အောက်တိုဘာလ
အေဒီ ၇၈ ခုနှစ်
ပုံပေမြို့
ရောမအင်ပါယာ
ကောင်းကင်ပြင်ရှိ တိမ်တိုက်များကြားမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ပုံပေမြို့အနီးရှိ ပင်လယ်ကမ်းရိုးတန်းသည် နံပါတ် ၁ အက္ခရာကို ရေးသားထားသလို ချိုင့်ဝင်နေသည်။ ထို့ထက်ပို၍ အနီးကပ်ကြည့်ရှုမည်ဆိုပါလျှင် ပေါ်လိုက်၊ပျောက်လိုက် ဖြစ်နေသော လှိုင်းလုံးဖြူလေးများနှင့် လေးထောင့်ပုံစံ ရွက်များကိုလွှင့်ထားသော ခရီးသွားရွက်လှေများကို သေးငယ်သော ပုံစံငယ်များသဖွယ် မြင်တွေ့ရမည်ဖြစ်သည်။ ထို့အတူ တောင်တန်းတောင်ကုန်းများ၊ သစ်တောများကြောင့် စိမ်းစိုမို့မောက်နေသော ပထဝီမြေပြင်နှင့်တကွ ပင်လယ်ကမ်းစပ်နားတွင် မြောက်မြားလှစွာသော အဆောက်အဦးပုံစံများနှင့် ဖွဲ့စည်းထားသည့် ပုံပေမြို့ကြီးကို မြင်ကြရမည်ဖြစ်သည်။
ပုံပေမြို့ပုံစံသည် လေးထောင့်ပုံမဟုတ်။ အနိမ့်အမြင့်မတူသော တောင်ကုန်းဒေသ မြေပြင်တွင် ပုံစံချတည်ထားခဲ့သည့် မြို့တစ်မြို့ဖြစ်သဖြင့် ထောင့်မှန်စတုဂံနှင့် ဘဲဥပုံ နှစ်ခုကြား ထူးခြားသောပုံစံကို အသွင်ဖော်ထားသည်။ မြို့အနီးသို့ ထပ်မံတိုးကပ်ကြည့်မည်ဆိုလျှင်တော့ ပုံစံတူအဆောက်အဦးငယ်များကြားမှ ခမ်းနားထည်ဝါသောမြို့လယ်နေရာ၊ လခြမ်းပုံ ပြဇာတ်ရုံ၊ ဂလေဒီယေတာတိုက်ခိုက်ရေးစစ်သားများနေထိုင်ခဲ့ရာ အဆောက်အဦး၊ လူငယ်လေ့ကျင့်ရေးကွင်းကြီးတို့အပြင် ၎င်းအနီးမှ အမိုးဖွင့်ဇာတ်ရုံကြီးတို့ကို အရင်ဆုံး တွေ့ရမည်ဖြစ်သည်။
ထို့နောက်တွင်တော့ ဖြောင့်တန်းသော လမ်းမများ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှ နှစ်ထပ်အိမ်များ၊ ဆိုင်များ၊ မိုးသောက်နေရောင်အောက်မှာ လှုပ်ရှားသွားလာနေကြသော ရောမလူမျိုးများ၊ ကျွန်များ၊ တိရစ္ဆာန်များနှင့် အခြားတိုင်းတစ်ပါးဒေသမှ လူမျိုးပေါင်းများစွာကို တွေ့မြင်ရမည်ဖြစ်သည်။
ထို့ထက်ဆင့်ကဲကာ မြို့အတွင်းသို့ ခြေချနိုင်ခဲ့မည်ဆိုပါလျှင်...
နှစ်ပေါင်းများစွာ ကြာမြင့်စေရန် ရည်ရွယ်ဖောက်လုပ်ထားသည့် ကျောက်တုံးကြီးများခင်းထားသည့် မြို့လယ်လမ်းမကြီးကို တွေ့ရလိမ့်မည်။ လမ်းကြီးတစ်ဖက်တစ်ချက်တွင် လူသွားလမ်းများ၊ ရေဘုံဘိုင်များနှင့် လှည်းများ ထိခိုက်မှုမရှိစေရန် ဖော်ထားသော လှည်းဘီးရာများရှိသည်။ သို့ရာတွင် လမ်းများပေါ်တွင် သွားလာလှုပ်ရှားနေသော လှည်းများမရှိ။ နေ့အချိန်တွင် တိရစ္ဆာန်ဆွဲလှည်းများ မြို့တွင်းသို့ ဝင်ခွင့်မရှိတော့ဘဲ ညအချိန်မှသာ ဖြတ်သန်းသွားလာခွင့်ရှိသည်။
ထိုလမ်းမကြီးပေါ်တွင် ကျွန်ရှစ်ယောက် ထမ်းပိုးထားသည့် လူထမ်းယာဉ်တစ်စီးသည် ကင်းခြေများတစ်ကောင်လို ရွေ့လျားနေသည်။ ထမ်းစင်ကို သယ်ပိုးထားသော ကျွန်အားလုံးမှာ ရှေ့တုရုသို့သာ မျက်နှာမူကာ ခြေလှမ်းမှန်မှန်နှင့် လမ်းလျှောက်နေကြသည်။ ထိုကျွန်များ၏ အကြီးအကဲဖြစ်ဟန်တူသည့် ဆံပင်များစွတ်စွတ်ဖြူနေသည့် အဘိုးအိုသည် ထမ်းစင်ရှေ့မှ လမ်းရှင်းပေးနေသည်။
အဖိုးတန်ပိတ်စအဖြူကို ထမ်းစင်၏ အမိုးအကာအဖြစ် အသုံးပြုကာ ပတ်ပတ်လည်တွင်ပါ လိုက်ကာသဘောမျိုး ပိတ်ကာချထားသည်။ အနုစိတ်လက်ရာ ပုံဖော်ထားသော ထမ်းစင်၏ ခြေတိုင်လေးဘက်နှင့် ကောင်းမွန်စွာဝတ်စားထားသော ကျွန်များ၏ အပြင်အဆင်ကြောင့် တန်ခိုးအာဏာရှိသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
လမ်းသွားလမ်းလာများသည် အထူးအဆန်းသဖွယ် ရပ်တန့်ငေးမောရင်း ထမ်းစင်ထဲမှသူကို မြင်ရရန် ကြိုးစားလျက်ရှိသည်။ ထမ်းစင်ထဲမှသူမှာ သူ့ကို အခြားသူများ မမြင်ရအောင် အထူးတလည် ရှောင်ဖယ်နေသည်တော့မဟုတ်ပါ။ ထမ်းစင်အတွင်းရှိ ခေါင်းအုံးများပေါ်တွင် လက်တစ်ဖက်ထောက် လှဲလျောင်းရင်း စာဖတ်လျက် လိုက်ပါလာခြင်းဖြစ်သည်။ လိုအပ်သောအလင်းရောင်ရရန် ခေါင်းရင်းနားမှ ပိတ်စဖြူကို ဖယ်သိမ်းထားသည်။
"သတိထား.."
ရှေ့မှ လမ်းရှင်းပေးနေသော အဘိုးအို အဲလ်ဇီယို (Elzio) သည် လမ်းဖြတ်ကူးရာတွင် လူကူးလမ်းအဖြစ် သတ်မှတ်ထားသည့် ကျောက်တုံးကြီးများကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်ခြင်းဖြစ်သည်။ ကျောက်တုံးကြီး လေး၊ငါးခုကို တံတားသဖွယ် လမ်းကို ကန့်လန့်ဖြတ်ပြီး ခင်းထားသည်။ မိုးရွာချိန်၊ လမ်းရှုပ်ချိန်များတွင် လမ်းသွားလမ်းလာများ လူသွားလမ်းတစ်ဖက်မှ တစ်ဖက်သို့ အလွယ်တကူ ဖြတ်ကူးသန်းနိုင်ရန် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။
အဲလ်ဇီယို..
အဘိုးအိုသည် အသက်ငါးဆယ်ကျော်ကာ ခြောက်ဆယ်နားနီးနေပြီဖြစ်သည်။ သူ၏ သက်တမ်းထက်ဝက်ကျော်လောက်ကို ထမ်းစင်အတွင်း လိုက်ပါလာသော အရှင်တစ်ပါးတည်းထံတွင်သာ ကုန်ဆုံးစေခဲ့သည့် လူယုံတစ်ယောက်ဆိုလျှင်လည်း မမှားပါ။ ကျွန်များသည် အဘိုးအို၏ သတိပေးစကားကြောင့် ခြေလှမ်းအရှိန်ကို မလျှော့ပေမယ့် ကျောက်တုံးများကို အထူးသတိထားပြီးရှောင်ကာ ရှေ့ဆက် လျှောက်လာကြသည်။
ပုံပေမြို့ကြီး၏ မနက်ခင်းသည် အရောင်အသွေးစုံလင်စွာ လှုပ်ရှားသက်ဝင်နေသည်။ နေ့အလင်းရောင်ကို အဓိက အားပြုရှင်သန်ရသော ခေတ်ကာလဖြစ်သောကြောင့် မနက်ခင်းရောင်ခြည်နှင့်အတူ မြို့သူမြို့သားများသည် လမ်းမများပေါ် ပြိုဆင်းလာသည်လား အောက်မေ့ရလောက်သည်။
အိမ်ပေါက်ဝတွင် စကားရပ်တန့်ပြောဆိုနေသူများ၊ မဲဆွယ်ကြေငြာများကို ဆေးသုတ်ရေးခြယ်နေသူများ၊ လိုရာပစ္စည်းများဝယ်ယူရန် စျေး သို့မဟုတ် ဆိုင်များသို့ သွားနေကြသူများနှင့် မြို့ကြီးသည် စည်ကားသိုက်မြိုက်လို့နေသည်။ လမ်းဘေးတစ်လျှောက်ရှိ ဆိုင်ခန်းများမှ ပေါင်မုန့်နံ့၊ ၀ိုင်နံ့များသာမက စားသောက်ဆိုင်များမှ ကြော်လှော်ချက်ပြုတ်နေသည့် အနံ့ပေါင်းစုံတို့သည် မြို့အတွင်းမှာ ပျံ့လွင့်နေကြသည်။
ကလေးငယ်တစ်ချို့သည် ရှေ့ဆုံးမှ လျှောက်နေသော အဘိုးအို အဲလ်ဇီယိုနှင့် ထမ်းစင်ကြားမှ ဖြတ်ကာ ပြေးလွှားသွားသည်။ ကလေးငယ်များသည် ၇ နှစ်၊ ၈ နှစ်အရွယ် ယောက်ျားလေးများဖြစ်ကာ ဆိုင်ရာဆိုင်ရာ ကျောင်းများသို့အရောက် အပြေးသွားနေကြခြင်းဖြစ်သည်။ ညစ်ထေးသောအဝတ်အစားများ ဝတ်ဆင်ထားပြီး ပိန်လှီသောကိုယ်ခန္ဓာငယ်များနှင့် ဖြစ်သည်။ ကလေးငယ်တစ်ယောက်ကို တိုက်မိတော့မလို ဖြစ်သွားသောကြောင့် ကျွန်ရှစ်ယောက်၏ ခြေလှမ်းများ တုံ့ရပ်သွားသည်။
ထမ်းစင်၏ ရပ်တန့်လိုက်မှုကြောင့်လား မသိ။ ထမ်းစင်အတွင်းမှ ရုပ်သိမ်းထားသော လိုက်ကာဖြူစသည် လျှောကျသွားသည်။ ထိုလိုက်ကာကို ဖယ်မလိုက်သည့် ရှင်းသန့်သော လက်တစ်ဖက် ပေါ်လာသည်။ အမျိုးသားတစ်ယောက်၏ လက်ဖြစ်သည်။ ဖြူစင်သန့်ရှင်းနေသလို ကြည့်ကောင်းစွာ ခပ်သွယ်သွယ်ဖြစ်သည်။ လက်ကောက်ဝတ်တွင် လျှောကျနေသော အဖြူရောင် ဝတ်ရုံလက်ရှည်သည် တန်ဖိုးကြီးလွန်းသည့် ပိုးသားပိတ်စဖြစ်သည်။
မှောင်ရိပ်ကျနေသောကြောင့် မျက်နှာကို မမြင်ရ။ အရိပ်ကျနေသော နှုတ်ခမ်းများကိုသာ အပြင်ဘက်မှ လှမ်းမြင်လိုက်ရသည်။ အညိုရောင်သန်းနေသည့် နှုတ်ခမ်းများဖြစ်သည်။ ခပ်ပါးပါးမဟုတ်သလို ထူထဲသည်လည်းမဟုတ်။ ငှက်တစ်ကောင်ပျံသန်းနေသလို ခပ်မို့မို့လေးဖြစ်နေသည့် အပေါ်နှုတ်ခမ်းများသည် ကလေးငယ်များကိုကြည့်ရင်း မသိမသာလေး ကွေးပြုံးသွားသည်။
ကျွန်များမှာ ထမ်းစင်တုံ့ရပ်သွားသည့်အတွက် စိုးရိမ်စွာ တောင်းပန်နေဟန်တူသည်။ ထမ်းစင်ထဲမှ လူ၏ ဖြေသံမကြားရသော်လည်း ရှေ့ဆက်သွားရန် လက်ကို မသိမသာ လှုပ်ခတ်လိုက်ဟန်ကိုသာ မြင်လိုက်ရသည်။
ပုံပေမြို့ကြီး၏ အထွဋ်အထိပ်နေရာတစ်ခုဖြစ်သည့် နတ်ဘုရားကျောင်းကြီးကို ဖြတ်ကျော်လာပြီး ခမ်းနားထည်ဝါသော တရားရုံးကြီးရှေ့အရောက်တွင် ထမ်းစင်ကိုထမ်းလာသော ကျွန်များမှာ တိခနဲ ခုတ်ချခံလိုက်ရသော ငှက်ပျောပင်များလို ငြိမ်သက်သွားသည်။ ထို့နောက်မှာတော့ ပခုံးပေါ်မှထမ်းစင်ကို မြေပြင်ပေါ်သို့ ဖြည်းညင်းညင်သာစွာ ချလိုက်ကြသည်။ ဟိုဘက်ဒီဘက် ဘက်မညီဘဲ စောင်းသွားခြင်းမရှိ။ လူရှစ်ယောက် ၀ိညာဉ်တစ်ခုတည်းဟုပင် ပြောလို့ရမည့်အလား ညီညာသပ်ရပ်စွာ ချပေးလိုက်ခြင်းဖြစ်သည်။
ထမ်းစင်အောက်ခြေတိုင်များသည် လမ်းပေါ်မှ ကျောက်တုံးများပေါ်သို့ ငြိမ်သက်စွာ ကျရောက်သွားသည်။ ကျွန်များ၏ အကြီးအကဲဖြစ်သည့် အဘိုးအိုသည် ရိုးကျိုးစွာဖြင့် ထမ်းစင်နားလျှောက်လာပြီး လိုက်ကာကို အသာအယာဖယ်လိုက်သည်။
အဖိုးတန် ခြေစွပ်သားရေဖိနပ်ကို စီးထားသော ခြေတစ်ဖက်ကို အရင်ဆုံး မြင်လိုက်ရသည်။ ခြေဖျားထိပ်ပိုင်းမှာ အစွပ်နှင့်ဖြစ်သော်လည်း ဘေးတစ်တစ်ဖက်တစ်ချက်တွင်တော့ ခပ်ရှည်ရှည် အပေါက်ငယ်များရှိပြီး နောက်ပိတ်ဖိနပ်ပုံစံဖြစ်သည်။ အရည်အသွေးအကောင်းဆုံး သားရေဖြင့် ပြုလုပ်ထားပြီး ဖိနပ်နောက်နှင့်ရှေ့အဆုံးနားမှ သားရေကြိုးများကို ခြေချင်းဝတ်ကျော်သည်အထိ ကြက်ခြေခပ်တက်ကာ သိုင်းစည်းထားသည်။ ခြေကျင်းဝတ်တွင် မသိမသာထင်ကျန်နေသော အမာရွတ်တစ်ချို့သည် ခြေထောက်ပိုင်ရှင်၏ ကြံံ့ခိုင်မှုကို ဖော်ညွှန်းပြနေသည်။ ၀ိုက်ခနဲ ဆင်းကျလာသော အဖြူရောင်ဝတ်ရုံရှည်သည် ထိုအမာရွတ်များကို ဖုံးအုပ်သွားစေသည်။
"အရှင်.. ကြွပါ။"
ထမ်းစင်ထဲမှလူသည် အဘိုးအို ကမ်းပေးသော လက်များကို လှမ်းမကိုင်ဘဲ ခေါင်းကိုငုံ့ကာ လမ်းပေါ်သို့ ဆင်းလာသည်။ အသက် နှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါးအရွယ် လူငယ်တစ်ယောက်။ ရောမအင်ပါယာ၏ လွှတ်တော်အမတ်အရာရှိများသာ ဝတ်ဆင်ခွင့်ရှိသည့် အဖိုးထိုက်တန်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ နီညိုရောင်အနားကွပ်ထားသည့် အပေါ်ခြုံထည်ကို ဦးခေါင်းထက်တွင်ပါ အုပ်ခြုံထားသောကြောင့် ရွှေရောင်ဆံပင်များမှာ ဖုံးတစ်ဝက်၊ ကွယ်တစ်ဝက်ဖြစ်နေသည်။
ဆန့်တန်းနေသော မျက်ခုံးထူများအောက်မှ အပြာရောင်မျက်လုံးများမှာလည်း တည်ငြိမ်ထည်ဝါမှုနှင့် ရင့်ကျက်နေပြန်သည်။ နှုတ်ခမ်းနှစ်လွှာတွင် နှစ်လိုဖွယ်ရာ အပြုံးမရှိသလို ကြေကွဲနေဟန် မဲ့မနေပါ။ သို့ပေမယ့် မသိမသာ ထင်နေသော ဝမ်းနည်းရိပ်တစ်ချို့သည် ခန့်ညားရိပ်ကို ကျက်သရေတိုးစေသည်။ ခြုံငုံပြောရပါလျှင် နုငယ်သောမျက်နှာကြောင့်သာ လူငယ်တစ်ယောက်ပါဟု အတတ်သိနိုင်သော်လည်း ထိုလူငယ်သည် အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင် တည်ငြိမ်သည်။ လူငယ်က သူ့နောက်နားမှာ ခပ်ရို့ရို့လာရပ်ကာ နောက်မှလိုက်လာရန် ဟန်ပြင်နေသော အဘိုးအိုကို လက်ဖဝါးတစ်ဖက်ဖြန့်မကာ လှမ်းတားလိုက်သည်။
"မလိုဘူး အဘ။ အဘတို့ပြန်တော့။"
"ဒါ.. ဒါပေမဲ့..."
"ကိစ္စမရှိဘူး။ သွားတော့။"
၀ိုက်ကျနေသော ဝတ်ရုံရှည် အနားစကို လက်ဖျံပေါ် ပင့်တင်သိမ်းကာ လူငယ်သည် ထိုနေရာမှ ထွက်ခွာသွားပြီဖြစ်သည်။ လူငယ်၏ ခန့်ညားမှုနှင့် အရှိန်အဝါကြောင့် အနီးအနားရှိ လူအများစုမှာ အံ့သြငေးမောရင်း ကျန်နေခဲ့သည်။ ပိုပြီးအံ့သြသွားကြသည်မှာ ထိုလူငယ်၏ အပြုအမူဖြစ်သည်။
တန်ခိုးအာဏာရှိသူတစ်ယောက်သည် အခြံအရံများနှင့်သာ သွားလာတတ်သည်။ ကျွန်များ၊ မိမိတို့မှ ကူညီဖေးမထားသည့် လက်အောက်ခံများခြံရံကာ မိမိတို့အရှိန်အဝါကို ကြွားဝါတတ်သည်။ ယခု လူငယ်ကတော့ ထိုထုံးတမ်းစဉ်လာကို ဂရုစိုက်ဟန်မရှိ။ အခြံအရံမပါဘဲ ကျောက်ပြားခင်းထားသော လှေကားထစ်များအတိုင်း လှမ်းတက်သွားသည်။
ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြည်လေညင်းသည် ပုံပေတစ်မြို့လုံးကို ဖြတ်သန်းကာ တဖြူးဖြူးတိုက်ခတ်နေသည်။ တောက်ပသော နေရောင်သည် ပူပြင်းမှုမရှိပေမယ့် မြို့ပြအပေါ်သို့ နွေးထွေးစွာ ကျရောက်နေသည်။ မြို့လယ်အချက်အချာဖြစ်သော တရားရုံး၊ စျေးနှင့် နတ်ဘုရားကျောင်းကြီးများသည် ပင်လယ်နှင့် ဆန့်ကျင်ဘက်အရပ်ဖြစ်သော အရှေ့ဘက်မှနေ၍ မြင့်တက်လာသော နေမင်းအောက်တွင် ရွှေမှုန် ရွှေစများ ပက်ဖြန်းခံထားရသလို ထည်ဝါဝင့်ကြွားမှုများနှင့် မြို့ကျက်သရေကို ဆောင်နေကြသည်။ အဖိုးတန် စကျင်ကျောက်တိုင်များနှင့် တည်ဆောက်ထားသည့် နတ်ဘုရားကျောင်း၏ အနောက်ဘက် အဝေးတစ်နေရာမှ စိမ်းညှို့သောတောတန်း၊ တောင်တန်းငယ်များကလည်း ပင်လယ်ကမ်းရိုးတန်း မြို့လေးကို ရသမြောက်အောင် ကူညီပေးနေပြန်ပါသည်။
ဂရိနတ်ဘုရားကျောင်းများနှင့် ဆင်ဆင်တူသည့် တရားရုံးရှိရာသို့ ခြေဦးတည်နေသော လူငယ်၏ ခေါင်းကိုခြုံထားသော ခြုံထည်သည် တိုက်ခတ်လာသော ပင်လယ်လေကြောင့် ကျောနောက်ဘက်သို့ လွင့်ကျသွားခဲ့သည်။ ရွှေရောင်တောက်နေသော လှိုင်းတွန့်ဆံပင်များနှင့် ခန့်ညားချောမောသော မျက်နှာကို ဖြတ်သန်းသွားလာသူများ မြင်လိုက်ရသည်နှင့် လေးစားရိုသေစွာ ခါးကိုင်းအရိုအသေပေးလိုက်ကြသည်။
လုလိယက်စ်
သူသည် ပုံပေမြို့သားတစ်ယောက်မဟုတ်ပါ။ ရောမလွှတ်တော်မှ ဂုဏ်သရေရှိ အမတ်တစ်ဦးဖြစ်သည်။ အင်ပါယာရှင်ကိုယ်တိုင် ပုံပေမြို့အတွက် အထူးစီမံချက်ဖြင့် စေလွှတ်လိုက်သူဖြစ်သည်။ အေဒီ ၆၂ ခုနှစ်က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ပုံပေမြို့၏ပြင်ဆင်မှုများကို ကြပ်မတ်ကွပ်ကဲရမည့် အထူးအာဏာရှိသူ တစ်ယောက်ဖြစ်သည့်အပြင် မြို့တွင်း၊ မြို့ပြင်မှ အခွန်ဘဏ္ဍာကိစ္စများကို စစ်ဆေးကြီးကြပ်ရမည့်သူ။ တစ်နည်းဆိုရလျှင် အင်ပါယာရှင်၏ ယုံကြည်မှုနှင့် အားကိုးမှုကို အကြွင်းမဲ့ရရှိထားသည့် အထက်တန်းစားလွှာ မိသားစုဝင် လွှတ်တော်အမတ်တစ်ယောက်။
"သတ်တော့မယ်တဲ့ဟေ့။"
"ဘာဖြစ်တာလဲ။"
"မြန်မြန်.. မြန်မြန်"
လူတစ်ချို့သည် ဆူညံစွာအော်ဟစ်ရင်း စျေးကြီးရှိရာသို့ ပြေးသွားကြသည်။ ကလေးများလည်းပါသည်။ ဖိနပ်မပါသော ကလေးငယ်များ၏ ခြေသံသည် အဖြူရောင်တောက်နေသည့် စကျင်ကျောက်ပြားများခင်းထားသော ကြမ်းပြင်ထက်မှာ မဆူညံပါ။ တရားရုံးကြီး၏ဝင်ပေါက်တွင် အုပ်ချုပ်ရေးမှူးနှင့် ရပ်တန့်စကားပြောနေသည့် လုလိယက်စ်၏ မျက်ခုံးနှစ်ခုအနည်းငယ် ကွေးညွှတ်ပြီး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။
မြို့လယ်တွင် သောင်းပြောင်းထွေလာ သွားလာနေကြသူများသည် ယခုတော့ စျေးကြီးရှိရာသို့ အာရုံရောက်နေကြသည်။ ဘုရားကျောင်းကြီးဘေးရှိ စျေးကြီးထဲသို့ တိုးဝှေ့ဝင်ရန် အလုအယက် ကြိုးစားနေကြသည်။
လုလိယက်စ်သည် အုပ်ချုပ်ရေးမှူးနှင့် စကားစဖြတ်ကာ နှုတ်ဆက်လိုက်ပြီးမှ လူအုပ်စုကြီးရှိရာ မြို့စျေးဘက်သို့ ပြန်လျှောက်လာခဲ့သည်။ စျေးပေါက်ဝတွင် ကြိတ်ကြိတ်တိုးနေသော လူများသည် လုလိယက်စ်ကိုမြင်သည်နှင့် နေရာဖယ်ကာ ဘေးသို့ ရှဲသွားကြသည်။
ရောမလူမျိုးများ မနက်စာအဖြစ် အထူးအလေးပြုစားသောက်ကြသည့် ပေါင်မုန့်ပူပူနွေးနွေး၏ နှစ်လိုဖွယ်ရာ ရနံ့သင်းသင်းကို ရလိုက်သည်။ ရာသီပေါ်သီးနှံများနှင့် ပန်းများ၊ အသီးအရွက်များသည် စျေးမြင်ကွင်းကို ရောင်စုံပန်းချီကားတစ်ချပ်လို ကြည့်ချင်စဖွယ်ဖြစ်အောင် ကူညီပေးနေသည်။ စျေးဝယ်သူများ၊ လမ်းဘေးစျေးသည်၊ ဆိုင်စျေးသည်အားလုံးလိုလိုသည် ယခုအချိန်တွင် အရောင်းအဝယ်ကို စိတ်မဝင်စားကြ။ စျေးလယ်ရှိ အမိုးအကာအောက်မှ ရေတွင်းငယ်ရှိရာသို့ အာရုံရောက်နေကြသည်။
ထိုနေရာတွင် ယာယီဆောက်လုပ်ထားသည့်ဟန်ရှိသည့် သစ်သားစင်တစ်ခုရှိသည်။ ထိုစင်ပေါ်တွင် ခေါင်းငိုက်စိုက်ဖြင့် မတ်တတ်ရပ်နေကြသော လူတစ်စု။ အမျိုးသမီး၊ အမျိုးသား လူငယ်တစ်ချို့နှင့် အသက်ကြီးသူများလည်း ပါဝင်သည်။ အားလုံး၏မျက်နှာများသည် ဘဝကိုအရှုံးပေးထားကြဟန် ညှိုးရော်နေသည်။ အဝတ်အစားများစုတ်ပြဲနေသူတွေပါသလို နံငယ်ပိုင်းကိုသာ ဝတ်ဆင်ထားသူများလည်း ပါဝင်သည်။ အမျိုးသမီးတစ်ချို့မှာ အပေါ်ပိုင်းတွင် ဘာမှဝတ်ဆင်ထားခြင်းမရှိ။ အဝတ်မပါသော သူမတို့၏ ကိုယ်ခန္ဓာသည် ခပ်လှမ်းလှမ်းတွင်ရောင်းချနေသည့် အမဲသားငါးများလောက်သာ တန်ဖိုးရှိသလား ထင်မှားနိုင်သည်။ ထိုလူအုပ်စုနားတွင်တော့ ကြမ်းတမ်းခက်ထန်ဟန် မျက်နှာနှင့် လူတစ်ယောက်သည် သူ့ရှေ့မှာ ဒူးထောက်နေသည့် လူငယ်တစ်ယောက်ကို ကြာပွတ်နှင့် တရွှမ်းရွှမ်းရိုက်နေသည်။
သူတို့အားလုံးသည် ကျွန်များဖြစ်သည်။
ညှာတာမှုမရှိဘဲ ကြာပွတ်နှင့် ရက်စက်စွာရိုက်နှက်နေသူသည် ကျွန်ကုန်သည် ဖြစ်သည်။ ရောမအင်ပါယာအတွင်းရှိ မြို့ကြီးများတွင် ကျွန်များကို ကုန်ပစ္စည်းတစ်ခုလို ဒီလိုပင် အရောင်းအဝယ်လုပ်ကြသည်။ စျေးတွေမှာ၊ မြို့လယ်နေရာတွေမှာ ကျွန်ရောင်း၊ ကျွန်ဝယ်လုပ်နေကြသည်များကို တွေ့ရတတ်သည်။ ယခုကျွန်များသည် သိပ်ပြီးတန်ဖိုးမကြီးသည့် ကျွန်များဖြစ်သည်။ ပညာတတ်ကျွန်များ၊ ရုပ်ရည်အဆင်း လှပသည့် ကျွန်များဆိုလျှင် သီးသန့်နေရာများတွင် လူချမ်းသာများအတွက်သာ ရောင်းချတတ်ကြသည်။ ယခုလို လူလယ်ခေါင်မှာ ရောင်းချလေ့မရှိကြ။
ရောမစစ်သားများ စစ်ပွဲများအောင်နိုင်ပြီး နယ်မြေများကို သိမ်းပိုက်နိုင်လာလေလေ လက်အောက်ခံဒေသများမှ ပြည်သူပြည်သားများမှာ ကျွန်များအဖြစ်သို့ ရောက်ရှိလေလေဖြစ်သည်။ ထို့အပြင် အခြားဒေသများမှ လူမျိုးများသည် မိမိတို့အချင်းချင်းပင် အားနည်းသူများကို ပြန်လည်ဖမ်းဆီးကာ ကျွန်အဖြစ် ရောင်းချမှုများ ရှိသေးသည်။ ဒီတော့လည်း ရောမအင်ပါယာတွင် နေထိုင်သူများ၏ ခြောက်ပုံပုံ တစ်ပုံသည် ကျွန်လူတန်းစားဖြစ်နေသည်မှာ မထူးဆန်းတော့။
ကြာပွတ်နှင့်ရက်ရက်စက်စက်ရိုက်နှက်နေသည့် ကြမ်းတမ်းခက်ထန်သည့် လူကြီးသည် ရပ်ဝေးမှလာခဲ့သည့် ကျွန်ကုန်သည်တစ်ယောက်ဖြစ်ဟန်တူသည်။ ၎င်း၏အဝတ်အစားများမှာ ဖရိုဖရဲနှင့် ချွေးတွေရွှဲနေသည်။ ခေါင်းထက်မှ ခေါင်းပေါင်းသည် ချေးအထပ်ထပ်နှင့်ဖြစ်သည်။ တွဲရိနေသော နှုတ်ခမ်းသားထူထူသည် ဒေါသကြောင့် မဲ့ရွဲ့နေသည်။
၎င်းရှေ့မှ ဒူးထောက်ခေါင်းငုံ့နေသည့် ကျွန်မှာတော့ ကြာပွတ်ဒဏ်ကြောင့် သွေးများရွှဲနေပြီဖြစ်သည်။ ကြာပွတ်လက်ကိုင်မှာ သစ်သားဖြစ်သော်လည်း သားရေသားဖြင့် ပြုလုပ်ထားသည့်အပြင် အဖျားများဖွာနေကာ တိရစ္ဆာန်အရိုးများနှင့် တွဲကပ်ချည်ထားခြင်းကြောင့် တစ်ချက်ရိုက်ခံလိုက်ရတိုင်း အသားများစုတ်ပြဲကာ သွေးချင်းချင်းနီသွားစေသည့် လက်နက်မျိုးဖြစ်သည်။
ကျွန်၏လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုပ်ထားသည်။ မျက်နှာတစ်ခုလုံးမှာ ဖူးယောင်နေကာ စီးကျနေသော သွေးစက်များကြောင့် ကျောက်ပြားခင်းထားသော စျေးကြမ်းပြင်ထက်မှာ အိုင်ထွန်းနေပြီဖြစ်သည်။ ချည်ထည် နံငယ်ပိုင်းကိုသာ ဝတ်ဆင်ထားကာ အဝတ်ဗလာနှင့်ဖြစ်သောကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာ ပရပွနှင့် မြင်ရက်စရာပင်မရှိ။ ဒီလောက်များပြားသော ဒဏ်ရာများသည် ကြာပွတ်ဒဏ်တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်။
"ဘာဖြစ်တာလဲ။"
၀ိုင်းကြည့်နေကြသည့် လူများထဲမှ ခပ်ဝဝအမျိုးသမီးတစ်ယောက်က အနားမှလူတစ်ယောက်ကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။ လက်ဝတ်ရတနာများတောက်ပြောင်စွာ ဝတ်ဆင်ထားသော အမျိုးသမီးကြီးမှာ ကြာပွတ်နှင့် ရိုက်ခံနေရသော ကျွန်ထံမှ မျက်စိမလွှဲ။ သူမ၏မျက်နှာမှာ ကျေနပ်မှုများနှင့် လက်လက်ထနေသည်။ သူမခေါင်းထက်မှ ဆံထုံးကြီးကို အစေခံကျွန်များ မနက်ခင်းတစ်ခုလုံးနီးပါး ကူညီထုံးဖွဲ့ပေးခဲ့ရသည်။
"သူ့ကိုဝယ်လိုက်တဲ့သခင်သစ်နောက်ကို ကောင်းကောင်းမလိုက်ဘူးလေ။ မလိုက်တဲ့အပြင် အတင်းရုန်းတာဗျ။ ဟိုလူဆို နေရာမှာတင် ပုံလဲကျသွားတာ။"
"ဟယ်.. ဟုတ်လား။ ဒီလိုမျိုးကောင်တွေ အသေသတ်ပစ်ရမှာ။"
"ကိုယ်ခန္ဓာက သေးသေးကွေးကွေးပေမယ့် ဗလကတော့ မထင်ရဘူးဗျ။ တစ်ချက်ရုန်းလိုက်တာနဲ့ သူ့ကိုဝယ်ထားတဲ့သခင်က ပုံလဲသွားတာ။"
"အင်းနော်။ မထင်ရဘူး။ ခစ် ခစ်"
အမျိုးသမီးမှာ ကျေနပ်သလိုရယ်လိုက်ရင်း အမဲဖျက်ခံနေရသည့် သားသတ်သမားတစ်ယောက်ကို သဘောကျစွာ လှမ်းကြည့်နေသလို သူမရှေ့မှ ရှုခင်းကို အားရနှစ်သက်စွာ ကြည့်နေပြန်သည်။ ၀ိုင်းကြည့်နေကြသော လူများ၏ တီးတိုးသံများကြားမှ ကြာပွတ်သံသည် တိုး၍ ကျယ်လောင်လာနေသည်။ ကျွန်ကုန်သည်သည် အညှိုးတကြီး ရိုက်နှက်နေသည်မှာ အသက်ပါ ပါသွားစေချင်သည့်ပုံပင်။
"ဟေ့လူ..တော်တော့.."
လုလိယက်စ်၏ တစ်ခွန်းတည်းသော အမိန့်သံနောက်မှာ အားယူပြီး နောက်တစ်ကြိမ်ရိုက်ရန် ဟန်ပြင်နေသော ကျွန်ကုန်သည်၏ လက်များသည် လေထဲတွင် ရပ်တန့်သွားသည်။ ဒေါသတကြီးလှည့်ကြီးပြီးမှ လုလိယက်စ်၏သွင်ပြင်ကို မြင်လိုက်သောကြောင့် ရိုကျိုးကြောက်ရွံ့မှုများဖြင့် နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။
"အ.. အရှင်.. ဘာများအလိုရှိပါသလဲ။"
"ခင်ဗျား ဒီအတိုင်းဆက်ရိုက်နေရင် ဒီလူ သေသွားလိမ့်မယ်။"
ဒီလူ ဆိုသည့် အသုံးအနှုန်းကြောင့် သဘောမကျသလို တီးတိုးသံများ လူအုပ်ကြားမှ ထွက်ပေါ်လာသည်။ ဟုတ်သည်လေ။ သူတို့အားလုံးအတွက် ကျွန်ဆိုသည်မှာ လူ မဟုတ်။ အိမ်တွင်း အလှဆင်ပစ္စည်းတစ်ခုလို ပရိဘောဂတစ်ခု။ ပိုင်ဆိုင်မှုသရုပ်ပြ အသုံးအဆောင်တစ်ခု။ ခိုင်းစေတိုင်း လုပ်ပေးရမည့် ကျွဲနွားတိရစ္ဆာန်တစ်ကောင်ထက် တန်ဖိုးမပို။
သွေးစက်စက်ကျနေသော ကျွန်သည် တားဆီးလိုက်သူကို မြင်နိုင်ရန် ခေါင်းမော့ကြည့်ဖို့ ကြိုးစားလိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသော ကျွန်ကုန်သည်မှာ ကျွန်၏ မျက်နှာကို ခြေထောက်ဖြင့် အားကုန်သုံးကာ ကန်ချလိုက်သည်။ စျေးကြမ်းပြင်ပေါ် ပုံလဲကျသွားသော ကျွန်ဖြစ်သူသည် ပြန်လည် ထနိုင်ရန် ခွန်အားမရှိတော့။
လူငယ်တစ်ယောက်..
အတော်ပင် ငယ်ရွယ်သေးသည့် အသက်အရွယ်။ ဆယ့်ခြောက်နှစ်၊ ဆယ့်ရှစ်နှစ်လောက်ပင် ရှိဦးမည်ဖြစ်သည်။ သွေးများဖြင့် စေးကပ်နေသည့် အနက်ရောင် ဆံပင်လိပ်ရှည်များသည် နုနယ်သောမျက်နှာပေါ် တစ်ဝက်တစ်ပျက် ပုံကျနေသည်။ မျက်စိတစ်ဖက် ပျက်နေဟန်။ အမာရွတ်အစင်း သုံးကြောင်းသည် ညာဘက်မျက်နှာတစ်ခြမ်းနီးပါးတွင် အရုပ်ဆိုးအကျည်းတန်စွာ ကန့်လန့်ဖြတ်တည်ရှိနေသည်။
ဒုက္ခိတကျွန်တစ်ယောက်။
မြင်ရဟန်တူသည့် အခြားမျက်လုံးဖြင့် လုလိယက်စ်ရှိရာ စိုက်ကြည့်နေသည်။
တကယ်တော့ ထိုကျွန်၏ မျက်လုံးတစ်ဖက် မမြင်ရတာကို လုလိယက်စ် မအံ့သြမိ။ နှိပ်စက်မှုများ၊ စစ်ပွဲများကြားမှာ ကိုယ်လက်အင်္ဂါမပြည့်စုံတော့သည့် ကျွန်ပေါင်းများစွာကို သူ မြင်ဖူးခဲ့ပြီးဖြစ်သည်။ အခု သူ အံ့သြမိသည်က ကြောက်ရွံ့မှုရော၊ အသနားခံမှုပါ လုံးလုံးမရှိသည့် ကျွန်လူငယ်၏ အကြည့်ကိုဖြစ်သည်။
"ဒီကောင်လေး သေသွားရင် ခင်ဗျားပဲ ပိုက်ဆံတွေ ရှုံးမှာ။"
"ကျွန်.. ကျွန်တော်မျိုးလည်း ဒေါသထွက်လွန်းလို့ပါ အရှင်ရာ။ ဒီကောင် ကျွန်တော့်ကို တစ်လမ်းလုံး ဒုက္ခပေးလာတာ။ ထွက်ပြေးဖို့ ကြိုးစားတာလည်း ခဏခဏပဲ။ ကျွေးလည်းမစားဘူး။ ခိုင်းလည်း မလုပ်ဘူး။ ရောမကနေ ဒီအထိကို ကျွန်တော့်ကို မျိုးစုံဒုက္ခပေးလာတာ။"
"ရောမကနေ..ဟုတ်လား။"
လုလိယက်စ်သည် ကြမ်းပြင်ပေါ်မှာ လဲကျနေသော ကျွန်ကို နောက်တစ်ကြိမ် လှမ်းကြည့်သည်။ ဒဏ်ရာပရပွနှင့်ကျွန်သည် လဲကျနေရာမှထရန် ကြိုးစားပေမယ့် ကျွန်ကုန်သည်က နောက်တစ်ကြိမ် လှမ်းကန်လိုက်သဖြင့် ပြန်လဲကျသွားပြန်သည်။ ထိုအချိန်တွင် လူအုပ်ထဲမှလူချမ်းသာတစ်ယောက် ဖြစ်ဟန်တူသော လူကြီးတစ်ယောက် ရှေ့သို့ တိုးထွက်လာသည်။
"ဟေ့ အဘိုးကြီး။ ဒီကျွန်ကို ကျုပ် မဝယ်တော့ဘူး။ အစက ခင်ဗျားပြောတော့ အားရှိတယ်။ အလုပ်ကောင်းကောင်းလုပ်တယ်ဆို။ အခုကျတော့ ဘာခိုင်းခိုင်း မရဘူးတဲ့လား။ ဘာမှသုံးစားမရတဲ့ မျက်ကန်းကျွန်တစ်ယောက်ကို ဝယ်ပြီး ကျုပ်က ဘာလုပ်ရမှာလဲ။ ပေးဗျာ။ ကျုပ်ပိုက်ဆံပြန်ပေး။ လူလိမ် လူညာ.. ထွီ။"
"မ..မဟုတ်ပါဘူး သခင်ရယ်.. ကျွန်တော်မျိုး အခုနကပြောလိုက်တာက.."
"တိတ်စမ်းဗျာ။ ဘာမှမကြားချင်ဘူး။ အခုချက်ချင်း ကျုပ်ပိုက်ဆံပြန်ပေး။ မဟုတ်ရင်တော့ ခင်ဗျားရော၊ ခင်ဗျားကျွန်ရော တရားသူကြီးရှေ့ရောက်မယ်မှတ်။"
"တောက်။ မင်း အသုံးမကျလို့ဖြစ်ရတာ။ ခွေးလိုကောင်။ ငါ မင်းကို ရောမ ပြန်ခေါ်သွားပြီး ခြေင်္သေ့စာ ကျွေးပစ်မယ်။"
ကျွန်ကုန်သည်သည် မိမိအိတ်ထဲမှ ပိုက်ဆံတစ်ချို့ ပြန်ထွက်တော့မည်ဖြစ်သောကြောင့် ဒေါသပိုထွက်ကာ ကြမ်းပြင်ပေါ်မှ ကျွန်ကိုသာ အဆက်မပြတ် ကန်နေတော့သည်။ နှုတ်ခမ်းထောင့်မှ တံတွေးတစ်ချို့ စင်ကျလာကာ ညစ်ထေးသော မုတ်ဆိတ်များပေါ် ကပ်ငြိကျန်နေသည်မှာ မသထီစရာ။
"ဒီလောက်ဆိုရင် ကျေနပ်သလား။"
လုလိယက်စ်သည် သူ့ရှေ့မှာရှိနေသည့် ယခင်ပိုင်ရှင်ဖြစ်ခဲ့သူ လူကြီး၏လက်ထဲသို့ ငွေဒင်္ဂါးတစ်ချို့ပါသည့် သားရေအိတ်ငယ်ကို ပစ်ထည့်ပေးလိုက်သည်။ လောက်ငသည်ထက် ပိုနေသော ငွေဒင်္ဂါးများကိုကြည့်ရင်း လူကြီးမှာ ကျေနပ်သွားဟန် ပြုံးဖြီးသွားသည်။ ကျွန် ကုန်သည်မှာ အလွန် အံ့သြသွားသဖြင့် ကြမ်းပြင်မှ ကျွန်ကို ဆက်ကန်ဖို့ကိုပင် မေ့လျော့သွားသည်။
"ကျေးဇူးတင်ပါတယ် အရှင်ရယ်။ ရက်ရောလှပါပေတယ်။ ရက်ရော လှပါပေတယ်။"
ပိုင်ရှင်ဟောင်းမှာ ခါးညွတ် ခေါင်းညိတ်ကာ အထပ်ထပ် အခါခါ ကျေးဇူးတင်ရင်း လုလိယက်စ် စိတ်ပြန်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား နေရာမှ ချက်ချင်းလိုလို ပျောက်ကွယ်သွားတော့သည်။
"သူ့ကို ကျွန်တော်ပိုင်သွားပြီ။ ခင်ဗျားဖယ်တော့။"
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်.."
ကြောက်လန့်စွာဖြင့် ကျွန်ကုန်သည် နောက်ဘက်သို့ ဆုတ်ခွာသွားသည်။ လုလိယက်စ်သည် ခြေတစ်လှမ်းရှေ့တိုးကာ ဝတ်ရုံရှည်ခါးပတ်ထဲမှ ဓါးမြှောင်ငယ်ကို ဆွဲထုတ်လိုက်သည်။ သံနှင့်ကြေးဝါကို ရောသွင်းပုံဖော်ထားသည့် အဖိုးတန် ဓါးမြှောင်အသွားသည် နေရောင်ကြောင့် လက်ခနဲ။
လဲကျနေသောကျွန်ဘေးတွင် ဒူးကွေးရုံထိုင်ချလိုက်ချိန်မှာတော့ လူအုပ်ကြီး၏ တီးတိုးသံများ တိတ်ဆိတ်သွားသည်။ လုလိယက်စ်သည် နောက်ပြန်ကြိုးတုပ်ခံထားရသော ကျွန်၏လက်များ လွတ်မြောက်ခွင့်ရအောင် လက်ထဲမှဓါးမြှောင်ဖြင့် ဖြည်ပေးလိုက်သည်။
ကျွန်လူငယ်၏ အသားအရောင်သည် နေလောင်ထားသဖြင့် နီညိုရောင်ဘက်ကိုသန်းသည်။ ဆံပင်လိပ်ခွေများသည်လည်း မှောင်နက်နေသည့် ညတစ်ညလို။ ကိုယ်ခန္ဓာမှာ ပိန်သည်ဆိုသည့်ဘက်သို့ ရောက်ချင်သလိုလိုဖြစ်ပေမယ့် ကြံ့ခိုင်ကျစ်လစ်သည်။ ထိုကိုယ်ခန္ဓာပေါ်မှ မြင်ရက်စရာပင်မရှိသည့် ဒဏ်ရာများက ကျွန်ဖြစ်သူ၏ ငယ်ရွယ်လွန်းသေးသည့် အသက်အရွယ်ကို ဖုံးကွယ်နိုင်ခြင်းတော့မရှိ။ လုလိယက်စ်ထက် ဆယ်နှစ်ကျော် ပိုငယ်နိုင်သည်။
"မင်း လမ်းလျှောက်နိုင်လား။"
လုလိယက်စ်၏အမေးကို ကျွန်ဖြစ်သူက ခေါင်းတစ်ချက်ညိတ်ရင်း အဖြေပေးသည်။ ကွဲအက်နေသော နှုတ်ခမ်းများက အသံပြုဖို့ ကြိုးစားပေမယ့် အောင်မြင်ဟန်မရှိ။ လုလိယက်စ်သည် ကျွန်၏မျက်နှာကို စူးစမ်းသလိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် အနီးရှိရေဖြန့်ဝေပေးရာ ရေဘုံဘိုင်မှ ရေတစ်ခွက်ခပ်ကာ ကျွန်လူငယ်နားသို့ ပြန်လျှောက်လာခဲ့သည်။
လူအုပ်ကြီးမှာ ရေဖြန်းခံလိုက်ရသော မီးခဲများလို ရှဲခနဲ နောက်ဆုတ်သွားကြသည်။ လုလိယက်စ်ကို မကျေမနပ် တီးတိုးဝေဖန်သံများ ပြန်လည် ထွက်ပေါ်လာသည်။ လုလိယက်စ်သည် ရေခွက်ကို ကမ်းပေးလိုက်ချိန်မှာတော့ လူငယ်သည် ဆာလောင်မွတ်သိပ်နေသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်လို အငမ်းမရ သောက်တော့သည်။ နှုတ်ခမ်းထောင့်မှ ရေစက်များစီးကျတာကိုပင် သုတ်ဖို့ သတိမရ။ မြေခွက်ထဲမှာ ရေတစ်စက်မှ မကျန်တော့သည်အထိ အဆုံးထိ မ,ကာ ဆက်တိုက်သောက်ပြီးမှ သူ့ရှေ့မှအရှင်သစ်ကို မော့ကြည့်သည်။
ထိုအကြည့်တွင် ကြောက်ရွံ့မှုမရှိ။ လေးစားမှုမရှိ။ ကျေးဇူးတင်ခြင်းများလည်းမရှိ။ ဗလာစက္ကူတစ်ရွက်လို ဗြောင်သက်သက်သာဖြစ်သည့် အကြည့်မျိုး။ လုလိယက်စ်သည် ကျွန်ဖြစ်သူ၏ မျက်နှာပေါ်မှ ငိုက်ကျနေသော ဆံပင်လိပ်ခွေတစ်ချို့ကို သပ်တင်ကာ မျက်နှာတစ်ခြမ်းမှ အမာရွတ်များကို စိုက်ကြည့်သည်။ ထို့နောက်မှာတော့ ကျွန်၏လည်ပင်းရှိ သံကွင်းကို ဆွဲယူကာ လက်တင်ဘာသာဖြင့်ရေးထားသည့် ကျွန်၏အမည်နှင့်အရည်အချင်းကို ဖတ်လိုက်သည်။
"မင်းနာမည်က ဖဲလ်လစ်စ်လား။"
ဖဲလ်လစ်စ် ဆိုသည့် ကျွန်က နောက်တစ်ကြိမ် ခေါင်းညိတ်အဖြေပေးရုံသာ။ ဘာစကားသံမှ ထွက်မလာ။ လူအုပ်ကြီးထံမှ သွေးများ၊ ချေးများနှင့် ညစ်ပတ်နေသည့် ကျွန်တစ်ယောက်ကို ကိုယ်ထိလက်ရောက် ထိတွေ့ရဲသည့် လုလိယက်စ်ကို ဝေဖန်ပြစ်တင်နေကြသည့် စကားသံများ မတိုးမကျယ် ထွက်ပေါ်နေဆဲဖြစ်သည်။ လုလိယက်စ်သည် ဝေဖန်သံများကို ဘာတစ်ခွန်းမှ မကြားသလို။ မျက်နှာပြင်သည် အပြောင်းအလဲမရှိဘဲ မိမိရှေ့မှ ဖဲလ်လစ်ကိုသာ စူးစိုက်ကြည့်နေသည်။
"ကိုယ်နဲ့လိုက်ခဲ့.."
စကားသံနှင့်အတူ သူ၏ရှင်းသန့်သော လက်များကို ဖြန့်ကမ်းပေးလိုက်သည်။ လူအုပ်ကြီး၏ တီးတိုးစကားသံများသည် တိခနဲ ဖြတ်ချခံလိုက်ရသလို။ စျေးလယ်ကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။