(၁၇)
မင်္လာဆောင်မှာပါတဲ့ရက်ဆွဲပြီး နှစ်ပတ်အကြာ။Rikuလဲ လေယာဉ်လက်မှတ်ကို ဒီအတိုင်းပဲ သိမ်းထားလိုက်တော့တယ်။ကြိုတင်ခန့်မှန်းပြီးသား အခြေအနေတစ်ခုပဲမို့လား ထူးထွေပြီး အသဲကွဲစရာလိုသလား။
ဆုံးရှုံးသွားတဲ့လေယာဉ်လက်မှတ်ဖိုးအတွက် အလုပ်တွေပိုကြိုးစားပြီး လုပ်ရုံအပြင်ဘာရှိနိုင်အုံးမှာလဲ။
ဟော့ပေါ့ဆိုင်မှာ အလုပ်ပြန်ဝင်ခဲ့တယ်။အရင်ကတော့ Daeyoung က မလုပ်ဖို့တားလို့နားခဲ့ပေမယ့် အခုက မတူတော့ဘူး တားမယ့်သူမရှိတော့ဘူး။
Rikuက လွတ်လပ်သွားတယ်လို့ထင်ရတဲ့ အကျဉ်းသားတစ်ယောက်ပဲ။
"ဟေ့ကောင် မင်းစာတွေလုပ်လှချည်လား"
အတန်းထဲမှာ theoryစာအုပ်ထဲ ခေါင်းနစ်ထားတော့ ဘေးက သူငယ်ချင်းက အထူးအဆန်းကိုမြင်ရသလို မျက်လုံးပြူးမျက်စံပြူး။
ပုံမှန်ဆို Rikuက Theoryတွေကို အလေးမထားတဲ့သူ Practical ကိုပဲ အားစိုက်လုပ်ခဲ့တာ။အင်းလေ အရင်က Theoryချိန်တွေဆို ဖုန်းလေးနဲ့ တစ်စုံတစ်ယောက်ဆီ "ပျင်းလိုက်တာ" လို့စာပို့လိုက်ရင် တစ်ဖက်ကလဲ စကားတွေအများကြီး ပြောပေးခဲ့တာလေ သူဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ Rikuရဲ့ message တွေကို တစ်ခါမှ လျစ်လျူမရှုဖူးတဲ့သူတစ်ယောက်။
နေနေတဲ့ အခန်းကိုတောင် ပြောင်းဖို့ တွေးမိသေးတယ်။ဒီအခန်း ဒီဝရံတာကို တွေ့ရင် ထပ်ပြီး အကျဉ်းသားဖြစ်မယ့် အလားအလာမို့ ပြောင်းရွေ့ဖို့ စီစဉ်ခဲ့တယ်။ဒါပေမယ့် နေဖို့ အိမ်တစ်အိမ်ရှာတာ လွယ်ကူတဲ့ကိစ္စမှဟုတ်မနေဘဲ။
၂၄နာရီစတိုးဆိုင်နဲ့ ဟော့ပေါ့ဆိုင်တွေမှာ အလုပ်တွေလှည့်ပတ်လုပ်နေတာမို့ ညဆို ဘာမှလုပ်ချင်စိတ်မရှိေတာ့ဘူး။ပင်ပန်းလွန်းလို့ မျက်လုံးအစုံမှိတ်ချလိုက်တာနဲ့ ဘေးအခန်းကနေ လှုပ်ရှားသံတွေကြားလာရရော။ကြမ်းကြမ်းတမ်းတမ်း ဆူဆူညံညံတွေမဟုတ်ဘဲ အရမ်းကိုညင်သာတဲ့ ခြေသံတွေ။
အိမ်မက်ထဲမှာတော့ Daeyoung က ခေါက်ဆွဲတွေပြုတ်ကျွေးတယ်တဲ့ ကိုရီးယားမှာ အရမ်းနာမည်ကြီးတဲ့ခေါက်ဆွဲကို ကင်ချီနဲ့တွဲပြီး စားခိုင်းတာ အရမ်းကောင်းတာပဲတဲ့။
နောက်ပြီးတော့ Rikuတစ်ယောက် ယိုင်တိယိုင်နဲ့ စက်ဘီးတစ်စီးနဲ့ မှောင်မဲနေတဲ့လမ်းကိုသွားနေရတယ်။ကြောက်လွန်းလို့ Daeyoung ကို ခေါ်မိတော့ မရှိနေဘူး အဲ့အချိန်မှသိလိုက်တာက ဒါကအိမ်မက်တစ်ခုပါလား။လက်တွေ့မှာဆို Rikuလိုအပ်တိုင်း Daeyoung က ရောက်လာလာပေးတတ်တာလေ။
ည၁၂နာရီလောက် Rikuက အိမ်မက်တွေကြောင့်မျက်လုံးက ကြောင်နေပြီး ဘယ်လိုမှအိပ်မရတော့ဘူး။မျက်နှာသစ်ပြီး ဘာလုပ်စရာရှိမလဲလှည့်ပတ်ရှာမိတယ်။လုပ်စရာအလုပ်မရှိဘဲ အားယားနေရင် အဲ့လူက အတွေးထဲဝင်ဝင်လာလို့ နှင်ထုတ်ရတာအမော။အိပ်ယာက ရှုပ်ပွနေလို့ ပြင်လိုက်သေးတယ်။မဆေးရသေးတဲ့ အိုးနဲ့ပန်းကန်တွေကို ဆေးနေလိုက်တယ်။ဆေးပြီးသားလဲ ပြန်ဆေးတာပဲ။ဝရံတာကနေ တစ်ယောက်ယောက်ကနေ ကြည့်နေသလို ခံစားရပေမယ့် ဒါက စိတ်ကယောင်ချောက်ချားဖြစ်မှုတစ်ခုပါပဲ။
အမှိုက်ပုံးထဲမှာ အမှိုက်တွေပြည့်နေတာနဲ့ အမှိုက်ထုပ်ကိုယူပြီး လမ်းထိပ်က အမှိုက်ကန်ထဲ သွားပစ်ဖို့ အောက်ထပ်ဆင်းခဲ့လိုက်တယ်။မိုးရာသီမို့ ကောင်းကင်ကတော့ လျှပ်စီးတဝင်းဝင်းနဲ့ မိုးကတဖွဲဖွဲကျနေမို့ ဟူဒီအဖြူတစ်ထည်ဝတ်ပြီး ဟူဒီဦးထုပ်ကိုဆောင်းထားလိုက်တယ်။ထီးယူရမှာလဲ တအားပျင်းနေတယ်။
လမ်းတစ်လျှောက်လဲ သက်ပြင်းတချချနဲ့ အသက်တိုမယ်ဆိုလဲ အဆင်ပြေတာမို့ စိတ်ညစ်စရာတွေကိုတော့ မှုတ်ထုပ်ပါရစေ။နောက်ကနေ ခြေသံတစ်ရှပ်ရှပ်ကြားပေမယ့် Rikuက ကိုယ့်အတွေးနဲ့ကိုယ်မို့ လှည့်ကြည့်ဖို့ အာရုံမရ။
အမှိုက်ကန်ဆီ အနည်းငယ်လမ်းလျှောက်သွားပြီး အမှိုက်ထုပ်ကိုပစ်လိုက်တယ်။ပြန်လှည့်လာချိန်မှာတော့ အရိပ်တစ်ခု လူတစ်ယောက်။
မျက်မှန်နဲ့ Kim Daeyoung ဟာ သူ့ကိုကြည့်နေတယ်။
မိုးကတဖြည်းဖြည်းသည်းလာတယ်။
ဒီRikuကတော့ ထင်ယောင်ထင်မှားေတွမြင်မိတဲ့အထိ အသည်းကွဲနေသလား တွေးမိပေမယ့် တကယ်ကြီး Kim Daeyoung ပါ။
"Riku"
Rikuက ပြိုလဲနေပြီးသား ထပ်ပြီး ပြိုလဲပြန်တယ်။သတင်းနဲ့တင်နှိပ်စက်ပါတော့လား ဘာလို့တကူးတကကြီး လူကိုယ်တိုင်ပေါ်လို့ နှိပ်စက်ချင်သေးတာလဲ။အကျဉ်းသားက ထပ်မလွတ်နိုင်ပြန်ဘူး။မိုးရေထဲရပ်နေတဲ့ Daeyoung ကနေ အထက်တန်းကျောင်းသားလေး Kim Daeyoung ကိုပြန်မြင်လာစေတယ်။အဲ့တုန်းကလို နူးညံ့တဲ့အကြည့်တွေနဲ့ Rikuကို ကြည့်နေတုန်း။
"ငါတို့ စကားပြောရအောင် နော်"
Rikuအသံမထွက်ဘဲ ခေါင်းကိုသာ ခါယမ်းပြမိတယ်။အခုအချိန်မှာ အသံတစ်သံထွက်မိရင် စကားတစ်ခွန်းပြောမိရင် သူ့အသံက တုန်ယင်ပြီး ငိုမိလိမ့်မယ်။ငိုလို့ဘယ်ဖြစ်မလဲ။ကောင်းကင်ကပဲ ငိုပါစေ Rikuကတော့ မငိုချင်တော့ဘူး။
"ငါအခုထိ လက်မထပ်ရသေးဘူး"
Rikuခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတယ်။လက်သီးဆုပ်ထားမိတယ်။လက်မထပ်ရသေးဘူး ဆိုလို့ Rikuမှာ ဝမ်းသာပီတိမဖြစ်မိပြန်ဘူး။ဒီအတိုင်း ဝမ်းနည်းနေရုံ။မိုးရေတွေစိုလို့ ဝမ်းနည်းနေတာ ဖြစ်မှာပါ။
"မင်းစကားပြန်ပြောအုံး မင်းတိတ်ဆိတ်နေတာကို ငါမကြိုက်ဘူး မဟုတ်ဘူး ငါကြောက်တာ မင်းတိတ်ဆိတ်နေတာကို ငါကြောက်တာ"
Rikuပုခုံးကိုကိုင်လှုပ်လို့ မေးတော့ Rikuဆောင်းထားတဲ့ ဟူဒီခေါင်းစွပ်က ခေါင်းပေါ်ကနေ ဖယ်သွားတယ်။မိုးကသည်းလာတာမို့ သူတို့နှစ်ယောက်လုံး မိုးရေတွေစိုရွှဲနေကြတယ်။
"အဲ့တော့ ငါက ပျော်ပေးရမှာလား မင်းလက်မထပ်ရသေးဘူးဆိုတော့ ငါကဝမ်းသာပေးရမှာလား Daeyoung မင်းကလက်မထပ်ရသေးပေမယ့် တစ်ချိန်ချိန်မှာ လက်ထပ်မယ့်သူပဲ အဲ့အချိန်ကျမှ ငါကထပ်ပြီး ကြေကွဲပြရမှာလား"
Rikuက စိတ်ထဲရှိသမျှပေါက်ကွဲထွက်လာပြီး ပုခုံးကိုကိုင်ထားတဲ့ Daeyoung လက်တွေကို အကြမ်းပတမ်းဖယ်ထုတ်ပစ်လိုက်တယ်။
"ငါလက်မထပ်ဘူး မင်းပါးစပ်ကပြော ငါလက်ထပ်တာကို မလိုချင်ဘူးလို့ မင်းပါးစပ်ကပြော"
"မပြောဘူး မင်းကိုရီးယားကိုပြန်သင့်ပြီ"
"ငါလက်မထပ်ဘူးလို့ပြောရင် မင်းကကြိုဆိုပေးမှာလား"
"အဲ့ဒါဆို မင်းရဲ့အမေကိုရော"
Daeyoung က ငြိမ်ကျသွားတယ်။
"မင်းအဖွားကိုရော ယောလေးကိုရော မင်းသူတို့အတွက် အားနာစိတ်လေးတောင် မဖြစ်ဘူးလား"
Daeyoung က မိုးရေထဲမှာ ငိုနေတယ်။Rikuကလဲ ငိုနေမိတယ်။မိုးရေကြောင့် မျက်ရည်တွေကို မမြင်ရရုံတင်။နှစ်ယောက်လုံး ပြိုလဲနေတာကို ကောင်းကင်ကတောင် သိလောက်ပါတယ်။
"ဒါဆို Riku မင်းကရော"
ဒီတစ်ခါ ငြိမ်ကျရသူက Rikuပါတဲ့။သူ့အတွက်သူမတွေးမိဘူး။
"မင်းကရော ငါမရှိရင် နေနိုင်မှာလား ငါ့ကိုအခုလို စွန့်လွှတ်ရလဲ မင်းအဆင်ပြေတယ်လား"
Rikuက Daeyoung ပုခုံးပေါ်ကျနေတဲ့ မိုးစက်တွေကို ကြည့်ပြီး တွေးနေမိတယ်။ငါက နေနိုင်မှာလား။ငါက သူ့ကို အဆုံးရှုံးခံလိုက်လဲရတယ်လား။အဖြေတွေအတိုင်းသာ သူလုပ်ရရင် အရှေ့က လူကို အသားကုန်ပြေးဖက်ပြီး ထွက်မသွားဖို့ တဖွဖွပြောမိတယ်။ထွက်သွားခဲ့လို့ အပြစ်ဆိုပြီး ရိုက်မယ်။ပြီးရင် အဲ့Kim မျိုးရိုးကို အနမ်းခြွေလို့ ထပ်ထွက်မသွားဖို့ ကတိတွေတောင်းမယ်။
ဒါပေမယ့် ဖြေမိသွားတဲ့အဖြေတွေဟာ အတွေးတွေနဲ့တစ်ခြားစီပါလား။
"ရတယ် ငါကတစ်ယောက်ထဲ မင်းဘက်မှာက သုံးယောက်
ဘယ်လောက်တောင် သနားဖို့ကောင်းလဲ"
"အိပ်နေရင်း ငါ့နာမည်ကို တဖွဖွခေါ်နေတာ ငါ့ကို လွမ်းလို့မဟုတ်ဘူးလား Riku"
Rikuက မလုံမလဲနဲ့ တံတွေးတစ်ချက်မျိုချပြီး ပြောလိုက်တယ်။
"အိမ်မက်က အိမ်မက်ပဲ လက်တွေ့နဲ့မဆိုင်ဘူး"
Daeyoung က တောက်တစ်ချက် ခေါက်တယ်။Rikuကို စေ့စေ့စိုက်ကြည့်တယ်။အခုလိုဖြေတာဟာ Rikuမှမဟုတ်ပဲ။Rikuသာဆို အခုလို တစ်ဖက်သတ်ဆန်တဲ့ အဖြေတွေနဲ့ Daeyoung ကို နှိပ်စက်နေမှာမဟုတ်ဘူး။
Rikuကတော့ အတတ်နိုင်ဆုံး Daeyoung နဲ့အကြည့်ချင်းမဆုံအောင် ကြိုးစားရင်း နှုတ်ခမ်းကို နာနာလေး ကိုက်ထားလိုက်တယ်။
"မင်းက ငါ့ကို စွန့်ပစ်စရာအရုပ်လို အမြဲသဘောထားနေတာပဲ
အခု ငါဘယ်လောက်တောင်ကြိုးစားပြီး ဒီကိုရောက်လာခဲ့ရလဲ
ငါဘယ်လောက်တောင် မာနတွေသိက္ခာတွေကို စွန့်လွှတ်ပြီး ဒီကိုရောက်လာခဲ့ရလဲ
ငါဘယ်လောက်တောင် ပြစ်မှားခဲ့ရလဲ မင်းမသိဘူး
မင်းသိတာက ငါ့ကိုစွန့်ပစ်ဖို့ပဲလား အဆုံးရှုံးခံဖို့ပဲလား"
Daeyoung က Rikuကို လက်ညှိုးထိုးပြီး နာနာကျင်ကျင်ပြောတယ်။
မုန်းလို့ပြောတဲ့စကားတော့ ဘယ်ဟုတ်ပါ့မလဲ အချစ်ရယ်။
နာကျင်ရလွန်းလို့ပါ။
"ငါတို့အတူရင်ဆိုင်ရအောင် အခုအချိန်မှာလိုချင်တာက မင်းငါ့ကိုကြိုဆိုပေးဖို့ပဲ ကျန်တာတွေငါစွန့်လွှတ်နိုင်တယ်"
"မင်းစွန့်လွှတ်နိုင်ပေမယ့် ငါမစွန့်လွှတ်နိုင်ဘူး မင်းအမေက ငါတို့နှစ်ယောက်လုံးကို မချစ်တော့မှာကို ငါဆိုးတယ် ငါကကျေးဇူးမသိတတ်တဲ့သူဖြစ်မှာစိုတယ် ပတ်ဝန်းကျင်က ဝိုင်းပြောမှာကိုစိုးတယ်"
Rikuက ငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကနေ တိုးတစ်မျိုး ကျယ်တစ်မျိုး သူတို့သားအမိနှစ်ယောက်အကြောင်း ပြောသံတွေကြားခဲ့ရတာမို့ ကြောက်တယ်။မိဘတွေရဲ့မေတ္တာမရခဲ့ပေမယ့် Daeyoung အမေက ချစ်ပေးခဲ့လို့ ကျေးဇူးတင်ခဲ့ဖူးတယ်။အဲ့ဒါတွေအတွက်ကြောင့် Rikuက အခု ကျဉ်းထဲကြပ်ထဲရောကနေရတယ်။
"အဲ့ဒါတွေက အခုလို လုပ်ရတဲ့အကြောင်းပြချက်လား ငါအခုပြန်လာတာ မင်းနဲ့အတူရှိဖို့ပြန်လာခဲ့တာ
အရင်ကရော အခုရော မင်းဆီမှာ ငါ့ကိုပေးဖို့ အဓိပ္ပာယ်ရှိတဲ့အကြောင်းပြချက်ရှိခဲ့ရဲ့လား Riku.
အရင်ကလို ငါကအရာရှိသားမို့ ဆိုတဲ့ $အဓိပ္ပာယ်မရှိတာတွေမပြောဘဲနဲ့ ငါ့ကိုချစ်လို့ လို့ပြောပေး"
" ငါကမင်းပြောခိုင်းတိုင်းပြောရအောင် ငတုံးမဟုတ်ဘူး
အခုအကြောင်းပြချက်က မင်းလိုပြည့်စုံနေတဲ့ သူအတွက် အဓိပ္ပာယ်ရှိချင်မှရှိမယ် ငါအတွက်ကတော့ သေလောက်အောင် အဓိပ္ပာယ်ရှိတဲ့အရာတွေပဲ
ငါကမင်းကို ချစ်ဖို့မဖြစ်နိုင်တော့လို့ပဲ
မင်းကအချစ်အတွက်ရူးမိုက်နေတဲ့ငတုံးကောင်ပဲ မင်းမှာ မိသားစုရှိသေးတယ် အခုလို မင်းရဲ့ပုံစံကို မြင်ရတာ အရမ်းစိတ်ပျက်စရာကောင်းတာပဲ"
အဲ့စကားအဆုံးမှာ Daeyoung က စိတ်တိုသွားပုံပဲ။Rikuရဲ့လက်မောင်းတွေကို ဆုပ်ကိုင်လိုက်တာ အားပါသွားပြီး Rikuခြေထောက်တွေတောင် နောက်ကို နှစ်လှမ်းလောက်ဆုတ်သွားတယ်။
ပြီးတော့ မိုးရေထဲမှာပဲ Daeyoung က Rikuကို အကြမ်းပတမ်းနမ်းတော့တာပဲ။ညသန်းခေါင်ချိန်မို့ လမ်းပေါ်ဘယ်သူမှမရှိတော့ဘူး မိုးသံတွေကြောင့် သူတို့နှစ်ယောက် စကားများနေသံကို ပတ်ဝန်းကျင်က ကြားရမှာမဟုတ်ဘူး။အမှိုက်ကန်နားမို့ မီးလုံးကလဲ တစ်လုံးပဲရှိတယ်။
"ဖယ် Daeyoung"
Rikuက ပထမဆုံးအကြိမ်အနေနဲ့ Daeyoung အနမ်းတွေကို ငြင်းပယ်လိုက်ခြင်းပဲ။
"စိတ်ပျက်တယ်ဟုတ်လား ဒီစိတ်ပျက်စရာကောင်က မင်းကိုချစ်နေရလို့ စိတ်ပျက်ဖို့ကောင်းနေတာ မင်းသိတယ်မို့လား အဲ့လိုဆို ငါလဲပြောမယ် မင်းက သတ္တိမရှိတဲ့သူပဲ ဒီကမ္ဘာေပါ်မှာ မင်းက ရင်မဆိုင်ဘဲ ထွက်ပြေးနေတဲ့ သတ္တိမရှိတဲ့ကောင်ပဲ။"
Daeyoung ပြောသလို Rikuက သတ္တိမရှိတဲ့ကောင်ပါ။အရင်ကရော အခုရော။ရင်ဆိုင်ဖို့ကို ရှောင်ပြေးနေမိတယ်။လက်လွှတ်ခဲ့မိတယ် စွန့်ပစ်ခဲ့မိတယ်။
"မင်းဖြစ်စေချင်သလို ငါ ယောလေးနဲ့ လက်ထပ်မှာမို့ မင်းပျော်ပျော်ကြီး ထိုင်ကြည့်နေလိုက်"
Daeyoung ကမိုးရေထဲမှာပဲ Rikuကို ပထမဆုံးအကြိမ် ကျောပေးပြီး လှည့်ထွက်သွားတယ်။မသွားပါနဲ့တားချင်ပေမယ့် ရင်ဘတ်ထဲက စကားလုံးတွေမှာ အသံမှမရှိဘဲ ဘယ်လိုလုပ်ကြားနိုင်မှာလဲ။Daeyoungထွက်သွားပြီးတာနဲ့ Rikuက လမ်းမပေါ်ထိုင်ပြီး ငိုတော့တာပဲ။မိုးတိတ်မှ အခန်းကိုပြန်လာခဲ့တယ်။မိုးမိရင် ဖျားတတ်သူပီပီ နှာချေပြီး ကိုတွေပူတက်လာတယ်။ရေနွေးသောက်ပြီး စောင်ပုံထဲကွေးနေလိုက်တော့တယ်။
ကိုက်ခဲနေတဲ့ခေါင်းနဲ့အတူ မနက်ခင်းနိုးလာခဲ့တယ်။အချိန်ကြည့်တော့ မနက်၈နာရီရှိပြီ။မနေ့ညက အဖြစ်အပျက်ကသာ အိမ်မက်သာဆို ဘယ်လောက်တောင်ကောင်းလိုက်မလဲ။အလုံးစုံ သတိဝင်လာတော့ နဖူးပေါ်မှာ အဖြူရောင် လက်ကိုင်ပဝါတစ်ထည်ရှိနေတယ်။အိပ်ယာဘေးမှာတော့ ရေထည့်ထားတဲ့ ဇလုံတစ်ခု။
Rikuမျက်ဝန်းထောင့်တွေမှာ မျက်ရည်တွေစို့သွားတယ်။ထားခဲ့တာတောင် ကြင်ကြင်နာနာထားခဲ့တာပဲ အဲ့ဒီKim မျိုးရိုး အစုတ်ပလုတ်က အမြင်ကတ်စရာ။
လူးလဲထပြီး ဗိုက်ဆာတာနဲ့ စားပွဲပေါ်ကြည့်မိတော့ ကိုရီယားခေါက်ဆွဲဗူးလေး ဘေးမှာ ကင်ချီဘူးနဲ့။Rikuမယ်တော့ အစားအသောက်စားရင်းတောင်ငိုနေရပြီ။အဲ့ဒီလူက Rikuဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်း မေ့မရတဲ့အမှတ်တရတစ်ခုပါပဲ။
စားနေရင်း မျက်လုံးက အိမ်ကိုကြည့်မိတော့ Rikuဆက်လို့မရတဲ့ အံစာတုံးလေးက အပြည့်ဆက်ပြီးသားဖြစ်နေပြီ။အရောင်ဆင်တူလေးတွေစီစီရီရီနဲ့။
Rikuတော့ အံစာတုံးကို ကောက်ယူပြီး အိမ်အပြင်ကို ပြေးထွက်မိတော့တာပဲ။အောက်ထပ်ရောက်မှ တွေးမိတာက အခုအချိန်မှတော့ သူဘာလုပ်နိုင်အုံးမှာလဲ။
လမ်းမှာ ငုတ်တုတ်ထိုင်ချပြီး အသံဗြဲနဲ့ငိုမိတာပဲ။ဈေးသွားကြတဲ့အဒေါ်ကြီးတွေက ၂၄နာရီဆိုင်က ကောင်လေးပဲဆိုပြီး ဘာဖြစ်တာလဲ လာမေးကြတယ်။
"ကလေး ဘာဖြစ်လိုလဲ ဗိုက်ဆာလို့လား"
Rikuက ချော့သံကြားလေ ပိုတိုးလို့ငိုလေပဲ။Kim Daeyoung သာဆို ဘယ်လိုချော့မလဲ အရမ်းသိချင်တာမို့ လာချော့ပါအုံး။ငါ့ကို လာချော့ပါအုံးလို့။
ဝတ္တုတွေကပြောသလို
အချစ်နဲ့စစ်မှာ မတရားတာမရှိပေမယ့်
သနားမိရင်တော့ အရှုံးပဲတဲ့။
Rikuက အရှုံးသမားပဲ။Kim Daeyoung ပြောခဲ့သလို သတ္တိမရှိတဲ့ကောင်ပါပဲ။
-SILENCE-
လေယာဉ်ပေါ်ရောက်နေတဲ့ Daeyoung ရဲ့စိတ်တွေက အဖျားကြီးပြီး ကျန်ခဲ့တဲ့ အခန်းထဲက Maedaဆီမှာပဲ ကျန်နေခဲ့တယ်။ရေပတ်တော့ တိုက်ထားပေးခဲ့ပေမယ့် အဖျားရောကျပါ့မလား။အိပ်ယာဘေးမှာ ဆေးဝယ်ပြီး ထားခဲ့ပေးတာ တွေ့ရောတွေ့ပါ့မလား။
မနေ့ညက အိမ်မက်ယောင်ပြီး ကိုရီးယားခေါက်ဆွဲနဲ့ကင်ချီစားချင်တယ်ပြောလို့ ပြုတ်ထားပေးခဲ့တာ ခံတွင်းရော တွေ့ပါ့မလား။
ယောင်ရင်း "Daeyoung" လို့ခေါ်တိုင်း သူ့မှာ အနားကို အပြေးသွားပြီး လက်လေးကို ကိုင်ထားပေးရတာ အမော။
အပြည့်ဆက်ပြီးသားအံစာတုံးကိုတွေ့ပြီး ငိုနေမလား။ငိုနေမှာပါ။သူလဲ ဆက်နေရင်း ငိုခဲ့ရသေးတာပဲ။
Maeda ကဆိုးလိုက်တာ။မင်္ဂလာပွဲကိုဖျက်ပြီး ဒီအထိလာခဲ့တာတောင် "ချစ်တယ်" ဆိုတဲ့စကားထွက်မလာဘူး။
Maedaက မသွားပါနဲ့ ဆိုတာကို စကားနဲ့ပဲဖြစ်ဖြစ် အပြုအမူနဲ့ပဲဖြစ်ဖြစ်ပြောခဲ့ရင်တောင် သူက ကိုရီးယားကိုပြန်သွားဖို့ စဉ်းစားခဲ့မှာတောင်မဟုတ်ဘူး။အခုတော့ သူ့ရဲ့အနမ်းတွေကို တွန်းထုတ်ပြီး နှင်တယ်တဲ့လေ။
အခုခံစားချက်က ၂၀၀၀ခုနှစ်ရောက်တဲ့ညကလို ခံစားချက်မျိုး။
ချစ်ရသူဆီက စွန့်ပစ်ခံရတဲ့ခံစားချက်မျိုး။
ဒဏ်ရာရထားပြီးသားနှလုံးသားက ဒဏ်ရာရလွယ်တယ်တဲ့။
Daeyoung ကRikuဆီကနေ နှစ်ခါတောင် အစွန့်ပစ်ခံခဲ့ရတယ်။
မောင် ကြောက်တယ် အချစ်ရယ်
မုန်းတယ်ဆိုတဲ့စကားကို မကြောက်ပေမယ့်
အချစ်တိတ်ဆိတ်နေတာကို မောင်သိပ်ကြောက်တာပဲ...
-SILENCE-
ခင်ဗျားတို့က သီချင်းရီကွန်မန့်မပေးမှတော့ ဒီကပဲ ပေးပါ့မယ်
Editပြီးသားမို့လို့ တွဲပြီး နားထောင်ပေးပါ
ရဲရင့်အောင်ရဲ့ "အပြုံး သို့ အရှုံး"
Btw,sad ending လုံးဝမဟုတ်ပါဘူးလို့ 😭