အခန်း ၇၅ : ငါ့ကိုယ်ငါ လှည့်စားနေမိတာများလား
ယခင်က ကျောင်းသားအချို့သည် ပါရမီကို အပြင်းအထန်ကြိုးစားအားထုတ်ခြင်းဖြင့် ဖြည့်စွမ်းနိုင်သည်ဟု ထင်ခဲ့ကြသော်လည်း ယခုမူ နားလည်သဘောပေါက်သွားလေပြီ။
ပါရမီက အမှန်တကယ်အရေးကြီးလှကြောင်း သူတို့သိလိုက်ရသည်။
အကြောင်းမှာ ပါရမီပါမလာသူများအဖို့ စီနီယာလု ယခုဘာလုပ်နေသလဲဆိုသည်ကို နားမလည်နိုင်ချေ။
အမှန်တကယ်မှာ ယဲ့ချိုးပိုင်တို့လည်း ဤမြင်ကွင်းကိုမြင်ခဲ့မည်ဆိုလျှင်ပင် နားမလည်နိုင်ပေ။
မကြာခင်မှာပင် ဆေးရနံ့က ကျောင်းတော်တစ်ခွင်ကို ပျံ့လွင့်လာသည်။
ကျောင်းတော်ထဲတွင် သိုင်းပညာကျင့်ကြံနေကြသူများက ဤရနံ့ကိုရလိုက်သည့်အချိန်မှာ ငြိမ်သက်သွားကြလေသည်။
အာရုံထွေပြားစေသောအတွေးများအားလုံးကိုလည်း ဖယ်ထုတ်ပစ်လိုက်သည်။
ဆေးဝါးခန်းမမှ ကျောင်းသားများသည်လည်း သူတို့၏စိတ်နှလုံးထဲရှိ ငြိမ်သက်မှုကို ခံစားလိုက်ရသည်။
တကယ်တမ်းတွင် မတိုင်ခင်က သူတို့နားမလည်နိုင်ခဲ့သောဆေးဖော်စပ်နည်းများနှင့် ကျင့်ကြံရေးနည်းဗျူဟာအချို့ကို နားလည်သိမြင်လာသည်။
ဆေးဝါးခန်းမအကြီးအကဲ၏စိတ်ဝိညာဉ်သည်လည်း မြှင့်တင်ပေးခံလိုက်ရသည်။
ဆေးရနံ့လေးတစ်ခုတည်းဖြင့် ယခုလိုအကျိုးသက်ရောက်မှုမျိုး ရှိနိုင်လေသတဲ့လား။
သို့ဖြစ်လေရာ ဆေးဝါးများ၏အဆင့်က ဘယ်အဆင့်လောက်များဖြစ်လေမလဲ။
အားလုံးက လုချန်ရှန်းကို စိုက်ကြည့်နေကြသည်။
ထိုအချိန်မှာ လုချန်ရှန်းက တည်ငြိမ်စွာစကားဆိုလာ၏။
"ဆေးတွေက ပြီးပြီ"
ဆေးမီးဖိုထဲရှိ ဆေးမွှေးရနံ့များ ချက်ချင်းချုပ်ထိန်းခံလိုက်ရသည်။
ပတ်ဝန်းကျင်ရှိဆေးရနံ့များသည် ဆေးပြားမီးဖိုထဲသို့ အမှန်စင်စစ်ပေါင်းစပ်သွားချေသည်။
လုချန်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ဆေးတစ်လုံးပြီးတစ်လုံး ကျောက်စိမ်းပုလင်းထဲသို့ ကျရောက်သွားလေ၏။
"အာ.. ကျွန်တော် ပုလင်းနည်းနည်းပဲယူလာမိတယ်။ အကြီးအကဲဆီက ငှားလို့ရမလား"
ထိုစကားကိုကြားသော် အကြီးအကဲကလည်း ကျောက်စိမ်းပုလင်းအသန့်ငါးလုံးကို လုချန်ရှန်းအား အမှုမဲ့အမှတ်မဲ့ပေးလိုက်လေသည်။
လုချန်ရှန်း စုတ်သပ်လျက်ပြောလိုက်၏။
"ဒါက သေးလွန်းတယ်။"
"သေးတာလား"
ကျောက်စိမ်းပုလင်းသန့်တစ်ဘူးတွင် ဆေးလုံးငါးလုံးခန့် သိမ်းဆည်းနိုင်လေသည်။
'မင်းက ဘယ်လောက်တောင်သန့်စင်ထားတာမို့လို့လဲ'
သို့သော် အကြီးအကဲက လုချန်ရန်းကို နောက်ထပ်ပုလင်းဆယ်လုံး ထပ်ပေးလိုက်ချေသည်။
လုချန်ရှန်းကလည်း ပြောလိုက်သည်။
"ဒါဆို ရလောက်ပါပြီ"
ဤသို့ဖြင့် သူသည် ဆေးမီးဖိုကိုတစ်ချက်ရိုက်လိုက်သည်နှင့် အတွင်းမှာရှိနေသောဆေးများက ကျောက်စိမ်းပုလင်းထဲကို ချက်ချင်းဝင်ရောက်သွားလေသည်။
လူတိုင်း၏ အံ့သြသောအကြည့်များအောက်မှာပင် ကျောက်စိမ်းပုလင်းဆယ့်ခြောက်ပုလင်းစလုံး ပြည့်နှက်သွားလေသည်။
တကယ်တမ်းတွင် ဆေးတစ်လုံးကျန်နေသေးသည်။ ထိုတစ်လုံးကို လုချန်ရှန်းက တစ်ချက်မျှစိုက်ကြည့်ရင်း သူ့ပါးစပ်ထဲထည့်လိုက်၏။
သကြားလုံးဝါးနေသည့်အလာ ဆေးကို သူမျိုချလိုက်သည်။
ထိုအခြင်းအရာကိုမြင်လိုက်ရသောလူအပေါင်းမှာ ဆွံ့အသွားချေသည်။
ထိုစဉ်က သူပြောခဲ့သည့်စကားများက အမှန်တရားများဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
အခြားလူများက ဆေးကိုသန့်စင်ရာတွင် အတိုင်းအတာယူနစ်အဖြစ် ဆေးလုံများကို အသုံးပြုကြသည်။
'မင်းကတော့ ဆေးမီးဖိုကို ယူနစ်တစ်ခုအနေနဲ့ တကယ်ကြီးသုံးနေတာပဲ'
"ကောင်းပြီ။ ဒီလောက်ဆို မင်းတို့ရပြီလား'"
လုချန်ရှန်က ထိုလူအုပ်ကြီးကို ကြည့်လိုက်ပြီး အပြုံးလေးနှင့်ပြောသည်။
"မင်းတို့အားလုံးနားလည်မှာ သေချာပါတယ်"
ဆေးဝါးခန်းမအကြီးအကဲ : "..."
ကျောင်းသားများ : "..."
ချင်းထျန်းနျန်ခမျာ သူ့မျက်နှာကိုသာ လက်ဝါးဖြင့်အုပ်ထားမိတော့သည်။
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ကို လုချန်ရှန်းသင်ပေးထားတာမှဟုတ်ရဲ့လားဟုပင် တွေးတောမိသည်။
ဆေးဝါးခန်းမ၏အကြီးအကဲက မေးလိုက်လေသည်။
"ဒါဆို ဒီဆေးရဲ့အသုံးဝင်ပုံက ဘာလဲ"
လုချန်ရှန်း ခဏမျှတွေးတောပြီး ပြောလိုက်၏။
"စိတ်အာရုံကိုရှင်းလင်းပေးပြီး စိတ်အစဉ်ကို အာဟာရဖြည့်ဖို့ပဲမဟုတ်လား။ကျွန်တော် အသေးစိတ်တော့မသိဘူး။ ခင်ဗျားတို့တစ်ယောက်ချင်းစီ စမ်းကြည့်လို့ရတယ်လေ"
ဤသို့ဖြင့် သူသည် လက်ကိုယမ်းလျက် ဆေးကို လူစေ့တန်းစေ့ဝေငှပေးလိုက်သည်။
ဆေးဝါးခန်းမတွင် ကျောင်းသားများများစားစားမရှိချေ။
အမှန်တကယ်တော့ လူတိုင်းတွင် ဆေးဝါးသန့်စင်နိုင်သည့်အရည်အချင်းမျိုးမရှိပေ။
ဆေးဝါးခန်းမအကြီးအကဲသည် ဆေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး သင်္ကာမကင်းစွာဖြင့်စိုက်ကြည့်ကာ မျိုချလိုက်သည်။
ထိုအခြင်းအရာကိုမြင်သောအခါ ကျောင်းသားမျာ ဝမ်းသာလုံးစို့သွားလေသည်။
လုချန်ရှန်းလိုအဂ္ဂိရတ်ပညာရှင်တစ်ယောက် ဖန်တီးထားသောဆေးလုံးက သာမန်မဖြစ်နိုင်ချေ။
လူတိုင်း ဆေးလုံးကိုယူလိုက်ပြီးနောက်.. မျက်စိစုံမှိတ်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
အချိန်အတော်ကြာသည်အထိ မည်သည့်အရှိန်အဝါမှပေါ်မလာပေ။
ထိုအဖြစ်ကိုမြင်သော လုချန်ရှန်းလည်း သက်ပြင်းချရင်း တစ်ကိုယ်တည်းတွေးလိုက်မိသည်။
"ဒီဆေးက အသုံးမဝင်ဘူးလို့သူတို့ထင်သွားရင် နောက်ဆိုရင် ငါ့ဆီလာမှာမဟုတ်တော့ဘူး..."
ထိုအကြောင်းကိုတွေးမိပြီး လုချန်ရှန်းက ချင်းထျန်းနျန်ကိုကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို လာမရှာပါနဲ့လို့ပြောသားပဲ။ ကျိုးပဲ့နေတဲ့ဆေးတွေကို ကြည့်လိုက်ပါဦး။ အဲဒါတွေက အသုံးမဝင်ဘူး"
ချင်းထျန်းနျန်တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် ကျောင်းသားများဆီက အရှိန်အဝါများ ထွက်ပေါ်လာလေသည်။
တစ်စုံတစ်ယောက်သည် ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်မှ ခရမ်းရောင်ဘုံဗိမာန်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
လုချန်ရှန်း : "???"
ဒါက စိတ်ကိုကြည်လင်စေတဲ့ဆေး မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်အဆင့်တက်သွားရတာလဲဟ..
လုချန်ရှန်းက ချင်းထျန်းနျန်ကို အမြန်လှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။
"ဦးလေးချင်း.. ဒါက မတော်တဆမှုတစ်ခုပါ"
ချင်းထျန်းနျန် : "..."
သို့သော် ဤအခိုက်အတန့်တွင် အခြားလူတစ်ဦးက မတ်တတ်ထရပ်လာပြီး အံ့သြတကြီးပြောလာလေသည်။
"ကျွန်တော်သိပြီ။ ဒီဆေးကို ဘယ်လိုသန့်စင်ရမလဲဆိုတာသိပြီ"
ထို့နောက် သူသည် လုချန်ရှန်းဆီသို့လျှောက်လာပြီး ရိုသေစွာဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာလု။ ဒီဆေးကို ကျွန်တော် ဘယ်တုန်းကမှ အောင်အောင်မြင်မြင်မသန့်စင်နိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော့်အတွေးတွေအကုန် ရှင်းသွားပြီ"
လုချန်ရှန်း : "???"
ဟေး ဟေး ဟေး အစ်ကိုကြီးရေ..ဒါက စိတ်ငြိမ်ဆေးတစ်ခုလေးပဲလေ။ မင်းအတွေးတွေက ဘယ်လိုရှင်းသွားရတာလဲ။
ထို့အပြင် သူသည် ရှင်းလင်းနေသောအတွေးအခေါ်ကြီးဖြင့် ဆေးဝါးကို ဘယ်လိုသန့်စင်မတဲ့လဲ။
ထိုအချိန်တွင် ရင်ပြင်၌ ဝိညာဉ်စွမ်းအားတစ်ခု ရုတ်ခြည်းမြင့်တက်လာလေသည်။
မူလက အားနည်းနေသောဝိညာဉ်စွမ်းအားသည် အမှန်တကယ်ပင် သိပ်သည်းစပြုလာသည်။
အဂ္ဂိရတ်ပညာရှင်အတွက် ဝိညာဉ်စွမ်းအားသည် မရှိမဖြစ်လိုအပ်သည်။
စိတ်ဝိညာဉ်စွမ်းအား၏ခွန်အားသည် အဂ္ဂိရတ်ပညာရှင်၏ဆေးဝါးသန့်စင်ခြင်း၏အောင်မြင်မှုနှုန်းနှင့် အရည်အသွေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်လေသည်။
မူလက ဝိညာဉ်စွမ်းအားအတွက် စိုက်ပျိုးနည်းဗျူဟာများဟာ အလွန်နည်းပါးလှသည်။
လျှို့ဝှက်တာအိုကျောင်းတော်မှာပင် ဆေးဝါးခန်းမ၌သာရှိသည်။
ဝိညာဉ်စွမ်းအားကိုတိုးမြှင့်ပေးနိုင်သော ကောင်းကင်ဘုံရတနာများများကလည်း နည်းပါးလှသည်။
"ကျေးဇူးတင်ပါတယ် စီနီယာလု"
ကျောင်းသားသည် လုချန်ရှန်းအား ဦးညွှတ်ကာ သူ့မျက်ဝန်းထဲမှာလည်း ရိုသေလေးစားဟန်အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
လုချန်ရှန်း : "..."
ငါကပဲ ကိုယ့်ကိုယ်ကိုယ်လှည့်စားမိနေတာလား။
ထိုအခိုက်တွင် ဆေးဝါးခန်းမအကြီးအကဲသည် မျက်လုံးကိုဖွင့်၍ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
နူးညံ့သိမ်မွေ့သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။
"ချန်ရှန်း.. မင်းရဲ့ဒီဆေးလုံးက တကယ့်ကိုမှော်ဆန်တာပဲ။ ငါ ဆေးဖော်စပ်နည်းကို နှစ်ပေါင်းများစွာသုတေသနလုပ်ခဲ့ပေမယ့် ဘယ်တုန်းကမှမအောင်မြင်ခဲ့ဘူး"
"ငါ အဲ့ဒါကိုလက်လျှော့ပြီးသွားပြီ။ ဒါပေမဲ့ အခု ငါ အဖြေတစ်ခုစဉ်းစားမိလိုက်တယ်"
"စကားမစပ်..ဒီဆေးနာမည်က ဘာလဲ"
လုချန်ရှန်း : "..."
ထိုအချိန်တွင် အနီးအနားရှိကျောင်းသားများလည်း နိုးကြားလာကြသည်။
လူတိုင်းသည် အနည်းနှင့်အများ တစ်ခုခုတော့ရရှိခဲ့ကြသည်။ ထို့နောက် လုချန်ရှန်းကို ဆက်တိုက်ကျေးဇူးတင်နေကြသည်။
လုချန်ရှန်းကမူ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်မိသည်။
သူ့မျက်လုံးများ မည်းမှောင်သွားချေသည်။
အား.. ငါ့ရဲ့အငြိမ်းစားဘဝလေး ဒီအတိုင်းအဆုံးသတ်သွားတော့မှာလား...
တစ်ခုခုကတော့ မှားနေလေသည်။ အဆုံးမှာမူ ၎င်းသည် အကောင်စုတ်ယဲ့ချိုးပိုင်၏အပြစ်များသာဖြစ်၏။
သူ ငါ့ကိုရောင်းမစားရင် အဲဒီဆေးလုံးတွေကိုသန့်စင်ပေးဖို့ တောင်းဆိုခံရမှာတဲ့လား။
အကယ်၍ သူသာ ထိုဆေးကိုမသန့်စင်ခဲ့ရပါက ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မတဲ့လား။
လုချန်ရှန်းခမျာ ထိုကလေးကို ငရဲကိုးဘုံအစီအရင်ထဲသို့ ပစ်ချလိုက်ချင်မိသည်။
ပြီးလျှင် သူ့ကို ငရဲပြည်အဆုံးထိပို့ပစ်လိုက်မည်။
ဤအခိုက်အတန့်တွင် အလယ်ပိုင်းဒေသမှာရှိနေသောယဲ့ချိုးပိုင်ခမျာ သမ်းဝေလိုက်မိလေသည်။
"ဆရာ ငါ့ဟင်းချက်လက်ရာကို သတိရနေတာများလား"
"ဒီကကိစ္စတွေကို တတ်နိုင်သမျှမြန်မြန်ပြီးအောင်လုပ်ပြီး ကျောင်းတော်ကိုပြန်တာပိုကောင်းမယ်"
လုချန်ရှန်း အမှန်တကယ်တွေးနေတာတွေကိုသာ ယဲ့ချိုးပိုင်သိပါက သူ ညတွင်းချင်း ဂိုဏ်းထဲကထွက်ပြေးသွားပေလိမ့်မည်..။
ထိုအချိန်တွင် ချင်းထျန်းနျန်သည် သူ့ရှေ့သို့လျှောက်လာသည်။
သူသည် လုချန်ရှန်း၏ပခုံးကိုပုတ်ကာ ပြုံးလျက်ပြောသည်။
"ချန်ရှန်း..မင်းသင်ပေးတဲ့နည်းလမ်းက သူတို့အတွက်မသင့်တော်ဘူးလို့ ငါထင်တယ်"
"ဒါဆို သူတို့က အဲဒါကိုနားမလည်နိုင်ဘူးဆိုတာ မင်းသိထားပြီးသားမို့လို့ သူတို့ရဲ့နေ့စဉ်ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒီဆေးဖက်ဝင်ဆေးဝါးကို တိုက်ရိုက်သန့်စင်ပြလိုက်တာပေါ့"
လုချန်ရှန်း၏မျက်လုံးများမှာ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေချေသည်။
"ဟား... ဟားဟား....ဟားဟားဟား"
ချင်းထျန်းနျန်သည် လုချန်ရှန်း၏ပခုံးကိုဆုပ်ကိုင်ကာ အထက်ကိုပျံတက်သွားလိုက်သည်။
"သွားရအောင်။ ဓားသိုင်းခန်းမဆီကို ငါနဲ့လိုက်ခဲ့"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းလည်း သူ့မှာ အခွင့်အရေးရှိသေးသည်ဟု တွေးလိုက်မိသည်။
နောက်မှ သူတို့ကို ကကျိုးကကြောင်ဖြစ်အောင် သင်ပေးလိုက်မည်။ သူတို့ထဲက တစ်ယောက်ကိုတော့ အကြီးအကျယ်နစ်နာစေနိုင်လောက်သည်။ ဤသည်မှာ ကိုယ့်ဂုဏ်သိက္ခာကိုယ် ဖျက်ဆီးခြင်းပင်ဖြစ်ပေလိမ့်မည်။
အခန်း ၇၆ : ဒါတွေအားလုံး ကောင်စုတ်ယဲ့ချိုးပိုင်ရဲ့အပြစ်တွေပဲ..
ဓားသိုင်းခန်းမ၌..
ယဲ့ချိုးပိုင်၏တည်ရှိမှုကြောင့် လူတိုင်းနီးပါးက လုချန်ရှန်းကို လျှို့ဝှက်တာအိုကျောင်းတော်တွင် အသန်မာဆုံးဓားသိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။ အကြောင်းမှာ ယဲ့ချိုးပိုင်ကဲ့သို့ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို သင်ကြားပေးနိုင်စွမ်းရှိပြီး ထိုမျှငယ်ငယ်ရွယ်ရွယ်လေးဖြင့် ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်သဘောပေါက်အောင်သင်ပြပေးနိုင်ခဲ့သောကြောင့်ပင်။
ယဲ့ချိုးပိုင်သည် နယ်မြေလေးခုသိုင်းပညာဖလှယ်ပွဲတွင် တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်အတွက် ပထမနေရာယူပေးခဲ့သည်။
ထိုအချက်က ချင်းထျန်းနျန်၏ကျောင်းအုပ်ရာထူးကိုမြဲမြံစေရန် ကူညီပေးနိုင်ခဲ့သည်။
ထိုကဲ့သို့သောဘုန်းတန်ခိုးများကြောင့် လုချန်ရှန်းသည် စင်စစ်အံ့သြစရာကောင်းလှကြောင်း သူတို့ခံစားမိခဲ့သည်။
ထိုအချိန်က ရှင်းဟုန်ယီကလည်း ထိုလူအုပ်ကြားတွင် ရှိနေလေသည်။
လုချန်ရှန်း ယဲ့ချိုးပိုင်အား မည်သို့မည်ပုံသင်ကြားပေးနေသလဲဆိုသည်ကို သူ(မ)မြင်ချင်မိသည်။
ထိုအချိန်မှာ ချင်းထျန်းနျန်က လုချန်ရှန်းကို ဓားသိုင်းခန်းမဆီသို့ ခေါ်ဆောင်လာခဲ့သည်။
အလားတူပင် ဓားသိုင်းခန်းမမှကျောင်းသားများ၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုအရိပ်အယောင်များ ပြည့်နှက်နေသည်။
ဓားသိုင်းခန်းမ၏အကြီးအကဲလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ လုချန်ရှန်းအနေနှင့် ယဲ့ချိုးပိုင်ကို မည်သို့နှယ်သင်ကြားပြသပေးသလဲဆိုသည်ကို သိချင်နေသည်မှာ အသိသာချည်းပင်။
ထိုအဖြစ်ကိုမြင်သောအခါ လုချန်ရှန်းက နှာမှုတ်လိုက်မိသည်။
ဒီလိုဆိုမှတော့ သူ ဓားသိုင်းတစ်ကွက်နှစ်ကွက်လောက် ကစားပြလိုက်ရင်မကောင်းဘူးလား..
ချင်းထျန်းနျန်က လောဆော်လိုက်သည်။
"ကောင်းပြီ။ စလိုက်ရအောင်။ မြန်မြန်လုပ်။ ငါတို့ ကွန်ဖြူးရှပ်ကျောင်းတော်ကိုလည်း သွားရဦးမယ်"
လုချန်ရှန်းခမျာ အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။
သူတို့က သူ့ကို ထုတ်လုပ်ရေးအဖွဲ့၏မြည်းတစ်ကောင်လို တကယ်ကြီးဆက်ဆံနေကြတာလား..
ကျောင်းသားများ၏အကြည့်အောက်တွင် လုချန်ရှန်းသည် သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။
ထို့နောက် ရုတ်တရက်ဆိုသလိုပင် ရှေ့ကိုထိုးချလိုက်သည်။
ထို့နောက် အလျားလိုက်ဖြတ်ချလိုက်သည်။
နောက်ထပ် ဒေါင်လိုက်မျဉ်းစောင်းအတိုင်း ခုတ်လိုက်ပြန်၏။
လုချန်ရှန်း ဘာစကားတစ်ခွန်းမှမပြောဘဲ ဓားရေးကစားနေသည်ကိုမြင်သောအခါ အခြားသူများလည်း ရှုပ်ထွေးသွားကြကုန်သည်။
ထို့အပြင် ဤဓားသိုင်းနည်းဗျူဟာသည် အခြေခံဓားသိုင်းနည်းဗျူဟာပင်မဟုတ်ပါလော။
ဓားသိုင်းခန်းမအကြီးအကဲလည်း အနည်းငယ်ပဟေဠိဖြစ်သွားရသည်။
လုချန်ရှန်း ဘာလုပ်နေတာလဲ။
ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်တွင်ရပ်နေသော လုချန်ရှန်းသည် လူတိုင်း၏မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေဟန်အကြည့်များကို မြင်လိုက်ရသည်။ သူ မပျော်နိုင်ဘဲမနေနိုင်ပေ။
အလုပ်ဖြစ်တယ်ဟ..
သူ အခြေခံဓားသိုင်းနည်းဗျူဟာကို ထပ်ခါထပ်ခါကစားပြလိုက်သည်။
ဓားချက်တစ်ချက်..။
အလျားလိုက်ဓားချက်..။
စင်အောက်ရှိ ရှင်းဟုန်ရီသည် ဤမြင်ကွင်းကိုကြည့်ရင်း တွေးတောနေမိသည်။
အခြေခံဓားသိုင်းနည်းဗျူဟာကိုသာသုံးပြီး ယဲ့ချိုးပိုင်လို ပါရမီရှင်တစ်ယောက်ကို သူ ဘယ်လိုများသင်ကြားပေးခဲ့လေသလဲ။
နောက်ကွယ်တွင် ပိုမိုလေးနက်သော အဓိပ္ပါယ်များရှိနေပေလိမ့်မည်။
ထိုအရာကို သူတို့သတိမထားမိရုံသာဖြစ်၏။
ရှင်းဟုန်ယီလည်း ဓားရှည်တစ်ချောင်းကိုထုတ်ယူကာ အခြေခံဓားသိုင်းနည်းဗျူဟာကို ကျင့်ကြံလိုက်သည်။
လုချန်ရှန်းလုပ်သမျှ သူ(မ)လည်းလိုက်လုပ်လေသည်။
ရှင်းဟုန်ယီတစ်ယောက် အခြေခံဓားသိုင်းနည်းဗျုဟာထဲတွင် တဖြည်းဖြည်းစျာန်ဝင်သွားချေ၏။
လုချန်ရှန်း ဘာလုပ်နေသလဲဆိုသည်ကို သူ(မ)စိတ်မပူတော့ပေ။ ထိုအစား သူ(မ)သည် သူ(မ)၏ဓားသိုင်းနည်းဗျူဟာတွင်သာ စျာန်ဝင်စားနေခဲ့သည်။
အခြေခံဓားသိုင်းနည်းဗျူဟာ..။
ဓားသိုင်းကျင့်ကြံကြသူတိုင်းဟာ ဓားနှင့်စတင်ထိတွေ့မိသည့်အချိန်မှစ၍ ဤအခြေခံဓားသိုင်းနည်းဗျူဟာကို စတင်ကျင့်ကြံကြရသည်။
သို့သော်လည်း အောင်မြင်မှုအနည်းငယ်ရရှိပြီးနောက်တွင် လူတိုင်းက ထိုအခြေခံဓားသိုင်းနည်းဗျူဟာကို စွန့်လွှတ်ခဲ့ကြသည်။
ဤသည်မှာ သဘာဝပင်။
ဤဓားသိုင်းနည်းဗျူဟာသည် တိုက်ခိုက်ရေးနည်းလမ်းတစ်ခုသာဖြစ်သည်။
အခြားဓားသိုင်းနည်းဗျူဟာများလောက် လှပပြီးအစွမ်းထက်နေခြင်းမျိုးတော့ မဟုတ်ပေ။
သို့ဖြစ်ရာ သူ ဘာကြောင့်များ အခြေခံဓားသိုင်းနည်းဗျူဟာကို အထူးတလည်ကစားပြနေရသလဲ။
သူ့ဦးနှောက် ချောင်သွားတာများလား...
သို့သော်လည်း ရှင်းဟုန်ယီသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိလိုက်ပုံရသည်။
အခြေခံဓားသိုင်းနည်းဗျူဟာ...
အခြေခံ...။
သိုင်းပညာကျင့်ကြံရေးလမ်းစဉ်မှာ အရေးကြီးဆုံးအရာကဘာလဲ။
ဤသည်မှာ တာအိုအခြေခံအုတ်မြစ်သာဖြစ်၏။
သူ၏တာအိုအခြေခံအုတ်မြစ်သာ မတည်မငြိမ်ဖြစ်နေပါက နောင်မှာ အဆင့်ခပ်မြင့်မြင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ချေ။
ရှင်းဟုန်ယီ နားလည်သွားလေပြီ။
လုချန်ရှန်း၏ရည်ရွယ်ချက်ကို သူ(မ) နားလည်သွားချေပြီ။
ရုတ်ခြည်းပင် ရှင်းဟုန်ယီ၏ခန္ဓာကိုယ်ထဲမှ ဓားသွားချီစွမ်းအင်ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာသည်။
အားလုံးက ရှင်းဟုန်ယီကို တအံ့တသြလှည့်ကြည့်လိုက်ကြသည်။
ထိုအရာမှာ ဓားသိုင်းခန်းမအကြီးအကဲနှင့် ချင်းထျန်းနျန်ကိုလည်း ဆွဲဆောင်လိုက်နိုင်သည်။
လုချန်ရှန်း၏ခံစားချက်များ မကောင်းတော့ပေ။
မဖြစ်နိုင်တာ...
ဤအခိုက်အတန့်တွင် ဖြာထွက်လာသော ဓားသွားချီစွမ်းအင်များသည် စင်စစ်ထက်ရှလှပေသည်။
"ဓားသိုင်းစျာန်အဘိညာဉ်လား"
ဓားသိုင်းခန်းမအကြီးအကဲက ရုတ်တရက်မတ်တတ်ထရပ်လိုက်ပြီး အံ့သြတကြီးပြောလိုက်လေသည်။
"သူ ဓားသိုင်းစျာန်အဘိညာဉ်နဲ့ထိတွေ့မိသွားပြီပဲ"
လူတိုင်း ထိတ်လန့်သွားကြရသည်။
ရှင်းဟုန်ယီသည် အခြေခံဓားသိုင်းနည်းဗျူဟာကို အသုံးပြုရုံမျှဖြင့် ဓားသိုင်းစျာန်အဘိညာဉ်နှင့် ထိတွေ့မိသွားချေသည်။
လုချန်ရှန်း : "???"
ငါ ဘာတွေလုပ်လိုက်မိတာလဲ။ သောက်ကျိုးနည်း ငါ ဘာလုပ်လိုက်မိတာလဲ။
ငါ သစ်ကိုင်းကို အသာလေးယမ်းလိုက်တာနဲ့ နောက်တစ်ယောက်က အဆင့်တက်သွားပြန်ပြီတဲ့လား။
ထိုအချိန်တွင် ရှင်းဟုန်ယီ မျက်လုံးပြန်ဖွင့်လာပြီး လုချန်ရှန်းကိုဦးညွှတ်လာလေသည်။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာလု"
လုချန်ရှန်း :"..."
ငါ ဘာတွေများလမ်းညွှန်ခဲ့မိလို့လဲ..
မဟုတ်ဘူးလို့ ပြောစမ်းပါ... ငါ ပြောင်းလဲပေးပါ့မယ် ဟုတ်ပြီလား။
ဓားသိုင်းခန်းမအကြီးအကဲက ရှင်းဟုန်ယီကိုကြည့်ပြီး ပြောလိုက်လေသည်။
"ရှင်းဟုန်ယီ.. မင်း ဘယ်လိုနားလည်သွားတာလဲဆိုတာကိုပြောပြပါဦး"
ရှင်းဟုန်ယီက ခေါင်းညိတ်ပြလိုက်ပြီး သူ(မ)၏နှလုံးသားထဲရှိ ထိုးထွင်းသိမြင်မှုနှင့် အခြေခံဓားသိုင်းနည်းဗျူဟာကို နားလည်သဘောပေါက်သွားခြင်းအကြောင်းကို စတင်ရှင်းပြခဲ့သည်။
ထိုစကားကိုကြားပြီးနောက် လူတိုင်းလူတိုင်းဟာ မတွေးတောမဆင်ခြင်ဘဲမနေနိုင်တော့ချေ။
ဓားသိုင်းခန်းမအကြီးအကဲသည်ပင် ဉာဏ်အလင်းပွင့်သွားလေသည်။
သေချာပေါက်ပဲလေ..
အခြေခံတွေ..။
၎င်းသည် ဓားသိုင်းနည်းဗျူဟာအားလုံး၏ မူလအစဖြစ်သည်။
ဓားသိုင်းနည်းဗျူဟာအားလုံးသည် အခြေခံဓားသိုင်းနည်းဗျူဟာဆီမှ ခွဲဖြာထွက်သွားကြသည့်အရာများပင်။
သို့သော် ဓားသိုင်းနည်းဗျူဟာ၏စွမ်းအားသည် ဆန်းသစ်သောဓားသိုင်းနည်းဗျူဟာများအပေါ် အားကိုးနေရမည့်အစား မိမိကိုယ်ကိုသာ အားကိုးမှရသည့်အရာမျိုးဖြစ်၏။
ဓားသိုင်းခန်းမ၏ အကြီးအကဲက တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ့ဓားသိုင်းစျာန်အဘိညာဉ်က ထပ်မံဖောက်ထွက်လာပြန်သည်။
သူ၏ဓားသိုင်းစျာန်အဘိညာဉ်သည် မဟာဓားသိုင်းပညာရှင်အဆင့်သို့ရောက်ရှိသွားခဲ့သည်။
အခြားတပည့်များကရော...
သူတို့လည်း အဆင့်တက်လျှင်တက် မဟုတ်လျှင် ဓားသွားချီစွမ်းအင်များ ပိုမိုသိပ်သည်းလာကြသည်။
လူတိုင်းသည် အနည်းနှင့်အများ တစ်စုံတစ်ခုကိုတော့ ရလိုက်ကြသည်သာ။
လုချန်ရှန်းခမျာ ဘာပြောရမှန်းမသိပေ။
ထိုအချိန်တွင် ချင်းထျန်းနျန်သည် လုချန်ရှန်း၏ပခုံးကိုဆုပ်ကိုင်လိုက်ပြီး ပြောလေသည်။
"ကောင်းပြီ။ ကွန်ဖြူးရှပ်ကျောင်းတော်ကို သွားရမဲ့အချိန်ရောက်ပြီ"
"မလိုက်လို့မရဘူးလား..."
"ဘာဖြစ်လို့လဲ။ မင်း သူတို့ကို ဘယ်လောက်ကောင်းကောင်းသင်ပေးခဲ့လဲဆိုတာ ကြည့်လိုက်စမ်းပါဦး"
ထို့နောက် အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးသွားသည်။
နေဝင်ခါနီးချေပြီ။
ကွန်ဖြူးရှပ်ကျောင်းတော်ရှိရာနေရာ၌ ဒါဇင်နှင့်ချီသောအရှိန်အဝါများ ထွက်ပေါ်လာလေသည်။
ထိုအဖြစ်ကိုမြင်သောအခါ လုချန်ရှန်းလည်း လက်လျှော့လိုက်လေတော့သည်။
မည်သို့ပင်ဖြစ်စေ ဤလူတစ်စုသည် သူ ဘာပဲလုပ်ပြပြ အဆင့်တက်နိုင်မည်သာဖြစ်၏။
မသိလျှင် သူ့ဘာသာဗျူဟာချထားသည့်အလားပင်။
ခေါင်းဆောင်ရူသည် လုချန်ရှန်း၏ပခုံးကိုပုတ်ကာ အပြုံးလေးဖြင့်ပြောလာလေသည်။
"ချန်ရှန်း..မင်းက ဆရာတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာပဲ။ နောက်လည်း ကျောင်းသားတွေကို များများလာသင်ပေးပါဦးကွာ"
လုချန်ရှန်း : "..."
ချင်းထျန်းနျန်က ထပ်ပြောပြန်၏။
"ဓားသိုင်းခန်းမနဲ့ ဆေးဝါးခန်းမလည်းရှိသေးတယ်။ ငါတို့ အဲဒီကို မကြာမကြာသွားပေးရမယ်"
လုချန်ရှန်း : "..."
ထိုအချိန်တွင် ခပ်ထွားထွားပုံရိပ်တစ်ခုက အပြေးရောက်ချလာပေသည်။
"ချန်ရှန်း.. မင်း ငါ့သိုင်းပညာခန်းမကိုလည်း လာပြီးသင်ပေးရမယ်နော်။ မင်း အဲ့ဒီကိုမလာရသေးဘူး"
၎င်းမှာ သိုင်းပညာခန်းမ၏အကြီးအကဲဖြစ်သည်။
သူလည်း သတင်းရပြီးသွားပြီဖြစ်ကြောင်း သိသာလှသည်။
သူ့မှာ မနာလိုဖြစ်ရလွန်းသဖြင့် မျက်လုံးများပင် နီရဲနေချေသည်။
လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။
တကယ်လို့ ငါမှားတာရှိခဲ့ရင်လည်း ဒီလိုတွေလုပ်ခိုင်းနေမဲ့အစား အပြစ်သာပေးလိုက်ပါလားလို့....
သူ့ငါးဆားနယ်ဘဝလေးကတော့ သည်တစ်သက်ဝေးလေပြီ။
လုချန်ရှန်း၏အမည်နာမသည် တောင်ပိုင်းဒေသတစ်ခွင်သို့ ပျံ့နှံ့သွားပြန်လေသည်။
နောက်တစ်ခေါက်ကျောင်းအပ်ချိန်ရောက်လာမည်ကိုပင် သူကြောက်မိသည်။
ထိုလူတစ်စုက စံအိမ်တော်၏တံခါးများကိုပင် ဖျက်ဆီးပစ်ချေတော့မည်။
ဤကိစ္စအားလုံးက ယဲ့ချိုးပိုင်၏အပြစ်ပင်။
နောက်သုံးရက်လောက်ကြာသောအခါ အလယ်ပိုင်းဒေသ၌..
ဤသုံးရက်အတွင်း ယဲ့ချိုးပိုင်သည် ရာချီသန့်စင်ရေးနယ်မြေသို့ ဆက်သွားခဲ့သည်။
သူတို့သည် မှော်ဝင်သားရဲများကို အဆက်မပြတ်တိုက်ခိုက်ခဲ့ကြသည်။
တိုက်ခိုက်ရေးနည်းဗျူဟာများနှင့် ဓားသိုင်းနည်းဗျူဟာများကိုလည်း နားလည်သိမြင်ခဲ့ကြသည်။
သူတို့အားလုံး တိုးတက်လာခဲ့ကြသည်။
သူ့အဆင့်က တစ်ဆင့်ပိုမြင့်လာပြီး အဆင့်ရှစ်နေရာသို့ တက်လှမ်းလာသည်။
လူတိုင်း စုတ်သပ်လိုက်မိကြချေသည်။
သုံးရက်အတွင်းမှာပင် သူသည် နောက်တစ်ဆင့်သို့တက်လာနိုင်ခဲ့သည်။ ဤအမြန်နှုန်းကြီးက မည်သူမျှစိတ်ကူးမယဉ်ရဲသောအရာဖြစ်သည်။
ဤကျောက်သားမျက်နှာပြင်ပေါ်ရှိလူစာရင်းသည် နှစ်အတော်ကြာအောင် မပြောင်းလဲဘဲရှိခဲ့လေသည်။
ယနေ့တွင်မူ...
ယဲ့ချိုးပိုင်နှင့် ကျန်းချောင်မြန်တို့သည် ရာချီသန့်စင်ရေးနယ်မြေထဲမှ ထွက်လာခဲ့ကြသည်။
ထိုစဉ် ယဲ့ချိုးပိုင်၏အရှေ့၌ လူတစ်ယောက်ပိတ်ရပ်လိုက်သည်။
"ယဲ့ချိုးပိုင်လား"
ယဲ့ချိုးပိုင်က မျက်ခုံးပင့်လျက် ခေါင်းညိတ်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ"
ထိုလူက အပြုံးလေးဖြင့်ပြောလာလေသည်။
"ထွေထွေထူးထူးမဟုတ်ပါဘူး။ ငါ မင်းနဲ့လက်ရည်စမ်းချင်ရုံပါ"
ယဲ့ချိုးပိုင် အနည်းငယ်အံ့သြသွားရသည်။
သူ့ဘေးနားရှိ တစ်စုံတစ်ယောက်က ပြောလာလေ၏။
"ဒါက အရင်အဆင့်ရှစ်နေရာရထားခဲ့တဲ့ ဟွမ်းကျန်းကျန့်ပဲ"
ဟွမ်းကျန်းကျန့်တဲ့လား။ ဟွမ်းမျိုးရိုးနာမည်နှင့် လူတစ်ယောက်တဲ့လားလေ...။