ထာ၀ရ ပုံပေ

By akyinnamon

1.5M 183K 10.7K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... More

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 18 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 7 (Unicode)

19.7K 2.4K 17
By akyinnamon

ရွှေရောင်သန်းသော နေခြည်တန်းများသည် ပုံပေမြို့တစ်မြို့လုံးကို ပဝါပါးတစ်ခုနှယ် လွှမ်းခြုံလို့ထားသည်။ တစ်နေ့တာအတွက် နောက်ဆုံးအချိန်ဖြစ်သည့် နေဝင်ချိန်သည် အလှပဆုံးနှင့် အဆန်းကြယ်ဆုံးအချိန်တစ်ခုပင်။

လုလိယက်စ်အိမ်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဥယျာဉ်ကြီး၏အလယ်တွင် ကချေသည် အမျိုးသမီးငယ်များသည် ညနေခင်း နေမင်းကြီးကို နောက်ခံထားကာ မြူးကြွစွာ ကခုန်နေကြသည်။ ၎င်းတို့၏ ပါးလွှာသော အဝတ်အစားခြုံလွှာများသည် လှမ်းမြင်နေရသော ပင်လယ်လှိုင်းများလို လူးကာလွန့်ကာ လှုပ်ရှားနေသည်။ မြက်ခင်းပြင်ထက်မှ ဖိနပ်မပါသည့် ခြေဖဝါးများသည် နောက်ခံဂီတသံများနှင့်အတူ မြူးကြွစွာ ခုန်ပေါက်နေသည်။ ခါး၊ တင်၊ ဝမ်းဗိုက်ကြွက်သား တို့သည် စည်းချက်ညီစွာ လှုပ်ရှားနေသည်။ ကချေသည်များ၏ လက်ချောင်းများတွင် တပ်ဆင်ထားသော ဇွန်းပုံစံသစ်သားလင်ကွင်းငယ်များမှ တီးခတ်သံသည်လည်း နာပျော်ဖွယ်ကောင်းသည်။

ကချေသည်အမျိုးသမီးများ၏ ရှေ့တွင်မူ စကျင်ကျောက်ဖြူများဖြင့် လှပစွာ တန်ဆာဆင်ထားသော ရေပန်းငယ်မှ ရေမှုန်ရေပွားများ ဖြာထွက်နေသည်။

နေရောင်ခြည်..

လင်းလက်နေသော ရေမှုန်များ..

ကခုန်နေသော ကချေသည်..

မြူးကြွသော ဂီတသံ..

အရာရာသည် ပနံရစွာ လှပနေသည်။

ပင်လယ်ကို မျက်နှာချင်းဆိုင်ထားသည့် ညစာခန်းမကြီးကို အနွေးဓါတ်ရစေရန် ခန်းမကြီး၏ လေးဘက်လေးရံတွင် ရဲရဲတောက်နေသည့် မီးခဲများထည့်ထားသည့် ကြေးခြေထောက်ပါ မီးခံအိုးများရှိသည်။ သဘာဝရှုခင်းများနှင့် ဖျော်ဖြေမှုများကို ကောင်းမွန်စွာ ခံစားရစေရန် လဲလျောင်းစားသောက်ရာတွင် အသုံးပြုသည့် ရွှေအိုရောင် သစ်သားခုတင်များကို ခပ်ကျဲကျဲနေရာချထားသည်။ ခုတင်များထက်မှ အခင်းများ၊ လက်ခုခေါင်းအုံးများသည်လည်း အဖိုးအထိုက်ဆုံး၊ အကောင်းဆုံးများဖြစ်သည်။ ရွှေသားအစစ်ချည်မျှင်များဖြင့် လက်ရာမြောက်စွာ ပုံဖော်ထားသည်။ ထိုခုတင်များထက်တွင် လုလိယက်စ်၊ ညီဖြစ်သူ အားရီးယူးစ်နှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်များ လှဲလျောင်းစားသောက်ရင်း စကားပြောနေကြသည်။

အားရီးယူးစ်သည် လုလိယက်စ်နှင့် မျက်နှာချင်းအတော်ဆင်တူသည်။ သို့ပေမယ့် နှုတ်ခမ်းပိုထူကာ မျက်လုံးကြီးကြီးနှင့် ကလေးရုပ်မပျောက်သေးတာပဲ ကွာသည်။ ဆံပင်ရောင်မှာ လုလိယက်စ်နှင့် ဆင်ဆင်တူပြီး အစ်ကိုဖြစ်သူလို လှိုင်းတွန့်ကောက်မဟုတ်ဘဲ ဖြောင့်စင်းသည်။ ရှေ့ဆံပင်ကိုနဖူးဖုံးသည်အထိ ကွက်တိညှပ်ထားပြီး မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးမရှိသောကြောင့် ရှိရင်းအသက်ထက် များစွာပိုပြီး နုနယ်နေသည်။

ရောမမြို့နှင့် ပုံပေမြို့သည် မိုင်ပေါင်း ၁၅၀ ခန့် ဝေးကွာသည်။ အားရီးယူးစ်သည် မြင်းတစ်စီးနှင့် ခရီးပြင်းနှင်ခဲ့ရသော်လည်း ပင်ပန်းဟန် အနည်းငယ်မှမရှိ။ တက်ကြွလန်းဆန်းနေသည်။ ကချေသည်များကို မျက်တောင်မခတ် ငေးကြည့်နေသည့် မျက်လုံးပြူးပြူးများက ဘဝကို ပျော်ရွှင်ခံစားလိုစိတ်အပြည့်နှင့် လက်လက် တောက်နေသည်။

လုလိယက်စ်၏ အခြားဘက်တွင်တော့ သူငယ်ချင်းဖြစ်သူ ဒါမီဒယ်၊ ဒါမီဒယ်၏ အမျိုးသမီးတို့ ရှိနေပြီး ဆူညံသောဂီတသံများကြားမှပင် လုလိယက်စ်နှင့် စကားပြောနေကြသည်။ ၎င်းတို့ပြောနေသည်ကို နားထောင်ချင်သည့် ဒါမီဒယ်၏ ညီမငယ်ဖြစ်သူ ဒီဒီရာလေးကတော့ ခုတင်စွန်းနားသို့ရွှေ့ကာ နားထောင်နေသည်။

ဒီဒီရာသည် အသက်ဆယ့်ခြောက်နှစ်အရွယ် ချစ်စရာ အပျိုဖြန်းကလေးဖြစ်သည်။ ညိုဝင်းသော အသားအရောင်နှင့် ပိတုန်းရောင်ဆံကေသာ လှိုင်းတွန့်များသည် သူမ၏အစ်ကိုဖြစ်သူ ဒါမီဒယ်ကဲ့သို့ပင်ဖြစ်သည်။ အဖိုးတန်ပိုးသားဝတ်စုံအောက်မှ လှပသော သူမ၏ ကောက်ကြောင်းများက ထင်းနေသည်။ လှပစွာထုံးဖွဲ့ထားသော ဆံထုံးကို ရွှေကြိုးငယ်နှင့် ပတ်ဝိုက်ထားသည်။ အဖိုးတန် ပယင်းကျောက်လည်ဆွဲလေးမှာ ဝင်းညွှန့်သော ရင်သားထက်တွင် လှပစွာ ရွရွလေး တင်နေသည်။

ဒီဒီရာနှင့် မျက်နှာချင်းဆိုင် အခြားတစ်ဖက်ခြမ်းတွင် လှဲလျောင်းနေကြသော သူမ၏ မိဘများကတော့ သမီးငယ်၏ လုလိယက်စ်ထံမှ မျက်လုံးမလွှဲနိုင်ပုံကို မြင်နေရကာ ပြုံးတုံ့တုံ့နှင့် ကျေနပ်နေကြသည်။ သူတို့နှစ်ယောက်စလုံးသည် ခပ်ဝဝဖြစ်ကာ အဖိုးတန်အဝတ်အစား၊ အပြင်အဆင်များဖြင့် တောက်ပနေသည်။ ၎င်းတို့ရှေ့မှ မျိုးစုံသော အစားဗန်းများကိုပင် အာရုံမရောက်နိုင်။ လုလိယက်စ်နှင့် ခင်မင်ရင်းနှီးစွာ စကားပြောနေသော သားဖြစ်သူကိုတစ်လှည့်၊ ချစ်ရည်ရွှမ်းသော မျက်လုံးများဖြင့် ငေးကြည့်နေသည့် သမီးဖြစ်သူကိုတစ်လှည့်ကြည့်ကာ ဂုဏ်ယူဝမ်းသာနေကြသည်။

ဒီဒီရာနှင့် ဒါမီဒယ်တို့၏ မိဘများအတွက် တစ်ချိန်က ကျွန်များအဖြစ် ပင်ပန်းဆင်းရဲခဲ့ပုံများသည် အခုတော့ မှုန်ဝါးစွာ ကျန်ခဲ့သည့် အတိတ်တစ်ခုလိုဖြစ်နေပြီဖြစ်သည်။ တစ်ချိန်က သူတို့နှစ်ယောက်သည် အရှင်တွေကို ဧည့်ခံရသည့် အစေခံတွေနေရာမှာဖြစ်သည်။ အခုအချိန်မှာတော့ အခြားအစေခံများ၏ ပြုစုခံနေရသည့် အရှင်တွေဖြစ်နေပြီဖြစ်သည်။ ၎င်းတို့၏ နေရာနှင့်ဂုဏ်အရှိန်အဝါများ ဆက်လက်တည်တံ့စေရန်၊ တိုးတက်ကြီးပွားစေရန် သားဖြစ်သူ၏ ရာထူးနှင့် သမီးဖြစ်သူ၏ အိမ်ထောင်ရေးအပေါ်တွင် မူတည်နေသည်ကို သူတို့နှစ်ယောက်စလုံး ကောင်းကောင်းနားလည်ကြသည်။

ကချေသည်များ၏ ဖျော်ဖြေမှုသည် ပြီးဆုံးသွားပြီဖြစ်သည်။ ဆူညံစွာတီးလိုက်သော လက်ခုပ်သံများနှင့်အတူ အားရီးယူးစ်၏ ချီးမွမ်သံ ထွက်ပေါ်လာသည်။

"ကျုပ်အစ်ကိုက လူရွေးတာ တယ်တော်ပါလားဗျ။"

"ဘာ.. ငါက... ဟုတ်လား ညီ။ အားလုံး အဘစီစဉ်တာ။"

လုလိယက်စ်က ရယ်သံနှင့်ဖြေချိန်တွင် နောက်နားတွင်ရပ်နေသော အဘိုးအိုအဲလ်ဇီယိုမှာ ပြုံးစိစိဖြစ်သွားသည်။ လုလိယက်စ်ကို ကချေသည်များအတွက် အချိန်ပေးလိုက်မည်ဟု အားရီးယူးစ်ထင်နေလျှင်တော့ အစ်ကိုဖြစ်သူအကြောင်း ဘာမှမသိသေးသည်မှာ သေချာသည်။

လုလိယက်စ်သည် ရွှေချည်မျှင်များဖြင့် အနားကွပ်ထားသည့် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ခပ်တိုတိုညှပ်ထားသော ရွှေရောင်ဆံပင်လိပ်များကြောင့် မသိမသာစွင့်ကားသော နားရွက်ဝိုင်းဝိုင်းများကို မြင်နေရသည်။ စပျစ်ရည်ထည့်ထားသည့် အဖိုးတန် ဖန်ကရားကို မယူကာ အားရီးယူးစ်လက်ထဲရှိ ခွက်လွတ်ထဲသို့ ကိုယ်တိုင် ဖြည့်ပေးသည်။ ထို့နောက် အားရီးယူးစ်၏ အကြိုက်ကို သိထားနှင့်သလို ပျားရည်စမ်းထားသော ဆိတ်သားဟင်းပန်းကန်ကို အနားသို့ ရွှေ့ပေးသည်။

"ဘာပဲဖြစ်ဖြစ်ဗျာ။ ကျုပ်တော့ ဒီနေရာကို အတော်သဘောကျနေပြီ အစ်ကိုရ။ ကြည့်စမ်းပါဦး။ ရှုခင်းရော၊ အိမ်ကြီးရော ခမ်းနားလိုက်တာဆိုတာ။ ရောမမြို့တောင် မပြန်ချင်တော့ဘူး။"

"အေး.. အဲဒါကို မင်းအစ်ကိုက ဒီအိမ်ပေးနေတဲ့သူကို ကျေးဇူးမတင်တဲ့အပြင် ကျူးကျော်ဆောက်ထားလို့ ဒဏ်တပ်ဖို့ လုပ်နေတယ်။"

ဒါမီဒယ်သည် အားရီးယူးစ်၏ပေါင်ကို ရင်းနှီးစွာ လှမ်းပုတ်ရင်း ဝင်ပြောလိုက်သည်။ လုလိယက်စ်က သူငယ်ချင်းဖြစ်သူကို အပြုံးနှင့် လှည့်ကြည့်သည်။

"ညစာစားပွဲတွေမှာ အလုပ်အကြောင်း မပြောရဘူးလေ သူငယ်ချင်း။ မင်း ရောမထုံးတမ်းစဉ်လာတွေကို မေ့နေပြီလား။"

"သြော်..အေးပါ..အေးပါ...မင်းလို ထုံးတမ်းစဉ်လာတိုင်းကို သေချာလိုက်နာတဲ့သူက ပြောတော့လည်း နားထောင်ရမှာပေါ့။"

ရယ်သံများ ဆူညံသွားသည်။ ဆောင်းဦးအချိန်ဖြစ်သောကြောင့် နေမင်းသည် ပုံပေမြို့ပေါ်တွင် ကြာမြင့်စွာရပ်တန့်နားနေလိုခြင်းရှိပုံမပေါ်။ လျှင်မြန်စွာပင် ပင်လယ်နှင့်ကောင်းကင်ထိစပ်ရာ မိုးကုပ်စက်ဝိုင်းကြားသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ၎င်း၏ နောက်ဆုံးရောင်ခြည်တန်းများကို ပင်လယ်လှိုင်းများနှင့် ကောင်းကင်ယံထက် ဖြန့်ကျဲခဲ့သော်လည်း တစတစ မှုန်ဝါးလာနေပြီဖြစ်သည်။

ပုံပေမြို့ကြီးအတွင်းရှိ တိုက်ခန်းများ၊ အိမ်ကြီးများတွင် ဆီမီးခွက်ရောင်များ လင်းလက်လာသည်။ လမ်းမကြီးများ၏ ဘေးတစ်ဖက်တစ်ချက်မှ မီးတုတ်၊ မီးတိုင်များသည်လည်း လိုက်လံထွန်းညှိပေးနေသော လုပ်သားများကြောင့် တစ်ဖန်ပြန်လည် လင်းထင်းလာသည်။ သို့ပေမယ့် ပုံပေမြို့၏ ညချမ်းသည် လှုပ်ရှားခြင်း ကင်းမဲ့သည်။ ညအချိန်များတွင်သာ ဖြတ်သန်းသွာလာခွင့်ရှိသော တိရစ္ဆာန်လှည်းများမှတစ်ပါး လူသွားလူသာ မရှိသလောက်ပင်။ ကုန်တင်ကုန်ချသံများ၊ လှည်း၊ မြည်းများကို ဟောက်သံ၊ ငေါက်သံများကိုသာ တစ်ချက်တစ်ချက် ကြားနေရသည်။

လုလိယက်စ်၏ အိမ်ကြီးအတွင်းမှ အစေခံကျွန်များသည်လည်း တစ်အိမ်လုံးရှိ မီးတိုင်မီးတုတ်များကို ထွန်းညှိနေကြသည်။ ထိန်ထိန်လင်းလာသော မီးရောင်များအောက်တွင် နေ့အချိန်နှင့် ညည့်အချိန်သည် ကွဲပြားခြားနားခြင်းမရှိလှပါ။ အားရီးယူးစ်အတွက် အထူူးစီစဉ်ထားသော ညစာစားပွဲကြောင့် ရှိရှိသမျှ အစေခံအားလုံး မအားမလပ်နိုင်အောင် အလုပ်များနေကြသည်။ မီးဖိုထဲတွင် ဝင်ရောက်ကူညီပေးနေသော ကျွန်များနှင့် ပြည့်နေသည်။ ညစာစားပွဲအတွက် အထူးငှားရမ်းထားသော ကျွန်စာဖိုမှူးကြီးနှင့်အတူ ထမင်းချက်စီရမ်နာ၊ အကူ ကျွန်မလေး နော်ရာတို့မှာ မီးဖိုဆောင်အတွင်းမှာ ချွေးတလုံးလုံးနှင့်ဖြစ်နေသည်။

"အားလုံးအဆင်သင့်ဖြစ်ရင် ယူသွားကြတော့။"

စားဖိုမှူးကြီး၏ အမိန့်သံအဆုံးမှာ ကြီးမားလေးလံသော ငွေလင်ဗန်းကြီးကို ကျွန်နှစ်ယောက်မှ တစ်ယောက်တစ်ဖက်သယ်ကာ မီးဖိုဆောင်မှ သယ်ထုတ်သွားကြသည်။ လင်ဗန်းပေါ်တွင် ရေခဲမှုန်များကို မီးတောင်သဖွယ် ပြုလုပ်ကာ ပတ်ပတ်လည်တွင် ငါးဥသွပ်ထားသော ကျောက်ပုစွန်များကို တင်ထားသည်။ ထိပ်နားတွင် ရှားပါးအဖိုးတန် ကမာကောင်များကို ထက်ခြမ်းဖွင့်ကာ စီရီထားသည်။ ရေခဲတောင်အောက်ခြေ၏ ပတ်ပတ်လည်တွင်တော့ ဟင်းရည်အစပ်လောင်းထည့်ထားပြီး အထဲတွင် မိုးရေးငါးရှဉ့်များကို အမြင်မရိုးအောင် ပြင်ဆင်ခင်းကျင်းထားပြန်သည်။

"သတိထား သယ်သွားကြစမ်း။"

ထမင်းချက် စီရမ်နာမှာ မီးဖိုချောင်မှထွက်ကာ အပေါ်ထပ်လှေကားပေါ်တက်သွားနေပြီဖြစ်သော ကျွန်နှစ်ယောက်ကို စိုးရိမ်တကြီး လှမ်းအော်ပြောလိုက်သည်။ အပေါ်ဆုံးထပ်နှင့် မီးဖိုဆောင်ကြားတွင် အစားအစာများ သယ်ဆောင်သွားလာနေကြသော ကျွန်များမှာ လှေကားကျဉ်းထဲတွင် အတိမ်းအစောင်းမရှိရန် သတိထားနေရသည်။

"ဟဲ့ ဟဲ့.. ဒီမှာ ကျန်ခဲ့ပြီ။"

ထမင်းချက်အဒေါ်ကြီး စီရမ်နာမှာ မီးဖိုရှေ့မှ ခုန်ထကာ တအားအော်ရင်း နောက်မှလိုက်ဖို့ကြိုးစားပေမယ့် မမီလိုက်။ အခုမှ ပျားတစ်အုံလုံးမှ ပျားများ အတုပ်ခံလိုက်ရသလို မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။ သူမလက်ထဲတွင် ကန်တော့ပုံနှုတ်ခမ်းပါသော ငွေပန်းကန်လုံးလေး။ အထဲတွင်တော့ ရောမလူမျိုးများအတွက် မရှိမဖြစ် ဂါရုမ်ခေါ် ငံပြာရည်။ ကမာကောင်များကို ဒီအရည်ဆမ်းကာ စားလေ့စားထရှိသည်။ စားဖိုမှူးကြီးအဆူခံရမှာ စိုး၍ ကျယ်ကျယ်မအော်ရဲ။ လှေကားနားမှာ သန့်ရှင်းရေးလုပ်နေသော ဖဲလ်လစ်၏လက်ကို လှမ်းဆွဲလိုက်သည်။

"ဖဲလ်လစ်.. လိုက်ပေးစမ်းဟယ်.. မြန်မြန်လိုက်.."

"ဗျာ.."

"ဟယ်.. ဗျာ မနေနဲ့။ မြန်မြန်လိုက်။"

"ဒါ ဒါပေမဲ့.. ကျွန်တော့် အဝတ်အစားက.."

ဖဲလ်လစ်ဝတ်စားထားသည်က သာမာန်အိမ်မှာနေရင်း ဝတ်စုံလိုမျိုးဖြစ်သည်။ ဒီညအတွက် မီးဖိုထဲမှာ လိုအပ်သည့်ရေခပ်ပေးရုံ၊ ပန်းကန်ဆေးပေးရုံသာ သူ့မှာတာဝန်ရှိသည်။ ဒီပုံစံမျိုးနှင့် စားသောက်ခန်းမနားပင် ကပ်ခွင့်မရှိ။ တောက်ပြောင်သေသပ်စွာ ဝတ်ဆင်ထားသော ကျွန်များသာ အစားအသောက်အတွက် တာဝန်ယူရန် အိမ်ထိန်းအဘိုးအို အယ်လ်ဇီယိုမှ သေချာမှာထားသည်လေ။

"အဲ့ဒါကြောင့် မြန်မြန်လိုက်လို့ပြောနေတာ။ သွား..သွား.."

ပန်းကန်ကို လက်ထဲထိုးထည့်ရင်း ကျောကိုတွန်းထုတ်နေသည့် စီရမ်နာကြောင့် ဖဲလ်လစ်မှာ ငြင်းလို့မရတော့။ လှေကားထစ်များကို ပြေးတက်ရင်း ငွေလင်ဗန်းကြီးကို သယ်ယူသွားနေသည့် စားပွဲထိုးကျွန်နောက်သို့ အပြေးလိုက်ခဲ့သည်။ အပေါ်ထပ်များသို့ တက်ရသော လှေကားထစ်များသည် ကျဉ်းမြောင်းမြင့်မားကာ အလင်းရောင်သိပ်မရှိပါ။ အပေါ်ဆုံးနှင့် အောက်ခြေမှ ဖြာကျနေသော အလင်းရောင်တစ်ချို့သာရှိသည်။

လှေကားထိပ်ဆုံးရောက်ကာ အပြင်ထွက်လိုက်သည်နှင့် မွှေးကြိုင်သော နံ့သာနံ့ကို ရလိုက်သည်။ ထို့အတူ ညိုညက်လှပသော အသားအရည်ပိုင်ရှင် ချစ်စရာ အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည့် ဒီဒီရာကို မိမိရှေ့တွင် မြင်လိုက်ရသည်။ သူမဘေးတွင် အဘိုးအို အဲလ်ဇီယိုရှိပြီး သူမစိတ်ဝင်စားနေသည့် ပန်းပင်အကြောင်း ရှင်းပြနေသည်။ ဖဲလ်လစ် ခေါင်းကိုငုံ့ကာ အရိုအသေပြုလိုက်သည်။

"ဖဲလ်လစ်.. မင်း ဘာလာလုပ်တာလဲ။"

"ဟို. ဟို.. ဟင်းရည်.."

"ထားခဲ့။ ထားခဲ့။ မင်းသွားတော့..."

"သူက ဘယ်သူလဲ။ တစ်ခါမှမတွေ့ဖူးဘူး။"

ဒီဒီရာလေး၏ စကားသံသည် စိတ်ဝင်စားပုံ တအံ့တသြနှင့်ဖြစ်သည်။ သူမသည် အစ်ကိုဖြစ်သူ ဒါမီဒယ်နှင့်အတူ ဤအိမ်သို့ မကြာခဏ လာရောက်လည်ပတ်တတ်သောကြောင့် လုလိယက်စ်၏ အစေခံများအားလုံးကို ရင်းနှီးနေပြီးဖြစ်သည်။ ခေတ္တတိတ်ဆိတ်နေပြီးမှ ဖဲလ်လစ်ကို စိုက်ကြည့်နေသည့် မျက်လုံးများသည် လက်ခနဲဖြစ်သွားသည်။

"သြော်.. နာမည်ကြီးနေတဲ့ အစေခံအသစ်လား။"

ရယ်သံလေးပါ တဆက်တည်း ထွက်ပေါ်လာသည်။ ချိန်ခွင်ပုံ ရွှေနားဆွဲလေးနှစ်ဖက်မှာ တသိမ့်သိမ့်တုန်အောင် ရယ်မောနေသော ဒီဒီရာလေးကြောင့် နားနှစ်ဖက်တွင် ဘယ်ညာယိမ်းကာ လှုပ်ခါနေသည်။

ညစာစားပွဲ၏ ဧည့်သည်များအားလုံး၏ အကြည့်သည် ဖဲလ်လစ်ရှိရာဆီသို့ ရောက်နေပြီဖြစ်သည်။ ခုတင်ပေါ်တွင် လှဲလျောင်းနေသော အားရီးယူးစ်သည်ပင် စိတ်ဝင်တစား ကြည့်နေရာမှ ဖဲလ်လစ်တို့နားသို့ လျှောက်လာသည်။ ဖျော်ဖြေနေသော ဂီတသံများ တိတ်ဆိတ်သွားသည်။

"ဘာနာမည်ကြီးတာလဲ ဒီဒီရာ။"

"ဘာမှမဖြစ်ပါဘူး သခင်လေး။ ဘာမှမဖြစ်ပါဘူး။ ဖဲလ်လစ်..မင်းသွားတော့။"

"နေဦး"

အားရီးယူးစ်၏ အမိန့်သံအဆုံးမှာ လှည့်ထွက်သွားရန် ဟန်ပြင်နေသော ဖဲလ်လစ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ မျက်နှာချင်းဆိုင်မျက်နှာသွင်ပြင်ကို မြင်လိုက်ရသော အားရီးယူးစ်၏ မျက်နှာပေါ်မှ အလိုမကျပုံများက ဖုံးဖိလို့မရအောင် ပေါ်သွားသည်။ လက်တစ်ဖက်က လျှပ်ပြက်သလို လှုပ်ရှားသွားကာ ဖဲလ်လစ်၏မျက်နှာတခြမ်းကို ဖုံးကွယ်ထားသော အဝတ်စကို ခွန်အားအပြည့်နှင့် ဆတ်ခနဲ ဆွဲဖယ်လိုက်သည်။

"ဟာ..ဒီကောင်က ကန်းနေတာလား။"

"ညီ.."

ထမင်းစားခန်းထဲမှ လုလိယက်စ်၏ လှမ်းခေါ်လိုက်သံဖြစ်သည်။ အားရီးယူးစ်သည် ဖဲလ်လစ်ကို မျက်မှောင်ကြုတ်ကြည့်နေရာမှ အစ်ကိုဖြစ်သူရှိရာ လှည့်ကြည့်လိုက်သည်။

"လာဦး ညီ။"

"ဘာဖြစ်လို့လဲ။"

"ငါ မင်းကို မေးစရာရှိလို့။ ညီမလေးကိုပါ ခေါ်ခဲ့။"

စကားအဆုံးမှာ လုလိယက်စ် ပြုံးသည်။ ဘယ်သူမှ မလွန်ဆန်နိုင်သည့် အပြုံးမျိုး။ အားရီးယူးစ်က ဖဲလ်လစ်ကို မျက်မှောင်ကြုတ်ကြည့်နေရာမှ ရွံရှာသလို မျက်နှာမဲ့လိုက်ပြီးနောက် ကျောပေးလိုက်သည်။ ဒီဒီရာလေးသည်လည်း အပြုံးနှင့် လုလိယက်စ်နားသို့ လျှောက်သွားသည်။ အဘိုးအိုမှာ အခုမှပင် အသက်ရှူချောင်သွားရသည်။

"မင်း သွားတော့။ ဒီနေရာကို ပြန်မလာနဲ့။"

ဖဲလ်လစ်ကို တွန်းထုတ်ကာ ဟင်းရည်ပန်းကန်နှင့်အတူ ထမင်းစားခန်းမထဲ ပြန်ဝင်လာခဲ့သည်။ ဂီတအနုပညာသည်များကို မျက်ရိပ်ဖြင့် အချက်ပြကာ တီးမှုတ်ဖျော်ဖြေမှုများကို ပြန်လည်စတင်စေသည်။ ကျွမ်းကျင်အနုပညာရှင်များကြောင့် သာယာငြိမ့်ညောင်းသော တေးဂီတသံများဖြင့် မကြာသေးခင်က အဖြစ်အပျက်ကို အားလုံးမေ့လျော့သွားကာ သာယာသောညနေခင်းချိန် ပြန်လည် ဖြစ်ထွန်းလာစေသည်။

"အစ်ကိုရာ..ဘယ်လိုကျွန်တွေကို အိမ်မှာထားနေတာလဲ။ ရုပ်ပျက်ဆင်းပျက်ကြီးဗျာ။"

အားရီးယူးစ်သည် လုလိယက်စ်ဘေးနားမှ စားပွဲခုတင်ငယ်ထက်မှာ ဝင်ရောက်လဲလျောင်းလိုက်သည်။

ရောမလူမျိုးများသည် စားသောက်ရာတွင် လက်တစ်ဖက်ကို ခေါင်းအုံးပေါ် ထောက်ကာ လဲလျောင်းပြီး စားသောက်တတ်ကြသည်။ သူတို့အတွက် စားသောက်ပွဲများသည် ဗိုက်ပြည့်ရုံသာမဟုတ်။ အေးဆေးသက်သာစွာ အပန်းဖြေချိန်၊ စကားပြောဆွေးနွေးချိန်ဆိုလျှင်လည်း မမှားပါ။ အခုတော့ အားရီးယူးစ်သည် ဖဲလ်လစ်ကို မြင်လိုက်ရသဖြင့် စိတ်ရှုပ်သွားဟန် အလိုမကျဖြစ်နေသည်။

"ဒုက္ခိတကောင်ကို အစ်ကိုရာ။ အစေခံတစ်ယောက်ရဖို့ ဒီလောက်ခက်ခဲနေလို့လား။ ကျက်သရေမရှိလိုက်တာ။ နာမည်ကြီးတယ်ဆိုတာကရော။"

"အဲ့ဒီ့ကျွန်ကို အရှင်လုလိယက်စ်ကိုယ်တိုင် စျေးထဲကဝယ်ခဲ့လို့လေ..ခစ် ခစ်..တစ်မြို့လုံးမှာ သတင်းကြီးနေတာ။"

အားရီးယူးစ်၏အမေးကို ဒီဒီရာလေးက ခပ်သွက်သွက် ဝင်ဖြေလိုက်သည်။

"မင်းတို့မှာ တခြားအကြောင်း ပြောစရာမရှိတော့ဘူးလား။"

လုလိယက်စ်သည် အပြုံးနှင့် ပြောနေသော်လည်း စကားအဆုံးမှာ အဘိုးအိုအဲလ်ဇီယိုကို လှမ်းကြည့်ရုံ တစ်ချက်လှမ်းကြည့်လိုက်သည်။ အဘိုးအိုမှာ နေစရာမရှိတော့။ ထိုအကြည့်တွင် အပြစ်တင်မှုများပါသည်။ လုလိယက်စ်သည် ရုပ်ရည်အဆင့်အတန်းခွဲခြားတတ်လွန်းသည့် ညီဖြစ်သူနှင့် ဖဲလ်လစ်ကို တွေ့ဆုံပေးချင်စိတ်မရှိမှန်း ကောင်းကောင်း နားလည်နေသဖြင့် အဘိုးအိုမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံကလွဲပြီး မတတ်နိုင်။ ဒီကောင်လေးကို မြေအောက်ခန်းထဲ ထည့်ပိတ်ထားခဲ့သင့်သည်။

"မင်း ဘာဖြစ်လို့ ဒီကိုလာတာလဲ ညီ။"

"အစ်ကို့ကို ကျုပ် လွမ်းလို့လေဗျာ။"

လုလိယက်စ်က စပျစ်ရည်ခွက်ကို အစေခံတစ်ယောက်ရှိရာ ကမ်းပေးရင်း ညီဖြစ်သူကို လှည့်ကြည့်သည်။ မင်း ငါ့ကို ညာလို့မရပါဘူးဆိုသည့် အကြည့်ကို သဘောပေါက်သည့် အားရီးယူးစ်က ရှက်ရယ် ရယ်လိုက်သည်။

"မယ်မယ်ပေါ့ဗျာ။ လွှတ်တော်မှာ အလုပ်သင်လုပ်ဖို့ ပြောနေလို့။"

"အဲဒါ ဘာဖြစ်လို့လဲ။"

စပျစ်ရည်ကရားကို ကိုင်ထားသော အစေခံတစ်ယောက်သည် ရိုကျိုးစွာဖြင့် လုလိယက်စ်နားလျှောက်လာသည်။ ထို့နောက် လုလိယက်စ်လက်ထဲမှ စပျစ်ရည်ခွက်ထဲသို့ စပျစ်ရည်တစ်ချို့ လောင်းထည့်ပေးသည်။ လုလိယက်စ်သည် လှည့်မကြည့်။ စပျစ်ရည်ကျသံရပ်သွားသည်နှင့် ဖလားကို နှုတ်ခမ်းနားတေ့ကာ တစ်ငုံမော့သောက်လိုက်သည်။

လုလိယက်စ်သည် ဘယ်အရာကိုမှ သတိထားကာ ပြုမူသည်မဟုတ်။ အမူအကျင့်များကိုလည်း ဂရုမစိုက်။ ဒါပေမဲ့ လုလိယက်စ်၏ လှုပ်ရှားပုံ၊ ပြောဆိုပုံများတွင် စာဖွဲ့ရန်မဖြစ်နိုင်သည့် ဆွဲငင်အားတစ်ခု ကိန်းအောင်းနေတတ်သည်။ အခုလည်း စပျစ်ရည်ကို မြိုချလိုက်၍ မသိမသာလှုပ်ရှားသွားသော လုလိယက်စ်၏ လည်ပင်းရှိရာသို့လည်းကောင်း၊ ခွက်ကို စားပွဲပေါ်သို့ ခပ်ဖြည်းဖြည်း ပြန်တင်လိုက်သည့် အမူအရာကိုလည်းကောင်း မိန်းမပျိုငယ် ဒီဒီရာသည် သတိလက်လွတ် ငေးကြည့်နေသည်။

"ကျုပ် အလုပ် မလုပ်ချင်သေးဘူးဗျ။"

"အလုပ်သင်ပဲ မဟုတ်လား။ တာဝန်မကြီးပါဘူး။ ဒီအချိန်စသင်မှ နောက် လွှတ်တော်အမတ်ဖြစ်ရင် မင်းမှာ အတွေ့အကြုံရှိပြီးသား ဖြစ်မှာပေါ့။"

"အစ်ကိုရာ..ရောမကနေ နားငြီးလို့ ပြေးလာပါတယ်ဆိုမှ ကျုပ်ကို မဆူစမ်းပါနဲ့ဗျာ။ စိတ်လွတ်ကိုယ်လွတ် ပျော်ပါရစေဦး။"

"ဘယ်တုန်းကရော မင်း မပျော်ဘဲနေခဲ့ရဖူးလို့လဲ။"

လုလိယက်စ်၏ စကားအဆုံးမှာ ခန်းမတစ်ခုလုံး အားရီးယူးစ်၏ ရယ်သံများဖြင့် ဆူညံသွားသည်။ အားရီးယူးစ်သည် ဘဝကိုခုံမင်သည်။ အပျော်ကိုနှစ်သက်သည်။ တာဝန်တွေ၊ ဝတ္တရားတွေဆိုတာ ပင်ပန်းဆင်းရဲရုံကလွဲလျှင် ဘာမှအကျိုးမရှိဟုပင် ယူဆထားသူဖြစ်သည်။

သူ့ရှေ့စားပွဲဝိုင်းပေါ်မှ ကမာတစ်ကောင်ကို လှမ်းယူရင်း ငံပြာရည်စမ်းကာ နှုတ်ခမ်းနားတေ့ရင်း စုပ်ယူစားသုံးလိုက်သည်။ အစ်ကိုဖြစ်သူ လုလိယက်စ်လိုမဟုတ်။ ရှူးခနဲ မြည်သွားသောအသံနှင့် နှုတ်ခမ်းထောင့်မှာ ပေစင်သွားသော ငံပြာရည်စက်များသည် ဝုန်းဝုန်းဒိုင်းဒိုင်း စိတ်မြန်လက်မြန် စရိုက်အကျင့်ကို ဖော်ပြနေသည်။ ထို့အပြင် လက်ဆေးနိုင်ရန် ရေဖလားအသင့်ဖြင့် အနားမှာလာရပ်သော ကျွန်ကို ဂရုမစိုက်။ ရှိသည်ဟုပင်မထင်။ ဂီတသံနှင့်အတူ လှပသွက်လက်စွာ ကပြဖျော်ဖြေနေသော အလှမယ်လေးများကိုသာ မျက်လုံးမှေးကြည့်နေသည်။

"ဒါနဲ့ အစ်ကို ဒါမီဒယ်.. ဒီမြို့မှာ ဘာလုပ်လို့ရလဲ။ ကျုပ်အစ်ကိုကတော့ သူ့အလုပ်ကလွဲရင် ဘာမှသိမှာမဟုတ်ဘူး။ ဒါ့ကြောင့် ခင်ဗျားကိုမေးရတာ။"

ဘာလုပ်လို့ရလဲ ဆိုသည့် မေးခွန်းနောက်မှာ ဘာကိုသိချင်သလဲဆိုတာကိုပါ ရှင်းပြထားပြီးသလို ဖြစ်နေသောကြောင့် ဒါမီဒယ် ရယ်လိုက်သည်။

"သခင်လေးက ဘာလုပ်ချင်လို့လဲဗျ။"

"အစ်ကိုခေါ်သလို အားရီးယူးစ်ပဲခေါ်ပါဗျာ။ အစ်ကို့ သူငယ်ချင်းဆိုရင် ကျုပ်အစ်ကိုပါပဲ။ ဒီက အပျော်မယ်လေးတွေ ချောလား။ ပြဇာတ်မင်းသမီးတွေထဲမှာရော။ ဘယ်သူနာမည်ကြီးလဲ။ ဟီး .."

"ညီရာ..မင်းကတော့..ဒီနေ့မှရောက်တာတောင်..."

ဒါမီဒယ်၏ မိဘနှစ်ပါးဖြစ်သည့် လူကြီးနှစ်ဦးမှာတော့ စရိုက်အကျင့်မတူပေမယ့် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်တွယ်တာသည်ကို ရှင်းပြစရာမလိုသည့် ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း ခေါင်းတညိတ်ညိတ်နှင့် ပြုံးနေကြသည်။

"ဟဲ.. ဒါကတော့ဗျာ.."

"မင်း ကလေးပဲရှိသေးတယ်။"

"ကျုပ်သာ မိန်းမယူမယ်ဆိုရင် ကောင်းကောင်းယူလို့ရနေပြီ။ အစ်ကိုသာ တော်တော်အသက်ကြီးနေတာ။ ဒီအရွယ်အထိ အိမ်ထောင်မရှိ။ ဘာမရှိနဲ့ဗျာ။ ဟား ဟား။ မယ်မယ်ပြောမယ်ဆိုရင်လည်း ပြောစရာပဲ။"

"ဟာ..ဒီကိစ္စမပြီးသေးဘူးလား။"

"ဘယ်ပြီးမလဲဗျ။ အခုတောင် လွှတ်တော်မှာ သမီးပျိုရှိတဲ့ အမတ်တွေနဲ့ လိုက်စပ်ဟပ်လို့ မပြီးသေးဘူး။"

"ဟာကွာ.."

လုလိယက်စ် စိတ်ညစ်စွာ တစ်ချက်ညည်းရင်း အနားရှိ အစေခံလက်ထဲမှ ငွေဖလားတွင် လက်နှစ်ဖက်ကိုနှစ်ပြီး ဆေးလိုက်သည်။ အခြားကျွန်တစ်ယောက် ကမ်းပေးလာသော ပိုးသားအစဖြင့် လက်ကိုသုတ်လိုက်ရင်း စိတ်ရှုပ်သလို ပြုံးနေသည်။

"ရှင့်ဘာသာရှင် မိန်းမရှုပ်ချင်တာနဲ့ အရှင်လုလိယက်စ်ကို ဆွဲမထည့်ပါနဲ့နော်။"

မထင်မှတ်ထားသည့် ချစ်စရာ အသံစွာစွာလေးက ဂီတသံများကြားမှ ထွက်ပေါ်လာသည်။ ဒါမီဒယ်၏ ညီမငယ်ဖြစ်သူ ဒီဒီရာလေးဖြစ်သည်။ အချိန်ပေးပြင်ဆင်ခဲ့သော ဆံထုံးကြီးသည် ချစ်စရာမျက်နှာလေးနှင့် မလိုက်ဖက်အောင် မို့မောက်နေသည်။ လွင့်ခနဲခါသွားသာ ချိန်ခွင်ပုံ ရွှေနားကပ်လေးသည် မီးရောင်အောက်မှာ လက်ခနဲ။

"နင့်အစ်ကို ဟုတ်လို့လား။ ငါ့အစ်ကိုပါ။"

အားရီးယူးစ်က ဒီဒီရာကို လှမ်းစလိုက်သည်။ ဒီနေ့ညနေမှ စတင်ခင်မင်ရပေမယ့် သွက်လက်ကာ ထူးခြားသော ထိုမိန်းမပျိုကို သူ ခင်မင်သည်။ အထူးသဖြင့် အထက်တန်းလွှာအမျိုးသမီးများမှာ ရှိတတ်သည့် ဟန်ဆောင်မြူဆွယ်မှုများမရှိဘဲ လှပသော တောရိုင်းပန်းပွင့်လေးတစ်ပွင့်နှယ် ရိုးစင်းသည့် သူမ၏ အတွင်းစိတ်ကို သဘောကျမိခြင်းဖြစ်သည်။

"ငါ့အစ်ကိုလို့လည်း မပြောပါဘူးနော်။ နင့်ရဲ့ မကောင်းတဲ့အတတ်တွေ လာမသင်နဲ့လို့ပဲပြောတာ။"

"မသင်ရပါဘူးဗျာ။ ကျုပ်အစ်ကိုအကြောင်း ကျုပ်ကောင်းကောင်းသိပါတယ်။"

"ဒါဆိုလည်းပြီးရော။"

ငယ်ပေါင်းကြီးဖော်များလို ရင်းရင်းနှီးနှီးစကားပြောနေကြသည့် ညီနှင့် ညီမဖြစ်သူကိုကြည့်ရင်း လုလိယက်စ်နှင့် ဒါမီဒယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

"ဒီနားက တောတွေထဲမှာ သာရိုင်းပေါတယ်။ အမဲလိုက်သွားကြမလား။"

"ဟာ.. ကောင်းတာပေါ့။"

အားရီးယူးစ် ဝမ်းသာအားရ ပေါင်ကို ပုတ်လိုက်သည်။ သူသည် အမဲလိုက်ရသည်ကို ၀ါသနာကြီးသည်။ ရောမမြို့တွင် တောရိုင်းတိရစ္ဆာန်များနှင့် အမဲလိုက်ပွဲများကို ပြဇာတ်ပွဲရုံများတွင် စီစဉ်ကျင်းပလျှင် မပျက်မကွက် သွားရောက်ကြည့်ရှုတတ်သည်။

"ဘာကောင်တွေရှိလဲ အစ်ကို။"

"တောဝက်တွေ ချေတွေ အများကြီးပဲ အားရီးယူးစ်ရ။"

ဒါမီဒယ်ကပါ ဝင်ဖြေသည်။

"ညီမလည်း လိုက်မယ်နော်။"

"ညည်းက မိန်းကလေးဖြစ်ပြီး ဘာလိုက်လုပ်မှာလဲ။"

မိခင်ဖြစ်သူက ဝင်ဟောက်လိုက်တော့ ဒီဒီရာသည် မျက်နှာမည်းသွားသည်။ အရှုံးတော့မပေး။ နွဲ့ဆိုးဆိုးတတ်သည့် သူမလေးထုံးစံအတိုင်း ဧည့်သည်များရှေ့မှာပင်ဖြစ်ပေမယ့် မိဘကို ပြန်ပြောဖို့ဝန်မလေးပါ။

"အမဲလိုက်တာကို လိုက်ဖို့ပြောတာမဟုတ်ပါဘူး။ မယ်မယ်ကလည်း။ အစ်ကိုတို့ အမဲလိုက်သွားရင် တည်းတဲ့ အရှင်လုလိယက်စ်ရဲ့ မြို့ပြင်က အိမ်ကြီးကိုလိုက်မယ်ပြောတာပါနော်။"

"ကောင်းတယ်ဗျာ။ ကျုပ်တို့အားလုံး သွားကြတာပေါ့။ ကျုပ်အစ်ကိုက ရောမကို ပြန်မလာတော့ဘဲ ဒီမှာပဲ အခြေချတော့မယ်ထင်တယ်။ အိမ်တွေ ဘာတွေတောင် ဝယ်ထားလိုက်ပြီလား။"

"ဒီမြို့ပြင်နေရာတွေက အရမ်းသာယာတယ် ညီရ။ အရေးကြီးအလုပ်တွေပြီးတဲ့အချိန် အဲ့ဒီ့မှာ နားရင်း အေးအေးဆေးဆေး အမဲလိုက်ထွက်လို့ရတယ်။"

"အဆင်ပြေတယ်ဗျာ။ ဒီမြို့မှာ ကျုပ် အကြိုက်တွေချည်းပဲ။"

လက်ထဲမှ စပျစ်ရည်ခွက်ကို မြှောက်ကိုင်ပြရင်း ပြုံးပျော်နေသည့် အားရီးယူးစ်ကိုကြည့်ရင်း အားလုံး ရယ်ဖြစ်သွားသည်။

Continue Reading

You'll Also Like

1.1M 60.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
40.7K 2.6K 40
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
250K 12.3K 38
ခများကကျွန်တော့်အတွက်လက်လှမ်းမမှီတဲ့လမင်းကြီး...💔 (Myanmar oc fiction) ခများကကျွန်တော့်အတွက်လက်လှမ်းမမှီတဲ့လမင်းကြီး...💔(Myanmar oc fiction)
COTAW(2) By Blueberry

Historical Fiction

136K 24.8K 120
Book1က wallထဲမှာရှိပါတယ်နော်