Chapter 222 – ခန်းခန်း
.
ဒီစကားကြားလိုက်ရတော့ ကျန်းကျွင်းမော့တတ်ကြွလန်းဆန်းသွားတယ်။
" ကိုယ်ပေးရမှာလား? ဒါမှမဟုတ် မင်းပေးချင်လား?"
သူကသဘောတူချင်နေတာရှင်းလင်းပေမယ့် တုံ့ဆိုင်းချင်ယောင်ဆောင်နေတာမြင်လိုက်ရတော့ လုရှသူ့ကိုစိတ်ဆိုးတကြီးအကြည့်တစ်ချက်ပေးလိုက်သည်။
" ကောင်းပြီလေ ကျွန်မဘာသာပေးလို့ရတာပဲ။ သူ့ကိုကော်တန်(ခွေးဥ)လို့ခေါ်ကြတာပေါ့ ပြုစုစောင့်ရှောက်ဖို့လွယ်ကူတဲ့နာမည်တစ်ခုပဲ"
ထိုချစ်စနိုးနာမည်ကိုကြားလိုက်ရသည်တွင် ကျန်းကျွင်းမော့နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်ယင်သွားရပေမယ့် ဘာမှမဖြစ်သယောင် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
" အမ်း.. ကောင်းပြီ...ကိုယ်ပဲနာမည်ရွေးလိုက်ပါ့မယ်လေ"
ထို့နောက် သူကအေးချမ်းစွာအိပ်မောကျနေတဲ့ကလေးလေးကိုငုံ့ကြည့်ကာ မျက်ဝန်းတွေနူးညံ့ပျော့ပျောင်းသွားလေတယ်။
" သူ့ကိုခန်းခန်း( ကောင်းမွန်ကျန်းမာတဲ့ဘဝ)လို့ခေါ်ကြတာပေါ့"
လုရှခဏလောက်တုံ့ဆိုင်းသွားပြီး သူ့ရည်ရွယ်ချက်ကိုသဘောပေါက်သွားသည်။
" ခန်းခန်း...နားထောင်လို့ကောင်းသားပဲ သူလေးကကျန်းကျန်းမာမာနဲ့ကြီးပြင်းလာမှာသေချာတယ်"
ထိုသိုဆိုရင်း သူမကကလေးကိုငုံ့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
" အခုချိန်ကစပြီး မင်းလေးကခန်းခန်းပဲ!"
သူတို့စကားပြောနေစဉ်တွင် စွင်းရှန်းနန်ပြန်ရောက်လာသည်။ သူမကအတော်ကြာကြာထွက်သွားခဲ့သဖြင့် သူမတို့တွေကောင်းကောင်းစကားပြောရအောင် တမင်ရှောင်ပေးခဲ့တာလားလို့ လုရှတွေးမိသည်။
သူမပြန်လာတဲ့အခါ လုရှတို့နှစ်ယောက်သားကဟက်ဟက်ပက်ပက်ရယ်မောနေကြတာကို မြင်လိုက်ရတော့ စွင်းရှန်းနန်သာမာန်ကာလျှံကာမေးလိုက်သည်။
" ဘာတွေပြောနေကြတာလဲ? အရမ်းပျော်နေကြပုံပဲ"
လုရှပြုံးလိုက်ပြီး.." ကျွန်မတို့ကလေးလေးကိုချစ်စနိုးနာမည်ပေးလိုက်ပြီ ခန်းခန်းတဲ့"
ဒီစကားကြားလိုက်ရသည်တွင် စွင်းရှန်းနန်လည်းပြုံးလိုက်သည်။
" ခန်းခန်း နာမည်ကောင်းလေးပဲ ကြားရရုံနဲ့ကျန်းမာသန်စွမ်းတဲ့ကလေးလေးကိုတွေးမိစေတယ်"
သူမစကားဆုံးသွားတာနဲ့ ကလေးနိုးလာပြီး မျက်လုံးတွေပွင့်လာတဲ့အခါမှယ ငိုသံပိစိလေးထွက်လာသည်။ လုရှထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကိုဘယ်လိုချော့ရမလဲမသိပေ။
စွင်းရှန်းနန်က ကျေးလက်ကိုမလာခင်မှာ သူမရဲ့မောင်ငယ်ညီမငယ်တွေကို ပြုစုစောင့်ရှောက်ပေးဖူးပေမယ့် ဒီလိုကလေးငယ်ငယ်လေးကိုတော့ မထိန်းဖူးတာကြောင့် သူမကအနည်းငယ် မရေမရာဖြစ်နေသည်။
တစ်ဖက်တွင် ကျန်းကျွင်းမော့သည် သူ့လှုပ်ရှားမှုတွေက အလွန်အကျွမ်းတဝင်ရှိသည်။ သူကကလေးကိုကောက်ချီလိုက်ပြီး နှစ်သိမ့်ချော့မြှူပြီးမှ သေသေချာချာအကဲခတ်လိုက်သည်။
" သူဗိုက်ဆာနေတာဖြစ်မယ် သူ့အတွက်ကိုယ်ကလေးနို့မှုန့်နည်းနည်းသွားဖျော်လိုက်မယ်"
ထိုစကားဆိုရင်း သူကအိတ်ထဲမှာနို့မှုန့်ကို ခှန်လှောရှာဖွေနေစဉ် ကလေးကိုတလှုပ်လှုပ်နဲ့ပွေ့ပိုက်ထားသည်။
ဒါကိုမြင်လိုက်ရတော့ စွင်းရှန်းနန်အလျင်မြန်ကူညီလိုက်သည်။
" နင်ကလေးချော့လိုက် ငါလုပ်လိုက်မယ် ဘယ်လိုလုပ်ရမလဲဆိုတာပဲပြောပေး"
" ကောင်းပြီ"
ကျန်းကျွင်းမော့မတွေဝေနေပေ။ သူကသူမကိုနို့ဘူးကို ထုတ်ယူဆေးကြောကာ ဓာတ်ဘူးထဲမှရေပူလောင်းထည့်၊ နို့မှုန့်ရောထည့်ပြီးမှ လှုပ်ခါလိုက်ဖို့ ညွှန်ကြားလိုက်သည်။ နို့ဘူးအသင့်ပြင်ပြီးတာနဲ့ သူကအပူချိန်ကိုစမ်းသပ်လိုက်ပြီး ကလေးကိုသတိထားလျက် တိုက်ကျွေးလိုက်သည်။
သူကဖြစ်စဉ်တစ်ခုလုံးကို အရင်ကအကြိမ်ပေါင်းများစွာလုပ်ဖူးသည့်အလား ချောမွေ့ကျွမ်းကျင်စွာကိုင်တွယ်သွားခဲ့သည်။
လုရှမှာသူ့ကိုကြည့်နေရုံနဲ့ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး စွင်းရှန်းနန်ကတော့ ပို၍ပင်တအံ့တဩဖြစ်သွားခဲ့သည်။ ကျန်းကျွင်းမော့ ဒီလောက်ကျွမ်းကျင်နေမယ်လို့ သူမထင်မထားမိဘူး။ ကလေးကိုတောင် ဂရုစိုက်တတ်သေးတယ်။
ဒါပေမယ့် ကျန်းကျွင်းမော့ကတော့ အများကြီးမတွေးပါဘူး။ ကလေးကိုနို့ဘူးတိုက်ချော့မော့ကာ လေထုတ်ပေးပြီး ပြန်အိပ်ပျော်သွားအောင် လှုပ်သိပ်ပြီးနောက်မှာ ဂရုတစိုက်နဲ့ အောက်ပြန်ချပေးလိုက်သည်။ သူမော့ကြည့်လိုက်ချိန်မှာတော့ လေးစားကြည်ညိုနေတဲ့အကြည့်နှစ်စုံနဲ့ ဆုံသွားသည်။
ကျန်းကျွင်းမော့ပြုံးကာ လုရှကိုကြည့်လိုက်ပြီး..." စိတ်မပူပါနဲ့ ကလေးမွေးပြီးပြီးချင်း နို့မထွက်တာမျိုးရှိတတ်ပါတယ် လောလောဆယ်ကလေးကိုနို့မှုန့်ပဲတိုက်ကြတာပေါ့"
သူကဒီအကြောင်းကို ရုတ်တရက်ကြီးစပြောလာတာ ကြားလိုက်ရတော့ လုရှမျက်နှာရှက်ရွံ့မှုကြောင့် အနီရောင်ပြောင်းသွားသည်။ သူမချက်ချင်းမျက်လုံးမှိတ်ကာ လှဲလျောင်းလိုက်တယ်။
" သိပြီ ကျွန်မပင်ပန်းနေပြီ တရေးအိပ်လိုက်အုံးမယ်"
ထိုတော့မှသာ သူပြောတာတအားရုတ်တရက်ဆန်လွန်းသွားပြီး စွင်းရှန်းနန်လည်းဒီမှာရှိနေတာ မေ့သွားမိကြောင်း ကျန်းကျွင်းမော့ သဘောပေါက်သွားသည်။ သူလည်းအနည်းငယ်ရှက်ရွံ့သွားပြီး ခပ်မြန်မြန်ပါးစပ်ပိတ်လိုက်သည်။
ထို့နောက် စာတိုက်ရုံးကိုသွားပြီး ကလေးမွေးဖွားပြီးကြောင်း မိသားစုကိုအကြောင်းကြားရန် စီစဉ်ထားသဖြင့် စွင်းရှန်းနန်ကို ကလေးကြည့်ထားပေးဖို့ မှာကြားခဲ့သည်။
စွင်းရှန်းနန်သဘောတူလိုက်တာနဲ့ သူထွက်လာခဲ့သည်။
ထိုစဉ် လုရှသည်တရေးအိပ်ဖို့ ပြောရုံသက်သက် ပြောလိုက်တာဆိုပေမယ့် မျက်လုံးတွေမှိတ်ပြီးနောက်မှာ မထင်မှတ်ထားစွာဖြင့် ခပ်မြန်မြန်ပင်အိပ်မောကျသွားခဲ့သည်။
ဆေးရုံခန်းထဲတွင် စွင်းရှန်းနန်သည်နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့လုရှနဲ့ စိတ်ကျေနပ်သွားတဲ့ကလေးလေးကိုကြည့်ပြီး အားကျသလိုခံစားလိုက်ရသည်။
လုရှနဲ့ကျန်းကျွင်းမော့တို့ရဲ့ မိသားစုနောက်ခံတွေကကောင်းပြီး အမြဲတမ်းသူတို့ကို ပစ္စည်းတွေပို့ပေးတတ်မှန်း သူမသိပါသည်။ ဒါပေမယ့် ကလေးနို့မှုန့်နဲ့နို့ဘူးတွေပင် ပို့ပေးမယ်လို့ ထင်မှတ်မထားခဲ့ပေ။
အဖာအစပ်တစ်ခုပင်မရှိတဲ့ ကလေးရဲ့စောင်သေးသေးလေးနဲ့ အင်္ကျီပိစိလေးတွေကိုကြည့်လိုက်တော့ အကုန်လုံးကအသစ်တွေဖြစ်ကာ အလွန်နူးညံ့ပြီး ကလေးအတွက်ပြီးပြည့်စုံကြောင်း သိသာထင်ရှားသည်။
သာမာန်မိသားစုတစ်ခုဆို ဒီလိုအရာမျိုးတွေဘယ်လိုပို့ပေးနိုင်မှာလဲ?
......