Unicode
ကူစူးလန်သည် မနက်ခင်းဆိုလျှင် တိတ်ဆိတ်ငြိမိသက်နေလေ့ရှိသော်ငြား ယနေ့မနက်တွင်တော့ဆူပူနေကြသည်။
" ကျင်းလင်! မလိုက်ရဘူးလို့ငါပြောနေတာမရဘူးလား"
ကျန်းချန်၏အော်သံကြောင့် ဟန်ကွမ်းကျွင်း ၏ယုန်တွေပင် လန့်ဖြန့်ကုန်ကြသည်။
" ကျန်းဂိုဏ်းချုပ်ဒီမှာက အသံကျယ်ကျယ်ထွက်တာကိုတားမြစ်ထားပါတယ် "
ဘေးကနေ ပြောနေသည့် လန်ကျင်းရီဆီကျန်းချန်၏မျက်စောင်းတို့ဒိုင်းခနဲရောက်သွားသည်။ ကျင်းလင်ကတော့ စီကျွေးကိုကွယ်ရပ်ကာ..
" ကျင်းလင်လိုက်ချင်တယ်... "
ပြောလာသံလေးကတောင်းဆိုသည့်နှယ်ခပ်တိုးတိုး။သို့တိုင် မာကျောဟန်ကလည်းမပျောက်...။
ကျန်းချန်ဒေါသထွက်နေသည်မှာလည်း ခေါင်းမှပင်အငွေ့ထွက်မတတ်။မျက်နှာကြီးပါမီးထတောက်မတတ်။
" မင်းပါလိုက်တော့ဒီကကိစ္စတွေ ငါ့ကိုဘယ်သူကူမှာလဲဟမ်"
ဘေးကလူအစုစုမှာလည်းဝင်မတားရဲကြ။ဝေ့ဝူရှန်းသည်ပင်မျက်လုံး လေးကလယ်ကလယ်နှင့် ကျန်းချန်ဘက်ကြည့်၍တစ်မျိုး။ ကျင်းလင်ဘက်ကြည့်၌တစ်ဖုံဗျာများနေရသည်။ ဟန်ကွမ်းကျွင်း ၏ ကျောက်စိမ်းနှယ်မျက်နှာတော်မှာတော့ မထူးခြားသလိုမတုန်မလှုပ်။
အဆိုးရွားဆုံးကားစီကျွေး..
အနောက်မှာကွယ်ရပ်နေသည့်ကျင်းလင်ကို လည်း ဘာလုပ်ရမည်မသိ။ကျန်းချန်ကိုလည်းပြန်ပြော၍ မရသည်မို့ ကြားထဲကချွေးပြန်နေရပါသည့်အဖြစ်။ အဆုံးတွင်တော့မတတ်သာသည်မို့လေပြေလေးထိုးကြည့်ရှာသည်..။
" ဟ်ို ကျန်းဂိုဏ်းချုပ် ကျင်းလင်လိုက်ချင်ရင် ထည့်လိုက်ပါလား အတွေ့အကြုံအသစ်ရတာပေါ့.. "
" မင်း..တိတ် ငါ့ကိုဘာလုပ်ရမယ်ဘာမလုပ်ရဘူးမင်းပြောစရာမလိုဘူး..."
စီကျွေးတွန့်ခနဲ ဖြစ်သွားကာ ပြုံးရင်း သာ ရပ်နေလိုက်ရသည်။ အပြုံးဖြစ်သော်ငြား မတတ်သာ၍ပြုံးထားရသည့်အပြုံး..။
ဝေ့ဝူရှန်းမနေသာတော့..
"အာ..ကျန်းချန်! ကျင်းလင်က အသစ်အဆန်းတွေကိုသင်ယူဖို့သင့်တဲ့အရွယ်ရောက်နေပါပြီ ဒီလိုမျိုးပိတ်ပင်ဖို့တော့မသင့်ဘူးလေ ငါလည်းပါတယ်လန်ကျန့်လည်းပါတာပဲ "
ကျန်းချန်ဘာမှမပြော..မျက်နှာထားကတော့တင်းမာနေဆဲ။
ဝေ့ဝူရှန်းလည်းအားတက်လာဟန်ဖြင့်
" ကျန်းချန်..လုပ်ပါကွာမင်းကလည်း ကလေးစိတ်ဆင်းရဲနေပြီ"
ကျန်းချန်ကျင်းလင်ကိုလှမ်းကြည့်သည်။တူဖြစ်သူကသူ့အားကြည့်မနေ စီကျွေးနောက်၌ကွယ်ရပ်နေလျက်ကပင် ခေါင်းကိုငုံ့ကာမျက်နှာလွှဲထားသည်။
ကျန်းချန်သက်ပြင်းမောတစ်ခုကိုချကာလေသံမာမာဖြင့်ဆိုသည်။
" ကောင်းပြီ လိုက်သွားလို့ရတယ် ဒါပေမဲ့ ယွင့်မုန့်မှာငါ့ကိုကူဖို့လူလိုမယ် ငါကကျင်းလင်ကို ဂိုဏ်းသားတွေကိုလေ့ကျင့်ပေးနေတဲ့အချိန်မှာကူခိုင်းပြီးပညာယူခိုင်းမလို့..."
"ကျွန်တော်...ကျွန်တော်..."
တစ်ချိန်လုံးခပ်လှမ်းလှမ်းမှာသာရပ်နေခဲ့ပြီး ဘာဆိုဘာမှဝင်ပြောခဲ့ခြင်းမရှိသည့်အိုးရန်ဇီကျန်း လက်ကလေးထောင်ပြကာစကားဝိုင်းထဲပြေးဝင်လာသည်။
"ဟို...အမှန်ကကျွန်တော်တောင်ပိုင်းလိုက်ချင်တာ မမ ကမလိုက်ရဘူးတဲ့ အဖေကရောမလိုက်နဲ့ဆိုလို့.."
အိုးရန်ဇီကျန်းအသံလေးကအမှန်ပင်ကြေကြေကွဲကွဲဆို့ဆို့နင့်နင့်။
" ကူစူးမှာဆက်နေလည်း ကျွန်တော်ပဲကျန်ခဲ့မှာမို့အဆင်မပြေမယ့်အတူတူ ဟို ကျွန်တော် ကျန်းဝမ်ရင်နဲ့ယွင့်မုန့်မှာလိုက်ကူရင်းပညာယူချင်ပါတယ်..."
အိုးရန်ဇီကျန်း အကြံကိုအားလုံးသိကြပါ၏။ ယွင့်မုန့်၏သမီးပျိုလေးနားအချိန်တော်တော်ကြာနေနိုင်မည့်အခွင့်အရေးကို မိမိရရဆုပ်ကိုင်လိုက်ခြင်း..။
" ယွင့်မုန့်မှာ ပညာယူမယ်ဆိုအဖေနဲ့မမကလည်းသဘောတူမှာပါ.."
ကျန်းချန်ဒိုင်းခနဲမျက်စောင်းတို့ပစ်ထိုးလာပြန်သည်။အဆုံးတွင်တော့သူစောဒကတက်၍မရတော့....။
"ကောင်းပြီလေ...မင်းလိုက်ချင်ရင်လည်းလိုက်သွား.."
ပြောပြီးလှည့်ထွက်ဟန်ပြင်နေသည့်ဦးလေးဖြစ်သူကိုကျင်းလင် ချောင်းကြည့်သည်။ ပြီးနောက်ဟန်ကွမ်းကျွင်းမွေးထားသောယုန်ကလေးများကဲ့သို့ လိမ့်လိမ့် လိမ့်လိမ့် နှင့် တရှိန်ထိုးပြေးကာ ဦးလေးဖြစ်သူရင်ကိုတိုးဝင် ဖက်လိုက်၏။
ကျန်းချန်သည်ကားယခုလိုအနုအရွကိစ္စများနှင့်ဝေးလှသူဖြစ်သည့်အားလျော်စွာ..။ ခန္ဓာကားရေခဲပမာတောင့်တင်းသွားရသည်။ မည်သို့တုံ့ပြန်ရမည်မသိ၍ဝေ့ဝူရှန်းကို လှမ်းကြည့်သည့်အခိုက် ဝေ့ဝူရှန်းသည်ရယ်ပြုံးကာခေါင်းဆတ်ပြချေ၏။
ကျန်းချန် တူတော်မောင်၏ဆံပင်တို့ကိုခပ်ဖွဖွသပ်ကာကျောပြင်လေးပေါ်လက်တို့ဖေးတင်ထား လိုက်၏ သို့ငြားခဏသာ။
သူကျင်းလင်ကိုအသာတွန်းဖယ်ရင်း...။
" လေးလေး အများကြီးတင်းကျပ်ခဲ့မိလို့ဒီတစ်ခါတော့ခွင့်ပြုပေးမယ်...သတိထားပြီး လိမ်လိမ်မာမာနဲ့သွားဟုတ်လား.."
ကျင်းလင်ခပ်သွက်သွက်ခေါင်းညိတ်ပြသည်။
" ခဏနေသွားကြတော့မှာမဟုတ်လား အထုပ်သွားပြင်လေမြန်မြန်.."
ဟု ကျန်းချန်ဆိုတော့...
" အထုပ်ကပြင်ပြီးပြီလေးလေး...."
ကျင်းလင်စကားအဆုံး လက်ဝါးတစ်ချက်ကသူ့နောက်စေ့ကိုရိုက်ခတ်လာသည်။
" မင်းက...ငါခွင့်မပြု တောင်သွားဖို့ စီစဉ်ပြီးသားပေါ့လေ..."
ကျန်းချန်၏အသံကားမိုးထစ်ချုန်းသို့နှယ်။
ကျင်းလင်ကားသုတ်ခြေတင်ဖို့ပြင်လေပြီ။
သ်ို့နှင့်ဝေ့ဝူရှန်းခမျာ စပ်ဖြဲ ဖြဲနှင့်ကြားဝင်ရပြန်သည်။
______________________________________
အားဟွမ်ကိုယ်ပေါ်ရှိဝတ်ရုံကိုစေ့စပ်စွာကြည့်ပြီး သဘောကျနေမိသည်။
ပြာလွင့်လွင့်မြစိမ်းရောင် ဝတ်ရုံကကိုယ်ပေါ်တွင်အသရေတင့်စွာတည်ရှိသည်။မိန်းကလေးဝတ်ဖြစ်သည့်တိုင်နူးညံ့သည့်ဘက်မရောက် လှုပ်ရှားသည်မှာပေါ့ပါး၍လွတ်လပ်သည်။
ဝတ်စုံကား သမားတော်လန် သူမအတွက်ဟုဆိုကာပေးလာသည့်ဝတ်စုံတည့်။ ပြာလွင်လွင်ပေသ်ိလန်ဂိုဏ်းဝတ်ရုံတော့ဖြင့်မဟုတ်တန်ရာ...။ လန်ဂိုဏ်းဝတ်ရုံလိုနူးညံ့သည့်ဟန်မရှိဘဲ တည်ကြည်မာကျောသည့်ဟန်ရှိသည်။
ဖြစ်သလိုသာထုံးဖွဲ့ ဖြစ်ခဲ့သည့်ဆံနွယ်ပျော့အိအိတို့သည်လည်း ယခုမူ ခေါင်းထက်မှ စည်းထား၍တစ်စုတည်းကျကာ ကျောပြင်၌ဝေ့ဝဲလျက်ရှိသည်။
ဝတ်စုံကြောင့်လားပင်မသိ အားဟွမ် ခန္ဓာကိုယ်သည်အားသစ်လောင်းထားသည့်နှယ်ခံစားရသည်။ညကညလုံးပေါက်နီးပါးကျင့်ကြံခဲ့၍လည်းပါမည်ထင်။ ကိုယ်တွင်းအမြု တေစွမ်းတိုးတက်လာသည်ကိုခံစားရသည်။ သို့တိုင် ကျောက ကြိမ်ရာကြာပွတ်ရာတို့ကမူမပျောက်သေး ။
ဝတ်စုံအတွက် အားဟွမ် ကျေးဇူးတင်စကားဆိုရန် သမားတော်လန်ကိုငဲ့ကြည့်တော့ သူမကား အားဟွမ်ယူသွားရန် ဆေးအချို့ကိုအိတ်ငယ်ဖြင့်ထုတ်ပိုးပေးနေပါသည်တည့်။
" ဒေါ်လေး "
အားဟွမ်ဖြည်းညင်းစွာခေါ်ရင်းတစ်ဆက်ထဲမှာပင် မြေသို့ဒူးထောက်ချကာအရိုအသေပေးလိုက်သည်။
" ဝတ်စုံအတွက်ရော အားဟွမ်ကိုစေတနာထားကုသပေးတဲ့အတွက်ပါကျေးဇူးတင်ပါတယ်"
လန်ချူးလီကားခေါင်းယဲ့ကြည့်ရုံမျှလွှဲ၍ မည်သို့မျှမတုန့်ပြန်
ဆေးတို့ကိုသာထုပ်ပိုး၍နေသည်။
" ငါကသမားတော်မို့ ကုသပေးရုံပဲ အရေးမပါတာတွေမလုပ်ဘဲထပါ.."
အားဟွမ်ထရပ်ကာငြိမ်ကုပ်စွာရပ်နေမိသည်။
"ရော့ ဆေးထုပ် ပတ်တီးလဲဖို့မမေ့နဲ့ ဆေးကြိတ်ဖို့နေရာကတော့ရောက်ရာမှာအဆင်ပြေသလိုသာရှာတော့...ငါလည်းကြိတ်ဖို့အချိန်မရလို့ဆေးရွက်တွေတိုင်းထည့်ပေးလိုက်တယ် "
အားဟွမ်ဆေးထုပ်လေးကိုတရိုတသေလှမ်းယူကာ အစ်ကိုဖြစ်သူပေးခဲ့သည့်ဆေးထုပ်လေးနှင့်အတူ ခါးတွင်ချိတ်လိုက်သည်။
"ဒါက မင်း ဓား... ဓားကောင်းတစ်လက်ရဲ့အရှင်ဖြစ်ပြီဆိုရင် ကျင့်ကြံတာကိုလည်း မပေါ့ဆသင့်ဘူး...."
" ဟုတ်ကဲ့ပါဒေါ်လေး...."
အားဟွမ် ဓားကို ညာဘက်တွင်ချိတ်ကာမတ်တပ်ရပ်လျက်ပင်အရိုအသေပေးလိုက်သည်။
"ကဲ...သွားကြမယ်အားလုံးစောင့်နေတော့မယ်"
"ဟုတ်ကဲ့...ဒါနဲ့ဒေါ်လေးဝတ်စုံကသိပ်ကောင်းတာပဲ ဘယ်သူ့ဝတ်စုံလဲ.."
လန်ချူးလီတံခါးဝမှထွက်ရန်ပြင်နေရင်းကဖြေသည်။
" အင်း...အရင်ကလည်း လေလွင့်သိုင်းသမ တစ်ယောက် မင်းလိုပဲကူစူးလန်ကိုရောက်လာဖူးတယ် သူကဒီဝတ်စုံကိုမလိုတော့လို့ငါ့ကိုသိမ်းခိုင်းခဲ့တာ.... အခုတော့အသုံးဝင်သွားသားပဲ.."
လန်ချူးလီပြောပြီးသည်နှင့်ထွက်သွားတာကြောင့်အားဟွမ်နောက်ကနေ လိုက်ထွက်ရသည်ဘာမှလည်းထပ်မမေးဖြစ်တော့...။
ကူးစူးလန် ဂိတ်ဝနားကိုမျှော်ကြည့်တော့လူပင်စုံနေပြီဖြစ်သည်မို့အားဟွမ်ခြေလှမ်းတို့ကိုသွက်လိုက်သည်။
အတန်ငယ်တော့ရုန်းရင်းဆန်ခတ်ဖြစ်နေပုံပေါ်သည်။
ဇီတျန်ကိုင်ထားသောကျန်းဝမ်ရင် စီကျွေးနောက်တွင်ပုန်းနေသော ဘောက်ဆတ်ဆတ်ရွှေရောင်ကောင်လေး။
ကျန်းဝမ်ရင်ရှေ့မှာကာဆီးဆီးလုပ်နေသည်ကဝေ့ဝူရှန်း။
ဟန်ကွမ်းကျွင်း ကတော့မတ်တပ်။
အားဟွမ်အိုးရန်မျိုးနွယ်ကောင်လေးနားကပ်ကာလက်ရှိအခြေအနေကိုတီးခေါက်ကြည့်မည်အပြု ရုတ်တရတ် အသံတို့သည်။မီးကိုရေနှင့်ငြှိမ်းသည့်နှယ်ရှဲခနဲငြိမ်ကျသွားသည်။ အားဟွမ်မျက်လုံးဝေ့ကြည့်တော့ သူတို့ရှိရာလျှောက်လာနေသည့် လန်ချီရန်နှင့်လန်ချူးလီကိုတွေ့လိုက်ရသည်။
အားဟွမ်လည်းအလျှင်အမြန်ပင်ဂါရဝပြုလိုက်ရသည်။
"မင်းတို့သွားကြတော့မလား...."
လန်ချီရန်ကမေးလာသည်။
"ဟုတ်ကဲ့...ဝမ့်ကျီးတို့အခုပဲသွားမလို့ပါ.."
ပြီးနောက်လန်ချီရန် သူ့ဘက်လှည့်လာသည်ကိုအားဟွမ်မြင်လိုက်ရသည်။သ်ို့တိုင်အရိုအသေပေးနေရာမှအားဟွမ်ခေါင်းမမော့ရဲ။
"မင်း....ကူညီပေးတာကျေးဇူးတင်ပါတယ် "
"ဟုတ် ကျေးဇူးတင်စရာမလိုပါဘူး "
အားဟွမ်ခဏသာမော့ကြည့်ပြီးပြန်ဖြေကာခေါင်းပြန်ငုံ့ချလိုက်သည်။
ထိုအခိုက်လန်ချူးရီက လန်ချီရန်ကိုမေးတစ်ချက်ဆတ်ပြလိုက်သည်။
လန်ချီရန်ပင့်သက်တစ်ခုရှိုက်ရင်း...။
"ပြီးတော့တောင်းပန်ပါတယ်မိန်းကလေးဟွော်ငါအရမ်းကိုစိတ်လိုက်မာန်ပါလုပ်လိုက်မိတယ် ရှီးချန်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ် ချူးလီပြောပြတယ်မင်းကယ်လို့သူအဆင်ပြေသွားတာတဲ့..."
အားဟွမ် သမားတော်လန်ကိုလှမ်းကြည့်မိသည်။ သူမ၏မျက်လုံးတို့ကားပုံမှန်အတိုင်းမထူးခြား။
"ဒီလိုပြောတာမင်းက သစ္စာဖောက်မဟုတ်ဘူးလူကောင်းတစ်ယောက်လို့ငါလက်ခံလိုက်လို့မဟုတ်ဘူးနော်ကိစ္စကမတူဘူး ဒီခရီးမှာ မင်းဘယ်လိုလူဖြစ်ကြောင်းပြသနိုင်မယ်လို့ငါမျှော်လင့်ပါတယ်..."
အားဟွမ်ရင်ထဲပင်နွေးခနဲဖြစ်သွားရသည်။
ဘယ်လိုလူဆိုတာသက်သေပြရမယ့်အခွင့်အရေးပေကိုးဟုလည်းနားလည်လိုက်သည်။
" ဒါဆိုဝမ့်ကျီးတ်ို့သွားတော့မယ်..."
ဟန်ကွမ်းကျွင်း ၏နှုတ်ဆက်သံကိုလန်ချီရန်ကခေါင်းဆတ်ပြရင်းအသိအမှတ်ပြု သည်။
အားဟွမ်လည်း ကျန်ရစ်ခဲ့မည့် ဒေါ်လေးလန် လန်ချီရန် ကျန်းဝမ်ရင်နှင့်အိုးရမ်မျိုးနွယ်ကောင်လေးတို့ကိုဦးညွတ်နှုတ်ဆက်ရင်း အားလုံးနှင့်အတူ ကူစူး၏ဂိတ်ဝကိုဖြတ်ကျော်ခဲ့သည်။
အတန်ငယ်လျှောက်ပြီး၍လည်ပြန်ကြည့်မိတော့..
ကူစူးလန်၏အေးငြိမ့်ငြိမ့်အငွေ့ကနှုတ်ခွန်းဆက်သည်။
ဒီတစ်ရက်နှစ်ရက်အတွင်း ဒီအေးငြိမ့်ငြိမ့်နေရာမှာရုန်းရင်းဆန်ခတ်ကိစ္စတွေဖြစ်ခဲ့တာမယုံနိုင်စရာဟုပင်အားဟွမ်တွေးမိရသည်။
"ဟွေ့...ခင်ဗျားဘာရပ်လုပ်နေတာလဲ..မလာဘူးလား
အတွေးကြောထဲမျောနေရင်းကနောက်မှာပြတ်ကျန်ခဲ့ခြင်းဖြစ်ကြောင်းရွှေရောင်ဝတ်ကောင်လေး၏အသံကြားမှအားဟွမ်သတိပြုမိသည်။
"လာပြီ..လာပြီ..."
အားဟွမ် အပြေးကလေးပင်လူအုပ်ကိုမီအောင်လိုက်ရသည်။
ကူစူးလန်ကမူ တိမ်တိုက်တွေကြားထဲ၌အသရေတင့်စွာငြိမ်သက်စွာကျန်ရစ်ခဲ့လေ၏။
______________________________________
To be continued..