အိမ်ကြီး၏ မီးဖိုခန်းသည် ယခင်အချိန်များကလို စကားသံများနှင့် ဆူညံနေခြင်းမရှိပေ။ ထမင်းချက်စီရမ်နာနှင့် နော်ရာမှာ လုပ်စရာရှိသည်များကို အသံတိတ် လုပ်ဆောင်နေကြသည်။ ညစာအတွက် အထူးတလည် စီမံချက်ပြုတ်စရာများရှိနေသောကြောင့် စီရမ်နာမှာ အာရုံစူးစိုက်လုပ်ကိုင်နေသော်လည်း မျက်နှာမကောင်း။ မွမွကြေသလို တွန့်လိပ်နေသော အနီရောင် ဆံပင်များကို ဖြစ်သလို ဆံထုံးထုံးထားသော နော်ရာကတော့ သူမ၏ ၀တ်ရုံလက်မောင်းကို ပင့်တင်ပြီး မျက်ရည်စတစ်ချို့ကို သုတ်လိုက်သည်။ ထို့နောက်မှာတော့ မီးမွှေးရန်အတွက် လက်တစ်ချောင်းစာသာသာလောက်သာရှိသည့် ထိပ်ဖျားများကောက်နေသည့် သံစငယ်နှင့် မီးကျောက်ကို ပွတ်တိုက်လိုက်သည်။
လက်ခနဲ ထွက်လာသော မီးစ မီးနများသည် မီးစာအဖြစ် အသုံးပြုထားသည့် သစ်ခေါက်များတွင် ကပ်ကာ ပေါက်တတ်သည့် မှိုစများပေါ်သို့ လွင့်စင်ကျလာသည်။ သို့ပေမယ့် မီးတောက်အဖြစ် အသွင်ပြောင်းရန်အတွက် ကောက်ရိုးစများအပေါ်မှ အုပ်ပေးဖို့ကို မေ့နေသဖြင့် မီးခိုငွေ့တစ်ချို့သာ ထွက်လာပြီး မီးမစွဲနိုင် ဖြစ်နေသည်။ အရင်က မျက်တောင်တစ်ခတ်အတွင်း မီးမွှေးနိုင်သည်အထိ ကျွမ်းကျင်ခဲ့သည်မှာ သူမ မဟုတ်တော့သလို နော်ရာလေးသည် မျက်နှာတွေပျက်နေသည်။
"ရက်စက်လိုက်ကြတာ အဘရာ။ ဒဏ်ရာတွေဆိုတာ မြင်လို့တောင်မကောင်းဘူး။"
နော်ရာကို ဖြောင့်ဖြဖို့အတွက် အဘိုးအို အဲလ်ဇီယို မတတ်နိုင်။ သူကိုယ်တိုင်လည်း စိတ်မကောင်းသဖြင့် မီးဖိုခန်းရှိရာလာပြီး ငုတ်တုတ်ထိုင်ကာ ငိုင်တွေနေမိခြင်း ဖြစ်သည်။ သခင်လေးအားရီးယူးစ်ရှိသေးသောကြောင့် ညစာအတွက် မတိမ်းမလွဲရအောင် ကြပ်မတ်စီစဉ်ရမည်ကို နားလည်သော်လည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့သလို စိတ်မကောင်းဖြစ်နေသည်။
မီးဖိုခန်းနောက်မှ အခန်းငယ်အတွင်းရှိ သစ်သားခုတင်တွင် ဖဲလ်လစ်သည် လှဲလျောင်းနေသည်။ ဒဏ်ရာများမှ နာကျင်မှုကြောင့်ရော၊ အဖျားသွေးကြောင့်ပါ တစ်ချက်တစ်ချက် နာကျင်စွာ ညည်းညူလိုက်သံကို သူတို့အားလုံး ကြားနေရသည်။ စီရမ်နာကိုယ်တိုင် ဖဲလ်လစ်ကို သူမနေရာမှာထားဖို့ အခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အချက်အပြုတ်ကျွမ်းကျင်သလို တိုင်းရင်းဆေးများနှင့်လည်း အကျွမ်းတ၀င်ရှိသော စီရမ်နာ၏ တောင်းဆိုချက်ကို အဘိုးအို ချက်ချင်းခွင့်ပြုပေးခဲ့သည်။ ဖဲလ်လစ်၏ ဒဏ်ရာများသည် ထင်ထားသည်ထက် ပိုဆိုးသည်။ ဓါးချက်များသည် အပေါ်ယံသာမဟုတ်။ အတော်ကို နက်ရှိုင်းသည်။ နောက်ပြီး တစ်ခုတည်းမဟုတ်။
အဘိုးအို ခေါင်းငိုက်စိုက်ချကာ သက်ပြင်းချဖြစ်သည်။ အရှင်လုလိယက်စ်ကို ရက်စက်လိုက်တာဟု မစွပ်စွဲရက်။ လုလိယက်စ်သည် မလိုအပ်လျှင် ဘယ်တော့မှ ခွန်အားသုံး ဖြေရှင်းခြင်းမရှိ။ အခုကိစ္စတွင်လည်း ဖဲလ်လစ်ဖက်မှ လျှို့ဝှက်ချက်များရှိနေသောကြောင့် ဒီလိုနည်းလမ်းသုံးကာ ဖော်ထုတ်ခြင်းဖြစ်ကြောင်း သူကောင်းကောင်းနားလည်သည်။ ဒါပေမဲ့ ဘယ်လိုပင်ဖြေတွေးတွေး ဖဲလ်လစ်အတွက် စိတ်မကောင်းတာကတော့ အမှန်ပင်။ ဘယ်တော့မှ စကားသိပ်မပြောဘဲ တိတ်တဆိတ်နေတတ်သည့် ဒီကောင်လေးတွင် လျှို့ဝှက်ချက်တွေ များစွာရှိလိမ့်မည်။
ထိုကောင်လေးတွင် ရှိနေသည့် အရည်အချင်းများသည် တကယ့်ထိပ်တန်း ကျွန်တစ်ယောက်တွင်သာ ရှိနိုင်သည့် အရည်အချင်းများဖြစ်သည်။ တော်ရုံရောမလူမျိုးများပင် နားမလည်နိုင်သော ဂရိဘာသာစကားကို တတ်မြောက်ထားသည်။ တိုက်ခိုက်ရေးတွင် သူမတူအောင် ကျွမ်းကျင်နေသည်။ အပြုအမူများက အဆင့်အတန်းမြင့်သည်။ ဒီ့ထက်သေချာအောင် ပြောရပါလျှင် အထက်တန်းလွှာလူတန်းစားများသာ ပိုင်ဆိုင်နိုင်သည့် ကျွန်တစ်ယောက်။ ရောမလူမျိုး အရာရှိငယ်များထက်ပင် သာလွန်ကောင်းမွန်သည့် အခြေအနေကို ပိုင်ဆိုင်နိုင်သည့် အစေခံတစ်ယောက်ပင်။
ဖဲလ်လစ်ရဲ့ အတိတ်က ဘာတွေလဲ။ ဘာ့ကြောင့် ဒီနေရာမှာ လူမသိ၊ သူမသိ လာနေနေရတာလဲ။ ဘာလို့ သူ့အရည်အချင်းတွေကို ထုတ်မပြောရတာလဲ။ သူ့ကို ရောင်းချခဲ့သည့် ကျွန်ကုန်သည်ကရော ဖဲလ်လစ်အကြောင်းကို မသိဘူးလား။
အဘိုးအိုတွင် မေးခွန်းများစွာ ရှိနေပေမယ့် အဖြေမရှိ။ ကျွန်ကုန်သည်သည် ဖဲလ်လစ်၏ အရည်အချင်းများကို မသိတာကတော့ သေချာသည်။ မိမိအတွက် အဖိုးအမြတ်များစွာရနိုင်မည့် ကျွန်တစ်ယောက်ကို ဘယ်ကျွန်ကုန်သည်မှ လွယ်လွယ်နှင့် လက်လွှတ်လိမ့်မည်မဟုတ်။ အရှင် လုလိယက်စ်သာ အကင်းပါးစွာ နားမလည်ခဲ့ဖူးဆိုလျှင် သူသည်လည်း ယခုအချိန်အထိ ဖဲလ်လစ်ကို ရုပ်ပျက်ဆင်းပျက် ကျွန်တစ်ယောက်ဟုသာ ထင်မှတ်မှားရဦးမည်ဖြစ်သည်။
"အဘက ၀င်မတားဘူးလား။ အဘလည်း ရှိနေတယ်ဆို။"
နော်ရာ၏ မျက်လုံးလှလှများသည် မျက်ရည်များနှင့် နီရဲနေသည်။ သူမသည် ဖဲလ်လစ်ကို လက်ပွန်းတတီးနေဖို့ကြိုးစားရုံသာမက သံယောဇဉ်ဖြစ်နေသည်ကိုပါ နားလည်သောကြောင့် အဘိုးအိုမှာ စိတ်မဆိုးရက်နိုင်။
"ငါက ဘယ်လိုဝင်တားရမှာလဲ ကလေးမရယ်။ ဒီကလေး မသေတာကံကောင်း။ အရှင် သူ့ကို တစ်ခါတည်း သတ်တော့မယ်တောင် ထင်နေတာ။"
တိုက်ပွဲက မြင်ကွင်းတွေကို ယခုတိုင် အဘိုးအို မြင်ယောင်နေသေးသည်။ အရှင်လုလိယက်စ်၏ မျက်လုံးများမှ သတ်ဖြတ်ချင်သည့် အရိပ်အယောင်များကို မြင်ယောင်ကာ ကြက်သီးထမိသည်။ သူတို့အပေါ်တွင် သနားကြင်နာတတ်သည့် လုလိယက်စ်သည် ရန်သူများအပေါ်တွင်တော့ ဘယ်တော့မှ မသနားခဲ့သလို သက်ညှာမှုမရှိခဲ့။
"အရှင်က ရက်စက်လိုက်တာနော်။ သူ့ကို ဖဲလ်လစ်က ဘာများလုပ်မိလို့လဲ။"
"ကောင်မ။ ညည်းပါးစပ်ပိတ်ထားစမ်း။ အရှင့်ကို အပြစ်ပြောရအောင် ညည်းက ဘာကောင်မ မို့လို့လဲ။"
ထမင်းချက် စီရမ်နာက ဒေါသတကြီး လှမ်းဟောက်မှ နော်ရာပါးစပ်ပိတ်သွားသည်။ မီးမွှေးနေရာမှ စီရမ်နာကို မျက်စောင်းလှမ်းထိုးလိုက်သော်လည်း ဘာမှထပ်မပြောတော့။
"အရှင်သခင်ဆိုတာ ကျွန်တွေကို ဘာလုပ်လုပ် လုပ်လို့ရတယ်။ အကြောင်းပြနေစရာမလိုဘူး။ ရှင်းပြနေစရာမလိုဘူး။ ညည်းတို့ ကျုပ်တို့ဟာ လူတွေမဟုတ်ဘူးဟဲ့။ အရှင်က ကျုပ်တို့ကို လူလိုသဘောထား ဆက်ဆံနေလို့ ညည်းရောင့်တက်နေတာလား။ အခြားသခင်တွေဆီ သွားအလုပ်လုပ်ပါလား။ ညည်းပါးစပ်နဲ့ နှစ်ရက်ထက် ပိုရှင်နိုင်ရင် ကံကောင်း။"
စီရမ်နာသည် ဟင်းအိုးကို ဆောင့်ကြီးအောင့်ကြီးမွှေရင်း ဆက်ဆူနေသည်။ သူမ ပြောနေသည်များမှာလည်း အမှန်တွေ ဖြစ်သောကြောင့် အဘိုးအို မငြင်းနိုင်။ လုလိယက်စ်၏ ကျေးဇူးတွေသည် သူတို့အားလုံးအပေါ်မှာ ပြောမပြနိုင်လောက်အောင်ရှိသည်။ ရုတ်တရက် မီးဖိုခန်းဝမှာ မြင်လိုက်ရသော အရိပ်တစ်ခုကြောင့် အဘိုးအို နောက်လှည့်ကြည့်လိုက်စဉ် မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"အရှင်.."
အဘိုးအိုမှာ တအံ့တသြ ၀ုန်းခနဲ ထရပ်လိုက်ရသည်။ စီရမ်နာရော နော်ရာပါ ပါးစပ်အဟောင်းသားဖြစ်သွားကာ ကပျာကယာ မြေကြီးပေါ်ဒူးထောက် ခေါင်းညွှတ်ပြီး အရိုအသေပြုလိုက်ကြသည်။
ဟုတ်ပါသည်။ လုလိယက်စ်သည် မီးဖိုခန်းတံခါးဝမှာ ရပ်နေသည်။ အဖိုးတန်အဖြူရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားဆဲဖြစ်သောကြောင့် ယခုပင် အလုပ်မှ ပြန်ရောက်လာဟန်တူသည်။ လုလိယက်စ်သည် မီးဖိုခန်းသို့ တစ်ခါမှ မလာဖူးပါ။ ဘယ်အရှင်သခင်ကမှလည်း လာမည်မဟုတ်။ လုလိယက်စ်၏မျက်နှာသည် ယခင်အချိန်များလို တည်ကြည်နေသည်ပဲဖြစ်သည်။ လက်ထဲတွင် လည်ပင်းထိပ် ခပ်ရှည်ရှည်လေးဖြစ်သော ဖန်ပုလင်းတစ်လုံးနှင့် အ၀တ်လိပ်တစ်ခုကို ကိုင်ထားသည်။
"ဖဲလ်လစ် ဘယ်မှာလဲ အဘ.."
"ဟို.. ဟို.."
မီးဖိုခန်းနောက်မှ အခန်းငယ်ကို အဘိုးအို လက်ညှိုးညွှန်ပြလိုက်သည်။ အဘိုးအိုစကားမဆုံးခင်မှာပဲ လုလိယက်စ်သည် မီးဖိုခန်းကို ကျော်ဖြတ်ကာ အခန်းငယ်ထဲသို့ ၀င်သွားပြီဖြစ်သည်။ အဘိုးအိုမှာ ဖဲလ်လစ်အတွက် ပူပန်မိသည်ကတော့ အမှန်ပင်။ အရှင်လုလိယက်စ်သည် ဖဲလ်လစ်ကို တစ်ခါတည်း လက်စတုံးသတ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလားမသိ။ ၀ိုင်းကျယ်ပြူးနေသော နော်ရာ၏ မျက်လုံးများက သူ့ကို အသနားခံသလို လှမ်းကြည့်နေသည်။ အဘိုးအို တွေးသလို နော်ရာလည်းတွေးမိသည်ထင်သည်။ စိတ်မပူစေရန် မျက်ရိပ်မျက်ကဲဖြစ်ပြကာ လုလိယက်စ်နောက်မှ လိုက်လာခဲ့သည်။
အခန်းတွင်းရှိ ခုတင်ပေါ်တွင် ဖဲလ်လစ်သည် မျက်လုံးများကို မှိတ်ထားသည်။ ပြင်းထန်သော ဝေဒနာကို ခံစားနေရသည့်နှယ် အံကြိတ်ထားသည်။ လက်တစ်ဖက်ကလည်း ခုတင်နားစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ သွေးကြောပြာများပင် ထင်းနေသည်။ ဆံပင်နက်လိပ်ခွေများသည် ချွေးများဖြင့်ရွှဲနေကာ ခေါင်းအုံးထက်မှာ ပြန့်ကျဲနေသည်။ မျက်နှာတစ်ဖက်ခြမ်းရှိ မျက်လုံးထက်မှ ကန့်လန့်ဖြတ်အမာရွတ်များသည် နာကျင်မှုကြောင့် နှစ်ဆလောက် ပိုထင်းနေသည်။ အခန်းထဲသို့ သူတို့ ၀င်လာသည်ကို သတိထားမိဟန်တူသည်။ မျက်လုံးဖွင့်ကြည့်ရုံကြည့်ပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ကာ အသံထွက်ပြီး မညည်းမိအောင် ကြိုးစားနေသည်။
ဖဲလ်လစ်ကို ငုံ့ကြည့်နေသည့် လုလိယက်စ်၏ ကျောပြင်ကို ငေးကြည့်ရင်း ဘာတွေတွေးနေသည်လဲဆိုတာကို အဘိုးအို မခန့်မှန်းနိုင်။ ထို့နောက်မှာတော့ ခုတင်ဘေးမှ သစ်သားထိုင်ခုံငယ်မှာ လုလိယက်စ် ၀င်ထိုင်ကာ ပုလင်းငယ်နှင့် အ၀တ်လိပ်ကို ဘေးမှာချလိုက်သည်။
"ရနွေးနွေးနဲ့ အ၀တ်သန့်တစ်ခုယူခဲ့အဘ.."
လုလိယက်စ်၏ ယခုအချိန်အထိ ဖဲလ်လစ်၏ မျက်နှာကို စိုက်ကြည့်နေရာမှ မျက်နှာမလွှဲသေး။ လုလိယက်စ်၏ စကားသံကြောင့် တစ်စုံတစ်ရာကို အလိုမကျသလို ဖဲလ်လစ် မျက်မှောင်ကြုတ်သွားသည်။ နီရဲနေသော မျက်လုံးများက ဘယ်လောက်တောင် ဝေဒနာခံစားနေရမည်ဆိုတာကို သိသာစေသည်။ လုလိယက်စ်သည် ၀တ်ရုံထဲမှ ကြေးပုလင်းပြားလေးကို ဆွဲထုတ်ယူကာ ဖဲလ်လစ်၏ပခုံးနောက်မှ လက်တစ်ဖက်ဖြင့် ဖေးမရင်း မထူပေးလိုက်သည်။
"အင့်.."
သတိထားလုပ်ဆောင်နေပေမယ့် အနည်းငယ်သော ရွေ့လျားမှုက ဖဲလ်လစ်ကို ပြင်းထန်စွာ နာကျင်သွားစေဟန်တူသည်။ မျက်နှာတစ်ခုလုံး နီရဲသွားကာ မျက်လုံးတွေ မှိတ်သွားသည်။
"သောက်လိုက် ဖဲလ်လစ်.."
ကြေးပုလင်းပြား၏ နှုတ်ခမ်းအ၀ကို ဖဲလ်လစ်၏နှုတ်ခမ်းမှာတေ့ပေးလိုက်သည်။ ဖဲလ်လစ်၏ နှုတ်ခမ်းများသည် ပွင့်ဟမလာ။ နာကျင်မှုကို အံတုခံရန် တင်းကြပ်စွာ ပိတ်စေ့ထားဆဲဖြစ်သည်။
"ဖဲလ်လစ်.."
"မလိုဘူး။"
ဖဲလ်လစ်၏ ဖြေသံသည် ယခုမှ အိပ်ရာမှထလာသူတစ်ယောက်၏ အသံလို လေးလံနေသည်။ သို့ပေမယ့် မာကျောလှသည်။ လုလိယက်စ်သည် စိတ်တိုင်းမကျသလို ခေါင်းတစ်ချက်ခါလိုက်သည်။ ထို့နောက် ပုလင်းငယ်ကို မိမိနှုတ်ခမ်းမှာတေ့ပြီး မော့သောက်လိုက်သည်။ မြိုချလိုက်ဟန်တော့မရှိ။ ပုလင်းထဲမှ ဆေးရည်ကို ငုံထားလိုက်ရုံသာ။ ထို့နောက်မှာတော့ ဖဲလ်လစ်နှုတ်ခမ်းများနားသို့ ငုံ့ဆင်းသွားသည်။ အဘိုးအိုမှာ မျက်လုံးများ ပြာဝေသွားသည်။
အရှင် ဘာလုပ်လိုက်တာလဲ..
သူ့ မျက်စိရှေ့မှာပင်။
သူ မြင်နေရသည်။
မဖြစ်နိုင်ဆိုသည့်စကားကို ဖဲလ်လစ်ဒီအိမ်ကို ရောက်လာကတည်းက အဘိုးအို မေ့ထားခဲ့သည်မှာကြာပြီ။ အခုလည်း မဖြစ်နိုင်ဟု မတွေးမိတော့။ သူ့ရှေ့မှ အရှင်လုလိယက်စ်နှင့် ဖဲလ်လစ်ကို ငုတ်တုတ်မေ့နေသူတစ်ယောက်လို ငေးကြည့်နေမိသည်။ ဖဲလ်လစ်မှာ ရုတ်တရက် ရုန်းကန်လိုက်သလို တစ်ကိုယ်လုံးတွန့်သွားသည်။ လက်တစ်ဖက်မှ လုလိယက်စ်၏ ပခုံးကို တွန်းဖယ်လိုက်သည်။ ဖဲလ်လစ်၏ ရုန်းကန်မှုကြောင့် ဆေးရည်တစ်ချို့ ဖိတ်စင်သွားသည်။
"ဟာကွာ.. မင်းတစ်ကိုယ်လုံးကို ကြိုးနဲ့တုပ်ထားမှ မင်း ငြိမ်ငြိမ်နေမှာလား။"
"မလိုဘူးလို့.. ကျွန်တော်.. ပြောနေတယ်။"
"တိတ်စမ်း။ မင်းကသခင်လား။ ငါက သခင်လား။"
လုလိယက်စ်၏ မျက်ခုံးနှစ်ဖက်သည် ထိစပ်လုနီးပါး မှုန်ကုပ်နေပြီဖြစ်သည်။ နှုတ်ခမ်းထောင့်မှ ပေသွားသော ဆေးရည်များကို လက်ဖမိုးဖြင့် သုတ်ဖယ်လိုက်ပြီးမှ နောက်ထပ်ဆေးရည်ကို ထပ်မော့လိုက်သည်။ ပူးကပ်သွားသော မျက်နှာနှစ်ခုကို အဘိုးအို မမြင်ရ။ လုလိယက်စ်၏ ရွှေရောင်ဆံလိပ်များနှင့် ငုံ့ဆင်းသွားသော လည်တိုင်များကိုသာ မြင်နေရသည်။ ဒီတစ်ကြိမ်မှာတော့ ဖဲလ်လစ်သည် ငြင်းဆန်ဟန်မရှိတော့။ လုလိယက်စ်တိုက်ကျွေးသမျှကို နာခံသောက်သုံးသည့်ဟန်။ လှမ်းမြင်နေရသည့် ဖဲလ်လစ်၏ လည်သီးနေရာမှ ရွှေ့လျားသွားမှုကို မြင်လိုက်ရသည်။
ထို့နောက်မှာတော့ လုလိယက်စ်သည် ဖဲလ်လစ်ကို အိပ်ရာထက်သို့ ခပ်ဖြည်းဖြည်း ပြန်ချပေးသည်။ ပုလင်းငယ်ကို ခုတင်ဘေးနားမှ ခုံပုလေးပေါ်လှမ်းတင်ရင်း အဘိုးအိုရှိရာကို လှည့်ကြည့်သည်။ ကြောင်တောင်စွာ ရပ်နေမိသေးသည့် သူ့ကိုကြည့်ရင်း အလိုမကျဟန် မျက်မှောင်ကြုတ်သွားသည်။ အဘိုးအိုမှာ ခိုင်းထားတာကို မလုပ်ရသေးသည်ကို သတိရကာ အခန်းပြင်ဘက်သို့ ကပျာကယာ ပြေးထွက်လာရသည်။ ရေနွေးနှင့် အ၀တ်စကို ရှာရသည်မှာ မကြာပါ။ နွေးရုံသာဖြစ်အောင် ရေအေးနှင့် ရောစပ်ပြီး ကြေးဇလုံကို အခန်းထဲသို့ယူလာခဲ့သည်။
ဆေးရှိန်ကြောင့်လားတော့မသိ။ အဘိုးအို ပြန်ဝင်လာချိန်တွင် ဖဲလ်လစ်သည်အိပ်ပျော်နေပြီဖြစ်သည်။ နာကျင်မှုကြောင့် တစ်ချက်တစ်ချက် မျက်နှာမဲ့သွားသေးပေမယ့် အခုနကလောက် ဆိုးရွားစွာ ဝေဒနာခံစားရဟန် မတူတော့။
"ကျွန်တော့်ကို ကူပေး အဘ။"
လုလိယ်စ်သည် အဘိုးအိုကို တိုတောင်းစွာ အမိန့်ပေးရင်း ဖဲလ်လစ်ကိုယ်ပေါ်မှ ပြီးစလွယ် ချည်နှောင်ထားသည့် အ၀တ်စများကို ဖယ်ရှားနေသည်။ အ၀တ်စအောက်မှ ဒဏ်ရာများသည် မြင်လို့ပင် မကောင်း။ အသားတွေ ပုပ်သွားမည်လည်းထင်ရအောင် အချို့မှာ နီရဲကာ ပြည်တည်နေသည်။ ပေါင်မှ ဓါးဒဏ်ရာကို သမားတော်မှ တိရစ္ဆာန်များမှ ရရှိသော အကြောအမျှင်များနှင့် ချုပ်ပေးထားသည်။ အနာများနှင့် ဆေးရည်ဟောင်းများကို စနစ်တကျ ရေနှင့် ဆေးကြောပြီးမှ အခြားပုလင်းငယ်ထဲမှ ဆီနှင့်ဆေးပင်ကို ရောကြိတ်ထားသော ခပ်ပျစ်ပျစ်ဆေးရည်ကို လက်ညှိုးနှင့်အသာတို့ရင်း လိမ်းပေးသည်။
လုလိယက်စ်၏ လက်ချောင်းတွေ တုန်နေသည်။ နှုတ်ခမ်းများကို တင်းတင်းစေ့ပိတ်ထားသည်။ အပေါ်သွားနှင့် အောက်သွားများကို တင်းကြပ်စွာ ဖိကိုက်ထားမှန်း တင်းနေသော ပါးပြင်မှ ကြွက်သားများက ဖော်ပြနေသည်။ ဆေးလိမ်းပေးနေစဉ် မခံစားနိုင်တော့သလို မကြာခဏ ရပ်တန့်သွားသည့် လုလိယက်စ်၏ အပြုအမူများကို အသေးစိတ်မြင်နေရသည့် အဘိုးအိုသည် စိတ်မသက်သာသလို ခံစားလာရသည်။ မိမိလေးစားခင်တွယ်ရသည့် အရှင်ဖြစ်သူ၏ ထိန်းချုပ်ထားသည့် ခံစားချက်တွေကို အဘိုးအိုမှာ မမြင်ချင်ပါဘဲလျက် တွေ့နေရသည်။ တားဆီးပိတ်ပင်ချင်ပေမယ့် အခွင့်မရှိ။
ဒီခံစားချက်တွေဟာ ဒီကောင်လေးအတွက် တန်လို့လား..
ဘာပဲဖြစ်ဖြစ် အစေခံတစ်ယောက်ပဲဖြစ်သည်။
လုလိယက်စ်သည် တိတ်ဆိတ်စွာပင် ဖဲလ်လစ်၏ ဒဏ်ရာများအားလုံးကို ဆေးလိမ်းပေးပြီး အ၀တ်သန့်ဖြင့် ချည်နှောင်အုပ်စည်းပေးနေသည်။ စစ်မြေပြင်တွင် ကျွမ်းကျင်ခဲ့ပြီးဖြစ်သောကြောင့် အခက်အခဲမရှိ။ အားလုံးပြီးစီးသွားချိန် အဘိုးအိုကိုလှမ်းကြည့်သည့် လုလိယက်စ်၏ မျက်လုံးများတွင် ကြောက်စရာကောင်းလောက်အောင် ၀မ်းနည်းမှုများရှိနေသည်။
"သူ့ကို ကျွန်တော်မယုံဘူး အဘ။"
နာကျင်ရိပ်သန်းနေသည့် မျက်လုံးများကို ရင်မဆိုင်ရဲ၍ ခုတင်ပေါ်တွင် အိပ်ပျော်နေသော ဖဲလ်လစ်၏ မျက်နှာရှိရာသို့ အဘိုးအို အကြည့်လွှဲလိုက်သည်။ ကောင်လေးသည် သူတို့ရှိရာသို့ ခေါင်းစောင်းရင်း အိပ်ပျော်နေသောကြောင့် ဒဏ်ရာရှိနေသော မျက်နှာဖက်ခြမ်းကို မမြင်ရ။ ချောမောနုနယ်သော မျက်နှာလေးကိုသာ မြင်နေရသည်။ ဘယ်လောက်တောင် ချောမောခန့်ညားတဲ့ လူငယ်လေးပါလဲ။ ရှည်လျားသော မျက်တောင်နက်များသည် ဖြောင့်စင်းနေသည်။ နှုတ်ခမ်းပါးမှာ မပွင့်မဟနှင့်ဖြစ်သည်။ အခုမှ အဘိုးအို သတိထားမိသည်။ ဖဲလ်လစ်သည် ရုပ်ရည်ရူပကာတွင်လည်း သူမတူအောင် ချောမောနိုင်လွန်းသည့် လူငယ်လေးပါလား။ အမာရွတ်ကြီးများကြောင့်သာ သူ ယခုအချိန်အထိ သတိမထားမိခဲ့တာဖြစ်သည်။
"သူ ကျွန်တော့်နားကို ရောက်လာတာ အကြောင်းတစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်။"
ဖဲလ်လစ်၏ နှုတ်ခမ်းထောင့်တွင် ပေကျံနေသော ဆေးစက်အချို့ကို လုလိယက်စ်သည် လက်မဖြင့် ဖိသုတ်ပေးလိုက်သည်။ အမာရွတ်အစင်းကြောင်းတစ်လျှောက် လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွတို့ထိဆင်းသွားပြီး မှောက်ထားသော လက်ဖမိုးအပေါ် လက်နှစ်ချောင်းဖြင့် ထိသည်ဆိုရုံ အုပ်ကိုင်ထားသည်။ ဆုပ်ကိုင်လိုက်လျှင်ပင် နိုးသွားမည်ကို စိုးရိမ်သည့်အလား လက်ညှိုးနှင့်လက်ခလယ်ပူးကပ်ထားသည်ကို မထိမတိ တင်ထားရုံ။ ယူကျုံးမရသည့် ၀မ်းနည်းမှုများရှိနေသလို တဖြည်းဖြည်း နီရဲလာနေသည့် လုလိယက်စ်၏ မျက်လုံးများကို အဘိုးအို ဆက်ပြီး မမြင်ရက်နိုင်တော့။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စမဟုတ်မှာ သေချာတယ် အဘရာ။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။"
လုလိယက်စ်သည် အဘိုးအိုကို မော့ကြည့်ရင်း ကြိုးစားပြုံးကာ မေးလိုက်သည်။ ဒါပေမဲ့ ထိုအပြုံးသည် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။ ယခုပင် ငိုချလိုက်တော့မလားဟု မတွေးဘဲမနေနိုင်လောက်အောင် ပြိုတော့မည့်မိုးလို ညိုနေသည်။ လုလိယက်စ်၏ မျက်လုံးများသည် ကျွန်တော့်ကို ကယ်ပါဦးအဘရာ ဟူသော စကားများကို မပြောရုံတမယ်။ အဘိုးအို ရင်ဘတ်တွေ အောင့်လာသည်။
.................