အခန်း ၅၁ : တောင်ပိုင်းနယ်မြေ၏အောင်ပွဲ ၊ သံမဏိမြင်းတပ် ထွက်ပေါ်လာခြင်း
မြောက်ပိုင်းနယ်မြေထဲတွင် ဟုန်ရင်သည် မျက်လုံးကိုဖွင့်ကာ ယွင်မင်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ယွင်မင်၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
သို့သော်လည်း သူ၏ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်သို့ပြန်လည်မရောက်ရှိလာသေးပေ။
ဟုန်ရင်က မတ်တတ်ထရပ်လိုက်ပြီး ပြောသည်။
"ကောင်းပြီ။ သွားကြရအောင်"
ယွင်မင်ကလည်း တလေးတစားပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်မ။ အခု ကျန်တဲ့ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုကို ရှာတော့မှာလား။"
ထိုစကားကိုကြားသောအခါ ဟုန်ရင်က ခေါင်းခါပြလိုက်သည်။
"ငါ့ရဲ့စီနီယာအစ်ကိုကို သွားရှာမှာ"
"စီနီယာအစ်ကိုလား"
ယွင်မင်ခမျာ အံ့သြမှင်တက်သွားပြီး ငေးတိငေးကြောင်ဖြင့်မေးလေသည်။
"အရှင်မမှာ စီနီယာအစ်ကို ဘယ်တုန်းကရှိနေတာလဲ။ ဘယ်သူကများ အရှင်မရဲ့အရှင်သခင်ဖြစ်ဖို့ အရည်အချင်းပြည့်မီတာပါလဲ"
ဟုန်ရင်ကမူ ဂရုမစိုက်ဟန်ဖြင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
"ငါကိုယ်တိုင်အသိအမှတ်ပြုထားတဲ့ဆရာဆိုမှတော့ သေချာပေါက်ထိုက်တန်လို့ပေါ့"
"ကျွန်တော် အပြစ်ပြုမိသွားပါတယ်"
ယွင်မင်သည် ဟုန်ရင်စိတ်မကျေမနပ်ဖြစ်နေသည်ကို အာရုံခံစားမိသောကြောင့် ချက်ချင်းဒူးထောက်လိုက်ပြီး ကြောက်လန့်တကြားပြောလေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ ဟုန်ရင်ကခေါင်းညိတ်ပြပြီး "ဒီလိုမျိုးထပ်မလုပ်နဲ့"ဟုပြောလိုက်သည်။
သူ(မ)သည် ရှေးခေတ်ဧကရီတစ်ဦးဖြစ်သည်။ သူ(မ)ကို တခြားသူတွေက ဘယ်လိုများသံသယဖြစ်ရဲရမှာလဲ။
ထို့အပြင် သူ(မ)သခင်၏ကျင့်ကြံမှုအဆင့်မှာ နားလည်ရခက်လှသည်။ သူ့ခွန်အားကိုတောင် သူ(မ)ဖောက်ထွင်းမမြင်နိုင်ပေ။
သူ အကဲစမ်းကြည့်လိုက်တိုင်း တစ်စွန်းတစ်စသတိထားမိလိုက်သလိုပင်။
သို့သော် သူ့သခင်ကတော့ သူ့ကိုယ်သူသတိပြုမိပုံမပေါ်ပေ..။
ထိုအကြောင်းကိုတွေးမိပြီး ဟုန်ရင်မှာ ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်မိသည်။
"ကောင်းပြီ။ ဆရာ့ဆီကိုမပြန်ခင် စီနီယာအစ်ကိုကို အရင်သွားရှာရအောင်"
"ဟုတ်ကဲ့"
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၌..
ဓားသိုင်းစျာန်အဘိညာဉ်များ ဝှစ်ခနဲဖြတ်သန်းသွားလေသည်။
"ဒီ... ယဲ့ချိုးပိုင်က ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်နားလည်ခဲ့တာလား"
"စီနီယာအစ်ကိုကျန်းထက်တောင် စောနေသေးတယ်။ အဲဒီအပြင် ဒါက ဧရာမအောင်နိုင်ရေးဓားသိုင်းစျာန်အဘိညာဉ်ဖြစ်နှင့်နေပြီးပြီဟ"
"ယဲ့ချိုးပိုင်က ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်လောက်နဲ့ မဟာဓားသိုင်းပညာရှင်အဆင့်ကိုရောက်ပြီးနေပြီပေါ့"
"ကြောက်ဖို့ကောင်းလိုက်တာ"
ကျန်းချောင်မြန်သာ ဓားသိုင်းပညာရှိဖြစ်လာနိုင်ပါလျှင်...
နောက်ပိုင်းတွင် ယဲ့ချိုးပိုင်သည် လမ်းတစ်ဝက်တွင်အသက်မသေသရွေ့ အနာဂတ်တွင် ဓားသိုင်းပညာရှိဖြစ်လာမည်မှာသေချာသည်။
ထို့ကြောင့်လည်း ဟွမ်းထျန်းမင်က ယဲ့ချိုးပိုင်ကို နေရာမှာပင်ပွဲချင်းပြီးသတ်ချင်နေခဲ့ခြင်းပင်။
ယဲ့ချိုးပိုင်သာ ဓားသိုင်းပညာရှိဖြစ်လာပါက အနာဂတ်တွင် နေမဝင်အင်ပါယာအတွက် ပြင်းထန်သောထိုးနှက်ချက်တစ်ခု ဖြစ်လာလိမ့်မည်။
ထိုအချိန်တွင် ပြိုင်ပွဲစင်မြင့်ပေါ်၌..
ယဲ့ချိုးပိုင်သည် သစ်သားဓားကို လက်တစ်ဖက်တည်းဖြင့်ကိုင်ထားပြီး ကျန်းချောင်မြန်ကို ကြည့်လိုက်သည်။ သူက ထူးမခြားနားဟန်ဖြင့်ပြောလိုက်သည်။
ကျန်းချောင်မြန်သည် ဓားသွားချီစွမ်းအင်ကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
သူသည် ဓားသိုင်းကျင့်ကြံရင်း ကြီးပြင်းလာခဲ့သူပင်။
ယခုမူ သူသည် ဓားသိုင်းစျာန်အဘိညာဉ်၏အစွန်အဖျားကို လက်လှမ်းမီထားလေပြီ။
သို့သော် သူနှင့်အသက်အရွယ်တူသော သူ့ရှေ့ရှိလူကတော့ ဓားသိုင်းစျာန်အဘိညာဉ်ကို ကျွမ်းကျင်တတ်မြောက်ထားပြီး ဓားသိုင်းပညာရှင်အဆင့်သို့ပင် ရောက်ရှိထားသည်။
ယခင်က ကျန်းချောင်မြန်သည် အမီလိုက်ရန်ပန်းတိုင်ဆိုတာမျိုးမရှိခဲ့ဘဲ အခြားသူများကသာ သူ့ကိုမော်ကြည့်ခဲ့ရသည်။
သို့သော် ယခုအချိန်မှာမူ သူ့တွင် အမီလိုက်ရမည့်ပန်းတိုင်တစ်ခုရှိနေလေပြီ။
သို့ဖြစ်ရာ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်တဲ့လား။
ကျန်းချောင်မြန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိပြီးနောက် သူ့အရှိန်အဝါများက ရုတ်ခြည်းထွက်ပေါ်လာသည် ။
ဓားသွားချီစွမ်းအင်သည် အော်ဟစ်သံပေးပြီး ကောင်းကင်သို့ ပျံတက်သွားသည်။
ဝမ်းသာအားရအော်ဟစ်သံမျိုးပင်။
ထိုအရာကိုမြင်လိုက်ရသောအခါ ကျန်းဟယ်၏အမူအရာမှာ ရုပ်ဆိုးသွားရသည်။
မျှော်လင့်ထားသလိုပင် တစ်ဖက်လူသည် သူ့ကိုတိုက်ခိုက်ခဲ့စဉ်က သူ့အင်အားကို အပြည့်အ၀အသုံးမချခဲ့ပေ။
လက်ရှိကျန်းချောင်မြန်သည် အထွတ်အထိပ်သို့ရောက်ရှိနေသော ကျန်းချောင်မြန်ဖြစ်သည်။
သူ့အရှိန်အဝါက သူ့ထက်သာလွန်လှသည်။
ထိုအချိန်တွင် ကျန်းချောင်မြန်သည် လက်ထဲတွင် ဓားရှည်တစ်လက်ကိုကိုင်ထားသည်။ သူ ယဲ့ချိုးပိုင်ဆီသို့ ပြေးဝင်လာသောအချိန်မှာ ဓားသွားရောင်ခြည်များ တောက်ပလာသည်။
အနားကိုနီးကပ်လာသောအခါ ကျန်းချောင်မြန်သည် သူ့ဓားကို ဝှေ့ယမ်းလိုက်သည်။
ဓားသိုင်းစျာန်အဘိညာဉ်ခပ်ပါးပါး ကိန်းဝပ်နေသောဓားသွားသည် ယဲ့ချိုးပိုင်၏ရင်ဘတ်ဆီသို့ ဦးတည်သွားသည် ။
၎င်းသည် မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားချေသည်။
အချိန်မရွေး ပြိုကွဲသွားနိုင်သည့်အလားပင်။
ယဲ့ချိုးပိုင်သည် သူ့လက်ဖဝါးကို ဆတ်ခနဲလှုပ်ရှားလိုက်ပြီး ကျန်းချောင်မြန်ကို လက်ထဲကသစ်သားဓားဖြင့် ထိုးချလိုက်သည်။
ချက်ချင်းပင် ကမ္ဘာမြေပေါ်ရှိ ဓားသိုင်းစျာန်အဘိညာဉ်အလုံးစုံသည် ယဲ့ချိုးပိုင်၏စကားကို နာခံနေပုံရသည်။
သစ်သားဓားသည် ကျန်းချောင်မြန်ဆီသို့ ဖြတ်သန်းသွားချိန်မှာ ကြောက်မက်ဖွယ်အရှိန်အဝါများကိန်းအောင်းနေသော ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ရှည်ကြီးအလားပင်။
ထိုအဖြစ်ကိုမြင်သောအခါ ကျန်းချောင်မြန်၏အမူအရာက ပြောင်းလဲမသွားဘဲ သူ့မျက်လုံးထဲမှာ တစ်ယူသန်မှုများနှင့်ပြည့်နှက်နေသည်။
သူသည် ဓားသိုင်းစျာန်အဘိညာဉ်၏အစွန်အဖျားကို ထိရုံမျှထိထားသော်လည်းမဝင်ရောက်နိုင်သေးပေ။
ယခုအခါတွင် သူ့ပြိုင်ဘက်က သူ့ကို ဓားသိုင်းစျာန်အဘိညာဉ်ဖြင့်တိုက်ခိုက်လာလေရာ သူ နောက်ပြန်မဆုတ်နိုင်သည်မှာ သဘာဝကျပေသည်။
ကျန်းချောင်မြန်သည် ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်ကို အသုံးပြု၍ အစွန်အဖျားနားမှ ဖြတ်ကျော်လာနိုင်ရန် ကြိုးစားချင်နေခြင်းပင်။
၎င်းမှာ အန္တရာယ်ရှိလား။
သေချာပေါက် အန္တရာယ်ရှိသည်။
ထို့အပြင် ထိုအန္တရာယ်သည် သေစေနိုင်လေသည်။
သို့သော် ဓားသမားတစ်ယောက်ဆိုသည်မှာ အဘယ်နည်း။
ဓားသိုင်းအတွက် သူမလုပ်နိုင်တာမရှိမှန်း သူသိသည်။
သူ နောက်ပြန်မဆုတ်နိုင်ပေ။
သူသာ ခြေလှမ်းနောက်ပြန်ဆုတ်လိုက်လျှင် ဓားသိုင်းတာအိုလမ်းစဉ်တွင် အတွင်းစိတ်နတ်ဆိုးတစ်ကောင်ကို မွေးမြူထားသလိုဖြစ်သွားပြီး ရှေ့ကို လုံးဝမတက်လှမ်းနိုင်တော့ပေ။
ကျန်းချောင်မြန် ထိုအကြောင်းကို ကောင်းကောင်းသိသည်။
သူ့ဓားသိုင်းတာအိုနှလုံးသားက သူ့ကို နောက်ပြန်ဆုတ်ဖို့ခွင့်မပြုချေ။
ထိုသို့တွေးကြည့်မိသောအခါ ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်က ပိုမိုသိပ်သည်းလာပုံပင်။
ဓားနှင့် သစ်သားဓားတို့ ထိခတ်မိကြသည်။
ဓားသိုင်းစျာန်အဘိညာဉ်သည် ငါးပေါက်ကလေး မြစ်ပြင်ကျယ်ကြီးနှင့်ဝင်တိုးမိလိုက်သည့်အလား ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီးနှင့် ဝင်တိုးမိလေသည်။
အဖြေက သိသာလှသည်။
လူတိုင်း၏အံ့အားသင့်နေသောအကြည့်များအောက်တွင် ကျန်းချောင်မြန်၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကျယ်ကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
စင်မြင့်အောက်က အကြီးအကဲများ၏အမူအရာများလည်း ပြောင်းလဲသွားသည်။ သူတို့ ဝင်ရောက်ကူညီတော့မည့်ဆဲဆဲမှာပင် လူတစ်ယောက်က သူတို့ကို တားလိုက်သည်။
ထိုအခြင်းအရာကိုမြင်တော့ အကြီးအကဲက ချက်ချင်းပြောလေသည်။
"ကျောင်းအုပ်ကြီး ချောင်မြန် သူ..."
ထိုလူမှာ ဝူဒီရှီပင်။
ဝူဒီရှီက ပြောသည်။
"ချောင်မြန်ရဲ့အရှိန်အဝါက နည်းနည်းအားနည်းနေပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေတစ်ခုကို ရောက်နေပုံပဲ "
"ဟုတ်လား"
ထိုမှသာ အကြီးအကဲက စိတ်သက်သာရာရသွားလေသည်။ ခေါင်းဆောင်ကိုယ်တိုင်က ထိုသို့ပြောလာသည့်အတွက် အမှားအယွင်းမရှိသည်မှာ သေချာသည်။
လူတိုင်းက ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
ကျန်းချောင်မြန် ဘယ်လိုလုပ်မလဲဆိုသည်ကို သူ(မ)သိချင်နေမိသည်။
မျိုးဆက်သစ်နံပါတ်တစ်ဓားသမားဟု လူသိများသော ကျန်းချောင်မြန်က ဒီအတိုင်းတော့မသေနိုင်လောက်ပါဘူး..ဟုတ်တယ်မလား။
ယနေ့မှစ၍ ထိုဂုဏ်ပုဒ်သည် ယဲ့ချိုးပိုင်အတွက်ဖြစ်လာလိမ့်မည်။
ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် သူ၏သစ်သားဓားကို ဝှေ့ယမ်းလိုက်လေရာ ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီး ပျောက်ကွယ်သွားသည်။
ကျန်းချောင်မြန်၏ပုံရိပ်လည်း ပေါ်လာလေသည်။
ကျန်းချောင်မြန်သည် မျက်လုံးများကို မှိတ်ထားပြီး သူ့ပတ်ပတ်လည်တွင်လည်း အလွန်တရာလျှို့ဝှက်ဆန်းကြယ်လှသော အရှိန်အဝါတစ်ခု ရှိနေချေသည်။
ဉာဏ်အလင်းပွင့်ခြင်း..
ကျန်းချောင်မြန်သည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်သွားလေသည်။
ဝူဒီရှီ၏မျက်နှာမှာ တောက်ပသွားသည်။
စင်မြင့်ကြီးပေါ်တွင် အရှေ့ပိုင်းကျောင်းတော်၏အကြီးအကဲက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
"ဒီကလေးက အစွန်အဖျားကို ဖြတ်ကျော်ပြီး ဓားသိုင်းစျာန်အဘိညာဉ်ကို တကယ်နားလည်သွားပုံရတယ်"
အနောက်ပိုင်းကျောင်းတော်၏အကြီးအကဲက ပြုံးလျက်ပြောလေသည်။
"ခေါင်းဆောင်ချင်း ဒီကျောင်းသားက စိတ်ထားကောင်းပြီးထက်မြက်တယ်။ ဘာလို့ သူ့ကို ကျုပ်တို့အနောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ကို လွှဲမပေးတာလဲ"
"တိုက်ဆိုက်ဆိုင်ဆိုင်ပဲ။ ကျုပ်တို့ဘက်မှာ အကြီးအကဲတစ်ယောက်က ဓားသိုင်းကိုအာရုံစိုက်နေတာ။ သူ့အောင်မြင်မှုအတွက် ဒီလိုလုပ်တာပိုကောင်းလိမ့်မယ်"
ချင်းထျန်းနျန်က ရယ်လိုက်သည်။
"မဖြစ်ဘူး။ ပြီးတော့ ငါက ယဲ့ချိုးပိုင်ကိုသင်ပေးတာမဟုတ်ဘူး။ သူ့ဆရာကို ငါမယှဉ်နိုင်ဘူး"
"အိုး.. ဒီလိုဆိုရင် ဒီလိုတပည့်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့သူက ဘယ်သူလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"
"အမှန်ပဲ"
ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်မြစ်ပြင်ကြီးသည် ကြမ်းကြုတ်ခြင်းအလျဉ်းမရှိချေ။
ယဲ့ချိုးပိုင်က တမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းပင်။
ကျန်းချောင်မြန်သည် သူနှင့်ရန်ငြိုးရန်စမရှိသလို သူ၏ဓားသိုင်းတာအိုလိုက်စားခြင်းကလည်း အလွန်သန့်စင်လှသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်အနေနှင့် သူ့ကိုကူညီပေးချင်စိတ်ဖြစ်လာခြင်းပင်။
ဤသို့ဖြင့် ကျန်းချောင်မြန်၏ဆန္ဒ ပြည့်ဝသွားခဲ့ရသည်။
နေ့တစ်ဝက်မျှကြာပြီးသောအခါ ကျန်းချောင်မြန်၏ခန္ဓာကိုယ်မှ ဓားသွားသံစုံမြည်သံများ ထွက်ပေါ်လာသည်။
ဓားသိုင်းစျာန်အဘိညာဉ်သည် ကောင်းကင်ထိတိုင် ဆန်တက်သွားသည်။
ကျန်းချောင်မြန်သည် ဓားသိုင်းစျာန်အဘိညာဉ်ကို အောင်အောင်မြင်မြင်နားလည်သိမြင်သွားပြီး ဓားသိုင်းပညာရှင်အဆင့်သို့ရောက်ရှိသွားသည် ။
သို့သော် ယဲ့ချိုးပိုင်၏အဆင့်နှင့် ဝေးကွာနေဆဲပင်။
ကျန်းချောင်မြန်က မျက်လုံးများကိုဖွင့်ကာ ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို အမှတ်ရနေမှာပါ"
ယဲ့ချိုးပိုင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး စိတ်ထဲမထားချေ။
ထို့နောက် ကျန်းချောင်မြန်ဘက်က ရှုံးနိမ့်ကြောင်းဝန်ခံခဲ့သည်။
ဓားသိုင်းစျာန်အဘိညာဉ်ကို နားလည်ပြီးသည့်တိုင် သူသည် ယဲ့ချိုးပိုင်၏ပြိုင်ဘက်မဖြစ်နိုင်သေးပေ။
ဝူဒီရှီသည်လည်း စင်မြင့်ပေါ်တွင်ရပ်ကာ ယဲ့ချိုးပိုင်အား ကြည်ညိုလေးစားစွာဖြင့် ကြည့်နေလေသည်။
"ယဲ့ချိုးပိုင် အနိုင်ရသွားပါပြီ။ တောင်ပိုင်းနယ်မြေက ဒီတစ်ခေါက်ဖလှယ်ပွဲမှာ ပထမအဆင့်ဗိုလ်စွဲသွားပါတယ်"
အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့လည်း လက်ရည်စမ်းခဲ့ကြသည်။ နောက်ဆုံးတွင် အရှေ့ပိုင်းနယ်မြေသည် နောက်ဆုံးအဆင့်ရသွားလေသည်။
အဆုံးမှာမူ ယဲ့ချိုးပိုင်ကို ဘယ်သူမှစိန်မခေါ်ခဲ့ကြချေ။
ယဲ့ချိုးပိုင်၏ဓားသိုင်းစျာန်အဘိညာဉ်သည် ဧရာမအောင်နိုင်ရေးအဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ စင်ပေါ်တက်သွားသူကတော့ ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုပင်။
ဝူဒီရှီ ရလဒ်များကိုကြေငြာပြီးနောက် ကောင်းကင်တွင် သံချပ်ကာယန္တရားတပ်ကြီးသည် သွေးရောင်လွှမ်းနေသော သတ်ဖြတ်ရေးအရှိန်အဝါဖြင့် ယဲ့ချိုးပိုင်ဆီကိုဦးတည်လာလေသည်။
ယဲ့ချိုးပိုင်၏အမူအရာမှာ ပြောင်းလဲသွားပြီး အနည်းငယ်ခါးကုန်းလိုက်သည်။
ဤအခိုက်အတန့်တွင် ဟွမ်းထျန်းမင်သည် မတ်တတ်ထရပ်လိုက်ပြီး အဝေးမှာရှိနေသောယဲ့ချိုးပိုင်အား ပြောလိုက်သည်။
"ယဲ့ချိုးပိုင်.. မင်း ဘာပြစ်မှုကျူးလွန်ထားလဲဆိုတာကိုသိလား"
အခန်း ၅၂ : လမ်းဆုံး
တိမ်မည်းများက မြို့တော်ကိုဖုံးလွှမ်းထားပြီး ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသည့်အလားပင်။
မဟူရာရောင်သံမဏိချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော သံချပ်ကာယန္တရားတပ်သားရာပေါင်းများစွာသည် ကောင်းကင်ယံ၌ရပ်နေပြီး သွေးရောင်လွှမ်းနေသော သတ်ဖြတ်ရေးအရှိန်အဝါများကို ထုတ်လွှတ်နေချေသည်။
ကောင်းကင်ကြီးသည် ရုတ်ခြည်းပင် သွေးအိုင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
သံချပ်ကာယန္တရားတပ်သည် အလောင်းကောင်တောင်တန်းနှင့် သွေးပင်လယ်ကြီးထဲမှ ထွက်လာခဲ့သည့်အလားပင်။
ဤသတ်ဖြတ်ရေးအရှိန်အဝါကို အခြားသူများအာရုံခံမိသွားသောအခါ မတုန်လှုပ်ဘဲမနေနိုင်ကြချေ။
ချွေးစေးများပြန်ပြီး မြေပြင်ပေါ်သို့လဲကျသွားသော စိတ်စွမ်းအင်အားနည်းသူသူများပင် ရှိနေသေးသည်။
ဤသည်မှာ သတ်ဖြတ်ရေးအရှိန်အဝါအချို့၏ နောက်ဆက်တွဲလှုပ်ခတ်မှုမျှသာ ဖြစ်သည်။
ရာနှင့်ချီသော သတ်ဖြတ်ရေးအရှိန်အဝါများ၏ ပစ်မှတ်ထားခြင်းကိုခံနေရသော ယဲ့ချိုးပိုင်ကလည်း အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့ခါးမှာ နိမ့်ဆင်းသွားလေသည်။
သို့သော် ယဲ့ချိုးပိုင်သည် ကောင်းကင်ဘုံမိစ္ဆာအကဲဖြတ်ရေးကို တွေ့ကြုံခံစားခဲ့ရပြီး ဓားသွားဗဟိုချက်သိမြင်မှုမျိုးရှိသောကြောင့် သူသည် အခြားသူများကဲ့သို့ စိတ်မလွတ်သွားပေ။ သို့တိုင် ဤသတ်ဖြတ်ရေးအရှိန်အဝါမှာ အလွန်များပြားလွန်းလှသည်။
ဟွမ်းထျန်းမင်သည် စင်မြင့်ကြီးပေါ်တွင်ရပ်လျက် ယဲ့ချိုးပိုင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူက ဂရုမစိုက်ဟန်ဖြင့်ပြော၏။
"ယဲ့ချိုးပိုင်.. မင်းရဲ့ပြစ်မှုကို မင်းသိလား"
ကျန်းချန်၏မျက်နှာမှာ ဖြူဖျော့သွားရသည် ။
ချင်းထျန်းနျန်၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူသည် သုန်မှုန်နေသောအမူအရာဖြင့် ဟွမ်းထျန်းမင်ကိုကြည့်ကာ စကားဆိုလိုက်၏။
"အိမ်ရှေ့စံမင်းသား ဒါက ဘာအဓိပ္ပာယ်ပါလဲ"
ဟွမ်းထျန်းမင်သည် ချင်းထျန်းနျန်ကို ပြန်မဖြေဘဲ ယဲ့ချိုးပိုင်ကိုသာ ဆက်လက်ဖိအားပေးနေခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ချင်းထျန်းနျန်ကစိုးရိမ်သွားပြီး ယဲ့ချိုးပိုင်ဆီကို ချက်ချင်းပြေးသွားလေသည်။ သို့သော် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက သူ့ရှေ့သို့ရောက်လာပြီး လမ်းပိတ်ထားလေသည်။ ထိုလူ၏အသွင်အပြင်ကိုမြင်သောအခါ ချင်းထျန်းနျန်၏အမူအရာမှာ အုံ့မှိုင်းသွားလေသည်။
"ဖန်ကျင်းယောင်..မင်းက နေမဝင်အင်ပါယာထဲကို ဝင်လိုက်ပြီလား"
ဖန်ကျင်းယောင်သည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ရှိသည်။
သူ့အဆင့်သည် ချင်းထျန်းနျန်၏နောက်တွင်ရှိသော်လည်း ခွန်အားမှာ သိပ်မကွာလှပေ။
ဖန်ကျင်းယောင်က ခပ်ပြုံးပြုံးဖြင့်ပြန်ပြောလေသည်။
"ရွေးစရာမရှိဘူးလေ။ ငါ သူတို့အပေါ် ကျေးဇူးကြွေးတင်ထားတာကိုး။ ချင်းထျန်းနျန် မင်းလည်းသိတဲ့အတိုင်းပဲ ကျေးဇူးကြွေးက ပြန်ဆပ်ဖို့သိပ်ခက်တာ"
ချင်းထျန်းနျန်၏မျက်နှာ မည်းမှောင်သွားရချေသည်။
ဟွမ်းထျန်းမင်ဘက်က အဆင်သင့်ပြင်ထားသည်မှာ သိသာလှသည်။
သူသည် ထပ်မစောင့်ချင်တော့သလို ယဲ့ချိုးပိုင်၏ခွန်အားကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရပြီးနောက် စွန့်လည်းမစွန့်စားချင်တော့ပေ။
ချင်းထျန်းနျန်က လူတစ်ယောက်ထံမှ လမ်းပိတ်ခံထားရပြီး အနောက်ပိုင်းနှင့်အရှေ့ပိုင်းကျောင်းတော်တို့၏အကြီးအကဲများကမူ ထိုမြင်ကွင်းကိုတိတ်တဆိတ်ကြည့်နေပြီး ချက်ချင်းမတုံ့ပြန်ခဲ့ကြပေ။
နေမဝင်အင်ပါယာ၏အင်အားသည် တုန်လှုပ်ဖွယ်ကောင်းနေဆဲပင်။
ယဲ့ချိုးပိုင်ခမျာ ခက်ခက်ခဲခဲခေါင်းမော့လိုက်ပြီး အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။
"ငါ့အပြစ်က ဘာလဲ"
ဟွမ်းထျန်းမင်သည် အမှန်တရားကိုမပြောသည်မှာ သဘာဝကျပေသည်။ သူသည် ယဲ့ချိုးပိုင်၏မေးခွန်းကိုဖြေရမည့်အစား သံချပ်ကာယန္တရားတပ်ကို လက်ဝှေ့ယမ်းပြပြီး အမိန့်ပေးလိုက်လေသည်။
"သူ့ကို ချက်ချင်းသတ်ပစ်စမ်း"
ချက်ချင်းဆိုသလို ကောင်းကင်ရှိသံချပ်ကာယန္တရားတပ်သားများသည် ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကိုတုန်လှုပ်သွားစေနိုင်လောက်သော ဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ထိုအသံကြီးသည် သတ်ဖြတ်ရေးအရှိန်အဝါများနှင့်ရောထွေးသွားပြီး ယဲ့ချိုးပိုင်ဆီကို ဦးတည်သွားလေသည်။ ယဲ့ချိုးပိုင်၏မျက်ဝန်းအစုံမှာ တုန်ယင်သွားပြီး လေချွန်သံအရှည်ကြီးပေးလိုက်သည်။
မှော်နက်မိစ္ဆာဓားသွားသည် ၎င်း၏ဓားအိမ်မှ လွတ်ထွက်လာပြီး ဧရာမမိစ္ဆာစွမ်းအင်များကလည်း ကောင်းကင်ဆီသို့ဆန်တက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဓားသွားသည် သတ်ဖြတ်ရေးအရှိန်အဝါများကိုဆန့်ကျင်လျက် ဟိန်းဟောက်လိုက်သည်။
သံချပ်ကာယန္တရားတပ်ကြီးသည် သွေးပင်လယ်ကိုနင်းဖြတ်လာသောခွာသံများနှင့်အတူ သူ့ဆီသို့ပြေးဝင်လာလေသည်။
ယဲ့ချိုးပိုင်သည် သူ့ခန္ဓာကိုယ်ကိုတောင့်ခံထားလေရာ သူ့ကျောပြင်သည် သေနတ်တစ်လက်အလား ဖြောင့်တန်းနေလေသည်။
သွေးပင်လယ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ဓားသိုင်းစျာန်အဘိညာဉ်လှိုင်းလုံးကြီးတစ်ခု ကောင်းကင်ပေါ်သို့ ဆန်တက်သွားလေသည်။
မရေမတွက်နိုင်သောလူများက ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။
တုန်လှုပ်ဖွယ်ရာပင်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှဖြင့် ထောင်နှင့်ချီသောတပ်သားပေါင်းများစွာ၏စွမ်းအားကို အံတုနေလေသည်။
ထိုသို့သောသတ္တိ၊ ထိုသို့သောရဲရင့်မှု..။
ဤအခိုက်အတန့်တွင် ခေါင်းဆောင်ရူသည် တည်ငြိမ်နေဟန်ဖြင့် ယဲ့ချိုးပိုင်ကိုအပြေးအလွှားသွားရောက်ကူညီချင်စိတ်ဖြင့် ရှေ့သို့တိုးလာခဲ့သည်။
သို့သော် အချိန်ကိုက်လေးမှာပင် ပုံရိပ်တစ်ခုက ခေါင်းဆောင်ရူ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
ဓားသိုင်းခန်းမ၏အကြီးအကဲသည်လည်း အလွန်စိုးရိမ်နေပြီး ယဲ့ချိုးပိုင်ကို ကူညီပေးချင်နေသည်။
သို့သော် လူတစ်စုက သူ့ကိုလမ်းပိတ်ထားလေသည်။
ဟွမ်းထျန်းမင်၏ ကြိုတင်ပြင်ဆင်မှုများသည် အလွန်စေ့စပ်သေချာလှသည် ။
ဤသို့ဖြင့် ယဲ့ချိုးပိုင်ကို ကူညီမည့်သူ မရှိတော့ချေ။
ရှင်းဟုန်ယီခမျာ အံတင်းတင်းကြိတ်လျက် အလျင်စလိုရှေ့တက်လိုက်ချင်သော်လည်း ဟွမ်းယွမ်က သူ့ကို နောက်ပြန်ဆွဲထားလေသည်။
"ရှင် ဘာလုပ်နေတာလဲ။ ရှင် ရှေ့မတက်ချင်ရင် ကျွန်မတစ်ယောက်တည်းသွားမယ်"
ဟွမ်းယွမ်သည် စင်မြင့်ပေါ်ရှိယဲ့ချိုးပိုင်ကိုငေးကြည့်နေလေသည်။ သူ့အနေနှင့် သတ်ဖြတ်ရေးအရှိန်အဝါကို ခံစားမိရုံမျှဖြင့် တစ်ချိန်လုံးချွေးစေးများပြန်နေခဲ့ရသည်။
"မင်းသွားတော့ရော ဘာထူးမှာလဲ။ ငါတို့ရဲ့သတ်ဖြတ်ရေးအရှိန်အဝါနဲ့ဆိုရင်တောင်မှ အဲဒါကိုအံတုဖို့ စိတ်စွမ်းအင်တွေအများကြီးလိုတယ်။ ရှေ့တက်သွားလိုက်ရင် ယဲ့ချိုးပိုင်အတွက်ပရမ်းပတာဖြစ်သွားအောင်လုပ်မိပြီး သူ့ကို အာရုံများသွားစေလိမ့်မယ်"
ဖြူဖပ်ဖြူရော်အမူအရာရှိနေသည့် လင်းစီကလည်း ခနဲ့တဲ့တဲ့ပြုံးလျက် ပြောလေသည်။
"ဟွမ်းယွမ်ပြောတာ မှန်တယ်။ ငါတို့ထဲကတစ်ယောက်ယောက်သာ ရှေ့ကိုတက်သွားလိုက်ရင် ယဲ့ချိုးပိုင်အတွက် ဒုက္ခပဲဖြစ်သွားလိမ့်မယ်"
ဟော်ချင်းမင်ခမျာ လက်သီးတင်းတင်းဆုပ်၊ အံတင်းတင်းကြိတ်လျက် အစွမ်းမဲ့နေသောခံစားချက်ကြီးကို မုန်းတီးနေချေသည်။
ဤအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် များပြားလှသော ထိုသတ်ဖြတ်ရေးအရှိန်အဝါကြီးကို သူ့ဘာသာတွန်းလှန်နေရသည်။
သူ့ပုံစံမှာခန့်ညားနေပြီး သူ့မျက်နှာသည် အမှန်စင်စစ်အနည်းငယ်ဖြူဖျော့နေချေသည်။
သိသာလွန်းလှစွာပင် ဤအရာမှာ သူ့အတွက် အလွန်ခက်ခဲလှပေသည်။
သံချပ်ကာယန္တရားတပ်တော်ရှိ လူတိုင်းသည် အခြေခံအားဖြင့် ခရမ်းရောင်ဘုံဗိမာန်အဆင့်ရှိကြသည်။ ထို့အပြင် လက်နက်ကိရိယာများသည် အလွန်ကောင်းမွန်လှပြီး ထိုလူအားလုံးသည် သွေးထွက်သံယိုမုန်တိုင်းများကို ကြုံတွေ့ခံစားခဲ့ရပြီးဖြစ်၏။ သို့ဖြစ်ရာ သူတို့ဆီမှထုတ်လွှတ်လာသောအရှိန်အဟုန်သည် မသန်မာဘဲမနေချေ။
ဟွမ်းထျန်းမင်သည် စင်မြင့်ပေါ်ရှိ ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေရင်း လန့်ဖျပ်သွားလေသည်။
ခရမ်းရောင်ဘုံဗိမာန်အဆင့်မျှသာရှိသော ယဲ့ချိုးပိုင်သည် သံချပ်ကာယန္တရားတပ်၏ဖိနှိပ်မှုကို တွန်းလှန်နိုင်လေသလား။
ယဲ့ချိုးပိုင်၏သတ်ဖြတ်ရေးအရှိန်အဝါ သည့်ထက်ပိုပြီးဆက်လက်ကြီးထွားခွင့်ပြုလိုက်ပါက ပြဿနာတက်ပေတော့မည်။
သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်၏။
"ကျန်းကျွင်း.. သံချပ်ကာယန္တရားတပ်ကိုဦးဆောင်ပြီး ယဲ့ချိုးပိုင်ကို သွားသတ်စမ်း"
ကျန်းကျွင်းသည် ဟွမ်းထျန်မင် ထိုသို့အမိန့်ပေးရန်မလိုအပ်ဟု ခံစားမိသော်လည်း မနာခံဘဲမနေဝံ့ပေ။ သူ ခေါင်းညိတ်ပြလိုက်ပြီး သံချပ်ကာယန္တရားတပ်၏ရှေ့ကို လျှောက်သွားလိုက်သည်။
ကျန်းကျွင်းသည် ရေအလျဉ်ပြည့်လျှံရေးအဆင့် အထူးကျွမ်းကျင်သူဖြစ်ပြီး သူပါပါလာသောအခါ ယဲ့ချိုးပိုင်ရင်ဆိုင်နေရသော ရန်သူ့အင်အားသည် အဆပေါင်းများစွာ ထိုးတက်သွားလေသည်။ ဤသတ်ဖြတ်ရေးအရှိန်အဝါအတက်အကျသည် ယဲ့ချိုးပိုင်အား အသက်ရှူရခက်ခဲအောင်လုပ်နေသည်။
ချင်းထျန်းနျန်နှင့် တခြားသူများမှာ ကူညီချင်သော်လည်း ပိတ်ဆို့ခံထားရဆဲပင်။
ထိုမြင်ကွင်းကိုစောင့်ကြည့်ရင်း ယဲ့ချိုးပိုင်၏အမူအရာမှာ သုန်မှုန်သွားချေသည်။
ယခုအခါ ကျန်းကျွင်လည်းပါဝင်လာသောကြောင့် ယဲ့ချိုးပိုင်အနေနှင့် ဤစွမ်းအားကို မှော်နက်မိစ္ဆာဓားသွားတစ်ခုတည်းနှင့် မခုခံနိုင်တော့ချေ။
သူ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ဆွဲထုတ်မည့်ဆဲဆဲမှာပင်...
"ကျုပ်တို့ဆီမှာ ကျွမ်းကျင်သူတွေများများစားစားမရှိလို့ နေမဝင်အင်ပါယာက ကျုပ်တို့ကျောင်းတော်ကို အနိုင်ကျင့်နေတာလား"
ယဲ့ချိုးပိုင်၏ရှေ့တွင် အကြီးအကဲတစ်ယောက်ပေါ်လာလေသည်။
ယဲ့ချိုပိုင်သည် သူ့ခန္ဓာကိုယ် ရုတ်ခြည်းပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ရေးအရှိန်အဝါအားလုံးကို သူ့ရှေ့ရှိအကြီးအကဲက ချေမှုန်းပစ်လိုက်သည်။
ထိုလူကြီးကို မြင်လိုက်ရသည်နှင့် ဟွမ်းထျန်းမင်၏အမူအရာမှာ ချက်ချင်းအုံ့မှိုင်းသွားသည်။
ချင်းထျန်းနျန်တစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဟွမ်းထျန်းမင်က စင်မြင့်ပေါ်မှနေ၍ အသံနက်ကြီးဖြင့်ပြောလာလေသည်။
"အကြီးအကဲယွင်.. ဒီလူက ငါတို့ရဲ့နေမဝင်အင်ပါယာနဲ့ ရန်ငြိုးရှိတဲ့လူပဲ။ သူက တောင်ပိုင်းဒေသကဆိုတာတော့ ပြောနေစရာကိုမလိုဘူး"
မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်တွင် ယွမ်းထျန်းမင်ကို ကြောက်လန့်အောင်လုပ်နိုင်သူတစ်ယောက်ယောက်သာရှိခဲ့ပါက ထိုလူသည် ဤအကြီးအကဲယွင်ကျင်းသာ ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲသည် မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်၏ အမြင့်မြတ်ဆုံးအကြီးအကဲဖြစ်ပြီး မြောက်ပိုင်းနယ်မြေတွင် အသန်မာဆုံးဓားသမားလည်း ဖြစ်နေသောကြောင့်ပင်။
သူ့အဆင့်မှာ ဓားသိုင်းစံပြအဆင့်ကိုရောက်နေပြီဖြစ်၏။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင်မူ ဆဋ္ဌမအဆင့်ရှိသော်လည်း စတုတ္ထအဆင့်ရှိသော နေမဝင်အင်ပါယာ၏အရှင်သခင်သည်ပင် သူ့ဓားသိုင်းကို အလွန်ကြောက်လေသည်။
"သူက တောင်ပိုင်းနယ်မြေကဆိုတော့ရောဘာဖြစ်လဲ။ သူက ငါတို့ကျောင်းတော်ရဲ့လူပါပဲ"
ယွင်ကျင်းက ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
"ဒါဆို အကြီးအကဲယွင်နဲ့ မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က သူ့ကို သေတဲ့အထိကာကွယ်ပေးမယ်လို့ ဆိုလိုတာလား"
ဟွမ်းထျန်းမင်၏အမူအရာမှာ ပျက်ယွင်းသွားချေသည် ။
ယွင်ကျင်းက ပြန်မဖြေသော်လည်း ယဲ့ချိုးပိုင်၏ရှေ့မှာဆက်ရပ်ရင်း သူ့ဆန္ဒကို ရှင်းရှင်းလင်းလင်းဖော်ပြနေလေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲယွင်"
ယဲ့ချိုးပိုင်က ချက်ချင်းပြောလိုက်သည်။
ယွင်ကျင်းက နောက်ပြန်လှည့်ကြည့်ကာ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။
"မင်းက မျိုးစေ့ကောင်းလေးတစ်ခုပဲ။ မင်းမှာ ချောင်မြန်ထက်ပိုသာတဲ့အရည်အချင်းမျိုးရှိပြီး ဓားသိုင်းပညာရှိတစ်ယောက်ဖြစ်လာဖို့လည်း ဘာအတားအဆီးမှမရှိသင့်ဘူး"
ကျန်းချောင်မြန်တဲ့လား။
"ကျန်းချောင်မြန်က ငါ့တပည့်ပဲ"
ယွင်ကျင်းက ပြန်ဖြေသည်။
ထိုအချိန်မှသာ ယဲ့ချိုးပိုင် သဘောပေါက်လိုက်ပေသည်။
သို့သော် ကောင်းမွန်လှသောအခိုက်အတန့်များက ကြာရှည်မခံချေ။ ကောင်းကင်ယံထက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုရယ်သံသည် အမည်မသိလူတစ်ယောက်ဆီမှလာသောရယ်သံပင် ဖြစ်ချေသည်။
"အဘိုးကြီးယွင် မင်းရဲ့ဓားသိုင်းက ဒီအတောအတွင်း ဘယ်လောက်တောင်တိုးတက်လာသလဲဆိုတာ ကြည့်စမ်းပါရစေ"
"မင်းသဘောပဲလေ"
ယွင်ကျင်းက လေသံထွက်ရုံမျှရေရွတ်ရင်း ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် လွှားခုန်လိုက်ပြီး ကောင်းကင်ထက်ရှိအထိန်းတော်နှင့် တိုက်ခိုက်လေတော့သည်။
"အခု မင်းကိုဘယ်သူကူညီနိုင်ဦးမလဲ ယဲ့ချိုးပိုင်"
ဟွမ်းထျန်းမင်က လှောင်ပြောင်သရော်လိုက်လေသည်။
အခန်း ၅၃ : ဟုန်ရင်ရောက်ရှိလာခြင်း
သံချပ်ကာယန္တရားတပ်၏အစုလိုက်အပြုံလိုက်ဝိုင်းရံထားမှုအောက်တွင် ယဲ့ချိုးပိုင်၏ပုံရိပ်လေးမှာ အလွန်အထီးကျန်ဆန်နေပုံရသည်။
ကျန်းကျွင်းသည် ယဲ့ချိုးပိုင်ကိုကြည့်လျက် အော်ဟစ်လိုက်သည်။
"အခု မင်းကို ဘယ်သူကာကွယ်ပေးနိုင်ဦးမှာလဲ"
ထို့နောက် သံချပ်ကာယန္တရားတပ်၏စွမ်းအားဖြင့် လက်ဝါးစောင်းကို လွှဲချလိုက်သည်။
သွေးနီရောင်လက္ခဏာအမှတ်အသားသည် သံချပ်ကာယန္တရားတပ်၏သတ်ဖြတ်ရေးအရှိန်အဝါနှင့် ရောယှက်သွားပုံပင်။
ဤတိုက်ခိုက်မှုသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်ကို ကျော်လွန်သွားလေသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်နံရံကြီးကို ကျော်ဖြတ်ပြီးနောက် သူသည် ချန်းယွမ်ဟုခေါ်သော အဆင့်သို့ရောက်ရှိခဲ့သည်။
ချန်းယွမ်အဆင့်ဆိုသည်မှာ ဘာလဲ။ ယေဘုယျအားဖြင့် ၎င်းကို ကောင်းကင်ဘုံ၏သားတော်ဟု ခေါ်ကြလေသည်။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိ အညံ့ဆုံးလူသည်ပင် ချန်းယွမ်အဆင့်ရှိသည်။
ကျန်းကျွင်းသည် နောင်မှာဖြစ်လာနိုင်သောပြဿနာများကို ကာကွယ်ရန်အတွက် ယဲ့ချိုးပိုင်ကိုသတ်ပစ်ချင်နေသည်မှာ ရှင်းနေချေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်၏အမူအရာပြောင်းလဲသွားသည်။
အစိမ်းရောင်တိမ်တိုက်ဓားသွားကိုသာ အသုံးမပြုပါက ဤတိုက်ကွက်ကို မခုခံနိုင်ပေ။
သို့သော် အစိမ်းရောင်တိမ်တိုက်ဓားသွားကိုထုတ်လိုက်ပြီးလျှင် ဘာဖြစ်လာလေမလဲ။
သူ လွတ်မြောက်ဖို့အခွင့်အလမ်း မရှိတော့ပေ။
သို့သော် ယခုမသုံးလျှင်လည်း ခံနိုင်ရည်ရှိမည်မဟုတ်တော့ပေ။
အစိမ်းရောင်တိမ်တိုက်ဓားသွားကို သူဆွဲထုတ်ခါနီးတွင် ကျောက်စိမ်းဆွဲသီးလေးတစ်ခုက သိုလှောင်ရေးလက်စွပ်ထဲကတစ်ဆင့် ရုတ်တရက်လွင့်ပျံလာပြီး သူ့ရှေ့တွင် လွင့်မျောနေချေသည်။
ဤသည်မှာ ဟုန်ရင်ပေးထားသောကျောက်စိမ်းဆွဲသီးပင်။
ဧရာမသွေးနီရောင်လက္ခဏာအမှတ်အသားကြီးသည် ကျောက်စိမ်းဆွဲသီးနှင့် ထိခတ်မိသွားသည်။
ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဆွဲသီး၏ရှေ့တွင် ဖီးနစ်အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။
တစ်ကိုယ်လုံးတွင် မီးဝင်းဝင်းတောက်လောင်နေသော မီးလျှံဖီးနစ်ငှက်တစ်ကောင်သည် ခေါင်းကိုမော့လျက် အော်ဟစ်လိုက်လေသည် ။
အော်ဟစ်သံထွက်ပေါ်လာသည်။
ကျန်းကျွင်း၏အမူအရာ ပြောင်းလဲသွားသည်။
ဖီးနစ်အမှတ်အသားသည် သူ၏လက္ခဏာအမှတ်အသားကို အမှန်တကယ်လုံးဝပိတ်ဆို့ထားလေသည်။
မီးလျှံဖီးနစ်ငှက်သည် သူ၏တောင်ပံများကိုဖြန့်ကြက်ကာ မီးတောက်ကိုဖန်ဆင်းလိုက်သည်။
မီးတောက်ထဲရှိအရှိန်အဝါသည် ချန်းယွမ်အဆင့်ထက်တော့ မနိမ့်ပေ။
ထိုအထဲမှာ မီးလျှံသဘာဝစွမ်းအင်ရှိနေလေသည်။
ဝေဟင်အလယ်မှာ တိုက်ခိုက်နေကြသော ယွင်ကျင်းနှင့်အထိန်းတော်ကြီးတို့နှစ်ယောက်လုံးမှာ အံ့သြတကြီးအမူအရာများဖြင့် ငုံ့ကြည့်လာကြသည်။
ထိုအရာကိုမြင်လိုက်ရသောအခါ ဟွမ်းထျန်းမင်၏စိတ်အစဉ် တုန်လှုပ်သွားရလေသည်။
သူသည် ယဲ့ချိုးပိုင်၏နောက်ခံအကြောင်း မတွေးမိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ ရှင်းရှင်းလင်းလင်းသိထားပြီးသားပင်။
တောင်ပိုင်းနယ်မြေရှိ ထျန်းယွမ်မြို့ငယ်လေးမှ ယဲ့မိသားစုသည် မဟာမျိုးနွယ်စုလေးခုထဲမှတစ်ခုဖြစ်သော်လည်း နယ်မြေလေးခုသိုင်းပညာအကျော်အမော်များစာရင်းတွင် ပါဝင်သူမရှိချေ။ သူတို့ ဘယ်လောက်များ သန်မာနိုင်မတဲ့လဲ။
ဤကျောက်စိမ်းဆွဲသီးကို ယဲ့ချိုးပိုင် တစ်နေရာရာကရခဲ့ခြင်းဖြစ်နိုင်သည်။
ဗိုလ်ချုပ်သည် အလျင်အမြန်ပြန်လည်ပစ်ခတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ရှိသံချပ်ကာယန္တရားတပ်က တညီတညွတ်တည်း အော်ဟစ်လျက် မြို့ရိုးတစ်ခုနှယ်တန်းစီ၍အကာအကွယ်ယူထားလိုက်လေသည်။
သူတို့လက်ထဲရှိလှံတံများကိုလည်း တစ်ပြိုင်နက်တည်းအသင့်ပြင်ထားလိုက်ကြသည်။
ထိုအချိန်မှာပင် လှံတံစျာန်အဘိညာဉ်များသည် အချင်းချင်းပေါင်းစည်းသွားပြီး မီးလျှံဖီးနစ်ဆီသို့ထိုးဖောက်ဝင်ရောက်လာသော ဧရာမလှံတံသတ်ဖြတ်ရေးအရှိန်အဝါတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
အုန်း..
ကောင်းကင်တွင် အပိုင်းနှစ်ပိုင်းကွဲသွားသည်။
ယဲ့ချိုးပိုင်ရှိရာဘက်အခြမ်းမှာ ရဲရဲတောက်ငရဲမီးအလား နီရဲနေသည်။
တစ်ဖက်တွင်မူ သံချပ်ကာယန္တရားတပ်ကြီးရှိသည်။
သူ၏သတ်ဖြတ်ရေးအရှိန်အဝါများမှာ သွေးအကျဉ်းထောင်ထဲမှာလို ဖရိုဖရဲဲဖြစ်နေချေသည်။
အင်အားနှစ်ရပ် ထိခတ်မိကြသောအခါ တိုက်ပွဲ၏နောက်ဆက်တွဲလှုပ်ခတ်မှုသည် အရပ်ရပ်သို့ ချက်ချင်းပေါက်ကွဲပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိလူများလည်း ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ရသည်။ ကျန်းချောင်မြန်နှင့်တခြားသူများလည်း ခုခံကာကွယ်ရန်အတွက် သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို လွှတ်ထုတ်လိုက်ရသည်။
ခဏအကြာတွင် နောက်ဆက်တွဲလှုပ်ခတ်မှုကြီး ပျောက်ကွယ်သွားချေသည်။
ယဲ့ချိုးပိုင်ရှေ့ရှိ ကျောက်စိမ်းဆွဲသီးလည်း ပျောက်ကွယ်သွား၏။
သံချပ်ကာယန္တရားတပ်ကြီးနှင့် ကျန်းကျွင်းတို့သည် လေထဲတွင်ရပ်နေကြဆဲဖြစ်သော်လည်း သူတို့၏အရှိန်အဝါများသည် အနည်းငယ်မှိန်ဖျော့သွားချေသည်။
ကျန်းကျွင်းသည် ထိုမြင်ကွင်းကိုမြင်သောအခါ ရယ်မောလိုက်သည်။
"မင်းမှာ တခြားနည်းလမ်းတွေရှိသေးလား"
မြင့်မားသောစင်မြင့်ကြီးပေါ်ရှိ ဟွမ်းထျန်းမင်ကမူ စိတ်မရှည်စွာဖြင့်အမိန့်ပေးလေတော့သည်။
"အချိန်ဆွဲနေတာကိုရပ်ပြီး ယဲ့ချိုးပိုင်ကိုမြန်မြန်သတ်စမ်း"
ချင်းထျန်းနျန်၏မျက်ဝန်းထဲမှာလည်း စိုးရိမ်သောကများပြည့်နေချေသည်။ ယဲ့ချိုးပိုင်မှာ တခြားနည်းလမ်းရှိမရှိ သူမသိပေ။
အကယ်၍မရှိပါက သူ ဒုက္ခရောက်တော့မည်ဖြစ်၏။
ဤအကြောင်း ချန်ရှန်းကို သူဘယ်လိုရှင်းပြရမလဲ...
ချန်ရှန်းကို သူဘယ်လိုမျက်နှာပြရပါ့မလဲ..
သူက ယဲ့ချိုးပိုင်ကို ဤနေရာသို့ခေါ်လာခဲ့သော်လည်း ပြန်မခေါ်သွားနိုင်တော့ပေ။ လုချန်ရှန်း သူ့ကို အလွန်စိတ်ပျက်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်သည် ကောင်းကင်ရှိသံချပ်ကာယန္တရားတပ်ကြီးကို အေးစက်စွာကြည့်လျက် မှော်နက်မိစ္ဆာဓားသွားကို ဖယ်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ဗိုလ်ချုပ်ကလှောင်ရယ်လေသည်။
"ဘာဖြစ်လို့လဲ။ မင်း အရှုံးပေးလိုက်ပြီလား"
ထို့နောက် ကျန်းကျွင်း လက်ကိုဝှေ့ယမ်းပြလိုက်သည်။
ချက်ချင်းပင် လေထဲရှိသံချပ်ကာယန္တရားတပ်သားများသည် အမိန့်တစ်ခုရရှိလိုက်ဟန်ဖြင့် ယဲ့ချိုးပိုင်ဆီသို့ အမြန်ပြေးသွားလေသည်။
သတ်ဖြတ်ရေးအရှိန်အဝါအစုလိုက်အပြုံလိုက်သည် အတူတကွစုစည်းသွားပြီး သတ်ဖြတ်ရေးနတ်ဘုရား၏သွေးရောင်အရိပ်ကြီးကို ဖြစ်ပေါ်လာစေသည်။ ထိုအရှိန်အဝါသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ယဲ့ချိုးပိုင်သည် သူ၏သိုလှောင်ရေးလက်စွပ်ကို ထိလိုက်သည်။
သူ အစိမ်းရောင်တိမ်တိုက်ဓားသွားကို ထုတ်ယူလိုက်ချင်သည်။
အစိမ်းရောင်တိမ်တိုက်ဓားသွားသည် သူ၏နောက်ဆုံးအားကိုးရာလည်းဖြစ်၏။
ထိုအကြောင်းကိုတွေးရင်း ယဲ့ချိုးပိုင်၏စိတ်ထဲမှာ ခါးသက်စွာမပြုံးဘဲမနေနိုင်ချေ။
သူ စံအိမ်တော်ကိုပြန်ပြီး သူ့ဆရာအတွက် ဟင်းချက်ပေးဖို့မဖြစ်နိုင်တော့ချေ။
ထိုအခိုက်အတန့်လေးမှာပင် အနီရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သွားလေသည်။
တစ်ဖက်တွင်မူ အထိန်းတော်မင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။
"အိုး မဖြစ်ဘူး"
သူ ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက်သည် လှံတံတစ်လက်ကို ကိုင်ဆောင်လျက် သံချပ်ကာယန္တရားတပ်ကြီးဆီသို့ အပြေးနှင်လာလေသည်။
ရုတ်ခြည်းပင် လှံတံ၏အင်အားလှိုင်းလုံးကြီးကြောင့် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
လှံတံလေဆင်နှာမောင်းထဲတွင် လေထဲမှာပျံ့လွင့်နေသောလှံတံနည်းဗျူဟာများ အမှန်တကယ်ရှိနေလေသည်။
သံချပ်ကာယန္တရားတပ်ကြီး၏ထက်ဝက်နီးပါးသည် လှံတံလေဆင်နှာမောင်း၏ချေမှုန်းခြင်းကိုခံလိုက်ရသည်။
ဗိုလ်ချုပ်ခမျာ ခဏမျှကြက်သေသေသွားပြီး တစ်ဖက်သို့လှည့်လိုက်သည်။
ဟွန်းထျန်းမင်ကလည်း လက်နက်ကိုင်ထားသောလူကို စိုက်ကြည့်နေသည်။
ဒီလူက တကယ်ပဲဘယ်သူများလဲ...
သူသည် သံချပ်ကာယန္တရားတပ်ကြီး၏ထက်ဝက်နီးပါးကို ချက်ချင်းသတ်ပစ်နိုင်လေသလား။
ယဲ့ချိုးပိုင်လည်း မှင်တက်သွားရသည်။
ထို့နောက် သူ့အနားတွင် အမျိုးသမီးတစ်ဦးပေါ်လာလေသည်။
"စီနီယာအစ်ကို အဆင်ပြေရဲ့လား"
ယဲ့ချိုးပိုင်လည်း လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပျော်ပျော်ရွှင်ရွှင်ပြန်ပြောလိုက်သည်။
"ဂျူနီယာညီမလေး.. ဒီကို ဘယ်လိုဖြစ်လို့ရောက်နေတာလဲ"
သူ(မ)မှာ ဟုန်ရင်ပင်။
သံချပ်ကာယန္တရားတပ်ဆီသို့ ပြေးဝင်သွားသူမှာ ယွင်မင်ပင်ဖြစ်ချေသည်။
ယွင်မင်သည် ဒဏ်ရာများပြန်လည်သက်သာလာပြီဆိုသော်ငြား သူ့အဆင့်မှာ ချိတ်ပိတ်ခံထားရဆဲဖြစ်သည်။ သူသည် ချန်းယွမ်အဆင့်နှင့် ခြေတစ်လှမ်းအကွာ၌သာရှိနေသေးသည်။
သို့သော် ဤအဆင့်မျှဖြင့်လည်း သံချပ်ကာယန္တရားတပ်ကိုတွန်းလှန်ရန် ပြဿနာမရှိချေ။
ဟုန်ရင်က ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ပြော၏။
"အလုပ်ပြီးလို့ ဒီကိုလာခဲ့တာ"
"ဒါပေမဲ့ လမ်းတစ်ဝက်မှာ အကာအကွယ်ကျောက်စိမ်းဆွဲသီး ကွဲအက်သွားတာကို အာရုံခံစားလိုက်ရတယ်လေ။ ဒါကြောင့် အမြန်ပြေးလာခဲ့လိုက်တာ ကံကောင်းလို့ အချိန်မီရောက်လာခဲ့တာပဲ"
ဤအခိုက်တွင် ယွင်မင်သည် ဟုန်ရင်ထံသို့ပြန်လာပြီး တလေးတစားပြောလေသည်။
"အရှင်မ.. ဒီလူတွေကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ"
ဟုန်ရင်က တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား သူ(မ)သည် ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်ထံကထင်မြင်ချက်ကို တောင်းဆိုနေသည်မှာ ရှင်းနေချေသည်။
ယွင်မင်မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ထိတ်လန့်သွားသည်။
အရှင်မက တခြားသူရဲ့ထင်မြင်ချက်ကို တောင်းခံနေတာလား။
ဤပုဂ္ဂိုလ်သည် အရှင်မ၏စီနီယာအစ်ကိုများလား။
သူ ထိုလူကိုစေ့စေ့စပ်စပ်အကဲခတ်လိုက်သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရပေ။
သူသည် အရည်အချင်းရှိသောလူငယ်တစ်ဦးမျှသာဖြစ်၏။
ယဲ့ချိုးပိုင် ဗိုလ်ချုပ်နှင့်တခြားလူများကိုကြည့်ပြီး ပြောလိုက်သည်။
"သူတို့အားလုံးကို ဒီမှာပဲအပြတ်ရှင်းလိုက်ရအောင်။ နေမဝင်အင်ပါယာအထိနာသွားမှာသေချာတယ်"
သံချပ်ကာယန္တရားတပ်သည် နေမဝင်အင်ပါယာ၏ဝှက်ဖဲဖြစ်ပြီး အင်ပါယာတစ်ခုလုံးရှိ သံချပ်ကာယန္တရားတပ်၏ထက်ဝက်နီးပါးသည် ဤနေရာတွင်ရောက်နေခြင်းပင်။
သူတို့အားလုံးကို ဤနေရာမှာရှင်းပစ်ခဲ့ပါက နေမဝင်အင်ပါယာကြီး အထိနာသွားမှာသေချာလေသည်။
အဆုံးမှာတော့ သံချပ်ကာယန္တရားတပ်ကြီးကိုပြုစုပျိုးထောင်ရန် အရင်းအမြစ်များစွာလိုအပ်လေသည်။
ဟုန်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ယွင်မင်ကို လှည့်ကြည့်လိုက်သည်။
ယွင်မင်ကလည်း ဟုန်ရင်၏ဆိုလိုရင်းကို သဘောပေါက်သည်။ သူသည် တစ်ဖက်သို့လှည့်ပြီး သံချပ်ကာယန္တရားတပ်ဆီသို့ အပြေးသွားလေသည်။
ခဏအကြာတွင် လှံတံစျာန်အဘိညာဉ်များက ကောင်းကင်၌ပြည့်နှက်သွားသည်။
အော်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
အသက်တစ်ရှူတစ်ရှိုက်စာမျှအကြာမှာပင် သံချပ်ကာယန္တရားတပ်သားအားလုံး သုတ်သင်ခံလိုက်ရသည်။
ကျန်းကျွင်းပင် ယွင်မင်၏လက်ထဲတွင် သုံးချီထက်ပိုမထိန်းထားနိုင်ပေ။
ယွင်မင်၏လှံတံအောက်မှာ သူသည် ဇီဝိန်ချုပ်သွားလေတော့သည်။
ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စုမှ အဖွဲ့ဝင်တိုင်းသည် လက်နက်တစ်ခုစီကို အထူးပြုတတ်ကျွမ်းထားကြပြီး ယွင်မင်က လှံတံကိုအထူးပြုတတ်ကျွမ်းသည်။
ထိုအခြင်းအရာကို ဟွမ်းထျန်းမင်မြင်သောအခါ ဟုန်ရင်ကိုစိုက်ကြည့်လျက်မေးခွန်းထုတ်လေသည်။
"မင်းက ဘယ်သူလဲ"
ဟုန်ရင်ကမူ သူ့ကိုလှည့်ပင်မကြည့်ချေ။
သူ(မ)သည် ဧကရီတစ်ပါးဖြစ်သည်။ သူ(မ)၏မျက်လုံးထဲတွင် ဟွမ်းထျန်းမင်သည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သည်..။ သို့ဖြစ်ရာ သူ(မ)အနေနှင့် သူ့မေးခွန်းကိုဖြေရလောက်အောင်အထိ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့်များနှိမ့်ချနေရမလဲ..။
အခန်း ၅၄ : ငရဲကိုးဘုံအစီအရင်ဖွဲ့စည်းခြင်း၊ အစီအရင်ကိုအသက်သွင်းခြင်း
နေမဝင်အင်ပါယာသည် အလွန်တန်ခိုးကြီးလှသည်။
အရင်းအမြစ်များကလည်း အနှိုင်းမဲ့ကြွယ်ဝသည်။
နယ်မြေလေးခုအဆင့်သတ်မှတ်ချက်ရှိလူအများအပြားသည် နေမဝင်အင်ပါယာကို ခစားကြသူများဖြစ်သည်။
သူတို့အနက် နေမဝင်အင်ပါယာ၏အုပ်စိုးရှင်သည် စတုတ္ထအဆင့်ဖြစ်သည်။
ယွင်ကျင်းနှင့်တိုက်ခိုက်နေသော အထိန်းတော်မင်သည် အဆင့်ခုနစ်တွင်ရှိသည်။
ထိုကဲ့သို့ခွန်အားမျိုးရှိသောနေမဝင်အင်ပါယာသည် နယ်မြေလေးခု၏ ထိပ်တန်းဂိုဏ်းတစ်ခုဟုဆိုနိုင်သည်။
သူ့ကို မည်သူမှ မစော်ကားရဲပေ။
ဟွမ်းထျန်းမင်သည် နေမဝင်အင်ပါယာ၏အိမ်ရှေ့စံမင်းသားဖြစ်ပြီး နောက်တက်မည့်ဆက်ခံသူလည်းဖြစ်သည်။
မရေမတွက်နိုင်သောဂိုဏ်းခွဲများကပင် သူ့ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် သဘောထားကြသည်။
လူတိုင်း၏အမြင်တွင် သူသည် ကြောက်မက်ဖွယ်ကောင်းလှသောနောက်ခံအသိုင်းအဝိုင်းနှင့် တန်ခိုးကြီးမားလှသောလူတစ်ယောက်ဖြစ်၏။
ဟုန်ရင်၏မျက်လုံးထဲတွင်မူ သူတို့သည် ပုရွက်ဆိတ်များသာဖြစ်၏။
ယွင်မင်က သြရှရှအသံဖြင့်အော်ဟစ်လိုက်သည်။
"မင်းကများ အရှင်မရဲ့နာမည်ကို မေးရဲတယ်ပေါ့လေ"
ထိုစကားကိုကြားသောအခါ ဟွမ်းထျန်းမင်က မောက်မာစွာရယ်မောလိုက်ပြီး အင်္ကျီအဖျားစများကိုယမ်းခါလျက် အော်ဟစ်လိုက်သည်။
"ငါ့အဖေကလွဲလို့ မြောက်ပိုင်းနယ်မြေကဘယ်သူ့ကိုများ မင်းက အရှင်လို့ခေါ်ဝံ့တာလဲကွ"
သူ့စကားမှာ မောက်မာဟန်တူသော်လည်း ဤသည်မှာ အမှန်တရားပင်။ နေမဝင်အင်ပါယာသည် မြောက်ပိုင်းနယ်မြေ၏အနှိုင်းမဲ့အာဏာရှင်ဖြစ်သည်။
"မင်းက သေမင်းကိုလက်ယပ်ခေါ်နေတာပဲ"
ယွင်မင်၏အမူအရာမှာ ပျက်ယွင်းသွားလေသည်။
စကားဆုံးသည်နှင့် သူသည် လက်ထဲမှလှံတံကို ရုတ်တရက်ပစ်လွှတ်လိုက်သည်။ လျှပ်စီးကြောင်းအရှိန်နှင့် လှံတံစျာန်အဘိညာဉ်နှင့်အတူ ထိုလှံတံသည် ဟွမ်းထျန်းမင်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ဟွမ်းထျန်မင်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ လုံးဝ မရှောင်ခဲ့ပေ။ သို့သော် ဟွမ်းထျန်းမင်ရှေ့တွင် မိန်းမစိုးဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက် ရုတ်တရက်ပေါ်လာလေသည်။
သူ့လက်ထဲက မြင်းမြီးယပ်တောင်သည် ထောင်ပေါင်းများစွာသော ချည်မျှင်များအဖြစ်သို့ ပြောင်းသွားပြီး လှံတံကို ရစ်ပတ်ထားလိုက်သည်။
သူသည် အဆင့်သတ်မှတ်ချက်တွင် အဆင့်ခုနစ်နေရာရထားသော အထိန်းတော်မင်ဖြစ်သည်။
မြင်းမြီးယပ်တောင်သည် လှံတံကိုရစ်ပတ်လိုက်သည့်အခိုက်အတန့်မှာ အထိန်းတော်မင်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
သူ့ကျင့်ကြံမှုအဆင့်သည် ချန်းယွမ်အဆင့်သို့ မရောက်သေးသော်လည်း သူ့စွမ်းအားသည် သူ့ကို တုန်လှုပ်သွားစေခဲ့သည်။
သူကိုယ်တိုင်ကမူ ချန်းယွမ်အဆင့်၏အလယ်အလတ်အဆင့်တွင် ရှိနေခြင်းပင်။
"အရှင်မင်းသား ကျွန်တော်တို့ အရင်ဆုံးတပ်ပြန်ဆုတ်ကြရအောင်"
အထိန်းတော်မင်၏ လေးနက်သောအမူအရာကိုကြည့်နေရင်း ဟွမ်းထျန်းမင်က ထိတ်လန့်တုန်လှုပ်သွားပြီး စိတ်မပါစွာမေးလိုက်သည်။
"တစ်ဖက်လူက အဲ့လောက်ကိုသန်မာတာလား"
အထိန်းတော်မင်ကလည်း ပြန်ဖြေသည်။
"တစ်ဖက်လူမှာ ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့တိုက်ခိုက်သူတွေရှိပြီး ယွင်ကျင်းကလည်း သူတို့ဘက်မှာရှိနေပါတယ်။ သူတို့ထဲကတစ်ယောက်ကိုပဲ ကျွန်တော်ထိန်းထားနိုင်မှာ။ ဒီလိုဆိုရင် အရှင်မင်းသားရဲ့လုံခြုံရေးကို အာမမခံနိုင်တော့ဘူး"
ထိုစကားကိုကြားသော် ဟွမ်းထျန်းမင်ကခေါင်းညိတ်ပြပြီး ခဏမျှစဉ်းစားလိုက်သည်။
"ကောင်းပြီ။ ကျွန်တော်တို့ အထိန်းတော်မင်ပြောတာကိုနားထောင်မယ်"
ဤသို့ဖြင့် အထိန်းတော်မင်က အဖွဲ့ကို သင်္ဘောဆီသို့ပြန်ပို့လိုက်သည်။
ကျန်ရှိနေသေးသော သံချပ်ကာယန္တရားတပ်ကြီးသည် အမိန့်ကိုလက်ခံရရှိပြီးနောက် သင်္ဘောနောက်သို့ လိုက်ပါသွားလေသည်။
ကျန်းချန်သည် ထွက်ခွာမသွားခင်မှာ ယဲ့ချိုးပိုင်ကို စိတ်ရှုပ်ထွေးနေဟန်အမူအရာဖြင့် ကြည့်သွားလေသည်။
ယဲ့ချိုးပိုင်သည် ထွက်ခွာသွားသောစစ်သင်္ဘောကိုကြည့်ကာ သက်ပြင်းမချဘဲမနေနိုင်ပေ။
"ငါ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် လက်စားချေဖို့က အလှမ်းဝေးနေသေးပုံပဲ..."
ယဲ့ချိုးပိုင်၏ခွန်အားသည် ရေအလျဉ်ပြည့်လျှံရေးအဆင့်နှင့် ရင်ဆိုင်ရသောအခါ အစိမ်းရောင်တိမ်တိုက်ဓားသွား၏အကူအညီမပါလျှင် ကွာခြားမှုများစွာရှိနေပေသည်။
ဟုန်ရင်က ပြန်ပြောလိုက်သည်။
"ရှင့်ရဲ့အရည်အချင်းနဲ့ ဆရာ့ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် သူတို့ကိုအနိုင်ယူနိုင်ဖို့ မခက်ပါဘူး"
ယဲ့ချိုးပိုင် ပြုံးလိုက်မိသည်။
ထိုအချိန်မှာ ယွင်ကျင်းက အနားကိုလျှောက်လာပြီး ပြောလေသည်။
"မင်းရဲ့အရည်အချင်းကမဆိုးဘူး။ ငါ့တပည့်လုပ်ချင်လား"
ယဲ့ချိုးပိုင်၏ဓားသိုင်းတာအိုသည် အလွန်အစွမ်းထက်လှသည်။
ယွင်ကျင်းသည် သူ့အရည်အချင်းကို အသိအမှတ်မပြုဘဲမနေနိုင်ပေ။
ကျန်းချောင်မြန်နှင့် လမ်းလျှောက်လာနေကြသောအခြားလူများမှာ မအံ့သြဘဲမနေနိုင်ချေ။
ကျန်းချောင်မြန်က ပို၍ပင်အံ့သြသွားရသည်။
"ဆရာ.. ဆရာပြောတော့ နောက်ဆုံးတပည့်တစ်ယောက်အနေနဲ့ ကျွန်တော့်ကိုပဲလက်ခံမယ်ဆို"
ယွင်ကျင်း တစ်ဖက်ကိုလှည့်ပြီး ကျန်းချောင်မြန်ကိုကြည့်လိုက်သည်။ ထို့နောက် သူသည် တည်ငြိမ်အေးဆေးစွာပြောလိုက်၏။
"ရုတ်တရက်ကြီး နောင်တရမိတယ်"
ကျန်းချောင်မြန် : "..."
ဟွမ်းယွမ်၊ ရှီရှန်းနှင့် တခြားသူများက ပို၍ပင်အံ့သြသွားကြသည်။
တစ်ဖက်လူသည် မြောက်ပိုင်းနယ်မြေ၏အသန်မာဆုံးဓားသမားတစ်ယောက်ဖြစ်ပြီး ယခုအခါတွင် ယဲ့ချိုးပိုင်အား တပည့်အဖြစ်ခံယူရန် ကြံရွယ်နေချေသည်။
ဟုန်ရင်ကလည်း စနောက်လေ၏။
"စီနီယာအစ်ကို ရှင်ကတော်တော်နာမည်ကြီးတာပဲ"
ယဲ့ချိုးပိုင်ခမျာ ကူကယ်ရာမဲ့စွာ ခေါင်းကုတ်လိုက်မိသည် ။ ယခင်က သူသည် ဓားသိုင်းခန်းမ၏အကြီးအကဲတစ်ဦးဖြစ်သော်ငြား ယခုအခါတွင် ယွင်ကျင်းသာဖြစ်နေသည်။
"စီနီယာယွင် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ဆရာတစ်ယောက်ရှိပြီးပါပြီ"
ယွင်ကျင်းက စူးစူးရဲရဲစိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းရဲ့ဆရာက ငါ့ထက်ကိုပိုသင့်တော်တာလား"
ယဲ့ချိုးပိုင် ခေါင်းယမ်းပြီး ပြုံးလိုက်မိသည်။
"ကျွန်တော် သူ့ကို ဆရာအဖြစ် အသိအမှတ်ပြုပြီးပြီမို့ ကျွန်တော် ကျွန်တော့်ဂိုဏ်းကို လွယ်လွယ်နဲ့မပြောင်းလဲနိုင်ပါဘူး။ ဒါက ကျွန်တော့်ဓားသိုင်းတာအိုနှလုံးသားကို ထိခိုက်လိမ့်မယ်"
ထိုစကားကိုကြားသောအခါ ယွင်ကျင်းခေါင်းညိတ်လိုက်သည်။
သို့သော်လည်း နောက်ထပ်စကားတစ်ခွန်းကို ကြားလိုက်ရသောအခါ ယွင်ကျင်းခမျာ သေလုမတတ်ရင်ဘတ်အောင့်မျက်သွားရသည်။
"ဒါပေမဲ့ စီနီယာယွင်က ကျွန်တော့်ဆရာနဲ့မယှဉ်နိုင်မှာကိုတော့ စိုးရိမ်မိတယ်..."
ယွင်ကျင်းသည် ယဲ့ချိုးပိုင်၏ ကြည်လင်ပြတ်သားသောမျက်ဝန်းများကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အခွင့်အရေးရရင် မင်းဆရာနဲ့တွေ့ရဦးမယ်"
"ဆရာ့ကို ကျွန်တော်ပြောပြလိုက်ပါ့မယ်"
ထိုစကားကိုကြားသော် ယွင်ကျင်းကခေါင်းတဆတ်ဆတ်လုပ်လျက် ကျန်းချောင်မြန်ကိုပြောလိုက်သည်။
"ကောင်းပြီ။ ကြည့်မနေနဲ့တော့။ သိုင်းကျင့်ကြံဖို့ ငါနဲ့အတူ ပြန်လိုက်ခဲ့။ သူ့ကို ကြည့်ပြီး မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး။ မင်း သူ့ထက်ပိုကောင်းအောင် လုပ်နိုင်လား"
ကျန်းချောင်မြန်ခမျာ အနည်းငယ်မှားယွင်းနေသလို ခံစားလိုက်ရသည်။
"..."
'ဆရာအရင်ကပြောတာ ဒီလိုမဟုတ်ပါဘူး'
ဟွမ်းယွမ်၊ ရှီရှန်းနှင့် ကျန်ဟယ်တို့မှာ ရှက်ရွံ့သွားရချေသည်။
ကျန်းချောင်မြန်သာ မလုပ်နိုင်ခဲ့လျှင် သူတို့အတွက် ပို၍ပင်မဖြစ်နိုင်တော့ပေ။
ချင်းထျန်းနျန်က ထိုနေရာကိုဖြတ်လျှောက်လာပြီး ဟုန်ရင်ကို တအံ့တသြကြည့်လိုက်သည်။
အရှင်မတဲ့လား။
ချန်ရှန်းရဲ့ဒုတိယတပည့်ကလည်း သိပ်မရိုးရှင်းဘူးထင်တယ်...
သို့သော် ချင်းထျန်းနျန်သည် ကျောင်းသားတစ်ဦး၏နောက်ခံအကြောင်းကို မေးမြန်းတတ်သူမဟုတ်ချေ။ သူက တစ်ဖက်ကိုလှည့်လိုက်ပြီး ယဲ့ချိုးပိုင်၏ပခုံးကို ပုတ်လိုက်သည်။
"ကောင်းပြီ။ ဒီတစ်ခါတော့ ကျေးဇူးပါပဲ..."
"လူတိုင်းက အမှတ်နည်းနည်းရထားတယ်"
ချင်းထျန်းနျန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။ အဆင်သင့်ပြင်ထားကြ။ ကျောင်းတော်ကို ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ မင်းတို့ကိုပေးမဲ့ဆုတွေကိုကျေနပ်ကြမှာပါ"
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနယ်မြေလျှို့ဝှက်တာအိုကျောင်းတော်ရှိ စံအိမ်တော်အတွင်း၌..
လုချန်ရှန်း အပေါ်ကိုမော့ကြည့်လိုက်သည်။
အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသည် လေထဲ၌မျောလွင့်နေလေသည်။
ဤပုံရိပ်လေးခု၏ခန္ဓာသည် ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်နေသောခံစားချက်မျိုးကို ပေးစွမ်းလေသည်။
လုချန်ရှန်းသည်လည်း ထိုအမျိုးသားများထဲမှတစ်ယောက်ကို မှတ်မိလိုက်သည်။စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်မှ ဧရာမမျက်နှာကြီးဖြစ်သည်။
ယောက်ျားတစ်ယောက်က မေး၏။
"အရှင်.ခင်ဗျားက ဘယ်စကြာဝဠာကလာတာလဲ"
လုချန်ရှန်း ခဏမျှစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"မင်းကြားဖူးမယ်မထင်ဘူး"
အမျိုးသမီး၏အမူအရာမှာ ပြောင်းလဲသွားသည်။
"ဟမ်.. ရှင်က တကယ်ပဲတခြားစကြာဝဠာကလား။ ဒါဆို ကျွန်မမေးလို့ရမလား။ အဲဒီစကြဝဠာရဲ့နာမည်က ဘာလဲ"
လုချန်ရှန်းက သူ့လက်များကိုဖြန့်ကားလျက် ပြောလိုက်သည်။
"မင်းသိမှာတောင် မဟုတ်ဘူး"
အမျိုးသမီးက လှောင်ရယ်လိုက်သည်။
"ကျွန်မတို့က အနီးနားကစကြာဝဠာတွေအားလုံးကို မှတ်မိတယ်လို့တော့မပြောနိုင်ပေမဲ့ အများစုကိုတော့သိပါတယ်။ ကျွန်မတို့ရဲ့ထောက်လှမ်းရေးကွန်ရက်ကို လျှော့မတွက်ပါနဲ့"
အမျိုးသားတစ်ဦးကလည်း ပြောလာသည်။
"ဒါဆို အဲဒီစကြဝဠာရဲ့သိုင်းပညာက ဘယ်လိုရှိလဲ"
လုချန်ရှန်းက ခဏမျှစဉ်းစားလိုက်သည်။
"သိုင်းပညာလား။ ငါတို့ကမ္ဘာမှာ သိုင်းပညာက ကျန်းမာရေးအစီအစဉ်တစ်ခုပဲ"
ဥပမာ ထိုက်ကျိလက်သီးပေါ့...
ယခုခေတ်တွင် ကြိုးဝိုင်းထဲမှာ အသေအကြေတိုက်ပွဲဝင်ကြသည်။
"အဲဒီမှာ သေနတ်လို့ခေါ်တဲ့ လက်နက်တစ်ခုကိုသုံးတယ်။ မဟုတ်ရင် ဒုံးကျည် ဒါမှမဟုတ် တခြားတစ်ခုခုပေါ့..."
လုချန်ရှန်း စကားများများပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေပင်။
သို့သော် ယောက်ျားသုံးယောက်နှင့် အမျိုးသမီးတို့ကမူ နားထောင်ရင်းနှင့် ပို၍စိတ်ရှုပ်လာသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်းမေးလိုက်ကြသည်။
"မင်းတို့ကြားဖူးလား"
"မကြားဖူးဘူး..."
"ဘယ်စကြာဝဠာမှာ ဒီလိုအရာတွေရှိလို့လဲ"
ယောက်ျားတစ်ယောက်က သုန်မှုန်နေသောအမူအရာဖြင့် ပြောလေသည်။
"အရှင်.. ကျွန်တော်တို့ကို လာလှည့်စားနေတာလား"
လုချန်ရှန်းကမူ အပြစ်ကင်းလှစွာ ပြန်ချေပလေသည်။
"မဟုတ်ပါဘူး"
အမျိုးသမီးက အေးတိအေးစက်သရော်လျက် ပြောလာလေသည်။
"ဒါဆိုရင်လည်း တခြားဘာမှပြောစရာမလိုတော့ဘူး။ အတူတူတိုက်ခိုက်ကြရအောင်"
ကျန်သုံးယောက်ကလည်း ခေါင်းညိတ်ပြသည်။
လုချန်ရှန်းသည် သူတို့ထံမှအရှိန်အဝါများကို အာရုံခံမိသောအခါ အနည်းငယ် အံ့သြသွားရသည်။
ထို့နောက် သူ စကားဆိုလိုက်၏။
"ငရဲကိုးဘုံအစီအရင် အသက်ဝင်စေ"
အခန်း ၅၅ : ငါ ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလို့ပြောရင် ယုံမှာလား
ငရဲကိုးဘုံအစီအရင်သည် ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်များထဲမှ တစ်ခုဖြစ်သည်။
၎င်း၏သတ်ဖြတ်ရေးစွမ်းအားသည်ကား သံသယဖြစ်ဖွယ်မရှိချေ။
ချောက်ကမ်းပါးပေါ်ရှိ မိုးမခပင်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွံ့အသွားရချေသည်။
ဤအရာများသည် ပုံရိပ်ယောင်အနည်းငယ်မျှသာဖြစ်သည်။
ထို့အပြင် သူတို့၏ခန္ဓာကိုယ်များ ဤနေရာတွင်ရှိနေလျှင်ပင် ငရဲကိုးဘုံအစီအရင်ကို အသုံးပြုရန်မလိုအပ်ပေ။
ဤသည်မှာ စွမ်းရည်ကို သက်သက်ဖြုန်းတီးနေခြင်းပင်။
သစ်ကိုင်းပေါ်ရှိငှက်ငယ်လေးမှာလည်း အားကိုးရာမဲ့နေ၏။
သူ့ကျင့်ကြံမှုအဆင့်သည် သိသိသာသာမြင့်မားနေသော်ငြား သူ့သည် သူ့အကန့်အသတ် သူမသိဘဲ သတိကြီးကြီးထားနေဆဲပင်..။
ဤအခိုက်အတန့်တွင် လေထဲရှိလူလေးယောက်သည် သတ်ဖြတ်ရေးစွမ်းအားများ တဖြည်းဖြည်းမြင့်တက်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏အမူအရာများမှာလည်း ပြောင်းလဲသွားချေသည်။
ဤစွမ်းအားကို သူတို့ လုံးဝမခုခံနိုင်ပေ။
ဤအစီအရင်၏တိုက်ခိုက်မှုကိုအံတုဖို့ သူတို့ နည်းနည်းလေးမှမစဉ်းစားဖူးခဲ့ကြပေ။
ပြေးပေတော့..။
သူတို့အသက်ရှင်သန်ရေးအတွက် ထွက်ပြေးရုံသာတတ်နိုင်လေသည်။
သို့သော် လုချန်ရှန်းက သူတို့ကိုလွှတ်မပေးနိုင်ပေ။
သူသည် လက်ဖဝါးကို ချက်ချင်းလှန်လိုက်သည်။
ငရဲကိုးဘုံအစီအရင်ထဲရှိ သေမင်းမြစ်ပြင်ကြီးသည် လှောင်အိမ်တစ်ခုအဖြစ်အသွင်ပြောင်းသွားပြီး သူတို့လေးယောက်ကိုဖုံးအုပ်ထားလိုက်လေသည်။
သေမင်းမြစ်ပြင်ကြီးသည် အတားအဆီးအဖြစ် အဆုံးမဲ့သေမင်းတမန်တိတ်ဆိတ်မှုများကို ထုတ်လွှတ်လိုက်သည်။ လေးယောက်သားမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ အမူအရာများအလွန်ပျက်ယွင်းသွားလေသည်။ သူတို့အနေနှင့် သူတို့မှာရှိသမျှနည်းဗျူဟာအားလုံးကိုထုတ်သုံးလျှင်ပင် ထိုအစီအရင်၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်မဟုတ်ပေ။
"ဒီစကြဝဠာကြီးထဲမှာ ဒီလိုအထွတ်အမြတ်ဆန်တဲ့သတ်ဖြတ်ရေးအစီအရင်မျိုး ဘယ်လိုလုပ်ရှိနေရတာလဲ"
"သူပြောနေတဲ့ကမ္ဘာက တကယ်ပဲ ငါတို့မသိနိုင်တဲ့အဆင့်မြင့်စကြာဝဠာကြီးများဖြစ်နေမလား"
လူတစ်ယောက်က လုချန်ရှန်းကို လက်သီးဆုပ်လျက်အရိုအသေပေးလိုက်သည်။
"ဆရာ စိတ်အေးအေးထားပါ။ ကျွန်တော်တို့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော်တို့က ခင်ဗျားနဲ့မိတ်ဖွဲ့ချင်ရုံပါ"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းက မထိန်းနိုင်ဘဲရယ်မောလိုက်သည်။
"မင်းက ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ။ မင်းရဲ့ကျင့်ကြံရေးနည်းဗျူဟာတွေကိုဖြန့်ကြက်ပြီး တိုက်ခိုက်ဖို့ပြင်ဆင်နေတာလေ။ ငါသာ မြန်မြန်ဆန်ဆန်မခုခံနိုင်ရင် မင်းတို့အောင်မြင်သွားတော့မှာမဟုတ်ဘူးလား"
သူတို့လေးယောက်၏စိတ်အစဉ်မှာ ပြိုကျလုနီးပါးဖြစ်နေလေပြီ။
ထိုသို့သောအစီအရင်ကို တည်ဆောက်နိုင်သူတစ်ဦးသည် အဘယ်ကြောင့်များ ဤပုံရိပ်လေးခုကို ကြောက်နေရသလဲ။
အောင်မြင်မတဲ့လား။ သူတို့ ဘယ်လိုလုပ်အောင်မြင်မှာလဲ။
ဤအခိုက်အတန့်တွင် အမျိုးသမီးကဝင်ပြောသည်။
"စီနီယာ.. ကျွန်မတို့က ရှင့်ကို စော်ကားဖို့စိတ်ကူးမရှိပါဘူး၊ ကျေးဇူးပြုပြီး အစီအရင်ကိုဖယ်လိုက်ပါ။ အဲဒီလိုဆိုရင် ကျွန်မတို့အချင်းချင်းခင်မင်ရင်းနှီးမှုလည်း ရနိုင်တယ်။ အဲဒါက ပိုမကောင်းဘူးလား"
ခင်မင်မှုလား။
တစ်ဖက်လူများက သူ့ကို ထပ်မနှောင့်ယှက်တော့ဘူးဟူသည့်အဓိပ္ပါယ်လေလား။
လုချန်ရှန်း အပျော်လွန်သွားချေသည်။ သူ သဘောတူခါနီးတွင် အတားအဆီး၏အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။
"ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီ။ အယ်. ဘာလို့ အတားအဆီးဖွင့်ထားတာလဲ"
"ဆရာ.. တံခါးဖွင့်ပါဦး"
ထိုအသံနှစ်သံကိုကြားလိုက်ရသောအခါ လုချန်ရှန်း၏မျက်နှာမှာ ဝင်းပသွားလေသည်။
စားဖိုမှူးတွေ... အိုး..မဟုတ်သေးဘူး... ငါ့တပည့်တွေပြန်ရောက်ပြီလား..
သို့သော် ဤပျော်ရွှင်မှုကြောင့် သူသည် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးရာချီစွမ်းအင်ကို တစ်ခဏမျှမထိန်းချုပ်နိုင်လိုက်ဘဲ လက်သီးများကိုဆုပ်လိုက်မိသည်။
ငရဲကိုးဘုံအစီအရင်၏စွမ်းအားများ ရုတ်ခြည်းထွက်ပေါ်လာသည်။
သေမင်းမြစ်ပြင်ကျယ်ဖြင့်ဖွဲ့စည်းထားသော ရေအတားအဆီးကြီးတစ်ခုသည် ယခုအခိုက်အတန့်လေးတွင် ထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့လေးယောက်ဆီသို့ အရပ်မျက်နှာအဖက်ဖက်မှ တိုးဝင်လာခဲ့သည်။
အုန်း..
"မင်း ပြန်ပေးဆပ်ရလိမ့်မယ်"
"အနာဂတ်မှာ ငါတို့ဂိုဏ်းဆင်းသက်လာတဲ့အခါ မင်းတော့အဆုံးသတ်ပြီပဲ"
လုချန်ရှန်း အံ့သြသွားရသည်...။
သူ ခေါင်းငုံ့ပြီး လက်သီးဆုပ်ထားသောလက်ကို ကြည့်လိုက်မိသည်။ ငိုချင်သော်လည်း မျက်ရည်ကကျမလာချေ။
"ငါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူးလေ။ အဲ့လိုလုပ်စရာလိုလို့လား..."
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့အတူတကွရောက်ရှိလာကြသည်။
"ဆရာ ကျွန်တော်တို့ပြန်ရောက်ပါပြီ"
ထိုစကားကိုကြားသောအခါ လုချန်ရှန်းက သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ချိုးပိုင်ခမျာ ထိတ်လန့်သွားပြီး မရဲတရဲမေးလိုက်မိသည်။
"အိုး. ဆရာ ဘာဖြစ်နေတာလဲ"
လုချန်ရှန်းသည် ထိုလူများက သူ့ကိုလက်စားပြန်ချေတော့မည်ဟု တွေးလိုက်မိသောအခါတွင် ပို၍ပင်ဒေါသဖြစ်သွားရသည်။ သူက ယဲ့ချိုးပိုင်နှင့်ဟုန်ရင်ကိုပြောလိုက်သည်။
"ငါ မင်းတို့ကို အပြစ်ပေးမယ်။ အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမယ်။ ဝိညာဉ်ရေးရာချီစွမ်းအင်ကို သုံးခွင့်မရှိဘူးနော်"
ဤတောင်တန်းသည် စံအိမ်တော်၏အပိုင်ဖြစ်သည်။
တောင်တန်းကို ဝိညာဉ်ရေးရာချီစွမ်းအင်မပါဘဲ သန့်ရှင်းရေးလုပ်ရမည်ဆိုပါက ဘယ်လောက်များကြာလိုက်မလဲ...
အရေးကြီးဆုံးအချက်ကတော့ သူတို့ ဘာအမှားလုပ်မိသွားမှန်းမသိခြင်းပင်။
သို့သော် လုချန်ရှန်း၏ မကျေမနပ်ဖြစ်နေသောမျက်နှာကို မြင်သောအခါ ပါးစပ်ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့မှာ တံမြက်စည်းများကိုကောက်ကိုင်ပြီး တောင်အောက်ကိုဆင်းဖို့ ပြင်လိုက်ကြသည်။
"နေဦး"
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ အံ့သြတကြီးလှည့်ကြည့်လိုက်ကြသည်။
လုချန်ရှန်းက မီးဖိုချောင်ကိုညွှန်ပြပြီး ပြောလေသည်။
"အရင်သွားပြီး ချက်ပြုတ်ချေ"
ယဲ့ချိုးပိုင် : "..."
ဟုန်ရင် : "..."
တစ်ဖက်တွင်မူ..
မြောက်ပိုင်းတိုင်းနေမဝင်အင်ပါယာရှိ ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးထဲ၌..
အရှေ့ဘက်တွင် နဂါးပလ္လင်တစ်ခုရှိပြီး နောက်ကျောဘက်တွင်မူ နေဝန်းနီဟုရေးထွင်းထားသည်။
နဂါးပလ္လင်အောက်ရှိလူများကို ထိုနေဝန်းနီကိုခစားဖို့ကလွဲပြီး ရွေးချယ်စရာမရှိအောင်ပြုလုပ်ထားသော ခပ်ဖျော့ဖျော့စွမ်းအားတစ်ခုရှိနေချေသည်။
ထိုအချိန်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။
ထိုလူသည် ရွှေရောင်နဂါးဝတ်ရုံကိုဝတ်ဆင်ထားသည်။ နဂါးဝတ်ရုံပေါ်တွင် ငါးရောင်ခြယ်တိမ်တိုက်ဖြင့် အလှဆင်ထားသော ရွှေရောင်နဂါးကိုးကောင်ရှိလေသည်။
ထိုပုဂ္ဂိုလ်သည် နေမဝင်အင်ပါယာ၏အုပ်စိုးရှင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်လေးရထားသည်။
ဟွမ်ယီထုံဟူသောအဓိပ္ပါယ်မှာ နယ်မြေလေးခု၏ဧကရာဇ်များပေါင်းစည်းရေးကို ဆိုလိုသည်။ သူ ဘယ်လောက် ရည်မှန်းချက်ကြီးသလဲဆိုသည်မှာ ရှင်းလင်းနေချေသည်။
ဟွမ်ထျန်းမင်သည် ထိုအုပ်စိုးရှင်၏ခြေရင်း၌ ဒူးထောက်နေလေသည်။
ဟွမ်ယီထုံ၏အမူအရာမှာ တိတ်ဆိတ်နေပြီး ဝမ်းသာနေသလား၊ ဒေါသထွက်နေလားဆိုသည်ကို မည်သူမှတပ်အပ်မပြောနိုင်ပေ။
သို့သော် ထိုသို့တည်ငြိမ်နေသောကြောင့်ပင် ပုလ္လင်အောက်ရှိလူများ ဖိအားများနေသည်မှာ အသေအချာပင်။
"မင်း ဘာမှားခဲ့လဲဆိုတာငါ့ကိုပြောပြ"
ဟွမ်ထျန်းမင်၏နဖူးထက်ဝယ် ချွေးစေးချွေးပေါက်များကျလာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ပြော၏။
"ကျွန်တော် ရန်သူကိုလျှော့တွက်မိတာမှားသွားပါတယ်"
ဟွမ်ယီထုံသည် သူ့ဝိုင်ခွက်ကိုကောက်ကိုင်ပြီး တစ်ငုံမော့လိုက်သည်။
"အဲဒီအကြောင်းကိုပြောပြ"
ထိုစကားကိုကြားသော် ဟွမ်ယီထုံကပြန်ပြောလိုက်သည်။
"ယဲ့ချိုးပိုင်ရဲ့အဆက်အသွယ်တွေကို ကျွန်တော်လုံးဝမသိခဲ့ဘူး။ သူ့ကိုကူညီပေးမဲ့ပညာရှင်တစ်ယောက်ရှိမယ်လို့လည်း ထင်မထားဘူး"
"သူက မြောက်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ရဲ့အကြီးအကဲချုပ်ယွင်ကျင်းရဲ့အကူအညီကိုတောင်ရခဲ့တယ်"
"အင်း..ဆက်ပြော"
ဟွမ်ထျန်းမင်၏နဖူးမှချွေးသီးများသည် မြေပြင်ပေါ်သို့တိုင်ကျဆင်းလာသည်။
အပ်ကျသံကိုပင် အတိုင်းသားကြားနိုင်သည်။
"ကျွန်တော်တို့သံချပ်ကာယန္တရားတပ်နဲ့ ကျန်းကျွင်းက ယဲ့ချိုးပိုင်ကိုချက်ချင်းမသတ်နိုင်ခဲ့ဘဲ တစ်ဖက်လူရဲ့စစ်ကူတွေရောက်လာတဲ့အထိအချိန်ဆွဲခဲ့မိပါတယ်"
"ဟမ်..."
ဟွမ်ထျန်းမင် ဟောဟဲဆိုက်ရင်း ဖိအားများကိုကြံ့ကြံ့ခံကာ ဆက်ပြောလိုက်သည်။
"ပြီးတော့ ... ကျွန်တော်က သံချပ်ကာယန္တရားတပ်ကိုစုရုံးခေါ်ဆောင်သွားပေမဲ့ လာရင်းကိစ္စကိုအောင်မြင်အောင်မလုပ်နိုင်ခဲ့တဲ့အပြင် သံချပ်ကာယန္တရားတပ် တစ်ဝက်နီးနီးဆုံးရှုံးသွားအောင်လုပ်ခဲ့မိပါတယ်"
"တခြား ဘာမှမရှိတော့ဘူးလား"
"ခမည်းတော်..လမ်းပြပေးပါဦး"
ဟွမ်ယီထုံသည် မျက်ခုံးပင့်လျက် ဟွမ်ထျန်းမင်ကို ကြည့်လိုက်သည်။
"ဟွမ်ထျန်းမင် မင်း အခုထိနားမလည်သေးဘူး။ မင်း ငါ့ကို စိတ်ပျက်အောင်လုပ်နေတာပဲ"
ဟွမ်ထျန်းမင်၏မျက်နှာ ဖြူဖျော့သွားရချေသည် ။
ဟွမ်ယီထုံက မတ်တတ်ထရပ်ပြီး သူ့နောက်ကျောဘက်ရှိနေဝန်းနီကို စိုက်ကြည့်နေသည်။
"အရိပ်လုပ်ကြံရေးအဖွဲ့ကို ဘာလို့မလှုပ်ရှားခိုင်းတာလဲ"
ဟွမ်ထျန်းမင်၏မျက်နှာ ဖြူဖျော့သွားပြန်သည် ။
"အရိပ်လုပ်ကြံရေးအဖွဲ့ကို တမင်တကာမလှုပ်ရှားခိုင်းဘဲ ယဲ့ချိုးပိုင်ကို မင်းလက်နဲ့ကိုယ်တိုင်သတ်ချင်လို့ပဲမဟုတ်လား"
ဟွမ်ထျန်းမင် တုန်လှုပ်သွားရသည်။
ဟွမ်ယီထုံက ထပ်ပြောလေ၏။
"မင်းက မင်းသားတစ်ပါးဖြစ်ပြီး ထီးနန်းဆက်ခံမဲ့သူတစ်ယောက်ဆိုလည်းဟုတ်တယ်။ ဒါ ဘာအဓိပ္ပါယ်လဲဆိုတာ မင်းသိလား"
ဖြစ်ပျက်နေသည့်အရာများကို ဟွမ်ထျန်းမင်နားလည်သဘောပေါက်သွားသည်။
သူ့လည်ချောင်းထဲမှာ အရာဝတ္ထုတစ်ခု တစ်ဆို့နေသလို ခက်ခက်ခဲခဲဖြင့်စကားဆိုလိုက်ရ၏။
"ခံစားချက်တွေနစ်မွန်းပြီး ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင် မလုပ်သင့်ပါဘူး။ အန္တရာယ်ပေးနိုင်တယ်လို့ခံစားရရင် အညွန့်ဖူးနေတုန်းအချိန်မှာပဲ ဖျက်ဆီးသင့်ပါတယ်"
ဟွမ်ယီထုံက ဆက်ပြောပြန်၏။
"တော်ဝင်မိသားစုက အကြင်နာမဲ့တယ်။ ပြတ်ပြတ်သားသားသုတ်သင်ပစ်လိုက်တာက အောက်ခြေစည်းတစ်ခုပဲ။ မင်း ခြိမ်းခြောက်ခံနေရတယ်လို့ခံစားရရင် သူက မင်းရဲ့ဆွေမျိုးသားချင်းဖြစ်နေရင်တောင်သတ်ပစ်ရမယ်။ မင်းနားလည်လား"
ဟွမ်ထျန်းမင် ခက်ခက်ခဲခဲခေါင်းညိတ်ပြလိုက်သည်။
"အဲဒီမိန်းမက မင်းကြိုက်တဲ့လူဆိုပေမယ့် မင်းကို ခြိမ်းခြောက်လာပြီဆိုတဲ့အခါ သူ့ကို စွန့်ပစ်နိုင်ရမယ်။ အဲလိုမျိုးမင်းလုပ်ခဲ့လား"
ဟွမ်ထျန်းမင်ခမျာ ဘာမှပြန်မပြောနိုင်ချေ။ သူ့တစ်ကိုယ်လုံးလည်း ချွေးများရွှဲနေချေသည်။
ဟွမ်ယီထုံက ရုတ်တရက်လှည့်ကြည့်လာပြီး မေးလေသည်။
"အဲဒီအစား မင်းဘာလုပ်လိုက်လဲ"
"ကျွန်တော့်အမှားကို ကျွန်တော်သိပါပြီ..."
ထိုအခြင်းအရာကိုမြင်သောအခါ ဟွမ်ယီထုံက သူ့လက်ကိုဝှေ့ယမ်းပြီးပြောလိုက်သည်။
"မင်းသွားလို့ရပြီ။ မင်းကို အိမ်ရှေ့စံရာထူးကနေဖယ်ရှားပြီး ငါ့ရဲ့ဒုတိယသားတော်ကို လွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်မယ်။ အဲဒီရာထူးကို မင်းပြန်ယူချင်ရင် ဒီခြိမ်းခြောက်မှုကို အရင်ဖြေရှင်းရမယ်။"
"ဟုတ်ကဲ့..."