လက်သည်းက လက်ဖဝါးထဲကို ခပ်နက်နက်နစ်ဝင်သွားပြီး သွေးတချို့စီးကျလာတယ်။
"သူ့ကိုတွေ့ပါရစေ"
မျက်ဝန်းတွေနီရဲနေတဲ့ မိန်းကလေးက ကြီးမားတဲ့စံအိမ်ရှေ့မှာ တုန်လှုပ်စွာရပ်နေရင်း ပြောလိုက်တယ်။
သူမပါးပြင်ပေါ်မှာ မျက်ရည်တွေပေကျံနေပြီး သူမရဲ့အောက်နှုတ်ခမ်းကို အားနဲ့ဖိကိုက်ထားလေတယ်။ သူမကအရိုးပေါ်အရေတင်အောင် ပိန်လွန်းလှတယ်။ လေခပ်ပြင်းပြင်းတိုက်ခတ်ရင်တောင် လွင့်ထွက်သွားတော့မလိုပဲ။
သူမရဲ့မျက်နှာချင်းဆိုင်မှာတော့ နောက်ထပ်မိန်းကလေးတစ်ယောက်ရှိနေတယ်။ သူမတို့နှစ်ယောက်ရဲ့ အသွင်အပြင်တွေက ကောင်းကင်နဲ့မြေကြီးလိုကွာခြားလှတယ်။
ဟွေ့ရင်ရဲ့ဆံပင်တွေက မှိန်ဖျော့နေပြီး နျန်ကျန်းရဲ့ဆံနွယ်တွေက ထူထဲပြီး တောက်ပနေတယ်။ ဟွေ့ရင်ရဲ့ပါးပြင်က ခြောက်သွေ့ကြမ်းတမ်းနေပြီး နျန်ကျန်းရဲ့ပါးပြင်က နူးညံ့ပြီး နှင်းဆီသွေးထင်နေတယ်။ ဟွေ့ရင်ရဲ့ခန္ဓာကိုယ်က အားနည်းပြီး ဖျားနာနေပုံပေါ်တယ်။ နျန်ကျန်းရဲ့ကိုယ်ခန္ဓာကတော့ ကျန်းမာသန်စွမ်းပြီး ကျက်သရေရှိလှတယ်။
သူတို့ကိုမြင်တဲ့ဘယ်သူမဆို ဟွေ့ရင်ဟာ တစ်ချိန်တုန်းက အသက်ရှူမှားလောက်တဲ့အလှအပကို ပိုင်ဆိုင်ပြီး သူမကိုကြည့်မိတဲ့ ယောက်ကျားအားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်ဆိုတာ ယုံမှာမဟုတ်လေဘူး။
အဲ့ဒါ လုရှန်းကြောင့်ပဲ။ ဟွေ့ရင်က သူ့အချစ်ကိုရယူနိုင်ဖို့ အားလုံးကိုပေးဆပ်ခဲ့တယ်။
အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာဖို့ သူမကိုယ်သူမနှိမ့်ချနေထိုင်ခဲ့တယ်။ ပြီးတော့ သူ့မိသားစုရဲ့အသိအမှတ်ပြုတာကို ခံရဖို့ သူမရဲ့အိပ်မက်တွေကို ချိုးနှိမ်ထားခဲ့တယ်။ နျန်ကျန်းပေးတဲ့ *ပျားရည်ဆမ်းတဲ့ရှာလကာရည်လိုအကြံတွေကြောင့် သူမအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေကလွဲလို့ တစ်ခုခုဝယ်လိုက်မိရင်ကို လုရှန်းနဲ့သူ့မိသားစုက သူမကို ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့မိန်းမလို့ထင်သွားလိမ့်မယ်၊ သူမကိုယ်သူမဂရုစိုက်တာက အပိုတွေလုပ်နေတာပဲလို့ ယုံကြည်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ ဟွေ့ရင်က ပျောက်ဆုံးလာတယ်။
သူမအဝတ်အစားတွေက သူနာပြုအုပ်နဲ့တူလာပြီး သူမရဲ့ဂရုမစိုက်မှုကြောင့် အလှအပတွေကလည်း လျော့ပါးလာတယ်။ ညတိုင်း လုရှန်းအလုပ်ရှုပ်နေချိန် သူ့အတွက်ချက်ပြုတ်ပေးဖို့ သူမညဉ့်နက်တဲ့အထိနေခဲ့တယ်။ ပြီးတော့ သူ့အတွက်မနက်စာပြင်ဆင်ပေးဖို့ မနက်တိုင်း အစောကြီးထခဲ့တယ်။ သူတို့လက်ထပ်ထားတဲ့နှစ်တွေအတွင်းမှာ သူမဟာ ဇနီးမယားတစ်ယောက်ထက် အစေခံတစ်ယောက်နဲ့ပိုတူနေခဲ့တယ်။
ဒီအားထုတ်မှုတွေအတွက် သူ့ဆီကပြန်ရခဲ့တာ အေးစက်စက်အကြည့်တစ်ချက်ပါပဲ။
သူက သူမကို သူ့မိန်းမအဖြစ် မသတ်မှတ်ခဲ့ဘူး။ သူ သူမကို ကြည့်တယ်ဆိုကတောင် ရှားပါးတယ်။
ဒီတစ်လျှောက်လုံး နျန်ကျန်းရှိနေလို့ ဟွေ့ရင် စိတ်အေးရတယ်။ အကြောင်းက သူမဟာ ဟွေ့ရင်ရဲ့အကောင်းဆုံးသူငယ်ချင်း၊ ပြီးတော့ လုရှန်းနဲ့လည်း ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့လို့ပဲ။ နျန်ကျန်းက လုရှန်းကို သူမဟာ ဘယ်လိုကောင်းတဲ့ဇနီးတစ်ယောက်ဖြစ်ကြောင်း ကောင်းကွက်တွေထောက်ပြပြီး သူ့စိတ်ကို တဖြည်းဖြည်းပြောင်းပေးနိုင်လိမ့်မယ်လို့ ဟွေ့ရင်ထင်ခဲ့တယ်။
ဒါပေမယ့် နျန်ကျန်းပြောတဲ့ 'သူ့ကိုဂရုစိုက်ပါ' ဆိုတာက သူမထင်တာနဲ့ အကြီးအကျယ်ကွဲလွဲနေခဲ့တယ်။
သူမက အစေခံတစ်ယောက်လို ကြိုးစားပမ်းစားအလုပ်လုပ်နေချိန်မှာ သူတို့နှစ်ယောက်က ညအခါသူမအိပ်စက်တဲ့အိပ်ယာပေါ်မှာ ပျော်မြူးနေကြလေရဲ့။(ဒီနားလေး မပြန်တတ်တော့လို့ပါㅠㅠ)
သူမက ရုပ်ဆိုးမှုကြောင့် သူမယောက္ခမရဲ့ အလှောင်ခံရယ်စရာလေးဖြစ်နေချိန်မှာ နျန်ကျန်းက တဖြည်းဖြည်းနဲ့ မစ္စလုလိုချင်တဲ့ ဂုဏ်သရေရှိ ချွေးမလေးဖြစ်လာတယ်။
သူမက လုရှန်းကို အကြင်နာမျက်ဝန်းတွေနဲ့ကြည့်နေစဉ်မှာ သူကတော့ တစ်ပါးသောမိန်းမကို အချစ်အပြည့်နဲ့ငေးမောနေခဲ့တယ်။
အခုတော့ ဒီမိန်းမသားနှစ်ယောက် မျက်နှာချင်းဆိုင်တွေ့ကြပြီ။ သူတို့ရဲ့ကံကြမ္မာတွေကတော့ လုံးဝကို ဆန့်ကျင်နေလေရဲ့။
နျန်ကျန်းက ချိနဲ့နေတဲ့ ဟွေ့ရင်ကိုကြည့်ပြီး နှုတ်ခမ်းသားတွေကို အသာအယာတွန့်ချိုးလိုက်တယ်။
"နင် ဒီမှာ ဘာလုပ်နေတာလဲ? ငါတို့အိမ်ထဲကို အမှိုက်တွေ အဝင်မခံဘူးဆိုတာ မသိဘူးလား?"
ဟွေ့ရင် ရှုံ့မဲ့သွားတယ်။ ဒီကြီးမားတဲ့အိမ်ဂေဟာက တစ်ချိန်တစ်ခါက သူမရဲ့အိမ်ဖြစ်ခဲ့ဖူးတယ်။ အခုတော့ သူမ ဝင်ပေါက်ကိုတောင် ဖြတ်လို့မရတော့ဘူး။
"ငါ သူ့ကိုတွေ့ဖို့လိုတယ်"
သူမက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထပ်ပြောလိုက်တယ်။
"ဒီလိုယုံကြည်မှုမျိုး နင်ဘယ်ကရလာတာလဲ?"
နျန်ကျန်းက အထင်သေးစွာ လှောင်တယ်။
"သူ နင့်ကိုမတွေ့ချင်ဘူး။ တကယ်တော့ သူငါ့ကိုပြောတယ်...ဒီနှစ်တွေအတွင်း နင့်ဘေးမှာနိုးထလာရတာ အဆုံးမရှိတဲ့ အိပ်မက်ဆိုးကြီးထဲမှာ ပိတ်မိနေသလိုပဲတဲ့။ အခုတော့ သူနိုးလာရင် ငါရဲ့လှပတဲ့မျက်နှာကို မြင်ရပြီ။ နင်ကအမှိုက်ပဲ၊ ဟွေ့ရင်"
သူ့ထံက ရိုင်းစိုင်းစွာဆက်ဆံခံရတာကို အသားကျနေပေမယ့်လည်း ဟွေ့ရင်အသည်းက ထပ်ပြီးကွဲသွားပြန်သေးတယ်။
သူဘယ်လောက်ပဲ သူမအသည်းကို ခွဲခဲ့ခွဲခဲ့၊ အနာဖေးတက်ပြီးတဲ့နောက်မှာလည်း ထပ်ပြီးခွဲစေဦးတော့၊ သူမကတော့ သူ့ကိုတွယ်ကပ်ပြီး အနည်းငယ်မျှသောအချစ်ကို တောင်းခံနေဦးမှာပါပဲ။