အခ်စ္တို႔ျဖင့္ အတိၿပီးေသာ...|...

By OnyxAriezz

3.5M 241K 20.7K

》ေဇာ္ဂ်ီ 《 ႏွလုံးသားတစ္စုံမွ ဖန္တီးပါေသာ အခ်စ္တစ္ခုအေၾကာင္း 》Unicode 《 နှလုံးသားတစ်စုံမှ ဖန်တီးပါသော အချစ်တစ်... More

မိတ္ဆက္
Chapter 1
Chapter 2
Chapter 3
အထူး ေက်းဇူးတင္ရွိျခင္း
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chpater 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52 A
Chapter 52 B
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57 A
Chapter 57 B
Chapter 58 (Final)
ရင္တြင္းစကား
Extra
Extra 2
Extra 3
Extra 4
Extra 5
ANNOUNCEMENT
Publication Announcement
Book Covers (Main Books)
Cover Concepts
Give Away by Author Reta Nan
Extra, Bookmarks and Gift
Box
Facts Details for Pre-Order
Pre-Order
ကြေငြာချက်
No Mature scene in Book
Publication Cancelation
Refunding

Chapter 43

46.2K 3K 275
By OnyxAriezz

>>>>>Unicode<<<<<

သျှန်နောင် ရောက်ပြီး သိပ်မကြာပါ အခမ်းအနားမှုးက အခမ်းအနားဖွင့်ကြောင်း စတင်ကြေငြာလာသည်။ ထို့ကြောင့် သူနှင့်အကျွမ်းတဝင်ရှိသော စီးပွားရေးသမားများအချို့ကိုသာ ကပျာကယာနှုတ်ဆက်ပြီး မိမိအားနေရာချထားပေးသော ခုံတွင် ဝင်ထိုင်လိုက်သည်။ သူထိုင်သော ဝိုင်းမှာ အထူးဧည့်သည်တော်များထိုင်သော ဝိုင်းဖြစ်ရာ ခေါင်းကြီးပိုင်းမှ အစိုးရအရာရှိတချို့နှင့်ရောနှောကာ ထိုင်ရသည်။ သို့သော် ထိုလူအားလုံးနှင့် ကြုံဆုံဆက်ဆံဖူးသည်ဖြစ်ရာ ကြောင်တောင်တောင် မဖြစ်ပေ။ အဲ... ပြောစရာဆိုလို့ ဦးရန်ရှင်းက သူ့ကို မသိမသာကြည့်နေသည်ကို မသိဟန်ပြုနေရတာတခုပဲ ဆိုးလှသည်။

အခမ်းအနားစသည်ဖြင့် Chairman မှစ၍ Board of Directors တစ်ယောက်ပြီးတစ်ယောက် ကျေးဇူးတင်စကားနှင့် corporation ၏ ရည်ရွယ်ချက်ကို စီကာပတ်ပြောသွားပြီး နောက်ဆုံးတွင် CEO ၏ လုပ်ငန်းပိုင်းဆိုင်ရာ မိန့်ခွန်ပြောရန် အလှည့်ကျလာသည်။ ပြီးလျှင် MD ဖြစ်သော ဈာန်လင်းခန့်အလှည့်။

"ဟုတ်ကဲ့.... ကျွန်တော်တို့ ပတ္တမြားမြေ corporation အနေနဲ့ ဒီတိုင်းပြည်နဲ့ ပြည်သူပြည်သားတွေရဲ့အကျိုးဆောင်ဖို့......"

ဈာန်လင်းခန့်က Corporation၏ MD အနေဖြင့် လဲမို့ကဲ့သို့ ထုထည်ကြီးသော်ငြား အနှစ်သာရအားဖြင့် ပေါ့ပါးကာ လက်တွေ့မဆန်သည့် စကားလုံးလှလှတို့ဖြင့် စာနယ်ဇင်းများရှေ့တွင် မိန့်ခွန်းခြွေနေတော့သည်။ သျှန်နောင်ကတော့ တခြားလူကြီးလူကောင်းများကဲ့သို့ ကိုယ်ရှေ့တွင် လူတစ်ယောက် စကားပြောနေသည်ကို လျစ်လျူရှုရန် ဖုန်းမျက်နှာပြင်ကို ရုပ်ပျက်ဆင်းပျက်ဖြင့် ကြည့်မနေလိုပါ။ သူထိုင်သည့်ဝိုင်းက အခမ်းအနားစင်မြင့်နှင့် တည့်နေသည့်အပြင် ကင်မရာများက ဟိုမှဒီမှ ချိန်ထားသည်ဖြစ်ရာ နေချင်တိုင်းနေလို့မကောင်းပေ။ ထို့ကြောင့် ဈာန်လင်းခန့်စကားကို စိတ်ဝင်တစားနားထောင်နေဟန်ပြုရတော့သည်။ ဈာန်လင်းခန့်က မင်သေသေနှင့် မိန့်ခွန်းချွေအပြီးတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြန်သည်။ သူအတွက်တော့ ဟန်ဆောင်ပန်ဆောင်ဖြင့် စားရသော ထိုနေ့လယ်စာသည် အဓိပ္ပာယ်မဲ့လှသည်။ ထို့ပြင် စားနေရင်းမှ တစ်စားပွဲတည်းထိုင်နေသော လူကြီးများနှင့် စကားပြောရသေးသည်။ မပြောပဲနေလို့လည်းမရ။ ကိုယ့်အကျိုးစီးပွားအတွက် ဒီလူတွေကို မြှောက်တန်မြှောက်၊ ပေးတန်ပေးလုပ်ကာ ပေါင်းထားဖို့လိုသည် မဟုတ်လား။

"မင်း ဟိုတခါက အဆင်ပြေရဲ့လား။"

ဦးရန်ရှင်းက ပါးစပ်နားရောက်နေသည့် ထမင်းလုတ်ပြုတ်ကျသွားသည့် ကိစ္စကို အခဲမကျေစွာမေးလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော်က alcoholနဲ့ allergy ရှိတယ် ခင်ဗျ။ ဘယ်လောက်ပြင်းလဲဆိုတော့ အနံ့တောင်ခံလို့ မရဘူးလေ။ ဖြစ်ချင်တော့ ကျွန်တော့်လက်ထောက်က ကျွန်တော်ပစ္စည်းကျန်ခဲ့တယ်ထင်လို့ လာပေးတဲ့အချိန်နဲ့ကြုံလို့ ကံကောင်းသွားတာ"

မုသားမပါ လင်္ကာမချောဆိုသော စကားသည် သူနေ့စဉ်ဖြတ်သန်းနေရသော ပတ်ဝန်းကျင်မှ လူများနှင့် သဟဇတဖြစ်အောင်ပြောဆိုရာတွင် အသုံးပြုသော အတတ်ပညာတမျိုးကို ညွှန်းဆိုသော စကားဖြစ်ပါသည်။

"ဪ...."

ဦးရန်ရှင်း ထိုမျှသာပြောပြီး အခြားသူများနှင့် ရောက်တတ်ရာရာပြောနေလိုက်သည်။ တကယ်ကတော့ ဒီကောင်လေးပြောနေသော စကားကို မယုံပါ။ သို့သော် ငြင်းနေပြန်လျှင် သူ့သိက္ခာကျရုံသာရှိသဖြင့် မသိသလိုနေလိုက်သည်က အကောင်းဆုံးပင်။

သျှန်နောင်လည်း တခြားသူများနှင့် စကားပြောနေရင်းမှ သူ့အား စူးစူးစိုက်စိုက် ကြည့်နေသည်ကို ခံစားရ၍ လှမ်းကြည့်လိုက်လျှင် ဦးခွန်မင်းထိုက်! အဟက်... လူကြားထဲတွင် ရုပ်ပျက်ဆင်းပျက်။ သူကို ကြည့်နေတာများ အနှစ်နှစ်အလလက ချေမှုန်းရန်စောင့်နေသော ရန်သူတော်ကို ကြည့်သလိုကို ကြည့်နေသည်။ တော်ရုံလူဆို ကြောက်ဒူးတုန်လိုက်မည့်ဖြစ်ခြင်း။ သို့သော် သူက သျှန်နောင်မဟုတ်လား။ ဒီလို ကြည့်လို့သာ ကြောက်ရစတမ်းဆို သျှန်နောင်ဆိုတာ ၁၂ နှစ်သားထဲက သေလောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ မျက်လုံးနဲ့သူ ကြည့်နေတာဆိုတော့ မကြည့်နဲ့လို့ပြောလို့မှမရပဲ။ ဒီတော့ ဆက်ကြည့်ပါစေပေါ့။

သူကမူ ဝိုင်းထဲမှလူများနှင့်သာ စကားလက်ဆုံကြနေလိုက်သည်။ အဓိကကတော့ ထိုလူများ ဘာလိုသည်ဆိုတာသိဖို့နှင့် အစိုးရ၏ project ဘာတွေလုပ်ဖို့ ရှိသည်ဆိုတာ သိရဖို့ဖြစ်သည်။ အတန်ကြာလျှင် သူတို့ဝိုင်းသို့ ဦးဇေဟိန်းရောက်လာပြီး လူကြီးများကို နှုတ်ဆက်ပြီးလျှင် ထိုလူကြီးများမှာ အလျိုလျိုထပြန်သွားတော့သည်။ ထိုအခါမှ သူလည်း ဦးဇေဟိန်းအား ပြန်ရန် နှုတ်ဆက်လိုက်သည်။

"အစ်ကိုဟိန်း ပြန်တော့မယ်။ ကျွန်တော် ညအတွက် suit စီစဉ်ရဦးမှာမို့။"

"ဪ... အေး...."

သို့သော် ပြောစရာကျန်သေးသလိုဖြစ်နေသော ဦးဇေဟိန်းကြောင့် သူ အလိုက်တသိပင် မေးလိုက်သည်။

"အစ်ကိုဟိန်း ဘာမှာဖို့ရှိသေးလဲ။"

"အေး...မင်း dinnerလာမယ်ဆို မင်းတစ်ယောက်တည်းလာခဲ့နော်"

သျှန်နောင် သဘောပေါက်လိုက်ပါသည်။ သူနှင့် သျှားအိမ်အကြောင်း ဦးဇေဟိန်း သိသွားပြီဖြစ်ကြောင်းနှင့် သူတို့ခမည်းခမက်များကြားတွင် ပြဿနာမဖြစ်လို၍ သျှားအိမ်ကို သူနှင့်တွဲ၍ ပွဲမတက်ရန် တားမြစ်နေခြင်းဖြစ်သည်ကို နားလည်လိုက်ပါသည်။

"ဟင့်အင်း... ကျွန်တော် ကျွန်တော့်ချစ်သူကို ခေါ်လာမှာ။"

"သျှန်နောင်... မင်းရဲ့ ချစ်သူဆိုတာ ဦးခွန်မင်းထိုက်ရဲ့ သားအငယ်ဆုံးလေး မဟုတ်လား။"

"ဟုတ်တယ်လေ။"

သျှန်နောင်က ပေါ့ပေါ့ပါးပါးအသံနှင့် ပြန်လည်ဖြေကြားလိုက်ပါသည်။

"အဲ့ဒါကြောင့် ခေါ်မလာနဲ့လို့ပြောတာ။ သူ့အဖေကြီးက ဒုတိယ ရှယ်ရာဝင်ကွ။ သူ စိတ်ကွက်သွားလို့မကောင်းဘူး။ နောက်ပြီး ယောက်ျားနှစ်ယောက်တွဲပြီး ပွဲတက်တာ လူမြင်လို့လည်း မကောင်းပါဘူးကွာ။"

သူ ဦးဇေဟိန်းကို စူးခနဲတစ်ချက်မျှ ကြည့်လိုက်ပါသည်။ သူ့ယောက်ဖဆိုသော ဒီလူကြီးဟာ စိတ်ပျက်ဖို့ကောင်းလောက်အောင်ကို ချမ်းသာသော်ငြား ဒီအခြေအနေရောက်အောင် ပံ့ပိုးခဲ့သော သူ့မျက်နှာကိုတောင်မထောက် ဒီလို စကားမျိုးပြောထွက်နိုင်ပါဘိ။ အင်းပေါ့လေ။ ပြောရမည်ဆိုလျှင် သူက ဘာမှမဟုတ်ဘဲ။ ထို့ပြင် ဦးခွန်မင်းထိုက်ကဲ့သို့ ငွေပင်ငွေရင်းစိုက်ထုတ်နိုင်သူမှ မဟုတ်တာ။ ငွေဆိုသည်ကား တန်ခိုးကြီးလှပါ၏။

"ကောင်းပြီလေ။ ဒါဆို ဒီည ကျွန်တော်မလာတော့ဘူး အစ်ကိုဟိန်း။"

"ဟာ... ဒီလို မလုပ်နဲ့လေ။ ကိုရန်ရှင်းက မင်းကို တရရနဲ့မေးနေတဲ့ဟာကို။"

သျှန်နောင် အံတင်းတင်းကြိတ်လိုက်ပါသည်။ သူက အစ်မမျက်နှာကြောင့် လုပ်ငန်းအားလုံးအဆင်ပြေအောင်လုပ်ပေးခဲ့သမျှသည် သူအား ပြည့်တန်ဆာတစ်ယောက်လို အသုံးချဖို့မှန်း ယခုမှ သဘောပေါက်တော့သည်။ သူနှင့် သျှားအိမ်ကို ယောက်ျားနှစ်ယောက်မို့ ပွဲမတက်ရဟု ပြောသည်ဆိုသည်ကတော့ ထားလိုက်တော့။ ဒီကိစ္စကို လူတိုင်း လက်ခံချင်မှလက်ခံမည်။ လက်မခံလို့လည်း သူ ဘာမှပြောလို့မရ။ ဒါက လူတစ်ယောက်၏ အခွင့်အရေး (human right)။ သူ တားမြစ်ပိုင်ခွင့်မရှိ။ သို့သော် သူ့အား ယခုလို ငါးစာချရန် ချစ်သူခေါ်မလာနှင့်ဆိုတာက ဘာလဲ။ ဘာကြီးလဲ။ သူက သူများကြိုးဆွဲသမျှခံမည့် ဖာသည်အပျက်တစ်ယောက်လား။

"အစ်ကိုဟိန်း... အစ်ကိုဟိန်းမျက်လုံးထဲမှာ ကျွန်တော်က ဘာလဲ။ အစ်ကိုဟိန်းစိတ်ထဲမှာ ကျွန်တော့်ကို အပျက်လို့ ထင်နေသေးတာလား။"

သူ ဦးဇေဟိန်းကို မျက်လုံးချင်းဆုံအောင်ကြည့်ပြီးပြောလိုက်လျှင် ဦးဇေဟိန်းမှာ မျက်နှာပျက်ယွင်းသွားတော့သည်။

"မဟုတ်ပါဘူးကွာ။ ငါက မင်းကို မေးနေတဲ့လူရှိတဲ့အကြောင်း ပြောတာပါ။"

"ဪ... ဘာလို့ မေးလဲဆိုတာ အစ်ကိုဟိန်းမသိဘူးပေါ့။"

သျှန်နောင် ရိရိသဲ့သဲ့ဟန်ဖြင့် မေးလိုက်လျှင် ဦးဇေဟိန်းက ချက်ချင်း ဣန္ဒြေဆယ်ကာ ခပ်တည်တည်ဖြင့်...

"သျှန်နောင်... မင်း အရင်ထဲက ဒီကိစ္စတွေလုပ်နေကြကို။ အခုမှ ဘာတွေ အထူးအဆန်းလုပ်နေတာလဲ။"

သျှန်နောင် ဦးဇေဟိန်းကို ရွံရှာစက်ဆုပ်ဖွယ်ရာတခုလိုကြည့်လိုက်သည်။ ဒီလူဟာ သူ့မျက်စိထဲတွင် ဖာခေါင်းတစ်ယောက်သာသာမျှသာရှိသည်။

"အဟော်... အခုတော့ ခင်ဗျားက ကျွန်တော့်ကို သုံးပြီး ငါးစာချတာ ဝန်ခံပြီပေါ့။"

ဦးဇေဟိန်း ပါးစပ်ပိတ်ထားလိုက်ပါသည်။

"ဒီမှာ အစ်ကိုဟိန်း ကျွန်တော်က ကျွန်တော့်အစ်မ မျက်နှာကို ထောက်ပြီး အားလုံးအဆင်ပြေအောင် လုပ်ပေးနေတာ။ အဲဒါကို ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အဟုတ်ကြီးထင်နေတာလား။"

သျှန်နောင် ဦးဇေဟိန်း၏ မည်းမှောင်သွားသော မျက်နှာကိုကြည့်ကာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်ပြီး....

"ကဲ.... ကျွန်တော် သွားတော့မယ်။"

"နေဦး..."

သူ့နောက်မှ လှမ်းခေါ်လိုက်သော ဦးဇေဟိန်းကြောင့် လှည့်ကြည့်လိုက်လျှင် ဦးဇေဟိန်းက သူ့အား သတိပေးဟန်ဖြင့်စူးစူးစိုက်စိုက်ကြည့်လာသည်။

"မင်း ဒီည မလာရင် မင်းကို ငါ့ကုမ္ပဏီမှာ လက်မခံနိုင်ဘူး သျှန်နောင်။ မင်း ဒီလူတွေနဲ့ မဆက်ဆံရင် မင်းအတွက် နေရာမရှိဘူး။ ဒီတော့ ကိုယ့်နေရာကိုယ်သိပါ။"

သျှန်နောင် လှောင်ပြုံးပြုံးကာ လက်ညိုးနှင့်လက်ခလယ်နှစ်ချောင်းဖြင့် အလေးပြုဟန်လုပ်ပြလိုက်ပြီးလျှင်...

"ကံကောင်းပါစေ အစ်ကိုဟိန်း"

သူ ထိုမျှသာပြောပြီး နေရာမှ လှည့်ထွက်ခဲ့သည်။ ရုတ်တရက် စကားပုံတခုကို သတိရလိုက်မိသည်။ "ဆရာဝန်တစ်ခါဖြစ်ခဲ့လျှင် အမြဲတမ်းဆရာဝန်ပဲ"တဲ့ (Once a doctor, always a doctor )။ ထိုစကားကို အခုမှ နားလည်တော့သည်။ သူ့အနေဖြင့် လုံးဝအလိုမတူပါသော်လည်း လူတစ်ယောက်ကြောင့် ထိုသို့သော ဘဝမျိုးတွင် ခဏမျှနေခဲ့ရသည်ကို တစ်သက်လုံး ထိုဘဝတွင် ပျော်မွေ့နေလိမ့်မည်ဟု ထင်နေကြဟန်တူသည်။ ရယ်စရာတော့အကောင်းသား။ သူ ကားမောင်းနေရင်းမှ အားပါးတရ ရယ်မောလိုက်မိသည်။ သူ ရယ်မောနေရင်းမှ တိမ်ယံတာဝါကို အကြည့်ရောက်သွားပြီး အကြံတခုရသွားကာ ဖုန်းကောက်ခေါ်လိုက်သည်။

-------

ဒီနေ့မနက် အလုပ်ပါးသည်ဟုပြောရမည်။ special order နှင့် pickup order လေး၊ ငါးခုသာရှိ၍ ဘာမှ သိပ်လုပ်စရာမရှိ။ သို့သော် သူ သတိထားမိသလောက် သူ့ဆိုင်လေးသည် အရင်ကထက်ပို၍ လူစည်လာသလို ရောင်းအားလည်း တက်လာသည်။ ကြည့်ရသည်မှာ အရှေ့က ကိတ်မုန့်ဆိုင် ပိတ်သွားတာလည်း ပါလိမ့်မည်။ ထို့ပြင် စေတနာမှန်သည်ပြောရမလားမသိ။ သူ့ဆိုင်တွင် ရောင်းချသော စားသောက်ဖွယ်ရာအားလုံးကို သူ ကိုယ်တိုင်စားမည်ကဲ့သို့ သန့်ရှင်းမှုရော အရသာပါ အထူးကောင်းမွန်အောင် ဂရုစိုက်သလို သင့်တင့်သော ဈေးနှုန်းဖြင့်သာ ရောင်းချသည်။ ထို့ကြောင့်ထင်သည်။ စားသုံးသူများမှာ တနေ့ထက်တနေ့များပြားလာကာ တချို့ဆိုလျှင် သူနှင့် မျက်မှန်းတန်းမိသည်သာမက တချို့ဆိုလျှင် မြင်လျှင်နှုတ်ဆက်သည်အထိ ရင်းနှီးသော customer များပါရှိသည်။ အဲ.... ထိုများပြားလှစွာသော ပုံမှန် customer များထဲက တစ်ယောက်ကတော့ ကံထူးစွာ သူ၏ ချစ်သူဖြစ်လာလေသည်။ သျှားအိမ် သူ့အတွေးနှင့် သူ ကော်ဖီဖျော်နေရင်းမှ ပြုံးလိုက်သည်။

"ဟယ် ကြည့်စမ်း... ဟိုကောင်လေးက ချောလိုက်တာ။"

"ဘယ်တစ်ယောက်လဲ။"

"ဟိုတစ်ယောက်လေဟယ်။ တိုက်ပုံလေးနဲ့ တစ်ယောက်လေ..."

"ဟဲ့... လူတိုင်း တိုက်ပုံဝတ်ထားတဲ့ဟာကို"

"အာ... နင်ကလည်း အသားရောင်လိုတိုက်ပုံလေးနဲ့လေ...။ ပြီးတော့... ပိုးပုဆိုး ကြက်သွေးရောင်လေးနဲ့တစ်ယောက်လေဟာ။ အင်္ကျီက စတစ်ကော်လံမှာ ရွှေရောင်ကြယ်သီးလေးတောင်ပါသေး..."

"မတွေ့ပါဘူး။"

"တွေ့မလား?! နင့် ေ-ာက်လုံးတွေက ေ-ာက်စားချည်းကြည့်နေတာကို။ တီဗီကိုကြည့်...။ cameraman က ဒီကောင်လေးပဲ ခဏခဏပြနေတာ...။ ဟော.... လာပြီ... လာပြီ...။ တွေ့လား?"

"အာ... အေး... အေးဟဲ့။ ချောလိုက်တာ။ အပြင်မှာသာ တွေ့လိုက်ရရင် ပြေးပြီး နမ်းမိမလားပဲ။"

သူ့ရှေ့ရှိ တီဗီဖန်သားပြင်တွင်လာနေသော သတင်းကိုကြည့်ကာ အားပါးတရပြောနေသော မချောလေးနှစ်ယောက်ကြောင့် သူပါ ရောယောင်ကာ ကြည့်မိလိုက်တော့...။ အသက်ရှည်ဦးမည်။ "ဒီကောင်လေး"ဆိုသည်မှာ ဟိုလူကြီးကို ပြောနေတာပဲ။ တိုက်ပုံနှင့် ပိုးပုဆိုးဝတ်ထားတာတောင် လူငယ်တစ်ယောက်ပုံပေါက်နေသော သူ့ချစ်သူကိုကြည့်ကာ...

'အမိလေးတို့ရေ... အဲ့ဒီ့ ၃၃ နှစ်ရှိတဲ့ "ကောင်လေး" ဆိုတာ ကျုပ် ချစ်သူဗျ။ အမိတို့တော့ ငရဲကြီးရုံမကဘူး။ ရှတော့မယ်။' ဟုသာ စိတ်ထဲမှ သတိပေးမိပါသည်။

"ဟဲ... မိန်းမ.... ဟို... ဟိုမှာ"

"အဲတော့ တကယ်ကြီးလား။"

"ဟဲ့ အပြင်မှာ ပိုလှ... အဲ... ပိုချောတယ်ဟ"

ထိုသာလိကာမလေးများထံမှ စီစီညံသောအသံကြောင့် ကြည့်လိုက်တော့ ကိုယ်တော်ချောက သူ့ထံသို့ အပြုံးချိုချိုတခုဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် လျှောက်လာနေသည်။ ပြောလို့ပြောတာမဟုတ် ချစ်သူက ဒီလို ဝတ်ထားတော့လည်း ယဉ်သည့်တိုင် sexy လည်းကျလှချေ၏။ သူ့ရင်တခုလုံး ချစ်စိတ်တို့ဖြင့် လှိုက်ခုန်မောသွားရတော့သည်။

"Baby လာတာစောလှချည်လား။"

"အင်း..."

"ခဏလေး။ နှင်းနှင်းနဲ့ အဖျော်ဆရာ ကိုတိုးလာရင် သွားကြမယ်လေ။"

"ရတယ်မောင်။ အဲ့ဒီ့လောက် အလျင်မလိုဘူး။ ကိုတို့ dinner မသွားတော့ဘူး။"

"ဟင်... ဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူး။"

ဘာမှမဖြစ်ဘူးသာဆိုသည်။ မျက်နှာပျက်သွားသော ချစ်သူကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခါမှ သျှန်နောင် သက်ပြင်းချလိုက်ကာ...

"ပြီးမှ ပြောပြမယ်"

"အင်း..."

သျှားအိမ်လည်း ခေါင်းညိတ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နှင်းနှင်းနှင့် ကိုတိုး ပြန်လာသဖြင့် တိုးငယ်နှင့် ခခကို မှာစရာရှိသည်ကိုမှာကာ သျှန်နောင်၏ လက်ကိုဆွဲကာ ဆိုင်မှထွက်ခဲ့တော့သည်။ အစောက သာလိကာမလေးများကတော့ သူတို့နှစ်ယောက်ကို ကြည့်ကာ ငိုမလိုရယ်မလိုမျက်နှာနှင့် ကျန်ခဲ့လေရဲ့။ 'စိတ်မကောင်းပါဘူး အမိလေးတို့ရယ်' ဟုသာ စိတ်ထဲမှာ ဆိုမိတော့သည်။

"ကဲ.... ပြောပါဦး။ ဘာတွေဖြစ်လို့လဲ။"

သျှားအိမ်က သျှန်နောင်၏ ကားပေါ်ရောက်ရောက်ချင်း မေးလိုက်လျှင် သျှန်နောင်လည်း ဖြစ်စဉ်ကို အိပ်သွန်ဖာမှောက်ရှင်းပြလိုက်သည်။

"... ကို့ကို မင်းအခြောက်မို့မလာရဘူးဆိုရင် ကို လက်ခံပါတယ်။ ဒါပေမယ့်အခုဟာက ကို့ကို ဖာလို့ကို သတ်မှတ်နေတာ မောင်ရယ်။ တကယ်က.... ဘုရားပေးပေး ကျမ်းပေးပေးပါ မောင်ရယ်။ အဲ့ဒီလူတွေနဲ့ သူထင်လို တခါမှမပတ်သက်ခဲ့ပါဘူး။ သူ အဲ့ဒီလို ငါးစာချသမျှကို ရအောင်ရှောင်ခဲ့တာချည်းပဲ။ မောင့်ကိုတော့ အားနာပါရဲ့။ ကို့မှာ အပျော်အပါးရှိတယ်ဆိုပေမယ့် တွေ့ကရာလူနဲ့ အခုချက်ချင်းတွေ့ အခုချက်ချင်း အိပ်ရာပေါ်တက်ရလောက်အောင်အထိတော့ ကို ဖာမဆန်ပါဘူးကွာ။"

သျှားအိမ် ချစ်သူ၏ ဒေါသဖြင့်ရဲပလောင်းခတ်နေသော မျက်နှာကိုကြည့်ကာ သက်ပြင်းချလိုက်မိပါသည်။ သူတောင်မှ ချစ်သူအတွက် ခံပြင်းဒေါသဖြစ်မိပါလျှင် ကာယကံရှင်ဆိုလျှင် ပိုဆိုးပေလိမ့်မည်။

"ကိုလေ အမှန်ပြောရရင် ဒေါသအရမ်းထွက်တယ်။ ဒါပေမယ့် ကို ဘာမှမတတ်နိုင်ဘူး။ လူတွေပြောသမျှ ခေါင်းငုံ့ခံရုံအပြင် ကို ဘာမှမတတ်နိုင်ခဲ့ဘူး။"

သျှန်နောင် မေးရိုးများ ပြုတ်လုနီးပါ အံကြိတ်ကာ ပြောလိုက်ပါသည်။ ဒီကြားထဲ ခံပြင်းမှုကြောင့် ဝေ့ဝဲလာသော မျက်ရည်များက မျက်ဝန်းထဲတွင် အိုင်ထွန်းနေရုံမက ပါးပြင်ပေါ်သို့ စီးဆင်းလာတော့သည်။

"Baby ရာ...."

သျှားအိမ် မချိတင်ကဲဖြင့် ချစ်သူကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်ပါသည်။ လူတွေများ...။ လဲကျနေသူကို ဝိုင်းထူကာ လမ်းမှားသူကို လမ်းမှန်ရောက်အောင်ဆွဲတင်သင့်ပါလျှက် မြေနိမ့်ရာလှံစိုက် ရေနစ်သူကို ဝါးထိုးကူချင်သူတွေချည်း ပြည့်နှက်လို့နေသည်။ တကယ်ဆို သူ့ ချစ်သူလို အမှောင်ထဲမှ ရုန်းထွက်ခဲ့သူကို လက်ကမ်းကြိုသင့်ပါလျှက် ယခုတော့ လက်ညိုးထိုးရုံမက အမှောင်ထဲပြန်တွန်းပို့နေသည်မှာ မဖြစ်သင့်သလို ရွံမုန်းဖို့ကောင်းသည်ဟု သူထင်သည်။

သျှားအိမ် သူ့ရင်ခွင်ထဲတွင် နာကျည်းခံပြင်းမှုကြောင့် မျက်ရည်သွယ်ကျ‌နေသော ချစ်သူ၏ ဆံနွယ်များကို ခပ်ဖွဖွပွတ်သပ်ပေးကာ ချော့မြှူနေမိပါသည်။။ အတန်ကြာမှ ချစ်သူ၏ မေးဖျားလေးမှ အသာအယာ ဆွဲယူမော့စေပြီး နဖူးပင်ထက်ရှိ ဆံစနုနုမှသည် မျက်ရည်တို့ဖြင့်ပြည့်နေသော သမင်မျက်ဝန်းတို့၏ အလယ်ရှိနှာရိုးမြင့်မြင့်... ထိုမှတဆင့် သူ့အား ချစ်ခွန်းခြွေလေ့ရှိသည့် နှုတ်ခမ်းဖူးဖူးတို့ထံ နှုတ်ခမ်းတပြားစာစီ ရွေ့၍ အနမ်းမျိုးစေ့တို့ကို ကြဲချလိုက်ပါသည်။ ထို့နောက် ပါးပေါ်ရှိ မျက်ရည်စများကို ခပ်ဖွဖွသုတ်ပေးရင်း...

"ဇကောလောက်မှ ဇောက်မနက်တဲ့ လူတွေရဲ့ စကားကို ခံစားမနေတော့နဲ့နော်။ ဟုတ်ပြီလား။ လိမ္မာတယ်"

ထိုအခါကျမှ သျှန်နောင်တစ်ယောက် ကလေးတစ်ယောက်လို ငိုနေမိသောအဖြစ်ကို သတိထားမိသွားပြီး ရှက်ပြုံးပြုံးလိုက်မိပါသည်။

"အင်း"

ထုံးစံအတိုင်း ပုတ်သင်ညိုလေးလို ခေါင်းညိတ်နေသော ချစ်စဖွယ်ရာ ထိုလူသားကို အသည်းယားစွာဖြင့် နှာခေါင်းလေးကို ဆွဲလိမ်လိုက်သည်။

"ဒီတော့ မောင်တို့တတွေ ဒီညအားတယ်ဆိုတော့ တနေရာရာသွားရအောင်..."

"အင်း... ကို စီစဉ်ထားတယ်။"

သျှန်နောင်၏ စကားကြောင့် သျှားအိမ် မျက်ခုံးတစ်ဖက်ပင့်ကာကြည့်လိုက်ပါသည်။ သျှန်နောင်ကတော့ နီရဲကာမို့နေသော မျက်လုံးများကို အစောက သူမဟုတ်သည့်အလား ပိတ်သည်အထိ ပြုံးပြလိုက်သည်။

"မောင့်ဆီပြန်လာရင်းနဲ့ အကြံရသွားလို့လေ။ အခု အိမ်ပြန်ပြီး အဝတ်အစားလဲရအောင်"

"အမိန့်တော်အတိုင်းပါခင်ဗျာ"

သို့နှင့် နှစ်ဦးသား သျှားအိမ်၏ အိမ်သို့ပြန်ခဲ့ကြသည်။

သျှန်နောင်က အိမ်ရောက်သည်နှင့် ရေချိုးရန် အဝတ်အစားများချွတ်နေတော့သည်။ သျှားအိမ်က ရေမချိုးခင် အစာကြေဆေးစားဦးမှဟု ကြံစည်ကာ ချစ်သူအား နောက်မှ သိုင်းဖက်ကာ...

"နေဦးလေ။ မောင်နဲ့ အတူတူချိုးမယ်လေ။"

"ချိုးမယ်ဆိုလည်း မြန်မြန်အင်္ကျီချွတ်လေ။ reservation က ၆နာရီလို့ ပြောထားတာ။ တော်ကြာနောက်ကျလို့ နေရာကောင်းလေး လွတ်သွားဦးမယ်။"

သျှားအိမ်ကတော့ သျှန်နောင်၏ စကားကို အာရုံမရှိ။ သျှန်နောင်၏ ကုပ်သားဝင်းဝင်းလေးများကို ခပ်ဖွဖွငုံကာ အရသာခံနေသည်။

"အာ... ဘယ်နှယ့်... လူကို စုပ်ခွက်လို လိုက်ကပ်နေတာလဲ။ ဖယ်... ရေချိုးတော့။ နောက်ကျမယ်။"

သျှန်နောင်က တံတောင်နှင့်တွတ်ကာ တွန်းထုတ်မှ သျှားအိမ်နှင့် လူချင်းခွါသွားတော့သည်။ သို့သော် ကလေးလို နှုတ်ခမ်းကြီးကို လိုသည်ထက်ပို၍ ထော်လိုက်ပြီး....

"ဒါဆို အင်္ကျီချွတ်ပေး..."

"ဟင်း..!"

သျှန်နောင် ရယ်ချင်စိတ်ကို မနည်းတင်းကာ မျက်နှာတည်တည်ဖြင့် သျှားအိမ်၏ အဝတ်များကို ချွတ်ပေးလိုက်ပါသည်။ ကျေးဇူးရှင်ကတော့ ငခူပြုံးပြုံးကာ စပ်ဖြီးဖြီးမျက်နှာဖြင့် ကြည့်နေသည်။ ထို့ကြောင့် တမင်ဘုကြည့်ကြည့်ကာ ရေချိုးခန်းထဲဝင်သွားလျှင် နောက်မှကပ်၍ လိုက်လာပြန်သည်။ ဒီတော့ သူခမျာ မီးဘေးရှောင် မလောင်ခင်တားသည့်အနေဖြင့် နှစ်ဦးသား ဆန္ဒများထကြွကာ မသောင်းကျန်းမှီ ရေမြန်မြန်ချိုးကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့ပါသည်။

"မောင်... ဘယ်နှယ့် T-shirt နဲ့ ဂျင်းလဲ?"

သျှန်နောင်က ရှပ်အင်္ကျီလည်ထောင်လေးကို ဝတ်နေရာမှ လှမ်းပြောလိုက်သည်။

"ဟင်... ဘာလို့လဲ။"

"ကိုတို့အခုသွားမယ့်ဆိုင်က အနောက်တိုင်းဆန်တယ်။ နောက်ပြီး suit တို့ ဘာတို့ဝတ်မှ ဝင်ခွင့်ပေးတာ။"

သျှန်နောင်၏ စကားကြောင့် သျှားအိမ် မျက်မှောင်ကြုတ်သွားပြီး...

"Baby ဒီလောက် ကိန်းခန်းကြီးတဲ့ဆိုင်...။ မဟုတ်မှလွဲရော ဟိုတိမ်ယံတာဝါထိပ်က ဆိုင်လား?"

တိမ်ယံတာဝါဟူသည် ရန်ကုန်မြို့၏ အမြင့်ဆုံးမိုးမျှော်အဆောက်အဦးဖြစ်ပြီး ထိုတာဝါ၏ ထိပ်တွင် စားသောက်ဆိုင်နှင့် ကလပ်တခုရှိသည်။ social media များထဲတွင် မြင်ရသမျှကတော့ ထိုတာဝါထိပ်မှ ညနေစည်းဆာအလှသည် ရင်သပ်ရှုမောဖွယ်ရာအတိပင်။ သို့သော် ထိုအလှကိုမြင်ရဖို့အတွက် ကြေးက အဆမတန်ကြီးလွန်းလှသည်။

"အင်း"

"Baby ရာ အဲဒီ့ဆိုင်က သေမလောက် ဈေးကြီးတာကို..."

"ဒါပေမယ့် မောင်နဲ့အတူ တစ်ခါလောက် အဲ့ဒီမှာ ညစာစားချင်လို့လေ။ အထူးသဖြင့် ကို အခုလို စိတ်လက်ကြည်လင်ဖို့လိုတဲ့ အချိန်မျိုးမှာပေါ့။"

သျှားအိမ် သက်ပြင်းကိုခိုးချလိုက်ပြီး ချစ်သူကို ရင်ခွင်ထဲသို့ ဆွဲယူလိုက်လျှင်...

"မောင်..."

သျှန်နောင်က နောက်ကျမှာစိုး၍ သတိပေးမလို့ ပါးစပ်ဟလိုက်ပါသော်လည်း သျှားအိမ်က...

"ခဏလေး။ ခဏလေးပါ Baby ရာ"

သျှားအိမ် ချစ်ရသူအတွက် စိတ်မကောင်းပါ။ သူ့ကိုယ်သူလည်း အပြစ်ရှိသလို ခံစားရသည်။ ချစ်သူအား ယခုလိုစိတ်ဒုက္ခများဒဏ်မှ မကာကွယ်နိုင်ဘူးမဟုတ်လား။ တတ်နိုင်ပါလျှင် ထိုနာကျင်မှုမျိုးကို ချစ်သူကိုယ်စား သူသာခံစားလိုက်ချင်ပါသည်။

ထိုစဉ် သျှန်နောင်၏ ဖုန်းမည်လာသဖြင့် လူချင်းခွါကာ ကောက်ကိုင်လိုက်သည်။ သျှန်နောင် ဖုန်းတလုံးဖြင့် အလုပ်ရှုပ်နေစဉ် သျှားအိမ်မှာ t-shirt နှင့် ဂျင်းဘောင်းဘီကို ရှပ်အင်္ကျီအနက်ရောင်နှင့် style pants ခဲရောင် သို့ ပြောင်းလဲဝတ်ဆင်လိုက်ကာ အပေါ်မှ military style ပုခုံးတွင် ဘားတန်းနှင့် ကျယ်သီးများပါသည့် ခါးရှည် double breasted trench coat ခဲရောင်ကိုယ်ကျပ်ကို ထပ်လိုက်သည်။ ထို့နောက် အနည်းငယ် ပွယောင်းနေသော ဆံပင်ကို ပုံပြန်သွင်းလိုက်ပြီးလျှင် necktie တခုဖြင့် အလုပ်ရှုပ်နေတော့သည်။

"ဝိုး..."

သျှန်နောင် ဖုန်းချလိုက်ပြီး ချစ်သူကို လှည့်ကြည့်လိုက်လျှင် ကုပ်အင်္ကျီနှင့် အတော့်ကို smart ကျရုံမက sexy ပါကျလှသည့် ချစ်သူကြောင့် ငေးမောနေမိသည်။ သျှားအိမ်ကတော့ သူ့အားမျက်တောင်မခတ်ငေးနေသော ချစ်သူကြောင့် ရယ်ချင်လာပြီး...

"ဟေ့... ဘာတွေ ငေးနေတာလဲ။ လုပ်စရာရှိတာလုပ်လေ။ နောက်ကျမယ်။"

သျှန်နောင်မှာ သူ့စကားနှင့်သူ ပြန်ပက်ခံရသော်လည်း စိတ်မဆိုးနိုင်ပါ။

"ဘာတွေငေးနေတာလဲဆိုတော့လား။ ကို့ ရှေ့က နတ်သားလေးကို ငေးနေတာလေ။ Necktie တခုနဲ့ လုံးလည်ချာလပတ်လိုက်နေတဲ့ နတ်သားလေးလေ။"

သျှားအိမ်မှာ အကောင်းပြောတာလား နှိမ့်ချတာလားမသဲကွဲသော လအော့လအယ် စကားကြောင့် ရယ်ချင်သွားသည်။

"ဟေ့.... မင်း ဘယ်လိုချစ်သူလဲ။ ကိုယ့်ချစ်သူတစ်ယောက်ကို ကူမယ်တော့မရှိဘူး။ ဒီအတိုင်းကြည့်နေရလား။"

"ဒါကတော့ ကြည့်လို့ကောင်းတာကိုးလို့။ မျောက် အုန်းသီးရထားသလိုပဲ... အဟားဟား...."

သျှားအိမ်ခမျာ ပြန်မပြောအား။ necktie နှင့် နဘမ်းလုံးဆဲ။ သျှန်နောင်ကတော့ slim fit ရှပ်အင်္ကျီ အဖြူရောင်နှင့် ခဲရောင် slim fit pants ကို တွဲဖက်ဝတ်ဆင်ကာ အပေါ်မှ အနက်ရောင်နှင့် ခဲရောင်စပ်ထားသော double layer waistcoat ထပ်လိုက်သည်။ ထို့နောက် အနက်ရောင် ascot carvel necktie တခုကို လည်ပင်းတွင် စည်းလိုက်ပြီး လက်တွင် Rolex နာရီတစ်လုံးဝတ်ကာ အဆုံးသတ်လိုက်သည်။ သို့တိုင်အောင် သျှားအိမ်မှာ necktieစည်းလို့ မပြီးနိုင်မစီးနိုင်သေး။ သျှန်နောင်မှာ ဒီတခါတော့ ကြည့်မနေနိုင်တော့ပါ။

"ကဲ.... ပေး... ပေး...."

သျှားအိမ်ထံမှာ necktie ကို ဆွဲယူကာ မိမိလည်ပင်းတွင်ပတ်လိုက်ပြီး necktie knot ကို ပြင်ပေးလိုက်သည်။ ထို့နောက်မိမိလည်ပင်းပေါ်မှ necktieကို သျှားအိမ်၏ လည်ပင်းပေါ်သို့ လွှဲပြောင်းကာ loop ကို အနေတော်တင်းပေးလိုက်မှ necktie ပြဿနာရှင်းသွားတော့သည်။

"မောင်... ဒီပုံနဲ့ US မှာ ဘယ်လို ကျောင်းပြီးလာလဲ။"

"ဘာဆိုင်လဲ။"

"မောင် suit တွေဘာတွေ မဝတ်ရဘူးလား။ အနည်းဆုံးတော့ ဘွဲ့ယူရင် ဝတ်ရမှာပေါ့။"

"ဝတ်ပါဘူး။ မောင် ဘွဲ့ယူတုန်းက ရှပ်အင်္ကျီလေးရယ် necktieရယ် pants ရယ်ပဲ ဝတ်တာ suit တခုလုံး မဝတ်ပါဘူး။"

"ဒီတော့ necktie ကို ဘယ်သူစည်းပေးလဲ။"

"မောင့်အခန်းဖော် သူငယ်ချင်း David ဆိုတဲ့ကောင် စည်းပေးတယ်။"

"အလုပ်တာတို့ အင်တာဗျူးဝင်တာတို့ကကော..."

"မလိုဘူးလေ။ မောင်က အလုပ်က pastry chef ပဲဟာ စားဖိုမှုးဝတ်စုံဝတ်ရတာပေါ့။ အင်တာဗျူးလည်း အဲ့ဒီ့လောက်မလိုပါဘူး။ မောင့် Boss က သူ့ကော်ဖီဆိုင်လေးမှာ လူလိုတယ်ကပ်ထားလို့ မောင်က ခရီးသွားဟန်လွှဲမေးရင်း အလုပ်ရသွားတာ။"

သျှားအိမ်က ပြောနေရင်းမှ ဗီရိုထဲမှ Rolex နာရီလေးထုတ်လိုက်လျှင် သျှန်နောင်က ထိုနာရီလေးကို ဆွဲယူကာ သျှားအိမ်၏ လက်တွင် တယုတယဝတ်ပေးလိုက်သည်။ ထိုနောက် ထိုနာရီလေးနှင့် ပနံသင့်လှသည့် လက်ချောင်းဖြူဖြူလှလှလေးများကို သဘောကျစွာ စိုက်ကြည့်နေပြီးမှ ထိုလက်ကိုဆွဲယူကာ လက်ခုံကို ဖွဖွလေးနမ်းရှိုက်လိုက်သည်။ သျှားအိမ်ကတော့ ချစ်သူ၏ အပြုအမူတိုင်းကို မျက်တောင်မခတ် ပြုံး၍ ကြည့်နေပါသည်။

ထိုစဉ် ဖုန်းမြည်လာပြန်သဖြင့် သျှန်နောင်က ဖုန်းကိုင်လိုက်ကာ...

"ဟဲလို... အင်း... လာပြီ... တိုက်ရှေ့ကပဲစောင့်ပေးပါ။"

"........"

သျှန်နောင် ဖုန်းချလိုက်ပြီးလျှင် သျှားအိမ်ဘက်လှည့်ပြီး...

"သွားစို့ မောင်... ကားရောက်ပြီတဲ့။"

"အင်း..."

သျှန်နောင်က အခန်းထဲမှ ထွက်ရန်ပြင်လိုက်လျှင် သျှားအိမ်က...

"Baby... Coat ရော..."

"ဪ... ဟုတ်သားပဲ"

သျှန်နောင်က ကုတင်ပေါ်တွင်တင်ထားသော ပင်မင်းဆိုင်တံဆိပ်ပါသော အိတ်ထဲမှ ကုပ်အင်္ကျီ ခဲရောင်လေးကို ထုတ်ကာ ဟန်ပါပါဖြင့် လက်ဖျံပေါ်တွင် ခေါက်တင်လိုက်သည်။ ထိုနောက် ဂျယ်မလိမ်းထားသဖြင့် ကပိုကယိုဖြစ်နေသော ဆံပင်နက်နက်တို့ကို နောက်သို့သပ်တင်လိုက်လျှင် သျှားအိမ်မှာ ထိုလူ၏ ပြည့်စုံလှသော ဟန်ကိုကြည့်ကာ 'ဒီလူ လှတာ လွန်ကိုလွန်တယ်' ဟုပင်တွေးမိသည်အထိ။

"ဘာလို့လဲဟင်။ ကို တခုခုများလိုနေလို့လား။"

သျှန်နောင်မှာ ချစ်သူ၏ အလိုမကျသလို မျက်နှာကြောင့် မေးလိုက်လျှင် သျှားအိမ်မှာ ထိုမေးခွန်းကြောင့် မဲ့ရှုံသွားတော့သည်။

"အင်း... လိုတယ်... လိုတယ်... မင်း အဲ့ဒီလောက်ထိ ကြည့်ကောင်းအောင်မနေဖို့ လိုတယ် Baby"

သျှန်နောင်မှာ ထိုအခါကျမှ ရယ်မောလိုက်ပြီး...

"မနာလိုမဖြစ်ပါနဲ့။ မောင်လည်း ကြည့်ကောင်းပါတယ်။ ကြည့်ကောင်းလွန်းလို့ ခက်နေတာ။"

"မဖြစ်ပေါင်ဗျာ။ ကျုပ် ချောတယ်ဆိုတာ မှန်ထောင်တောင်ကြည့်စရာမလိုဘူး။ သိပြီးသား။"

"ကဲပါ... ကိုရွှေလိပ်ရယ်။ သွားကြပါစို့။ အောက်မှာ ကားရောက်နေပြီ။ သူ့ခမျာ ကို့အိမ်မှာ ကြိုရမယ် ထင်ပြီး သွားစောင့်နေမိလို့ စိတ်တိုနေတာ အခုတခါ ထပ်စောင့်ရရင် ဒေါသထွက်ပြီးသေလိမ့်မယ်။"

သို့နှင့် နှစ်ဦးသားအခန်းထဲမှ ထွက်လာခဲ့ပြီး ဓါတ်လှေကားဆီသို့ ဦးတည်ခဲ့ကြသည်။ ဓါတ်လှေကားထဲရောက်လျှင် သူတို့နှစ်ဦးအား မျက်လုံးပြုတ်ကျမတတ်ကြည့်နေသော အခန်းနီးချင်းများကြောင့် သျှားအိမ်ရယ်ချင်လာသည်။ သို့သော် ဒါက နှစ်ယောက်စလုံးအတွက် အထူးအဆန်းမဟုတ်။

ဆိုင်အဝရောက်လျှင် သျှန်နောင်က သူ့ နာမည်ပြောလိုက်သည်နှင့် ဝန်ထမ်းအမျိုးသမီးလေးက ပူပူငှာငှာပင်ဆီးကြိုပါ၏။ ဆိုင်ထဲခြေတစ်လှမ်း ဝင်လိုက်သည်နှင့် ဤနေရာသည် တကယ့်ကို Luxury Restaurant မှန်း ပြောစရာမလိုလောက်အောင် သိသာလှသည်။ ဆိုင်အခင်းအကျင်းက အသားရောင် ခပ်ပြေပြေနှင့် ရွှေရောင်အား အဓိကသုံးထားပြီး တော်တော်ကို ခမ်းနားကြီးကျယ်စွာ ပြင်ဆင်ထားသည်။ ဆိုင်၏ အလယ်ရှိ ဘားကောင်တာတခုရှိသော်လည်း ဆိုင်အတော်များများကဲ့သို့ သီဆိုဖျော်ဖြေသော စင်မြင့်မရှိပေ။ သို့သော် ဆိုင်ထဲရှိ မျက်နှာကြက်မှ speaker များမှတဆင့် တေးသံစဉ်တချို့က တိုးတိုးညိမ့်ညိမ့်လေး ပျံ့နှံ့လို့နေသည်။ အနောက်တိုင်းဝတ်စုံ ကိုယ်စီဝတ်ဆင်ထားသော ဧည့်သည်များမှာ များပြားသည်ဟု မဆိုနိုင်သော်ငြား စားပွဲထပ်ဝက်မျှ နေရာယူထားသည်။

စားပွဲထိုးအမျိုးသမီးလေးက သူတို့နှစ်ဦးအား မှန်သားနံရံများ၏ ဘေးရှိ နှစ်ယောက်ထိုင်စားပွဲတွင် နေရာချပေးသည်။ ထိုနေရာသည် ရန်ကုန်မြို့ကို အပေါ်စီးမှ စီးကာမြင်နိုင်သည့် တကယ့်ကို ရှုခင်းရှုကွက်ကောင်းသောနေရာဖြစ်သည်။ ထို့ပြင် သူတို့ရောက်သည့်အချိန်မှာလည်း ညနေစောင်းဖြစ်ရာ ညနေဆည်းဆာအလှက ရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းလှပါ၏။

"ရန်ကုန်မြို့ကြီးက ဒီလိုတော့လည်းလှသားပဲ။"

မြို့ပြ၏ဆည်းဆာအလှကို မျက်စိတစ်ဆုံးကြည့်ရင်းမှ သျှားအိမ် ချီးကျူးလိုက်သည်။

"မောင်... သဘောကျရဲ့လား။"

သျှန်နောင် လက်မှ ကိုင်လာသော ကုတ်အင်္ကျီကို နေရာချပေးသော အမျိုးသမီးလေးအား ကမ်းပေးလိုက်ပြီး မေးလိုက်သည်။

"အင်း..."

ထိုစဉ် စားပွဲထိုးအမျိုးသမီးလေးက menu လာချပေးသဖြင့် သျှားအိမ် စိတ်ဝင်တစား menu စာအုပ်ကို လှန်လှောကြည့်လိုက်သည်။ သို့သော် စားစရာအမည်များ၏ ဘေးရှိ ဈေးနှုန်းကိုကြည့်ကာ မျက်ခုံးတစ်ဖက်မြင့်သွားသည်။ သျှန်နောင်က ချစ်သူ၏ မျက်နှာကိုကြည့်ကာ ပြုံးစိစိဖြင့်...

"ဘေးက ဂဏန်းတွေကို မကြည့်နဲ့ မောင်။ မှာစရာရှိသာတာမှာ..."

ဟုတ်သားပဲ။ သူတွင် သကြားဖေဖေရှိတာပဲဆိုတာ မေ့တော့မလို့။

"မောင်... ဘာတွေ ပြုံးစိစိလုပ်နေတာလဲ။"

သျှန်နောင်က menu စာအုပ်ကြီးကိုင်ကာ ပြုံးစိစိလုပ်နေသော ချစ်သူကြောင့် စိတ်ဝင်စားစွာ မေးလိုက်လျှင် သျှားအိမ်က "နောက်မှ" ဆိုသော သဘောနှင့် ခေါင်းခါလိုက်ပြီး စားပွဲထိုးအမျိုးသမီးလေးအား appetizer အဖြစ် ကင်းမွန်ကြော်... Caesar Salad နှင့် corn chowder soup ကိုမှာလိုက်ပြီး main course အဖြစ် New York Strip တပွဲမှာလိုက်သည်။ မှာနေရင်းမှ...

"မောင် နည်းနည်းသောက်မယ်နော်။"

သျှန်နောင်မှာ ရုတ်တရက် တွေခနဲဖြစ်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ကာ အဖြေပေးလာသည်။

"အင်း... သောက်လေ။"

သူ့၏ ခွင့်ပြုချက်ကို တလေးတစားတောင်းခံလာသော ချစ်သူကို တားမြစ်ရန် သူ့တွင် ခွန်အားမရှိပါ။

သျှားအိမ်က ချစ်သူထံမှ ခွင့်ပြုချက်ရသည်နှင့် Cabernet Sauvignon တစ်ပုလင်း မှာလိုက်သည်။ သျှန်နောင်ကတော့ garden salad နှင့် French onion soup ကိုမှာပြီး Steak ကို Ribeye မှာလိုက်သည်။ ထို့နောက် သျှားအိမ်ကိုကြည့်ကာ...

"ပြောပါဦး ခုနက ဘာကို သဘောကျပြီး ပြုံးနေတာလဲ။"

"ဪ... မောင်သာ ဒီနေရာကို မိန်းကလေးတစ်ယောက်နဲ့သာဆို ငါးပါးမှောက်နိုင်တယ်လို့။ အခုလို ငွေလျှံနေတဲ့ ဘဲလှလှလေးနဲ့ လာတော့ ငါဘက်က အသာပဲလို့တွေးပြီး သဘောကျလို့။"

သျှန်နောင်မှာ ထိုစကားကြားလျှင် ရယ်မောမိတော့သည်။ သို့သော် မျက်နှာကို ချက်ချင်းတည်လိုက်ကာ...

"ခင်ဗျားလေးပြောပုံအရဆို ဒီကို မိန်းကလေးတစ်ယောက်နဲ့ လာမယ်လို့တွေးနေတယ်ပေါ့လေ ဟုတ်လား။ ခင်ဗျားလေးနော်...။ စားပြီး ကိုယ်ရောင်ဖျောက်ပြေးလိုက်ရလို့ ဒုက္ခလှလှကြီးရောက်သွားမယ်။ ဘာမှတ်လဲ။"

"Baby ရယ်... လူက အစောကတည်းက ဈေးတွေကြည့်ပြီးကျွတ်နေပါတယ်ဆိုမှ ထပ်မခြောက်စမ်းပါနဲ့။"

"မခြောက်ဘူး။ အတည်ပြောတာ။ စားပြီးတာနဲ့ ပြေးမှာ။"

"ပြေးပေါ့။ Baby ပြေးရင် မောင်မှာရှိတာလေးတွေကို ၃၄သိန်းနဲ့ရောင်းပြီးပဲ ပေးရတော့မှာပေါ့။ Baby သာ ပြီးမှ နောင်တမရနဲ့။"

"အာ... ညစ်တီးညစ်ပတ်"

"ဘယ်မှာ ညစ်ပတ်လို့လဲ။"

"အဲ့ဒါဆို အဲ့ဒီ ၃၄ သိန်းဆိုတာ ဘာကြီးတုန်း။"

သျှားအိမ်က ပြုံးဖြဲဖြဲဖြင့် နာရီပတ်ထားသောလက်ကို မြောက်ပြလိုက်ပြီး....

"နာရီလေ...။ Baby ပေးထားတဲ့ နာရီလေ။ အဲဒီ နာရီက ဒီလောက်တော့ တန်တာပဲဟာ။ Baby က ဘာထင်နေလို့တုန်း။"

"ခင်ဗျားလေးနော်...။"

သျှန်နောင် မျက်စောင်းနှင့်သာ ရက်ရက်စက်စက်ထိုးလိုက်ပါတော့သည်။ ဒါတောင် ကျေးဇူးရှင်က မျက်နှာပိုးမသေသေး။ တော်တော့်ကို အသည်းယားဖို့ကောင်းသည်။ လူကြားထဲသာမဟုတ်ရင်တော့လား....

သျှားအိမ်မှာ မနည်းမျက်နှာပိုးသတ်လိုက်ပြီး....

"Baby ရယ် မျက်စောင်းအဲ့ဒီ့လောက်ထိုးစမ်းပါနဲ့ကွာ။ ချစ်ဖို့ကောင်းလွန်းလို့ မောင်ရူးသွားနိုင်တယ်။"

"ခင်ဗျားလေးဟာလေ။ လူမှုဆက်ဆံရေးအတော် ထူးချွန်တယ်နော်။ နှုတ်ကလည်းချိုပါ့၊"

"Baby လောက်တော့မချိုပါဘူးကွာ။"

သျှန်နောင်က "မဟုတ်တာတွေ ပြောပြန်ပြီ"ဟူသော အကြည့်နှင့်ကြည့်လိုက်လျှင်...

"ဟုတ်တယ်။ Baby နှုတ်ခမ်းက ဘယ်လောက်ချိုလဲဆိုရင် မောင်ဆို မင်းနှုတ်ခမ်းတွေကို နမ်းပြီးသွားရင် မောင့်ဆိုင်က ကိတ်မုန့်တွေတောင် အရသာမရှိတော့တဲ့ အထိပဲ။"

"အင်း... ကို့နှုတ်ခမ်းတွေက အဲ့လောက်ချို၊မချိုတော့ မသိဘူး။ မောင့်စကားတွေကတော့ ချိုလွန်းလို့ ကို့မှာ နားထောင်ရုံနဲ့တောင် ကောက်ခါငင်ကာ ဆီးချိုဖြစ်တော့မယ်။"

"အဟော်... မင်းလေးကလည်း ခေသူမဟုတ်ကိုး။"

သျှားအိမ်၏ စကားကြောင့် သျှန်နောင်က တမင်ပင် ရင်ကော့ကာ....

"ဒါပေါ့... စကားတောင်စားကို ချစ်သူတော်မိမှတော့ ဒီလောက်တော့ရှိမှာပေါ့။ အကျင့်ဆိုတာ ကြာကြာနေလေ ကူးစက်နိုင်လေတဲ့။ အထူးသဖြင့် မကောင်းတဲ့ အကျင့်မျိုး..."

"အဟက်... ကိုယ့်ချစ်သူကိုယ် နုနုရွရွပြောတာပဲ အကျင့်မကောင်းဘူးပဲဖြစ်ရဦးမယ်။"

"မကောင်းဘူးလေ။ ခင်ဗျားလေးက အဲ့ဒီလို အပြောတွေချို။ ဒီငနဲက အဲ့ဒီစကားလုံးတွေ ကြားမှာ ပျော်ဆင်းနေတာ...။ ရုပ်ပေါက်တာပေါ့။"

သျှားအိမ်မှာ သျှန်နောင်၏ စကားကြောင့် ရယ်မောလိုက်ပြီး...

"ဘာလဲ ဂိုဏ်းစတားရုပ်ပျက်မှာစိုးလို့လား။"

"ဒါပေါ့... ကို့မှာ ထူးချွန်ပြောင်မြောက်တာဆိုလို့ အဲ့ဒီဂုဏ်လေးပဲရှိတာ။ ဘယ်အပျက်ခံလို့ဖြစ်မလဲ။"

"ဒါနဲ့ နေပါဦး။ ဂိုဏ်းစတားဆိုလို့ Baby ကို ဘာလို့ "ယက္ခ"လို့ခေါ်တာလဲ။"

အမှန်ဆို ဒီမေးခွန်းကို မေးချင်နေသည်မှာကြာလှပြီဖြစ်သည်။ သူ သေချာသိတာတခုကတော့ ထိုနာမည်သည် ချစ်သူ၏ ရုပ်ရည်ကိုကြည့်ကာ ပေးထားသော နာမည်မဟုတ်တာတော့ သေချာသည်။

"ဘယ်သိမလဲ။ ခေါ်တဲ့လူကို မေးကြည့်လေ။"

ချစ်သူ၏ မပြောလိုဟန်ရှိသော အမူအယာကြောင့် သျှားအိမ်အသာငြိမ်နေလိုက်ပါသည်။ ထိုစဉ် မှာထားသော ဝိုင်ပုလင်းကို လာရောက်တည်ခင်းသော စားပွဲထိုးအမျိုးသမီးလေးကြောင့် စကားမဆက်တော့ပဲ တည်ခင်းပေးသော ဝိုင်ခွက်ကို ယူကာ တငုံမျှငုံလိုက်သည်။ ဝိုင်၏ မွှေးပျံသောရနံ့နှင့် ချိုခြင်းနှင့်သက်ခြင်းတို့ စည်းချက်ကျနစွာ ရောယှက်နေသော ငြိမ့်သက်သည့်အရသာက လည်ချောင်းထဲသို့ စီးဆင်းသွားတော့သည်။ ထိုခဏ၌ မျက်ဝန်းထဲသို့ တိုးဝင်လာသော နေဝင်ရီသရောအချိန်၏ အလှတရားထက်ပင် တောက်ပနေသည့် ချစ်သူ၏ ပုံရိပ်ကြောင့် သူဘဝသည် ပြည့်စုံသွားတော့သည်။

"အား... တော်တော်ကောင်းတာပဲ။"

သျှန်နောင် ချစ်သူ၏ အကျေနပ်ကြီးကျေနပ်နေဟန်ရှိသော မျက်နှာကို ကြည့်ကာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သျှားအိမ်ရှေ့မှ ဝိုင်ခွက်ကို စိတ်ဝင်တစားကြည့်မိသည်။ ဤသည်ကို သတိထားမိသော သျှားအိမ်က...

"သောက်ကြည့်မလား။"

"ဟင့်အင်း"

"ဟင့်အင်း" သာဆိုသည် မျက်လုံးက သူ့ခွက်ကမခွါ။

"သောက်ကြည့်ပါ Baby ရဲ့။ ဒီဝိုင်က steak နဲ့ အရမ်းလိုက်တယ်။"

"ဟင့်အင်း ကို ကြိုက်မှာမဟုတ်ဘူး။"

ခေါင်းတခါတည်းခါနေသော ချစ်သူကြောင့် သျှားအိမ် မေးခွန်းတခုပေါ်လာတော့သည်။

"Baby က အရက်ပဲမကြိုက်တာလား။ Beer ကော။"

"အရက်မျိုးနွယ်ဝင်တွေမှန်သမျှ ဘာမှအနံ့ကို ခံလို့ကိုမရတာ။"

"ငင့်.... "

"အဲ့ဒါမှ အေးရော" ဟု သျှားအိမ် သူ့ချစ်သူ သူတော်ကောင်း ဂိုဏ်းစတားအကြီးစားလေးကို ကြည့်ကာ စိတ်ထဲမှ ပြောလိုက်ပါသည်။

"ဒါဆို အရက်ကို နည်းနည်းတောင် စမ်းမကြည့်ဖူးဘူးပေါ့။"

"အင်း"

ထိုအခိုက် မှာထားသော အစားအသောက်များထဲမှ soup လာချပေးသဖြင့် soup ကို အရင်သောက်လိုက်သည်။ မဆိုးဟု သျှားအိမ် မှတ်ချက်ပြုလိုက်ပါသည်။ သူ့လို ဗမာပါးစပ်နှင့်တည့်သည်ပြောရမည်။ ပြီးလျှင် Salad။ Salad ကတော့ dinner courses ထဲတွင် ပါနေကျဖြစ်၍သာ မှာလိုက်ရသည် သိပ်တော့သဘောမတွေ့။ US မှာ ကျောင်းတက်တုန်းက ဟိုက လူတွေ Salad စားသည်ကိုမြင်လျှင် မဇူးငယ်စဉ်က မွေးထားသော ယုန်တွေကို သတိရသည်။ ထိုယုန်တွေကို အစာကျွေးလျှင် နေ့စဉ် အိမ်တွင်ချက်သမျှအရွက်များကို မလှီးမဖြတ်ပဲ ပုံပေးလေ့ရှိသည်။ ထိုယုန်များကလည်း ထိုအရွက်ပုံကြီးကို ဘယ်တော့မဆို ဝမ်းသာအားရစားနေလေ့ရှိသည်။ ချစ်သူတစ်ယောက်ကော ယုန်လေးလိုများ စားနေမလားဟု လှမ်းကြည့်လိုက်တော့ ကျေးဇူးရှင်က အမှိုက်ပုံတွင် အစာရှာနေသော ငှက်တစ်ကောင်လို အရွက်များကို ခရင်းတစ်ချောင်းဖြင့် ဟိုလှန်ဒီလှော တို့ကနန်းဆိတ်ကနန်းလုပ်နေသည်။ ခဏနေတော့ ပျင်းသွားဟန်ဖြင့် ခရင်းကို ဘေးချကာ သူ့ကိုပြန်ကြည့်လိုက်သည်။ အကြည့်ချင်းဆုံသွားသောထိုခဏတွင် ချစ်ခြင်းတို့ ကိန်းဝပ်ရာ နှလုံးသားအစုံသည် တခုနှင့်တခု စည်းချက်ကျနစွာ ကခုန်ပါတော့သည်။ ထို့နောက် နှစ်ဦးသားအပြုံးချင်းဖလှယ်ကာ Main course ကို ဆက်လက် သုံးဆောင်နေလိုက်သည်။ Steak ကတော့ တော်တော်လေး ကောင်းသည်ဟု ပြောရမည်ဆိုသော်လည်း ပေးရသည့်ဈေးနှင့် ယှဉ်ထိုးကြည့်လျှင် မတန်ဟုဆိုရမည်။ Main course ပြီးသွားလျှင် dessert အတွက် အသီးအနှံတို့နှင့်လုပ်ထားသော fruit tart တစိတ်စီမှာထားသဖြင့် သူမှာ ဝိုင်နှင့် အဆင်ကိုပြေလို့။ ချစ်သူကတော့ Lipton tea နှင့် ခံတွင်းရှင်းနေလေရဲ့။

ဆိုင်ထဲရှိ မှိန်ပြပြမီးရောင်တို့ ပို၍ ထင်ရှားလာပြီဖြစ်သောကြောင့် အပြင်ကို ကြည့်မိတော့ နေနတ်ဘုရားက သူ၏ တာဝန်ကုန်ဆုံးပြီဖြစ်ရာ တနေ့တာလုံး အစွမ်းကုန်တောက်ပခဲ့သော အရောင်အဝါများကို ရုတ်သိမ်းသွားပြီဖြစ်သည်။ ပြာလဲ့ကြည်လင်သော အာကာတခွင်တွင် ညဧကရာဇ်၏ ညီလာခံကို အခစားဝင်ရန်အလို့ငှာ အလျိုလျိုထွက်ပေါ်လာသော ကြယ်အပေါင်းတို့ကိုသည် ကောင်းကင်ယံတွင် တိမ်တိုက်တို့၏ အနှောင့်အယှက်ကင်းစွာ စံစားနေပါသော ငွေလဝန်းကို မြင်ပါလျှင် ရူးသွပ်စွာပင် ဟိုမှာဒီမှာ ခစားကြပါကုန်၏။ ထိုနည်းတူစွာပင် သူ့နှလုံးသားက ချစ်ရသူ၏ ဖြစ်တည်မှုတွင် အဆုံးမသတ်နိုင်သော ချစ်ခြင်းမေတ္တာဖြင့် အကြိမ်ကြိမ်အဖန်ဖန် အခစားဝင်မိပါ၏။

"လှတယ်နော်။"

သျှန်နောင်က ည၏ မြင်ကွင်းကျယ် အလှကို ခံစားရင်းမှ ဆိုလိုက်သည်။

"အင်း... "

ခပ်မှိန်မှိန်မီးရောင်နှင့် ကြယ်တာရာတို့၏ အလင်းရောင်တို့ဖြင့် ချယ်မှန်းထားသော ချစ်ရသူ၏ ခန့်ညားစွာလှပသည့် ကောက်ကြောင်းတို့က သျှန်နောင်၏ နှလုံးသားတွင်းမှာတော့ နှုတ်တိုက်ကျက်မှတ်ထားသည့် ကာရံညီသော ကဗျာတစ်ပုဒ်လို ပီသရှင်းလင်းစွာ မှတ်မိနေပါ၏။

သျှားအိမ်မှာ သူ့ကို ရွှန်းလဲ့သော မျက်လုံးများဖြင့် ကြည့်နေသော သျှန်နောင်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပါသည်။ ကိုယ့်ချစ်သူက ကိုယ့်ကို မြတ်နိုးမူတို့ ပြည့်လျှံနေသော အကြည့်တို့ဖြင့် ကြည့်နေသည်ကို မကြိုက်သောလူ ဘယ်မှာရှိပါအံ့။

"ကျေးဇူးပါ မောင်။ ကို့ကို နားလည်ပေးတဲ့အတွက်ကော၊ ရွေးချယ်ခဲ့တဲ့အတွက်ကော"

သျှန်နောင်က ကျေးဇူးတင်စကားကို နှစ်ကိုယ်ကြားလေသံနှင့် တီးတိုးဆိုလာသည်။ သျှားအိမ် အသာအယာပြုံးလိုက်ကာ စားပွဲပေါ်ရှိ ချစ်သူ၏ လက်တစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး...

"ဒီလိုသာ ကျေးဇူးတင်ကျစတမ်းဆို မောင်လည်း Baby ကို ကျေးဇူးတင်ရမယ်။ မောင့် အချစ်ကို တုံ့ပြန်ခဲ့လို့ကော၊ မောင့် ဘေးမှာ ရှိပေးလို့ကော။"

သျှန်နောင်က ပြုံးရုံပြုံးကာ သူ့လက်ပေါ် အုပ်မိုးထားသော သျှားအိမ်၏ လက်ကို တခြားလက်တစ်ဖက်ဖြင့် ပြန်အုပ်ကိုင်လိုက်ကာ...

"ချစ်တယ် မောင်"

"မောင်က ပိုချစ်တယ် Baby"

နှစ်ဦးသား တစ်ဦးကိုတစ်ဦး ချစ်ခြင်းတို့ပြည့်လျှံနေသော မျက်ဝန်းအစုံနှင့် အတန်ကြာအောင် အပြန်အလှန် စိုက်ကြည့်နေမိသည်။ ဒီလိုအချိန်တွင် ကမ္ဘာလောကကြီးတစ်ခုလုံးသည် ပန်းများပွင့်ကာ ငှက်များက တေးဆိုကျူးရင့်နေသယောင်ယောင်။

"ကဲ... မောင်တို့ ပြန်ကြမလား။"

"အင်း... ပြန်မယ်လေ။"

"ဒါဆို ပိုက်ဆံရှင်းနှင့်နော်။ မောင် အိမ်သာသွားလိုက်ဦးမယ်။"

"အဟက်... ခင်ဗျားလေးက အပိုင်ပဲနော်။ ကို ပြေးလို့မရအောင် အကွက်ရွေ့လိုက်တော့တာပဲ။"

သျှားအိမ် စောစောက စနောက်ခဲ့သည်ကို သတိရကာ ရယ်လိုက်မိတော့သည်။

"အဟားဟား..."

သျှားအိမ် Restroom ရှိရာသို့ ထွက်ခဲ့ပြီး ကိစ္စအမြန်ရှင်းကာ ပြန်လာလျှင် သျှန်နောင်က သူမကုန်သော Wine ကို ထုတ်ပိုးခိုင်းထား၍ သူ့အား ခဏစောင့်ရန်ပြောပြီး အိမ်သာသို့ ထွက်သွားတော့သည်။

"ကိုသျှား...?"

ရင်းနှီးသော ချိုအီအီအသံကြောင့် သျှားအိမ် အပြင်ကမ္ဘာကို ငေးကြည့်နေရာမှ လှည့်ကြည့်လိုက်တော့ သူသူငြိမ်း! ရှိုက်ကြီးဖိုငယ်အသွယ်သွယ်တို့ကို ပညာသားပါစွာ လှစ်ဟာပြထားသော အနီရောင် ဂါဝန်တထည်ဖြင့် အလှကြီးလှနေပါသည့် ထိုအမျိုးသမီးငယ်သည် သျှန်နောင်ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်ကာ သူ့အား ရင်းနှီးလွန်းသော မျက်လုံးများဖြင့်ကြည့်နေသည်။ တချိန်ထဲမှာပင် သူမ နောက်မလှမ်းမကမ်းမှ မသိမသာကြည့်နေသော ရင်းနှီးသော မျက်နှာတခုကိုပါ သတိထားမိလိုက်သည်။ သို့သော် ထိုမျက်နှာကို လှစ်လှူရှုလိုက်ပြီး သူ့အာရုံကို အမျိုးသမီးငယ်ထံသို့ ပြန်ရွေ့လိုက်ပြီး...

"ဪ.... မသူသူပါလား။ မလာတွေ့တာကြာပြီနော်။"

သူလည်း လူမှုရေးအရ သူသူ့ကို နှုတ်ဆက်လိုက်ပါသည်။

"ဟုတ်တယ်နော် ကိုသျှားအိမ်။ ဒါနဲ့ ဘယ်သူနဲ့လာတာလဲ။"

သူမ၏ မျက်လုံးများက စူးစမ်းမှုများနှင့် ပြည့်လျှံနေတော့သည်။

"ကျွန်တော့် ချစ်သူနဲ့လေ။"

သျှားအိမ် အဖြေကြောင့် သူမ၏မျက်နှာမှာ သိလိုစိတ်များပိုပြင်းထန်လာကာ...

"ချစ်သူ? ဘယ်မှာလဲဟင်။ သူသူ့ကို မိတ်ဆက်ပေးပါလား။ ဘယ်မိန်းကလေးက ဒီလောက် ကံကောင်းသွားပါလိမ့်။"

သျှားအိမ်မှာ ပါးစပ်ဟလိုက်ရုံရှိသေးသည်။ သျှန်နောင်က စားပွဲဘေးရောက်လာပြီး..

"ဒီမှာ ခင်ဗျ... ခင်ဗျား ဒီခုံက ဖယ်ပေးပါလား။"

သူသူမှာ အမိန့်ဆန်လှသော လေသံကြောင့် အသံကို မေ့ကြည့်လိုက်ပါသည်။ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် ကြွေရုပ်ကဲ့သို့ လှပသော အမျိုးသားကြောင့် ငေးခနဲဖြစ်သွားရသည်။ သူမ ဤလူကို ကောင်းစွာ မှတ်မိပါ၏။ သူမ ခြေခေါက်သွားအောင်လုပ်သော အဓိကတရားခံ! တချိန်တည်းမှာပင် သူမကို ပြောသည့်စကားများကို သတိရသွားကာ ဒေါသထောင်းခနဲထွက်သွားတော့သည်။

"ဖယ်ပေးရအောင် ရှင်နဲ့ ဘာဆိုင်လို့လဲ။"

သျှန်နောင်က လှောင်ပြုံးလှလှတစ်ခုကို သူမထံ ပစ်လွှတ်လိုက်ပြီး...

"ခင်ဗျားထိုင်နေတဲ့ နေရာက ကျွန်တော့်နေရာလေ။"

သူမ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး သျှားအိမ်ကို တလှည့် သျှန်နောင်ကို တလှည့်ကြည့်လိုက်မိသည်။ သျှန်နောင်က ဂရုမစိုက်ဟန်ဖြင့်....

"ခင်ဗျားလို မိန်းကလေးမျိုးအတွက် နေရာမရှားပါဘူးဗျာ။ ဒါပေမယ့် ပိုင်ရှင်ရှိပြီးသား ခုံတော့ရှောင်ပေါ့။ ကိုယ်နဲ့မထိုက်တဲ့ ခုံဆို ခုံကျိုးပြီး တစ်သက်လုံး ဒုက္ခရောက်တတ်တယ်။"

သျှန်နောင်က အဓိပ္ပာယ်ပါပါစကားဖြင့် ရိရိသဲ့သဲ့ပြောလိုက်သည်။ ပုံမှန်အားဖြင့် မိန်းကလေးတဦးနှင့် ဖက်ကာ ဤသို့ပြောဆိုခြင်းကို ရှောင်ကျဉ်တတ်ပါသော်လည်း ထိုအမိငယ်က သူ့ ချစ်သူကို ကြာပစ်နေသည်မဟုတ်လား။ သျှားအိမ်ကတော့ ချစ်သူ၏ ချစ်စဖွယ် အူတိုနေဟန်လေးကို မျက်တောင်မခတ်ကြည့်နေမိသည်။

"ရှင်... ရှင်... မိုက်ရိုင်းလိုက်တာ။"

သူမက စိတ်တိုတိုဖြင့် ခုံမှ ဝုန်းခနဲထရပ်လိုက်ကာ သျှန်နောင်အား မျက်ထောင့်နီဖြင့် တစ်ချက်ကြည့်လိုက်ကာ သျှားအိမ်ဘက်လှည့်လိုက်ပြီး...

"ကိုသျှား... ရှင် ဘာမှမပြောတော့ဘူးလား။ ကျွန်မလို မိန်းကလေးတစ်ယောက်ကို တခြားယောက်ျားတစ်ယောက်က ဒီလို အောက်တန်းကျတဲ့ စကားတွေနဲ့ စော်ကားနေတာ ရှင်ဒီအတိုင်းကြည့်နေမှာလား။"

သူသူက တမင်ပင် လူကြားထဲတွင် သွေးထိုးပေးလိုက်ပါသည်။ အစာထဲက သူမ၏ ခပ်ကျယ်ကျယ်အမူအယာကြောင့် လူများက ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်ဖြစ်ရာ ယခုတော့ ပို၍ ပေါ်ပေါ်တင်တင်ပင် ကြည့်လာတော့သည်။

"မသူသူ အထင်မှားနေပြီ ထင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်တော့မရှိပါနဲ့ဗျာ။ ကျွန်တော့် ချစ်သူက ဒီလိုပဲဗျ။ တခါတလေ စကားပြောရင် မရှင်းမရှင်းနဲ့..."

သျှားအိမ်က မယုတ်မလွန်ပင်ပြောလိုက်ပါသည်။ သို့သော် သူသူက ကျေနပ်ဟန်မတူ...

"ကိုသျှားအိမ်က မထင်ရဘူးနော်။ ကိုစိုင်းပြောတုန်းက ကျွန်မ မယုံခဲ့ဘူး။ အခုတော့ တကယ်ပဲ ရှင်က ယောက်ျားတစ်ယောက်နဲ့ တွဲတဲ့အခြောက်လို့။ အခုတော့ ခြောက်တာမှ မိန်းမတောင် အနားအသီမခံတော့ဘူးမဟုတ်လား။ ရှင်နဲ့ တွဲခဲ့တဲ့ မိန်းကလေးတွေကို သနားလိုက်တာရှင်။ သူတို့ခမျာ ရှင် ချနင်းသမျှ ခံရပြီးမှ သူတို့ကိုနင်းတဲ့လူက အခြောက်ကြီးဖြစ်နေတာသိရင် ဘယ်လောက် စိတ်ဆင်းရဲလိုက်မလဲ။"

သူသူက တမင်ပင် လူကြားအောင် ခပ်ကျယ်ကျယ်ပြောလိုက်သည်။ သူမ၏ လုပ်ရပ်မှာ အောင်မြင်သည်ပြောရမည် အချို့မှာ သျှားအိမ်နှင့် သျှန်နောင်အား ရွံရှာဖွယ်ရာကဲ့သို့ ကြည့်လာတော့သည်။ သို့သော် သူတို့နှစ်ဦးစလုံးက ဒီလောက်များတော့ မမူပါ။

"အမိ... ခင်ဗျား လျှာရိုးမရှိတိုင်းပြောနေတာကို ရပ်ပြီး ကိုယ့်နေရာကိုယ်ပြန်ပါ။"

သျှန်နောင်မှာ ချစ်သူကို ထိပါးလာသဖြင့် သတိပေးလိုက်ပါသည်။ သို့သော် သူမက မထီဟန်ဖြင့်...

"ဘာလဲ... ရှင်က အမှန်တရားကို ကြောက်နေတာလား။ အင်းပေါ့လေ။ ရှင်တို့က သဘာဝလွန်တွေမဟုတ်လား။ ဒီတော့ ရှင်တို့ကို အခြောက်လို့ပြောရင် ဘယ်ခံနိုင်ပါမလဲ။"

မဆီမဆိုင် ပြောချင်ရာပြောနေသည့် အဆိုပါမိန်းကလေးကို သျှန်နောင် စိတ်ပျက်စွာ ကြည့်လိုက်ပါသည်။ သျှားအိမ်ကတော့ မျက်လုံးထောင့်တွင် တွေ့နေရသော ပုန်းလျိုးကွယ်လျိုးဖြင့် ဗျာများနေဟန်ရှိသော လူတစ်ယောက်ကြောင့် ထိုင်ရာမှ ထရပ်ကာ သူသူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး...

"မင်းက ငါတို့ကို လက်ညိုးထိုးရအောင်အထိ ကိုယ့်ကိုယ်ကိုယ် အဆင့်အတန်းရှိတယ်လို့များ ထင်နေလို့လား သူသူငြိမ်း။ မင်းလို ကိုယ်သူ့ငယ်ချင်းမျက်နှာမှမထောက်... တောက်...! ငါ ဆက်ပြောလိုက်ရင် မင်း ရစရာမရှိဘူးဖြစ်သွားမယ်။"

သျှားအိမ် လျှာဖြားတွင် ရောက်လာသော စကားလုံးတချို့ လျောကျလာလျှင် သူသူ၏ မျက်နှာမှာ စက္ကန်ပိုင်းမျှ ဖြူခနဲဖြစ်သွားသည်။ သို့သော် ချက်ချင်းဆိုသလို သူမ၏ မျက်နှာမှာတင်းမာခက်ထန်သွားတော့သည်။ သျှားအိမ်ကလည်း ပြောလက်စ ထိုစကားကို အဆုံးမသတ်လိုက်ပါ။ သူသူ့ကို သနားလို့တော့ မဟုတ်။ ဆက်ပြောလျှင် ဘယ်သူမှားမှား သူ့အပြစ်ဖြစ်တော့မည်ဖြစ်တော့မည် ဖြစ်သောကြောင့်ဖြစ်သည်။

"အောင်မာ ပြောရဲရင် ပြောကြည့်လိုက်လေ။ ပါးရှစ်စိတ်ကွဲသွားမှာပေါ့။"

သူသူငြိမ်းက ကြမ်းတမ်းခက်ထန်စွာ စိန်ခေါ်လာလျှင် သျှားအိမ်က သူမ၏ မျက်နှာကို လှောင်သလို တစ်ချက်ကြည့်လိုက်ပြီး....

"အေးပါ... မပြောတော့ပါဘူး။ မင်းလို သူငယ်ချင်းယောက်ျား ကြောင်တောင်နှိုက်တဲ့ စနှိုက်ကြော်မကို ကြောက်လို့တော့မဟုတ်ဘူး။ ငါကိုက စရိုက်ဆန်တဲ့ လူတွေနဲ့ စကားမပြောတတ်လို့။ လာ... Baby... သွားစို့။"

"ရှင်..ရှင်..."

သူသူငြိမ်းမှာ လက်သီးပုန်းတလုံး အရှိုက်အားထိမှန်သွားသူလို ဆွံ့အကာ ခေတ္တမျှ ကြက်သေသေသွားတော့သည်။ တစ်သက်နှင့်တကိုယ် ဤမျှ လျှာစောင်းအာစောင်းထက်သော နှုတ်သီးကောင်းလျှာပါးယောက်ျားမျိုးကို မကြုံခဲ့ဖူးပါပေ။

သျှားအိမ်ကတော့ သူသူ့အား လျစ်လျူရှုကာ သျှန်နောင်၏ လက်ကိုဆွဲလိုက်ပြီး ထုတ်ပိုးထားသော ဝိုင်ပုလင်းကို ယူလိုက်သည်။ ပြီးလျှင် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေသော သူသူ့အား အနိုင်နှင့်ပိုင်းကာ ဧည့်ကြိုကောင်တာဘက်ဆီသို့ ထွက်ခဲ့သည်။ ကောင်တာတွင် သျှန်နောင်က သူ၏ ကုတ်အင်္ကျီကို ပြန်တောင်းယူကာ ဆိုင်ထဲမှ စူးစမ်းမှု၊ အံ့သြမှု၊ ရွံရှာမှုတို့ဖြင့် အရောင်စုံနေသော မျက်လုံးများကို ဥပက္ခါပြုလျှက် တာဝါအောက်တွင် အသင့်စောင့်နေသော Limousine ကားပေါ်သို့တက်ကာ အိမ်သို့သာ ထွက်ခွါလာတော့သည်။ နှစ်ဦးသား လမ်းတစ်လျှောက်လုံးတော်တော်နှင့် စကားမပြောနိုင်။ အတန်ကြာမှ...

"မောင် အဆင်ပြေရဲ့လားဟင်။"

သျှန်နောင်က တင်းမာနေသော သျှားအိမ်၏ မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

"ပြေပါတယ်"

" Sorryပါကွာ။ ကို့ကြောင့် မောင် လူကြားထဲ အပြောခံရတာ..."

"Baby ရာ မောင် ခဏခဏပြောပါတယ်။ Baby နဲ့ မောင် ချစ်လို့ လူတွေ လက်ညိုးထိုးမယ်ဆို မောင် မဖြုံပါဘူးလို့။ အခုဟာက တခြားကိစ္စပါ။"

သျှန်နောင် နားမလည်သလိုကြည့်လိုက်သည်။

"မောင် ဟိုကောင် ငစိုင်းကိုတွေ့တယ်။"

"ငစိုင်း???"

"အင်း... မောင့်ဆိုင်မှာ Baby နဲ့ ပြဿနာတက်တဲ့ တစ်ယောက်လေ။"

"ဪ... ဪ... သိပြီ။ ဒီတော့...?"

"အဲ့ဒီ့နေ့က သူနဲ့အတူပါလာတဲ့ ကောင်မလေးကို မှတ်မိတယ် မဟုတ်လား။"

"အင်း"

"သူက အဲ့ဒီ ကောင်မလေးနဲ့ စေ့စပ်ထားတာ။ ဒါပေမယ့် ခုနက ဒီကောင့်ကို တွေ့တော့ သူ့ကောင်မလေးကို မတွေ့ဘူး။ ဒါပြင်ကို သူသူကို လှမ်းကြည့်နေတယ်။ မောင်က မသိမသာ ကြည့်တော့ သူက မလုံမလဲနဲ့ မသိချင်ယောင်ဆောင်သွားတယ်။ ကြည့်ရတာ သူ့ ကောင်မလေးနောက်ကွယ်မှာ သူသူနဲ့ တွဲခုတ်နေတယ်နဲ့တူတယ်။ ဒါကြောင့် ခုနက သူသူ့ကို ပြောထည့်လိုက်မလို့ ပြင်တုန်းပဲရှိသေးတယ် အဲ့ဒီ့ မိန်းမ ငြိမ်ကျသွားတာပေါ့။"

သျှားအိမ်က အကျိုးအကြောင်းဆက်စပ်ကာ ပြောပြနေသည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းမောကြီးတစ်ချက်ကို ရှုထုတ်လိုက်ကာ...

"အင်း.... အဲဒါ့ ငစိုင်းဆိုတဲ့ကောင်ဟာ မမိုက်ဘူးကွာ။ သူများသားသမီးကို ယူတောင်မယူရသေးဘူး ဖောက်ပြန်တာ။ သူသူဆိုတဲ့ မိန်းမကလည်း ကိုယ့်သူငယ်ချင်းမျက်နှာမှ မထောက်။"

သျှားအိမ် ပြောရင်းဖြင့် ရွံရှာစွာ မျက်နှာကို ရှုံ့မဲ့လိုက်ပါသည်။ သျှန်နောင်ကတော့ ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။

"ကဲပါ... အဲ့ဒီ့ကိစ္စတွေကို ခေါင်းထဲက ထုတ်လိုက်စမ်းပါ။ ဒီလိုဟာတွေကြောင့် ကိုယ်တို့ရဲ့ သာယာတဲ့အချိန်ကို အပျက်မခံစမ်းပါနဲ့။"

ထိုအခါမှ သျှားအိမ် တင်းနေသော စိတ်ကို အသာဖြေလျော့လိုက်ပါသည်။ သူဖြေလျော့ရလွယ်အောင်လည်း ချစ်သူက ပါးပြင်ထက်သို့ အနမ်းတို့စွန့်ကြဲချကာ ကူညီပေးပါ၏။ ဒီလူပဲ သူ၏ စိတ်အစဉ်ကို အစွန်းနှစ်ဖက်ပြောင်းလဲသွားအောင် တတ်စွမ်းပါ၏။ သျှားအိမ် ကျေနပ်စွာပြုံးလိုက်ပြီး သျှန်နောင်၏ လက်တစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ...

"ဒါနဲ့ Baby... ညစာအတွက် ကျေးဇူးပါ။"

"ရပါတယ်ဗျာ။"

"Baby ရဲ့ ဆင်တွေ ခြင်္သေ့တွေတော့ အကုန်အတောင်ပေါက်သွားတယ် မဟုတ်လား။"

သျှန်နောင်က ပြုံးဖြဲဖြဲဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ သျှားအိမ်အား ကြည့်လိုက်ပြီး...

"မောင် ကျေနပ်တယ်ဆိုရင် ကို ကိုယ်တိုင် အငွေ့ပျံသွားရင်တောင် ပြဿနာမရှိပါဘူး။"

ချစ်သူထံမှ ကြားရခဲသော ခပ်ပိုပိုခပ်သဲသဲ စကားကြောင့် သူပြုံးလိုက်ပါသည်။ အင်း... အကျင့်ဆိုတာ တကယ်ကူးစက်တတ်တာပဲ။

"အဲ့ဒီလိုတော့ မဖြစ်ဘူးလေ။ မင်း အငွေ့ပျံသွားရင် မောင့်ကို ဘယ်သူက ညစာကျွေးမှာလဲ။"

သျှားအိမ်က မျက်ခုံတဖက်ကို ပင့်ကာပင့်ကာဖြင့် သျှန်နောင်အား ကြည့်လိုက်လျှင် သျှန်နောင်က သဘောပေါက်စွာ ပြုံးလိုက်ပြီး...

"ညစာမစားပဲ တစ်သက်လုံး ဥပုဒ်စောင့်လေ။"

"ဟာ... မစောင့်နိုင်ပါဘူး။ အခုတောင် ညစာစားဖို့ ကြံနေတာကို..."

သျှားအိမ်က လက်တစ်ဖက်ကို ချစ်သူ၏ ခါးပေါ်သို့ ရွှေ့ကာ ခပ်တင်းတင်း ဖက်လိုက်လျှင် သျှန်နောင်က ကလူကျီစယ်သော အကြည့်ဖြင့် ကြည့်ကာ...

"ခင်ဗျားလေးဟာ... တော်တော်အစားကြီးတယ်နော်။"

"ဒါပေါ့... မောင်အစောကတည်းကလည်း ပြောပါတယ်။ အစားကြီးပါတယ်လို့။"

သျှားအိမ်က ပြည်တည်တည်မျက်နှာထားဖြင့် သူ့ကို ကြုံးဖက်လိုက်ပြီး ပုခုံးပေါ်မေးတင်ကာ သူ၏ လည်တိုင်ကို ခပ်ဖွဖွနမ်းရှိုက်လာတော့သည်။

"မင်းဟာ မူးယစ်ဆေးအားလုံးထက်ဆိုးတယ် Babyရယ်။ မင်းက အရက်ထက် ယစ်မူးဖို့ကောင်းသလို ဘိန်းဖြူထက်စွဲလမ်းစေတယ်။ ဒါပြင် ကြေးကြီးကြီး အလောင်းကစားတခုထက် ရင်ခုန်ဖို့ကောင်းလှတယ်။"

ချစ်သူထံမှ ခပ်တိုးတိုးညည်းတွသံက သျှန်နောင့်အတွက် ပူရှရှသက်ရောက်မှုတစ်ခုကို ဖန်တီးလာသည်။ သို့သော် ချစ်ရသူကို အသာအယာတွန်းကာ အထိန်းအကွတ် လွတ်တော့မယောင် အပြုအမူကို တားဆီးလိုက်ပါသည်။

"ကားထဲမှာနော် မောင်..."

သျှားအိမ် စောဒကမတက်ပါ။ ကံကောင်းထောက်မစွာပင် ကားက သူ့၏ apartment ရှေ့သို့ ဆိုက်ရောက်လာတော့သည်။ ကားပေါ်မှဆင်းသည်နှင့် ဘာမျှမပြောနိုင်။ ချစ်သူ၏ လက်ကိုဆွဲပြီး တိုက်အောက်သို့ ခြေလှမ်းမှန်မှန်ဖြင့် မြန်မြန်လှမ်းကာ ဝင်ခဲ့သည်။ ဓါတ်လှေကားခလုတ်ကို နှိပ်ရင်း သျှန်နောင်အား ကြည့်လိုက်မိပါသည်။ ဒင်က သူ့အား ခပ်ဆိုးဆိုးကလေးတစ်ဦးကို အလိုလိုက်ကာ ခွင့်လွှတ်ထားသော အစ်ကိုကြီးတစ်ယောက်လို မျက်နှာပေးဖြင့် ပြုံးကာ ကြည့်နေသည်။

'အဟင်း... ဒီညလွန်ရင် ခင်ဗျား ကျုပ်ကို ဒီလိုကြည့်ဦးမလား ကြည့်ကြသေးတာပေါ့။' ဟု စိတ်ထဲမှသာ ကြုံးဝါးလိုက်ပါသည်။

ဓါတ်လှေကားထဲသို့ ဝင်လျှင် ဘယ်သူမှမရှိ။ ဤသည်ကို အခွင့်ကောင်းယူလိမ့်မည်ဟု မျှော်လင့်နေဟန်ဖြင့် ကြည့်နေသော သျှန်နောင်၏ မျက်လုံးများကို လျစ်လျူရှုကာ သူ နေထိုင်ရာ အလွှာသို့ မြန်မြန်ရောက်ပါစေကြောင်းသာ ဆုတောင်းနေမိသည်။ ဓါတ်လှေကားက သူနေသော အလွှာတွင် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သျှန်နောင်၏ လက်ကိုဆွဲကာ အခန်းဆီသို့ ပုံမှန်နှုန်းထက်ပိုကာ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ အရေးထဲ အခန်းသော့က ကကျိုးကကြောင်လုပ်နေလို့ တံခါးဝတွင် တစ်မိနစ်လောက် ကြာသွားသည်။

အခန်းတံခါးမှလွန်၍ အိမ်ရှေ့ဧည့်ခန်းထဲရောက်သည်နှင့် သျှားအိမ်က ရုတ်တရက်ဆိုသလို သျှန်နောင်ကို ခါးမှကိုင်ကာ နံရံနှင့် ကပ်လိုက်ပြီး အစောက နမ်းရှိုက်ခဲ့သော လည်တိုင်တလျှောက်တွင် အနမ်းများဖြင့် စုံချည်ဆန်ချည် ကူးခတ်နေမိသည်။ ပြီးလျှင် လည်တိုင်မှသည် အထက်သို့ဆန်တက်ကာ သူ့အား ငံလင့်နေဟန်ရှိသော နှုတ်ခမ်းတို့ကို အနမ်းကြမ်းကြမ်းတို့ပေးနေရင်းမှ ချစ်ရသူ၏ ရစ်မူးဖွယ် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသော ထိုအဝတ်များပေါ်ရှိ ကြယ်သီးများကို စိတ်မရှည်စွာ ဖြုတ်နေမိပါသည်။

သျှန်နောင်မှာ အနမ်းတို့မှတဆင့် အာခံတွင်းထဲသို့ တိုးဝင်လာသော အရက်နံ့ကြောင့် ပျို့တက်ချင်သည်လာသည်ကို ကပျာကယာ ထိန်းချုပ်လိုက်ရသည်။ သို့သော် မနှစ်မြို့ဖွယ်ရာကောင်းလှသော ထိုအနံ့က ခေါင်းတခုလုံးနောက်ကျိအောင် ပြင်းထန်လာသည့်အပြင် ထိုလက်အစုံက အဝတ်အစားအောက်ရှိ သူ့ခန္ဓာကိုယ်ပေါ်သို့ အကြမ်းပတမ်းဆန်လှစွာ ကျူးကျော်လာသည်တွင် သူ့၏ ထိန်းချုပ်နိုင်စွမ်းတို့မှာ အပိုင်းပိုင်းအစစဖြစ်အောင် ကျိုးပြတ်ကုန်တော့သည်။ အကျိုးဆက်အားဖြင့် ရွံမုန်းစက်ဆုပ်ဖွယ်ရာကောင်းလှသည့် ပုံရိပ်များသည် သူ့စိတ်အာရုံထဲသို့ တရိပ်ရိပ်ပြေးဝင်လာကာ သူအား ငရဲတွင်းထဲသို့ မရမကတွန်းချပါတော့၏။ ဤတွင် သွေးရူးသွေးတမ်းဖြင့် သျှားအိမ်အား တွန်းထုတ်လိုက်ပြီး စားထားသမျှအားလုံးကို နေရာမှာပင် အန်ထုတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်မှ ရှိရှိသမျှ အားတို့စုပ်ယူလိုက်သလို အင်အားတို့ ကုန်ခမ်းသွားတော့သည်။

သျှားအိမ်မှာ ချစ်သူထံမှ မထင်မှတ်စရာ‌ကောင်းလှသည့် တုန့်ပြန်မှုကြောင့် နားမလည်အောင်ရှိသည်တွင် ရုပ်ကြိုးပြတ်သလို နံရံကိုမှီကာ ထိုင်ရက် လဲကျသွားသော ထိုလူကြောင့် ဘာဖြစ်သည်ကို စဥ်းစားဆင်ခြင်ရန် မအား။ ခွေခွေလေးထိုင်နေသော ချစ်သူအား ကပျာကယာ ပြေးပွေ့လိုက်ကာ...

"Baby... Baby? ဘာဖြစ်တာလဲ။"

သို့သော် သျှန်နောင်က သူ့အမေးကို မဖြေ။ သူ့အား မြင်ဟန်ပင်မတူ။ ငေးကြောင်ကြောင် မျက်လုံးများဖြင့် ရှေ့တည်တည့်သို့သာ တူရှုလျှက် အဝေးတနေရာသို့ကြည့်နေသလို တွေတွေကြီးကြည့်နေလျှင် သူ့စိုးရိမ်‌ရေမှတ်တို့သည် ဂိတ်ဆုံးသို့ တိုင်ကုန်တော့သည်။

"Baby... Baby...?"

သျှားအိမ်က ပါးစပ်မှ ခေါ်လည်းခေါ်သလို ချစ်သူ၏ပါးတစ်ဖက်ကို ခပ်ဖွဖွပုတ်လိုက်သည်။ ထိုအခါ သျှန်နောင်မှာ သတိဝင်လာဟန်ဖြင့် သူ၏ ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ မျက်နှာကို ကြည့်လာသည်။ သို့သော် ထိုသမင်မျက်ဝန်းထဲမှ အကြည့်တို့က ရေရေရာရာမရှိ။

"မောင်... မောင်...?"

ချစ်သူ၏ ဇဝေဇဝါ အပြုအမူကြောင့် သျှားအိမ်မှာ ပို၍ပင် စိုးရိမ်လာတော့သည်။

"အင်း... ဟုတ်တယ်။ မောင်လေ။"

"အင်...."

ထို့နောက် အခန်းဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်ပြန်သည်။

"ဟိုမအေ-ိုးကြီးကော...?"

"ဘယ်သူ?"

သျှားအိမ်မှာ ချစ်သူ၏ နားလည်ရခက်သော အခြေအနေကိုကြည့်ကာ ဘာလုပ်ရမှန်း မတွေးတတ်အောင်ရှိပါ၏။ သို့သော် ထိုလူကတော့ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ....

"ကို ခဏ အိပ်မယ်နော်"

"Baby... Baby...."

သျှန်နောင်က သူခေါ်သည်ကို နားမထောင်တော့။ အိပ်မက်ကမ္ဘာဆီသို့ တိုးဝင်သွားပြီဖြစ်သည်။

သျှာအိမ်ခမျာ ခြေမကိုင်မိလက်မကိုင်မိ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ထိုစဥ် ဖြတ်ခနဲဆိုသလို မိုင်းမိုင်ကို သတိရသွားသည်။ ထိုငတိလေးကတော့ ဒီလိုအခြေအနေကို တွေ့ဖူးကြုံဖူးနေကြဖြစ်ရာ ဘာလုပ်ရမည်သိနိုင်သည်။ ထို့ကြောင့် မိုင်းမိုင်းကို ဖုန်းခေါ်ရန် ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ယူလိုက်သည်။ သို့သော် နံပါတ်များကို မနှိပ်နိုင်မှီတွင် ပိုက်ဆံအိတ်ထဲမှ လိပ်စာကဒ်တခုကို သတိရသွားပြန်သည်။ ဤတွင် ချက်ချင်းပင် အစီအစဥ်ပြောင်းကာ ပိုက်ဆံအိတ်ထဲမှ ထိုလိပ်စာကဒ်ကို ထုတ်ယူလိုက်ပြီး ကဒ်ပေါ်မှ နံပါတ်အတိုင်းနှိပ်လိုက်ပါတော့သည်။

"ဟဲလို... ဒေါက်တာ ငြိမ်းဟန်လား ခင်ဗျာ?......"

--------------------------------------

September 7, 2019 Saturday

Edited on – Jan 31, 2021

--------------------------------------

>>>>>ZawGyi<<<<<

သၽွန္ေနာင္ ေရာက္ၿပီး သိပ္မၾကာပါ အခမ္းအနားမႈးက အခမ္းအနားဖြင့္ေၾကာင္း စတင္ေၾကျငာလာသည္။ ထို႔ေၾကာင့္ သူႏွင့္အကၽြမ္းတဝင္ရွိေသာ စီးပြားေရးသမားမ်ားအခ်ိဳ႕ကိုသာ ကပ်ာကယာႏႈတ္ဆက္ၿပီး မိမိအားေနရာခ်ထားေပးေသာ ခုံတြင္ ဝင္ထိုင္လိုက္သည္။ သူထိုင္ေသာ ဝိုင္းမွာ အထူးဧည့္သည္ေတာ္မ်ားထိုင္ေသာ ဝိုင္းျဖစ္ရာ ေခါင္းႀကီးပိုင္းမွ အစိုးရအရာရွိတခ်ိဳ႕ႏွင့္ေရာေႏွာကာ ထိုင္ရသည္။ သို႔ေသာ္ ထိုလူအားလုံးႏွင့္ ၾကဳံဆုံဆက္ဆံဖူးသည္ျဖစ္ရာ ေၾကာင္ေတာင္ေတာင္ မျဖစ္ေပ။ အဲ... ေျပာစရာဆိုလို႔ ဦးရန္ရွင္းက သူ႔ကို မသိမသာၾကည့္ေနသည္ကို မသိဟန္ျပဳေနရတာတခုပဲ ဆိုးလွသည္။

အခမ္းအနားစသည္ျဖင့္ Chairman မွစ၍ Board of Directors တစ္ေယာက္ၿပီးတစ္ေယာက္ ေက်းဇူးတင္စကားႏွင့္ corporation ၏ ရည္ရြယ္ခ်က္ကို စီကာပတ္ေျပာသြားၿပီး ေနာက္ဆုံးတြင္ CEO ၏ လုပ္ငန္းပိုင္းဆိုင္ရာ မိန႔္ခြန္ေျပာရန္ အလွည့္က်လာသည္။ ၿပီးလၽွင္ MD ျဖစ္ေသာ ဈာန္လင္းခန႔္အလွည့္။

"ဟုတ္ကဲ့.... ကၽြန္ေတာ္တို႔ ပတၱျမားေၿမ corporation အေနနဲ႔ ဒီတိုင္းျပည္နဲ႔ ျပည္သူျပည္သားေတြရဲ့အက်ိဳးေဆာင္ဖို႔......"

ဈာန္လင္းခန႔္က Corporation၏ MD အေနျဖင့္ လဲမို႔ကဲ့သို႔ ထုထည္ႀကီးေသာ္ျငား အႏွစ္သာရအားျဖင့္ ေပါ့ပါးကာ လက္ေတြ႕မဆန္သည့္ စကားလုံးလွလွတို႔ျဖင့္ စာနယ္ဇင္းမ်ားေရွ႕တြင္ မိန႔္ခြန္းေႁခြေနေတာ့သည္။ သၽွန္ေနာင္ကေတာ့ တျခားလူႀကီးလူေကာင္းမ်ားကဲ့သို႔ ကိုယ္ေရွ႕တြင္ လူတစ္ေယာက္ စကားေျပာေနသည္ကို လ်စ္လ်ဴရႈရန္ ဖုန္းမ်က္ႏွာျပင္ကို ႐ုပ္ပ်က္ဆင္းပ်က္ျဖင့္ ၾကည့္မေနလိုပါ။ သူထိုင္သည့္ဝိုင္းက အခမ္းအနားစင္ျမင့္ႏွင့္ တည့္ေနသည့္အျပင္ ကင္မရာမ်ားက ဟိုမွဒီမွ ခ်ိန္ထားသည္ျဖစ္ရာ ေနခ်င္တိုင္းေနလို႔မေကာင္းေပ။ ထို႔ေၾကာင့္ ဈာန္လင္းခန႔္စကားကို စိတ္ဝင္တစားနားေထာင္ေနဟန္ျပဳရေတာ့သည္။ ဈာန္လင္းခန႔္က မင္ေသေသႏွင့္ မိန႔္ခြန္းေခၽြအၿပီးတြင္ ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံျပန္သည္။ သူအတြက္ေတာ့ ဟန္ေဆာင္ပန္ေဆာင္ျဖင့္ စားရေသာ ထိုေန႔လယ္စာသည္ အဓိပၸာယ္မဲ့လွသည္။ ထို႔ျပင္ စားေနရင္းမွ တစ္စားပြဲတည္းထိုင္ေနေသာ လူႀကီးမ်ားႏွင့္ စကားေျပာရေသးသည္။ မေျပာပဲေနလို႔လည္းမရ။ ကိုယ့္အက်ိဳးစီးပြားအတြက္ ဒီလူေတြကို ေျမႇာက္တန္ေျမႇာက္၊ ေပးတန္ေပးလုပ္ကာ ေပါင္းထားဖို႔လိုသည္ မဟုတ္လား။

"မင္း ဟိုတခါက အဆင္ေျပရဲ့လား။"

ဦးရန္ရွင္းက ပါးစပ္နားေရာက္ေနသည့္ ထမင္းလုတ္ျပဳတ္က်သြားသည့္ ကိစၥကို အခဲမေက်စြာေမးလိုက္သည္။

"ဟုတ္ကဲ့... ကၽြန္ေတာ္က alcoholနဲ႔ allergy ရွိတယ္ ခင္ဗ်။ ဘယ္ေလာက္ျပင္းလဲဆိုေတာ့ အနံ့ေတာင္ခံလို႔ မရဘူးေလ။ ျဖစ္ခ်င္ေတာ့ ကၽြန္ေတာ့္လက္ေထာက္က ကၽြန္ေတာ္ပစၥည္းက်န္ခဲ့တယ္ထင္လို႔ လာေပးတဲ့အခ်ိန္နဲ႔ၾကဳံလို႔ ကံေကာင္းသြားတာ"

မုသားမပါ လကၤာမေခ်ာဆိုေသာ စကားသည္ သူေန႔စဥ္ျဖတ္သန္းေနရေသာ ပတ္ဝန္းက်င္မွ လူမ်ားႏွင့္ သဟဇတျဖစ္ေအာင္ေျပာဆိုရာတြင္ အသုံးျပဳေသာ အတတ္ပညာတမ်ိဳးကို ညႊန္းဆိုေသာ စကားျဖစ္ပါသည္။

"ဪ...."

ဦးရန္ရွင္း ထိုမၽွသာေျပာၿပီး အျခားသူမ်ားႏွင့္ ေရာက္တတ္ရာရာေျပာေနလိုက္သည္။ တကယ္ကေတာ့ ဒီေကာင္ေလးေျပာေနေသာ စကားကို မယုံပါ။ သို႔ေသာ္ ျငင္းေနျပန္လၽွင္ သူ႔သိကၡာက်႐ုံသာရွိသျဖင့္ မသိသလိုေနလိုက္သည္က အေကာင္းဆုံးပင္။

သၽွန္ေနာင္လည္း တျခားသူမ်ားႏွင့္ စကားေျပာေနရင္းမွ သူ႔အား စူးစူးစိုက္စိုက္ ၾကည့္ေနသည္ကို ခံစားရ၍ လွမ္းၾကည့္လိုက္လၽွင္ ဦးခြန္မင္းထိုက္! အဟက္... လူၾကားထဲတြင္ ႐ုပ္ပ်က္ဆင္းပ်က္။ သူကို ၾကည့္ေနတာမ်ား အႏွစ္ႏွစ္အလလက ေခ်မႈန္းရန္ေစာင့္ေနေသာ ရန္သူေတာ္ကို ၾကည့္သလိုကို ၾကည့္ေနသည္။ ေတာ္႐ုံလူဆို ေၾကာက္ဒူးတုန္လိုက္မည့္ျဖစ္ျခင္း။ သို႔ေသာ္ သူက သၽွန္ေနာင္မဟုတ္လား။ ဒီလို ၾကည့္လို႔သာ ေၾကာက္ရစတမ္းဆို သၽွန္ေနာင္ဆိုတာ ၁၂ ႏွစ္သားထဲက ေသေလာက္ၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ မ်က္လုံးနဲ႔သူ ၾကည့္ေနတာဆိုေတာ့ မၾကည့္နဲ႔လို႔ေျပာလို႔မွမရပဲ။ ဒီေတာ့ ဆက္ၾကည့္ပါေစေပါ့။

သူကမူ ဝိုင္းထဲမွလူမ်ားႏွင့္သာ စကားလက္ဆုံၾကေနလိုက္သည္။ အဓိကကေတာ့ ထိုလူမ်ား ဘာလိုသည္ဆိုတာသိဖို႔ႏွင့္ အစိုးရ၏ project ဘာေတြလုပ္ဖို႔ ရွိသည္ဆိုတာ သိရဖို႔ျဖစ္သည္။ အတန္ၾကာလၽွင္ သူတို႔ဝိုင္းသို႔ ဦးေဇဟိန္းေရာက္လာၿပီး လူႀကီးမ်ားကို ႏႈတ္ဆက္ၿပီးလၽွင္ ထိုလူႀကီးမ်ားမွာ အလ်ိဳလ်ိဳထျပန္သြားေတာ့သည္။ ထိုအခါမွ သူလည္း ဦးေဇဟိန္းအား ျပန္ရန္ ႏႈတ္ဆက္လိုက္သည္။

"အစ္ကိုဟိန္း ျပန္ေတာ့မယ္။ ကၽြန္ေတာ္ ညအတြက္ suit စီစဥ္ရဦးမွာမို႔။"

"ဪ... ေအး...."

သို႔ေသာ္ ေျပာစရာက်န္ေသးသလိုျဖစ္ေနေသာ ဦးေဇဟိန္းေၾကာင့္ သူ အလိုက္တသိပင္ ေမးလိုက္သည္။

"အစ္ကိုဟိန္း ဘာမွာဖို႔ရွိေသးလဲ။"

"ေအး...မင္း dinnerလာမယ္ဆို မင္းတစ္ေယာက္တည္းလာခဲ့ေနာ္"

သၽွန္ေနာင္ သေဘာေပါက္လိုက္ပါသည္။ သူႏွင့္ သၽွားအိမ္အေၾကာင္း ဦးေဇဟိန္း သိသြားၿပီျဖစ္ေၾကာင္းႏွင့္ သူတို႔ခမည္းခမက္မ်ားၾကားတြင္ ျပႆနာမျဖစ္လို၍ သၽွားအိမ္ကို သူႏွင့္တြဲ၍ ပြဲမတက္ရန္ တားျမစ္ေနျခင္းျဖစ္သည္ကို နားလည္လိုက္ပါသည္။

"ဟင့္အင္း... ကၽြန္ေတာ္ ကၽြန္ေတာ့္ခ်စ္သူကို ေခၚလာမွာ။"

"သၽွန္ေနာင္... မင္းရဲ့ ခ်စ္သူဆိုတာ ဦးခြန္မင္းထိုက္ရဲ့ သားအငယ္ဆုံးေလး မဟုတ္လား။"

"ဟုတ္တယ္ေလ။"

သၽွန္ေနာင္က ေပါ့ေပါ့ပါးပါးအသံႏွင့္ ျပန္လည္ေျဖၾကားလိုက္ပါသည္။

"အဲ့ဒါေၾကာင့္ ေခၚမလာနဲ႔လို႔ေျပာတာ။ သူ႔အေဖႀကီးက ဒုတိယ ရွယ္ရာဝင္ကြ။ သူ စိတ္ကြက္သြားလို႔မေကာင္းဘူး။ ေနာက္ၿပီး ေယာက္်ားႏွစ္ေယာက္တြဲၿပီး ပြဲတက္တာ လူျမင္လို႔လည္း မေကာင္းပါဘူးကြာ။"

သူ ဦးေဇဟိန္းကို စူးခနဲတစ္ခ်က္မၽွ ၾကည့္လိုက္ပါသည္။ သူ႔ေယာက္ဖဆိုေသာ ဒီလူႀကီးဟာ စိတ္ပ်က္ဖို႔ေကာင္းေလာက္ေအာင္ကို ခ်မ္းသာေသာ္ျငား ဒီအေျခအေနေရာက္ေအာင္ ပံ့ပိုးခဲ့ေသာ သူ႔မ်က္ႏွာကိုေတာင္မေထာက္ ဒီလို စကားမ်ိဳးေျပာထြက္နိုင္ပါဘိ။ အင္းေပါ့ေလ။ ေျပာရမည္ဆိုလၽွင္ သူက ဘာမွမဟုတ္ဘဲ။ ထို႔ျပင္ ဦးခြန္မင္းထိုက္ကဲ့သို႔ ေငြပင္ေငြရင္းစိုက္ထုတ္နိုင္သူမွ မဟုတ္တာ။ ေငြဆိုသည္ကား တန္ခိုးႀကီးလွပါ၏။

"ေကာင္းၿပီေလ။ ဒါဆို ဒီည ကၽြန္ေတာ္မလာေတာ့ဘူး အစ္ကိုဟိန္း။"

"ဟာ... ဒီလို မလုပ္နဲ႔ေလ။ ကိုရန္ရွင္းက မင္းကို တရရနဲ႔ေမးေနတဲ့ဟာကို။"

သၽွန္ေနာင္ အံတင္းတင္းႀကိတ္လိုက္ပါသည္။ သူက အစ္မမ်က္ႏွာေၾကာင့္ လုပ္ငန္းအားလုံးအဆင္ေျပေအာင္လုပ္ေပးခဲ့သမၽွသည္ သူအား ျပည့္တန္ဆာတစ္ေယာက္လို အသုံးခ်ဖို႔မွန္း ယခုမွ သေဘာေပါက္ေတာ့သည္။ သူႏွင့္ သၽွားအိမ္ကို ေယာက္်ားႏွစ္ေယာက္မို႔ ပြဲမတက္ရဟု ေျပာသည္ဆိုသည္ကေတာ့ ထားလိုက္ေတာ့။ ဒီကိစၥကို လူတိုင္း လက္ခံခ်င္မွလက္ခံမည္။ လက္မခံလို႔လည္း သူ ဘာမွေျပာလို႔မရ။ ဒါက လူတစ္ေယာက္၏ အခြင့္အေရး (human right)။ သူ တားျမစ္ပိုင္ခြင့္မရွိ။ သို႔ေသာ္ သူ႔အား ယခုလို ငါးစာခ်ရန္ ခ်စ္သူေခၚမလာႏွင့္ဆိုတာက ဘာလဲ။ ဘာႀကီးလဲ။ သူက သူမ်ားႀကိဳးဆြဲသမၽွခံမည့္ ဖာသည္အပ်က္တစ္ေယာက္လား။

"အစ္ကိုဟိန္း... အစ္ကိုဟိန္းမ်က္လုံးထဲမွာ ကၽြန္ေတာ္က ဘာလဲ။ အစ္ကိုဟိန္းစိတ္ထဲမွာ ကၽြန္ေတာ့္ကို အပ်က္လို႔ ထင္ေနေသးတာလား။"

သူ ဦးေဇဟိန္းကို မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ၿပီးေျပာလိုက္လၽွင္ ဦးေဇဟိန္းမွာ မ်က္ႏွာပ်က္ယြင္းသြားေတာ့သည္။

"မဟုတ္ပါဘူးကြာ။ ငါက မင္းကို ေမးေနတဲ့လူရွိတဲ့အေၾကာင္း ေျပာတာပါ။"

"ဪ... ဘာလို႔ ေမးလဲဆိုတာ အစ္ကိုဟိန္းမသိဘူးေပါ့။"

သၽွန္ေနာင္ ရိရိသဲ့သဲ့ဟန္ျဖင့္ ေမးလိုက္လၽွင္ ဦးေဇဟိန္းက ခ်က္ခ်င္း ဣေျႏၵဆယ္ကာ ခပ္တည္တည္ျဖင့္...

"သၽွန္ေနာင္... မင္း အရင္ထဲက ဒီကိစၥေတြလုပ္ေနၾကကို။ အခုမွ ဘာေတြ အထူးအဆန္းလုပ္ေနတာလဲ။"

သၽွန္ေနာင္ ဦးေဇဟိန္းကို ရြံရွာစက္ဆုပ္ဖြယ္ရာတခုလိုၾကည့္လိုက္သည္။ ဒီလူဟာ သူ႔မ်က္စိထဲတြင္ ဖာေခါင္းတစ္ေယာက္သာသာမၽွသာရွိသည္။

"အေဟာ္... အခုေတာ့ ခင္ဗ်ားက ကၽြန္ေတာ့္ကို သုံးၿပီး ငါးစာခ်တာ ဝန္ခံၿပီေပါ့။"

ဦးေဇဟိန္း ပါးစပ္ပိတ္ထားလိုက္ပါသည္။

"ဒီမွာ အစ္ကိုဟိန္း ကၽြန္ေတာ္က ကၽြန္ေတာ့္အစ္မ မ်က္ႏွာကို ေထာက္ၿပီး အားလုံးအဆင္ေျပေအာင္ လုပ္ေပးေနတာ။ အဲဒါကို ခင္ဗ်ားက ခင္ဗ်ားကိုယ္ခင္ဗ်ား အဟုတ္ႀကီးထင္ေနတာလား။"

သၽွန္ေနာင္ ဦးေဇဟိန္း၏ မည္းေမွာင္သြားေသာ မ်က္ႏွာကိုၾကည့္ကာ ႏႈတ္ခမ္းတစ္ဖက္တြန႔္႐ုံ ျပဳံးလိုက္ၿပီး....

"ကဲ.... ကၽြန္ေတာ္ သြားေတာ့မယ္။"

"ေနဦး..."

သူ႔ေနာက္မွ လွမ္းေခၚလိုက္ေသာ ဦးေဇဟိန္းေၾကာင့္ လွည့္ၾကည့္လိုက္လၽွင္ ဦးေဇဟိန္းက သူ႔အား သတိေပးဟန္ျဖင့္စူးစူးစိုက္စိုက္ၾကည့္လာသည္။

"မင္း ဒီည မလာရင္ မင္းကို ငါ့ကုမၸဏီမွာ လက္မခံနိုင္ဘူး သၽွန္ေနာင္။ မင္း ဒီလူေတြနဲ႔ မဆက္ဆံရင္ မင္းအတြက္ ေနရာမရွိဘူး။ ဒီေတာ့ ကိုယ့္ေနရာကိုယ္သိပါ။"

သၽွန္ေနာင္ ေလွာင္ျပဳံးျပဳံးကာ လက္ညိဳးႏွင့္လက္ခလယ္ႏွစ္ေခ်ာင္းျဖင့္ အေလးျပဳဟန္လုပ္ျပလိုက္ၿပီးလၽွင္...

"ကံေကာင္းပါေစ အစ္ကိုဟိန္း"

သူ ထိုမၽွသာေျပာၿပီး ေနရာမွ လွည့္ထြက္ခဲ့သည္။ ႐ုတ္တရက္ စကားပုံတခုကို သတိရလိုက္မိသည္။ "ဆရာဝန္တစ္ခါျဖစ္ခဲ့လၽွင္ အျမဲတမ္းဆရာဝန္ပဲ"တဲ့ (Once a doctor, always a doctor )။ ထိုစကားကို အခုမွ နားလည္ေတာ့သည္။ သူ႔အေနျဖင့္ လုံးဝအလိုမတူပါေသာ္လည္း လူတစ္ေယာက္ေၾကာင့္ ထိုသို႔ေသာ ဘဝမ်ိဳးတြင္ ခဏမၽွေနခဲ့ရသည္ကို တစ္သက္လုံး ထိုဘဝတြင္ ေပ်ာ္ေမြ႕ေနလိမ့္မည္ဟု ထင္ေနၾကဟန္တူသည္။ ရယ္စရာေတာ့အေကာင္းသား။ သူ ကားေမာင္းေနရင္းမွ အားပါးတရ ရယ္ေမာလိုက္မိသည္။ သူ ရယ္ေမာေနရင္းမွ တိမ္ယံတာဝါကို အၾကည့္ေရာက္သြားၿပီး အႀကံတခုရသြားကာ ဖုန္းေကာက္ေခၚလိုက္သည္။

-------

ဒီေန႔မနက္ အလုပ္ပါးသည္ဟုေျပာရမည္။ special order ႏွင့္ pickup order ေလး၊ ငါးခုသာရွိ၍ ဘာမွ သိပ္လုပ္စရာမရွိ။ သို႔ေသာ္ သူ သတိထားမိသေလာက္ သူ႔ဆိုင္ေလးသည္ အရင္ကထက္ပို၍ လူစည္လာသလို ေရာင္းအားလည္း တက္လာသည္။ ၾကည့္ရသည္မွာ အေရွ႕က ကိတ္မုန႔္ဆိုင္ ပိတ္သြားတာလည္း ပါလိမ့္မည္။ ထို႔ျပင္ ေစတနာမွန္သည္ေျပာရမလားမသိ။ သူ႔ဆိုင္တြင္ ေရာင္းခ်ေသာ စားေသာက္ဖြယ္ရာအားလုံးကို သူ ကိုယ္တိုင္စားမည္ကဲ့သို႔ သန႔္ရွင္းမႈေရာ အရသာပါ အထူးေကာင္းမြန္ေအာင္ ဂ႐ုစိုက္သလို သင့္တင့္ေသာ ေဈးႏႈန္းျဖင့္သာ ေရာင္းခ်သည္။ ထို႔ေၾကာင့္ထင္သည္။ စားသုံးသူမ်ားမွာ တေန႔ထက္တေန႔မ်ားျပားလာကာ တခ်ိဳ႕ဆိုလၽွင္ သူႏွင့္ မ်က္မွန္းတန္းမိသည္သာမက တခ်ိဳ႕ဆိုလၽွင္ ျမင္လၽွင္ႏႈတ္ဆက္သည္အထိ ရင္းႏွီးေသာ customer မ်ားပါရွိသည္။ အဲ.... ထိုမ်ားျပားလွစြာေသာ ပုံမွန္ customer မ်ားထဲက တစ္ေယာက္ကေတာ့ ကံထူးစြာ သူ၏ ခ်စ္သူျဖစ္လာေလသည္။ သၽွားအိမ္ သူ႔အေတြးႏွင့္ သူ ေကာ္ဖီေဖ်ာ္ေနရင္းမွ ျပဳံးလိုက္သည္။

"ဟယ္ ၾကည့္စမ္း... ဟိုေကာင္ေလးက ေခ်ာလိုက္တာ။"

"ဘယ္တစ္ေယာက္လဲ။"

"ဟိုတစ္ေယာက္ေလဟယ္။ တိုက္ပုံေလးနဲ႔ တစ္ေယာက္ေလ..."

"ဟဲ့... လူတိုင္း တိုက္ပုံဝတ္ထားတဲ့ဟာကို"

"အာ... နင္ကလည္း အသားေရာင္လိုတိုက္ပုံေလးနဲ႔ေလ...။ ၿပီးေတာ့... ပိုးပုဆိုး ၾကက္ေသြးေရာင္ေလးနဲ႔တစ္ေယာက္ေလဟာ။ အကၤ်ီက စတစ္ေကာ္လံမွာ ေရႊေရာင္ၾကယ္သီးေလးေတာင္ပါေသး..."

"မေတြ႕ပါဘူး။"

"ေတြ႕မလား?! နင့္ ေ-ာက္လုံးေတြက ေ-ာက္စားခ်ည္းၾကည့္ေနတာကို။ တီဗီကိုၾကည့္...။ cameraman က ဒီေကာင္ေလးပဲ ခဏခဏျပေနတာ...။ ေဟာ.... လာၿပီ... လာၿပီ...။ ေတြ႕လား?"

"အာ... ေအး... ေအးဟဲ့။ ေခ်ာလိုက္တာ။ အျပင္မွာသာ ေတြ႕လိုက္ရရင္ ေျပးၿပီး နမ္းမိမလားပဲ။"

သူ႔ေရွ႕ရွိ တီဗီဖန္သားျပင္တြင္လာေနေသာ သတင္းကိုၾကည့္ကာ အားပါးတရေျပာေနေသာ မေခ်ာေလးႏွစ္ေယာက္ေၾကာင့္ သူပါ ေရာေယာင္ကာ ၾကည့္မိလိုက္ေတာ့...။ အသက္ရွည္ဦးမည္။ "ဒီေကာင္ေလး"ဆိုသည္မွာ ဟိုလူႀကီးကို ေျပာေနတာပဲ။ တိုက္ပုံႏွင့္ ပိုးပုဆိုးဝတ္ထားတာေတာင္ လူငယ္တစ္ေယာက္ပုံေပါက္ေနေသာ သူ႔ခ်စ္သူကိုၾကည့္ကာ...

'အမိေလးတို႔ေရ... အဲ့ဒီ့ ၃၃ ႏွစ္ရွိတဲ့ "ေကာင္ေလး" ဆိုတာ က်ဳပ္ ခ်စ္သူဗ်။ အမိတို႔ေတာ့ ငရဲႀကီး႐ုံမကဘူး။ ရွေတာ့မယ္။' ဟုသာ စိတ္ထဲမွ သတိေပးမိပါသည္။

"ဟဲ... မိန္းမ.... ဟို... ဟိုမွာ"

"အဲေတာ့ တကယ္ႀကီးလား။"

"ဟဲ့ အျပင္မွာ ပိုလွ... အဲ... ပိုေခ်ာတယ္ဟ"

ထိုသာလိကာမေလးမ်ားထံမွ စီစီညံေသာအသံေၾကာင့္ ၾကည့္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက သူ႔ထံသို႔ အျပဳံးခ်ိဳခ်ိဳတခုျဖင့္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေလၽွာက္လာေနသည္။ ေျပာလို႔ေျပာတာမဟုတ္ ခ်စ္သူက ဒီလို ဝတ္ထားေတာ့လည္း ယဥ္သည့္တိုင္ sexy လည္းက်လွေခ်၏။ သူ႔ရင္တခုလုံး ခ်စ္စိတ္တို႔ျဖင့္ လွိုက္ခုန္ေမာသြားရေတာ့သည္။

"Baby လာတာေစာလွခ်ည္လား။"

"အင္း..."

"ခဏေလး။ ႏွင္းႏွင္းနဲ႔ အေဖ်ာ္ဆရာ ကိုတိုးလာရင္ သြားၾကမယ္ေလ။"

"ရတယ္ေမာင္။ အဲ့ဒီ့ေလာက္ အလ်င္မလိုဘူး။ ကိုတို႔ dinner မသြားေတာ့ဘူး။"

"ဟင္... ဘာလို႔လဲ"

"ဘာမွမျဖစ္ပါဘူး။"

ဘာမွမျဖစ္ဘူးသာဆိုသည္။ မ်က္ႏွာပ်က္သြားေသာ ခ်စ္သူေၾကာင့္ သူ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ထိုအခါမွ သၽွန္ေနာင္ သက္ျပင္းခ်လိုက္ကာ...

"ၿပီးမွ ေျပာျပမယ္"

"အင္း..."

သၽွားအိမ္လည္း ေခါင္းညိတ္လိုက္သည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ႏွင္းႏွင္းႏွင့္ ကိုတိုး ျပန္လာသျဖင့္ တိုးငယ္ႏွင့္ ခခကို မွာစရာရွိသည္ကိုမွာကာ သၽွန္ေနာင္၏ လက္ကိုဆြဲကာ ဆိုင္မွထြက္ခဲ့ေတာ့သည္။ အေစာက သာလိကာမေလးမ်ားကေတာ့ သူတို႔ႏွစ္ေယာက္ကို ၾကည့္ကာ ငိုမလိုရယ္မလိုမ်က္ႏွာႏွင့္ က်န္ခဲ့ေလရဲ့။ 'စိတ္မေကာင္းပါဘူး အမိေလးတို႔ရယ္' ဟုသာ စိတ္ထဲမွာ ဆိုမိေတာ့သည္။

"ကဲ.... ေျပာပါဦး။ ဘာေတြျဖစ္လို႔လဲ။"

သၽွားအိမ္က သၽွန္ေနာင္၏ ကားေပၚေရာက္ေရာက္ခ်င္း ေမးလိုက္လၽွင္ သၽွန္ေနာင္လည္း ျဖစ္စဥ္ကို အိပ္သြန္ဖာေမွာက္ရွင္းျပလိုက္သည္။

"... ကို႔ကို မင္းအေျခာက္မို႔မလာရဘူးဆိုရင္ ကို လက္ခံပါတယ္။ ဒါေပမယ့္အခုဟာက ကို႔ကို ဖာလို႔ကို သတ္မွတ္ေနတာ ေမာင္ရယ္။ တကယ္က.... ဘုရားေပးေပး က်မ္းေပးေပးပါ ေမာင္ရယ္။ အဲ့ဒီလူေတြနဲ႔ သူထင္လို တခါမွမပတ္သက္ခဲ့ပါဘူး။ သူ အဲ့ဒီလို ငါးစာခ်သမၽွကို ရေအာင္ေရွာင္ခဲ့တာခ်ည္းပဲ။ ေမာင့္ကိုေတာ့ အားနာပါရဲ့။ ကို႔မွာ အေပ်ာ္အပါးရွိတယ္ဆိုေပမယ့္ ေတြ႕ကရာလူနဲ႔ အခုခ်က္ခ်င္းေတြ႕ အခုခ်က္ခ်င္း အိပ္ရာေပၚတက္ရေလာက္ေအာင္အထိေတာ့ ကို ဖာမဆန္ပါဘူးကြာ။"

သၽွားအိမ္ ခ်စ္သူ၏ ေဒါသျဖင့္ရဲပေလာင္းခတ္ေနေသာ မ်က္ႏွာကိုၾကည့္ကာ သက္ျပင္းခ်လိုက္မိပါသည္။ သူေတာင္မွ ခ်စ္သူအတြက္ ခံျပင္းေဒါသျဖစ္မိပါလၽွင္ ကာယကံရွင္ဆိုလၽွင္ ပိုဆိုးေပလိမ့္မည္။

"ကိုေလ အမွန္ေျပာရရင္ ေဒါသအရမ္းထြက္တယ္။ ဒါေပမယ့္ ကို ဘာမွမတတ္နိုင္ဘူး။ လူေတြေျပာသမၽွ ေခါင္းငုံ႔ခံ႐ုံအျပင္ ကို ဘာမွမတတ္နိုင္ခဲ့ဘူး။"

သၽွန္ေနာင္ ေမးရိုးမ်ား ျပဳတ္လုနီးပါ အံႀကိတ္ကာ ေျပာလိုက္ပါသည္။ ဒီၾကားထဲ ခံျပင္းမႈေၾကာင့္ ေဝ့ဝဲလာေသာ မ်က္ရည္မ်ားက မ်က္ဝန္းထဲတြင္ အိုင္ထြန္းေန႐ုံမက ပါးျပင္ေပၚသို႔ စီးဆင္းလာေတာ့သည္။

"Baby ရာ...."

သၽွားအိမ္ မခ်ိတင္ကဲျဖင့္ ခ်စ္သူကို ရင္ခြင္ထဲဆြဲသြင္းကာ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားလိုက္ပါသည္။ လူေတြမ်ား...။ လဲက်ေနသူကို ဝိုင္းထူကာ လမ္းမွားသူကို လမ္းမွန္ေရာက္ေအာင္ဆြဲတင္သင့္ပါလၽွက္ ေျမနိမ့္ရာလွံစိုက္ ေရနစ္သူကို ဝါးထိုးကူခ်င္သူေတြခ်ည္း ျပည့္ႏွက္လို႔ေနသည္။ တကယ္ဆို သူ႔ ခ်စ္သူလို အေမွာင္ထဲမွ ႐ုန္းထြက္ခဲ့သူကို လက္ကမ္းႀကိဳသင့္ပါလၽွက္ ယခုေတာ့ လက္ညိဳးထိုး႐ုံမက အေမွာင္ထဲျပန္တြန္းပို႔ေနသည္မွာ မျဖစ္သင့္သလို ရြံမုန္းဖို႔ေကာင္းသည္ဟု သူထင္သည္။

သၽွားအိမ္ သူ႔ရင္ခြင္ထဲတြင္ နာက်ည္းခံျပင္းမႈေၾကာင့္ မ်က္ရည္သြယ္က်‌ေနေသာ ခ်စ္သူ၏ ဆံႏြယ္မ်ားကို ခပ္ဖြဖြပြတ္သပ္ေပးကာ ေခ်ာ့ျမႇဴေနမိပါသည္။။ အတန္ၾကာမွ ခ်စ္သူ၏ ေမးဖ်ားေလးမွ အသာအယာ ဆြဲယူေမာ့ေစၿပီး နဖူးပင္ထက္ရွိ ဆံစႏုႏုမွသည္ မ်က္ရည္တို႔ျဖင့္ျပည့္ေနေသာ သမင္မ်က္ဝန္းတို႔၏ အလယ္ရွိႏွာရိုးျမင့္ျမင့္... ထိုမွတဆင့္ သူ႔အား ခ်စ္ခြန္းေႁခြေလ့ရွိသည့္ ႏႈတ္ခမ္းဖူးဖူးတို႔ထံ ႏႈတ္ခမ္းတျပားစာစီ ေရြ႕၍ အနမ္းမ်ိဳးေစ့တို႔ကို ၾကဲခ်လိုက္ပါသည္။ ထို႔ေနာက္ ပါးေပၚရွိ မ်က္ရည္စမ်ားကို ခပ္ဖြဖြသုတ္ေပးရင္း...

"ဇေကာေလာက္မွ ေဇာက္မနက္တဲ့ လူေတြရဲ့ စကားကို ခံစားမေနေတာ့နဲ႔ေနာ္။ ဟုတ္ၿပီလား။ လိမၼာတယ္"

ထိုအခါက်မွ သၽွန္ေနာင္တစ္ေယာက္ ကေလးတစ္ေယာက္လို ငိုေနမိေသာအျဖစ္ကို သတိထားမိသြားၿပီး ရွက္ျပဳံးျပဳံးလိုက္မိပါသည္။

"အင္း"

ထုံးစံအတိုင္း ပုတ္သင္ညိဳေလးလို ေခါင္းညိတ္ေနေသာ ခ်စ္စဖြယ္ရာ ထိုလူသားကို အသည္းယားစြာျဖင့္ ႏွာေခါင္းေလးကို ဆြဲလိမ္လိုက္သည္။

"ဒီေတာ့ ေမာင္တို႔တေတြ ဒီညအားတယ္ဆိုေတာ့ တေနရာရာသြားရေအာင္..."

"အင္း... ကို စီစဥ္ထားတယ္။"

သၽွန္ေနာင္၏ စကားေၾကာင့္ သၽွားအိမ္ မ်က္ခုံးတစ္ဖက္ပင့္ကာၾကည့္လိုက္ပါသည္။ သၽွန္ေနာင္ကေတာ့ နီရဲကာမို႔ေနေသာ မ်က္လုံးမ်ားကို အေစာက သူမဟုတ္သည့္အလား ပိတ္သည္အထိ ျပဳံးျပလိုက္သည္။

"ေမာင့္ဆီျပန္လာရင္းနဲ႔ အႀကံရသြားလို႔ေလ။ အခု အိမ္ျပန္ၿပီး အဝတ္အစားလဲရေအာင္"

"အမိန႔္ေတာ္အတိုင္းပါခင္ဗ်ာ"

သို႔ႏွင့္ ႏွစ္ဦးသား သၽွားအိမ္၏ အိမ္သို႔ျပန္ခဲ့ၾကသည္။

သၽွန္ေနာင္က အိမ္ေရာက္သည္ႏွင့္ ေရခ်ိဳးရန္ အဝတ္အစားမ်ားခၽြတ္ေနေတာ့သည္။ သၽွားအိမ္က ေရမခ်ိဳးခင္ အစာေၾကေဆးစားဦးမွဟု ႀကံစည္ကာ ခ်စ္သူအား ေနာက္မွ သိုင္းဖက္ကာ...

"ေနဦးေလ။ ေမာင္နဲ႔ အတူတူခ်ိဳးမယ္ေလ။"

"ခ်ိဳးမယ္ဆိုလည္း ျမန္ျမန္အကၤ်ီခၽြတ္ေလ။ reservation က ၆နာရီလို႔ ေျပာထားတာ။ ေတာ္ၾကာေနာက္က်လို႔ ေနရာေကာင္းေလး လြတ္သြားဦးမယ္။"

သၽွားအိမ္ကေတာ့ သၽွန္ေနာင္၏ စကားကို အာ႐ုံမရွိ။ သၽွန္ေနာင္၏ ကုပ္သားဝင္းဝင္းေလးမ်ားကို ခပ္ဖြဖြငုံကာ အရသာခံေနသည္။

"အာ... ဘယ္ႏွယ့္... လူကို စုပ္ခြက္လို လိုက္ကပ္ေနတာလဲ။ ဖယ္... ေရခ်ိဳးေတာ့။ ေနာက္က်မယ္။"

သၽွန္ေနာင္က တံေတာင္ႏွင့္တြတ္ကာ တြန္းထုတ္မွ သၽွားအိမ္ႏွင့္ လူခ်င္းခြါသြားေတာ့သည္။ သို႔ေသာ္ ကေလးလို ႏႈတ္ခမ္းႀကီးကို လိုသည္ထက္ပို၍ ေထာ္လိုက္ၿပီး....

"ဒါဆို အကၤ်ီခၽြတ္ေပး..."

"ဟင္း..!"

သၽွန္ေနာင္ ရယ္ခ်င္စိတ္ကို မနည္းတင္းကာ မ်က္ႏွာတည္တည္ျဖင့္ သၽွားအိမ္၏ အဝတ္မ်ားကို ခၽြတ္ေပးလိုက္ပါသည္။ ေက်းဇူးရွင္ကေတာ့ ငခူျပဳံးျပဳံးကာ စပ္ၿဖီးၿဖီးမ်က္ႏွာျဖင့္ ၾကည့္ေနသည္။ ထို႔ေၾကာင့္ တမင္ဘုၾကည့္ၾကည့္ကာ ေရခ်ိဳးခန္းထဲဝင္သြားလၽွင္ ေနာက္မွကပ္၍ လိုက္လာျပန္သည္။ ဒီေတာ့ သူခမ်ာ မီးေဘးေရွာင္ မေလာင္ခင္တားသည့္အေနျဖင့္ ႏွစ္ဦးသား ဆႏၵမ်ားထႂကြကာ မေသာင္းက်န္းမွီ ေရျမန္ျမန္ခ်ိဳးကာ ေရခ်ိဳးခန္းထဲမွ ထြက္လာခဲ့ပါသည္။

"ေမာင္... ဘယ္ႏွယ့္ T-shirt နဲ႔ ဂ်င္းလဲ?"

သၽွန္ေနာင္က ရွပ္အကၤ်ီလည္ေထာင္ေလးကို ဝတ္ေနရာမွ လွမ္းေျပာလိုက္သည္။

"ဟင္... ဘာလို႔လဲ။"

"ကိုတို႔အခုသြားမယ့္ဆိုင္က အေနာက္တိုင္းဆန္တယ္။ ေနာက္ၿပီး suit တို႔ ဘာတို႔ဝတ္မွ ဝင္ခြင့္ေပးတာ။"

သၽွန္ေနာင္၏ စကားေၾကာင့္ သၽွားအိမ္ မ်က္ေမွာင္ၾကဳတ္သြားၿပီး...

"Baby ဒီေလာက္ ကိန္းခန္းႀကီးတဲ့ဆိုင္...။ မဟုတ္မွလြဲေရာ ဟိုတိမ္ယံတာဝါထိပ္က ဆိုင္လား?"

တိမ္ယံတာဝါဟူသည္ ရန္ကုန္ၿမိဳ႕၏ အျမင့္ဆုံးမိုးေမၽွာ္အေဆာက္အဦးျဖစ္ၿပီး ထိုတာဝါ၏ ထိပ္တြင္ စားေသာက္ဆိုင္ႏွင့္ ကလပ္တခုရွိသည္။ social media မ်ားထဲတြင္ ျမင္ရသမၽွကေတာ့ ထိုတာဝါထိပ္မွ ညေနစည္းဆာအလွသည္ ရင္သပ္ရႈေမာဖြယ္ရာအတိပင္။ သို႔ေသာ္ ထိုအလွကိုျမင္ရဖို႔အတြက္ ေၾကးက အဆမတန္ႀကီးလြန္းလွသည္။

"အင္း"

"Baby ရာ အဲဒီ့ဆိုင္က ေသမေလာက္ ေဈးႀကီးတာကို..."

"ဒါေပမယ့္ ေမာင္နဲ႔အတူ တစ္ခါေလာက္ အဲ့ဒီမွာ ညစာစားခ်င္လို႔ေလ။ အထူးသျဖင့္ ကို အခုလို စိတ္လက္ၾကည္လင္ဖို႔လိုတဲ့ အခ်ိန္မ်ိဳးမွာေပါ့။"

သၽွားအိမ္ သက္ျပင္းကိုခိုးခ်လိုက္ၿပီး ခ်စ္သူကို ရင္ခြင္ထဲသို႔ ဆြဲယူလိုက္လၽွင္...

"ေမာင္..."

သၽွန္ေနာင္က ေနာက္က်မွာစိုး၍ သတိေပးမလို႔ ပါးစပ္ဟလိုက္ပါေသာ္လည္း သၽွားအိမ္က...

"ခဏေလး။ ခဏေလးပါ Baby ရာ"

သၽွားအိမ္ ခ်စ္ရသူအတြက္ စိတ္မေကာင္းပါ။ သူ႔ကိုယ္သူလည္း အျပစ္ရွိသလို ခံစားရသည္။ ခ်စ္သူအား ယခုလိုစိတ္ဒုကၡမ်ားဒဏ္မွ မကာကြယ္နိုင္ဘူးမဟုတ္လား။ တတ္နိုင္ပါလၽွင္ ထိုနာက်င္မႈမ်ိဳးကို ခ်စ္သူကိုယ္စား သူသာခံစားလိုက္ခ်င္ပါသည္။

ထိုစဥ္ သၽွန္ေနာင္၏ ဖုန္းမည္လာသျဖင့္ လူခ်င္းခြါကာ ေကာက္ကိုင္လိုက္သည္။ သၽွန္ေနာင္ ဖုန္းတလုံးျဖင့္ အလုပ္ရႈပ္ေနစဥ္ သၽွားအိမ္မွာ t-shirt ႏွင့္ ဂ်င္းေဘာင္းဘီကို ရွပ္အကၤ်ီအနက္ေရာင္ႏွင့္ style pants ခဲေရာင္ သို႔ ေျပာင္းလဲဝတ္ဆင္လိုက္ကာ အေပၚမွ military style ပုခုံးတြင္ ဘားတန္းႏွင့္ က်ယ္သီးမ်ားပါသည့္ ခါးရွည္ double breasted trench coat ခဲေရာင္ကိုယ္က်ပ္ကို ထပ္လိုက္သည္။ ထို႔ေနာက္ အနည္းငယ္ ပြေယာင္းေနေသာ ဆံပင္ကို ပုံျပန္သြင္းလိုက္ၿပီးလၽွင္ necktie တခုျဖင့္ အလုပ္ရႈပ္ေနေတာ့သည္။

"ဝိုး..."

သၽွန္ေနာင္ ဖုန္းခ်လိုက္ၿပီး ခ်စ္သူကို လွည့္ၾကည့္လိုက္လၽွင္ ကုပ္အကၤ်ီႏွင့္ အေတာ့္ကို smart က်႐ုံမက sexy ပါက်လွသည့္ ခ်စ္သူေၾကာင့္ ေငးေမာေနမိသည္။ သၽွားအိမ္ကေတာ့ သူ႔အားမ်က္ေတာင္မခတ္ေငးေနေသာ ခ်စ္သူေၾကာင့္ ရယ္ခ်င္လာၿပီး...

"ေဟ့... ဘာေတြ ေငးေနတာလဲ။ လုပ္စရာရွိတာလုပ္ေလ။ ေနာက္က်မယ္။"

သၽွန္ေနာင္မွာ သူ႔စကားႏွင့္သူ ျပန္ပက္ခံရေသာ္လည္း စိတ္မဆိုးနိုင္ပါ။

"ဘာေတြေငးေနတာလဲဆိုေတာ့လား။ ကို႔ ေရွ႕က နတ္သားေလးကို ေငးေနတာေလ။ Necktie တခုနဲ႔ လုံးလည္ခ်ာလပတ္လိုက္ေနတဲ့ နတ္သားေလးေလ။"

သၽွားအိမ္မွာ အေကာင္းေျပာတာလား ႏွိမ့္ခ်တာလားမသဲကြဲေသာ လေအာ့လအယ္ စကားေၾကာင့္ ရယ္ခ်င္သြားသည္။

"ေဟ့.... မင္း ဘယ္လိုခ်စ္သူလဲ။ ကိုယ့္ခ်စ္သူတစ္ေယာက္ကို ကူမယ္ေတာ့မရွိဘူး။ ဒီအတိုင္းၾကည့္ေနရလား။"

"ဒါကေတာ့ ၾကည့္လို႔ေကာင္းတာကိုးလို႔။ ေမ်ာက္ အုန္းသီးရထားသလိုပဲ... အဟားဟား...."

သၽွားအိမ္ခမ်ာ ျပန္မေျပာအား။ necktie ႏွင့္ နဘမ္းလုံးဆဲ။ သၽွန္ေနာင္ကေတာ့ slim fit ရွပ္အကၤ်ီ အျဖဴေရာင္ႏွင့္ ခဲေရာင္ slim fit pants ကို တြဲဖက္ဝတ္ဆင္ကာ အေပၚမွ အနက္ေရာင္ႏွင့္ ခဲေရာင္စပ္ထားေသာ double layer waistcoat ထပ္လိုက္သည္။ ထို႔ေနာက္ အနက္ေရာင္ ascot carvel necktie တခုကို လည္ပင္းတြင္ စည္းလိုက္ၿပီး လက္တြင္ Rolex နာရီတစ္လုံးဝတ္ကာ အဆုံးသတ္လိုက္သည္။ သို႔တိုင္ေအာင္ သၽွားအိမ္မွာ necktieစည္းလို႔ မၿပီးနိုင္မစီးနိုင္ေသး။ သၽွန္ေနာင္မွာ ဒီတခါေတာ့ ၾကည့္မေနနိုင္ေတာ့ပါ။

"ကဲ.... ေပး... ေပး...."

သၽွားအိမ္ထံမွာ necktie ကို ဆြဲယူကာ မိမိလည္ပင္းတြင္ပတ္လိုက္ၿပီး necktie knot ကို ျပင္ေပးလိုက္သည္။ ထို႔ေနာက္မိမိလည္ပင္းေပၚမွ necktieကို သၽွားအိမ္၏ လည္ပင္းေပၚသို႔ လႊဲေျပာင္းကာ loop ကို အေနေတာ္တင္းေပးလိုက္မွ necktie ျပႆနာရွင္းသြားေတာ့သည္။

"ေမာင္... ဒီပုံနဲ႔ US မွာ ဘယ္လို ေက်ာင္းၿပီးလာလဲ။"

"ဘာဆိုင္လဲ။"

"ေမာင္ suit ေတြဘာေတြ မဝတ္ရဘူးလား။ အနည္းဆုံးေတာ့ ဘြဲ႕ယူရင္ ဝတ္ရမွာေပါ့။"

"ဝတ္ပါဘူး။ ေမာင္ ဘြဲ႕ယူတုန္းက ရွပ္အကၤ်ီေလးရယ္ necktieရယ္ pants ရယ္ပဲ ဝတ္တာ suit တခုလုံး မဝတ္ပါဘူး။"

"ဒီေတာ့ necktie ကို ဘယ္သူစည္းေပးလဲ။"

"ေမာင့္အခန္းေဖာ္ သူငယ္ခ်င္း David ဆိုတဲ့ေကာင္ စည္းေပးတယ္။"

"အလုပ္တာတို႔ အင္တာဗ်ဴးဝင္တာတို႔ကေကာ..."

"မလိုဘူးေလ။ ေမာင္က အလုပ္က pastry chef ပဲဟာ စားဖိုမႈးဝတ္စုံဝတ္ရတာေပါ့။ အင္တာဗ်ဴးလည္း အဲ့ဒီ့ေလာက္မလိုပါဘူး။ ေမာင့္ Boss က သူ႔ေကာ္ဖီဆိုင္ေလးမွာ လူလိုတယ္ကပ္ထားလို႔ ေမာင္က ခရီးသြားဟန္လႊဲေမးရင္း အလုပ္ရသြားတာ။"

သၽွားအိမ္က ေျပာေနရင္းမွ ဗီရိုထဲမွ Rolex နာရီေလးထုတ္လိုက္လၽွင္ သၽွန္ေနာင္က ထိုနာရီေလးကို ဆြဲယူကာ သၽွားအိမ္၏ လက္တြင္ တယုတယဝတ္ေပးလိုက္သည္။ ထိုေနာက္ ထိုနာရီေလးႏွင့္ ပနံသင့္လွသည့္ လက္ေခ်ာင္းျဖဴျဖဴလွလွေလးမ်ားကို သေဘာက်စြာ စိုက္ၾကည့္ေနၿပီးမွ ထိုလက္ကိုဆြဲယူကာ လက္ခုံကို ဖြဖြေလးနမ္းရွိုက္လိုက္သည္။ သၽွားအိမ္ကေတာ့ ခ်စ္သူ၏ အျပဳအမူတိုင္းကို မ်က္ေတာင္မခတ္ ျပဳံး၍ ၾကည့္ေနပါသည္။

ထိုစဥ္ ဖုန္းျမည္လာျပန္သျဖင့္ သၽွန္ေနာင္က ဖုန္းကိုင္လိုက္ကာ...

"ဟဲလို... အင္း... လာၿပီ... တိုက္ေရွ႕ကပဲေစာင့္ေပးပါ။"

"........"

သၽွန္ေနာင္ ဖုန္းခ်လိုက္ၿပီးလၽွင္ သၽွားအိမ္ဘက္လွည့္ၿပီး...

"သြားစို႔ ေမာင္... ကားေရာက္ၿပီတဲ့။"

"အင္း..."

သၽွန္ေနာင္က အခန္းထဲမွ ထြက္ရန္ျပင္လိုက္လၽွင္ သၽွားအိမ္က...

"Baby... Coat ေရာ..."

"ဪ... ဟုတ္သားပဲ"

သၽွန္ေနာင္က ကုတင္ေပၚတြင္တင္ထားေသာ ပင္မင္းဆိုင္တံဆိပ္ပါေသာ အိတ္ထဲမွ ကုပ္အကၤ်ီ ခဲေရာင္ေလးကို ထုတ္ကာ ဟန္ပါပါျဖင့္ လက္ဖ်ံေပၚတြင္ ေခါက္တင္လိုက္သည္။ ထိုေနာက္ ဂ်ယ္မလိမ္းထားသျဖင့္ ကပိုကယိုျဖစ္ေနေသာ ဆံပင္နက္နက္တို႔ကို ေနာက္သို႔သပ္တင္လိုက္လၽွင္ သၽွားအိမ္မွာ ထိုလူ၏ ျပည့္စုံလွေသာ ဟန္ကိုၾကည့္ကာ 'ဒီလူ လွတာ လြန္ကိုလြန္တယ္' ဟုပင္ေတြးမိသည္အထိ။

"ဘာလို႔လဲဟင္။ ကို တခုခုမ်ားလိုေနလို႔လား။"

သၽွန္ေနာင္မွာ ခ်စ္သူ၏ အလိုမက်သလို မ်က္ႏွာေၾကာင့္ ေမးလိုက္လၽွင္ သၽွားအိမ္မွာ ထိုေမးခြန္းေၾကာင့္ မဲ့ရႈံသြားေတာ့သည္။

"အင္း... လိုတယ္... လိုတယ္... မင္း အဲ့ဒီေလာက္ထိ ၾကည့္ေကာင္းေအာင္မေနဖို႔ လိုတယ္ Baby"

သၽွန္ေနာင္မွာ ထိုအခါက်မွ ရယ္ေမာလိုက္ၿပီး...

"မနာလိုမျဖစ္ပါနဲ႔။ ေမာင္လည္း ၾကည့္ေကာင္းပါတယ္။ ၾကည့္ေကာင္းလြန္းလို႔ ခက္ေနတာ။"

"မျဖစ္ေပါင္ဗ်ာ။ က်ဳပ္ ေခ်ာတယ္ဆိုတာ မွန္ေထာင္ေတာင္ၾကည့္စရာမလိုဘူး။ သိၿပီးသား။"

"ကဲပါ... ကိုေရႊလိပ္ရယ္။ သြားၾကပါစို႔။ ေအာက္မွာ ကားေရာက္ေနၿပီ။ သူ႔ခမ်ာ ကို႔အိမ္မွာ ႀကိဳရမယ္ ထင္ၿပီး သြားေစာင့္ေနမိလို႔ စိတ္တိုေနတာ အခုတခါ ထပ္ေစာင့္ရရင္ ေဒါသထြက္ၿပီးေသလိမ့္မယ္။"

သို႔ႏွင့္ ႏွစ္ဦးသားအခန္းထဲမွ ထြက္လာခဲ့ၿပီး ဓါတ္ေလွကားဆီသို႔ ဦးတည္ခဲ့ၾကသည္။ ဓါတ္ေလွကားထဲေရာက္လၽွင္ သူတို႔ႏွစ္ဦးအား မ်က္လုံးျပဳတ္က်မတတ္ၾကည့္ေနေသာ အခန္းနီးခ်င္းမ်ားေၾကာင့္ သၽွားအိမ္ရယ္ခ်င္လာသည္။ သို႔ေသာ္ ဒါက ႏွစ္ေယာက္စလုံးအတြက္ အထူးအဆန္းမဟုတ္။

ဆိုင္အဝေရာက္လၽွင္ သၽွန္ေနာင္က သူ႔ နာမည္ေျပာလိုက္သည္ႏွင့္ ဝန္ထမ္းအမ်ိဳးသမီးေလးက ပူပူငွာငွာပင္ဆီးႀကိဳပါ၏။ ဆိုင္ထဲေျခတစ္လွမ္း ဝင္လိုက္သည္ႏွင့္ ဤေနရာသည္ တကယ့္ကို Luxury Restaurant မွန္း ေျပာစရာမလိုေလာက္ေအာင္ သိသာလွသည္။ ဆိုင္အခင္းအက်င္းက အသားေရာင္ ခပ္ေျပေျပႏွင့္ ေရႊေရာင္အား အဓိကသုံးထားၿပီး ေတာ္ေတာ္ကို ခမ္းနားႀကီးက်ယ္စြာ ျပင္ဆင္ထားသည္။ ဆိုင္၏ အလယ္ရွိ ဘားေကာင္တာတခုရွိေသာ္လည္း ဆိုင္အေတာ္မ်ားမ်ားကဲ့သို႔ သီဆိုေဖ်ာ္ေျဖေသာ စင္ျမင့္မရွိေပ။ သို႔ေသာ္ ဆိုင္ထဲရွိ မ်က္ႏွာၾကက္မွ speaker မ်ားမွတဆင့္ ေတးသံစဥ္တခ်ိဳ႕က တိုးတိုးညိမ့္ညိမ့္ေလး ပ်ံ႕ႏွံ့လို႔ေနသည္။ အေနာက္တိုင္းဝတ္စုံ ကိုယ္စီဝတ္ဆင္ထားေသာ ဧည့္သည္မ်ားမွာ မ်ားျပားသည္ဟု မဆိုနိုင္ေသာ္ျငား စားပြဲထပ္ဝက္မၽွ ေနရာယူထားသည္။

စားပြဲထိုးအမ်ိဳးသမီးေလးက သူတို႔ႏွစ္ဦးအား မွန္သားနံရံမ်ား၏ ေဘးရွိ ႏွစ္ေယာက္ထိုင္စားပြဲတြင္ ေနရာခ်ေပးသည္။ ထိုေနရာသည္ ရန္ကုန္ၿမိဳ႕ကို အေပၚစီးမွ စီးကာျမင္နိုင္သည့္ တကယ့္ကို ရႈခင္းရႈကြက္ေကာင္းေသာေနရာျဖစ္သည္။ ထို႔ျပင္ သူတို႔ေရာက္သည့္အခ်ိန္မွာလည္း ညေနေစာင္းျဖစ္ရာ ညေနဆည္းဆာအလွက ရင္သပ္ရႈေမာဖြယ္ရာေကာင္းလြန္းလွပါ၏။

"ရန္ကုန္ၿမိဳ႕ႀကီးက ဒီလိုေတာ့လည္းလွသားပဲ။"

ၿမိဳ႕ျပ၏ဆည္းဆာအလွကို မ်က္စိတစ္ဆုံးၾကည့္ရင္းမွ သၽွားအိမ္ ခ်ီးက်ဴးလိုက္သည္။

"ေမာင္... သေဘာက်ရဲ့လား။"

သၽွန္ေနာင္ လက္မွ ကိုင္လာေသာ ကုတ္အကၤ်ီကို ေနရာခ်ေပးေသာ အမ်ိဳးသမီးေလးအား ကမ္းေပးလိုက္ၿပီး ေမးလိုက္သည္။

"အင္း..."

ထိုစဥ္ စားပြဲထိုးအမ်ိဳးသမီးေလးက menu လာခ်ေပးသျဖင့္ သၽွားအိမ္ စိတ္ဝင္တစား menu စာအုပ္ကို လွန္ေလွာၾကည့္လိုက္သည္။ သို႔ေသာ္ စားစရာအမည္မ်ား၏ ေဘးရွိ ေဈးႏႈန္းကိုၾကည့္ကာ မ်က္ခုံးတစ္ဖက္ျမင့္သြားသည္။ သၽွန္ေနာင္က ခ်စ္သူ၏ မ်က္ႏွာကိုၾကည့္ကာ ျပဳံးစိစိျဖင့္...

"ေဘးက ဂဏန္းေတြကို မၾကည့္နဲ႔ ေမာင္။ မွာစရာရွိသာတာမွာ..."

ဟုတ္သားပဲ။ သူတြင္ သၾကားေဖေဖရွိတာပဲဆိုတာ ေမ့ေတာ့မလို႔။

"ေမာင္... ဘာေတြ ျပဳံးစိစိလုပ္ေနတာလဲ။"

သၽွန္ေနာင္က menu စာအုပ္ႀကီးကိုင္ကာ ျပဳံးစိစိလုပ္ေနေသာ ခ်စ္သူေၾကာင့္ စိတ္ဝင္စားစြာ ေမးလိုက္လၽွင္ သၽွားအိမ္က "ေနာက္မွ" ဆိုေသာ သေဘာႏွင့္ ေခါင္းခါလိုက္ၿပီး စားပြဲထိုးအမ်ိဳးသမီးေလးအား appetizer အျဖစ္ ကင္းမြန္ေၾကာ္... Caesar Salad ႏွင့္ corn chowder soup ကိုမွာလိုက္ၿပီး main course အျဖစ္ New York Strip တပြဲမွာလိုက္သည္။ မွာေနရင္းမွ...

"ေမာင္ နည္းနည္းေသာက္မယ္ေနာ္။"

သၽွန္ေနာင္မွာ ႐ုတ္တရက္ ေတြခနဲျဖစ္သြားေသာ္လည္း ခ်က္ခ်င္းပင္ ေခါင္းညိတ္ကာ အေျဖေပးလာသည္။

"အင္း... ေသာက္ေလ။"

သူ႔၏ ခြင့္ျပဳခ်က္ကို တေလးတစားေတာင္းခံလာေသာ ခ်စ္သူကို တားျမစ္ရန္ သူ႔တြင္ ခြန္အားမရွိပါ။

သၽွားအိမ္က ခ်စ္သူထံမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ Cabernet Sauvignon တစ္ပုလင္း မွာလိုက္သည္။ သၽွန္ေနာင္ကေတာ့ garden salad ႏွင့္ French onion soup ကိုမွာၿပီး Steak ကို Ribeye မွာလိုက္သည္။ ထို႔ေနာက္ သၽွားအိမ္ကိုၾကည့္ကာ...

"ေျပာပါဦး ခုနက ဘာကို သေဘာက်ၿပီး ျပဳံးေနတာလဲ။"

"ဪ... ေမာင္သာ ဒီေနရာကို မိန္းကေလးတစ္ေယာက္နဲ႔သာဆို ငါးပါးေမွာက္နိုင္တယ္လို႔။ အခုလို ေငြလၽွံေနတဲ့ ဘဲလွလွေလးနဲ႔ လာေတာ့ ငါဘက္က အသာပဲလို႔ေတြးၿပီး သေဘာက်လို႔။"

သၽွန္ေနာင္မွာ ထိုစကားၾကားလၽွင္ ရယ္ေမာမိေတာ့သည္။ သို႔ေသာ္ မ်က္ႏွာကို ခ်က္ခ်င္းတည္လိုက္ကာ...

"ခင္ဗ်ားေလးေျပာပုံအရဆို ဒီကို မိန္းကေလးတစ္ေယာက္နဲ႔ လာမယ္လို႔ေတြးေနတယ္ေပါ့ေလ ဟုတ္လား။ ခင္ဗ်ားေလးေနာ္...။ စားၿပီး ကိုယ္ေရာင္ေဖ်ာက္ေျပးလိုက္ရလို႔ ဒုကၡလွလွႀကီးေရာက္သြားမယ္။ ဘာမွတ္လဲ။"

"Baby ရယ္... လူက အေစာကတည္းက ေဈးေတြၾကည့္ၿပီးကၽြတ္ေနပါတယ္ဆိုမွ ထပ္မေျခာက္စမ္းပါနဲ႔။"

"မေျခာက္ဘူး။ အတည္ေျပာတာ။ စားၿပီးတာနဲ႔ ေျပးမွာ။"

"ေျပးေပါ့။ Baby ေျပးရင္ ေမာင္မွာရွိတာေလးေတြကို ၃၄သိန္းနဲ႔ေရာင္းၿပီးပဲ ေပးရေတာ့မွာေပါ့။ Baby သာ ၿပီးမွ ေနာင္တမရနဲ႔။"

"အာ... ညစ္တီးညစ္ပတ္"

"ဘယ္မွာ ညစ္ပတ္လို႔လဲ။"

"အဲ့ဒါဆို အဲ့ဒီ ၃၄ သိန္းဆိုတာ ဘာႀကီးတုန္း။"

သၽွားအိမ္က ျပဳံးျဖဲျဖဲျဖင့္ နာရီပတ္ထားေသာလက္ကို ေျမာက္ျပလိုက္ၿပီး....

"နာရီေလ...။ Baby ေပးထားတဲ့ နာရီေလ။ အဲဒီ နာရီက ဒီေလာက္ေတာ့ တန္တာပဲဟာ။ Baby က ဘာထင္ေနလို႔တုန္း။"

"ခင္ဗ်ားေလးေနာ္...။"

သၽွန္ေနာင္ မ်က္ေစာင္းႏွင့္သာ ရက္ရက္စက္စက္ထိုးလိုက္ပါေတာ့သည္။ ဒါေတာင္ ေက်းဇူးရွင္က မ်က္ႏွာပိုးမေသေသး။ ေတာ္ေတာ့္ကို အသည္းယားဖို႔ေကာင္းသည္။ လူၾကားထဲသာမဟုတ္ရင္ေတာ့လား....

သၽွားအိမ္မွာ မနည္းမ်က္ႏွာပိုးသတ္လိုက္ၿပီး....

"Baby ရယ္ မ်က္ေစာင္းအဲ့ဒီ့ေလာက္ထိုးစမ္းပါနဲ႔ကြာ။ ခ်စ္ဖို႔ေကာင္းလြန္းလို႔ ေမာင္႐ူးသြားနိုင္တယ္။"

"ခင္ဗ်ားေလးဟာေလ။ လူမႈဆက္ဆံေရးအေတာ္ ထူးခၽြန္တယ္ေနာ္။ ႏႈတ္ကလည္းခ်ိဳပါ့၊"

"Baby ေလာက္ေတာ့မခ်ိဳပါဘူးကြာ။"

သၽွန္ေနာင္က "မဟုတ္တာေတြ ေျပာျပန္ၿပီ"ဟူေသာ အၾကည့္ႏွင့္ၾကည့္လိုက္လၽွင္...

"ဟုတ္တယ္။ Baby ႏႈတ္ခမ္းက ဘယ္ေလာက္ခ်ိဳလဲဆိုရင္ ေမာင္ဆို မင္းႏႈတ္ခမ္းေတြကို နမ္းၿပီးသြားရင္ ေမာင့္ဆိုင္က ကိတ္မုန႔္ေတြေတာင္ အရသာမရွိေတာ့တဲ့ အထိပဲ။"

"အင္း... ကို႔ႏႈတ္ခမ္းေတြက အဲ့ေလာက္ခ်ိဳ၊မခ်ိဳေတာ့ မသိဘူး။ ေမာင့္စကားေတြကေတာ့ ခ်ိဳလြန္းလို႔ ကို႔မွာ နားေထာင္႐ုံနဲ႔ေတာင္ ေကာက္ခါငင္ကာ ဆီးခ်ိဳျဖစ္ေတာ့မယ္။"

"အေဟာ္... မင္းေလးကလည္း ေခသူမဟုတ္ကိုး။"

သၽွားအိမ္၏ စကားေၾကာင့္ သၽွန္ေနာင္က တမင္ပင္ ရင္ေကာ့ကာ....

"ဒါေပါ့... စကားေတာင္စားကို ခ်စ္သူေတာ္မိမွေတာ့ ဒီေလာက္ေတာ့ရွိမွာေပါ့။ အက်င့္ဆိုတာ ၾကာၾကာေနေလ ကူးစက္နိုင္ေလတဲ့။ အထူးသျဖင့္ မေကာင္းတဲ့ အက်င့္မ်ိဳး..."

"အဟက္... ကိုယ့္ခ်စ္သူကိုယ္ ႏုႏုရြရြေျပာတာပဲ အက်င့္မေကာင္းဘူးပဲျဖစ္ရဦးမယ္။"

"မေကာင္းဘူးေလ။ ခင္ဗ်ားေလးက အဲ့ဒီလို အေျပာေတြခ်ိဳ။ ဒီငနဲက အဲ့ဒီစကားလုံးေတြ ၾကားမွာ ေပ်ာ္ဆင္းေနတာ...။ ႐ုပ္ေပါက္တာေပါ့။"

သၽွားအိမ္မွာ သၽွန္ေနာင္၏ စကားေၾကာင့္ ရယ္ေမာလိုက္ၿပီး...

"ဘာလဲ ဂိုဏ္းစတား႐ုပ္ပ်က္မွာစိုးလို႔လား။"

"ဒါေပါ့... ကို႔မွာ ထူးခၽြန္ေျပာင္ေျမာက္တာဆိုလို႔ အဲ့ဒီဂုဏ္ေလးပဲရွိတာ။ ဘယ္အပ်က္ခံလို႔ျဖစ္မလဲ။"

"ဒါနဲ႔ ေနပါဦး။ ဂိုဏ္းစတားဆိုလို႔ Baby ကို ဘာလို႔ "ယကၡ"လို႔ေခၚတာလဲ။"

အမွန္ဆို ဒီေမးခြန္းကို ေမးခ်င္ေနသည္မွာၾကာလွၿပီျဖစ္သည္။ သူ ေသခ်ာသိတာတခုကေတာ့ ထိုနာမည္သည္ ခ်စ္သူ၏ ႐ုပ္ရည္ကိုၾကည့္ကာ ေပးထားေသာ နာမည္မဟုတ္တာေတာ့ ေသခ်ာသည္။

"ဘယ္သိမလဲ။ ေခၚတဲ့လူကို ေမးၾကည့္ေလ။"

ခ်စ္သူ၏ မေျပာလိုဟန္ရွိေသာ အမူအယာေၾကာင့္ သၽွားအိမ္အသာၿငိမ္ေနလိုက္ပါသည္။ ထိုစဥ္ မွာထားေသာ ဝိုင္ပုလင္းကို လာေရာက္တည္ခင္းေသာ စားပြဲထိုးအမ်ိဳးသမီးေလးေၾကာင့္ စကားမဆက္ေတာ့ပဲ တည္ခင္းေပးေသာ ဝိုင္ခြက္ကို ယူကာ တငုံမၽွငုံလိုက္သည္။ ဝိုင္၏ ေမႊးပ်ံေသာရနံ့ႏွင့္ ခ်ိဳျခင္းႏွင့္သက္ျခင္းတို႔ စည္းခ်က္က်နစြာ ေရာယွက္ေနေသာ ၿငိမ့္သက္သည့္အရသာက လည္ေခ်ာင္းထဲသို႔ စီးဆင္းသြားေတာ့သည္။ ထိုခဏ၌ မ်က္ဝန္းထဲသို႔ တိုးဝင္လာေသာ ေနဝင္ရီသေရာအခ်ိန္၏ အလွတရားထက္ပင္ ေတာက္ပေနသည့္ ခ်စ္သူ၏ ပုံရိပ္ေၾကာင့္ သူဘဝသည္ ျပည့္စုံသြားေတာ့သည္။

"အား... ေတာ္ေတာ္ေကာင္းတာပဲ။"

သၽွန္ေနာင္ ခ်စ္သူ၏ အေက်နပ္ႀကီးေက်နပ္ေနဟန္ရွိေသာ မ်က္ႏွာကို ၾကည့္ကာ သူ႔ဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္ သၽွားအိမ္ေရွ႕မွ ဝိုင္ခြက္ကို စိတ္ဝင္တစားၾကည့္မိသည္။ ဤသည္ကို သတိထားမိေသာ သၽွားအိမ္က...

"ေသာက္ၾကည့္မလား။"

"ဟင့္အင္း"

"ဟင့္အင္း" သာဆိုသည္ မ်က္လုံးက သူ႔ခြက္ကမခြါ။

"ေသာက္ၾကည့္ပါ Baby ရဲ့။ ဒီဝိုင္က steak နဲ႔ အရမ္းလိုက္တယ္။"

"ဟင့္အင္း ကို ႀကိဳက္မွာမဟုတ္ဘူး။"

ေခါင္းတခါတည္းခါေနေသာ ခ်စ္သူေၾကာင့္ သၽွားအိမ္ ေမးခြန္းတခုေပၚလာေတာ့သည္။

"Baby က အရက္ပဲမႀကိဳက္တာလား။ Beer ေကာ။"

"အရက္မ်ိဳးႏြယ္ဝင္ေတြမွန္သမၽွ ဘာမွအနံ့ကို ခံလို႔ကိုမရတာ။"

"ငင့္.... "

"အဲ့ဒါမွ ေအးေရာ" ဟု သၽွားအိမ္ သူ႔ခ်စ္သူ သူေတာ္ေကာင္း ဂိုဏ္းစတားအႀကီးစားေလးကို ၾကည့္ကာ စိတ္ထဲမွ ေျပာလိုက္ပါသည္။

"ဒါဆို အရက္ကို နည္းနည္းေတာင္ စမ္းမၾကည့္ဖူးဘူးေပါ့။"

"အင္း"

ထိုအခိုက္ မွာထားေသာ အစားအေသာက္မ်ားထဲမွ soup လာခ်ေပးသျဖင့္ soup ကို အရင္ေသာက္လိုက္သည္။ မဆိုးဟု သၽွားအိမ္ မွတ္ခ်က္ျပဳလိုက္ပါသည္။ သူ႔လို ဗမာပါးစပ္ႏွင့္တည့္သည္ေျပာရမည္။ ၿပီးလၽွင္ Salad။ Salad ကေတာ့ dinner courses ထဲတြင္ ပါေနက်ျဖစ္၍သာ မွာလိုက္ရသည္ သိပ္ေတာ့သေဘာမေတြ႕။ US မွာ ေက်ာင္းတက္တုန္းက ဟိုက လူေတြ Salad စားသည္ကိုျမင္လၽွင္ မဇူးငယ္စဥ္က ေမြးထားေသာ ယုန္ေတြကို သတိရသည္။ ထိုယုန္ေတြကို အစာေကၽြးလၽွင္ ေန႔စဥ္ အိမ္တြင္ခ်က္သမၽွအရြက္မ်ားကို မလွီးမျဖတ္ပဲ ပုံေပးေလ့ရွိသည္။ ထိုယုန္မ်ားကလည္း ထိုအရြက္ပုံႀကီးကို ဘယ္ေတာ့မဆို ဝမ္းသာအားရစားေနေလ့ရွိသည္။ ခ်စ္သူတစ္ေယာက္ေကာ ယုန္ေလးလိုမ်ား စားေနမလားဟု လွမ္းၾကည့္လိုက္ေတာ့ ေက်းဇူးရွင္က အမွိုက္ပုံတြင္ အစာရွာေနေသာ ငွက္တစ္ေကာင္လို အရြက္မ်ားကို ခရင္းတစ္ေခ်ာင္းျဖင့္ ဟိုလွန္ဒီေလွာ တို႔ကနန္းဆိတ္ကနန္းလုပ္ေနသည္။ ခဏေနေတာ့ ပ်င္းသြားဟန္ျဖင့္ ခရင္းကို ေဘးခ်ကာ သူ႔ကိုျပန္ၾကည့္လိုက္သည္။ အၾကည့္ခ်င္းဆုံသြားေသာထိုခဏတြင္ ခ်စ္ျခင္းတို႔ ကိန္းဝပ္ရာ ႏွလုံးသားအစုံသည္ တခုႏွင့္တခု စည္းခ်က္က်နစြာ ကခုန္ပါေတာ့သည္။ ထို႔ေနာက္ ႏွစ္ဦးသားအျပဳံးခ်င္းဖလွယ္ကာ Main course ကို ဆက္လက္ သုံးေဆာင္ေနလိုက္သည္။ Steak ကေတာ့ ေတာ္ေတာ္ေလး ေကာင္းသည္ဟု ေျပာရမည္ဆိုေသာ္လည္း ေပးရသည့္ေဈးႏွင့္ ယွဥ္ထိုးၾကည့္လၽွင္ မတန္ဟုဆိုရမည္။ Main course ၿပီးသြားလၽွင္ dessert အတြက္ အသီးအႏွံတို႔ႏွင့္လုပ္ထားေသာ fruit tart တစိတ္စီမွာထားသျဖင့္ သူမွာ ဝိုင္ႏွင့္ အဆင္ကိုေျပလို႔။ ခ်စ္သူကေတာ့ Lipton tea ႏွင့္ ခံတြင္းရွင္းေနေလရဲ့။

ဆိုင္ထဲရွိ မွိန္ျပျပမီးေရာင္တို႔ ပို၍ ထင္ရွားလာၿပီျဖစ္ေသာေၾကာင့္ အျပင္ကို ၾကည့္မိေတာ့ ေနနတ္ဘုရားက သူ၏ တာဝန္ကုန္ဆုံးၿပီျဖစ္ရာ တေန႔တာလုံး အစြမ္းကုန္ေတာက္ပခဲ့ေသာ အေရာင္အဝါမ်ားကို ႐ုတ္သိမ္းသြားၿပီျဖစ္သည္။ ျပာလဲ့ၾကည္လင္ေသာ အာကာတခြင္တြင္ ညဧကရာဇ္၏ ညီလာခံကို အခစားဝင္ရန္အလို႔ငွာ အလ်ိဳလ်ိဳထြက္ေပၚလာေသာ ၾကယ္အေပါင္းတို႔ကိုသည္ ေကာင္းကင္ယံတြင္ တိမ္တိုက္တို႔၏ အေႏွာင့္အယွက္ကင္းစြာ စံစားေနပါေသာ ေငြလဝန္းကို ျမင္ပါလၽွင္ ႐ူးသြပ္စြာပင္ ဟိုမွာဒီမွာ ခစားၾကပါကုန္၏။ ထိုနည္းတူစြာပင္ သူ႔ႏွလုံးသားက ခ်စ္ရသူ၏ ျဖစ္တည္မႈတြင္ အဆုံးမသတ္နိုင္ေသာ ခ်စ္ျခင္းေမတၱာျဖင့္ အႀကိမ္ႀကိမ္အဖန္ဖန္ အခစားဝင္မိပါ၏။

"လွတယ္ေနာ္။"

သၽွန္ေနာင္က ည၏ ျမင္ကြင္းက်ယ္ အလွကို ခံစားရင္းမွ ဆိုလိုက္သည္။

"အင္း... "

ခပ္မွိန္မွိန္မီးေရာင္ႏွင့္ ၾကယ္တာရာတို႔၏ အလင္းေရာင္တို႔ျဖင့္ ခ်ယ္မွန္းထားေသာ ခ်စ္ရသူ၏ ခန႔္ညားစြာလွပသည့္ ေကာက္ေၾကာင္းတို႔က သၽွန္ေနာင္၏ ႏွလုံးသားတြင္းမွာေတာ့ ႏႈတ္တိုက္က်က္မွတ္ထားသည့္ ကာရံညီေသာ ကဗ်ာတစ္ပုဒ္လို ပီသရွင္းလင္းစြာ မွတ္မိေနပါ၏။

သၽွားအိမ္မွာ သူ႔ကို ရႊန္းလဲ့ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနေသာ သၽွန္ေနာင္ေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးလိုက္ပါသည္။ ကိုယ့္ခ်စ္သူက ကိုယ့္ကို ျမတ္နိုးမူတို႔ ျပည့္လၽွံေနေသာ အၾကည့္တို႔ျဖင့္ ၾကည့္ေနသည္ကို မႀကိဳက္ေသာလူ ဘယ္မွာရွိပါအံ့။

"ေက်းဇူးပါ ေမာင္။ ကို႔ကို နားလည္ေပးတဲ့အတြက္ေကာ၊ ေရြးခ်ယ္ခဲ့တဲ့အတြက္ေကာ"

သၽွန္ေနာင္က ေက်းဇူးတင္စကားကို ႏွစ္ကိုယ္ၾကားေလသံႏွင့္ တီးတိုးဆိုလာသည္။ သၽွားအိမ္ အသာအယာျပဳံးလိုက္ကာ စားပြဲေပၚရွိ ခ်စ္သူ၏ လက္တစ္ဖက္ကို အုပ္ကိုင္လိုက္ၿပီး...

"ဒီလိုသာ ေက်းဇူးတင္က်စတမ္းဆို ေမာင္လည္း Baby ကို ေက်းဇူးတင္ရမယ္။ ေမာင့္ အခ်စ္ကို တုံ႔ျပန္ခဲ့လို႔ေကာ၊ ေမာင့္ ေဘးမွာ ရွိေပးလို႔ေကာ။"

သၽွန္ေနာင္က ျပဳံး႐ုံျပဳံးကာ သူ႔လက္ေပၚ အုပ္မိုးထားေသာ သၽွားအိမ္၏ လက္ကို တျခားလက္တစ္ဖက္ျဖင့္ ျပန္အုပ္ကိုင္လိုက္ကာ...

"ခ်စ္တယ္ ေမာင္"

"ေမာင္က ပိုခ်စ္တယ္ Baby"

ႏွစ္ဦးသား တစ္ဦးကိုတစ္ဦး ခ်စ္ျခင္းတို႔ျပည့္လၽွံေနေသာ မ်က္ဝန္းအစုံႏွင့္ အတန္ၾကာေအာင္ အျပန္အလွန္ စိုက္ၾကည့္ေနမိသည္။ ဒီလိုအခ်ိန္တြင္ ကမၻာေလာကႀကီးတစ္ခုလုံးသည္ ပန္းမ်ားပြင့္ကာ ငွက္မ်ားက ေတးဆိုက်ဴးရင့္ေနသေယာင္ေယာင္။

"ကဲ... ေမာင္တို႔ ျပန္ၾကမလား။"

"အင္း... ျပန္မယ္ေလ။"

"ဒါဆို ပိုက္ဆံရွင္းႏွင့္ေနာ္။ ေမာင္ အိမ္သာသြားလိုက္ဦးမယ္။"

"အဟက္... ခင္ဗ်ားေလးက အပိုင္ပဲေနာ္။ ကို ေျပးလို႔မရေအာင္ အကြက္ေရြ႕လိုက္ေတာ့တာပဲ။"

သၽွားအိမ္ ေစာေစာက စေနာက္ခဲ့သည္ကို သတိရကာ ရယ္လိုက္မိေတာ့သည္။

"အဟားဟား..."

သၽွားအိမ္ Restroom ရွိရာသို႔ ထြက္ခဲ့ၿပီး ကိစၥအျမန္ရွင္းကာ ျပန္လာလၽွင္ သၽွန္ေနာင္က သူမကုန္ေသာ Wine ကို ထုတ္ပိုးခိုင္းထား၍ သူ႔အား ခဏေစာင့္ရန္ေျပာၿပီး အိမ္သာသို႔ ထြက္သြားေတာ့သည္။

"ကိုသၽွား...?"

ရင္းႏွီးေသာ ခ်ိဳအီအီအသံေၾကာင့္ သၽွားအိမ္ အျပင္ကမၻာကို ေငးၾကည့္ေနရာမွ လွည့္ၾကည့္လိုက္ေတာ့ သူသူၿငိမ္း! ရွိုက္ႀကီးဖိုငယ္အသြယ္သြယ္တို႔ကို ပညာသားပါစြာ လွစ္ဟာျပထားေသာ အနီေရာင္ ဂါဝန္တထည္ျဖင့္ အလွႀကီးလွေနပါသည့္ ထိုအမ်ိဳးသမီးငယ္သည္ သၽွန္ေနာင္ထိုင္ခဲ့ေသာ ေနရာတြင္ ဝင္ထိုင္ကာ သူ႔အား ရင္းႏွီးလြန္းေသာ မ်က္လုံးမ်ားျဖင့္ၾကည့္ေနသည္။ တခ်ိန္ထဲမွာပင္ သူမ ေနာက္မလွမ္းမကမ္းမွ မသိမသာၾကည့္ေနေသာ ရင္းႏွီးေသာ မ်က္ႏွာတခုကိုပါ သတိထားမိလိုက္သည္။ သို႔ေသာ္ ထိုမ်က္ႏွာကို လွစ္လႉရႈလိုက္ၿပီး သူ႔အာ႐ုံကို အမ်ိဳးသမီးငယ္ထံသို႔ ျပန္ေရြ႕လိုက္ၿပီး...

"ဪ.... မသူသူပါလား။ မလာေတြ႕တာၾကာၿပီေနာ္။"

သူလည္း လူမႈေရးအရ သူသူ႔ကို ႏႈတ္ဆက္လိုက္ပါသည္။

"ဟုတ္တယ္ေနာ္ ကိုသၽွားအိမ္။ ဒါနဲ႔ ဘယ္သူနဲ႔လာတာလဲ။"

သူမ၏ မ်က္လုံးမ်ားက စူးစမ္းမႈမ်ားႏွင့္ ျပည့္လၽွံေနေတာ့သည္။

"ကၽြန္ေတာ့္ ခ်စ္သူနဲ႔ေလ။"

သၽွားအိမ္ အေျဖေၾကာင့္ သူမ၏မ်က္ႏွာမွာ သိလိုစိတ္မ်ားပိုျပင္းထန္လာကာ...

"ခ်စ္သူ? ဘယ္မွာလဲဟင္။ သူသူ႔ကို မိတ္ဆက္ေပးပါလား။ ဘယ္မိန္းကေလးက ဒီေလာက္ ကံေကာင္းသြားပါလိမ့္။"

သၽွားအိမ္မွာ ပါးစပ္ဟလိုက္႐ုံရွိေသးသည္။ သၽွန္ေနာင္က စားပြဲေဘးေရာက္လာၿပီး..

"ဒီမွာ ခင္ဗ်... ခင္ဗ်ား ဒီခုံက ဖယ္ေပးပါလား။"

သူသူမွာ အမိန႔္ဆန္လွေသာ ေလသံေၾကာင့္ အသံကို ေမ့ၾကည့္လိုက္ပါသည္။ အေနာက္တိုင္းဝတ္စုံကို ေသသပ္စြာ ဝတ္ဆင္ထားသည့္ ေႂကြ႐ုပ္ကဲ့သို႔ လွပေသာ အမ်ိဳးသားေၾကာင့္ ေငးခနဲျဖစ္သြားရသည္။ သူမ ဤလူကို ေကာင္းစြာ မွတ္မိပါ၏။ သူမ ေျခေခါက္သြားေအာင္လုပ္ေသာ အဓိကတရားခံ! တခ်ိန္တည္းမွာပင္ သူမကို ေျပာသည့္စကားမ်ားကို သတိရသြားကာ ေဒါသေထာင္းခနဲထြက္သြားေတာ့သည္။

"ဖယ္ေပးရေအာင္ ရွင္နဲ႔ ဘာဆိုင္လို႔လဲ။"

သၽွန္ေနာင္က ေလွာင္ျပဳံးလွလွတစ္ခုကို သူမထံ ပစ္လႊတ္လိုက္ၿပီး...

"ခင္ဗ်ားထိုင္ေနတဲ့ ေနရာက ကၽြန္ေတာ့္ေနရာေလ။"

သူမ မ်က္လုံးအစုံမွာ ျပဴးက်ယ္သြားၿပီး သၽွားအိမ္ကို တလွည့္ သၽွန္ေနာင္ကို တလွည့္ၾကည့္လိုက္မိသည္။ သၽွန္ေနာင္က ဂ႐ုမစိုက္ဟန္ျဖင့္....

"ခင္ဗ်ားလို မိန္းကေလးမ်ိဳးအတြက္ ေနရာမရွားပါဘူးဗ်ာ။ ဒါေပမယ့္ ပိုင္ရွင္ရွိၿပီးသား ခုံေတာ့ေရွာင္ေပါ့။ ကိုယ္နဲ႔မထိုက္တဲ့ ခုံဆို ခုံက်ိဳးၿပီး တစ္သက္လုံး ဒုကၡေရာက္တတ္တယ္။"

သၽွန္ေနာင္က အဓိပၸာယ္ပါပါစကားျဖင့္ ရိရိသဲ့သဲ့ေျပာလိုက္သည္။ ပုံမွန္အားျဖင့္ မိန္းကေလးတဦးႏွင့္ ဖက္ကာ ဤသို႔ေျပာဆိုျခင္းကို ေရွာင္က်ဥ္တတ္ပါေသာ္လည္း ထိုအမိငယ္က သူ႔ ခ်စ္သူကို ၾကာပစ္ေနသည္မဟုတ္လား။ သၽွားအိမ္ကေတာ့ ခ်စ္သူ၏ ခ်စ္စဖြယ္ အူတိုေနဟန္ေလးကို မ်က္ေတာင္မခတ္ၾကည့္ေနမိသည္။

"ရွင္... ရွင္... မိုက္ရိုင္းလိုက္တာ။"

သူမက စိတ္တိုတိုျဖင့္ ခုံမွ ဝုန္းခနဲထရပ္လိုက္ကာ သၽွန္ေနာင္အား မ်က္ေထာင့္နီျဖင့္ တစ္ခ်က္ၾကည့္လိုက္ကာ သၽွားအိမ္ဘက္လွည့္လိုက္ၿပီး...

"ကိုသၽွား... ရွင္ ဘာမွမေျပာေတာ့ဘူးလား။ ကၽြန္မလို မိန္းကေလးတစ္ေယာက္ကို တျခားေယာက္်ားတစ္ေယာက္က ဒီလို ေအာက္တန္းက်တဲ့ စကားေတြနဲ႔ ေစာ္ကားေနတာ ရွင္ဒီအတိုင္းၾကည့္ေနမွာလား။"

သူသူက တမင္ပင္ လူၾကားထဲတြင္ ေသြးထိုးေပးလိုက္ပါသည္။ အစာထဲက သူမ၏ ခပ္က်ယ္က်ယ္အမူအယာေၾကာင့္ လူမ်ားက ကြက္ၾကည့္ကြက္ၾကည့္ လုပ္ေနသည္ျဖစ္ရာ ယခုေတာ့ ပို၍ ေပၚေပၚတင္တင္ပင္ ၾကည့္လာေတာ့သည္။

"မသူသူ အထင္မွားေနၿပီ ထင္တယ္။ ဘာပဲျဖစ္ျဖစ္ စိတ္ေတာ့မရွိပါနဲ႔ဗ်ာ။ ကၽြန္ေတာ့္ ခ်စ္သူက ဒီလိုပဲဗ်။ တခါတေလ စကားေျပာရင္ မရွင္းမရွင္းနဲ႔..."

သၽွားအိမ္က မယုတ္မလြန္ပင္ေျပာလိုက္ပါသည္။ သို႔ေသာ္ သူသူက ေက်နပ္ဟန္မတူ...

"ကိုသၽွားအိမ္က မထင္ရဘူးေနာ္။ ကိုစိုင္းေျပာတုန္းက ကၽြန္မ မယုံခဲ့ဘူး။ အခုေတာ့ တကယ္ပဲ ရွင္က ေယာက္်ားတစ္ေယာက္နဲ႔ တြဲတဲ့အေျခာက္လို႔။ အခုေတာ့ ေျခာက္တာမွ မိန္းမေတာင္ အနားအသီမခံေတာ့ဘူးမဟုတ္လား။ ရွင္နဲ႔ တြဲခဲ့တဲ့ မိန္းကေလးေတြကို သနားလိုက္တာရွင္။ သူတို႔ခမ်ာ ရွင္ ခ်နင္းသမၽွ ခံရၿပီးမွ သူတို႔ကိုနင္းတဲ့လူက အေျခာက္ႀကီးျဖစ္ေနတာသိရင္ ဘယ္ေလာက္ စိတ္ဆင္းရဲလိုက္မလဲ။"

သူသူက တမင္ပင္ လူၾကားေအာင္ ခပ္က်ယ္က်ယ္ေျပာလိုက္သည္။ သူမ၏ လုပ္ရပ္မွာ ေအာင္ျမင္သည္ေျပာရမည္ အခ်ိဳ႕မွာ သၽွားအိမ္ႏွင့္ သၽွန္ေနာင္အား ရြံရွာဖြယ္ရာကဲ့သို႔ ၾကည့္လာေတာ့သည္။ သို႔ေသာ္ သူတို႔ႏွစ္ဦးစလုံးက ဒီေလာက္မ်ားေတာ့ မမူပါ။

"အမိ... ခင္ဗ်ား လၽွာရိုးမရွိတိုင္းေျပာေနတာကို ရပ္ၿပီး ကိုယ့္ေနရာကိုယ္ျပန္ပါ။"

သၽွန္ေနာင္မွာ ခ်စ္သူကို ထိပါးလာသျဖင့္ သတိေပးလိုက္ပါသည္။ သို႔ေသာ္ သူမက မထီဟန္ျဖင့္...

"ဘာလဲ... ရွင္က အမွန္တရားကို ေၾကာက္ေနတာလား။ အင္းေပါ့ေလ။ ရွင္တို႔က သဘာဝလြန္ေတြမဟုတ္လား။ ဒီေတာ့ ရွင္တို႔ကို အေျခာက္လို႔ေျပာရင္ ဘယ္ခံနိုင္ပါမလဲ။"

မဆီမဆိုင္ ေျပာခ်င္ရာေျပာေနသည့္ အဆိုပါမိန္းကေလးကို သၽွန္ေနာင္ စိတ္ပ်က္စြာ ၾကည့္လိုက္ပါသည္။ သၽွားအိမ္ကေတာ့ မ်က္လုံးေထာင့္တြင္ ေတြ႕ေနရေသာ ပုန္းလ်ိဳးကြယ္လ်ိဳးျဖင့္ ဗ်ာမ်ားေနဟန္ရွိေသာ လူတစ္ေယာက္ေၾကာင့္ ထိုင္ရာမွ ထရပ္ကာ သူသူ႔ကို စူးစူးစိုက္စိုက္ၾကည့္လိုက္ၿပီး...

"မင္းက ငါတို႔ကို လက္ညိဳးထိုးရေအာင္အထိ ကိုယ့္ကိုယ္ကိုယ္ အဆင့္အတန္းရွိတယ္လို႔မ်ား ထင္ေနလို႔လား သူသူၿငိမ္း။ မင္းလို ကိုယ္သူ႔ငယ္ခ်င္းမ်က္ႏွာမွမေထာက္... ေတာက္...! ငါ ဆက္ေျပာလိုက္ရင္ မင္း ရစရာမရွိဘူးျဖစ္သြားမယ္။"

သၽွားအိမ္ လၽွာျဖားတြင္ ေရာက္လာေသာ စကားလုံးတခ်ိဳ႕ ေလ်ာက်လာလၽွင္ သူသူ၏ မ်က္ႏွာမွာ စကၠန္ပိုင္းမၽွ ျဖဴခနဲျဖစ္သြားသည္။ သို႔ေသာ္ ခ်က္ခ်င္းဆိုသလို သူမ၏ မ်က္ႏွာမွာတင္းမာခက္ထန္သြားေတာ့သည္။ သၽွားအိမ္ကလည္း ေျပာလက္စ ထိုစကားကို အဆုံးမသတ္လိုက္ပါ။ သူသူ႔ကို သနားလို႔ေတာ့ မဟုတ္။ ဆက္ေျပာလၽွင္ ဘယ္သူမွားမွား သူ႔အျပစ္ျဖစ္ေတာ့မည္ျဖစ္ေတာ့မည္ ျဖစ္ေသာေၾကာင့္ျဖစ္သည္။

"ေအာင္မာ ေျပာရဲရင္ ေျပာၾကည့္လိုက္ေလ။ ပါးရွစ္စိတ္ကြဲသြားမွာေပါ့။"

သူသူၿငိမ္းက ၾကမ္းတမ္းခက္ထန္စြာ စိန္ေခၚလာလၽွင္ သၽွားအိမ္က သူမ၏ မ်က္ႏွာကို ေလွာင္သလို တစ္ခ်က္ၾကည့္လိုက္ၿပီး....

"ေအးပါ... မေျပာေတာ့ပါဘူး။ မင္းလို သူငယ္ခ်င္းေယာက္်ား ေၾကာင္ေတာင္ႏွိုက္တဲ့ စႏွိုက္ေၾကာ္မကို ေၾကာက္လို႔ေတာ့မဟုတ္ဘူး။ ငါကိုက စရိုက္ဆန္တဲ့ လူေတြနဲ႔ စကားမေျပာတတ္လို႔။ လာ... Baby... သြားစို႔။"

"ရွင္..ရွင္..."

သူသူၿငိမ္းမွာ လက္သီးပုန္းတလုံး အရွိုက္အားထိမွန္သြားသူလို ဆြံ့အကာ ေခတၱမၽွ ၾကက္ေသေသသြားေတာ့သည္။ တစ္သက္ႏွင့္တကိုယ္ ဤမၽွ လၽွာေစာင္းအာေစာင္းထက္ေသာ ႏႈတ္သီးေကာင္းလၽွာပါးေယာက္်ားမ်ိဳးကို မၾကဳံခဲ့ဖူးပါေပ။

သၽွားအိမ္ကေတာ့ သူသူ႔အား လ်စ္လ်ဴရႈကာ သၽွန္ေနာင္၏ လက္ကိုဆြဲလိုက္ၿပီး ထုတ္ပိုးထားေသာ ဝိုင္ပုလင္းကို ယူလိုက္သည္။ ၿပီးလၽွင္ မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနေသာ သူသူ႔အား အနိုင္ႏွင့္ပိုင္းကာ ဧည့္ႀကိဳေကာင္တာဘက္ဆီသို႔ ထြက္ခဲ့သည္။ ေကာင္တာတြင္ သၽွန္ေနာင္က သူ၏ ကုတ္အကၤ်ီကို ျပန္ေတာင္းယူကာ ဆိုင္ထဲမွ စူးစမ္းမႈ၊ အံ့ၾသမႈ၊ ရြံရွာမႈတို႔ျဖင့္ အေရာင္စုံေနေသာ မ်က္လုံးမ်ားကို ဥပကၡါျပဳလၽွက္ တာဝါေအာက္တြင္ အသင့္ေစာင့္ေနေသာ Limousine ကားေပၚသို႔တက္ကာ အိမ္သို႔သာ ထြက္ခြါလာေတာ့သည္။ ႏွစ္ဦးသား လမ္းတစ္ေလၽွာက္လုံးေတာ္ေတာ္ႏွင့္ စကားမေျပာနိုင္။ အတန္ၾကာမွ...

"ေမာင္ အဆင္ေျပရဲ့လားဟင္။"

သၽွန္ေနာင္က တင္းမာေနေသာ သၽွားအိမ္၏ မ်က္ႏွာကို ၾကည့္ကာ ေမးလိုက္သည္။

"ေျပပါတယ္"

" Sorryပါကြာ။ ကို႔ေၾကာင့္ ေမာင္ လူၾကားထဲ အေျပာခံရတာ..."

"Baby ရာ ေမာင္ ခဏခဏေျပာပါတယ္။ Baby နဲ႔ ေမာင္ ခ်စ္လို႔ လူေတြ လက္ညိဳးထိုးမယ္ဆို ေမာင္ မျဖဳံပါဘူးလို႔။ အခုဟာက တျခားကိစၥပါ။"

သၽွန္ေနာင္ နားမလည္သလိုၾကည့္လိုက္သည္။

"ေမာင္ ဟိုေကာင္ ငစိုင္းကိုေတြ႕တယ္။"

"ငစိုင္း???"

"အင္း... ေမာင့္ဆိုင္မွာ Baby နဲ႔ ျပႆနာတက္တဲ့ တစ္ေယာက္ေလ။"

"ဪ... ဪ... သိၿပီ။ ဒီေတာ့...?"

"အဲ့ဒီ့ေန႔က သူနဲ႔အတူပါလာတဲ့ ေကာင္မေလးကို မွတ္မိတယ္ မဟုတ္လား။"

"အင္း"

"သူက အဲ့ဒီ ေကာင္မေလးနဲ႔ ေစ့စပ္ထားတာ။ ဒါေပမယ့္ ခုနက ဒီေကာင့္ကို ေတြ႕ေတာ့ သူ႔ေကာင္မေလးကို မေတြ႕ဘူး။ ဒါျပင္ကို သူသူကို လွမ္းၾကည့္ေနတယ္။ ေမာင္က မသိမသာ ၾကည့္ေတာ့ သူက မလုံမလဲနဲ႔ မသိခ်င္ေယာင္ေဆာင္သြားတယ္။ ၾကည့္ရတာ သူ႔ ေကာင္မေလးေနာက္ကြယ္မွာ သူသူနဲ႔ တြဲခုတ္ေနတယ္နဲ႔တူတယ္။ ဒါေၾကာင့္ ခုနက သူသူ႔ကို ေျပာထည့္လိုက္မလို႔ ျပင္တုန္းပဲရွိေသးတယ္ အဲ့ဒီ့ မိန္းမ ၿငိမ္က်သြားတာေပါ့။"

သၽွားအိမ္က အက်ိဳးအေၾကာင္းဆက္စပ္ကာ ေျပာျပေနသည္။ ထို႔ေနာက္ စိတ္ပ်က္လက္ပ်က္ျဖင့္ သက္ျပင္းေမာႀကီးတစ္ခ်က္ကို ရႈထုတ္လိုက္ကာ...

"အင္း.... အဲဒါ့ ငစိုင္းဆိုတဲ့ေကာင္ဟာ မမိုက္ဘူးကြာ။ သူမ်ားသားသမီးကို ယူေတာင္မယူရေသးဘူး ေဖာက္ျပန္တာ။ သူသူဆိုတဲ့ မိန္းမကလည္း ကိုယ့္သူငယ္ခ်င္းမ်က္ႏွာမွ မေထာက္။"

သၽွားအိမ္ ေျပာရင္းျဖင့္ ရြံရွာစြာ မ်က္ႏွာကို ရႈံ႔မဲ့လိုက္ပါသည္။ သၽွန္ေနာင္ကေတာ့ ထိုအခါမွ သက္ျပင္းခ်နိုင္ေတာ့သည္။

"ကဲပါ... အဲ့ဒီ့ကိစၥေတြကို ေခါင္းထဲက ထုတ္လိုက္စမ္းပါ။ ဒီလိုဟာေတြေၾကာင့္ ကိုယ္တို႔ရဲ့ သာယာတဲ့အခ်ိန္ကို အပ်က္မခံစမ္းပါနဲ႔။"

ထိုအခါမွ သၽွားအိမ္ တင္းေနေသာ စိတ္ကို အသာေျဖေလ်ာ့လိုက္ပါသည္။ သူေျဖေလ်ာ့ရလြယ္ေအာင္လည္း ခ်စ္သူက ပါးျပင္ထက္သို႔ အနမ္းတို႔စြန႔္ၾကဲခ်ကာ ကူညီေပးပါ၏။ ဒီလူပဲ သူ၏ စိတ္အစဥ္ကို အစြန္းႏွစ္ဖက္ေျပာင္းလဲသြားေအာင္ တတ္စြမ္းပါ၏။ သၽွားအိမ္ ေက်နပ္စြာျပဳံးလိုက္ၿပီး သၽွန္ေနာင္၏ လက္တစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ...

"ဒါနဲ႔ Baby... ညစာအတြက္ ေက်းဇူးပါ။"

"ရပါတယ္ဗ်ာ။"

"Baby ရဲ့ ဆင္ေတြ ျခေသၤ့ေတြေတာ့ အကုန္အေတာင္ေပါက္သြားတယ္ မဟုတ္လား။"

သၽွန္ေနာင္က ျပဳံးျဖဲျဖဲျဖင့္ မ်က္ခုံးတစ္ဖက္ပင့္ကာ သၽွားအိမ္အား ၾကည့္လိုက္ၿပီး...

"ေမာင္ ေက်နပ္တယ္ဆိုရင္ ကို ကိုယ္တိုင္ အေငြ႕ပ်ံသြားရင္ေတာင္ ျပႆနာမရွိပါဘူး။"

ခ်စ္သူထံမွ ၾကားရခဲေသာ ခပ္ပိုပိုခပ္သဲသဲ စကားေၾကာင့္ သူျပဳံးလိုက္ပါသည္။ အင္း... အက်င့္ဆိုတာ တကယ္ကူးစက္တတ္တာပဲ။

"အဲ့ဒီလိုေတာ့ မျဖစ္ဘူးေလ။ မင္း အေငြ႕ပ်ံသြားရင္ ေမာင့္ကို ဘယ္သူက ညစာေကၽြးမွာလဲ။"

သၽွားအိမ္က မ်က္ခုံတဖက္ကို ပင့္ကာပင့္ကာျဖင့္ သၽွန္ေနာင္အား ၾကည့္လိုက္လၽွင္ သၽွန္ေနာင္က သေဘာေပါက္စြာ ျပဳံးလိုက္ၿပီး...

"ညစာမစားပဲ တစ္သက္လုံး ဥပုဒ္ေစာင့္ေလ။"

"ဟာ... မေစာင့္နိုင္ပါဘူး။ အခုေတာင္ ညစာစားဖို႔ ႀကံေနတာကို..."

သၽွားအိမ္က လက္တစ္ဖက္ကို ခ်စ္သူ၏ ခါးေပၚသို႔ ေရႊ႕ကာ ခပ္တင္းတင္း ဖက္လိုက္လၽွင္ သၽွန္ေနာင္က ကလူက်ီစယ္ေသာ အၾကည့္ျဖင့္ ၾကည့္ကာ...

"ခင္ဗ်ားေလးဟာ... ေတာ္ေတာ္အစားႀကီးတယ္ေနာ္။"

"ဒါေပါ့... ေမာင္အေစာကတည္းကလည္း ေျပာပါတယ္။ အစားႀကီးပါတယ္လို႔။"

သၽွားအိမ္က ျပည္တည္တည္မ်က္ႏွာထားျဖင့္ သူ႔ကို ၾကဳံးဖက္လိုက္ၿပီး ပုခုံးေပၚေမးတင္ကာ သူ၏ လည္တိုင္ကို ခပ္ဖြဖြနမ္းရွိုက္လာေတာ့သည္။

"မင္းဟာ မူးယစ္ေဆးအားလုံးထက္ဆိုးတယ္ Babyရယ္။ မင္းက အရက္ထက္ ယစ္မူးဖို႔ေကာင္းသလို ဘိန္းျဖဴထက္စြဲလမ္းေစတယ္။ ဒါျပင္ ေၾကးႀကီးႀကီး အေလာင္းကစားတခုထက္ ရင္ခုန္ဖို႔ေကာင္းလွတယ္။"

ခ်စ္သူထံမွ ခပ္တိုးတိုးညည္းတြသံက သၽွန္ေနာင့္အတြက္ ပူရွရွသက္ေရာက္မႈတစ္ခုကို ဖန္တီးလာသည္။ သို႔ေသာ္ ခ်စ္ရသူကို အသာအယာတြန္းကာ အထိန္းအကြတ္ လြတ္ေတာ့မေယာင္ အျပဳအမူကို တားဆီးလိုက္ပါသည္။

"ကားထဲမွာေနာ္ ေမာင္..."

သၽွားအိမ္ ေစာဒကမတက္ပါ။ ကံေကာင္းေထာက္မစြာပင္ ကားက သူ႔၏ apartment ေရွ႕သို႔ ဆိုက္ေရာက္လာေတာ့သည္။ ကားေပၚမွဆင္းသည္ႏွင့္ ဘာမၽွမေျပာနိုင္။ ခ်စ္သူ၏ လက္ကိုဆြဲၿပီး တိုက္ေအာက္သို႔ ေျခလွမ္းမွန္မွန္ျဖင့္ ျမန္ျမန္လွမ္းကာ ဝင္ခဲ့သည္။ ဓါတ္ေလွကားခလုတ္ကို ႏွိပ္ရင္း သၽွန္ေနာင္အား ၾကည့္လိုက္မိပါသည္။ ဒင္က သူ႔အား ခပ္ဆိုးဆိုးကေလးတစ္ဦးကို အလိုလိုက္ကာ ခြင့္လႊတ္ထားေသာ အစ္ကိုႀကီးတစ္ေယာက္လို မ်က္ႏွာေပးျဖင့္ ျပဳံးကာ ၾကည့္ေနသည္။

'အဟင္း... ဒီညလြန္ရင္ ခင္ဗ်ား က်ဳပ္ကို ဒီလိုၾကည့္ဦးမလား ၾကည့္ၾကေသးတာေပါ့။' ဟု စိတ္ထဲမွသာ ၾကဳံးဝါးလိုက္ပါသည္။

ဓါတ္ေလွကားထဲသို႔ ဝင္လၽွင္ ဘယ္သူမွမရွိ။ ဤသည္ကို အခြင့္ေကာင္းယူလိမ့္မည္ဟု ေမၽွာ္လင့္ေနဟန္ျဖင့္ ၾကည့္ေနေသာ သၽွန္ေနာင္၏ မ်က္လုံးမ်ားကို လ်စ္လ်ဴရႈကာ သူ ေနထိုင္ရာ အလႊာသို႔ ျမန္ျမန္ေရာက္ပါေစေၾကာင္းသာ ဆုေတာင္းေနမိသည္။ ဓါတ္ေလွကားက သူေနေသာ အလႊာတြင္ ပြင့္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ သၽွန္ေနာင္၏ လက္ကိုဆြဲကာ အခန္းဆီသို႔ ပုံမွန္ႏႈန္းထက္ပိုကာ ခပ္သြက္သြက္ေလၽွာက္လာခဲ့သည္။ အေရးထဲ အခန္းေသာ့က ကက်ိဳးကေၾကာင္လုပ္ေနလို႔ တံခါးဝတြင္ တစ္မိနစ္ေလာက္ ၾကာသြားသည္။

အခန္းတံခါးမွလြန္၍ အိမ္ေရွ႕ဧည့္ခန္းထဲေရာက္သည္ႏွင့္ သၽွားအိမ္က ႐ုတ္တရက္ဆိုသလို သၽွန္ေနာင္ကို ခါးမွကိုင္ကာ နံရံႏွင့္ ကပ္လိုက္ၿပီး အေစာက နမ္းရွိုက္ခဲ့ေသာ လည္တိုင္တေလၽွာက္တြင္ အနမ္းမ်ားျဖင့္ စုံခ်ည္ဆန္ခ်ည္ ကူးခတ္ေနမိသည္။ ၿပီးလၽွင္ လည္တိုင္မွသည္ အထက္သို႔ဆန္တက္ကာ သူ႔အား ငံလင့္ေနဟန္ရွိေသာ ႏႈတ္ခမ္းတို႔ကို အနမ္းၾကမ္းၾကမ္းတို႔ေပးေနရင္းမွ ခ်စ္ရသူ၏ ရစ္မူးဖြယ္ ခႏၶာကိုယ္ကို ဖုံးကြယ္ထားေသာ ထိုအဝတ္မ်ားေပၚရွိ ၾကယ္သီးမ်ားကို စိတ္မရွည္စြာ ျဖဳတ္ေနမိပါသည္။

သၽွန္ေနာင္မွာ အနမ္းတို႔မွတဆင့္ အာခံတြင္းထဲသို႔ တိုးဝင္လာေသာ အရက္နံ့ေၾကာင့္ ပ်ိဳ႕တက္ခ်င္သည္လာသည္ကို ကပ်ာကယာ ထိန္းခ်ဳပ္လိုက္ရသည္။ သို႔ေသာ္ မႏွစ္ၿမိဳ႕ဖြယ္ရာေကာင္းလွေသာ ထိုအနံ့က ေခါင္းတခုလုံးေနာက္က်ိေအာင္ ျပင္းထန္လာသည့္အျပင္ ထိုလက္အစုံက အဝတ္အစားေအာက္ရွိ သူ႔ခႏၶာကိုယ္ေပၚသို႔ အၾကမ္းပတမ္းဆန္လွစြာ က်ဴးေက်ာ္လာသည္တြင္ သူ႔၏ ထိန္းခ်ဳပ္နိုင္စြမ္းတို႔မွာ အပိုင္းပိုင္းအစစျဖစ္ေအာင္ က်ိဳးျပတ္ကုန္ေတာ့သည္။ အက်ိဳးဆက္အားျဖင့္ ရြံမုန္းစက္ဆုပ္ဖြယ္ရာေကာင္းလွသည့္ ပုံရိပ္မ်ားသည္ သူ႔စိတ္အာ႐ုံထဲသို႔ တရိပ္ရိပ္ေျပးဝင္လာကာ သူအား ငရဲတြင္းထဲသို႔ မရမကတြန္းခ်ပါေတာ့၏။ ဤတြင္ ေသြး႐ူးေသြးတမ္းျဖင့္ သၽွားအိမ္အား တြန္းထုတ္လိုက္ၿပီး စားထားသမၽွအားလုံးကို ေနရာမွာပင္ အန္ထုတ္လိုက္သည္။ ထို႔ေနာက္ တစ္စုံတစ္ခုက သူ႔ခႏၶာကိုယ္မွ ရွိရွိသမၽွ အားတို႔စုပ္ယူလိုက္သလို အင္အားတို႔ ကုန္ခမ္းသြားေတာ့သည္။

သၽွားအိမ္မွာ ခ်စ္သူထံမွ မထင္မွတ္စရာ‌ေကာင္းလွသည့္ တုန႔္ျပန္မႈေၾကာင့္ နားမလည္ေအာင္ရွိသည္တြင္ ႐ုပ္ႀကိဳးျပတ္သလို နံရံကိုမွီကာ ထိုင္ရက္ လဲက်သြားေသာ ထိုလူေၾကာင့္ ဘာျဖစ္သည္ကို စဥ္းစားဆင္ျခင္ရန္ မအား။ ေခြေခြေလးထိုင္ေနေသာ ခ်စ္သူအား ကပ်ာကယာ ေျပးေပြ႕လိုက္ကာ...

"Baby... Baby? ဘာျဖစ္တာလဲ။"

သို႔ေသာ္ သၽွန္ေနာင္က သူ႔အေမးကို မေျဖ။ သူ႔အား ျမင္ဟန္ပင္မတူ။ ေငးေၾကာင္ေၾကာင္ မ်က္လုံးမ်ားျဖင့္ ေရွ႕တည္တည့္သို႔သာ တူရႈလၽွက္ အေဝးတေနရာသို႔ၾကည့္ေနသလို ေတြေတြႀကီးၾကည့္ေနလၽွင္ သူ႔စိုးရိမ္‌ေရမွတ္တို႔သည္ ဂိတ္ဆုံးသို႔ တိုင္ကုန္ေတာ့သည္။

"Baby... Baby...?"

သၽွားအိမ္က ပါးစပ္မွ ေခၚလည္းေခၚသလို ခ်စ္သူ၏ပါးတစ္ဖက္ကို ခပ္ဖြဖြပုတ္လိုက္သည္။ ထိုအခါ သၽွန္ေနာင္မွာ သတိဝင္လာဟန္ျဖင့္ သူ၏ ပါးႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္၍ မ်က္ႏွာကို ၾကည့္လာသည္။ သို႔ေသာ္ ထိုသမင္မ်က္ဝန္းထဲမွ အၾကည့္တို႔က ေရေရရာရာမရွိ။

"ေမာင္... ေမာင္...?"

ခ်စ္သူ၏ ဇေဝဇဝါ အျပဳအမူေၾကာင့္ သၽွားအိမ္မွာ ပို၍ပင္ စိုးရိမ္လာေတာ့သည္။

"အင္း... ဟုတ္တယ္။ ေမာင္ေလ။"

"အင္...."

ထို႔ေနာက္ အခန္းဝန္းက်င္ကို ဇေဝဇဝါျဖင့္ ၾကည့္ျပန္သည္။

"ဟိုမေအ-ိုးႀကီးေကာ...?"

"ဘယ္သူ?"

သၽွားအိမ္မွာ ခ်စ္သူ၏ နားလည္ရခက္ေသာ အေျခအေနကိုၾကည့္ကာ ဘာလုပ္ရမွန္း မေတြးတတ္ေအာင္ရွိပါ၏။ သို႔ေသာ္ ထိုလူကေတာ့ သူ႔ရင္ခြင္ထဲသို႔ တိုးဝင္ကာ....

"ကို ခဏ အိပ္မယ္ေနာ္"

"Baby... Baby...."

သၽွန္ေနာင္က သူေခၚသည္ကို နားမေထာင္ေတာ့။ အိပ္မက္ကမၻာဆီသို႔ တိုးဝင္သြားၿပီျဖစ္သည္။

သၽွာအိမ္ခမ်ာ ေျခမကိုင္မိလက္မကိုင္မိ။ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိ။ ထိုစဥ္ ျဖတ္ခနဲဆိုသလို မိုင္းမိုင္ကို သတိရသြားသည္။ ထိုငတိေလးကေတာ့ ဒီလိုအေျခအေနကို ေတြ႕ဖူးၾကဳံဖူးေနၾကျဖစ္ရာ ဘာလုပ္ရမည္သိနိုင္သည္။ ထို႔ေၾကာင့္ မိုင္းမိုင္းကို ဖုန္းေခၚရန္ ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ယူလိုက္သည္။ သို႔ေသာ္ နံပါတ္မ်ားကို မႏွိပ္နိုင္မွီတြင္ ပိုက္ဆံအိတ္ထဲမွ လိပ္စာကဒ္တခုကို သတိရသြားျပန္သည္။ ဤတြင္ ခ်က္ခ်င္းပင္ အစီအစဥ္ေျပာင္းကာ ပိုက္ဆံအိတ္ထဲမွ ထိုလိပ္စာကဒ္ကို ထုတ္ယူလိုက္ၿပီး ကဒ္ေပၚမွ နံပါတ္အတိုင္းႏွိပ္လိုက္ပါေတာ့သည္။

"ဟဲလို... ေဒါက္တာ ၿငိမ္းဟန္လား ခင္ဗ်ာ?......"

--------------------------------------

September 7, 2019 Saturday

Edited on – Jan 31, 2021

-------------------------------------

Continue Reading

You'll Also Like

254K 9.3K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
1M 63.7K 70
(Myanmar Boy Love Fiction- OC) It's You ဆိုတဲ့အတိုင်း မင်းနဲ့မှ ဖြစ်တည်လာရတဲ့ အချစ်တွေပါ... မအလ ငပုကြောင့် စိတ်တွေညစ်နေရချိန်မို့ ခဏလောက် ဒီမှာလာပြီး...
29.8K 3.6K 16
[ ခေါင်းစဉ်လေးအတိုင်း ဂျစ်ပစီတစ်ယောက်ရဲ့ လွင့်မြောနေတဲ့ အတွေးစတွေပါပေါ့ စီးကရက်တစ်ရှိုက်ဖွာတိုင်း... မိုးဖွဲတစ်ခါကျတိုင်း တစ်ယောက်တစ်ယောက််ကိုမှန်းပြ...
127K 7.5K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...