တံခါးဖွင့်ဖွင့်ချင်းမှာပဲ ငိုထားတာကြောင့်လားမသိ မျက်နှာတစ်ခုလုံးက နီရဲမို့အစ်နေပြီး သူ့တစ်ကိုယ်လုံးဟာ တုန်တုန်ယင်ယင်နဲ့ … ကျနော့်ကိုမြင်မှသာ အနည်းငယ် စိတ်သက်သာရသွားသလိုပုံစံ။
တစ်ခုတွေးမိတာ သူက စိတ်ရောဂါသည် တစ်ယောက်တော့ မဟုတ်ကောင်းပါရဲ့။
အခုမြင်နေရတဲ့ပုံစံက စိတ္တဇဆန်လွန်းနေခဲ့သည်။
" Kyung Soo…ဘယ်လိုဖြစ် "
စကားတောင်မဆုံးလိုက် သူက ကျနော့်ရင်ခွင်ထဲတိုးဝင်လာပြီး ခါးကိုသိမ်းဖက်လိုက်တာကြောင့် လူကထိတ်ကနဲ လန့်သွားမိပေမဲ့ အခုထိ အငိုမရပ်သေးတာကြောင့် သူ့ စိတ်တွေမတည်ငြိမ်သေးခင် အချိန်အထိ ဒီတိုင်းပဲ ငြိမ်နေပေးမိသည်။
"ဘာဖြစ်လာတာလဲ ကိုယ့်ကို ပြောပြလေ"
သူက ကျနော့်ရင်ခွင်ထဲကနေပြီး မျက်ရည်တွေနဲ့ မော့ကြည့်လာခဲ့တယ်
" ပျောက်သွားပြီထင်နေတာ
Layကို မေးကြည့်တော့လည်း ပြန်သွားပြီတဲ့
အိမ်ကို လာကြည့်တော့လည်း Jonginက ပြန်မရောက်သေးဘူး"
ဒါက ငိုစရာလား…လူတစ်ယောက်ကို မတွေ့ရတာနဲ့ ဒီလောက်ထိ ခြောက်ခြားသွားရလောက်အောင် Do Kyung Soo က တစ်ကယ်ပဲ Pyscho ဖောက်နေတာလား။
"ကိုယ်က ဘယ်ကိုပျောက်ရမှာလဲ Kyung Sooရယ်…အချိန်တန် အိမ်ပဲပြန်လာမဲ့ဟာ"
" စိတ်ပူသွားလို့ပါ ကျောင်းထဲမှာလည်း တစ်ကျောင်းလုံးနှံ့နေပြီရှာတာ မတွေ့လို့
အခုရော ခြေထောက်က သက်သာလား "
"အင်း…အခု သက်သာသွားပြီ "
သူ့ပါးပြင်ထက်က မျက်ရည်တွေ လက်နှင့်ဖယ်ရှားပေးနေမိရင်းက သူ့ဆီ ဖုန်းဝင်လာတော့ သူ အခုထိ ဖုန်းသံမြည်နေတာကို သတိထားမိဟန်မတူ။
စိတ်တွေက ဘယ်ဆီတွေလွင့်နေသည်မသိ။
" ကိုင်လိုက်လေ " ကျနော် သတိပေးလိုက်မှ သူက ဖုန်းသံကို ဂရုပြုမိပြီး ကိုင်လိုက်သည်။
"Ah…Hunnieလား… အခု အိမ်နားမှာပဲရှိသေးတာ ဆိုင်ကို အခုလာပြီနော်"
တစ်ဖက်က ဘာတွေပြောတယ်မသိ … သူက ဆိုင်ကိုလာမယ်ပြောပြီး ဖုန်းချလိုက်သည်။
" ဆိုင်ကဆက်တာလား "
"ဟုတ်တယ် အခုထိရောက်မလာလို့ စိတ်ပူလို့တဲ့"
စိတ်ပူလို့…အော်…ထင်ထားတာထက်တောင် Do Kyung Soo ဟာ ဂရုစိုက်ယုယသူတွေ ဝိုင်းဝိုင်းလည်နေပါသေးသည်။
စိတ်ထဲတွင်တော့ မနှစ်မြို့မိတာအမှန်…Chanyeol Diary ထဲက အငွေ့အသက်တွေက လက်တွေ့မှာ လာပြီးစိုးမိုးနေသလိုပင်။
ဘယ်သူမှ သူ့ကို စိတ်ပူပေးတာ မလိုချင်ဘူး
Chanyeolကိုယ်တိုင်လာပြောနေသလို ခံစားနေရသည်။
" ဘာလို့ အဲဒီဆိုင်မှာ waiter လုပ်နေတာလဲ
အချိန်ပိုလို့ ဆိုတာကလွဲရင် ကြိုက်တာဖြေ "
သူ Chanyeolတုန်းက ဖြေခဲ့တာကလွဲရင် တစ်ခြားအဖြေတစ်ခုကိုတော့ ထပ်ကြားချင်မိသေးသည်။
"အလုပ်နှင့်ပတ်သက်ပြီး အတွေ့အကြုံရအောင်လို့…waiterဆိုတော့ customerတွေနဲ့ အမြဲ ထိတွေ့ဆက်ဆံနေရတာ… လူတွေနဲ့ ဆက်ဆံရေးမှာ ကျင့်သားရပြီးသား ဖြစ်တယ်လေ"
"သွားတော့လေ ဖုန်းဆက်ခေါ်ရတဲ့အထိဆိုတော့ ဒီ waiter လေးက အရေးပါပုံပဲ "
" သွားတော့မယ်နော် "
သူပြောပြီးထွက်သွားပေမဲ့ စိတ်ထဲ ဘဝင်မကျသေး။
ဘယ်ကကောင်က သူ့ကို စိတ်ပူပေးနေတာလဲ။
အလုပ်အတူတူ လုပ်တဲ့ waiterလား ဘယ်သူဖြစ်ဖြစ် သူ့ကို Chanyeol ပြောခဲ့သလို ဘယ်သူမှ စိတ်ပူခွင့်မရှိဘူး..။
ထွက်သွားတဲ့သူ့ကျောပြင်ကို မမှိတ်မသုန်ကြည့်နေလိုက်ရင်း
အခုနေ ထွက်သွားလိုက်စမ်းပါ Do Kyung Soo
တစ်နေ့ကျရင် မင်းကို ငါပိုင်စေရမယ်
ငါ့စိတ်တိုင်းကျ ခြယ်လှယ်နိုင်မဲ့ အရုပ်တစ်ရုပ် ဖြစ်လာစေရမယ်
ငါကိုယ်တိုင် တွန်းပို့စရာမလိုပဲ မင်းကိုယ်တိုင်ပဲ လိုလိုလားလား Chanyeol အနားကို သွားရမယ်
ကျနော်၏ အတွင်းစိတ်က ကြုံးဝါးမှုတွေသာ သူစောစောစီးစီး ကြိုသိခဲ့လျှင်…။
ဒီတိုင်းလေး သူဟာ ဘာမသိတဲ့ အရူးတစ်ယောက်လိုသာ ကျနော့်ကို ယုံကြည်ပြီး ဘေးနားမှာ ဆက်ရှိပေးနေပါစေ။
……………………………………………………………………
ည 11:00လောက် သူ့အိမ်ရှေ့ကားတစ်စီးနဲ့ လူတစ်ယောက် ဆင်းလာတာ တွေ့လိုက်ရတာနဲ့ ခြံထဲကနေ မြန်မြန်ထွက် လာပြီး မှောင်ရိပ်ကျနေတဲ့ အိမ်ရှေ့က အပင်တစ်ပင် နောက်ကွယ်ကနေ မမြင်အောင် ပုန်းလိုက်ကာ ထိုကားကိုသာ အကဲခတ်လိုက်သည်။
ကားပေါ်က Kyung Soo ဆင်းလာတာ မြင်လိုက်တော့ အလိုလိုနေရင်း စိတ်ထဲထောင်းကနဲ ဒေါသဖြစ်လာမိ။
ဒီအချိန်ဆိုင်ပိတ်လည်း ကိုယ့်ကို ပြန်လာပါလား ဘယ်ကကောင်နဲ့ ပြန်လာတာလဲ။
လရောင်အောက် တစ်ဖက်ကဆင်းလာသူ သေချာမြင်လိုက်ရချိန်
ဟိုကောင် ကျက်သရေတုံး… Lay ဆိုတဲ့ကောင်ဖြစ်နေသည်။
ဒီကောင် တော်တော်ရှုပ်တာ…Chanyeolတုန်းထဲက ဝင်ရှုပ်ရတာ အားမရသေးလို့ အခု ထပ်ရှုပ်ပြန်ပြီ
"Jongin နဲ့ မပတ်သက်ပါနဲ့ "
Lay အသံ။
ထင်သား…ဒီကောင့်ပါးစပ်က ဒီလေသံထွက်လာမယ်ဆိုတာ။
" ငါသူ့ကိုချစ်တယ် "
Kyung Soo ဆီက မထင်မှတ်တဲ့ အဖြေတစ်ခုက Layကို ခြောက်ခြားသွားစေမယ်ဆိုတာ သေချာသည်။
ကျနော်ကိုယ်တိုင်ကလည်း အနည်းငယ် ရိပ်မိခဲ့သလို ရှိသော်ညား ဒီလောက်အလွယ်တကူ သူ Layကို ပြောလိမ့်မည်မထင်မိ။
"မင်းရူးနေတာလား Chanyeol သေသွားတာ ခုမှ ရက်ပိုင်းသာသာရှိသေးတဲ့ဟာ"
ထင်သည့်အတိုင်း Layပေါက်ကွဲသွားသလို သူ့နှုတ်ခမ်းဖျားက ထွက်လာတဲ့ Chanyeolဆိုတဲ့ နာမည်က ကျနော့်ရင်ထဲက ဒဏ်ရာကို နောက်တစ်ကြိမ် ပွန်းပဲ့စေပြန်သည်။
နောက်မှ Kyung Soo ဆီက တော်တော်နဲ့ ဘာအသံမှ ထပ်မထွက်လာတော့လို့လားပဲ
"ငါ စကားပြောမှားသွားတယ်… အခုနေ မင်းရှေ့ Chanyeolအကြောင်း မပြောသင့်ဘူး"
လေသံဖျော့သွားပြီး Lay တစ်ကယ်စိတ်မကောင်း ဖြစ်သွားသလို တောင်းပန်လိုက်တော့မှ
"ရပါတယ် အခု Chanyeol နာမည် ကြားရင် ခံနိုင်ရှိအောင် ငါလေ့ကျင့်ထားပြီးသားပါ "
သူ ဖြေရက်တယ်နော်။လေ့ကျင့်ထားပြီးသား။အခုနေ Chanyeol နာမည်ကြားရင်တောင် သူ ဘာမဖြစ်ခဲ့သလို နေတတ်ခဲ့ပြီပေါ့။
Do Kyung Soo…မင်းက သိပ်မုန်းစရာကောင်းတယ်။
ငါ့သူငယ်ချင်းရဲ့ အသက်နဲ့ရင်းကာကွယ်ထားတဲ့ အဖြစ်ပျက်တစ်ခုက မင်းအတွက် ရေပေါ်မှာ ပန်းချီဆွဲသလို ခဏသာ အရိပ်ထင်ခဲ့ပါလား။
" Chanyeol နဲ့ တုန်းကလည်း ငါမင်းကို တားခဲ့တယ် Kyung Soo… အဲဒီတုန်းက သူ့ကို ချစ်တယ်ဆိုပြီး ပြောခဲ့တယ် ငါ့စကားကို နားမထောင်ခဲ့ဘူး…အခုလည်း"
"တော်တော့ Lay…အရင်အကြောင်းတွေ ထပ်အစက ပြန်မဖော်နဲ့တော့…သေချာတာတော့ Jonginသာ ဒီတစ်ခါ ငါ့အနားက ပျောက်ကွယ်သွားရင် ငါ တစ်ကယ် သေသွားလိမ့်မယ်"
"မင်းတို့သိတာ မကြာသေးဘူးလေ…ဘာလို့ အခုလောက်ပြောင်းလဲသွားခဲ့တာလဲ Do Kyung Soo…ငါ့စကား နားထောင်ပါ…သူ့ကို မယုံနဲ့"
သူတို့နှစ်ယောက်ရဲ့ အချေအတင်ဖြစ်နေမှုက တဖြေးဖြေး တင်းမာလာသည်။
ဟုတ်တယ်…Do Kyung Soo … ငါက Lay ပြောသလို မင်းအတွက် အစစ်အမှန်တွေ သယ်လာမဲ့သူတော့မဟုတ်ဘူး။
ဒါပေမဲ့ အတုအယောင်တွေကိုတော့ အဆုံးထိ မင်းဆက်ယုံပေးနေရမယ်။
"ငါ သူ့ကို ချစ်တဲ့အချစ်က လုံးဝပြန်ရုတ်သိမ်းလို့မရတာ ငါကိုယ်တိုင်ပဲ သိတယ်…တစ်ခါပဲ ဒီတစ်ခါပဲ ငါ့ကိုလျစ်လျူရှုပေးပါ Lay"
Layပြောမရတော့လို့ထင်ပါ့… စိတ်ပျက်စွာ Kyung Soo ကိုသာကြည့်ရင်းက လက်လျော့ပေးချင်ဟန်မတူ။
"သူနဲ့တော့ မဖြစ်နိုင်ဘူး Kyung Soo… မင်းသူ့ကို ချစ်လို့မရဘူး ငါပြောတာ နားထောင်ပါ …သူနဲ့ Chanyeolက စရိုက်တွေ တူနေလို့ မင်း ချစ်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတာ နေမှာပါ သူက Chanyeol မဟုတ်ဘူး…အမြင်မှန်ရစမ်းပါ"
" ငါသိပါတယ် သူက Yeollie မဟုတ်ဘူး ဒါပေမဲ့ အခု သူ့ကို လိုအပ်တယ် ... ဖြစ်ခဲ့တာတွေအားလုံးမေ့ထားပြီး သူ့ကိုပဲ စိတ်ချမ်းသာအောင် ထားချင်တယ် "
ပြောမရတဲ့အဆုံး Lay ကားဘီးကို ဆောင့်ကန်နေရင်း ဒေါသတွေကို ကားပေါ် ပုံချနေသည်။
" သူ ဘယ်သူလဲ မင်းသိလို့လား မသိဘဲနဲ့ စေတနာတွေ ပိုပြမနေနဲ့ … Do Kyung Soo"
အနည်းငယ်ကျယ်လောင်နေသည့် Layအသံက Kyung Sooကို သူဘယ်လောက် စိတ်ဆိုးနေသလဲ သိသာနေသည်။
နားချလို့မှ မရပဲ။
Do Kyung Sooသူဟာ သိပ်ကိုခေါင်းမာလွန်းသည်။
"Kim Kai…Park Chanyeolရဲ့ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်း…U.Kမှာနေတယ်…ဒီထက်ပိုပြီး သူ့အကြောင်း ငါမင်းကို ဘာတွေထပ်ပြောပြရမလဲ…Lay…ဒီလောက်ဆို ငါသူ့ကို စေတနာပို လို့ရပြီလား"
သူကျနော့်ကို သိတယ်
သူ ကျနော့်ကို သိနေတယ်လား
Chanyeolက ကျနော် ဘယ်သူဆိုတာ သူ့ကိုပြထားဖူးလို့လား
ဒါဆို တစ်ချိန်လုံး သူဆက်ဆံနေခဲ့တာတွေက ဘာသဘောလဲ။
Do Kyung Sooဆိုတာ ဘယ်လိုလူမျိုးလဲ။
ကျနော်သည်ပင် သူ့အဖြေကို ခြောက်ခြားခဲ့သည်မဟုတ်။ Layပါ သူသိနေမယ် ထင်မှတ်မထား၍လား တော်တော်လေး အံ့အားသင့်သွားဟန်ဖြင့်
"မင်း…မင်း…သူ့ …ကို သိတယ် "
စကားလုံးတွေတောင် အဆီလျော်မတည့်ချင်တော့။
"သူ ငါ့ကို ပထမဆုံး လာတွေ့ဆုံချိန်ထဲက သူဆိုတာ ငါ့အတွက် နောက်ထပ်အသက်ဆက်ရှင်သန်နေဖို့ အကြောင်းပြချက်တစ်ခု"
"မင်းသူ့ကို သိနေသားနဲ့ ချစ်နိုင်သေးတယ်နော် Kyung Soo…မင်းပြောဖူးတဲ့ အချစ်စစ်ဆိုတာ Chanyeolကို ပုံပြောသွားတာလား"
Layရဲ့ ခနဲ့တဲ့တဲ့အမေး။
တစ်ကယ်တော့ Do Kyung Sooဆိုတဲ့သူ့ကို နားမလည်နိုင်ခဲ့တာ ကျနော်အပြစ်တော့မဟုတ်။
သူ့ဘေးနား တစ်ချိန်လုံးရှိနေသည့် Layတောင်မှ နားလည်ပေးနိုင်သည့်ပုံမပေါ်။
"မင်းမသိသေးတဲ့ ငါ့အကြောင်းတွေ ရှိပါသေးတယ် ငါ့ကို အပြောင်းလဲမြန်တယ် မျက်နှာများတယ်လို့ ထင်ချင်ရင်ထင်ပါ
Chanyeol ကြောင့် သေဆုံးသွားပြီလို့ ထင်ထားတဲ့ ငါ့ ဘဝ သူပြန်လာမှ အသက်ပြန်ဝင်လာခဲ့တာ … အခုနေ ငါမင်းကို ပြောနိုင်တာ ဒါပဲရှိတယ်"
" ငါလည်း နောက်ဆုံးအနေနဲ့ ပြောစရာ တစ်ခုပဲ ကျန်တော့တယ်…Chanyeol သေသွားရတဲ့ အဓိက တရားခံဆိုတာ မင်းလို့ သူသိသွားတဲ့ တစ်နေ့ သူလုပ်သမျှတွေ ခံနိုင်ရည် ရှိအောင် အခုတည်းက ပြင်ဆင်ထားလိုက်ပါ...သူက အခုထိ မင်းကို Chanyeol နဲ့ ပတ်သက်ပြီး Chanyeolကောင်လေးဆိုတာကလွဲ ကျန်တာ ဘာသိတဲ့ပုံမပေါ်ဘူး"
" တစ်နေ့ကျရင် ငါကိုယ်တိုင် သူ့ကို ဖွင့်ပြောပြ မှာပါ အဲဒီအချိန်ကျရင် သူ့ သူငယ်ချင်း အတွက် ငါ့ကို ဘယ်လိုပဲ အပြစ်ပေးပေး သူပေးတဲ့ အပြစ် ခံယူဖို့ အသင့်ပဲ…ငါ့ကို စိတ်မပူပေးနဲ့တော့…အခုနေတော့ ငါသူ မုန်းတာ ခံယူဖို့ အဆင်သင့်မဖြစ်သေးဘူး"
"ကံကောင်းပါစေ Kyung Soo…သေချာတာတော့ မင်း ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ငါကတော့ မင်းကို ပစ်ပယ်မထားရက်ပါဘူး"
" ကျေးဇူးပဲ Lay"
Lay သူ့ကားပေါ် တက်ပြီး မောင်းထွက်သွားတော့မှ ကျနော် အိမ်ထဲကို ပြန်ဝင်လာခဲ့သည်။
သူကတော့ ခြံရှေ့မှာ တော်တော်ကြာ မလှုပ်မယှက် ရပ်နေခဲ့သေးသည်။
အိပ်ပျော်အောင် ကြိုးစားပေမဲ့လည်း တော်တော်နဲ့ အိပ်မပျော် အတွေးပေါင်းစုံက နှိပ်စက်လို့။
သေချာတာတော့Chanyeol သေသွားရတာ Kyung Soo ကြောင့်ဆိုတာပဲ။
ဒီတော့ ကျွန်တော် အရင်လို တွေဝေ နေဖို့ မလိုတော့ပဲ ဆုံးဖြတ်ချက်ချရဲရမယ် လုပ်ရဲရမယ်။
သူတော်တော် အရှက်မရှိတာပဲ ကျနော် Kim Kai ဆိုတာ သိသိကြီးနဲ့တောင် လာချစ်ရဲသေးတာ တစ်စက်ကလေးမှ Chanyeolကို အားမနာမိဘူးလား…Chanyeolကို သတ်ပြီး သူ့ သူငယ်ချင်းကို လောဘတက်နေတာ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ရဲရတာလဲ။
ငါ့ကိုချစ်တာလည်း တစ်မျိုးကောင်းပါတယ် Do Kyung Soo… မင်းကို စိတ်တိုင်းကျ လှည့်စားလို့ရပြီပေါ့…မင်းကိုယ်တိုင် ဝန်မခံလည်း Chanyeolသေတာ မင်းကြောင့် ဆိုတာ သိပြီးသား မင်းသေရမဲ့နေ့ကိုသာ ငါ့ဘေးနားမှာနေ ငါလုပ်သမျှခံပြီး စောင့်နေလိုက်ပါ
.....................................................................
အချိန်ဆိုတာ မြန်လေကောင်းလေပဲမလို့ သူ့ကို ဒီနေ့ပဲ ဖွင့်ပြောပြီး တွဲဖို့ ဆုံးဖြတ်လိုက်သည်။
သူလည်း Kai ဆိုတာ သိနေမှာတော့ ဖုံးကွယ် ထားစရာမှ မလိုတော့တာ။
ဒီလိုနဲ့ သူ့အိမ်ရှေ့ရောက်လာတော့
သူက အိမ်ရှေ့ထိ ထွက်ပြီး စောင့်နေခဲ့တယ်။
အနီရောင် Hoodie လေးနဲ့။
ကျနော်မြင်ဖူးသမျှထဲမှာတော့ သူက ချစ်ဖို့ အကောင်းဆုံးပါပဲ။
အခုလည်းကြည့် လူကိုမြင်တာနဲ့ သူက ချက်ချင်း ရယ်ပြနေပြီး
သူအဲဒီလို ရယ်ပြတဲ့အခါတိုင်း သူ့ကို သတိလက်လွတ်ငေးမောမိတာ အကြိမ်မနည်းတော့။
Kim Kai ရေ မင်းသတိထားစမ်းပါ။
သူက မင်းရဲ့ရန်သူနော်။
" ဒီနေ့ ရှေ့က တင်နင်းမယ်လေ Jongin"
စက်ဘီးကိုယူပြီး ရှေ့ကနင်းသူနေရာ ထိုင်လိုက်သည့် Kyung Soo။
"စက်ဘီးစီး သင်ပြီးပြီလား မြန်လိုက်တာ "
" မနေ့က ဆိုင်မှာ အလုပ်မဆင်းဘဲ Hunnie ကို သင်ခိုင်းထားတာ"
မနေ့က သူ့ကိုဖုန်းဆက်ခေါ်တဲ့သူ။
" Hunnie က ဘယ်သူလဲ "
"Jongin မှတ်မိမလားပဲ…စတွေ့တဲ့နေ့က cake မြည်းပေးတဲ့တစ်ယောက်"
သိပ်သိတာပေါ့…မှတ်မိနေလွန်း၍ ခက်နေသေးသည်။
Hunnie ဆိုတဲ့ကောင်နဲ့ သူဘယ်လို ပတ်သက်နေတာလဲ Allergic ရှိတာတောင် သိတဲ့အဆင့်ဆိုတော့... နောက်ပြီး ဒီကောင်က ဆိုင်ပိုင်ရှင်ဆို သူwaiter လုပ်နေတာ Hunnie ဆိုတဲ့ကောင်ကြောင့်များလား။
"သူငယ်ချင်းလား…"
" ငယ်ငယ်လေးတည်းက အတူတူ နေလာတာဆိုတော့ သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ် ကိုယ့်ထက်လည်း နည်းနည်းငယ်တော့ ကလေးလိုပဲပေါ့…တစ်ခါတစ်လေ သူက အရမ်းဆိုးတာ …"
Hunnie ဆိုတဲ့ ကောင်အကြောင်းကို ကြည်ကြည်နူးနူးနဲ့ ပြောပြပြီး သူက ရယ်လိုက်သည်။
နေစမ်းပါဦး ဘာကိစ္စနဲ့ မမေးတာတွေ လာဖြေနေတာလဲ..။ မေးတာ သူနဲ့ ဘယ်လိုပတ်သက်လဲပဲမေးတာ..။သူဆိုးတာ ကောင်းတာတွေ လာရွတ်ပြနေသည်။နားမထောင်ချင်မှန်းမသိ ထောင်ချင်ရဲ့လားမသိနဲ့ ။မေးရင် မေးတာပဲဖြေတာ မဟုတ်ဘူး။
စိတ်ကလည်း ညထဲက ကြည်လင်နေသည် မဟုတ်တော့ ကျနော်မျက်နှာပျက်သွားတာ သူက မြင်လိုက်သည်ထင်ရဲ့ ရယ်နေတာရပ်ပြီး ဘာမှထပ်မပြောတော့။
သူကရှေ့ကနေ စက်ဘီးနင်းနေတဲ့ အချိန် ကျနော်က နောက်ကနေ သူ့ခါးကို သိုင်းဖက်လိုက်ပြီး သူ့ကျောပေါ်ကို ကျွန်တော့် မျက်နှာလေးကို အပ်ထားလိုက်သည်။
"ကိုယ်လေ…Kyung Sooကို ပြောစရာရှိတယ်…ကိုယ့်ကို လိပ်ပြာသန့်သန့်နဲ့ အနားမှာဆက်ရှိနေခွင့်ပေးမယ်ဆိုရင်ပေါ့"
ခိုင်မာစွာ ဆုံးဖြတ်ပြီးမှ သူ့ကိုမေးလိုက်ရင်း ကိုယ်တိုင်လည်း ခုထိအားမရ။
ဒါလေးပြောရမှာ ဘာလို့မဝံ့မရဲဖြစ်နေရတာလဲ။
"ပြောလေ Jongin…အချင်းချင်းတွေပဲ"
တဟူးဟူးတိုက်နေတဲ့ လေတွေအဝှေ့ တစ်ချက်တစ်ချက် သူ့ဆီကရတတ်သည့် မွှေးရနံ့လေး…သူက အေးအေးဆေးဆေးပြန်ဖြေပေမဲ့ မသိမသာ တုန်ယင်နေတဲ့ ကျနော်…အခုထိ စိတ်လှုပ်ရှားမှုကြောင့်လားပဲ မတည်ငြိမ်သေးသည့် ဝဲဘက်ရင်အုံ။
ဘာပဲနေနေ ပြောမှပဲဖြစ်မဲ့ဟာ။
"ကိုယ် Kyung Soo ကို ချစ်တယ်…"
"…………"
အချစ်ဆိုတာ ပထမဆုံး ကိုယ် မင်းကို စတွေ့တဲ့အချိန်မှာပဲ ခံစားဖူးခဲ့တာ…ဒါပေမဲ့ Kyung Sooကကိုယ့်သူငယ်ချင်း Chanyeolရဲ့ ကောင်လေးဖြစ်နေတော့ ဘယ်လိုစပြီး ချဉ်းကပ်ရမလဲမသိတာနဲ့ ဒီတိုင်းသူငယ်ချင်းလို"
ပြောမဆုံးခင်မှာပဲ သူစက်ဘီး နင်းနေတာကနေ ရုတ်တရက် ရပ်လိုက်သည်။
သူရပ်လိုက်တာနဲ့ ကျနော်စက်ဘီးပေါ်က ဆင်းလိုက်တော့ သူလည်း ဆင်းလာပြီး ကျွန်တော့်ကို ငေးကြည့်နေခဲ့ရင်းက
" တစ်ကယ်ပြောနေတာလား Kai"
အချိန်အနည်းငယ်ကြာမှ မယုံနိုင်သည့် ပုံစံနဲ့ သူဟာ မေးလာသည်။
" Kai?"
ကျနော်မျက်ခုံးလေးပင့်ဆိုလိုက်တော့ သူက ကျနော့်ကို ရင်မဆိုင်ရဲသလို မျက်နှာလွှဲလိုက်ရင်း
"တစ်ကယ်တော့…Kaiကို အစထဲကသိပါတယ်…စတွေ့တွေ့ချင်းထဲက အရမ်းကိုခေါ်ချင်ခဲ့တာ Kaiလို့"
စိတ်လှုပ်ရှားနေတာလည်း သိသာနေသည်။
သူ့လက်နှစ်ဘက် အချင်းချင်း ဆုပ်ချေပြီး ကစားနေရင်းပြောနေခဲ့သည်မှာ ဟန်တောင်မဆောင်နိုင် ရှာခဲ့။
"အခုခေါ်လို့ရပြီလေ…အမြဲခေါ်မယ်မလား"
ဆိုပြီး သူ့ကိုယ်ကို ဆွဲလှည့်မေးလိုက်တော့ မျက်နှာလေး အောက်ငုံ့သွားတာနဲ့ သူ့မျက်နှာကို ကျနော့်လက်တွေနဲ့ ဆွဲမော့လိုက်တယ်။
နှာသီးလေးတွေကလည်း ရဲတွတ်နေပြီး
မျက်ဝန်းတွေက သိပ်ကို နူးညံ့လွန်းနေကာ သူ ကျနော့်ကို ဘယ်လောက်တန်ဖိုးထားပြီး မြတ်နိုးလဲဆိုတာ ထုတ်ပြောစရာမလိုတဲ့အထိ အသက်ဝင်လွန်းနေခဲ့သည်။ ဘယ်လောက်ချစ်ကြောင်း သူ့အကြည့်တွေက သက်သေထူနေခဲ့သည်။
"တစ်ချိန်က အမြဲကွယ်ရာမှာပဲ ခေါ်ခွင့်ရခဲ့တဲ့နာမည်လေးကို အခုလို Kaiရှေ့မှာ ခေါ်ခွင့်ရလိမ့်မယ်လို့ မထင်ထားမိဘူး"
သူက လေသံဖျော့ဖျော့လေးနဲ့ ဝမ်းနည်းသလို ပြောလိုက်တော့ ကျွန်တော် တွေဝေသွားခဲ့တယ်
'တစ်ချိန်က'တဲ့။
ဒါဆိုရင် သူဘယ်အချိန်တည်းက ချစ်ခဲ့တာလဲ။
"တစ်ချိန်က…ဟုတ်လား"
"Layတို့ ကျောင်းကို အလည်လာရင်းတွေ့ခဲ့တာ
အဲဒီတုန်းက Kaiက အလယ်တန်းပဲ ရှိသေးတာ
ဘောလုံးကစားနေတာလေ အားကစားကွင်းထဲမှာ… အဖြူရောင် ဘောလုံးဝတ်စုံလေးနဲ့ …အဖြူရောင် နတ်သားလေး မိုးပေါ်က ကြွေကျလာသလိုမျိုး"
သူက ကျွန်တော့် မျက်နှာကို ကြည်နူးစွာ ကြည့်နေပြီး ပြောလိုက်သည်။
" ဆက်ပြောပြဦးလေ…ဒါပဲလား"
သူက ခေါင်းလေးခါရမ်းလိုက်ရင်း
"Kaiတို့ အသင်းနိုင်သွားတော့ ဆံပင်တွေကို လက်နဲ့ သပ် တင်လိုက်ရင်း Chanyeol ကို လက်မထောင်ပြီး ရယ်ပြနေခဲ့တာ…ကလေးလေးလိုပဲ အရမ်း ချစ်စရာကောင်းတာပဲ…အဲဒီအချိန်တည်းက Kai တို့ တက်တဲ့ ယောက်ျားလေး သီးသန့်ကျောင်းကို ပြောင်းလာမလို့ထိ လုပ်ထားတာ Hunnie က မပြောင်းခိုင်းလို့"
ူ ကြည်ကြည်နူးနူး နားထောင်နေတုန်း ရှိသေး Hunnie ကြောင့်ဆိုတဲ့ စကားအဆုံးမှာတော့ ကျနော်ခဏတာ နစ်မြောမိသွားတဲ့ သူ့ရဲ့စက်ကွင်းအောက်က လွတ်မြောက်လာခဲ့သလို အပျော်တွေပျက်ပြီး အမုန်းတရားအချို့က ပြန်လည်ထကြွလာပြန်သည်။
"အဲကောင်ကြောင့် မပြောင်းဖြစ်ခဲ့တာပေါ့ "
သူပြောနေတာ ဆက်ပြီး နားမထောင်တော့ဘဲ ခေါင်းကို သူနဲ့ ဆန့်ကျင်ဘက်ဆီ လှည့်ပစ်လိုက်တယ်..
သူက ကျနော့်ခေါင်းကို သူ့ဘက်ကို ပြန်လှည့်လိုက်ပြီး မျက်လုံးတွေ ပေါက်ထွက်မတတ် ပြုံးပြီး စိုက်ကြည့်နေရင်း
" Hunnieက ကျောင်းပြောင်းရင် သူကျောင်းထွက်မယ် ပြောလို့ နောက်တော့ သူ့ကို ချော့ပြီး ပြောင်းလာဖို့ လုပ်ပြန်တော့ Kaiက U.K. ကို ပြောင်းသွားပြီဆိုလို့ မပြောင်းဖြစ်တော့တာ "
သူက ကျနော့်ရဲ့ ချစ်သူအစစ်တစ်ယောက်မဟုတ်လို့ ကျနော် စိတ်မကောက်ချင်သလို အချော့လည်း မကြိုက်ချင်ပါ။
ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းချက်အတွက် ဘာကြောင့် ကျနော်ကျေနပ်ပြီး စိတ်ဆိုးပြေခဲ့မိသည်မသိ။
"ထားလိုက်ပါ ဒါတွေက ပြီးခဲ့ပါပြီ အခုကစပြီး ကိုယ်ကလွဲရင် ဘယ်သူ့မှ မချစ်ရဘူးနော် ကတိပေး ကိုယ် ပြောစကားမှန်သမျှ အကုန် နားထောင်ပါ့မယ်လို့"
"Promise "
သူ့လက်သန်းလေးနဲ့ ကျနော့်လက်သန်းလေး ချိတ်ပြီး လက်မချင်းဖိပြီးတော့ သူပေးခဲ့တဲ့ ကတိတွေ။
ဟန်ဆောင်နေရင်းက ထိုကတိတွေကို အစစ်အမှန်လို ထင်ပြီးပျော်ပိုက်နေမိပြန်သည်။
သူဟာ Chanyeol အတွက်
သူဟာ Chanyeol အတွက်
ကျနော့်အတွက် မဟုတ်ဘူး
နောက်တော့ သူက ကျောင်းနောက်ကျလိမ့်မယ် လို့ ပြောပြီး စက်ဘီးပေါ် ပြန်တက်လိုက်တာနဲ့ ကျနော်ကလည်း နောက်ကနေ ထိုင်လိုက်ပြီး အရင်ကထက် သူ့ခါးကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ဒီလိုနဲ့ ကျောင်းသွားတဲ့လမ်းမှာပဲ သူနဲ့ ကျနော် ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။
ကျနော်ကိုယ်တိုင်တောင် သတိမထားမိခဲ့တဲ့ အချိန်တည်းက သူက ကျနော့်ကို ချစ်နေခဲ့သည်ဆိုတာ Chanyeol တောင် သိရဲ့လားမသိ။
အချစ်ဦး…ကျနော်က သူ့ရဲ့ ပထမဆုံးရင်ခုန်သံတွေရဲ့ ပိုင်ရှင်ပေါ့။
ခဏတာ သူနှင့်ကျနော့်အကြောင်းပြန်စဉ်းစား ကြည်နူးသွားမိတဲ့ အခိုက်အတန့်လေး… ရုတ်တရက် Chanyeolမျက်နှာကို မြင်ယောင်မိလိုက်တဲ့ အချိန်မှာတော့ အပျော်တွေ ပျောက်ကွယ် သွားပြီး သူ့ကို ဖက်ထားတဲ့ လက်တွေကို ယောင်ပြီး လွှတ်မိသွားတဲ့ အထိ။
သူက " ဘာဖြစ်လို့လဲ" ဆိုပြီး မေးတော့မှ အသိစိတ်ပြန် ဝင်လာပြီး သူ့ခါးတွေကို ကျနော့် လက်တွေနဲ့ ပြန်ဖက်ထားလိုက်တယ်။
သူနဲ့ပတ်သက်တဲ့ ကျနော့်စိတ်ရင်းက ဘာလဲ ဆိုပြီး အမြဲကိုယ့်ကို အဖြေပြန်ရှာမိတိုင်း Chanyeol မျက်နှာကိုပဲ မြင်ယောင်နေမိတယ်။
သူ့ကို ချစ်နေမိတာလားဆိုပြီး ကိုယ့်ကို မေးခွန်းတွေ မေးခဲ့ဖူးတယ်။
သူနဲ့အတူတူ ရှိနေတဲ့အချိန်တွေဆို ပျော်သလို ခံစားရတယ်။
သူ့ကို တခြားတစ်ယောက်နဲ့ အတူတူတွဲလာတာ မမြင်ချင်ဘူး။
သူ့ပါးစပ်က ကျနော်မဟုတ်တဲ့ တစ်ခြား တစ်ယောက် အကြောင်းပြောတာကိုလည်း မကြိုက်ဘူး။
ဒီလိုခံစားနေရတာ ဘာကြောင့်လဲ သူ့ကို ဘာလို့ အမြဲ လိုက်ပြီးသဝန်တိုနေမိတာလဲ။
Chanyeolကြောင့်နေမှာပါလို့ အမြဲ ကိုယ့်ကို ဖြေသိမ့်တွေးခဲ့တယ်။
ဒါပေမဲ့ Chanyeol diary ဖတ်နေရင်း သူပြောလိုက်တဲ့ me too …love you ဆိုတဲ့စကားကြောင့် စိတ်ရှုပ်သွားပြီး ကြေကွဲခဲ့ချိန်က Chanyeolကို သဝန်တိုတာလား ဒါမှမဟုတ် သူ့ကိုလားဆိုတာ မဝေခွဲမိခဲ့။
တစ်ကယ် သူ့ကို ချစ်မိသွားမလားဆိုပြီး ကြောက်နေမိတယ်။
သူ့ကို မချစ်ချင်ဘူး။ သူ့ကို ချစ်လို့ မရဘူး။
သူ့ကို ချစ်မိခဲ့မယ်ဆိုရင်တောင် အချိန်တန် Chanyeol ဘေးနားကို ပို့ပေးမှာဖြစ်လို့ မချစ်မိစေချင်ဘူး။
သူ့ကို မုန်းတယ် ဟုတ်တယ် မုန်းတယ် အဲဒါအမှန်ပဲ။ တခြားဟာ မတွေးတော့ဘူး အခုလို ဖြစ်နေတာလည်း သူ့ကို မုန်းလွန်းလို့ အမုန်းလွန်ပြီး အသိစိတ်ပျောက်သွားလို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာနေမှာ သူ့ကို ချစ်စရာအကြောင်းမှ မရှိတာ။
ဒီထက်ပိုသေချာအောင် ရက်စက်ပြလိုက်စမ်းပါ Kim Kai… ဒါမှ သူ့ကို မင်းမုန်းတယ်ဆိုတာ ပို သေချာသွားမှာ။
~~~~~~~~~~T B C ~~~~~~~~~~