ထာ၀ရ ပုံပေ

De akyinnamon

1.5M 187K 11.1K

အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝ... Mais

Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 12 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (2017) (Unicode)
Part 24 (AD 79) (Unicode)
Part 25 (Unicode)
Part 26 (Unicode)
Part 27 (Unicode)
Part 28 (Unicode)
Part 29 (Unicode)
Part 30 (Unicode)
Part 31 (Unicode)
Part 32 (Unicode)
Part 33 (Unicode)
Part 34 (Unicode)
Part 35 (Unicode)
Part 36 (2017) (Unicode)
Part 37 (AD 79) (Unicode)
Part 38 (Unicode)
Part 39 (Unicode)
Part 40 (Unicode)
Part 41 (Unicode)
Part 42 (Unicode)
Part 43 (Unicode)
Part 44 (2017) (Unicode)
Part 45 (AD 79) (Unicode)
Part 46 (Unicode)
Part 47 (Unicode)
Part 48 (Unicode)
Part 49 (Unicode)
Part 50 (Unicode)
Part 51 (Unicode)
Part 52 (Unicode)
Part 53 (Unicode)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
Extra Story (Unicode)
Extra Story - 2 ( Unicode )
Author's Note
Part 1 (oct 2017)
Part 2 (AD 78)
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9 (oct 2017)
Part 10 (AD 78)
Part 11 (Zawgyi)
Part 12 (Zawgyi)
Part 13 (Zawgyi)
Part 14 (Zawgyi)
Part 15 (Zawgyi)
Part 16 (Zawgyi)
Part 17 (Zawgyi)
Part 19 (Zawgyi)
Part 20 (Zawgyi)
Part 21 (Zawgyi)
Part 22 (Zawgyi)
Part 23 (2017) (Zawgyi)
Part 24 (AD 79) (Zawgyi)
Part 25 (Zawgyi)
Part 26 (Zawgyi)
Part 27 (Zawgyi)
Part 28 (Zawgyi)
Part 29 (Zawgyi)
Part 30 (Zawgyi)
Part 31 (Zawgyi)
Part 32 (Zawgyi)
Part 33 (Zawgyi)
Part 34 (Zawgyi)
Part 35 (Zawgyi)
Part 36 (2017) (Zawgyi)
Part 37 (AD 79) (Zawgyi)
Part 38 (Zawgyi)
Part 39 (Zawgyi)
Part 40 (Zawgyi)
Part 41 (Zawgyi)
Part 42 (Zawgyi)
Part 43 (Zawgyi)
Part 44 (2017) (Zawgyi)
Part 45 (AD79) (Zawgyi)
Part 46 (Zawgyi)
Part 47 (Zawgyi)
Part 48 (Zawgyi)
Part 49 (Zawgyi)
Part 50 (Zawgyi)
Part 51 (Zawgyi)
Part 52 (Zawgyi)
Part 53 (Zawgyi)
ဇာတ်သိမ်းပိုင်း
References
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2019)
ကျေးဇူးတင်စကား (2020)
ထာဝရပုံပေ
Bookshops
Extra Story (Zawgyi)
Extra Story - 2 ( Zawgyi )

Part 18 (Zawgyi)

3.9K 759 11
De akyinnamon

မနက်ခင်းသည် ကောင်းမွန်စွာ တောက်ပမှုမရှိသေးပါ။ တောအုပ်ငယ်သည် မသဲကွဲသော အလင်းရောင်ကြားတွင် ငြိမ်သက်တိတ်ဆိတ်နေဆဲဖြစ်သည်။ ဆောင်းဦးပေါက်ချိန် ဖြစ်သောကြောင့် ရော်ရက်ဝါများနှင့် အနီရောင်သန်းနေသည်။ ကောင်းကင်ယံထက် ပျံဝဲနေသော သိမ်းငှက်ညိုတစ်ကောင်ကို သစ်ကိုင်း၊ သစ်ခက်များကြားမှ ရိုးခနဲ ရိပ်ခနဲ မြင်နေရသည်။

တိတ်ဆိတ်နေသော တောအုပ်ထဲတွင် အမဲလိုက်ခွေးများ၏ ဟောင်သံနှင့် မြင်းဟီသံများ ထွက်ပေါ်လာသည်။ ကျွန်များ၏ ဆူညံစွာ တောခြောက်သံများကို တဆက်တည်း ကြားလိုက်ရသည်။ ခြုံနွယ်၊ သစ်ကိုင်းများထက်မှ တောရိုင်းငှက်များမှာ လန့်ဖျတ်ပျံသန်းသွားကြသလို တိရစ္ဆာန်ငယ်လေးများမှာ ၎င်းတို့အသိုက်အမြုံဖြစ်သော မြေအောက်ကျင်းများထဲသို့ ပြေးဝင်ကုန်ကြသည်။ သိပ်မကြာသေးခင်အချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောတောင်ရိပ်သည် ချက်ချင်းလိုလို လူသံ၊ ခွေးသံ၊ မြင်းဟီသံများနှင့် ဆူညံသွားသည်။

လုလိယက်စ်၊ အားရီးယူးစ်၊ ဒါမီဒယ်နှင့် အဘိုးအို အဲလ်ဇီယိုတို့အားလုံး မြင်းကိုယ်စီနှင့်ဖြစ်ပြီး ထူထဲသော သိုးမွှေးခြုံထည်များ ၀တ်ဆင်ထားသည်။ သားကောင်နောက်လိုက်ရန် စိတ်စောနေကြသောကြောင့် ချမ်းအေးမှုကို သတိမပြုမိကြ။ နေရောင်မပေါက်သော တောအုပ်ထဲမှ စိုထိုင်းမှုကြောင့် ပါးတွေရဲနေသည်။ အထူးသဖြင့် အသားအရည်ဖြူသော လုလိယက်စ်နှင့် အားရီးယူးစ်တို့နှစ်ယောက်မှာ ပိုသိသာသည်။

၎င်းတို့နောက်တွင် အစေခံများသည် လခြမ်းပုံစံ ၀န်းရံထားပြီး တောခြောက်နေကြသည်။ ထိပ်စွန်းနှစ်ဖက်လုံး မြှားချွန်ရှိသော လှံတံ၊ ဓါး၊ လှံကောက်များအပြင် ကျောက်တုံးကျောက်ခဲများကို အဝေးမှ အရှိန်ပြင်းပြင်း ပစ်လွှတ်နိုင်ရန် တီထွင်ထားသည့် လေးခွပုံစံ လက်နက်ငယ်များပါ ကိုင်ဆောင်ထားကြသည်။

"ဟိုမှာ ဟိုမှာ.."

ဆူးခြုံများကြားမှ ရိပ်ခနဲ ဖြတ်ပြေးသွားသော တောဝက်ရိုင်းတစ်ကောင်၏ နောက်ပိုင်းနှင့်အမြီးကို မြင်လိုက်ရသဖြင့် အစေခံကျွန်များ၏ အော်ဟစ်သံများ ဆူညံသွားသည်။ တောဝက်ကြီးသည် အတော်ပင် ကြီးထွားသည်။ ပိဿာချိန်အတော်များမည့် အထီးကောင်ဖြစ်သည်။ လူများကို အလွယ်တကူ အန္တရာယ်ပြုနိုင်မည့် ချွန်ထက်သော အစွယ်များနှင့်ဖြစ်သည်။ ဒီလိုသတ္တ၀ါမျိုးကို အုပ်စုဖွဲ့ပြီးမှသာ အမဲလိုက်လေ့ရှိသည်။ တစ်ဦးတစ်ယောက်တည်း ဖမ်းဆီးသတ်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲသလို အန္တရာယ်များလှသည်။ တောဝက်ကြီးကို ဟိုဘက်ဒီဘက်မှ ၀ိုင်းပိတ်ကာ ပိုက်ကွန်ရှည်ကာထားသော နေရာအထိ မောင်းနေခြင်းဖြစ်သည်။ ပိုက်ကွန်ခံထားသော တောစပ်ရောက်မှ လှံရှည်များဖြင့် သတ်ဖြတ်ကြလိမ့်မည်။

တောဝက်ရိုင်းကြီးသည် အလေးချိန်များသလောက် သွက်လက်သည်။ ခြုံနွယ်ဆူးခြုံများကြား လှစ်ခနဲ လှစ်ခနဲ ပေါ်လိုက်၊ပျောက်လိုက် ဖြစ်နေသည်။ သို့ပေမယ့် ပြေးပေါက် မရှိတော့။ တဖြည်းဖြည်းနှင့် ပိုက်ကာထားရာ တောစပ်သို့ ရောက်ခါနီးနေပြီဖြစ်သည်။ ဆူညံသော တောခြောက်သံများကြောင့်လားမသိ။ အမြင့်ပိုင်းတစ်နေရာရှိ ကျောက်တုံးများကြားမှ ဒရယ်တစ်ကောင်သည် ကြောက်လန့်တကြား ဆင်းပြေးသွားသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသည့် လုလိယက်စ်သည် မြင်းကိုလှည့်ကာ အုပ်စုထဲမှ ခွဲထွက်သွားသည်။ အပြင်းနှင်လိုက်သော မြင်းပေါ်မှာပင် လွယ်ထားသော သားရေဗူးထဲမှ မြှားကိုထုတ်ယူကာ လေးမှာတပ်လိုက်သည်။

လုလိယက်စ် အုပ်စုမှဖဲ့ထွက်သွားခြင်းကို ဖဲလ်လစ်နှင့် အဲလ်ဇီယိုသာ မြင်လိုက်သည်။ ခြေကျင်တောခြောက်နေသော ဖဲလ်လစ်သည် နောက်မှအပြေးလိုက်သွားသော်လည်း မမီလိုက်။ လုလိယက်စ်သည် ချက်ခြင်းလိုပင် သစ်ပင်များကြားတွင် ပျောက်ကွယ်သွားသည်။

အဘိုးအို အဲလ်ဇီယိုမှ လုလိယက်စ်အတွက် စိုးရိမ်သွားသည်။ ယခုနေရာများသည် လုံးဝအေးချမ်းသည်ဟု မဆိုနိုင်။ တောပုန်းဓါးပြများ ရှိနေတတ်သည်။ သူကိုယ်တိုင်နောက်မှလိုက်ဖို့ ကြိုးစားသော်လည်း မနက်ခင်း မြင်းပေါ်စတက်ကတည်းက နာနေခဲ့သော ခါးမှ နာကျင်မှုက တားဆီးနေသည်။ အသက်ကြီးပြီဖြစ်သော အဘိုးအိုသည် လုလိယက်စ်ကိုမီအောင် မြင်းစီးလိုက်ဖို့ရန်မှာ မဖြစ်နိုင်။ ဖဲလ်လစ်နားသို့ မြင်းကိုစီးသွားပြီး မြင်းပေါ်မှ ခပ်မြန်မြန် ဆင်းလိုက်သည်။

"ဖဲလ်လစ်။ အရှင့်နောက် လိုက်သွား။ မြန် မြန်။"

ဖဲလ်လစ်သည် အဘိုးအိုကမ်းပေးသော မြင်းပေါ်ခုန်တက်ပြီး ဇက်ကုန်ဖွင့်ကာ တောနက်ထဲ ဒုန်းစိုင်းဝင်ရောက်သွားသည်။ ဖဲလ်လစ်ပျောက်ကွယ်သွားမှ အဘိုးအိုမှာ ဆူညံနေသောအုပ်စုရှိရာ ပြန်လှည့် ဖြစ်သည်။ သို့ပေမယ့် ဘယ်သူမှ မရှိတော့။ ခေတ္တခဏအချိန်လေးအတွင်းမှာပင် အားလုံးသည် သစ်ပင်ချုံနွယ်များကြား ပျောက်ကွယ်သွားကြသည်။ ကျွန်များ၏တောခြောက်သံများကိုမူ ကြားနေရသေးသည်။

သစ်ကိုင်းသစ်ခက်ကျိုးများ၊ ခြုံနွယ်များထူထပ်ပြီး လူလျှောက်လမ်းမရှိသော တောအုပ်တစ်ခု ဖြစ်သောကြောင့် တော်တော်နှင့် လိုရာခရီးသို့မရောက်။ မြင်းသံ၊ လူသံများကို ကြားရပြီး သိပ်မကြာခင်မှာပင် သူ ရှိရာသို့ မြင်းစီးပြီး လာနေသော အားရီးယူးစ်ကို အဘိုးအို တွေ့လိုက်ရသည်။

"အဘိုးကြီး။ ကျုပ်အစ်ကိုရော.."

"ဟိုဘက်တောင်စောင်းဘက် ဆင်းသွားတယ် သခင်လေး။"

"သူ တစ်ယောက်တည်းလား။"

"ကျုပ် ဖဲလ်လစ်ကို လိုက်သွားခိုင်းလိုက်တယ်။"

အားရီးယူးစ်သည် မျက်လုံးပြူးသွားသည်။ တောက်တစ်ချက်ခေါက်ကာ ဒေါသတကြီးဖြင့် အဘိုးအိုကို မြင်းပေါ်မှ လှမ်းကန်လိုက်သည်။

"ခင်ဗျားအရူးလား..ဟင်.. သောက်သုံးမကျတဲ့ အဘိုးကြီး။"

မြေပြင်ပေါ်သို့ ၀ုန်းခနဲ ပြုတ်ကျသွားသော အဘိုးအိုမှာ နာကျင်မှုကြောင့် ရုတ်တရက် ပြန်မထနိုင်တော့။ အားရီးယူးစ်၏ဒေါသကို ကြောက်ရွံ့သဖြင့် ခါးကိုကုန်းကာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။

"သ...သခင်လေး.."

"ကျုပ်အစ်ကို တစ်ခုခုဖြစ်ရင် ခင်ဗျားကိုအရင်သတ်မယ်။"

"ကျုပ်..ကျုပ် ဘာများလုပ်မိလို့လဲ သခင်လေး။"

"ဒီဒုက္ခိတကောင်ကို ကျုပ်မသင်္ကာဘူးဆိုတာ ဘယ်နှစ်ခါပြောရမလဲ။ အခု သူတို့နှစ်ယောက်တည်း ဖြစ်နေပြီ။ ဒီကောင် ကျုပ်အစ်ကိုကို လုပ်ကြံမယ်ဆိုရင်ရော..ဟင်.. သောက်ကန်းအဘိုးကြီး.. ဘာမှနားမလည်ဘူးလား။"

အားရီးယူးစ်သည် ခါးမှဓါးကို ဆွဲထုတ်ကာ အဘိုးအိုကို ခုတ်ထစ်ချင်နေဟန်တူသည်။ မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။ အဘိုးအိုမှာ ကြောက်ရွံ့လွန်းသဖြင့် ခေါင်းမဖော်ရဲတော့။ အစ်ကိုဖြစ်သူအပေါ် ချစ်ခင်သလို အစိုးရိမ်ကြီးနေသည့် အားရီးယူးစ်အပေါ် စိတ်မခုမိပေမယ့် တဇွတ်ထိုးလုပ်တတ်သည့် အကျင့်နှင့်ဒေါသကို ကြောက်ရွံ့ကာ မိမိခေါင်းနှင့်ကိုယ်မြဲပါ့မလားဟု တွေးကြောက်မိသည်။

ထိုအချိန်တွင် သူတို့နားသို့ ဒါမီဒယ် ရောက်လာသည်။ တောဝက်ကြီး၏သွေးစွန်းနေသော လှံတံကို အနားမှကျွန်တစ်ယောက်ကို ကမ်းပေးလိုက်သည်။

"ဘာဖြစ်လို့လဲ အားရီးယူးစ်။"

"ဒီအဘိုးကြီး အသုံးမကျတာဗျာ။ ဟိုကောင် အကန်းကျွန်ကို ကျုပ်မသင်္ကာဘူး။ ကျုပ်အစ်ကိုနားမှာ ကပ်နေတာ အကြံရှိလို့ပဲဖြစ်ရမယ်။ အခု သူတို့နှစ်ယောက်တည်း ထွက်သွားကြတယ်တဲ့။"

"ဒီလောက်လည်း စိတ်မပူစမ်းပါနဲ့ အားရီးယူးစ်ရာ။ မင်းအစ်ကိုကြောင်း မင်းသိတာပဲ။ တစ်ခုခုဆိုရင် သူ့လက်ချက်နဲ့တင် ဒီကောင်လေး အသက်ပျောက်သွားမှာ။"

အားရီးယူးစ် ငိုင်သွားသည်။ အတန်ကြာအောင် စဉ်းစားနေသည့်ဟန် မျက်မှောင်ကုတ်နေပြီးမှ ခေါင်းခါသည်။

"ဘာပဲဖြစ်ဖြစ်ဗျာ။ ကျုပ် အဲ့ဒီ့ကောင်ကို စတွေ့ကတည်းက သဘောမကျဘူး။ နောက်ပြီး အင်ပါယာရှင်ကိုယ်တိုင်က အစ်ကိုလုလိယက်စ်ကို အားကိုးယုံကြည်နေလို့ လွှတ်တော်မှာ ကျုပ်အစ်ကို ကို ကြည့်မရသူတွေ တော်တော်များများရှိနေတယ်။ ကျုပ် ရောမက မလာခင်ကလေးတင် အစ်ကိုနဲ့ ပတ်သက်တဲ့ ကောလဟာလသတင်းတွေကြောင့် လွှတ်တော်တစ်ခုလုံး လှုပ်လှုပ် ရှားရှားဖြစ်နေတာ။"

"ဘယ်..ဘယ်လို ကောလဟာလလဲ သခင်လေး။"

အဘိုးအိုသည် မြေပြင်မှ ကုန်းထလာပြီး မေးသည်။ ဒါမီဒယ်သည်လည်း စိတ်ဝင်စားကာ အနားတိုးလာသည်။ အားရီးယူးစ်သည် သူတိုပြောကြားနေသည်များကို အခြားလူတွေ ကြားသွားမလားဆိုသည့် စိုးရိမ်စိတ်ဖြင့် ဘေးဘီဝဲယာကို မျက်စိဝေ့ကြည့်လိုက်သည်။ ဒါပေမဲ့ သားကောင်ကို သတ်ဖြတ်ရန်သာ စိတ်စောနေကြသော လူတစ်သိုက်မှာ ဘာဆိုဘာကိုမှ သတိထားမိဟန်မတူ။

"အင်ပါယာရှင်က ကျုပ် အစ်ကိုကို မွေးစားချင်လို့ဆိုလားပဲ။"

"ဘာ.."

အဘိုးအိုရော ဒါမီဒယ်ပါ မျက်လုံးမျက်ဆန်ပြူးကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားသည်။ အားရီးယူးစ်၏ စကားသည် ဘယ်အထိ ပေါက်ရောက်နိုင်သည်ကို လွှတ်တော်နှင့်အထိအတွေ့ မကင်းသည့် သူတို့နှစ်ယောက်လုံး ချက်ချင်းလိုလို နားလည်သွားသလို လုလိယက်စ်အတွက်လည်း တိုးပြီး ပူပန်သောကရောက်သွားရသည်။

အင်ပါယာရှင်၏ မွေးစားသား..

ဒီစကားအတွက် အဖြေက တစ်ခုပဲဖြစ်သည်။ အင်ပါယာရှင်သည် လုလိယက်စ်ကို သူ့ရဲ့ ဆက်ခံသူအဖြစ် ထားရှိရန် ကြိုးစားသည့် ပထမဆုံးခြေလှမ်းတစ်ခု။ ရောမအင်ပါယာတစ်ခုလုံး၏ အရှင်သခင် ဖြစ်လာနိုင်မည့် အခြေအနေ။ အာဏာနှင့်စည်းစိမ်အတွက် အချင်းချင်းသတ်ဖြတ်လုပ်ကြံဖို့ ၀န်မလေးသည့် အထက်တန်းလွှာမိသားစုထဲတွင် ဒီအချက်တစ်ခုတည်းနှင့်ပင် လုလိယက်စ်ကို သတ်ဖြတ်ချင်သူတွေ ဒုနဲ့ဒေး ရှိနေနိုင်ပြီဖြစ်သည်။

"ဟုတ်..ဟုတ်ရဲ့လား သခင်လေးရယ်.."

"ကျုပ်လည်း မယ်မယ်တို့ပြောနေတာ ကြားမိတာ။ ဒီကိစ္စကြောင့် အစ်ကို့အတွက် အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုပြီး တော်တော်စိတ်ပူနေကြတယ်။ ဒါပေမဲ့ ရောမနဲ့ အဝေးမှာ ရှိနေတော့ ဘာမှမဖြစ်နိုင်လောက်ဘူးဆိုပြီး စိတ်ချနေကြတာ။ ကျုပ်ကတော့.."

အားရီးယူးစ် စကားမဆုံးလိုက်။ ရုတ်တရက် လှုပ်ခါလာသော မြေပြင်ကြောင့် သူတို့အားလုံး ယိုင်သွားကြသည်။ ကြောက်လန့်စွာ ပတပ်ရပ်လိုက်သော မြင်းများထက်မှ အားရီးယူးစ်ရော ဒါမီဒယ်ပါ ပြုတ်ကျသွားကြသည်။ ဒဏ်ရာမပြင်းထန်ပေမယ့် လှုပ်ခါနေဆဲ မြေပြင်ထက်မှာ ပြန်လည် မထနိုင်။ ပြူကျယ်ဝိုင်းစက်နေသော မျက်လုံးများဖြင့်သာ ကြောက်လန့်တကြား ပတ်ဝန်းကျင်ကို ကြည့်နေမိကြသည်။ ရုတ်ခြည်း ဘာတွေဖြစ်နေသည်ကို နားမလည်သလို အားလုံး ငေးကြောင်နေသည်။ ထို့နောက်တွင်မှ မြင်းဟီသံများ၊ ကျွန်များ၏ ကြောက်လန့်တကြား အော်ဟစ်သံများ၊ နာကျင်စွာအော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

မြေပြင်သည် လှုပ်ခါနေသော လှိုင်းလုံးများလို အဆက်မပြတ်ယိမ်းထိုးနေခြင်းဖြစ်သည်။ ကျောက်တုံးကျောက်ခဲများမှာ ဆူပွက်နေသော ရေပူထဲမှ ဟင်းတုံးငယ်များလို လှုပ်ခါခုန်ပေါက်နေသည်။ ထို့နောက်မှာတော့ ဝေါခနဲ ၀ုန်းခနဲ အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အချို့သစ်ပင်များမှာ အမြစ်ပါကျွတ်ထွက်ကာ ဆူညံစွာအသံပေးရင်း ပြိုလဲကျကုန်သည်။ သစ်ကိုင်းပွတ်သံ၊ သစ်ပင်ပြိုသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ အမြင့်နေရာမှ ကျောက်တုံးများလိမ့်ဆင်းလာသည်။ သတ္တ၀ါငယ်များ ကြောက်လန့်တကြား ထွက်ပြေးနေကြသလို ငှက်များသည်လည်း အုံလိုက် ကျင်းလိုက် ထပျံကုန်သည်။

"ဘာ.. ဘာဖြစ်တာလဲ သခင်လေး။"

ဒေါမာန်ကြီးခဲ့သော မြေပြင်သည် တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီဖြစ်သည်။ သစ်ပင်ကျိုးများ၊ သစ်ကိုင်းပဲ့များ၊ သစ်ရွက်ကြွေများနှင့် ပြည့်နေသော တောအုပ်သည် ရုတ်ခြည်းပုံစံပြောင်းသွားသလိုပင်။ အကျိုးအပဲ့များနှင့် ဖြစ်ကုန်သည်။ ဒဏ်ရာရသွားသော ကျွန်များထံမှ နာကျင်စွာညည်းတွားသံများနှင့် တစ်ယောက်နှင့်တစ်ယောက် ကူပါ၊ ကယ်ပါ ခေါ်သံများကို ကြားနေရသည်။

"ဒီနေရာမှာ ဆက်နေဖို့မကောင်းတော့ဘူး။ ကျုပ်တို့အိမ်ပြန်မှဖြစ်မယ်။"

အားရီးယူးစ်၏ အိမ်ပြန်ကြရင် အကြံပြုချက်ကိုသဘောမတူသူမရှိ။ အားလုံးမျက်လုံးများဝိုင်းကာ ထိတ်လန့်နေကြသည်။

Continue lendo

Você também vai gostar

8.5K 195 3
#Unicode သူ့ နာမည် က ' Mine ' သူ က ကျွန်တော့်အပိုင် #Zawgyi သူ့ နာမည် က ' Mine ' သူ က ကျွန်တော့်အပိုင်
71.6K 4.8K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
116K 13.9K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...