Written By: KimTae_Nun
_______________________________
Jeon Jung Kook ရက်စက်သည်။
သူ့ရဲ့အချစ်ဦးအကြောင်း ပြောဆိုမိသည့် နေ့မှစ၍ ကျွန်တော့်ကို နည်းနည်းမှ အဖတ်မလုပ်။ စက်ဘီးလှဲတဲ့ နေ့မှာဆို ဒဏ်ရာရနေခဲ့တာကို မြင်ရဲ့သားနဲ့ သူလှည့်ထွက်သွားတယ်။
ဘာတဲ့ မင်းကျေနပ်တယ်မလား ဆိုပြီး သူပြောတယ်။ သ၀န်တိုမှုလေးကို တောင်းတမိတယ်။ ဒါပေမယ့်လည်း သူပါးစပ်က ထွက်သမျှစကားတွေက ဓားတစ်ချောင်းလို။
သိလား ဒီရင်ဘတ်ကြီး စုတ်ပြတ်သတ်သွားတယ်။
အရင်အချိန်က ရန်ငြိုးတွေကြောင့် တမင်လုပ်နေခဲ့တာလား Jung Kook ရယ်။
ငါ မင်းကို တကယ်ချစ်ခဲ့တာ။
ငါ့ရဲ့ ပထမဆုံးချစ်သူ ပထမဆုံးရင်ခုန်သံက မင်းပါလို့ မင်းရှေ့မှာရပ်ပြီး ၀န်ခံချင်ပေမယ့် မာနတချို့က တင်းခံနေတယ်။
မင်းတောင် ဂရုစိုက်ခဲ့တာမှ မဟုတ်တာ။
"Tae Hyung ငါတို့ အဆောင်ဝင်ရမှာတဲ့ မင်းရော ၀င်မှာလား"
Hoseok ရဲ့ အမေးကို ခနတာ စဉ်းစားပြီး အတွေးတွေက ဆက်တိုက်။
အိမ်က မေမေ့ရဲ့ ပူညံသံကို ရှောင်ရန်လည်း ဒီတစ်နည်းထဲ ရှိသည်မို့။
"အင်း....၀င်မှာ မင်းငါနဲ့ တူတူနေနော်"
"ဟင့် မင်းကလည်း ကိုယ့်အကောင်နဲ့ကိုယ် နေပေါ့ "
သူ့ရဲ့ စကားက ရင်ထဲကို နင့်ခနဲ။ အခုချိန်မှာလေ Tae ကိုနဲ့ အတူတစ်ခန်းထဲ နေရအောင် လို့ လာပြောမယ့် သူ့ကို မျှော်လင့်နေမိတယ်။ သွားပြောချင်တာပေါ့
Taeနဲ့အတူနေရအောင်လေ ဆိုပြီးတော့။
ဒါပေမယ့်လေ ဘာမှန်းမသိတဲ့ မာနလေး တချို့က ငါ့ရှေ့မှာ ကာဆီးကာဆီးနဲ့။
ငါ့မှာလည်း မာန တွေရှိပါသေးတယ် Jung Kookရယ်။
"မင်းတို့ရန်ဖြစ်ထားတာလား"
Hoseok မေးသော မေးခွန်းကို ခေါင်းလေးသာ သွင်သွင်ခါရင်းပင်။
ဒါပေါ့ သူနဲ့ကျွန်တော် ရန်ဖြစ်ထားကြတာမှ မဟုတ်ဘဲလေ။ တစ်ယောက်နဲ့တစ်ယောက် ရှိတယ်လို့ပင်မထင်ကြသော စိတ်ပျက်စရာ အခြေအနေ။ သူ့နှုတ်ခမ်းက ပြောထွက်မလာသေးသော လမ်းခွဲစကားကို ခံနိုင်ရည်မရှိဘူးဖြစ်နေတယ်။
ဒီတိုင်းလေးပဲ ဆက်တည်ရှိနေပေးပါ။
သူ့ဆီက ရက်စက်တဲ့ စကားသံတွေကို ဒီရင်ထဲက လက်ခံနိုင်တဲ့ အခြေအနေမဟုတ်သေးလို့။
သူ ကျွန်တော့်ကို အရင်လို မချစ်တော့ဘူး။
ဝမ်းနည်းတယ် ငိုချင်တယ် အမည်မသိ ခံစားချက်တွေက နာနာကျင်ကျင်။
ကျွန်တော် အတ္တဆန်မိတယ်။ သူ့ရဲ့ အချစ်ဦးက ကျွန်တော်ပဲ ဖြစ်ပါရစေလို့။
ပြောနေရက်ပင် စီးကျလာသော မျက်ရည်တွေကို လက်ခုံနှင့် ခပ်ကြမ်းကြမ်း ပွတ်ထုတ်ရင်း Hoseok နားမှ ပြေးထွက်ခဲ့သည်။
ကျွန်တော်ငိုနေတာကို ဘယ်သူမှ မသိစေလို။
ကျောင်းရဲ့ ချောင်အကျဆုံးသော နေရာလေးမှာ
ထိုင်ချပြီး ရှိုက်ရှိုက်ငင်ငင် ငိုကြွေးမိသည်။
တလိမ့်လိမ့်နှင့် ထိုမျက်ရည်များက အတားအဆီးမရှိပါ။ မျက်လုံးများပင် ဖောင်းကာနီရဲနေပြီ ဆိုတာကို ကျွန်တော်သိသည်။
"Jung Kook ငါ မင်းကို တကယ်ချစ်တာ"
ရှိုက်သံတွေကြားမှာ ၀ိုးတ၀ါး ထွက်ပေါ်လာသော
ကျွန်တော့်အသံကို ဘယ်သူမှလည်း ကြားနိုင်မယ်မထင်။
ရုတ်တရက် မြင်ကွင်းထဲမှာ ပေါ်လာတဲ့ ပုံရိပ်တချို့။ အတန်းထဲမှာ သူ့အား လိုက်ကပ်နေသော ကောင်မလေးနဲ့ ပြုံးရယ်နေသောသူ။ မင်း ပြုံးနေနိုင်သေးတယ်နော်။ အခု ငါကျနေတဲ့ မျက်ရည်တွေက မင်းကြောင့်ဆိုတာ မသိဘူးနော်။ ၀မ်းနည်းလွန်းသော ခံစားချက်ဟာ
ဒီနေရာမှာတင် ပျောက်ပျက်သွားပြီ။
ဟက်....မင်းနဲ့ အရင်လို ရန်သူအဖြစ်ပဲ နေဖို့ကောင်းပါတယ် Jeon Jung Kookရယ်။
ကျောင်းဆင်းချိန် ခြေလှမ်းများက တက်တက်ကြွကြွ မရှိခဲ့ပါ။ အရင်ချိန်လို ဘေးနားမှာ သူလည်း ရှိမနေခဲ့ပါ။
ဟိုကောင်မလေးကို ကျွန်တော်ထိုင်ဖူးတဲ့ စက်ဘီးနောက်ခုံလေးမှာ တင်ပြီး အိမ်ပြန်လောက်ရောပေါ့။
တိတ်ဆိတ်လွန်းတဲ့ အိမ်ပြန်ချိန်မှာ ကျွန်တော်ဟာ တခါက သူပြင်ပေးဖူးတဲ့ စက်ဘီးလေးပေါ်မှာ။ အချိန်အခါ မမှန် ရွာကျလာတဲ့ မိုးစက်တွေကို မော့ကြည့်ရင်း
တဖြည်းဖြည်းနဲ့ အဝေးသို့။
>>>>>>>>>>>>>>>
"မင်းတို့ အဆောင်ဝင်ရမယ် ဆိုတာ သိပြီးပြီနော်"
ဆရာမရဲ့ ခပ်စူးစူး အသံကိုကြားသော်လည်း မှောက်အိပ်နေရာမှ တုတ်တုတ်ပင်မလှုပ်။
မနေ့ညက ငိုထားတဲ့ အရှိန်ကြောင့် မျက်လုံးများကလည်း ဖောင်းမို့နေပြီး ကျိန်းစပ်စပ် ဖြစ်နေသေးသည်။
"Roll.no အလိုက် တစ်ခန်းမှာ နှစ်ယောက်နေရမယ်"
ထိုစကားသည် ကျွန်တော့်မျက်လုံးများကို auto ဖွင့်ပေးလိုက်သည်။ ဘာတဲ့ roll.no အလိုက် နေရမယ်။ သေချာပြီ ကျွန်တော်နဲ့ တစ်ခန်းထဲ နေရမယ့်သူက နောက်ကျောဘက်ကလူ။ ထိုလူ Jeon Jung Kook။
တကယ်ဆို ၀မ်းသာစရာ သူနဲ့တစ်ခန်းထဲ အတူနေရမည့်အရေးလေ။ ဒါပေမယ့် ကျွန်တော်မပျော်မိပါ။ သူက ကျွန်တော့်နှင့် ရှောင်လွှဲချင်နေသူ မဟုတ်လား။ အခုလိုနေဖို့ဆိုတာ သူ စိတ်ညစ်နေမှာပေါ့။
တောင်းပန်ပါတယ် အခုချိန်ထိ မင်းကိုငါ မပြတ်သားနိုင်သေးလို့။
စာသင်ချိန်များပင် ကုန်လွန်လို့သွားခဲ့ပြီ။ နေ့လည်စာစားချိန်တောင် ရောက်ရောပေါ့။ ကျွန်တော်မသိခဲ့ပါ ဘာစာတွေ သင်သွားမှန်းလေ။ ဘာအကြောင်းကြောင့်မှ မဟုတ်ပါ။ အိပ်ချင်လို့ဆို မှောက်အိပ်နေလို့ပါ။
အရှေ့ဘက်ခုံမှ JungKookရဲ့ ကပ်ပါးမလေးဟာ စပ်စလူးလတ်လတ်ထပြီး အနောက်ကလူကြီးဆီ လာနေပြီ။
"Jung Kook နေ့လည်စာ အတူတူ သွားစားရအောင်"
ရုံးပတေသီးကိုဆီဖြန်းထားသော သူမ အသံသည် ကျွန်တော့်အတွက်တော့ အော်ဂလီဆန်စရာ။ မသိမသာ အနောက်ကို လှည့်ကြည့်တော့ ယုန်သွားနှစ်ချောင်းပေါ်အောင်
ဖြီးပြဲနေသော သူ့မျက်နှာ။
ဘယ်ဘတ်ရင်အုံမှ နှလုံးသားလေးသည် တဆစ်ဆစ်ထိုးကိုက်လာသည်။
ထို စိတ်ပျက်စရာမြင်ကွင်းကို ကျောခိုင်းကာ အတန်းမှ ထွက်ပြီး ဘယ်မှန်းမသိသော နေရာတစ်ခုကို တချိုးထဲ ပြေးဝင်ခဲ့သည်။
ဒါ ကျွန်တော် ကျောင်းပြေးလာခဲ့တာ။
အ၀တ်များကို သေသေချာချာ ခေါက်သပ်ပြီး စီရီစွာ ထည့်ပေးနေသော ကျွန်တော့် မေမေသည် ဘယ်အချိန်ကမှန်းမသိ အိမ်မှာ မနေစေချင်မှန်းမသိခဲ့။ အဆောင်ဝင်ရမှာကို
အရင်က တစ်ပတ်နေမှ တစ်ခါပေးသော မုန့်ဖိုးကို ရော့အင့်ဆိုပြီး လာပေးသေး။
အမေကတောင် အဲ့လိုချစ်တဲ့ သားလေး။
နေရမယ့် အခန်းရောက်တော့ တံခါးဖွင့်မယ် အလုပ် ကျွန်တော့်ထက်ဦးစွာ တံခါးကို ဖွင့်ဝင်သွားတဲ့သူ။ ကျွန်တော့်ကို ရှိတယ်လို့တောင် သူမထင်။ မနိုင့်တနိုင်အိတ်ကို ဆွဲကာ တအီးအီးတအားအား လုပ်ပြပြီး သူများလာသယ်ပေးမလား အတွေးလေးနဲ့။
တလွဲပါဗျာ ကျွန်တော့်ကို ဂရုတောင် မစိုက်ဘဲ သူ့အိတ်တွေကို နေရာချနေတယ်။
ခုတင်ကနှစ်ထပ်ခုတင်ဆိုတော့ ကျွန်တော် အောက်မှာပဲ အိပ်မယ်။ ဘာလို့ဆို အမြင့်ကြောက်တတ်လို့။ အပေါ်ရှိနေရင် မလုံခြုံသလိုခံစားရပြီး ကိုယ်အအိပ်ကြမ်းတာ ကိုယ်ပဲသိတယ်။ မတော်လို့များပြုတ်ကျရင်....မတွေးရဲစရာပဲ။
ထိုသို့သော အောက်ဘက်က ခုတင်လေးမှာပဲ အိပ်မည်ဟု စိတ်ကူးနေစဉ် သူက ခုတင်ပေါ်ဝင်လှဲနေသည်။ မဖြစ်ဘူး သူအိပ်လို့မဖြစ်နိုင်ဘူး။
"Jung Kook"
မရဲတရဲနှင့်ကျွန်တော့်ခေါ်သံကြောင့် သူစောင်းငဲ့ကြည့်လာသည်။ စကားမပြောရတဲ့ နေ့ရက်အတွင်း သူဘယ်လိုနေခဲ့လည်း ကျွန်တော်မသိပါ။ အခုလို ကျွန်တော့်ဘက်က စကားစပြောရသည်က အောင့်သက်သက်။
နာမည်လေးခေါ်ဖို့ကိုပင် အတော် အားယူလိုက်ရသည်။
"ငါ အောက်ထပ်မှာ အိပ်မယ်"
သူလှဲအိပ်နေသော ခုတင်ကို ပြန်ကြည့်ကာ မျက်နှာတစ်ချက်မဲ့ပြီး....
"အပေါ်ကဟာက ခုတင်မဟုတ်လို့လား"
တကယ်ကို ပြောင်းလဲသွားခဲ့တာပဲ။
Kim Tae Hyung မင်းပဲ ရူးနေခဲ့တာ။ သူက မင်းကို ချစ်နေဖို့ မပြောနဲ့ ဂရုတောင်မစိုက်တော့ဘူးကွ။ အင်းပါ...အရင်လို နေချင်နေတယ်ဆိုလည်း နေပေးယုံပဲ။
အရင်အချိန်က Kim Tae Hyung ပြန်လာပြီ Jeon Jung Kook။
"မင်းနှယ် အိပ်နေတဲ့နေရာက ဖယ်ပေးလိုက်တော့ ဘာဖြစ်သွားမှာလဲ"
"ဟက်....ဒီလိုဆိုလဲ မင်း အပေါ်တက်အိပ်တော့ ရော ဘာဖြစ်မှာမို့လို့လဲ"
ချောင်ပိတ်မေးသော သူ့စကားကို မျက်စောင်းခဲခဲကြီးနဲ့သာ ကိုင်ပေါက်ရင်း ဆက်မပြောချင်တော့တဲ့ စကားတွေအတွက် အပေါ်ထပ်ခုတင်ဆီသို့သာ။
တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ Jeon Jung Kook ရာ။
ရက်စက်တတ်တဲ့ လူယုတ်မာကြီး။
ငါ့မှာတော့ သေမတတ် ငိုလိုက်ရတာ လွမ်းလိုက်ရတာ။ မင်းကတော့ သိပ်ပျော်နေတယ်ပေါ့။ အတန်းထဲမှာ ငါရှေ့တည့်တည့်မှာပါ တဟီးဟီး တဟားဟားနဲ့ သိပ်ပျော်နေတယ်ပေါ့။ စိတ်ရှိလက်ရှိတာဆို ထပေါက်ကွဲမိမှာ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခေါင်းအုံးကို ခပ်နာနာ ပစ်ထုပစ်လိုက်သည်။ အပြစ်မရှိသော ခေါင်းအုံးလေးသာ သနားစရာ။
ဒါတောင် အောက်ကနေ လှမ်းအော်တဲ့ အသံကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။
"အပေါ်ကမျောက်ငြိမ်ငြိမ်နေ" တဲ့။
ဝမ်းနည်းလွန်းသည်ထက်ကို ပိုတဲ့ ခံစားချက်ကြီးဟာ ခံရခက်လွန်းသည်။
မုန်းတယ် Jung Kook အရမ်းမုန်းတယ်။
တပေါက်ပေါက်ကျသော မျက်ရည်များဟာ ခေါင်းအုံးလေးထက်မှာ စိုလို့ရွဲလို့။
ထပ်မကျလာပါနဲ့တော့ဆို ဒီမျက်ရည်တွေကွာ။
ထိုနေ့က ကျွန်တော်ချစ်သော အရာနှစ်ခုကို စွန့်လွှတ်ခဲ့ရသည်။
အိပ်စက်ခြင်းနဲ့ Jeon Jung Kook။
___________________________TBC
တောင်းပန်ပါတယ် ဒီfic လေးက un တော့မှာ
😢😢😢😢😢
Love You All❤❤❤❤❤
*Nun*
[22.June.2017]