35 01
CHAPTER (35)
လူတစ်ရာလျှင်တစ်ဖွဲ့စီဖွဲ့၍ အစဉ်လိုက်ထွက်ခွာကြပြီး တောင် ခြေစစ်တန်းလျားကို ပတ်သည့် အပြေးလေ့ကျင့်နေသည့် ဧရာမလူအုပ်ကြီးသည် ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ တပ်သားအသစ်များအားလုံး ငြီးငြူ၊ အထွန့်တက်နေကြသော်လည်း မည်သည့် အရာ၌ မျှ မနှောင့်နှေးခြင်း မရှိခဲ့ပေ။ ဟယ်ယန့်အဖွဲ့ကို ကြီးကြပ်မည့် အဖွဲ့မှူးသည် လျန်မျိုးရိုးဖြစ်ပြီး အမည်မှာလျန်ပင်ဖြစ်သည်။ ကြီးကြပ်သူနည်းပြရှန်ကဲ့သို့ ဒေါသကြီးရက်စက်သူတစ်ဦး လည်းဖြစ်၏။
"မြန်မြန်လုပ် ပုံစံယူပြီးထွက်တော့"
အမိန့်ဆုံးသည်နှင့် အဖွဲ့ဝင်အားလုံး အဖွဲ့လိုက်သဲအိတ်ထမ်းပြေးခြင်း စတင်ခဲ့ကြသည်။ ကျောအထက်ထိုမျှ လေးသော သဲအိတ်ကြီးထမ်းထားရသဖြင့် မိမိကျောအထက်ဧရာမကျောက်ဆောင်တစ်ဆောင်ထမ်းထားရသကဲ့သို့ ခံစားနေရပြီး ဟယ်ယန် တစ်ယောက် ဟန်ချက်ညီစွာ ပင်မရပ်နိုင်ခဲ့ပေ။ သခင်မလေးဟယ်အဖြစ် ပြန်လည်မွေးဖွားချိန်မှ စတင်ပြီး ဟယ်ယွင်ရှန်း နှင့် အတူနေ့စဉ်ရက်ဆက်တောင် တက်ထင်းခွေထွက်နေခဲ့သော်လည်း အားနည်းလှသော ခန္ဓာကိုယ်အားကျန်းမာစေနိုင်ခဲ့ကာ သက်တူရွယ်တူမိန်းကလေးများထက် အနည်းငယ် မျှ သာပိုသန်မာလာခဲ့သည်။ သို့ရာတွင် ရှောင်ကျွယ်၏ တင်းမာလှသော တပ်လေ့ကျင့်မှုသည် မိမိအဖို့ အလွန့်အလွန်မှ ခက်ခဲလို့ နေ၏။ အတိတ်ဘဝဟယ်ယန် မှ ဤလေ့ကျင့်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း လက်ရှိဟယ်ယန် အဖို့ ဤသည်မှာ အလွန်ခက်ခဲလို့ နေသည်။
ဟယ်ယန့်အားအဆက်မပြတ်ကျော်တက်သွားသူများရှိနေသည်။ တပ်အတွင်း အမှုထမ်းရန် လာရောက်စာရင်းပေးခဲ့သူအများစုသည် ထောင်ထောင်မောင်းမောင်းထွားကြိုင်းသူများဖြစ်ကြသည်။ အရပ်မရှည်သူများပင်ဖြစ်စေ ထိုသူများသည်နိမ့်ပါးဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် အလုပ်ကြမ်းသမားများဖြစ်ကြသည်။ သဲအိတ်ထမ်းပြေးခြင်း သည်ပင်ပန်းသော်လည်း ၎င်းတို့အဖို့ အဆင်ပြေနေသေး၏။ ဟယ်ယန် ကဲ့သို့ အားနည်းသူတစ်ဦး မျှ မရှိလျက် ရှိခဲ့သူတချို့သည်လည်း လျန်ကျိုးသို့ လာရာခရီးလမ်း၌ ခရီးပန်း၍ သေဆုံးခဲ့ကြသည်။ လပြာတောင် ခြေရှိ လျန်ကျိုးခံတပ်စခန်းတွင် ခွန်အားဗလအရာ၌ ဟယ်ယန် သာလျှင်အားအနည်းဆုံးဖြစ်နေသည်။
စီတုံနှင့် ရှောင်မိုင်တို့သည် လျင်မြန်စွာ ပြေးတက်သွားကြသည်။ တောင် ပေါ်၌ အမဲလိုက်ထွက်လေ့ရှိသဖြင့် မကြာခဏဆိုသလို သားကောင်ကို အမှီလိုက်ဖမ်းဆီးရလေ့ရှိသည်။ သားကောင်ဖမ်းမိသည်နှင့် ကျော၌ ထမ်း၍ သော်လည်းကောင်း ခါး၌ ချည်၍ သော်လည်းကောင်း ချည်နှောင်လျက် ဆက်လက်အမဲလိုက်နေခဲ့ကြရသည်။ ထို့ကြောင့်သဲအိတ်ထမ်းပြေးခြင်း သည် ထိုညီနောင်အဖို့ အနည်းငယ် ပိုလေးသော အလေးချိန်ကို ခရီးအစမှ ခရီးအဆုံးထမ်းပြေးရခြင်း သာဖြစ်သဖြင့် လွယ်ကူနေခဲ့သည်။ အသက်ကြီးသော ဟုန်ရှန့်မူ တစ်ပတ်ပြေးပြီးသည်နှင့် ဟောဟဲလိုက်လာသည်။ နှဖူးမှ ချွေးများကို သုတ်လျက်
"ဒါကတော်တော်လေးလူမဆန်တာပဲ"
ဟယ်ယန် ထံမှ တုံ့ပြန်စကားကို မကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဟယ်ယန် သည် မိမိနှင့်ဆယ်လှမ်းစာမျှ ပျက်ကျကျန်ရစ်လို့ နေသည်။ အရှိန်အနည်းငယ် လျှော့၍ ဟယ်ယန် မီလာသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် ဟယ်ယန့်အား
"အားဟယ် မင်းအားတင်းနိုင်သေးလား မင်းကြည့်ရတာအတော်မသက်မသာဖြစ်နေတာပဲ"
ဟယ်ယန့်မျက်နှာဖြူဖျော့နေပြီး နှဖူးထက်မှ ချွေးသီးပေါက်များ မေးစေ့အထိအဆက်မပြတ်စီးကျနေကာ အင်္ကျီလည်ပင်းတစ်ဝိုက်ချွေးများစုနေသည်။ ကျော၌ သဲအိတ်ထမ်းထားရသဖြင့် မြို့တော်ဆိပ်ကမ်းတွင် မိဘများကိုယ်တိုင်ဂိုဏ်းလူထံသို့ ရောင်းစားခဲ့ကြသည့် ကလေးအလုပ်သမားများကဲ့သို့ ဖြစ်နေသဖြင့် မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်။
"ကျွန်တော်အဆင်ပြေပါတယ် အစ်ကို ရှန့် ကျွန်တော့်ကို စိတ်မပူပါနဲ့ အစ်ကို အရင်ပြေးနှင့် ကျွန်တော်အမြန်မပြေးနိုင်လို့ အနောက်ကနေဖြည်းဖြည်းချင်း ပြေးလိုက်ခဲ့မယ်"
ဟယ်ယန် ပြုံး၍ ဖြေလိုက်သည်။
"အစ်ကို ပြေးလို့ ပြီးသွားရင်တဲမှာသွားနားတော့ ကျွန်တော့်ကို မစောင့်နေနဲ့"
"မင်းအကြီးအကဲနည်းပြကြီးကို ပြောလိုက်ပါလား"
ဟုန်ရှန့်မှ အိုးတိုးအန့်ဖြင့် အကြံပြုလိုက်သည်။ ၎င်းတို့ကို မည်သူမျှ စောင့်ကြည့်ခြင်း မရှိသည်ကို မြင်၍ ဟယ်ယန့်အနားသို့ တိုးကပ်၍ တီးတိုးပြောလိုက်သည်။
"ဒါမဟုတ် မင်းအပတ်ရေနည်းနည်းလောက်ခိုလိုက်ပေါ့ ဘယ်သူမှ သိမှာမဟုတ်ပါဘူး ကွာ"
"ကျွန်တော်လုပ်နေတဲ့အလုပ်ကို ကျွန်တော်သိတာပေါ့"
ဟယ်ယန် ရယ်မောကာတုံ့ပြန်လိုက်သည်။
"အစ်ကို ရှန့် ခင်ဗျားအရင်ပြေးလိုက်ပါဗျာ နောက်မှ တွေ့ကြတာပေါ့"
35 02
သဲအိတ်ထမ်း၍ ဆက်လက်မပြေးခဲ့မီ ဟယ်ယန် အကူအညီ မလိုကြောင်း ဟုန်ရှန့်အထပ်ထပ်အခါခါအတည်ပြုနေခဲ့ပြီး ဟယ်ယန် မှ ခေါင်းကုတ်လျက် ရယ်ကျဲကျဲဖြင့် ကျန်ရစ်နေခဲ့သည်။ အကြီးအကဲနည်းပြကို မလုပ်နိုင်ကြောင်းပြောသင့်သလော။ဤသည်မှာ မဖြစ်နိုင်။တပ်အတွင်း ဝင်ပြီးသည်နှင့် မလုပ်နိုင်သည့် တိုင်လုပ်ခဲ့ရမည်။ရေသာခိုခဲ့သင့်သလော။ဤသည်မှာလည်း မဖြစ်နိုင်ပေ။ အနီးပတ်ဝန်းကျင်၌ လူတစ်ဦး မျှ မရှိသော်လည်း နည်းပြများသည်ပါးနပ်ကြပြီး အနီးပတ်ဝန်းကျင်၌ ကင်းပုန်းချစောင့်ကြည့်နေတတ်သည်။ အပတ်ရေအနည်းငယ် သာအချောင်ခိုပြေးခဲ့သော် စစ်တပ်စည်းကမ်းသွေဖည်ရာရောက်လိမ့်မည်။ဤသည်ကို မိမိစစ်သူကြီးဘဝ၌ ပင်သိခဲ့ခြင်း ဖြစ်ပြီး မိမိ၏ တပ်သားဖြစ်သူဟူသမျှ မိမိအားဖုံးကွယ်နိုင်ခြင်း မရှိခဲ့ပေ။ မည်သို့ ဖြစ်စေ ဟယ်ယန် နှဖူးမှ ချွေးစများကို သုတ်ပြီး ခေါင်းအထက်ရှိရွှေရောင် နေလုံးကြီးကို မော့ကြည့်လိုက်သည်။ ပူပြင်းလိုက်ပါဘိ။
မြို့စောင့်တပ်စခန်းအတွင်း မှ လူတစ်ယောက်လမ်းလျှောက်ထွက်လာသည်။ ချန်လီစုတစ်ယောက် လက်အတွင်း ခေါက်ယပ်တောင် တစ်ချောင်းကိုင်လျက် ကိုယ့်ကိုယ်ကိုယ်ယပ်ခပ်နေပြီး အဝေးမှ တိမ်ဖုံးနေသည့် တောင် ထွပ်ဆီသို့ မျှော်ကြည့်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် ဤသို့ ပြောလိုက်သည်။
"ဒီမြင်ကွင်းလေးကသာယာလိုက်တာ မြို့တော်ထက်အဆပေါင်းတစ်သော င်းမကသာတယ် ဦးရီးတော်က တကယ်ကို အမြင်ရှိတာပဲ"
ထိုသူ့အနောက်မှ ရှောင်ကျွယ်လိုက်ပါလာသည်။ တိမ်အကွက်သဏ္ဍာန်ရှိ အနက်နှင့် ရွှေစပ်ချိတ်ပိုးဝတ်ရုံဝတ် ဆင်လျက် ခါး၌ ဓားရှည်ကို ချိတ်ဆွဲထားသည်။ ကြယ်များပမာတောက်ပသော မျက်ဝန်းတစ်စုံနှင့် နီမြန်းသော နှုတ်ခမ်းတစ်စုံဖြင့် အရည်အချင်းရှိ၍ ချောမောသော အမျိုးသားတစ်ဦး ပင်။ ထိုသူသည်ဤပတ်ဝန်းကျင်၌ ဖြတ်သွားဖြတ်လာတစ်ဦး ကဲ့သို့ ဖြစ်နေပြီး ဤအေးစက်ခါးသက်သော နေရာ၌ အရောင် အလွှာတစ်လွှာထပ်ပေါင်းထည့်သကဲ့သို့ ဖြစ်နေသည်။
"ပြေးနေပါရော့လား ကျွတ် ကျွတ် ကျွတ်"
ချန်လီစုခေါင်းယမ်းလျက်
"ကျွန်တော်သာဒီလိုပြေးရမယ်ဆိုရင် ဆယ့်ငါးမိနစ်အပြင်ပိုခံမှာမဟုတ်ဘူး ပဲ"
"ဒါဖြင့် မင်းပြန်သွားလိုက်တော့"
တုံ့ပြန်ရရှိခဲ့သော အဖြေသည် အေးစက်သော ထေ့စကားတစ်ခွန်းသာဖြစ်ခဲ့သည်။
"အာ ဘာပြောတယ် လေတိုက်တာပြင်းသွားလို့ မကြားလိုက်သလိုပဲ.... ဦးရီးတော် ဒီမှာဘယ်သူလဲကြည့်ပါဦး"
အလျင်အမြန်ပင် ချန်လီစုစကားလမ်းကြောင်းလွှဲလိုက်သည်။ ၎င်းတို့အနီးသို့ ရောက်ရှိလာသူသည် အကြီးအကဲနည်းပြရှန်၊ ရှန်ဟန်ဖြစ်သည်။ ၎င်းတို့နှစ်ဦးအရှေ့၌ ခြေလှမ်းများရပ်တန့်သွားပြီး ရှောင်ကျွယ်ကို အလေးပြုလိုက်သည်။
"တပ်မှူး"
"တပ်သားအသစ်အခြေအနေ တွေ ဘယ်လို ရှိသလဲ"
ရှောင်ကျွယ်မေးလိုက်သည်။
"အတော်လေးအဆင်ပြေပါတယ် မလိုက်နိုင်တဲ့တစ်ယောက်တော့ရှိပေမဲ့လို့ နည်းနည်းလောက်လေ့ကျင့်ပေးပြီးရင်တော့ အဆင်ပြေမှာပါ"
ရှန်ဟန်တုံ့ပြန်လိုက်သည်။
"အဲဒီသူဘာဖြစ်နေတာပါလိမ့်"
ချန်လီစုအဝေးတစ်နေရာသို့ ညွှန်ပြလိုက်သည်။
"သူ့ကြည့်ရတာဒူးထောက်လဲတော့မဲ့အတိုင်းပဲ"
လမ်းရှည်ပေါ်၌ အရပ်ပုပုလူတစ်ဦး ပြေးနေလျက် ရှိသည်။ ပြေးနေသည်ဟု ဆိုသော်လည်း ထိုသူပြေးပုံသည် နှေးကွေးလွန်းလှ၏။ ထို့အပြင် အလွန်အမင်း အားနည်းပုံရှိကာ ကျောအထက်ထမ်းထားသည့် သဲအိတ်သည်ပင် ၎င်းထက်ပိုမိုလေးလံနေခဲ့ဦးမည်။
"အဲဒါလျန်ပင်ရဲ့ တပ်သားပါ သူပြေးနေတာလေးကြော့မြောက်ရှိပါပြီ"
"လေးကြော့မြောက်"
ရှောင်ကျွယ်မျက်ခုံးပင့်မိသည်။ တခြားသူများမူ ခုနစ်ကြော့မြောက်ရှိနှင့် ကြပြီဖြစ်သော်လည်း ဤသူသည်လေးကြော့မြောက်သာရှိသေးလျက် အလွန်အလှမ်းဝေးစွာ ပြတ်ကျန်နေခဲ့သည်ပင်။
"သူ့အခြေအနေ ကဆိုးလွန်းပါတယ်"
ရှောင်ကျွယ်ခပ်ပေါ့ပေါ့ပြောလိုက်သည်။ ချန်လီစုနှင့် ရှန်ဟန်တို့ တစ်ဦး မျက်နှာတစ်ဦး ကြည့်လျက် မည်သည့် စကားမျှ မဆိုခဲ့ပေ။ ရှောင်ကျွယ်မှ ထိုသူ့အခြေအနေ ဆိုးလွန်း၏ ဟုဆိုခဲ့သော် အမှန်ပင်အခြေအနေ ဆိုးလွန်းသဖြင့် တိုက်ပွဲအတွင်း မသွားရောက်နိုင်သူသာဖြစ်သည်။
"အခြေအနေ အရမ်းဆိုးလည်းအဆင်ပြေပါတယ်"
ချန်လီစုအကြံတစ်ခု တွေးမိသဖြင့် ပြုံးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်ဆိုလည်းမဆိုးလှပါဘူး သူ့အရည်အချင်းသာကောင်းမယ်ဆိုရင်ပေါ့"
35 03
အရည်အချင်းကောင်းရန် မျှော်လင့်ထားခံရသည့် ဟယ်ယန် မူ မိမိအကြောင်း ပြောနေသည်ကို မသိလျက် တတ်နိုင်သမျှ ခပ်မြန်မြန်ပြေးလို့ နေသည်။ ကျော၌ ထမ်းထားသော သဲအိတ်သည်လေးလွန်းလှသော်လည်း ဆက်လက်ပြေးရဦးမည်။လက်ရှိကာယလေ့ကျင့်မှုသည် အစသာရှိသေးသည်ကို နားလည်ပြီး အချိန်ကာလတစ်ခု ကြာပြီးသော် ဓား၊ လှံ၊ လေးနှင့် မြှားကဲ့သို့ သော အရည်အချင်းလေ့ကျင့်မှုများသို့ တဖြည်းဖြည်း တိုးမြှင့်သွားမည်။သို့သော်ငြားလည်း လက်ရှိကိုယ်ကာယကြံခိုင်မှုကို မကျော်လွှားနိုင်သော် အရည်အချင်းလေ့ကျင့်ရေးသို့ တက်လှမ်းနိုင်ခြင်း မရှိဘဲ အဖွဲ့ခေါင်းဆောင်အဖြစ် သို့ ချက်ချင်း ရောက်ရှိသွားရမည်ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်မဖြစ်လိုပေ။
ဘူး စင်အနီးတွင် ဟုန်ရှန့်မှ ၎င်း၏ နောက်ဆုံးအပတ်ရေပြီးမြောက်ခဲ့ပြီး ရှောင်မိုင်နှင့် စီတုံတို့နားနေသည့် ဗူးစင်သို့ ရောက်ရှိသွားခဲ့သည်။ ထိုညီအစ်ကို ဘေး၌ ဝင်ထိုင်ခဲ့သောအခါ ရှောင်မိုင်မှ ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ပြီး
"အစ်ကို အားဟယ်ရော သူဘာလို့ မလာသေးတာလဲ"
"မသိဘူး လေ သူ့ကို မမြင်မိဘူး"
ဟုန်ရှန့်အနည်းငယ် စိတ်ပူမိသည်။
"ဒီကောင်မပြေးနိုင်တော့လို့ များ ထွက်မလာတာလား"
"ခင်ဗျား အစ်ကို အားဟယ်ကို နှစ်ပတ်လောက်ခိုဖို့မပြောခဲ့ဘူး လား"
ရှောင်မိုင်တီးတိုးရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မမြင်မဲ့ဟာကို"
"ငါသူ့ကို ပြောတယ် ဒီကောင်ကခေါင်းမာတဲ့မြည်းကွ သူကနားမထောင်တာ ငါလည်းဘယ်တတ်နိုင်မတုန်းကွာ"
ဟုန်ရှန့်မှ လက်ကို ဆန့်လျက် မတတ်နိုင်ကြောင်းပြောပြခဲ့သည်။ ထိုသို့ စကားပြောနေစဉ် အနေအေးလှသော စီတုံမှ
"သူဒီရောက်ပြီ"
စီတုံကြည့်နေရာသို့ လိုက်ကြည့်သောအခါ တောအုပ်အဆုံးလမ်းရှည်၌ ကောင်လေးတစ်ဦး ၎င်းတို့ထံဖြေးညှင်းစွာ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ ၎င်းခန္ဓာကိုယ်နှင့် စာလျှင် ထမ်းပိုထားသော သဲအိတ်အရွယ်သည်ပိုမိုကြီးမားနေ၏။ ခေါင်းတစ်ခု လုံးချွေးများဖြင့်စေးပိုင်နေပြီး နားထင်၌ ချွေးများသီးကာ မေးတစ်လျှောက်ချွေးပြိုက်ပြိုက်ကျလျက် မေးစေ့မှ အင်္ကျီလည်ပင်းအထိ ချွေးများရွှဲအိုင်လို့ နေသည်။ ထမ်းပိုးထားသော အလေးချိန်ကြောင့် ၎င်းခြေထောက်သည်လည်း ခြေလှမ်းသည်နှင့် မြေကြီးအတွင်း နစ်ဝင်နေသည်။ ဘူး စင်အနားမှ ဖြတ်ကျော်သွားသော်လည်း ၎င်းတို့ထံတစ်ချက် မျှ ငဲ့ကြည့်ခြင်း မရှိလျက် ထို့အစားရှေ့ဆက်၍ နောက်တစ်ပတ်ဆက်ပြေးလို့ နေသည်။
"သူဆက်ပြေးနေသေးတာပဲ"
ရှောင်မိုင်တီးတိုးရေရွတ်လိုက်သည်။ ဟယ်ယန် မနားခဲ့ပေ။
Telegram မှာ အပိုင်း ၁၃၂အထိ ရောက်ပါပြီနော်။