၂၀၆။ မိုးကြိုးစွမ်းအားများတိုက်ခိုက်ခြင်း
ထိုလူစုသည် ဟွမ်ရှို့ဆီမှနေ လုထန်ရိဆီသို့ အကြည့်များရောက်သွားကြသည့်အခါ လုထန်ရိသည် ခနကြောင်အသွားပြီးမှ ခပ်ဖွဖွပြုံးကာ
ဒါကအရသာရှိပြီးတော့ ချိုရှင်းနေတာမျိုးလေး။ မင်းတို့သာ သန္ဓေပြောင်းသီးဆိုတာကို စိတ်ထဲမထားရင် ဒီတိုင်းစားလိုက်ရုံပဲ
ထိုအချိန်တွင် ဟွမ်ရှို့သည် တစ်ကိုက်ဝါးနေပြီ ဖြစ်သည်။ အရသာသည် အရမ်းမဆိုးဝါးသဖြင့် သူသည် တစ်ကိုက်ကို အမြန်စားပြီးနောက် နောက်တစ်ကိုက်ထပ်ကိုက်လိုက်သည်။ ဟွမ်ရှို့ကစ၍စားသည်နှင့် အခြားသူများသည် စတော်ဘယ်ရီသီးကို သူတို့ပါးစပ်ထဲသို့ ထည့်ချင်လာသည်။
လင်းချင်းသည် ရှဲ့တုန်းဆီက သင်ပုန်းကိုယူလိုက်ကာ ရေးသည်။
ဟန်ကျိုးခရိုင်ရဲ့ စီမံရေးရုံးက ဘယ်မှာရှိလဲဆိုတာကို ဘယ်သူသိကြလဲ?
ရှဲ့တုန်းကို အရင်ပြလိုက်ရာ ရှဲ့တုန်းက ခေါင်းခါပြသည်။ လင်းချင်းသည် သက်ပြင်းချလိုက်ကာ သူမတွင် ဖုန်းသို့မဟုတ်ကွန်ပြူတာဖြင့် လိုင်းပေါ်က ရှာချင်သွားသည်။ သို့သော်လည်း အင်တာနက်မရှိသလို တိကျသည့်မြေပုံနှင့် GPSလည်းမရှိလေရာ သူမက ဘာလုပ်နိုင်မည်နည်း?
သူမသည် စတော်ဘယ်ရီသီးကို ငမ်းနေသည့်သူများအား သင်ပုန်းကိုခေါက်လိုက်၍ ပြလိုက်သည်။ အသံကြားမှ ထိုသူများသည် မော့ကြည့်လာကာ
စီမံရေးရုံးလား? ဘာဖြစ်လို့သွားမှာလဲ?
ဘယ်သူသိလဲ?
လင်းချင်းက ထပ်ရေးပြသည်။ ထိုလူများသည် ခေါင်းခါပြသည်။ သူတို့သည် ဒီမြို့က မဟုတ်သဖြင့် အစိုးရရုံးများ ဘယ်နေရာရှိသလဲကို မသိကြပေ။ လင်းချင်းသည် သက်ပြင်းချကာ သင်ပုန်းအား ရှဲ့တုန်းဆီသို့ ပစ်ပေးလိုက်သည်။
ကောင်းချင်းမင်းသည် တစ်ချိန်လုံးကြည့်နေရာမှ ပြောသည်။
အနောက်ပိုင်းကန်ခရိုင်မှာ။ နေရာတိတိကျကျကိုတော့ နင့်ဟာနင်ရှာရလိမ့်မယ်
လင်းချင်းသည် သူ့ကိုလှည့်ကြည့်လိုက်သည်။
အဲ့ဘက်ကနေ ငါလာခဲ့တာမလား?
သူငယ်ချင်းတစ်ယောက်ဆီကနေ ကြားဖူးတာ
ကောင်းချင်းမင်းက ပြောသည်။
လင်းချင်းသည် မေးကိုပွတ်လိုက်သည်။ သူမသည် ပြန်လှည့်သွားရလိမ့်မည်။ ရုံးတွေ့ရင်လည်း သူမလိုချင်သည့်ဖိုင်ကို ရနိုင်ပါ့မလား? ထိုဖိုင်များက မပျက်စီးသေးဖို့ကိုသာ မျှော်လင့်ရသည်။
ဒီအတွေးဖြင့် ရှဲ့တုန်းကို ခေါင်းငြိမ့်ပြလိုက်သည့်အခါ သူမပြောချင်သည်ကို နားလည်သည့် ရှဲ့တုန်းသည် သင်ပုန်းတွင်ရေးပြသည်။
ငါတို့က အခုအနောက်ပိုင်းခရိုင်ကိုသွားမှာ။ ငါတို့လိုချင်တာရတဲ့အချိန်ရောက်ရင် မင်းတို့လည်း ပြန်ကောင်းနေလောက်ပြီ။ အစွမ်းတွေ ပြန်မရသေးခင်အထိ စောင့်ကြဦး
လုထန်ရိသည် လင်းချင်းကို ကြည့်လိုက်သည်။ သူ့တွင်မေးစရာ အများကြီးရှိသေးသည်။ သို့သော်လည်း သူ့ကိုသူမသည် အချိန်မပေးသလို လှည့်ကိုမကြည့်ဘဲ ထွက်သွားသည်။ လင်းချင်းသည် အမိုးပေါ်ကနေ ဇွန်ဘီအုပ်ကို ကြည့်လိုက်သည်။ သူမသည် အခုတော့ အနောက်ပိုင်းခရိုင်သို့ ပြန်သွားရဦးမည်။ ကောင်းချင်းမင်းက လိမ်နေတာ မဟုတ်သည်ကို သူမအာရုံခံမိသည်။
ထိုအချိန်တွင် ဝူချန်းယွဲ့နှင့် သူ့လူများသည် တစ်ခုခုကလွဲနေပြီ ဆိုသည်ကို သိသွားကြသည်။ ပတ်ဝန်းကျင်က သာမန်ဇွန်ဘီများသည် မြို့ပေါ်သို့သာ သွားနေကြတာ ဖြစ်သည်။ ထို့အတူ ထူးဆန်းသည်မှာ ဇွန်ဘီတို့သည် သူတို့ကားများကို လျစ်လျူရှုနေကြသည်။ သူတို့ကားများသည် တောင့်တင်းခိုင်မာသည်က မှန်သော်လည်း ဇွန်ဘီများကိုတော့ ဆွဲဆောင်နိုင်ပါသေးသည်။ သို့သော် အခုတော့ သူတို့ကားများကို လျစ်လျူရှုကာ မြို့ပေါ်သို့သာ တရွတ်ဆွဲနေသည့်ကိုယ်များဖြင့် ရွေ့လျားနေကြသည်။
ဝူချန်းယွဲ့သည်လည်း မြို့ပေါ်သို့ သွားမှာဖြစ်သည်။ သူသည် မြို့ပေါ်နားတွင် ကားများကိုရပ်လိုက်စေကာ သူတစ်ယောက်တည်း ထွက်သွားသည်။ ရှောင်ယွင့်လုံနှင့် မုန့်ယွဲ့တို့သည် ထိုနေရာတွင် ဝူယွဲ့လင်းလေးကို စောင့်ရှောက်ရင်း သူပြန်အလာကို စောင့်နေတာ ဖြစ်သည်။ ဝူချန်းယွဲ့က မြို့ပေါ်တွင် ဇွန်ဘီဘုရင်ကို သွားသတ်ပြီးမှ သူ့လူများနှင့်အတူ ရိက္ခာလိုက်စုပေးမှာ ဖြစ်သည်။
သို့သော်လည်း မြို့ပေါ်သို့ ရောက်သည့်အခါ ဝူချန်းယွဲ့သည် အရမ်းထူးဆန်းသည့် ခံစားချက်ကို ရလိုက်သည်။ သူသည် အဆောက်အဉီးပေါ်တက်လိုက်ပြီးနောက် ကြည့်လိုက်လေရာ ဇွန်ဘီများသည် တစ်နေရာတည်းသို့ သွားနေကြောင်းကို သိလိုက်ရသည်။ ထိုနေရာသို့ အာရုံစိုက်ကြည့်သည့်အခါ မိုးကြိုးအစွမ်းဖျော့ဖျော့ကို သူအာရုံရလိုက်သလို ကောင်းကင်သည် မည်းမှောင်နေသည်။ ထို့နောက် ဝူချန်းယွဲ့သည် ဒီနေရာသို့လာရသည့် အကြောင်းအရင်းဖြစ်ကြောင်းကို သိလိုက်သည်။
နောက်ခနအတွင်းမှာ သူ့၏ရှည်လျားကာသွယ်လျသည့်ကိုယ်သည် လေထဲတွင် ပျောက်သွားသည်။ သူပြန်ပေါ်လာသည့်အခါ ဇွန်ဘီဘုရင်နှင့် မီတာငါးရာအကွာတွင် ဖြစ်သည်။ သူ့အရှိန်အဝါကို သူထိန်းလိုက်ကာ အမိုးစွန်ကနေ ငုံ့ကြည့်လိုက်သည်။
ဘာဖြစ်နေတာလဲ?
ဇွန်ဘီအုပ်ကြီးကို သူမြင်လိုက်ရသလို မိုးကြိုးများက မီတာငါးရာလောက်အကွာတွင် ပစ်ချနေသည်ကိုလည်း မြင်လိုက်ရသည်။
ဂါး! ဂါး! ဂါး!
ဇွန်ဘီအော်သံများသည် နေရာတိုင်းတွင် ကြားနေရသည်။
ဝူချန်းယွဲ့၏ ချောမောသည့်မျက်နှာတွင် စိတ်ရှုပ်မှုများဖြစ်သွားကာ သူသည် ရှေ့သို့ဆက်သွားလိုက်သည်။ သူစိတ်ရှုပ်သည်မှာ သာမန်ဇွန်ဘီများက ဆင့်ခေါ်ခံလိုက်ရသောကြောင့် ဖြစ်ပြီးတော့ ဇွန်ဘီဘုရင်က သာမန်ဇွန်ဘီများကို ဘာဖြစ်လို့ခေါ်မှန်း မသိတာကြောင့်ဖြစ်သည်။
အနားရောက်လေလေ ဇွန်ဘီအုပ်က ပိုထူလာလေလေဖြစ်ပြီးတော့ ဇွန်ဘီအော်သံများက တိုးလာသည်။ ဇွန်ဘီဘုရင်၏ ပြင်းထန်သည့် အရှိန်အဝါနှင့် ဖိအားကိုလည်း သူအာရုံခံမိလိုက်သည်။ သူသည် အဆင့်၇စွမ်းအားရှင်ဖြစ်သည်တောင်မှ ဒီဇွန်ဘီ၏ ဖိအားကို အနည်းငယ်ခံရသေးသည်။ ကောင်းကင်ပေါ်က ကျနေသည့် မိုးကြိုးများသ် ဒီဇွန်ဘီကြောင့်ဆိုသည်က သေချာသော်လည်း ဘာဖြစ်လို့ ဇွန်ဘီဘုရင်က စိတ်တိုနေသလဲဆိုသည်ကိုတော့ မသိပေ။
တကယ်တော့ ငါအခုလာသင့်တာ မဟုတ်ဘူး။ ဇွန်ဘီဘုရင်ကို တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက စိတ်တိုအောင်လုပ်ထားတာပဲ
ဒီလိုတွေးရင်းဖြင့် ဇွန်ဘီဘုရင်အနားသို့ ချဉ်းကပ်လာမိသည်။
မီတာနှစ်ရာလောက်အကွာသို့ရောက်သည်အခါ အမိုးထိပ်တွင်သူရပ်လိုက်ကာ တယ်လီစကုတ်ကိုထုတ်၍ မိုးကြိုးများကျနေသည့်နေရာကို သူကြည့်လိုက်သည်။ ထိုအချိန်တွင် သူမြင်လိုက်ရသည်မှာ နှစ်မီတာလောက်ရှည်သည့်အကောင်ကြီးမှာ လမ်းပေါ်တွင် အားဖြင့်ပြေးလွှားနေသောကြောင့် ဖြစ်သည်။
သူ့အရည်ပြားသည် အနွှာခံထားရသလို ဖြစ်သောကြောင့် သွေးများရွှဲနေကာ ကျောကုံးတွင်အရိုးနှင့် ခရမ်းရောင်ရင့်ရင့် ကြွက်သားများကို မြင်နေရသည်။ ခေါင်းသည်လည်း သွေးရွှဲနေသဖြင့် မျက်နှာကို ဝူချန်းယွဲ့က သေချာမမြင်ရသော်လည်း ခရမ်းရောင်မျက်လုံးတစ်စုံသည် ရန်လိုနေသည်ကိုတော့ တွေ့ရသည်။ သွားများကိုဖြဲ၍ ဒေါသတကြီးအော်နေတာကြောင့် ဇွန်ဘီဘုရင်သည် အရမ်းကို ပေါက်ကွဲနေတာ ဖြစ်မည်။ အခုသွားတိုက်မည့်သူသည် မိုးကြိုးဖြင့် အပစ်ခံရကာ အပိုင်းပိုင်းအစစဆွဲဖြဲခံရမည် ဖြစ်သည်။
ဝူချန်းယွဲ့သည် ဇွန်ဘီဘုရင်က နွားသိုးကြိုးပြတ်သွားသလို အဆောက်အဦးများကို ဝင်တိုက်နေသည်ကို ကြည့်နေမိသည်။ စတိုးဆိုင်သို့ပြေးကာ ပြတင်းပေါက်ကိုခွဲ၍ နောက်အဆောက်အဦးသို့ ခုန်တက်သွားသည်။ ထို့နောက် ဝရံတာကနေ ခုန်ချဆင်းလာပြန်သည်။ ကြည့်ရသည်မှာ တစ်ခုခုကို အသည်းအသန်လိုက်ရှာနေပုံပင်။ အမိုးများပေါ်ကနေတောင် ခုန်ပျံ၍ ရှာနေသေးသည်။
ဒီဇွန်ဘီဘုရင်က ဆေးသုံးထားလို့ ကြောင်နေတာလား? ဘာဖြစ်လို့ ဒီလောက်ရန်လိုနေတာလဲ?
ဝူချန်းယွဲ့သည် တွေးမိသည်။
သူသည် တယ်လီစကုတ်ဖြင့် ထောက်လှမ်းကြည့်နေစဉ် ဇွန်ဘီဘုရင်သည် ရပ်သွားကာ သူ့ကိုလှည့်ကြည့်လာသည်။
ကျစ်! ငါ့ကိုတွေ့သွားပြီပဲ
ဝူချန်းယွဲ့သည် တယ်လီစကုတ်ကိုချကာ ဇွန်ဘီဘုရင်က သူ့အားရုပ်တည်ဖြင့် ကြည့်နေသည်ကို တစ်ချက်ကြည့်ပြီးနောက် နောက်သို့အမြန် လှည့်ပြေးသည်။ သူသည် မီတာနှစ်ဆယ်လောက်က အမိုးပေါ်သို့ ခြေချမိသည်နှင့် သူအရင်က ကြည့်နေခဲ့သည် အဆောက်အဦးမှာ လက်မောင်းလုံးလောက်ရှိသည့် မိုးကြိုးများပစ်ခံရသဖြင့် ဆူညံသည့်အသံများ ထွက်လာတော့သည်။