အခန်း ၁၀၃ : တာအိုရောင်းရင်းများ
အလယ်ပိုင်းဒေသ၌
အဂ္ဂိရတ်ဂိုဏ်း၏နယ်မြေအတွင်း အလွန်အမင်းသက်ဝင်လှုပ်ရှားနေလေသည်။
အဂ္ဂိရတ်ညီလာခံကြောင့် နယ်မြေလေးခုစလုံးက အဂ္ဂိရတ်ဆရာသခင်များသာမက အခြားတော်ဝင်မိသားစုနှင့် ဂိုဏ်းများပါ ဤနေရာကိုလာ၍ ပွဲတက်ရောက်လာကြသည်။
သူတို့၍လာရင်းရည်ရွယ်ချက်က ပွဲကြောင့်မဟုတ်ချေ။
ပွဲတော်ကိုတက်ရောက်လာကြသော အဂ္ဂိရတ်ပညာရှင်များကြောင့်ပင်။
အဂ္ဂိရတ်ပညာရှင်တစ်ဦးက တော်ဝင်မိသားစုနှင့်ဂိုဏ်းများအကြား အလွန်ကျော်ကြားလှသောပုံရိပ်တစ်ခုဖြစ်ပေသည်။
သူတို့ ဤနေရာကိုရောက်လာရသည့်ရည်ရွယ်ချက်မှာ ထိုအဂ္ဂိရတ်ပညာရှင်များကို စည်းရုံးသိမ်းသွင်းရန်ဖြစ်၏။
တစ်ချိန်တည်းမှာပင် တချို့လူများက သူတို့၏ဂျူနီယာလေးများကို ဆရာရှာပေးရန်အတွက် ခေါ်လာကြသည်။
အလယ်ပိုင်းဒေသရှိမုမိသားစုလည်း အပါအဝင်ဖြစ်၏။
မုမိသားစုသည် အလယ်ပိုင်းဒေသ၏လျှို့ဝှက်မဟာမိသားစုကြီးသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်၏။
"ဟူး.. ငါ့ရဲ့အကြီးဆုံးသခင်မလေးရယ်.. မိသားစုထဲမှာ အဂ္ဂိရတ်ပညာရှင်တွေ ဒီလောက်အများကြီးရှိတာ။ သူတို့ဆီက ဘာလို့မသင်ချင်ရတာလဲ။ ဆရာရှာဖို့အတွက်နဲ့ ဒီအဂ္ဂိရတ်ညီလာခံကို ဘာလို့လာရတာလဲ"
အဘိုးအို၏အရှေ့တွင် နူးညံ့ငယ်ရွယ်လှသောမိန်းကလေးတစ်ယောက်က လမ်းပေါ်မှာလမ်းလျှောက်နေသည်။ သူ(မ)က ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး အပြုံးလေးဖြင့်ပြန်ဖြေသည်။
"ကျွန်မ အဲ့လိုမလုပ်ချင်ပါဘူး။ မိသားစုထဲက အဲ့ဒီအဂ္ဂိရတ်ပညာရှင်တွေက ကျွန်မကိုကောင်းကောင်းမသင်ပေးနိုင်ဘူး..."
အကြီးအကဲလီခမျာ ကူကယ်ရာမဲ့စွာပြောလိုက်ရသည်။
"သခင်မလေး.. မိသားစုထဲက အဂ္ဂိရတ်ပညာရှင်တွေအကုန်လုံးက အလယ်ပိုင်းဒေသမှာ အရမ်းကျော်ကြားတဲ့ပုဂ္ဂိုလ်တွေပါ။ မိသားစုထဲမှာတောင် မင်းကိုသင်ပေးနိုင်တဲ့လူမရှိရင် အပြင်မှာ ဘယ်လိုလုပ်ရှိမှာလဲ"
မုဝမ်အာက သူ(မ)၏နက်မှောင်သောဆံနွယ်ကို သပ်တင်လိုက်ပြီး ညင်သာစွာနှာမှုတ်လိုက်သည်။
"ကျွန်မ ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုထဲကအဂ္ဂိရတ်ပညာရှင်တွေက အဲ့လောက်လည်းမတော်ဘူး"
ထိုစကားကိုကြားသော် အကြီးအကဲလီခမျာ ဘာမှပြောစရာမရှိတော့ချေ။ သူ ခေါင်းကိုသာ ကူကယ်ရာမဲ့စွာယမ်းခါပြီး မုဝမ်အာနောက်က ဖြည်းဖြည်းချင်းလိုက်နေရုံသာတတ်နိုင်လေသည်။
ဤမိန်းမငယ်လေးက အလွန်တစ်ဇွတ်ထိုးနိုင်လှပေသည်။
မုမိသားစု၏ခေါင်းဆောင်ဖြစ်သော သူ(မ)၏အဖေကသာ သူ(မ)ကိုထိန်းချုပ်နိုင်လေသည်။
"အာ.. အနံ့ကမွှေးလိုက်တာ"
ထို့ကြောင့် သူပြောလိုက်သည်။
"တစ်ခုခုသွားစားကြရအောင်"
အကြီးအကဲလီကလည်း ခေါင်းညိတ်ပြပြီး မုဝမ်အာနှင့်အတူဝင်သွားလိုက်သည်။
တစ်ဖက်တွင်မူ ဟူချင်းက လုချန်ရှန်းကို အဂ္ဂိရတ်ဂိုဏ်း၏နယ်မြေထဲသို့ ဆွဲခေါ်လာပေသည်။
"အကြီးအကဲဟူ..အရင်ဆုံး တစ်ခုခုစားလို့ရမလား"
လုချန်ရှန်း၏စကားများကိုကြားသော် ဟူချင်းက ဒေါသတကြီးပြောလေသည်။
"မင်း အစားရှောင်ခြင်းအဆင့်ကိုရောက်ပြီးနေပြီမဟုတ်ဘူးလား။ ဘာလို့ စားဖို့သောက်ဖို့ တစာစာအော်ဟစ်နေတာလဲ"
"အစားရှောင်ခြင်းအဆင့်နဲ့ ဘာဆိုင်လို့လဲ။ အစားအသောက်ဆိုတာက ဝမ်းသာစရာကိစ္စတစ်ခုပဲ"
ဤနေရုအရောက်မှာ လုချန်ရှန်း အရှေ့နားဆီမှ စားသောက်ဆိုင်တစ်ဆိုင်ကိုမြင်လိုက်ရသည်။
သူ ဟူချင်းကိုဆွဲခေါ်လာလိုက်သည်။
အပေါ်ထပ်ကိုတက်လာခဲ့ပြီးနောက် လုချန်ရှန်း ဒုတိယထပ်ကိုသွားပြီး ပြတင်းပေါက်နားရှိစားပွဲတစ်ခုံကို တွေ့လိုက်ရသည်။
ပခုံးပေါ်တွင် စားပွဲခင်းတင်လာသောစားပွဲထိုးတစ်ယောက်က အပြေးရောက်လာလေသည်။
"ဆရာတို့.. တစ်ခုခုစားမလို့ပါလား"
သူ့အမြင်စူးရှမှုမှာ စားသောက်ဆိုင်ကြီးတစ်ဆိုင်တွင် စားပွဲထိုးတစ်ယောက်ဖြစ်ရန် ထိုက်တန်လှသည်။
လုချန်ရှန်းက လူအုပ်ကြီးထဲမှကွဲထွက်နေပြီး ဟူချင်းမှာလည်း ပညာရှိတစ်ဦးလို အရှိန်အဝါတစ်မျိုးရှိ၏။
သူတို့၏ဂုဏ်ဒြပ်မှာ အမှန်တကယ်မဆိုးလှပေ။
လုချန်ရှန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ဟုတ်တယ်။ ဝိုင်ကောင်းကောင်းလေးတစ်အိုးနဲ့ ဒီမှာရှိတဲ့အထူးဟင်းလျာမှန်သမျှချပေး"
ထိုစကားကိုကြားသောအခါ စားပွဲထိုးလေးက ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။
"ကောင်းပါပြီ ဆရာ.. ခဏလောက်စောင့်ပေးပါ"
ဤသို့ဖြင့် သူ လှည့်ထွက်သွားလေသည်။
ဘေးဘက်မှာထိုင်နေသောဟူချင်းက ထိုအခြင်းအရာကိုမြင်သောအခါ ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းချနေရုံသာ တတ်နိုင်လေသည်။ သူ ပြောလိုက်၏။
"လမ်းမှာတုန်းကလည်း မင်း နှစ်နပ်လောက်စားခဲ့ပြီးပြီပဲကို။ အခုလည်း ထပ်စားချင်နေတုန်းလား"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းက တည်ငြိမ်အေးဆေးစွာပြောလာလေသည်။
"အကြီးအကဲဟူ...တစ်နေ့ကို သုံးနပ်ကတော့ စားပေးသင့်တယ်။ အခု ညစာစားရမဲ့အချိန်ပဲ"
သူတို့ဘေးစားပွဲရှိ အလွန်ချစ်စဖွယ်ကောင်းလှသောမိန်းကလေးကလည်း ပြောလာလေသည်။
"ဦးလေးလီ.. စားသောက်တယ်ဆိုတာ ပျော်စရာကိစ္စပါ။ တာအိုလမ်းစဉ်ဆိုတာက ရှည်လျားလွန်းတယ်လေ။ ပျော်စရာကောင်းတာတစ်ခုခုသာမရှိရင် ဒီလိုအထီးကျန်ဆန်တဲ့လမ်းကြီးကို ဘယ်လိုဆက်လျှောက်မလဲ"
တစ်ဖက်တွင် လုချန်ရှန်းက ဟူချင်းကိုဆက်ပြောနေသည်။
"ဥပမာအနေနဲ့ အစားရှောင်ခြင်းအဆင့်ကိုပဲကြည့်။ အစားရှောင်ခြင်းအဆင့်ကိုရောက်ပြီးပြီဆိုရင် စားဖို့သောက်ဖို့မလိုတော့ဘူးဆိုပေမဲ့ ကမ္ဘာပေါ်မှာ စားကောင်းသောက်ဖွယ်တွေအများကြီးရှိတယ်လေ။ ဘာလို့ မြည်းစမ်းမကြည့်ရမှာလဲ"
လုချန်ရှန်း၏စကားကို သူ(မ) ခွန်းတုံ့ပြန်နေသည့်အလားပင်။ မိန်းကလေးက ကူကယ်ရာမဲ့နေသောအမူအရာဖြစ်နေသည့်ဦးလေးလီကို ကြည့်ပြီး ပြောလိုက်သည်။
"ဒီတော့ ဦးလေးလီ... တစ်ခါတလေကျရင် စိတ်အပန်းဖြေဖို့ တစ်ခုခုစားလိုက်ရင် စိတ်ကို တကယ်ဖြေလျှော့ပေးနိုင်တယ်။ အဲ့ဒါမှ ကောင်းကောင်းမွန်မွန်ကျင့်ကြံနိုင်မှာပေါ့"
"ကျင့်ကြံရေးလမ်းကြောင်းပေါ်မှာ စိတ်အခြေအနေဆိုတာက အရေးအကြီးဆုံးပဲလေ။ ဒါ ရှင် ကျွန်မကို မကြာခဏပြောနေကျစကားမဟုတ်လား"
ထို့နောက် မုဝမ်အာနှင့်လုချန်ရှန်းတို့က တစ်ချိန်တည်းပြောလိုက်ကြလေသည်။
"အဲ့ဒါကြောင့် အစားအသောက်ဆိုတာ မရှိမဖြစ်လိုတယ်"
"အမ်"
သူတို့နှစ်ယောက်သား တစ်ပြိုင်တည်းမှင်တက်သွားချေသည်။
ထို့နောက် နှစ်ယောက်သား တစ်ဖက်ကိုလှည့်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
နှစ်ယောက်သားဟာ တစ်ယောက်၏မျက်ဝန်းထဲက တစ်ယောက်အတွက် အသိအမှတ်ပြုလေဟန်အရိပ်အယောင်တို့ကို မြင်လိုက်ရလေသည်။
သူတို့နှစ်ယောက်က တစ်ယောက်ဆီကိုတစ်ယောက်လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြလေသည်။
မုဝမ်အာ : "တာအိုရောင်းရင်"
လုချန်ရှန်း : "ဝိညာဉ်မိက်ဖတ်တစ်ယောက်"
ထိုစကားစု၏အဓိပ္ပါယ်ကို မုဝမ်အာနားမလည်နိုင်ဖြစ်နေစဉ် လက်ရှိအခြေအနေကိုနားလည်ဖို့ အကြည့်တစ်ချက်သာလိုလိုက်ပေသည်။
တစ်ဖက်လူက သူ့(သူမ)ကို နားလည်ပေသည်။
ဟူချင်းခမျာ ကိုးရိုးကားရားဖြင့် မျက်နှာကို လက်ဖြင့်ကာလိုက်ပြီး ဦးလေးလီကို အားနာဟန်အကြည့်တစ်ချက်ပို့လိုက်သည်။
ဦးလေးလီခမျာလည်း ကူကယ်ရာမဲ့သွားလေသည်။ သူ ဤကိစ္စမျိုးကိုကျင့်သားရနေပြီဖြစ်ကြောင်းပြသရန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ဟင်းလျာများရောက်လာလေသည်။
လုချန်ရှန်းနှင့်မုဝမ်အာတို့နှစ်ယောက်လုံး ကိုယ့်ခုံကိုယ်ပြန်ထိုင်၍ စတင်စားသောက်ကြလေတော့သည်။
လုချန်ရှန်းက ကြော့ရှင်းစွာစားနေသော်လည်း အလွန်လျင်မြန်သောအရှိန်ဖြင့်စားနေခြင်းဖြစ်၏။
မုဝမ်အာကလည်း ကြော့ရှင်းစွာစားနေသော်ငြား လုချန်ရှန်းထက်မနှေးသေးပေ။
"ဦးလေး...အလယ်ပိုင်းဒေသမှာ ဘာလာလုပ်တာလဲ"
ဦးလေးတဲ့လား။
လုချန်ရှန်းက သူ့မျက်နှာကိုထိကြည့်ပြီး မေးလိုက်လေသည်။
"အကြီးအကဲဟူ ကျွန်တော့်ပုံစံက အသက်ကြီးတဲ့ပုံပေါက်နေလို့လား"
ဟူချင်း : "..."
မုဝမ်အာက သူ(မ)၏အစားအသောက်ကို တစ်လုတ်စားလိုက်ပြီး ထပ်မေးပြန်သည်။
"ရှင်က ဒီကို အဂ္ဂိရတ်ညီလာခံတက်ဖို့ရောက်လာတာလား"
လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။
ဦးလေးလီကလည်း စိတ်ဝင်တစားဖြစ်သွားပြီး ဝင်မေးလေသည်။
"အိုး.. ဒါဆို မင်း အခု အဂ္ဂိရတ်ဆရာသခင်အဆင့်ဘယ်လောက်ရှိလဲ"
အဂ္ဂိရတ်ညီလာခံကို တက်ရောက်ခွင့်ရှိသူများမှာ အနည်းဆုံးအဂ္ဂိရတ်ဆရာသခင်အဆင့်ရှိသည်။
အဂ္ဂိရတ်မဟာသခင်များကမူ...
သူတို့သည် အမျိုးမျိုးသောဂိုဏ်းများ၏ဧည့်သည်များဖြစ်လေရာ ဤနေရာတွင်ပေါ်လာစရာအကြောင်းမရှိပေ။
သူတို့ဟာ တွေ့ရခဲသောဖြစ်တည်မှုများပင်။
လုချန်ရှန်း ခဏမျှစဉ်းစားကြည့်ပြီးပြောလိုက်၏။
"စတုတ္ထအဆင့်"
သူ လိမ်ညာနေခြင်းမဟုတ်။ မကြာခင်ကမှ သူစာမေးပွဲဖြေထားခြင်းပင်။
ထိုစကားကိုကြားသော် ဦးလေးလီက ချက်ချင်းစိတ်ဝင်စားမှုပျောက်ဆုံးသွားသည်။
စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်တစ်ယောက်ကမူ အခြားနေရာများမှာတော့ လေးစားခံရနိုင်ပေသည်။
သို့သော် သူတို့ကတော့ လျှို့ဝှက်တော်ဝင်မိသားစုသုံးစုမှလူများဖြစ်လေရာ စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်များက သူတို့၏အာရုံစိုက်မှုနှင့် မထိုက်တန်ချေ။
မုဝမ်အာက သွားပေါ်အောင်ပြုံးလျက်ပြော၏။
"ဦးလေး ဒီလိုဆိုရင် နောက်ထပ်အချီနည်းနည်းလောက် ထပ်ကြိုးစားရဦးမှာပဲ"
လုချန်ရှန်းကလည်း ဝိုင်တစ်ငုံသောက်၍ ခေါင်းညိတ်ပြလိုက်သည်။
ညစာစားပြီးသော် နှစ်ဖက်စလုံးထွက်ခွါသွားကြလေသည်။
လုချန်ရှန်းနှင့်ဟူချင်းတို့ကလည်း အဂ္ဂိရတ်ညီလာခံအတွက် စာရင်းသွင်းရန်သွားကြသည်။
ထို့နောက် သူတို့ နေအိမ်တစ်လုံးကိုရှာကြရသည်။
နောက်တစ်နေ့တွင် အဂ္ဂိရတ်ညီလာခံစတင်လေပြီ။
ပါဝင်တက်ရောက်သူများမှာ အဂ္ဂိရတ်ဂိုဏ်း၏အပြင်ဂိုဏ်း၌ ရောက်ရှိနေချေပြီ။
ဤနေရာတွင် ရင်ပြင်တစ်ခုတည်ဆောက်ထားပေသည်။
ရင်ပြင်တစ်ဝိုက်တွင် ခုံတန်းကြီးများစီတန်းထားသည်။
သူ့ရှေ့တွင် လေးထောင့်စားပွဲတစ်လုံးရှိပြီး လေးထောင့်စားပွဲတွင်ထိုင်နေသူများမှာ လူအိုကြီးလေးယောက်ဖြစ်၏။
လူအိုကြီးများမှာ အဖြူရောင်ဝတ်ရုံများဝတ်ဆင်ထားကြသည်။ ဝတ်ရုံ၏ဘယ်ဘက်ရင်ဘတ်ပေါ်၌ "ဆေးဝါး"ဟူသောစာလုံး ရှိနေချေသည်။
သူတို့လေးဦးဟာ အဂ္ဂိရတ်ဂိုဏ်း၏အကြီးအကဲများဖြစ်သည်မှာ သိသာလှသည်။
အကြီးအကဲတစ်ယောက်က မတ်တတ်ရပ်ပြီး ကျယ်လောင်စွာစကားဆိုလာသည်။
"ဒါက အဂ္ဂိရတ်ညီလာရဲ့ပထမအချီအတွက် ပွဲကျင်းပရာနေရာပါပဲ"
"ဒါကိုအောင်ပြီးရင် အဂ္ဂိရတ်ဂိုဏ်းထဲကိုဝင်ပြီး ဒုတိယအချီဆက်ပြိုင်နိုင်ပါတယ်"
"ဗိုလ်လုပွဲကိုတော့ အဂ္ဂိရတ်ဂိုဏ်းရဲ့အတွင်းစည်းဂိုဏ်းထဲမှာ ကျင်းပသွားမှာပါ"
"ဆုလာဘ်အနေနဲ့ကတော့ ထိပ်ဆုံးအယောက်နှစ်ဆယ်က ကျုပ်တို့အဂ္ဂိရတ်ဂိုဏ်းကို ဝင်ရောက်ခွင့်ရမှာပါ"
"တတိယနေရာကတော့ ကောင်းကင်စိတ်ဝိညာဉ်မြက်ကိုရမှာဖြစ်ပါတယ်"
"ဒုတိယအဆင့်အတွက် မြေကမ္ဘာအဆင့်ဆေးမီးဖိုဖြစ်ပါတယ်"
"ပထမနေရာကတော့ မြေကမ္ဘာအထွတ်အထိပ်အဆင့်ဆေးဝါး အမြုတေစိတ်ဝိညာဉ်ဆေးဝါးပဲဖြစ်ပါတယ်"
ရုတ်ရုတ်သဲသဲအသံများအကြား အကြီးအကဲက ကြေညာလိုက်သည်။
"အကဲဖြတ်ပွဲရဲ့ပထမအချီမှာ အဆင့်မြင့်စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးဖြစ်တဲ့ တစ်ကျော့ပြန်မီးတောက်ဆေးဝါးကို ဖော်စပ်ရမှာပါ"
"အခု စလို့ရပါပြီ"
အကြီးအကဲ၏အမိန့်နှင့်အတူ အဂ္ဂိရတ်ညီလာခံသည်ကား တရားဝင်စတင်ချေပြီ။