဇ"
အသံလာရာအတိုင္းလွည့္ၾကည့္လိုက္ေတာ့ Sport Shirtအျဖဴေရာင္ေလးကို အနက္ေရာင္ေ႐ွာ့ပင္ေဘာင္းဘီတိုနဲ႔ဝတ္ဆင္ထားတဲ့ အသားျဖဴျဖဴနဲ႔အရပ္႐ွည္႐ွည္လူတစ္ေယာက္ကိုေတြ႕လိုက္ရေလသည္။
"ကိုႀကီး!"
႐ိႈင္းေဇယံကအံ့အားသင့္မွင္သက္မႈအျပည့္နဲ႔ထိုသို႔ေခၚေဝၚလိုက္ေတာ့ မင္းခန္႔ထည္ကထိုလူသားအားေစ့ေစ့စပ္စပ္ျပန္ၾကည့္လိုက္ေပေတာ့သည္။
ထိုလူရဲ႕အရပ္က သူနဲ႔တန္းတူျဖစ္ၿပီး ေျဖာင့္စင္းတဲ့ႏွာတံ၊ထင္းစြာေသာေမး႐ိုးနဲ႔အတူ ႐ိႈင္းေဇယံနဲ႔တစ္ထပ္တည္းဆင္တူတဲ့ေတာက္ပေသာမ်က္လုံးဝိုင္းဝိုင္းေတြကိုပိုင္ဆိုင္ထားတာေၾကာင့္ ညီအကိုေတြမဟုတ္ေၾကာင္းျငင္းဆန္ဖို႔ရာအတြက္အင္မတန္မွခက္ခဲလွသည္ပင္။
ထိုလူက သတင္းစာလိပ္ကိုလက္ထဲတြင္လိမ္လိုက္ရင္း မင္းခန္႔ထည္ကိုမ်က္လုံးပင့္ၾကည့္၍ဆက္ေျပာလာသည္။သူ၏မ်က္ႏွာထက္၌ျပဳံးရယ္ျခင္းလည္းမ႐ွိသလို ခက္ထန္ျခင္းတို႔လည္း႐ွိမေနေပမယ့္ ေအးစက္ခဲေသျခင္းတစ္လႊာကိုေတာ့သိသိသာသာကိုလႊမ္းျခဳံလို႔ထားသည္။
"ဒါနဲ႔ သူကဘယ္သူလဲ။ဘာကိစၥဒီေရာက္"
ထိုလူ႕အသံကတည္ၿငိမ္ျပတ္သားလွသည့္တိုင္ ျမင့္မားေသာမာနတရားတို႔ကပါကိန္းဝပ္ေပ်ာ္ဝင္ေနလ်က္။
သူစိမ္းေတြနဲ႔ဆိုလွ်င္အေခ်ႀကီးပါတဲ့ေရခဲတုံးႀကီးမင္းခန္႔ထည္မွာ ႐ိႈင္းေဇယံရဲ႕အကိုျဖစ္သူေ႐ွ႕တြင္ေတာ့သူထိုအခ်ိဳးမ်ိဳးသြားခ်ိဳးလို႔မရတာေၾကာင့္ရင္းႏွီးေဖာ္ေ႐ြစြာျပဳံးျပလာရင္း တည္တံ့မႈအျပည့္နဲ႔ဆိုေလသည္။
"က်ေနာ္က မင္းခန္႔ထည္ပါ။
ညီ့ရဲ႕အခန္းေဖာ္ seniorလည္းျဖစ္ၿပီး Majorတူ Seniorတစ္ေယာက္လည္းျဖစ္ပါတယ္။
ညီကသန္လ်င္ကေန ဒီကိုတစ္ခါမွမလာဖူးေသးလို႔ က်ေနာ္ကလိုက္ပို႔ေပးတာပါ"
မင္းခန္႔ထည္အေၾကာင္းနည္းနည္းသိသြားေတာ့႐ိႈင္းဆက္ယံက သူ႕ခႏၶာကိုယ္ကေနစိမ့္ထြက္လာတဲ့ေအးစက္မႈတို႔ကိုေလွ်ာ့ခ်လိုက္ၿပီးေနာက္ တံခါးကိုတြန္းဖြင့္လိုက္ရင္းေမးဆတ္ျပလာခဲ့သည္။
"လာေလ အိမ္ထဲဝင္"
႐ိႈင္းဆက္ယံဝင္သြားၿပီးမွမင္းခန္႔ထည္လည္း႐ိႈင္းေဇယံနဲ႔အတူတူအခန္းထဲသို႔လိုက္ဝင္သြားလိုက္ေလသည္။ ဝတ္လာတဲ့အနက္ေရာင္ Sneakerကို႐ိႈင္းထုတ္ေပးလာတဲ့အိမ္္စီးဖိနပ္အသစ္တစ္ရံနဲ႔လဲလွယ္ဝတ္ဆင္ၿပီးေနာက္ဧည့္ခန္းက်ယ္ႀကီးထဲသို႔အေနရခက္စြာနဲ႔ဦးတည္လိုက္ေတာ့သည္။
ဧည့္ခန္းအတြင္း႐ွိအခန္းအျပင္အဆင္ကေတာ့တန္ဖိုးႀကီးဇိမ္ခံပစၥည္းမ်ားစြာတို႔ျဖင့္အဆင့္အတန္းျမင့္စြာအလွဆင္ထားကာ ခင္းက်င္းထားတဲ့ဆိုဖာဆက္တီကိုၾကည့္႐ုံနဲ႔တင္ ႐ိႈင္းေဇယံရဲ႕အကိုျဖစ္သူက သူ႕လိုပဲအေကာင္းႀကိဳက္တတ္မွန္းသိသာလွေလသည္။
"ထိုင္ပါ ညီေလးမင္းခန္႔ထည္"
႐ိႈင္းဆက္ယံက ဆိုဖာခုံတြင္အရင္ဝင္ထိုင္လိုက္ၿပီးေနာက္သတင္းစာကိုစားပြဲေပၚတင္လိုက္ရင္းဆိုလာသည္။
"အကို ထိုင္ေလ။က်ေနာ္ အကိုတို႔အတြက္ေသာက္စရာတစ္ခုခုသြားစီစဥ္လိုက္ဦးမယ္"
ထိုသို႔ေျပာၿပီးၿပီးခ်င္း႐ိႈင္းကမီးဖိုေဆာင္ဘက္သို႔ေလွ်ာက္ဝင္သြားတာေၾကာင့္မင္းခန္႔ထည္တစ္ေယာက္ ႐ိႈင္းေဇယံရဲ႕အကိုေ႐ွ႕မွာအေၾကာင္းျပခ်က္မ႐ွိေခြၽးျပန္လာခဲ့ရေလသည္။
သူ႕အျဖစ္က ေယာကၡမအိမ္လိုက္ေတြ႕တဲ့သားမက္ပုံစံကဲ့သို႔ျဖစ္ေနသည္ဟု သူထူးထူးဆန္းဆန္းခံစားေနမိေခ်သည္။
မင္းခန္႔ထည္က႐ိႈင္းဆက္ယံနဲ႔မ်က္ႏွာခ်င္းဆိုင္ဆိုဖာ၌တည္တည္ၿငိမ္ၿငိမ္နဲ႔ဝင္ထိုင္လိုက္တဲ့အခါ ထိုလူသားကသူ႕အားစူး႐ွ႐ွအၾကည့္ေတြနဲ႔အကဲခတ္ၾကည့္ေနရင္း သူ၏ႏႈတ္ခမ္းေတြကိုျဖည္းညင္းစြာဖြင့္ဟလာခဲ့သည္။
"ကိုေဇက ဒီကိုသူစိမ္းေတြေခၚလာတာဆိုလို႔မင္းကပထမဆုံးပဲ။"
"အာ..ဟုတ္ကဲ့"
မင္းခန္႔ထည္အသံကအနည္းငယ္ပ်က္႐ွေနကာ သူ႕ပုံစံနဲ႔မလိုက္ဖက္စြာစိတ္လႈပ္႐ွားပုံလည္းေပါက္ေနသည္။
"ကိုယ္က ႐ိႈင္းဆက္ယံပါ။ကိုေဇရဲ႕တစ္ဦးတည္းေသာမိသားစုဝင္ဆိုလည္းဟုတ္တယ္။ကိုယ္က ဦးေႏွာက္နဲ႔အာ႐ုံေၾကာအထူးကုပါရဂူတစ္ေယာက္ျဖစ္ၿပီး အခုေလာေလာဆယ္ေတာ့ Englandမွာအေျခခ်ေနတယ္။"
"ဟုတ္ကဲ့။အကိုနဲ႔အခုလိုဆုံေတြ႕ရတာဝမ္းသာပါတယ္။"
"ကိုယ္ေကာပဲ။ဒါနဲ႔ ၾကည့္ရတာ မင္းတို႔ခ်င္းအရမ္းရင္းႏွီးတယ္နဲ႔တူတယ္"
"ဟုတ္ ရင္းႏွီးပါတယ္"
"မင္းပုံစံကိုၾကည့္ရတာငါ့ကိုေၾကာက္ေနသလိုပဲ။Relaxပါကြာ။"
"ဟုတ္ကဲ့"
႐ိႈင္းဆက္ယံကမ်က္ေတာင္မခတ္တမ္းသူ႕အားအကဲခတ္ေနသည္ကိုမင္းခန္႔ထည္တစ္ေယာက္႐ွင္း႐ွင္းလင္းလင္းခံစားမိေနတာေၾကာင့္ သူ Relaxမထားႏိုင္ျခင္းပင္။မင္းခန္႔ထည္သူ႕ရဲ႕လက္၂ဖက္ကိုယွက္ထားရင္းတင္းတင္းဆုပ္ထားမိ၏။
"ကိုေဇ အခုရက္ပိုင္းအေဆာင္မွာေနရတာအဆင္ေျပရဲ႕လား။မူးလဲတာေတြဘာေတြမ်ား႐ွိလား"
"မ႐ွိပါဘူး။"
"ဖ်ားနာတာေကာ"
"ေက်ာင္းဖြင့္ခါစတုန္းကေတာ့တစ္ခါဖ်ားတယ္။ဒါေပမယ့္ အဖ်ားက၂ရက္ေတာင္မၾကာဘူး။ေပ်ာက္သြားတယ္"
"ဟုတ္ၿပီ။
မင္းခန္႔ထည္ျပန္ေျဖလာတဲ့အေျဖေတြကိုေသေသခ်ာခ်ာနားစိုက္ေထာင္ေနၿပီးေနာက္ ႐ိႈင္းဆက္ယံကသက္ျပင္းတစ္ခ်က္ခ်လိုက္ေတာ့သည္။ထို႔ေနာက္ မင္းခန္႔ထည္ကို႐ႈၾကည့္လာရင္းခပ္ေဖ်ာ့ေဖ်ာ့ျပဳံးလ်က္ဆက္ေျပာလာသည္။
"မင္းကဒီလိုမ်ိဳးအတိအက်ျပန္ေျဖႏိုင္တာကိုၾကည့္ရသေလာက္ မင္းကကိုယ့္ညီေလးကိုတအားဂ႐ုစိုက္ေပးေနရတဲ့ပုံပဲ။
ေက်းဇူးပါကြာ"
"ေက်းဇူးတင္ဖို႔မလိုပါဘူးဗ်ာ။က်ေနာ္က႐ိႈင္းေလးကိုညီအရင္းတစ္ေယာက္လိုမ်ိဳးသံေယာဇဥ္တြယ္တာမိလို႔ မိသားစုဝင္တစ္ေယာက္လိုဂ႐ုစိုက္ေပးခဲ့႐ုံတင္ပါ။"
ထိုစဥ္႐ိႈင္းေဇယံက NESေကာ္ဖီႏွစ္ခြက္ကိုကိုင္ကာဧည့္ခန္းဘက္သို႔ထြက္လာတာေၾကာင့္ သူတို႔စကားဝိုင္းကျပတ္ေတာက္သြားရသည္။႐ိႈင္းေဇယံက အကိုျဖစ္သူနဲ႔ မင္းခန္႔ထည္ေ႐ွ႕ကို ေကာ္ဖီတစ္ခြက္စီခ်ေပးလိုက္ရင္း ေမးလိုက္ေလသည္။
"ကိုႀကီး ဒီတစ္ေခါက္ျပန္လာတာ က်ေနာ္႕ကိုေတာင္အေၾကာင္းမၾကားဘူး"
"Sorryကိုေဇ။ကိုႀကီး ဒီတစ္ပတ္နဲနဲအေလာႀကီးသြားလို႔"
မင္းခန္႔ထည္ကေကာ္ဖီကိုတစ္ငုံသာေသာက္ကာခြက္ေလးအားျပန္ခ်ထားလိုက္ၿပီး ခြင့္ေတာင္းလိုက္ေတာ့သည္။
"ဒါဆို က်ေနာ္႕ကိုခြင့္ျပဳပါဦး။
က်ေနာ္႕ သူငယ္ခ်င္းအိမ္ကိုသြားစရာကိစၥေလး႐ွိေနေသးလို႔ပါ"
"ဟုတ္လား အကို။အဲ့ဒါဆိုလည္းသြားေလ။ေနာက္က်ေနဦးမယ္"
"အင္း အကိုသြားၿပီေနာ္။"
"ဒါဆိုအကိုဆက္ယံ က်ေနာ္႕ကိုခြင့္ျပဳပါဦး"
မင္းခန္႔ထည္က႐ိႈင္းဆက္ယံဘက္လွည့္ကာႏႈတ္ဆက္ၿပီးထထြက္လာလိုက္ေသာ္
သူဧည့္ခန္းကေနမထြက္ခင္တြင္ ႐ိႈင္းဆက္ယံလွမ္းေျပာလာတဲ့ေအးတိေအးစက္အသံတစ္သံကိုၾကားလိုက္ရသည္။
"ဒါနဲ႔ ညေနက်ရင္ ဒီကိုျပန္လာခဲ့လို႔ရတယ္။ကိုယ္က ညဘက္ေတြဆိုတိုက္ခန္းမွာမ႐ွိဘူး။ကိုယ့္ညီေလးနဲ႔အေဖာ္လာေနေပးဖို႔အဆင္ေျပတယ္မွတ္လား။"
"ဟုတ္ အဆင္ေျပပါတယ္။ဒါဆို အကိုညေနက်ရင္ျပန္လာခဲ့မယ္ေနာ္ ညီ။"
"ဟုတ္"
႐ိႈင္းကမ်က္လုံးေလးေတြပိတ္ေအာင္ရယ္လိုက္ရင္းျပန္ေျဖလာခဲ့ေလေသာ္ မင္းခန္႔ထည္လည္း ႐ိႈင္းကိုတစ္ခ်က္လွည့္ၾကည့္လိုက္ၿပီးေနာက္ကြန္ဒိုထဲကေနထြက္သြားေတာ့ေလသည္။
မင္းခန္႔ထည္ရဲ႕တည္႐ွိမႈကအခန္းထဲကေနေပ်ာက္ကြယ္သြားတဲ့အခါ အခန္းတစ္ဝိုက္႐ွိေလထုအပူခ်ိန္ကေအးစိမ့္သိပ္သည္းစြာက်ဆင္းလာေနသည္မွာ အေစာနေလးတင္မွေဖ်ာ္ထားတဲ့ေကာ္ဖီခြက္ေလးေတြကိုေတာင္ေအးခဲသြားေစေတာ့မတတ္ပင္။
ထို႔ေနာက္တိတ္ဆိတ္ၿငိမ္သက္လြန္းတဲ့အခန္းနယ္ပယ္ထဲ၌ တစ္စုံတစ္ရာထိခတ္သံတို႔က႐ိႈင္းေဇယံရဲ႕နားဖ်ားေလးထံသို႔ၾကည္ေတာက္ျပတ္သားစြာတိုးဝင္လာေလေသာ္ ေကာင္ေလးရဲ႕မ်က္ဝန္းေတြက စိုးရိမ္ေၾကာင့္ၾကမႈအျပည့္နဲ႔လႈပ္႐ွားသြားရေလသည္။
႐ိႈင္းဆက္ယံက ညီျဖစ္သူရဲ႕ေ႐ွ႕သို႔ခ်ိတ္ပိတ္ထားတဲ့အညိဳေရာင္စာအိတ္တစ္အိတ္ကိုခပ္ဆတ္ဆတ္ပစ္ခ်လာ၍ အံႀကိတ္ကာဆိုသည္။
"႐ိႈင္းေဇယံ မင္းအျပစ္ကိုမင္းသိတယ္ေနာ္!"
••••••••••••••••••••••••••••••••••••••••••••••••••
Thanks for reading. 💖
If you enjoy this love story, you can give some stars for me. ☺🌟
Love you all my readers. (♥´∀`)/
••••••••••••••••••••••••••••••••••••••••••••••••••