၂၁၂။ သန္ဓေပြောင်းဇွန်ဘီ
မုန့်ယွဲ့သည် စကားပြောပြီးသည့်အခါ သူမ၏တစ်ကိုယ်လုံးသည် အေးခဲသွားသည်။ ထို့နောက် သူမသည် ချက်ချင်းထလာကာ ဝူယွဲ့လင်းကို နောက်တွင်ကာထားလိုက်ပြီး တံခါးကို သတိအပြည့်ဖြင့် ကြည့်လိုက်သည်။
ဘာဖြစ်လို့လဲ?
မုန့်ယွဲ့သည် သူ့အမေးကို မဖြေဘဲ တံခါးကိုပဲ ကြည့်နေသည်။ ထိုအချိန်တွင် တံခါးလက်ကိုင်ကို ဖွင့်လိုက်သည့်အသံများကို ကြားလိုက်သဖြင့် နောက်သို့ဆုတ်လိုက်ကာ ဝူယွဲ့လင်းကို ကာထားလိုက်ကြသည်။ ဝူယွဲ့လင်းသည်လည်း သူတို့နှစ်ယောက်ကြောင့် သူမ၏မြက်ပုစဉ်းရုပ်လေးကို အိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။
တံခါးသည် ပွင့်သွားပြီး ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထို့နောက် အတော်သေးပုသည့် သဏ္ဍာန်သည် တံခါးဝတွင် ရပ်နေသည်။ တံခါးပွင့်သွားသည့်အခါ ဇွန်ဘီမငယ်ငယ်လေးသည် ခေါင်းကိုကဲကြည့်ကာ မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့ကို သူမ၏သိချင်စိတ်ဖြင့် ပြည့်နေသည့် မျက်လုံးစိမ်းများဖြင့် ကြည့်နေသည်။
ဘာလဲ? နှစ်ယောက်တည်းလား?
သူမသည် နားမလည်စွာကြည့်လိုက်သည်။
လူသုံးယောက်ဟု အာရုံရတာပါ။ ဘာဖြစ်လို့ နှစ်ယောက်တည်းပဲ ငါမြင်နေရတာလဲ?
သူမ၏မျက်လုံးစိမ်းများအောက်မှ အနက်ရောင်မျက်ကွင်းများကို မြင်သည့်အခါ မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် ချက်ချင်းလှုပ်ရှားကြတော့သည်။ ရှောင်ယွင့်လုံသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်နှစ်ဖက်ကို ထုတ်လိုက်သည်။ ထိုအခါ အခန်းထဲက သတ္တုပစ္စည်းများသည် ပြုတ်ကျလာကာ သံကွန်ရက်ကြီးဖြစ်သွားပြီးနောက် တံခါးတစ်ခုလုံးကို ပိတ်ထားလိုက်သည်။ မုန့်ယွဲ့သည်လည်း လျှင်မြန်စွာ လှုပ်ရှားသည်။ သူမသည် ဝူယွဲ့လင်းကို ပွေ့ချီလိုက်ကာ ပြတင်းပေါက်ကနေ ခုန်ချလိုက်သည်။
ထိုအခါ ထူးဆန်းသည့် ဇွန်ဘီမသည် ကလေးမလေးကို သတိထားမိသွားကာ သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူမသည် စိတ်တိုသွားကာ အခန်းထဲကနေ အမြန်ဝင်ဖို့လုပ်သော်လည်း ရှောင်ယွင့်လုံ၏ သံကွန်ရက်များက လမ်းကို တားဆီးထားသည်။ သူမသည် သံကွန်ရက်များကို ဖျက်ဖို့ကိုင်လှုပ်နေသော်လည်း နည်းနည်းမှကို မယိုင်နှဲ့ပေ။
ရှောင်ယွင့်လုံသည် နောက်သို့တစ်လှမ်းဆုတ်လိုက်ကာ ဇွန်ဘီမလေးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအောက်က မျက်ကွင်းနက်များအရ ဇွန်ဘီဖြစ်သည်မှာ သေချာသည်။ သူမ၏ မျက်လုံးများကို မြင်သည့်အခါ သူမသည် အင်အားကြီးသဖြင့် ရင်ဆိုင်ရခက်မည် ဖြစ်ကြောင်းကို သိလိုက်သည်။ အရှိန်အဝါသည်လည်း သူ့ထက်တောင် ပိုသန်မာနေသည်။
သူမသည် ရှားပါးသည့် သန္ဓေပြောင်းဇွန်ဘီဖြစ်သည်။ မျက်နှာတစ်ဝက်ကို ထူးဆန်းသည့် အကြေးခွံဖြင့် ဖုံးနေကာ မျက်လုံးများသည် စိမ်း၍ မျက်စံများက မြွေများလို ကန့်လန့်ဖြစ်နေသည်။ ခြေသည်းလက်သည်းများသည် သာမန်ဇွန်ဘီများနှင့်မတူပေ။ သာမန်ဇွန်ဘီများသည် လက်သည်းရှည်ကြီးများ ရှိသည်ကလွဲ၍ သာမန်လူလိုပင်။ သို့သော်လည်း ဒီမြွေမျက်လုံးဖြင့်ဇွန်ဘီ၏ လက်သည်းများသည် သားရဲကောင်များ၏ခြေစွယ်လက်စွယ်များလို သတ္တုလိုမာကြောပုံရသည်။
ဇွန်ဘီမငယ်သည် တံခါးကိုပိတ်ထားသည့် သံကွန်ရက်များကို ဆွဲလှုပ်နေသော်လည်း မရပေ။ ထို့နောက် သူမသည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ လက်သည်းများကို ဖြည်းဖြည်းချင်းမြှောက်လိုက်၍ ရိုက်ချလိုက်သည်။
ဘန်း!
ဒီလိုဖြင့် ခိုင်မာသည့် သံကွန်ရက်တွင် အပေါက်ကြီးဖြစ်သွားသည်။ သူမသည် ပြတင်းပေါက်ကိုကြည့်ရင်း စိုးရိမ်နေသလိုပုံဖြင့် သံကွန်ရက်ကို ဆက်တိုက်ရိုက်နေသည်။
မုန့်ယွဲ့သည် လေးလွှာကနေ ခုန်ချလိုက်ပြီးနောက် ပြန်မော့ကြည့်လိုက်သည့်အခါ ရှောင်ယွင့်လုံက လိုက်ဆင်းလာသည်။
လင်းလင်းကို ခေါ်သွား! ငါလုပ်လိုက်မယ်
ရှောင်ယွင့်လုံသည် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ့လှုပ်ရှားမှုနှင့်အတူ အနားက ပြတင်းပေါက်တိုင်းမှ သံဘောင်များသည် ပြုတ်ကျလာကာ လေးလွှာ၏ပြတင်းပေါက်ကို ကာလိုက်သည်။
မုန့်ယွဲ့သည် အချိန်ဖြုန်းမနေဘဲ ဝူယွဲ့လင်းကိုပွေ့ကာ အဆောက်အဦးရှေ့မှ ကွင်းထဲသို့ ပြေးသွားသည်။ သူမသည် ကားမောင်း၍ ထွက်သွားနိုင်ရန် ကားပါကင်ထိုးထားသည့် ကွင်းထဲသို့ သွားနေတာဖြစ်သည်။ သူမသည် ခြေဖြင့်ပြေးလျှင် အဝေးသို့ သိပ်မရောက်နိုင်သောကြောင့် ဖြစ်သည်။
သူမသည် ဝူယွဲ့လင်းနှင့်အတူ ကားဆီသို့ ပြေးစဉ် အနောက်ကနေ ပေါက်ကွဲသံများကို ကြားရသည်။ သူမသည် လှည့်ကြည့်လိုက်သည့်အခါ အပြင်တွင်စောင့်နေသည့် တပ်သားအကုန်လုံး မရှိတော့တာကို တွေ့ရသည်။ ထိုထူးဆန်းသည့် ဇွန်ဘီက အကုန်လုံးကို သတ်လိုက်ပြီဟု ခန့်မှန်းလိုက်သည်။
သူမသည် တစ်ချက်ပဲ အမြန်ကြည့်လိုက်၍ ကားကိုအမြန်ဖွင့်ဝင်လိုက်သည်။ ထို့နောက် ဝူယွဲ့လင်းကို ရှေ့ခုံတွင်တင်လိုက်ကာ သူမသည် ကားမောင်းသူခုံကို အမြန်ပြေးသည်။ ထို့နောက် ကားစက်နှိုးကာ အမြန်မောင်းထွက်သွားသည်။
ထိုအချိန်တွင် ရှောင်ယွင့်လုံသည် အမြန်ထွက်လာကာ ကားအမိုးပေါ်သို့ ခုန်တက်လိုက်လာသည်။ သူတို့နှစ်ယောက်လုံးသည် ဒီဇွန်ဘီက အနည်းဆုံး အဆင့်၆ဖြစ်ကာ သူတို့က မယှဉ်နိုင်ဘူးဆိုသည်ကို နားလည်ကြသည်။ အခု သူတို့အတွက် အရေးကြီးဆုံးသည် ဝူယွဲ့လင်းကို ကာကွယ်ဖို့ဖြစ်သည်။ ထို့အတူ ဇွန်ဘီဖြင့်ရင်ဆိုင်ရသည့်အခါ သူတို့နှစ်ယောက်လုံးသည် ဇွန်ဘီက သူတို့ကို မဟုတ်ဘဲ ဝူယွဲ့လင်းကို စိတ်ဝင်စားနေကြောင်းကို သိလိုက်ကြသည်။
မုန့်ယွဲ့တို့ကားထွက်သွား၍ သိပ်မကြာခင်တွင် သူတို့နေခဲ့သည့် အဆောက်ဦးပေါ်မှာ သဏ္ဍာန်တစ်ခုက ဖြတ်ခနဲတက်လာကာ သူတို့ဆီသို့ ခုန်ချလာသည်။ ရှောင်ယွင့်လုံသည် ကားမိုးပေါ်တွင် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ကာ ကားမောင်းသူဘက်ကို ကိုင်းညွှန့်၍ ကားအမိုးကိုပုတ်ကာ မုန့်ယွဲ့အား
အရှိန်တင်! ရောက်လာပြီ
မုန့်ယွဲ့သည် ဝူယွဲ့လင်းကို လက်တစ်ဖက်ဖြင့် ကာလိုက်ကာ နောက်မှန်ကို တစ်ချက်ကြည့်ပြီးနောက် အရှိန်မြှင့်မောင်းလေသည်။ သူမတွေးမိသည်မှာ
ကံဆိုးလိုက်တာ။ ဘယ်လိုလုပ် ဒါမျိုးက ဒီမှာပေါ်လာတာလဲ? ဒါကဝူချန်းယွဲ့ရဲ့ ပစ်မှတ်မဟုတ်ဘူးလား? ဒါပင်မယ့် ဘာမိုးကြိုးအစွမ်းမှ မသုံးသေးဘူး
ဘန်း! ဘန်း! ဘန်း!
ယာဉ်များစွာသည် လမ်းပေါ်တွင် စွန့်ပစ်ထားခံရသဖြင့် ကားမောင်းရသည်မှာ ထင်သလောက် မချောမွေ့ပေ။ တော်သေးသည်မှာ မုန့်ယွဲ့၏ ကားမောင်းသည့် အရည်အချင်းသည် မဆိုးဝါးသဖြင့် ရှေ့သို့မောင်းရနေသေးတာ ဖြစ်သည်။
ကျောင်းဝတ်စုံဖြင့် ဇွန်ဘီမငယ်သည် ကားထက်တောင် ပိုမြန်သည်။ သူမသည် ကားအမိုးများ၊ ဓာတ်တိုင်များ၊ သစ်ပင်များကို အမြန်ဖမ်းတက်ကာ ကားကိုအမှီလိုက်လာသည်။ ကံကောင်းသည်မှာ လမ်းပေါ်က ကားများသည် သံထည်များဖြစ်၍ ရှောင်ယွင့်လုံ၏ သတ္တုအစွမ်းအထောက် အထောက်အပံ့ကို ပြည့်စုံစွာပေးနေသည်။ သူသည် နောက်သို့လှည့်ကာ လက်နှစ်ဖက်လုံးကို မြှောက်၍အရှိန်ဖြင့် လှုပ်ရှားနေသည်။ အနားရှိ ကားဆယ်စီးကျော်သည် လေပေါ်ပျံတက်လာကာ ဇွန်ဘီဆီသို့ အရှိန်ဖြင့် ပစ်ခတ်ခြင်းခံလိုက်ရသည်။
လမ်းပေါ်ရှိ ကားအားလုံးသည် ရှောင်ယွင့်လုံ၏ အစွမ်းဖြင့် မြှောက်ခံထားရသဖြင့် မုန့်ယွဲ့၏ ကားမောင်းနှုန်းသည် သုံးဆလောက် ပိုမြန်လာသည်။ ဇွန်ဘီမငယ်သည် ကားများကို လျင်မြန်စွာ ရှောင်ရှားကာ သူတို့ဆီသို့ ပြေးလာနေသည်။ သူမသည် တစ်မီတာလောက်ရှည်သည့် အမြီးဖြင့် ဓာတ်တိုင်များပေါ်သို့ ရစ်ခွေတက်သည်။