11.10
ဘားနတ်နဲ့ သူ့အဖွဲ့သားတွေက အဆိပ်ရှိတဲ့ နဂျီကောင်အုပ်ကနေ ပြေးလွတ်ခဲ့ပြီး ဆုံရပ်ဆီ ဦးတည်၍ နာရီဝက်ကြာတဲ့အထိ လမ်းလျှောက်လာကြတယ်။ ဘာအန္တရာယ်မှတော့ ကြုံမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်စွမ်းအားက အပြင်းအထန် အတက်အကျ အပြောင်းအလဲ ဖြစ်လာတယ်။
သူတို့ရဲ့ terminal တွေသာ မကန့်သတ်ထားဘူးဆိုရင် သူတို့ဟာ ဒီအပြောင်းအလဲက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်စေနိုင်ပြီး အဆိုးမြင်အတွေးတွေကို ပိုအားပေးကာ အန္တရာယ်ရှိတယ်ဆိုတာ စစ်ဆေးတွေ့ရှိနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ သူတို့က အပြောင်းအလဲမှု သေးသေးလေးတောင် မခံစားမိပါဘူး။
ဘားနတ်က အဆင့် ကို မကြာခဏ စိုက်ကြည့်ရင်း သူ့အမူအယာက မြင်မကောင်းလောက်အောင် ဆိုးရွားနေလေတယ် ။
" ဘာလို့ စီရှယ်က နံပါတ် တစ် ဖြစ်နေရတာလဲ။ သူ လိမ်လည်ထားတာပဲနေမှာ။ ချယ်မန်းစစ်ကျောင်းဆီ အတိအလင်း တိုင်ကြားချင်တယ်"
" မင်းမှာ သူများကို အမြဲတမ်း ပြောဆိုခွင့်မရှိဘူး။ စီရှယ်က လိမ်လည်ထားတာမဟုတ်ဘူး။ အားလုံးလည်း သိပြီးသား"
သိမ်မွေ့တဲ့ ပုံပေါက်တဲ့ အဖွဲ့သားတစ်ယောက်က ဘားနတ်ကို အလွန်အထင်သေးတဲ့ အသံမျိုးနဲ့ ပြန်လည်ချေပ ပြောဆိုလိုက်တယ်။ သူက ဒါကို သူ့စိတ်ထဲ အကြာကြီး သိမ်းထားခဲ့တာ ဖြစ်တယ်။ သူက ဘားနတ်ရဲ့ စိတ်သဘောထား သေးသိမ်တာတွေ၊ အလိုဆန္ဒတွေကို စိတ်ကုန်နေပြီ ဖြစ်တယ်။
တခြား အဖွဲ့သားတွေကလည်း သူ့ကို တအံ့တသြ ကြည့်လာကြတယ်။
ဘားနတ်ရဲ့ အမူအယာက ပြင်းထန်နေပြီး သေနတ်ကို ထုတ်ကာ ကောင်လေးရဲ့ မျက်ခုံးကြားကို ချိန်ပြီး အံကြိတ်ရင်း မေးလိုက်တယ်။
" မင်း ဘာပြောလိုက်တယ်"
"မင်းမှာ သူများကို အမြဲတမ်း ပြောဆိုနေခွင့် မရှိဘူး။ မင်းသာ နဂျီကောင်အသိုက်က်ု ဖောက်ခွဲဖို့ ရူးကြောင်ကြောင် အမိန့်မပေးခဲ့ရင် ငါတို့တွေ သေမလိုဖြစ်ခဲ့မှာ မဟုတ်ဘူး။ တစ်ခုခုမလုပ်ခင် အရင် ချင့်ချိန် မဆုံးဖြတ်ဘူးလား။
မင်းကိုမင်း စွမ်းအားကြီးပြီး တန်ခိုးရှိတယ် ထင်နေလား ။ မင်းက အော့စ်ဘွန်း မက်သရူး မဟုတ်...."
ဒီလူက မကြောက်မရွံ့တော့ဘဲ ဆက်တိုက် ပြောဆိုခဲ့တယ်။
ဘားနတ်က သူ့စကားကို ပြီးအောင်ပြောဖို့ စောင့်မနေဘဲ ကျည်တစ်ချက်နဲ့ သူ့အသက်ကို နှုတ်ယူလိုက်ပြီး အလောင်းကို အမှိုက်အိတ်လိုမျိုး ကန်လွတ်လိုက်တယ်။
ကျန်တဲ့ အဖွဲ့သားတွေကလဲ တုန်လှုပ်ခြောက်ခြားနေကြပြီး မယုံကြည်နိုင်မှုတွေနဲ့ ကြည့်နေကြတယ်။ သူတို့က ဘားနတ်က သူ လုပ်နေကျအတိုင်း လုပ်နေတာဖြစ်ပြီး လူမသတ်ရဲဘူးလို့ တွေးနေကြတာ ဖြစ်တယ်။ အဖွဲ့သားကို အခု သတ်လိုက်ပေမဲ့လည်း သူတို့ကလည်း တူညီတဲ့ အခြေအနေ အောက်မှာ ရှိနေတယ်။
ကြယ်တာရာကွန်ယက်မှာ ရှိတဲ့ လူတွေက ပွက်လောရိုက်နေကြပြီး ဘားနတ်က ရူးသွားပြီလား ဆိုပြီး ဆက်တိုက် အော်ဟစ်နေတယ်။ တတိယစာမေးပွဲက သေစေနိုင်ပေမဲ့ ဖြေဆိုသူတွေက ဇာ့ဂ်တွေနဲ့ တိုက်ပွဲမှာ ကျရှုံးတာ ဖြစ်တယ်။ ဒီလို ဖြေဆိုသူအချင်းချင်း သတ်ဖြတ်တဲ့ အခြေအနေမျိုး တခါမှ မဖြစ်ဖူးလေဘူး။
အနည်းဆုံးတော့ ပွင့်ပွင့်လင်းလင်း မဟုတ်ဘူးပေါ့ ...
ဘားနတ် သတ်ချင်တိုင်း သတ်နေရအောင် အဲဒီလောက် ယုံကြည်မှုတွေ ဘယ်သူက ပေးထားတုန်း။
လ်ုင်းပေါ်ကလူတွေကလဲ အခြေအနေ ပြင်းထန်နေကြတယ်။ သူတို့ဟာ ကျောင်းအား ဘားနတ်ကို ဖမ်းဆီးပြီး စစ်တပ်ဘက် အပ်ဖို့ တောင်းဆိုနေကြတယ်။ အယ်ဒရစ် မိသားစုကလဲ စိုးရိမ်နေပြီး ချယ်မန်းမှ ဆရာတွေဆီ ဘားနတ်ကို ပြန်ခေါ်ခဲ့ဖို့ ချက်ချင်း ဆက်သွယ်ခဲ့တယ်။
ဘားနတ်က သူရဲ့ အဖွဲ့သား သတ်လိုက်တာကို ဂလက်ဆီတစ်ခုလုံးက ကြည့်ရှုနေတာဖြစ်ပြီး အသတ်ခံလိုက်ရတဲ့ အဖွဲ့သားရဲ့ နောက်ခံက အဲဒီလောက် မရိုးရှင်းပေ။
သူ့မိသားစုက အရမ်းကို အောင်မြင်နေတဲ့ စီးပွားရေးသမားတွေ ဖြစ်ပြီး ဒီအင်ပါယာရဲ့ တတိယမြောက် အချမ်းသာဆုံး မိသားစု ဖြစ်တယ်။ သူတို့က ငွေကြေးအရ မပြတ်လပ်ပေမဲ့ သူတို့မှာ စစ်တပ်နဲ့ နိုင်ငံရေး အဆက်အသွယ်တွေ မရှိကြပေ။ အဲဒါကြောင့် သူတို့ဟာ အဆင့်အတန်း မြင့်မားတဲ့ အယ်ဒရစ် မိသားစုနဲ့ ပူးပေါင်းခဲ့တာ ဖြစ်လေတယ်။
အခု သူတို့မိသားစုရဲ့ အလားလာ အကောင်းဆုံးဖြစ်တဲ့ ကလေးက အများရှေ့ အသတ်ခံလိုက်ရတာ ဖြစ်တယ်။ သူတို့က ဒီကိစ္စကို ခွင့်မလွတ်နိုင်ပေ။
စစ်တပ်အတွက် အထောက်အပံ့တွေ ရပ်ဆိုင်းမှုကို ဆွေးနွေးညှိနှိုင်းမှု ကျရှုံးစေခဲ့တာ ဖြစ်ပြီး နောင်အနာဂတ်မှာ မဆုံးနိုင်တဲ့ ဒုက္ခတွေ ကြုံတွေ့စေမှာ ဖြစ်တယ်။
ပြီးတော့ ဘားနတ်အနေနဲ့ ညီလာခံက ချမှတ်တဲ့ ပြစ်ဒဏ်စီရင်ချက်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး ရဲဘော်ရဲဘက်ကို သတ်တာက သေးငယ်တဲ့ ရာဇဝတ်မှု မဟုတ်တဲ့အတွက် ခိုင်မာတဲ့ သက်သေနဲ့ဆိုရင် သေဒဏ်ထိ ကျခံရမှာ ဖြစ်တယ်။ အဆက်အသွယ် သုံးရင်တောင် ဒီကနေ မလွတ်မြောက်နိုင်လောက်ပေ။
ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အခြေအနေကို နားမလည်ဘဲ ဘားနတ်က သူ့အဖွဲ့ထဲက လူတစ်ယောက်ကို သတ်လိုက်ပြီးတဲ့နောက်တောင်မှ လိပ်ပြာမသန့် မဖြစ်လေဘူး ။ သူက သစ်တောအနက်ပိုင်းဆီ လမ်းလျှောက်ရင်း ကျိန်ပြောလေတယ်။
" စီရှယ် ... အဲခွေးကောင် ငါ့ကို ဘယ်တော့မှ မကျော်စေရဘူး။ ငါ့အဖေကလည်း သူ့အဘိုးကို ဖယ်ရှားနိုင်ခဲ့သလို ငါလည်း သူ့ကို ဖယ်ထုတ်ပစ်မယ်။ မကြာခင် တစ်နေ့တော့ သူနဲ့ သူ့အဘိုးကို အမြစ်ပြတ် ချေမှုန်းပစ်မယ်။ လာကြ .... ပန်းအသွင် ရှိခိုးကောင်တွေ သွားသတ်ကြမယ်"
အကုန်လုံးသိတဲ့အတိုင်း ပန်းအသွင် ရှိခိုးကောင်တွေက မှော်ပန်းပွင့်လို့ခေါ်တဲ့ အပင်တွေနဲ့ ဆက်စပ်နေတယ်။ ဒီပန်းအသွင် ရှိခိုးကောင်တွေ သားလောင်းဘဝတုန်းက သူတို့ရဲ့ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာ ရဖို့အတွက် အပင်ရဲ့ အဆီအနှစ်တွေပေါ် မှီခိုကြရတယ်။
တကယ်လို့ အဲဒီပန်းပင်တွေ အုံလိုက်သာ တွေ့ခဲ့ရင် ပန်းအသွင် ရှိခိုးကောင်တွေကိုလဲ အနီးအနားမှာ တွေ့ရှိနိုင်တယ်။ သူတို့ဟာ အကောင်ရေ အနည်းငယ်ကို အမြန်သတ်နိုင်ရုံနဲ့ top အဆင့် ထဲရောက်သွားလိမ့်မယ်။
ဒီအကြံက ကောင်းပေမဲ့ အန္တရာယ်လည်း များတယ်။ ဒီလို ပုံမှန်ရိုးရှင်းတဲ့ လက်နက်နဲ့ ပန်းအသွင် ရှိခိုးကောင်တွေကို သွားသတ်တာက သေမင်းဆီ လမ်းလျှောက်သွားတာနဲ့ အတူတူ ဖြစ်လေတယ်။
အဖွဲ့သားတွေက နေရာမှာ မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်က စိတ်ဆိုးစွာ ပြောဆိုလေတယ်။
" ဘားနတ် ... မင်းက Leo ကို သတ်ပြီး ဒီအတိုင်းထားခဲ့မယ်ပေါ့။ ဇာ့ဂ်တွေ ကိုက်ဖြတ်ဖို့ သူ့အလောင်းကို ထားခဲ့တာလား။ မင်းက မကောင်းဆိုးဝါးပဲ။ ငါ ဒီအဖွဲ့ကနေ ထွက်မယ်"
" မင်းက ငါ့ကို ပုန်ကန်တယ်ပေါ့။ ကောင်းပြီလေ ... ဒါပေမဲ့ သေမှရမယ်" ဘားနတ်က အဲလူရဲ့ မျက်ခုံးကြားကို သေနတ်နဲ့ လှမ်းပစ်လိုက်တယ်။
သူက တခြားအဖွဲ့သားတွေကို နှာခေါင်းရှုံ့ရင်း
"ဒါကို မှတ်ထား။ မင်းတို့အားလုံးက အယ်ဒရစ် မိသားစုရဲ့ လက်အောက်ခံတွေပဲ။ မင်းတို့တွေ ငါရဲ့ အယ်ဒရစ် မိသားစုကို နာခံရမယ်။ ငါ့ကို ပြန်ပြောရဲတဲ့သူမှန်သမျှ သတ်ပစ်မယ်"
ကျန်တဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး သူ့နောက် တိတ်တိတ်လေး လိုက်သွားခဲ့ကြတယ်။
ကြယ်တာရာကွန်ယက်က နောက်တစ်ကြိမ်ထပ်ပြီး ပွက်လောရိုက်နေခဲ့တယ်။ ဘားနတ်ရဲ့ စကားလုံးတွေ စိတ်နေသဘောထားတွေက အရမ်းကို မကောင်းဆိုးဝါးဆန်လွန်းတယ်။
သူက ပြောလိုက်သေးတယ် 'ငါ့အဖေ ကလည်း သူ့အဘိုးကို ဖယ်ရှားနိုင်ခဲ့သလို ငါလည်း သူ့ကို ဖယ်ထုတ်ပစ်မယ်' ဟုတ်လား။
ဒါက ဘားနက်အိုကြီးရဲ့ မတော်တဆမှုက အယ်ဒရစ် မိသားစုရဲ့ ကြံစည်မှုကြောင့်ဆိုတာ တစ်ဖက်လှည့်ဝန်ခံတာပဲ မဟုတ်လား။
အယ်ဒရစ် မိသားစုရဲ့ အပြုအမူတွေက အထက်စီး မဆန်သင့်ဘူး။ သူတို့ရဲ့လက်အောက်မှာ ရှိနေတဲ့သူတိုင်းက လူ့အခွင့်အရေး မရရှိနိုင်ဘူးလား။
သတ်ချင်တဲ့သူ သတ်နေတာက လန်နွန်း အင်ပါယာရဲ့ ဥပဒေကို မလေးစားတာပဲ။
အဲလိုမိသားစုမျိုးက စစ်တပ်ကို တာဝန်ယူနေတာလား ...
သူတို့ရဲ့ အုပ်ချုပ်မှုက နိုင်ငံကိုကာကွယ်ဖို့အတွက်လား၊ ကိုယ်ကျိုးအတွက်လား ...
လိုင်းပေါ်ကလူတွေကလဲ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ထိထိမိမ မေးနေကြပြီး အယ်ဒရစ် မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကလဲ အခက်အခဲကို ရုန်းကန်ဖြေရှင်းနေရတယ်။
အဲဒီအချိန်မှာ အယ်ဒရစ် မိသားစုနဲ့ မဟာမိတ်ပြုထားခဲ့တဲ့ အင်အားစုတွေက တုန်လှုပ်နေခဲ့တယ်။ ဘားနတ်ရဲ့ အပြုအမူက အယ်ဒရစ် မိသားရဲ့ ရွံ့ရှာစပ်ဆုပ်ဖွယ်ကောင်းပြီး ပရိယာယ်များတတ်တဲ့ သဘာဝကို ထင်ဟပ်ပြသနေတယ်။ အယ်ဒရစ် မိသားစုနဲ့ ပူးပေါင်းတဲ့သူတွေက အချိန်မရွေး သစ္စာဖောက်ခံရမလား၊ အသတ်ခံရမလားဆိုပြီး သတိထားနေရတယ်။
ကောင်းမွန်ခြင်း မရှိတဲ့သူတွေက ဒါကို သည်းခံခဲ့ရတယ်။ သူတို့က အပေါ်ယံသာ ငြိမ်နေတာဖြစ်ပြီး လွှတ်မြောက်ဖို့အတွက် အခွင့်အရေး တိတ်တဆိတ် ရှာနေတာ ဖြစ်တယ်။ သူတို့က ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ဘားနက်အိုကြီးကို တွေးမိပြီး သူတို့သာ ဘားနက်မိသားစုထဲ ရှိနေသေးရင်ဆိုတဲ့ အတွေးနဲ့ နောင်တရပြီး သက်ပြင်းချနေကြတယ်။
ဂျော်နီ ဘားနက်ရဲ့ ဘားနက်အိမ်တော်အတွက် မစွမ်းဆောင်နိုင်စွမ်းကြောင့် မဟုတ်ခဲ့ဘူးဆိုရင် သူတို့က အယ်ဒရစ် မိသားစုဆီ ရောက်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ဘားနက်မိသားစုက ထူးချွန်လှတဲ့ စီရှယ် တစ်ယောက်လုံး ရှိနေပြီး သူတို့က အရင်လို ခမ်းနားကြီးကျယ်မှုတွေ ပြန်လည်ရရှိနိုင်တယ်။ အဲဒါကြောင့် ဘားနက်မိသားစုဆီ ပြန်သွားခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်တယ်။
ဒါပေမဲ့ လူတိုင်းက တင်းမာနေတဲ့ အခြေအနေအောက်မှာ သူတို့ဟာ ချက်ချင်း မရွေးချယ်နိုင်လေဘူး။ သူတို့က စီရှယ်ရဲ့ စွမ်းအားကို မြင်ပြီး တကယ်လို့ သူသာ သူတို့ကို ပြန်သွားဖို့ လှုံ့ဆော်နိုင်မလားဆိုပြီး ချင့်ချိန်နေကြတယ်။
ဘားနတ်က လူ၂ယောက်ကို ဆက်တိုက် သတ်လိုက်ပြီး သူရဲ့ စိတ်ခံစားချက်တွေက တက်ကြွနေတယ်။ သူက မှော်ပန်းပွင့်ကို အခင်းလိုက်ရှာတွေ့ခဲ့ပြီး ပန်းအသွင် ရှိခိုးကောင်တွေလည်း တွေ့ခဲ့တယ်။ မျှော်လင့်ထားသလိုပဲ သူတို့ဟာ ရှိခိုးကောင်တွေရဲ့ ပြိုင်ဘက်မဖြစ်ဘဲ ခွေးပြေးဝက်ပြေး ထွက်ပြေးရလေတယ်။
သူတို့က သေနတ်ကို ဆက်တိုက် ပစ်ခတ်ပေမဲ့ ပန်းအသွင် ရှိခိုးကောင်တွေရဲ့ တိုက်ခိုက်မှုကို ခဏပဲ ရပ်တန့်စေနိုင်တယ်။ စွမ်းအင်ကျောက်တုံးတွေ အားကုန်လာတဲ့အခါ သူတို့က ကြောက်ရွံ့ပြီး ခြေဦးတည့်ရာ ပြေးတော့တယ်။ SS level ရှိတဲ့ အယ်လ်ဖာ တစ်ယောက်ဖြစ်တာတောင် သူရဲ့ ပြေးနှုန်းက ရှိခိုးကောင်တွေကို မယှဉ်နိုင်လေဘူး။
ဘားနတ်ကို မကြာခင် မှီလာလေတယ်။ ရှိခိုးကောင်တွေရဲ့ တံစဉ်ပုံစံ ရှေ့ခြေမှာ သေဆုံးတော့မည်ကို သိ၍ သူက သူ့အဖွဲ့သားတစ်ယောက်ကို ဆွဲပြီး ရှိခိုးကောင်ရဲ့ ပါးစပ်ထဲ လှမ်းပစ်လိုက်လေတယ်။
လတ်လတ်ဆတ်ဆတ် အသားနဲ့ ရှိခိုးကောင်က ရပ်တန့်သွားပြီး ပါးစပ်ထဲက လူသားကို စိစိညက်ညက် ကြေအောင် ဝါးစားပစ်လိုက်တယ်။ အဲလူက ဖြည်းဖြည်းချင်း သေဆုံးသွားပြီး သူ့ကြောက်ရွံ့တကြီး အော်သံတွေကို ကြားပြီး ကြည့်ရှုသူအပေါင်းကို ဒေါသထွက်လာစေတယ်။
သူတို့က ဒီလောက် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ လူသားကို ဘားနတ်ကလွဲပြီး မမြင်ဖူးလေဘူး။ သူ့ကို လူလို့ကို မခေါ်သင့်ဘူး။
သူက သားရဲတိရစ္ဆာန်ပဲ ... သူက သူ့အဖေရဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ ဗီဇကို အမွေရရှိထားတာပဲ ...
အဲလိုလူမျိုးက ရွံ့ရှာစက်ဆုပ်ဖို့ ကောင်းတယ်။ အကယ်၍ အဲလိုလူသာ စစ်တပ်ထဲရောက်လာပါက သူနဲ့အတူ ဘယ်လိုလုပ် ယှဉ်တွဲတိုက်ခိုက်ရဲမှာလဲ။
သူက ဇာ့ဂ်တွေထက်ကို ဆိုးရွားတယ်။ ဘာလို့ဆို သူ ရှင်သန်ဖို့အတွက် ရဲဘော်ရဲဘက်တွေကို ချောက်ထဲ တွန်းချလိမ့်မယ်။ သူ့ကို သေမိန့်ချသင့်တယ်။
အဆက်မပြတ် အော်ဟစ်တောင်းဆိုနေတာတွေက ချယ်မန်းကျောင်းနဲ့ စစ်တပ်ငါးခုရဲ့ တရားဝင် ဝပ်ဆိုက်တွေမှာ ပျံ့နှံ့လာတယ်။
တစ်ရက်အတွင်းမှာ အယ်ဒရစ် မိသားစုဟာ အရမ်းကို သတိထားရတဲ့ အနေအထား ကျရောက်နေတယ်။ သူတို့စစ်တပ်အတွက် အထောက်အပံ့တွေလည်း ဖယ်ရှားခံလိုက်ရပြီး ပူးပေါင်းထားတဲ့ အင်အားစုတွေကလဲ စာချုပ်တွေ ဖျက်သိမ်းဖို့ လုပ်ဆောင်နေကြတယ်။
စစ်ပွဲကို သူတို့နဲ့ မသွားချင်ကြတော့ပေ။ တပ်မကြီးထဲမှာ ရှိတဲ့ တခြားစစ်သားတွေဟာ ဒေါသစိတ်တွေက မုန်တိုင်း ဖြစ်ပေါ်ခါနီး ဖြစ်နေကာ စစ်သားတွေ ထောင်ပေါင်းဆယ်ချီပြီး ထုချေလွှာ တင်ခဲ့သောကြောင့် အမြင့်ဆုံး မှတ်တမ်းအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်။
အယ်ဒရစ် မိသားစုရဲ့ ခေါင်းဆောင်က ဘားနတ်ကို အသွေးအသားထဲအထိ မုန်းတီးနေလေတယ်။ သူက ဆရာတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်ပြီး ဘားနတ်ကို စစ်ဆေးမှုကနေ ခေါ်ဆောင်လာဖို့ အကူညီတောင်းခဲ့လေတယ်။
အော့စ်ဘွန်းက စစ်တပ်ကောင်စီရဲ့ ဘားနတ်ကို ချက်ချင်း ဖမ်းဆီးဖို့ အမိန့်လက်ခံရရှိခဲ့တယ်။ အဲကိစ္စက ဂလက်ဆီတစ်ခုလုံး ပျံ့နှံ့သွားပြီ ဖြစ်တဲ့အတွက် စစ်တပ်ကောင်စီအနေနဲ့ ဘားနတ်ကို သတ်မိန့် မပေးပါက လူထုကို မတရားတာပြုသလို ဖြစ်ပေလိမ့်မည်။
ဘားနတ်က သူ့အပြုအမူက သူ့ရလဒ်က ဆိုးရွားနေစေတယ်ဆိုတာ မသိလေဘူး။ သူက အဖွဲ့ထဲ နောက်ဆုံးကျန်ရှိနေတဲ့ အဖွဲ့သား ၂ယောက်နဲ့ တောထဲမှာ လှည့်လည်သွားလာခဲ့ပြီး တိုက်ဆိုက်စွာနဲ့ ယွင်ရှန့်တို့ နေရာနား တဖြည်းဖြည်း နီးကပ်လာလေတယ်။
ယွင်ရှန့်က ရေချိုးပြီး အပေါ်အကျီကို လျှော်ကာ မီးနဲ့ အခြောက်ခံခဲ့တယ်။
ဒါရန်က အာဟာရအထုပ်ကို ထုတ်ယူလိုက်ပြီး မက်မွန်အရသာကို လှမ်းပေးလိုက်တယ်။
သူက ရှက်ရှက်နဲ့ပြောလိုက်တယ်
" စီရှယ် ဒီမှာ ...... မင်း အာဟာရ လိုအပ်တယ်လေ"
ယွင်ရှန့်က လှမ်းယူလိုက်ပြီး မစားပေ။
သူက 007 အပေါ် အာရုံစိုက်ထားလေတယ်။ သူက ဘားနတ်ရဲ့ အပြုအမူတိုင်း စောင့်ကြည့်နေတာကို တစ်ယောက်မှ မမြင်နိုင်ပေ။