အပိုင်း - ၂၆
စကားသံတို့ပြတ်တောက်သွားရပြီး အနမ်းဝတ်မှုံတို့ပြန့်ကျဲလာရတော့သည်။ ရှည်လျားလွန်းသည့်ညတာထဲတွင် ရောင်စုံသော အချစ်ညလေးဖြစ်သွားရတော့၏။ အရိုင်းဆန်ခြင်းနှင့် ညင်သာခြင်းဟူသောအခြေအနေကြားထဲတွင် သျှန်းအံ့ကိုယ်တိုင်လဲ အလိုတူစွာပင် စီးမျောခံစားနေမိလေတော့သည်။
*
*
*
*
*
*
*
*
အဖွဲ့လိုက်လုပ်ဆောင်ရမည့်Project တစ်ခုမှ ကိုယ်တာဝန်ယူလုပ်ရမည့်အပိုင်းတွေအတွက် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေတုန်းမှာပင် အနောက်မှနေပြီး ကိုယ့်ဆံပင်တွေကို ကြမ်းတမ်းစွာဆွဲဖွလာတာကိုခံလိုက်ရသည်။ အားနေတိုင်းဒီဆံပင်တွေကိုရန်ရှာတတ်သူဟာ ဘယ်သူလဲဆိုတာလှည့်ပင်ကြည့်စရာမလိုချေ။ နောက်ကိုလှည့်မကြည့်ဘဲ ခေါင်းကို ဘယ်ညာရှောင်တိမ်းနေသော် လည်းမလွတ်သွားပေ။
" အား ဒယ်ဒီရာ ဒီမှာစာလုပ်နေတယ်လို့ ကျေးဇူးပြုပြီး မရှုပ်ပါနဲ့နော် Please! "
" အောင်မာ စကားကြီးစကားကျယ်ပြောနေတယ်။ အဖေလုပ်သူက ဒါလေးစတာကို အသားပဲ့ပါသွားလို့လား"
" အသားပဲ့မပါလဲ အာရုံပျက်တယ်လို့ စာလုပ်နေတာနော် စာ စာ "
" ဘယ်စာကိုလုပ်နေတာလဲ ရည်းစားစာလား ။ ဘွဲ့ရရင်ယောကျ်ားယူပြီး ယောကျ်ားအလုပ်မှာဝင်ကူဖို့ အသည်းအသန်ကြိုးစားပြနေတာ ငါမသိဘူးမှတ်နေလားသက်လုံးပုံရာ "
ပြောလည်းပြော ကိုယ့်ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆွဲလှည့်ပြီးဆံပင်တွေကိုအသားကုန်ဖွနေလေတော့၏။ သျှန်းအံ့ဘယ်လိုပင်ရှောင်ပစေ ဒယ်ဒီ့လက်မှမလွတ်နိုင်ချေ။
" အာ ဒယ်ဒီရေ ကေပျက်ရင်အနေခက်တယ်လို့ "
" အဲကေကို ကြွက်ကိုက်ကေဖြစ်အောင်လုပ်အုံးမှာ။ တစ်သက်လုံး မိဘတွေညှပ်ခိုင်းတာတောင်မရတဲ့ဆံပင်တွေကို ရည်းစားနဲ့သွားနေတဲ့လပိုင်းလေးမှာ ညှပ်လိုက်တဲ့ကောင်။ မင်းနဲ့ငါအတွေ့ပဲ"
အီတလီပြန်ရောက်ထဲက ဒီဆံပင်တွေကိုရန်ရှာနေသည့်ဒယ်ဒီသည် အခုလည်း စာလုပ်ခွင့်မရ အောင်လာရစ်နေပြန်သည်။ ဒယ်ဒီနှင့်အသက်ကွာပြီး ငယ်ရွယ်တဲ့ဖေက အနေအေးသလောက် ဒယ်ဒီကတော့ ကိုယ်နှင့်လက်ပွန်းတတီးနေပေးလေသည်။ ဒါကြောင့်ပဲသားအဖနှစ်ယောက် မတည့်သည့်အချိန်ကခပ်များများ။
" ဦးကညှပ်ခိုင်းတာမဟုတ်ဘူးလို့ သားဘာသာညှပ်တာပါဆိုဗျာ ဟိုမှာပူလွန်းလို့ညှပ်လိုက်မိတာပါ "
" အဖေရှေ့မှာ ဘာဦးလဲ ။ မင်းနော် ကြိုက်စရာလူတော်နော်ရှားနေတယ် လင်းမြတ်က ငါနဲ့မှအသက်အတိမ်းမယိမ်း ၊ မင်းဖေထက်တောင် အသက်ကြီးသေးတယ်။ အသက်ကြီးတဲ့သူကိုရှာထားပြီး သူ့ကိုယ်သူအတင်းကိုလူကြီးပုံစံလုပ်နေတာ "
ပြန်ရောက်လာထဲက ထပ်ကာတလဲလဲကြားနေရသည့်စကားကြောင့် ငိုချင်လာမိတော့သည်။ ဒယ်ဒီတစ်ယောက်ဟာလေ အသက်လည်းအရမ်းမကြီးသေးဘဲ ငယ်မူပြန်နေတာများလား။ဒါလည်းမဖြစ်နိုင်ပါဘူး။ ဦးမကိုဋ်ထွဋ်ခေါင်ဆိုတာ စီးပွားရေးလောကတွင် လူတော်တော်များများက ရှိန်ရလောက်အောင်အနေတည်ပြီး စကားကိုခပ်ပြတ်ပြတ်ပြောတတ်သူဖြစ်သည်။ ဒီလိုလူက
အိမ်မှာတော့ ဂျပန်မူလီထက်ဆိုးသည်။ ရစ်ချက်ကကမ်းကုုန် ။
" ငါပြောတာကြားလား မင်းအဲကောင်လင်းမြတ်ကိုထားခဲ့ပြီး ဒီက အလန်းလေးတွေနဲ့တွဲစမ်းပါ။ ဘယ်လောက်ကုန်ကုန် ငါလိုက်တောင်းပေးမယ် ။ကြားလားလို့ သက်လုံးပုံ။
" ရား! ဒယ်ဒီရေ ဒီသားလေးငိုချင်လာပြီနော်။ တော်ယုံရစ်ပါလားလို့ ။ ဒယ်ဒီတောင် အသက်ငယ်တဲ့ဖေ့ကိုရအောင်ယူထားသေးတာကို သားလဲအသက်ကြီးတဲ့သူကိုကြိုက်မိတာ အပြစ်လား "
" ငါနဲ့မင်းဖေက မင်းတို့အတွဲလို အဖေနဲ့သားလောက်တော့အသက်မကွာဘူးကွာ။ ပြီးတော့ ငါ့ကိုမင်းဖေက အရင်လိုက်ကြိုက်ရတာပါနော်"
အလုပ်များဒယ်ဒီသည် အိမ်မှာရှိသည့်အချိန်တိုင်း ကိုယ်နဲ့ဖေ့ကို ပျော်ရွှင်ရအောင်စနောက်နေကြဖြစ်လေသည်။ အခုလည်းကိုယ့်ကိုစနောက်ရင်း ဖေ့ဘက်ကိုမြှားဦးလှည့်သွားပြန်သည်။
ဒီအကွက်ကိုစောင့်နေသောကိုယ်ကလည်း အခွင့်အရေးကိုလက်လွတ်မခံချေ။ အသံကိုမိုင်ကုန်တင်ကာ ဖေ့ကို အော်ခေါ်လိုက်တော့၏။
" ဖေရေ ဒီမှာဒယ်ဒီ့ကိုလာခေါ်ပါအုံးနော် ။ သားလေးစာလုပ်နေတာကို လာရှုပ်နေပါတယ်။ ပြီးတော့ ဖေကသူ့ကိုအရင် လာကြိုက်တာလို့လဲပြောနေပါတယ် "
" ဟေ့ကောင် သက်လုံးပုံ မင်းအသံကျယ်ကြီးနဲ့အော်မနေနဲ့"
" အော်မှာပဲ ဖေရေလို့!"
သားအဖနှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာပင် ဖေသည် အခန်းထဲဝင်လာလေတော့၏ ။
" သားအဖတွေဘာဖြစ်နေတာလဲ သူ့အဖေ ကလေးကိုဘာတွေရှုပ်နေပြန်တာလဲဟင်"
" အာ ကိုယ်ဘာတွေရှုပ်နေလို့လဲ မင်းသားက တမင်သက် သက် "
" သားလေးစာလုပ်နေတာကို လာရှုပ်နေတာဖေ ။ ဖေကသူ့ကိုအရင်လာကြိုက်တာလို့လဲ ပြောနေသေးတယ် "
ကိုယ့်စကားအဆုံးတွင် ဖေရဲ့မျက်နှာသည် ရဲခနဲဖြစ်သွားရလေသည်။
" သူ့အဖေ ကလေးကိုဘာတွေပြောနေတာလဲ "
" အဟဲ ကိုယ်ဒီကောင့်ကိုကြည့်မရလို့ သက်သက်မဲ့ပြောနေတာ၊ အမှန်တော့ ကိုယ်ကအရင်"
" သူ့အဖေ ပါးစပ်ပိတ်ပြီး အခုချက်ချင်းအခန်းပြင်ကိုထွက် လာခဲ့ ။ သားလဲစာလုပ်တော့ "
" ဟုတ်ဖေ "
တစ်အိမ်လုံး၏ ဂိုဏ်းချုပ်ကြီးဖြစ်သောဖေ၏ အာဏာသံအဆုံး ဒယ်ဒီလည်း အခန်းပြင်ထွက်သွားရလေတော့သည်။သျှန်းအံ့လည်း ပွနေသောဆံပင်တွေကို အသာပြန်ဖိရင်း တံခါးနားကိုခြေသံဖွပြီးလျှောက်သွားလိုက်သည်။ အခန်းပြင်ကိုခေါင်းလေးပဲ အသာထွက်ချောင်းကြည့်သည့်အခါ ကိုယ့်ကိုကျောခိုင်းလမ်းလျှောက်သွားနေသော ဖေ၏ပခုံးလေးပေါ် ဖွဖွလေးဖက်ထားသော ဒယ်ဒီ့ကိုမြင်လိုက်ရသည်။ လူကောင်လေးသေးသောဖေ၏နားရွက်နားကိုကပ်ကာ စကားတိုးတိုးလည်းပြောနေသေး ၏။
တဆက်တည်းဆိုသလို ပါးလေးကိုနမ်းဖို့လည်းမမေ့။ ဖေကတော့ သူ့ပခုံးပေါ်ဖက်ထားသည့်ဒယ်ဒီလက်ကို ခပ်ဖြေးဖြေးလေးရိုက်နေလေသည်။ အဖေနှစ်ယောက်၏ တစ်ဦးအပေါ်တစ်ဦးထားသောချစ်ခြင်းမေတ္တာသည် နောက်ကျောလေးပဲမြင်ရယုံနှင့်တောင် ပြည့်စုံနွေးထွေးလှ၏။ ကိုယ်လည်း တစ်ချိန်မှာဒီလိုမေတ္တာမျိုးပိုင်ဆိုင်ရမှာ မလွဲဧကန်ပင်ဖြစ်လေတော့သည်။
*
*
*
*
*
*
*
*
" ကျွန်တော်နဲ့သက်လုံးပုံကို လက်ထပ်ဖို့ခွင့်ပြုပေးစေချင်ပါတယ်။ သူလဲကျောင်းပြီးပြီဆိုတော့ "
ဒယ်ဒီနဲ့ဖေသည်အတူထိုင်နေပြီး ဦးနဲ့ကိုယ်က မျက်နှာချင်းဆိုင်ခုံမှာထိုင်နေခြင်းဖြစ်၏။ ကြားထဲရှိစားပွဲပေါ်မှာတော့ ဆင်တူလက်စွပ်လေးနှစ်ကွင်းနှင့်အတူ ကိုယ်နာမည်ဖြင့် လုပ်ငန်းပိုင်ဆိုင်မှုတွေကိုခွဲဝေပေးထားသည့် စာချုပ်တချို့။ ဦးသည် သူ့ရဲ့ကြိုးစားမှုဖြင့်ရလာသော လုပ်ငန်းပိုင်ဆိုင်မှုတစ်ဝက်တိတိကို ကိုယ့်နာမည်ဖြင့်လွှဲပြောင်းထားခဲ့လေသည်။ ရှယ်ယာပိုင်ဆိုင်မှုတွေအထိပါ အညီအမျှခွဲဝေထားခဲ့တာကြောင့် မလိုချင်ပါဘူးဟုကိုယ်ငြင်းဆိုသည့်အခါ
" အဖေနှစ်ယောက်ရဲ့အဖိုးတန်သားလေးကို ကိုယ့်အနားမှာခေါ်ထားခွင့်ရဖို့အတွက် ဒီလောက်လေးနဲ့တန်ဖိုးမြှင့်ပေးရတာတောင် မလုံလောက်သေးပါဘူး" ဟုဆိုလာသည်။
" မင်းမလဲနော် ငါ့သားလေး မနေ့ကမှာဘွဲ့ယူတယ် ။ မင်းက ဒီနေ့လာတောင်းနေတော့တာပဲ။ ကလေးဘွဲ့ယူတာကိုလာပေးထဲက မင်းမှာ ဒီအကြံအစည်ရှိပြီးသားမဟုတ်လား "
" ဟုတ်ကဲ့ ရှိပြီးသားပါ။ သူနောက်ဆုံးနှစ်ပြီးတော့လဲ ပြန်မလာဖြစ်ဘူးလေ "
" ဟေ့ကောင်လင်းမြတ် ပြန်မလာဘူးပြောနေရအောင် သူ့အဖေနှစ်ယောက်ဆီမှာနေနေတာကွ ၊ ဘယ်ကိုပြန်လာရမှာလဲ။ တကယ်ထဲမှာပဲ ငါ့သားကို ဘယ်အချိန်ထဲကအလစ်သုတ်ဖို့ချောင်းနေသလဲပဲ"
" သူ့အဖေ "
မှုန်ကုပ်ကုပ်ဖြစ်နေသောဒယ်ဒီ့ကြောင့် ဖေက လက်ချင်းထပ်ကာဆုပ်ကိုင်ပေးရင်း တစ်ချက်ဟန့်လိုက်သည်။
" ဒီအခြေအနေက မျက်နှာပူစရာကောင်းနေပေမဲ့ ကျွန်တော်သားလေးစိတ်ချမ်းသာဖို့ပိုအရေးကြီးလို့ ကလေးကို ပျော်အောင်ထားပေးပါနော်။ ပိုင်ဆိုင်မှုဘာညာကတော့ ကျွန်တော်တို့အတွက်မလိုပေမဲ့ ကလေးကိုတန်ဖိုးထားပေးတယ်ဆိုတာနဲ့တင်လက်ခံပေးလိုက်ပါ့မယ်။ အဓိက,က ကလေးကို စိတ်ပျော်အောင်ထားပေးရင်ပဲရပါပြီ"
" ကျွန်တော် သက်လုံးပုံကို အမြဲစိတ်ချမ်းသာအောင်ထားပါ့မယ်"
" မင်္ဂလာကိစ္စ ဘယ်လိုတွေးထားလဲ "
ဖေကမေးခွန်းတွေမေး စကားတွေပြောနေပေမည့် ဒယ်ဒီကတော့ငြိမ်နေလေသည်။
" လုံးလုံးကို ကျွန်တော်ပြန်ရင်ခေါ်သွားချင်ပါတယ်။ အကိုလေးတို့နွေဦးပေါက်ပြန်လာရင်တော့ ဧည့်ခံပွဲလုပ်ပါမယ် "
" ငါ့သားကို ငါတို့နဲ့မှအတူပြန်ခေါ်လာမယ်"
ဒယ်ဒီ့စကားကြောင့် ကိုယ်ရောဦးပါ မျက်နှာလေးတွေငယ် သွားရတာကို ဖေကချက်ချင်းရိပ်မိပြန်သည်။
" ကဲပါသူ့အဖေရယ် သားလေးလိုက်ချင်စိတ်ရှိရင် လိုက်သွား ပါစေ။ ကြားထဲမှာ၃လလောက်ပဲကွာတာကို။ သူလိုက်သွားတာလဲကောင်းတယ်။ သူ့အဖေနဲ့ကျွန်တော် ပြန်ခါနီးအေးအေးဆေးဆေးလျှောက်လည်ရအောင်နော်"
ဖေ့ဆီမှစကားကိုကြားတော့ ဒယ်ဒီတစ်ယောက် ခဏတော့ငြိမ်သွားပြီးမှ
" လိုက်သွားပေါ့ ငါအမျိုးသားနဲ့ငါ ဟန်းနီးမွန်းပြန်ထွက်မှာ"
" ဟုတ်တယ် လုံးလုံးငရှုပ်လေးကို ကိုလင်းမြတ်လက်ထဲအပ် ထားပြီး သူ့အဖေနဲ့ကျွန်တော် အေးအေးဆေးဆေးပဲ အနားယူရအောင်။ အလကား အဲကလေးရှိနေရင် ကျွန်တော်လဲ
အငြိမ်ကိုမနေရတာ "
သားဖြစ်သူကို အခြားသူလက်ထဲထည့်ရမှာမို့ နှမျောစိတ်နဲ့ဂျစ် တိုက်နေတဲ့ဖခင်ရယ် ၊ အဖေနဲ့ချစ်သူကြား သူ့အတွက် တစ်ယောက်ယောက်က စိတ်ဆင်းရဲရမှာကိုစိုးရိမ်နေတဲ့သားရယ်။ ဒီလူနှစ်ယောက်ကြားမှာ အကောင်းဆုံးစိတ်ဖြေသိမ့်ပေးနိုင်သူက ဖေကလွဲရင် နောက်တစ်ယောက်မရှိနိုင်ပေ။ သျှန်းအံ့ သည် ထိုင်နေရာမှထလိုက်ပြီး ဒယ်ဒီနှင့်ဖေရဲ့ကြားမှာဝင်ထိုင်လိုက်၏။
ထို့နောက် ဒယ်ဒီနှင့်ဖေရဲ့ လက်ဖဝါးတစ်ဖက်စီကိုဆွဲယူဆုပ်ကိုင်ထားလိုက်ပြီးမှ
" သားလေးက ဒယ်ဒီနဲ့ဖေ့ကိုအရမ်းချစ်တယ်နော်"
ကိုယ့်စကားကြောင့် ဖေကတော့ ခေါင်းလေးကိုဖွဖွသပ်လာပေးပြီး ပြုံး၍သာနေလေသည်။ ဒယ်ဒီကတော့ ကိုယ့်ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေရင်း မျက်ရည်များဝဲနေလေ၏။ ဘယ်လောက်ပင် အသည်းမာသည့်လူကြမ်းကြီးဆိုစေအုံးတော့
သားနှင့်ပတ်သက်ရင် စိတ်နုလွန်းသည့်ဒယ့်ဒီအကြောင်းကို သိနေတာကြောင့် ဒီအခြေအနေကို ပျက်ရယ်ပြုဖို့စိတ်မကူးဝံ့။
ကိုယ့်ကို အတန်ကြာအောင်ငေးကြည့်နေသောဒယ်ဒီသည် ကိုယ့်ရဲ့ပါးပြင်လေးတွေကို ညင်သာစွာပွတ်သပ်ပေးနေရင်းမှသည်
" ဒယ်ဒီ့ခွေးပေါက်လေးက တကယ်အရွယ်ရောက်လာပြီပဲ"
ကြင်ကြင်နာနာဆိုလာသည့်စကားတစ်ခွန်း။ ဒယ်ဒီသည် ဦးရှိရာကိုလှည့်ကြည့်လိုက်ရင်း
" လင်းမြတ် ငါမင်းကိုယုံတယ်ဆိုပေမဲ့ မှာချင်တာတော့ရှိတယ်"
" ဟုတ်ကဲ့ မှာပါ "
" မင်း ငါ့သားလေးကိုမြတ်နိုးတာကိုယုံပေမဲ့ အိမ်ထောင် သည်ဘဝရောက်လာရင် ဘယ်လောက်ချစ်ချစ် စိတ်သဘောထားကွဲလွဲတာ ၊ ရန်ဖြစ်ရတာတွေရှိလာမှာကျိန်းသေပဲ။ အဲလိုအချိန်မျိုးကြုံလာရတဲ့အခါ ငါ့သားလေးဘက်ကလွန်တာရှိရင်တောင် လက်မပါ,ပါနဲ့၊ အိမ်ပေါ်ကနေနှင်မချပါနဲ့။ မင်းဘယ်လိုမှသည်းမခံနိုင်တော့ဘူးဆိုရင် ငါ့ဆီဖုန်းသာဆက်လိုက်ပါ။ မင်းကိုအပြစ်တင် စကားတစ်ခွန်းမှမဆိုဘဲ ငါ့သားလေးကို ငါကိုယ်တိုင် လာပြန်ခေါ်ပါ့မယ်။ အဲဒီကတိတော့ငါ့ကိုပေး"
ဆို့နင့်စွာဖြင့်ပြောနေသောဒယ်ဒီ့စကားကြောင့်
သျှန်းအံ့ပါးပြင်ပေါ် မျက်ရည်တို့စီးကျလာရသည်။ ဖေလည်း ရှိုက်ငိုနေလေပြီ။ လင်းမြတ်ကိုယ်တိုင်လည်း ဆရာ့စကားကြောင့် များစွာစိတ်ထိခိုက်ရလေ၏။ ဒါကြောင့်ပဲ ဆိုဖာပေါ်မှာထိုင်နေရမှနေပြီး
ကြမ်းပြင်ပေါ်ဆင်းကာ ဆရာရှေ့တွင် ဒူထောက်လိုက်မိတော့ ၏။
" ကျွန်တော်ဘဝတစ်လျှောက်လုံး သက်လုံးပုံလို့ခေါ်တဲ့ သျှန်းအံ့ဟန်အပေါ်မှာ ဘယ်တော့မှ ငြိုငြင်တာမျိုးမရှိစေရပါဘူး။ယောကျ်ားကတိမို့ ဆရာယုံလို့ရပါတယ်"
ဒီမြင်ကွင်းကိုငေးကြည့်နေရသော သျှန်းအံ့စိတ်ထဲမှာတော့ ရှေ့ဆက်လျှောက်ရမည့် ဘဝတစ်သက်တာလုံးတွင် မိဘနှစ်ဦး၏သားကောင်းတစ်ယောက်အနေနှင့်ရော ခင်ပွန်းသည်၏ ပါရမီဖြည့်ဖက်ကောင်းပါဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားနေထိုင်ရမယ်ဆိုတာကို သတိထားမိလိုက်တော့သည်။
*
*
*
*
*
*
*
*
တိတ်ဆိတ်နေသောညဘက်တွင် ဝရန်တာ၌ လူနှစ်ယောက် သောက်ပွဲကျင်းပနေသည်။
နှစ်ယောက်စလုံး ခပ်ထွေထွေဖြစ်နေတဲ့အချိန်မို့ စကားတွေက ရေပတ်၍ပင်မဝင်တော့ချေ။
တစ်ချက်တစ်ချက် ကျယ်လောင်သောရီသံကိုကြားနေရသေး၏။
" လုံးလုံးမွေးတဲ့အချိန်ကို မှတ်မိသေးလားလင်းမြတ်"
" မှတ်မိတာပေါ့ ပေါင်ချိန်မပြည့်လို့ ၊နောက်ပြီး အစ်ကိုလေးရော ကလေးကိုပါအသက်လုနေရတဲ့အချိန်ဆိုတော့ ဘေးကင်းကြပါစေဆိုပြီး တောက်လျှောက်ဆုတောင်းနေခဲ့ရတာလေ။ လုံးလုံးလေးကလဲ ပေါင်ချိန်မပြည့်လို့ သူ့ကျန်းမာစွာကြီးပြင်းလာဖို့ တကယ်မျှော်လင့်ပြီးဆုတောင်းခဲ့ရတယ်"
" အခုတော့ ခွေးပေါက်လေးကထွားလာလိုက်တာမှ နောင်နှစ်တွေဆို မင်းကိုတောင်မှီတော့မယ်ထင်တယ်"
" ဟုတ်တယ် သူကျွန်တော့်ကိုမှီတော့မှာ "
စကားသံတို့ခဏတိတ်သွားပြီး အချိန်အတော်ကြာမှပြန်ထွက်လာသည်။
" မင်းနဲ့ငါ ဒီအခြေအနေမျိုးနဲ့ အေးအေးချမ်းချမ်းနေရဖို့ အလုပ်တွေအများကြီးလုပ်ခဲ့ရတာ မယုံနိုင်စရာပဲနော်လင်းမြတ်။ သေဘေးတွေကြုံရပေမဲ့ မသေဘဲကျန်ခဲ့နိုင်လို့ မိသားစုဘဝကိုယ်စီနဲ့ အေးအေးဆေးဆေးနေနိုင်ဖို့ ဘုရားကအခွင့်အရေးပေးလိုက်တာနေမယ်။ ဒီအခွင့်အရေးကို ငါတို့တန်ဖိုးထားတတ်ဖို့တော့လိုတယ်"
" ဆရာ အကိုလေးကိုတန်ဖိုးထားဂရုစိုက်သလိုမျိုး ကျွန်တော်လဲ လုံးလုံးကိုကျိန်းသေဂရုစိုက်ပြီး ပျော်အောင်ထားပါ့မယ်"
" အေးပါကွာ ငါ့သားလေးပျော်နေတယ်ဆို ငါလဲပျော်ရတာပါပဲ"
ညနက်လာသည့်အချိန် အရက်ဝိုင်းမှာတင်အိပ်ပျော်ဖို့ဖြစ်နေသောလူနှစ်ယောက်အား အိပ်ခန်းဆီတွဲပို့ဖို့ လူနှစ်ယောက်အသင့်ရှိနေလေသည်။
" သားယောကျ်ားရမှာမို့ ဝမ်းနည်းလို့သောက်တာလား။ မသောက်ရတာကြာလို့ အခွင့်အရေးရတုန်းအဝသောက်တာလား တွေးမရတော့ဘူး"
" ကဲပါဖေရယ် အဖိုးကြီးလေးလိုပြောမနေပါနဲ့။ ဒယ်ဒီ့မျက်နှာညိုရင် သူ့အဖေသူ့အဖေနဲ့ ဖေပဲမနေနိုင်တာ"
" ဖေ့ကိုပြောမနေပါနဲ့ သူ့ကျတော့"
" သူ့ကျဘာဖြစ် "
" ကိုယ့်အကြောင်း ကိုယ်သိပေါ့"
သားအဖနှစ်ယောက် စနောက်ရင်းဖြင့်ပင် ခုံပေါ်မှာအိပ်ပျော်နေပြီဖြစ်သော သက်ဆိုင်ရာလူနှစ်ယောက်ကို နိုးအောင်နှိုးကာခေါ်လာရတော့၏။
ဖေ့ဆီမှနေပြီး နောက်တစ်ခါသောက်ရဲသောက်ကြည့်ဆိုသည့် ဆူပူသံနှင့်အတူ ဒယ်ဒီ၏ ကိုကိုရဲ့သက်ထက်လေးဆိုသည့် အသံကိုကြားလိုက်ရ၏။ အတူနေသည့်အချိန်တွေကြာတာတောင် အချစ်မပြယ်သည့် ကမ္ဘာ့အကြီးဆုံးအချစ်ငှက်ကြီးတွေကိုတော့ ကိုယ်လည်းမနိုင်တော့ပါ။
ကိုယ့်ဆီလိုက်လာတိုင်း ဟိုတယ်မှာတည်းတတ်သည့် ဦးအတွက် ဒီတစ်ခါတော့ အိမ်မှာပဲနေခိုင်းလိုက်သည်။ သူနေဖို့အတွက်ပြင်ပေးထားသည့် အခန်းထဲရောက်သည့်အခါ အိပ်ရာထဲလှဲသိပ်လိုက်သည်။ အမူသမားက ကိုယ့်လက်ကိုလှမ်းဆွဲကာ သူ့ရင်ခွင်ထဲမှာ ကိုယ့်ကိုနစ်မြုပ်စေ၏။
" ချစ်လား ကိုယ့်ကို "
မူးနေသူက သူ့ကိုချစ်လားဆိုပဲ အမူးပါး။
" အရက်သမားဆိုမချစ်ဘူး"
အရယ်တစ်ဝက်ဖြင့်ပြန်ပြေလိုက်တော့ မျက်နှာကရှုံ့မဲ့နေလေတော့၏၊
" ကလေးမကြိုက်ရင် နောက်ဆိုမသောက်တော့ဘူး"
" တကယ်လား "
" တကယ်ပေါ့ "
" လိမ္မာတဲ့လူကြီးကိုဆုချရမယ် "
ပြောပြီးတာနှင့် အမူးသမား၏နှုတ်ခမ်းထက် အနမ်းခြွေလိုက်သည်။ စတင်သူကကိုယ်ဖြစ်နေပေမည့် နောက်ပိုင်းဦးဆောင်သူက ကိုယ့်ရဲ့အမူးသမားပေါ့။ ပြင်ပြသည့်အနမ်းရေလျဉ်ကြောတွင် အချိန်အကြာကြီးမျောပြီးသည့်နောက် နောက်တစ်ဆင့်တက်ဖို့အဆင်သင့်ဖြစ်နေချိန်တွင်
" အာ ဒီမှာတော့မဖြစ်ဘူး "
အမူးသမားဆီမှ ထွက်လာသည့်စကားသံ။
" ဘာဖြစ်လို့ မဖြစ်တာလဲ "
" ယောက်ခမတွေအိမ်မှာဆိုတော့ မနက်ကျရင်အားနာနေရမယ် "
" ဒါဆို ဘယ်တော့ချစ်ပေးမှာလဲ "
" ရန်ကုန်ပြန်ရောက်မှ ဖြစ်တယ်မို့လား"
" မဖြစ်စရာအကြောင်းမှ မရှိတာ "
" ဒါဆို မနက်ပြန်မလား "
" ဒါလဲ မဖြစ်နိုင်စရာအကြောင်းမှ မရှိတာ "
အခန်းတွင် ရီသံတို့ပျံ့လွင့်လာရတော့သည်။ လှပသောအနာဂတ်နေ့ရက်တိုင်းသည်လည်း ယခုကဲ့သို့ပင် ပျော်ရွှင်ရီမောသံတို့နှင့်သာ ပြည့်နေတော့မှာအသေအချာပင်ဖြစ်လေတော့၏။
( ပြီးပါပြီ )
Eros_90
15.4.2024 ( ၉ နာရီ )