❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ �...

By Gardeniaflorida97

8.7K 890 986

❛အမုန်းမှလွန်မြောက်သော်...........❜ More

မိတ်ဆက်
မိတ်ဆက် (2)
𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➀
𝑩𝒆𝒚𝒐𝒏𝒅 𝑯𝒂𝒕𝒓𝒆𝒅:③
Beyond Hatred:4
Beyond Hatred:5
Beyond Hatred:6
Beyond Hatred:7
Beyond Hatred:8
Beyond Hatred:9
Beyond Hatred:10
Hi
Update!
Beyond Hatred:11
Beyond Hatred:12
Beyond Hatred:13

𝐵𝑒𝑦𝑜𝑛𝑑 𝐻𝑎𝑡𝑟𝑒𝑑:➁

571 57 81
By Gardeniaflorida97

Unicode

"မုန့်တွေက ထည့်ပေးလိုက်တာနဲ့လောက်လား။လိုသေးရင် အိမ်ထိန်းကြီးဆီ ဖုန်းဆက်ပြီး လာပို့ခိုင်း။သူများအိမ်က လူကြီးတွေကို ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်နဲ့ အပူမတိုက်ရဘူးနော် ဂျွန်ငယ်။ဒယ်ဒီပြောတာ ကြားလား"

"ဟုတ်ကဲ့"

နှုတ်ခမ်းဆူကြီး လုပ်ထားရာက ကျွန်တော့်စကားကို သားတစ်ယောက် မဖြေချင့်ဖြေချင် ပြန်ဖြေသည်။မပူဆာတတ်သည့် ကလေးမှန်းလည်း သိသည်။အလိုက်သိ၍ လူကြီးမိဘစကားကို တစ်ခွန်းဆိုလျှင်တစ်ခွန်း နားထောင်တတ်သော ကလေးမှန်းလည်း သိသည်။သူစိမ်းသူရံအပေါ် မဆိုထားနှင့်။မိဘ အုပ်ထိန်းသူ ကျွန်တော့်အပေါ်တွင်တောင် အတင်းအဓမ္မ ဂျီပူဂျစ်ကျတတ်ခြင်း မရှိသောကလေးက သူတစ်ပါးအိမ်က လူကြီးတွေကို ဂျစ်တိုက်ပူဆာပါမတဲ့လား။သိသိကြီးနှင့် ထိုသို့ ကျွန်တော်မှာနေရခြင်းမှာ အကြောင်းရှိ၏။ဆက်၍ ရှုပါလေ။

"အပြင်စာတွေလည်း မစားနဲ့။ရေကိုလည်း ထည့်ပေးလိုက်တဲ့ ဘူးထဲကပဲသောက်။"

"ဟုတ်ကဲ့"

သားက အပြင်စာနှင့် ဓာတ်မတည့်။ရေမသန့်လျှင်ဖြစ်ဖြစ် ရောင်းချသည့်အစားအစာတွင် သန့်ရှင်းမှုအားနည်းလျှင်ဖြစ်ဖြစ် အလာ့ဂျစ်ထတတ်သည်။အသေးသောဆုံးသောကိစ္စမှာ မျက်နှာတွင် အနီဖုများဖြစ်လာတတ်ခြင်းဖြစ်ပြီး ထို့ထက်ပိုဆိုးလျှင် ၀မ်းလျှော၀မ်းပျက်ဖြစ်တော့သည်။ထိုမှတစ်ဆင့်တက်လျှင် အသည်းအသန်အော့အန်ကာ အစာအဆိပ်သင့်သည်ဟူသော လက္ခဏာဖြင့် ဆေးရုံတက်ရတတ်၏။သိပ်နုသောသား။အထိခိုက်သေးသေးကလေးပင် မခံနိုင်ရှာသော ပိုးဟပ်ဖြူကလေးကို ကျွန်တော့်မှာ နေပူလျှင်လည်းပူလို့၊မိုးရွာလျှင်လည်းရွာလို့ အခြေအနေအကြောင်းကြောင်းကိုလိုက်ပြီး ပိုးမွေးသလို ထုပ်သိမ်းစောင့်ရှောက်နေရခြင်းကို သားတစ်ယောက်ကတော့ "ဒယ်ဒီက သားအပေါ် တင်းကြပ်တယ်"ဟူ၍ ဆိုလေကာ အပြစ်မြင်ချင်လှ၏။

"အကယ်၍ စာလုပ်နေရင်းနဲ့ ခေါင်းထဲ နေလို့ထိုင်လို့ အဆင်မပြေတာ၊ဗိုက်ထဲမအီမသာဖြစ်တာရှိရင် ဒယ်ဒီ့ဆီ ချက်ခြင်းဖုန်းဆက်မယ်နော်။"

"ဟုတ်ကဲ့"

"အပြန်ကျ သားတစ်ယောက်တည်း ပြန်ဖို့ အဆင်မပြေရင် ဒရိုက်ဘာကြီး ဖုန်းကိုခေါ်၊ဒါမှမဟုတ်ရင် ဒယ်ဒီ့ဆီဆက်။အစည်းအဝေးရှိလည်း ဖျက်ပြီး သားကို ဒယ်ဒီ မရရအောင် လာကြိုမယ်။အဓိကက ဒယ်ဒီ့သားလေး ဘေးကင်းဖို့ပဲ။ကျန်တာ အရေးမကြီးဘူး"

"ဟုတ်ကဲ့"

ဒီကလေး ဒယ်ဒီ့ကို အကဲစမ်းနေတာ လစ်မစ်ကုန်ပြီ။မီးနီရှိရာသို့အရောက်တွင် ဘရိတ်တစ်ချက်နင်း၍ သားဘက် ကျွန်တော့်အကြည့်များ တည့်စူးစွာ ရောက်ရ၏။ဆူပုတ်သုန်မှုန်နေသော မျက်နှာကလေးမှာ ဘေးတိုက်အနေအထားကကြည့်တော့ အပျံသင်စငှက်ကလေး အပျံမကျွမ်းကျင်သေးရာက မိဘများနောက် အစာကောက်မလိုက်ရ၍ ခုန်ဆွခုန်ဆွ ပိကျိပိကျိ အော်ရင်းကျန်ရစ်ခဲ့ပုံနှင့်တူလှသည်။တောင်ပံဖြန့်ချင်ပါသည်ပေါ့။လွတ်လွတ်လပ်လပ် ပျံသန်း၍ သူများတကာနှယ် အစာရှာချင်ပါသည်ပေါ့။ဒါပေသိ ကိုယ့်အတောင်ကိုယ်ပင် အထိန်းသိမ်းမတတ်သေးသော ငှက်ငယ်လေးအဖို့ မမြင်ရသော အန္တရာယ်က များစွာ။

"ပတ်ဂျွန်ယောင်းရှီ"

"ဟုတ်ကဲ့"

"သားကြည့်ရတာ ၀မ်းနည်းနေသလိုပဲ။ဒယ်ဒီ့အလုပ်တွေရွှေ့ပြီး သားတို့စာလုပ်တာ လိုက်စောင့်ပေးရမလား။မဟုတ်ရင် သားသူငယ်ချင်းကိုခေါ်ပြီး အိမ်မှာ စာလာလုပ်ခိုင်းမလား။စာပြီးရင် သားတို့ သွားချင်တဲ့နေရာအစုံ ဒယ်ဒီ လိုက်ပို့မယ်လေ"

"မရပါဘူး ဒယ်ဒီ။မရပါဘူး။သားသေသွားတာမမြင်ချင်ရင် ဒယ်ဒီ ဒီစကားကို ထပ်မပြောမှဖြစ်ပါလိမ့်မယ်"

မျက်မှောင်ကြုတ်ကြီးဖြင့် အပီအပြင် ဒရမ်မာခင်းချင်ပါသော ကျွန်တော့် သားငယ်။ဒီကလေးနှယ် စကားကို တစ်ခါတစ်ခါများဆို သည်လို ပုံကြီးချဲ့ပြောတတ်လွန်း။

"ဒီလိုဆို ဒယ်ဒီ့သားငယ်ကလေးက မျက်နှာပုတ်ကြီး ဘာလို့လုပ်ထားသလဲ။ဖအေ့စကားကိုလည်း "ဟုတ်ကဲ့"ချည်း အက်ကြောင်းထပ်အောင် လိုက်တယ်။နှုတ်ခမ်းကိုလည်း အရှေ့ကို ဆယ်တောင်လောက်ထုတ်ထားတယ်။မောင်းလာတဲ့တောက်လျှောက်
အရှေ့ကိုချည်း မဲကြည့်ပြီး ဒယ်ဒီ့ဘက်ကိုလည်း မလှည့်ဘူး။ကဲ ပြော ဘာတွေကောက်သလဲ"

"ကောက်မှာပေါ့။သားဘာသာ စက်ဘီးနဲ့ လာလို့ရပါတယ်လို့ ဒယ်ဒီ့ကို သားပြောတယ်။ဒါပေမဲ့ ဒယ်ဒီက စိတ်မချပါဘူးဆိုပြီး သူငယ်ချင်းအိမ်အထိ လိုက်ပို့တယ်။တစ်လမ်းလုံးလည်း သားကိုစိတ်မချသလို ပွစိပွစိ မှာတယ်။"

တစ်လမ်းလုံး မျက်နှာပုတ်ကြီးပြု၍ ငြိမ်ငြိမ်ကလေး ကောက်နေခဲ့ရာ ကျွန်တော့်ဘက်မှစတင်၍ စကားလမ်းကြောင်းဖွင့်သည့်အခါ၀ယ် သားတစ်ယောက် ရသည့်အခွင့်အရေးကို အပီအပြင်ယူလျက် ပွစိပွစိ တရစပ် ဖအေ့ကို ရန်ထောင်တော့သည်။

"သားကို ဒယ်ဒီတစ်ခုမေးမယ်"

အကွက်ထဲ၀င်လာပြီမို့ ဂီယာပြန်ချိန်၍ ကားစက်ပြန်နှိုးရာက သားကိုကျွန်တော် နားချဖို့ ပြင်ရသည်။သည်အရွယ် သည်လိုဆယ်ကျော်သက်ကလေးတွေက အကျိုးနှင့်အကြောင်း အသေအချာခိုင်လုံအောင် ရှင်းပြမှ နား၀င်သည့်အမျိုး။တစ်ချက်လွှတ်အမိန့်ထုတ် ဗစ်တိုအာဏာသုံးပြီး ပိတ်ပင်တားဆီးလျှင် အစပထမတော့ ကြောက်၍သာ သို့တည်းမဟုတ် မတတ်သာသည့်အကြောင်းရှိ၍သာ နားထောင်လိမ့်မည်။နောက်ပိုင်းရောက်လျှင် ကိုယ့်ဘက်က ချမှတ်သည့်စည်းကမ်းမှန်သမျှ (မိမိဘက်က မှန်ကန်မှုရှိနေလျှင်တောင်) အထင်တလွဲတွေး၍ ပုန်ကန်ဆန့်ကျင်လာမည်မှာ မလွဲသေချာ။

"အရင်တစ်ခေါက် စက်ဘီးနဲ့အပြင်ထွက်ဖို့ သားကိုဒယ်ဒီခွင့်ပြုတုန်းက ဘာဖြစ်သလဲ"

"သူများကို ၀င်တိုက်တယ်"

"ဒီတော့ အကျိုးဆက်အနေနဲ့ ဘာဖြစ်သွားသလဲ"

"ခြေထောက်..."

သားဆီက အသံဆက်မထွက်လာ။ခေါင်းငုံ့ချသွားပြီး လက်ထိပ်ကလေးများ အချင်းချင်း ဆိတ်ဆွနေသည်။

"အင်း ခြေထောက်က ဘာဖြစ်သလဲ"

"ခြေထောက်အဆစ်လည်ပြီး နှစ်ပတ်လုံးလုံး ကျောင်းမတက်နိုင်ဘူး။"

သားအသံက တိတ်သွားပြန်သည်။ပါးစပ်ထဲ လက်ထိုးထည့်ပြီး လက်သည်းထောင့်စွန်းကို သွားနှင့်ကြိတ်၍ ဖိကိုက်နေသည်၌ အမြန်ဆွဲထုတ်ရပြန်၏။ဗီဇကိုက တစ်ထေရာတည်း အမွေဆက်ခံပြီး ပါလာသည်။ဒီအကျင့်ကို ကျွန်တော်မကြိုက်။ကလေးကလားသိပ်ဆန်၍ ညစ်ပတ်သည်ဟု ကျွန်တော်မြင်သည်။သူ့အရွယ်နှင့်သူ ရှိသင့်သည့် ရင့်ကျက်မှု သားတွင် ရှိစေချင်သည်က အကြောင်းတစ်ရပ်အနေနှင့်လည်း​ ပါ၏။

"ဆက်ပြောမယ် ဂျွန်ငယ်"

ကျွန်တော် မျက်မှောင်ကုတ်ထားသည်ကိုမြင်တော့ သားက လက်ကလေးနှစ်ဘက်ကို ဒူးနှစ်ချောင်းကြား ညှပ်သွင်းပစ်သည်။လည်ကုပ်ကလေး မသိမသာ ပု၀င်လျက် သားက ကျွန်တော့်မျက်နှာကို မရဲတရဲ ခိုးကြည့်၏။

"စာတွေ နောက်ကျတယ်။လပတ်မှာ အမှတ်တွေ အများကြီးလျော့တယ်။Scholarအတွက် လျှောက်ထားတာလည်း လက်လွှတ်လိုက်ရတယ်။ဒါပေမဲ့ အဲဒါက ပထမဆုံးအခေါက်မို့ပါ ဒယ်ဒီ။ဒီ့ထက်ပိုပြီး လေ့ကျင့်ရင် ကျွမ်းကျင်လာမှာပါ ဒယ်ဒီရဲ့"

"ပထမဆုံး အခေါက်မို့ ဒယ်ဒီနားလည်ပေးတယ်။ပထမဆုံးမို့ အမှားရှိမှာကိုလည်း သဘောပေါက်တယ်။နားလည်ပေးပြီး ခြေထောက်ကဒဏ်ရာ အရှင်းသက်သာမှ စက်ဘီးပြန်စီးပါ။ဒယ်ဒီနဲ့အတူ လေ့ကျင့်မယ်လို့ သားကို ဒယ်ဒီတောင်းဆိုထားတယ်။ဒါကို သား နားထောင်သလား"

"ဟင့်အင်း"

"နားမထောင်ဘဲ ဘာလုပ်သလဲ"

"စက်ဘီးယူပြီး သူငယ်ချင်းနဲ့ မြို့ပြင်ခိုးထွက်တယ်"

"ခိုးထွက်တော့ရော ဒယ်ဒီမသိအောင် အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်သလား"

"မရောက်ပါဘူး"

"အေး မရောက်ဘဲ သူများကလေးကို ၀င်တိုက်ပြီး မြှောင်းထဲထပ်ကျတယ်။ခြေထောက်ပြန်ထိလို့ ဆေးရုံထပ်တက်ရတယ်။ကျောက်ပတ်တီးစည်းရတယ်။ဒါလည်း ဆင်ခြင်ပြီး ငြိမ်ငြိမ်နေသလားဆို မနေဘူး။ခြေထောက်အရှင်း ပြန်ပျောက်တော့ ဒယ်ဒီမသိအောင် သူငယ်ချင်းခေါ်ပြီး မြို့ပြင်ထပ်ထွက်တယ်။ဒီတစ်ခါတော့ ကံသီတယ်လို့ပြောရမလား၊သေကံမရောက်လို့လို့ ပြောရမလား။ကားရှေ့ရောက်ပြီး ၀င်တိုက်မိမလိုဖြစ်ရာက တစ်ဖက်ကားက ကားဆရာ အရှိန်အမြန်သတ်လို့ မကြိတ်မိဘဲ လွတ်ခဲ့တာ သားကိုယ်ပိုင်ဖြစ်ရပ်၊သားကိုယ်တွေ့မို့ လုံလောက်ပြီထင်တယ်။မစီးနဲ့၊မလုပ်နဲ့လို့ ဒယ်ဒီမင်းကို လုံးလုံးကြီး တားထားတာမဟုတ်ဘူး ဂျွန်ငယ်။ဒါပေသိ မင်း အန္တရာယ်ကင်းလောက်တဲ့အနေအထား၊ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်တဲ့အနေအထားထိရောက်မှ ဒယ်ဒီမင်းကို စီးဖို့ခွင့်ပြုမှာ။ဒါ ဒယ်ဒီ့ဆုံးဖြတ်ချက်ပဲ"

"ဒါပေမဲ့ သားအနေနဲ့ပြောရရင် ဒယ်ဒီ့ဆုံးဖြတ်ချက်ကို သဘောမကျဘူး။တစ်ချက်လွှတ်အမိန့်နဲ့ တူလွန်းနေတယ်။အနာခံမှ အသာစံရတာပါ ဒယ်ဒီ။လေ့ကျင့်မှုများမှ ကျွမ်းကျင်မှာပေါ့။အခုလိုမျိုးအမြဲ ဟိုဟာအတွက်စိုးရိမ်၊ဒီဟာအတွက် စိုးရိမ်ပြီး သားကို ဒယ်ဒီ ပိတ်ပင်တားမြစ်နေရင် သားမှာ ကိုယ်ပိုင်လုပ်နိုင်စွမ်း၊ကိုယ်ပိုင်အစွမ်းအစ ဘယ်ရှိတော့မလဲ"

မျက်လုံး၀င့်၍ ဒယ်ဒီ့ဘက်သို့ ဂျွန်ယောင်း တစ်ချက်ကြည့်သည်။အသံမှာ မသိမသာ
မာသည်ဆိုသည့်တိုင် ဒယ်ဒီ့မျက်နှာက တည်ငြိမ်အေးဆေး၏။ပြောမိပြီးကာမှ နောင်တရသလို ဖြစ်ရကာ အေးဆေးလှသော ဒယ်ဒီ့မျက်နှာကို မြင်ပြန်တော့ မိမိကိုယ် မိမိ မှန်သည်ဟူ၍ ယူဆမိပြန်သည်။အမြဲ ရေငုံနှုတ်ပိတ်နေနေလျှင် ဂျွန်ယောင်းအတွေး၊ဂျွန်ယောင်းအယူအဆ၊ဂျွန်ယောင်းသဘောထားကို ဒယ်ဒီက သိမည်မဟုတ်။ဒီနေ့ခေတ်လို လိုအင်ဆန္ဒများ၊လိုအပ်ချက်များ၍ အချိန်များများစားစားမပေးနိုင်သော ခေတ်ကာလကြီးထဲ မိဘလည်းမိဘလိုက်နာရမည့်ကဏ္ဍ သားသမီးလည်း သားသမီးကျင့်သုံးရမည့်ကဏ္ဍ မတူညီသောကဏ္ဍအသီးသီး၌ နှစ်ဦးနှစ်ဘက် ပို၍ နားလည်မှုရှိအောင် မိဘနှင့်သားသမီးကြား ပွင့်လင်းမှုရှိသင့်သည်ဟု ဂျွန်ယောင်းထင်သည်။

"ဒီစကားတွေ သားကို ဘယ်သူပြောလဲ"

ဒယ်ဒီ့အသံက ခပ်အေးအေး။မျက်နှာအမူအရာမှာလည်း အေးဆေးငြိမ်သက်သည်။

"ဘယ်သူမှမပြောပါဘူး။သား ဦးနှောက်နဲ့သားကိုယ်ပိုင် စဥ်းစားမိတာတွေပါ"

အမှန်အတိုင်းပင် ဂျွန်ယောင်း ၀န်ခံမိခြင်းပါ။

"ဟုတ်ပါတယ်။ဒယ်ဒီ့သားငယ် ပြောတဲ့စကား ရာနှုန်းပြည့် ဒယ်ဒီထောက်ခံတယ်။ မှန်လည်းမှန်တယ်။ဒါပေမဲ့ ဒယ်ဒီ့ဘက်က ခံစားချက်ကိုလည်း သားလေး သိအောင် ဒယ်ဒီပြောပြချင်တယ်။နားထောင်ပေးမလား"

"ပြောပါ ဒယ်ဒီ"

စည်းကမ်းတင်းကြပ်သည့်တိုင် တဇွတ်ထိုး တစ်ယူသန် ငါ့စကားနွားရဆိုတတ်သော မိဘမျိုးထဲ ဒယ်ဒီမပါမှန်း ဂျွန်ယောင်းသိသည်။အပြစ်ပေးလျှင်တောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီးမှ ကိုယ့်အပြစ်ကိုယ်သိအောင် ပြတတ်သော မိဘမျိုးထဲ ပါသဖြင့် ဒယ်ဒီဆုံးမပြီဆိုလျှင် ဂျွန်ယောင်းကလည်း အလေးအနက်ထား နားထောင်တတ်၏။ဒယ်ဒီ့ကို ဂျွန်ယောင်း လေးစားခြင်းက အဓိက အချက်ပါပင်။

"ဒယ်ဒီ့အတွက်တော့ မင်းက မျှော်လင့်ချက်ကြိုးတစ်မျှင်ပဲ။မင်းဆိုတဲ့ ကြိုးလေးတစ်ချောင်းရှိနေလို့ ဒယ်ဒီ အများကြီးတောင့်ခံနိုင်ခဲ့တာ။တွယ်တာစရာ များများစားစားမပြောနဲ့ ကောက်ရိုးတစ်မျှင်တောင် မရှိတော့တဲ့ ဒီလောကမှာ မင်းဆိုတဲ့ မေတ္တာအလင်းရောင်လေးကြောင့် ဒယ်ဒီ့ အသက်ဓာတ်ကလေး လင်းလာရတာ သား။ဒီတော့ ဒယ်ဒီ့အဖိုးတန်လေးကို ဒယ်ဒီကပ်စေးကုပ်တယ်၊လုံလုံခြုံခြုံလေး အထိအခိုက်မရှိ ထားချင်တယ်။ဒီ့အတွက်နဲ့ သားကို ချုပ်ခြယ်မိတယ်၊စည်းကမ်းထားတယ်။သားခံစားချက်ကို
ဒယ်ဒီနားလည်ပါတယ်။ဒယ်ဒီ့စည်းကမ်းတွေကြောင့် ဒယ်ဒီ့သားလေး စိတ်မွန်းကြပ်ရမှာ၊ပင်ပန်းရမှာလည်း သိတယ်။ဒါ့ကြောင့် မင်းနဲ့ပတ်သက်ရင် အတတ်နိုင်ဆုံးလျှော့ဖို့ ဒယ်ဒီကြိုးစားတယ်။မလိုအပ်ဘဲ တင်းကြပ်တာတွေ မလုပ်မိဖို့ ဒယ်ဒီ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။"

သားက ကျွန်တော့်မျက်နှာကို ငေးငေးကလေးကြည့်နေသည်။မျက်ဆံကလေးများ တောက်လက်၍ ကျွန်တော့်စကားကို သူ စိတ်ပါလက်ပါ နားထောင်နေခဲ့ခြင်းပါ။

"ဒယ်ဒီ့ကို နားလည်ပေးပါ သားငယ်။"

"သားကြောင့် ဒယ်ဒီ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုပါဘူး။ဒယ်ဒီ့ မေတ္တာ၊ဒယ်ဒီ့ စေတနာ၊ဒယ်ဒီ့အချစ် ဒါတွေအားလုံးကို သားမြင်ပါတယ်။အခုလို ပြောမိတယ်ဆိုတာလည်း မကျေနပ်စိတ် သေးသေးကလေး ၀င်မိတာကြောင့်ပါ။ဒယ်ဒီ့ကို အပြစ်တင်ချင်လို့ရယ်ကြောင့်လည်း မဟုတ်ပါဘူး။နောက်ပြီး သားအတွက်၊သားအကျိုးအတွက် ဒယ်ဒီအမုန်းခံ ဆုံးမတယ်ဆိုတာကိုလည်း သားသဘောပေါက်ပါတယ်"

သားစကားကို နားထောင်ရတော့ ကျွန်တော့်ရင်ထဲ တဆိတ်အေးရသည်။သားခေါင်းကို အသာသပ်ဖွမိချိန် ပြုံးလျက် ကြည့်လာသော သားမျက်နှာကလေးက အေးအေးချမ်းချမ်း။ဖေ့သား ငဂျစ်တူးလေးက တစ်ခါတစ်ခါများကျ လူကြီးကလေးလို သိတတ်နားလည်မှု ရှိသား။လူပျိုပေါက်စကလေးဖြစ်လာတော့ သားကလေးက ကျွန်တော့်အတွက် တစ်နည်းတစ်ဖုံမကတော့ အားတစ်ခုဖြစ်လာသည်မှာ အမှန်ပါပင်။

"ဒီတစ်ပတ် သောကြာ ညနေပိုင်းကစပြီး ဒယ်ဒီ အားပြီ။ဒယ်ဒီနဲ့အတူတူ စက်ဘီးစီးထွက်ကြမယ်။ဒယ်ဒီ့သားလေး ယုံကြည်မှုရှိရှိ အမှားယွင်းကင်းကင်း အထိခိုက်မရှိ စီးနိုင်အောင် ဒီဒယ်ဒီက ဘေးကနေ လေ့ကျင့်ပေးမယ်။ဒယ်ဒီ့ကို နားလည်ပေးမယ် မဟုတ်လား ကလေး"

"သားဒယ်ဒီက အကောင်းဆုံးဥစ္စာ။နားမလည်ပေးနိုင်စရာ ရှိမလား"

သားက နံဘေးကနေ၍ ကျွန်တော့်လက်မောင်းကို လာချိတ်သည်။မျက်လုံးကလေးများ မှေးမှိတ်ကျသည်အထိ ဖအေ့ကို အချွဲပိုကာ သွားစိ၍လည်း ရယ်ပြ၏။

****************

"ထိုင်ပါအုံး ဦးရ။မသွားခင်လေး တစ်ခုခု စားသွားပါအုံး"

"မစားတော့ဘူး သား၊ရတယ်။အစည်းအဝေးက ၈ခွဲစမှာမို့ အခုသွားမှ ဖြစ်မယ် ထင်တယ် "

"ဂရုစိုက်ပြီး မောင်းပါဗျ"

"ဒယ်ဒီဂရုစိုက်ပြီး မောင်းနော်"

သားသူငယ်ချင်းအိမ်ရောက်ပြီး ဖင်ပူအောင်ပင် မထိုင်နိုင်။အစည်းအဝေးအတွက် အချိန်မီပြေးဖို့ ကျွန်တော့်မှာ လောနေ၊ပြာနေရ၏။သားနှင့်သားသူငယ်ချင်းကောင်လေးက အိမ်ရှေ့ကားရပ်ထားရာနေရာအထိ ကျွန်တော့်ကို လိုက်ပို့ကြသည်။အပေါင်းအသင်းမက်သော ကျွန်တော့်လူဂျစ်ကလေးခမျာ သူငယ်ချင်းနှင့်တွေ့တော့ ကျွန်တော့်အနားပင်မကပ်။

"နောက်အချိန်ရရင် သားနဲ့အတူတူ မင်းတို့သူငယ်ချင်းနှစ်ယောက်ကို အပန်းဖြေခရီး ခေါ်အုံးမယ်"

"ဟာဗျာ အရင်ကတည်းက အဖေနဲ့အမေ့ကို ပူဆာချင်နေတာ အမေတို့က အလုပ်မအားကြတော့ ပြောဖို့ခက်တာဗျ။ဦးပြောကာမှ အတော်ပဲ။"

"အင်း ဒါ့ကြောင့်မို့ သူငယ်ချင်းနှစ်ယောက် စာအတူတူလုပ်၊လိမ်လိမ်မာမာနေပြီး အများကြီးကြိုးစားကြ။နောက်လာမဲ့ လထဲ ဦးတို့ကုမ္ပဏီမှာ promotion saleချမဲ့ပွဲတွေ တောက်လျှောက်ရှိတယ်။နယ်ဘက်တွေ အပန်းဖြေခရီးထွက်ကြမှာဆိုတော့ နှစ်ယောက်သား လေး၊ငါးဆယ်ရက်မကတော့ တဝကြီးအနားယူလို့ရအောင် ဦးစီစဥ်ပေးမယ်"

"သားဒယ်ဒီက အမြဲတမ်းအတွက်အကောင်းဆုံး၊ဘယ်အချိန်မဆို အကောင်းဆုံး။ဒါဆို ဒယ်ဒီသွားတော့လေ။ဒယ်ဒီနဲ့ စကားရပ်ပြောနေတာနဲ့ပဲ သားတို့ စာလုပ်ဖို့ အချိန်တွေ ပဲ့ကုန်ပြီ။အခုကြည့် ရှစ်နာရီကျော်နေပြီ တွေ့လား"

"အမလေး ကဲပါဗျာ။ဟုတ်ပါပြီ ဒါဆို ဒယ်ဒီ စိတ်ချမယ် ဂျွန်ငယ်။မှာတာတွေမမေ့ဘဲ လိမ်လိမ်မာမာ စာလုပ်နေရမယ်နော်"

"သားက ကလေးလေးလား ဒယ်ဒီ။ရည်းစားထားရင်တောင်ရတဲ့အရွယ်ရောက်ပြီကို နေရာတကာ စိတ်မချဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

မျက်နှာပုတ်ကြီး လုပ်ပြပြီး သားက ကျွန်တော့်ကို လက်ပိုက်ကြည့်သည်။တစ်ဖန် အကျအန ပုံသွင်းထားသော ဆံသားအလိပ်ကလေးများအား လက်ချောင်းဖြင့် ထိုးဖွဆွ၍ သူ့ကိုယ်သူ လူကြီးဆိုဒ် လူကြီးဂိုက်ပုံဖမ်းလျက် မျက်လုံးလှန်ကြည့်ကာ ဆူပြောပြော၏။

"ဟုတ်ပါပြီခင်ဗျာ့။ ညဆိုဒယ်ဒီ့ရင်ခွင်ထဲ ၀င်၀င်ချွဲတဲ့ ကလေးပေါက်စက လူပျိုလေး ဖြစ်လာပြီမို့ ဒီကဒယ်ဒီက ဟော့ဒီလို တင်လုံးလုံးကို နှစ်ချက်ပုတ်ပြီး သားသူငယ်ချင်းလက်ထဲ စိတ်ချလက်ချ အပ်ခဲ့ပါပြီဗျာ။"

"ဟာဗျာ ဒယ်ဒီက။သွားတော့ပါဆို မြန်မြန်"

ကျွန်တော့်လူပျိုပေါက်စကလေး အရှက်သည်းပုံများ ချစ်စရာ။ကိုယ်လေးရို့ရို့ပြီး မျက်နှာနီကလေးနှင့် ကျွန်တော့်လက် သူ့တင်ပါးဆီ ထပ်ရောက်မည်ကို စိုးသော သားခမျာ ကျွန်တော့်လက်ကို အတင်းဆုပ်ဆွဲ၍ ကားပေါ်တွန်းပို့သည်။ကားတံခါးဆွဲဖွင့်ပြီး ကားပေါ်ကျွန်တော်ရောက်မှ စိတ်ချသွားဟန်ဖြင့် လက်ကလေးတပြပြလုပ်၍ ခုန်ဆွခုန်ဆွ ကျန်ခဲ့သည်။ကောင်စုတ်ကလေး။သူငယ်ချင်းနှင့်တွေ့တော့ ဖအေကို ဂျောင်ထိုးပြီပေါ့။

"ဟေ့ရောင် မင်းဖားသားတော့ သွားပြီ။ဆရာက ဘယ်အချိန် လာခေါ်မှာတဲ့လဲ"

ဒယ်ဒီ့ကားနောက်မြီး လမ်းကြားထဲက တရွေ့ရွေ့ပျောက်သွားမှ ဂျွန်ယောင်းမှာလည်း သက်ပြင်းချနိုင်သလို သူငယ်ချင်းဆီကလည်း လေပူမှုတ်သံကြားရသည်။

"၈ခွဲလို့ပြောတာပဲ။တော်ပါသေးရဲ့။ဒယ်ဒီက မြန်မြန်သွားလိုက်လို့။မဟုတ်လို့ နှစ်ယောက်ပက်ပင်းတွေ့ရင် ငါတော့သေပြီ"

"မင်းတို့ဟာကလည်း မိဘနဲ့သားသမီး ချိန်းတွေ့တဲ့ကိစ္စ သမီးရည်းစားချိန်းတာလည်းမဟုတ်၊ခိုးကြောင်ခိုး၀ှက် တွေ့နေရအောင်။ဒါကြီးတော့ တကယ်မမိုက်ပါဘူးကွာ"

သူငယ်ချင်းက ဂျွန်ယောင်းပြောပြထားပြီး၍ ပါပါးနှင့်ဂျွန်ယောင်းတော်စပ်မှုကို သိထားသည်မှာ မကြာသေး။ယခင်အခေါက်အခါများကလည်း သူငယ်ချင်းဆီက အကူအညီကိုယူ၍ ပါပါးနှင့်အချိန်းအချက်လုပ်ရသည့်ကိစ္စများ ရှိထားဖူးသဖြင့် သူငယ်ချင်းခမျာလည်း ဂျွန်ယောင်းနှင့်ပေါင်းမိကာမှ ဒယ်ဒီ့ကိုညာလိုက်ရ၊ဆရာဖြစ်သူကို ညာလိုက်ရဖြင့်ပင် အမှုတွဲထဲ အလိုတူအလိုပါ ပါ၀င်ကပြနေရသည်။

"တွေ့လို့ အဆင်မပြေတဲ့ကိစ္စ မင်းပါပါးကို အမှန်အတိုင်း ပြောပြလိုက်ပါလား။မင်းပါပါးက လူကြီးဆိုတော့ ကြည့်ကျက် စီစဥ်တတ်မှာပဲ။ပေါ့သေးသေးလုပ်မနေနဲ့ ငါတို့ အခုလုပ်နေကြတာ ကလေးအကွက်ကြီး၊မကြာခင် မိသွားနိုင်တာကြီး ဟေ့ကောင်။နောက်ပြီး မင်း ဒယ်ဒီရဲ့ ဒေါသကို ငါကြောက်တယ်။"

"မဖြစ်ပါဘူးကွာ။ပါပါးကို အလကားနေ အလကား စိတ်မညစ်စေချင်ဘူး။နောက်ပြီး ပါပါးနဲ့ဒယ်ဒီက ဘာအကြောင်းတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေကြသလဲ မသိပေမဲ့ ငါ့ကြောင့်နဲ့ထပ်ပြီး နှစ်ယောက်ကြား အမုန်းမပွားစေချင်ဘူး။ဒီအတိုင်းလေးပဲ ကောင်းပါတယ်။ပါပါးလည်း ငါ့ကို အေးအေးဆေးဆေးတွေ့နိုင်မယ်။ဒယ်ဒီခွင့်မပြုတာ မသိရတော့ ငါ့အတွက် သူ
သီးသန့်ကြီးစိုးရိမ်စရာ မရှိဘူး။ဒယ်ဒီလည်း ဒီ့အတွက် အလကားဒေါသမထွက်ရဘူး"

သူငယ်ချင်းက ခေါင်းကြီးယမ်းခါပြီး အနီးက ခုံတန်းပေါ် ၀င်ထိုင်သည်။စီးကရက်ဘူးကြီး ဘောင်းဘီအိပ်ထောင်ထဲက နှိုက်ထုတ်ပြီး မီးညှိရှိုက်ဖွာနေသဖြင့် သူငယ်ချင်းလက်ထဲက တစ်လိပ်ဆွဲယူပြီး မီးညှိလိုက်၏။ခံတွင်းထဲ ချဥ်တင်တင်ဖြစ်နေသည့်ကိစ္စ ပါပါးမလာခင် သုံးလေး၊ငါးရှိုက်လောက်တော့ ဖွာအုံးမှ။တံဆိပ်က အိမ်ရှိ ဒယ်ဒီ့စီးကရက်များလောက် အရသာမစွဲပေမဲ့ တစ်မျိုးတော့ကောင်းသား။တစ်ရှိုက်သွင်း တစ်ရှိုက်ထုတ်တိုင်း လေပေါ်လွင့်နေသည့် ခံစားချက်မျိုး။

"ငါတို့ကွာ လိမ်လိမ်မာမာ နေပါပြောကာမှ အတတ်ကောင်းတွေ သင်စရာမလိုအောင်ကိုတတ်နေကြတာ လခွမ်းတဲ့မှ လူကြီးတွေ သိရင်တော့ မလွယ်ဘူး "

"ကျောင်းက ဆယ်တန်းအစ်ကိုကြီးတွေလည်း သောက်နေကြတာပဲဥစ္စာ။ငါတို့က စမ်းရုံပဲစမ်းတာ။မစွဲသေးဘူး။ကိစ္စမရှိဘူး ဟေ့ကောင်"

ပခုံးတစ်ချက်တွန့်၍ ဆိုသောဂျွန်ယောင်းစကားကို သူငယ်ချင်းက မည်သို့မျှမတုံ့ပြန်။တအောင့်ကြာမှ လက်မောင်းဆီ လက်သီးတစ်ချက်ပစ်သွင်းပြီး

"မင်းဒယ်ဒီရော မင်းပါပါးရော မင်းကို လိမ္မာလှပြီ မှတ်နေကြတာ။သိသွားလို့ကတော့ ကွိုင်ပဲ။အကြီးကြီးကွိုင်"

အင်း ဒီတစ်ခုတော့ ပါပါးကိုရော၊ဒယ်ဒီ့ကိုပါ ဂျွန်ယောင်း အားနာသည်။ပြောရရင် ဒီစီးကရက်သောက်တတ်တာလေးတစ်ခုပဲ ဂျွန်ယောင်း မကောင်းတာပါ။စာနှင့်ပတ်သက်လျှင်လည်း ဂျွန်ယောင်းကြိုးစားသည်။ချမှတ်ထားသော ဒယ်ဒီ့စည်းကမ်းများအောက်တွင်လည်း တစ်ချက်တလေ မဖောက်ဖျက် ဂျွန်ယောင်းနေသည်။သို့တိုင် ဒီဆေးလိပ်ကိစ္စကတော့ ဂျွန်ယောင်း အဘယ်နည်းနှင့်မှ ရပ်တန့်မပစ်နိုင်။မရပ်တန့်နိုင်ခြင်းအတွက်လည်း လက်သည်တရားခံများဖြစ်သော ဆယ်တန်းအစ်ကိုများကို သွားပြီး တရားစွဲ၍ မရ။

'ခင်ဗျားတို့ စမ်းသောက်ခိုင်းလို့၊ခင်ဗျားတို့ကြောင့် ကျွန်တော်စီးကရက်ကြိုက်တတ်သွားတာ'

ဟူ၍ လက်ညှိုးထိုး သွားပြောနေလျှင်လည်း ဟိုအဖွဲ့က နောင်တရပြီး တောင်းပန်မည်ထင်ပါသလော။ဝေးပါသေး၏။ဆွဲထိုးမလွှတ်ရင်တောင် ကံကောင်း။

************

"snack dateဆို ပါပါး"

"ဘာဖြစ်လို့လဲ သားရဲ့"

"snack dateဆိုတော့ သားက Shopping ထွက်တာပဲဖြစ်ဖြစ်၊Cafe Shopထိုင်တာပဲဖြစ်ဖြစ်၊ပန်းခြံသွားတာပဲဖြစ်ဖြစ် လုပ်မယ်ထင်နေတာ။"

"ဘုရားလာရတာ မကြိုက်ဘူးလား ကလေးက"

"ဟီး ပါပါးနဲ့ဆို ဘယ်သွားရသွားရ ဂျွန်ယောင်းက သဘောကျပြီးသားပါ"

သားက ဘုရား၀န်းရှေ့ ဆိုင်ကယ်ထိုးရပ်ပြီးသည်နှင့် ကိုယ့်ဖိနပ်ရော သူ့ဖိနပ်ကလေးပါ လက်ထဲယူကိုင်သွားသည်။လက်တစ်ဖက်ကလည်း အိမ်ကထည့်ယူလာဟန်တူသော Snackဘူးကလေးများ ကိုင်ထားသေး၏။လူကောင်လေးက ပုပုလုံးလုံးနှင့် သေးသလောက်ညှပ်သလောက် ရှိသမျှပစ္စည်း လက်ထဲစုပြုံကိုင်၍ အလိမ္မာတုံးလုပ်ချင်နေသောသားကို ကြည့်ပြီး ထယ်ယောင်းမှာ ပြုံးစိပြုံးစိ ဖြစ်ရသည်။မြို့ထဲ လျှောက်ပတ်မည်ထင်၍ သားခမျာ ပဲပိပြီး အပြတ်အသတ်
ရွှိုင်းလာပုံရပါ၏။ပုံသွင်းထားသော ဆံခွေလိပ်ကလေးများအား တသသလုပ်နေရင်း ပိုလိုရှပ် ဂျင်းအရှည်နှင့်သားက တကယ့်ကို ရှင်းသန့်ပြောင်ရောင်ကာ အရောင်ထွက်လွန်းနေသည်။မသိလျှင် ဘုရားပွဲနှင့်ရှိုးပွဲ နေရာမှား ရောက်လာသည့်အတိုင်း။ဘုရားဖူးလာကြသော ဧည့်သည်တစ်ချို့က သားနှင့်ကိုယ့်ကိုမြင်တော့ အထူးအဆန်းသဖွယ် လှည့်ကြည့်လှည့်ကြည့် လုပ်နေကြသေးသည်။

"ဂန္ဓမာတစ်စည်းရယ်၊ရွှေပန်း၊ငွေပန်းဆယ်ကုံးလောက်ပေးနော"

"ညီအစ်ကိုတွေထင်တယ်နော ရုပ်ကလေးတွေဆင်ကြတယ်"

"မဟုတ်ပါဘူး။သား ဆရာပါ"

"ကျွန်တော့် သားပါ"

သားရော ကိုယ်ပါ နှစ်ဦး ပြိုင်တူဖြေသော အသံတွင် ပန်းသည်အဒေါ်ကြီးက သဘောပေါက်ဟန်ဖြင့် အမေးဆက်မလာပါဘဲ မှာထားသောပန်းကို နှီးဖြင့်စည်းပေးနေ၏။

"သြ ဒါဆို ဆရာတပည့်ပေါ့။စောနကတည်းက ကြည့်နေတာ အားလုံးထဲ ထင်းထွက်နေကြတော့လေ။ကျွန်မတို့က ကလေးကို ကိုရီးယားလူမျိုး မှတ်နေတာ"

"ဟုတ်ကဲ့ ဟန်းဂုသွေးစပ်ပါတယ်"

အဒေါ်ကြီးက ပိုက်ဆံအကြွေနှင့်ပန်းစည်းကို ကိုယ့်လက်ထဲ ထည့်လာပေးရင်း သားဘက်သို့ကြည့်လျက် ရေရွတ်သည်။နေအရှိန်ကြောင့်ထင်ပါ၏။ဖြူဥလှသော သားမျက်နှာကလေးမှာ ပန်းသွေးရောင်သို့ ပြောင်းလုပြီ။

"အမေက ကိုရီးယားသူနဲ့တူတယ်နော"

"မဟုတ်ပါဘူး။သားအဖေက ကိုရီးယားလူမျိုးပါ။ခွင့်ပြုပါအုံး။လာ သား"

ဈေးသည်အဒေါ်ကြီးက နားမလည်ဟန် မျက်လုံးအကြောင်သားဖြင့် ကျန်ခဲ့သည်။နေအရှိန်မှာ အတော်ကလေး ပြင်းလာပြီဖြစ်၍ သားလက်ကိုဆွဲကာ နေရာက ခပ်သွက်သွက် ထွက်လာလိုက်၏။

"ဗုဒ္ဓဟူးနံထောင့်ကိုသွားမလား"

"ရတယ် ပါပါး။ဒီမှာပဲ သားကန်တော့မယ်။"

"ရရဲ့လား သားရေသပ္ပာယ်ချင် သပ္ပာယ်လို့ရအောင် ပါပါးက ပြောနေတာ"

"ဘုရားဟာ ဘုရားပါပဲ။ဘယ်ဘုရားက တန်ခိုးပိုကြီးတယ်၊ဘယ်နံထောင့်က ဘုရားကို ကန်တော့မှ ဆုတောင်းပိုပြည့်တယ်မရှိပါဘူး။အဓိကက ကိုယ့်ရင်ထဲ စစ်မှန်လေးနက်တဲ့တရားဓမ္မ ကိန်းအောင်းနေဖို့ပါပဲ"

ဗုဒ္ဓဟူးသားလေးဖြစ်သည့်သားက သူ၏ နေ့နံထောင့်သို့ မသွားပါဘဲ ကိုယ်နှင့်အတူတူ စနေနံထောင့်သို့ လိုက်လာသည်။ဘုရားပန်းကပ်လှူပူဇော်၍ ဘုရားရှင်ကိုယ်တော်မြတ်အား စိတ်မှတ်တွင်ရည်မှန်းလျက် ရေသပ္ပာယ်ပူဇော်နေချိန် သားမှာ နံဘေးကနေ၍ အမွှေးတိုင်ထုတ်ကလေးကိုင်ပြီး ရပ်စောင့်နေပေး၏။ရေသပ္ပာယ်ပြီး၍ ဘုရားရှင်ကိုယ်တော်မြတ်အား ထိခြင်းငါးဖြာဖြင့် ဦးချကန်တော့လိုက်သည်။သရဏဂုံသုံးပါးနှင့်ဘုရားဂုဏ်တော်ကိုးပါး၊မေတ္တသုတ်ကို အစဥ်အတိုင်း ရွတ်ဖတ်ပူဇော်ပြီး ပြုပြုသမျှ ကုသိုလ်အစုစုအား မြင်အပ်၊မမြင်အပ် ပုဂ္ဂိုလ်အပေါင်းနှင့် ၃၁ဘုံသားတို့အား အမျှဝေပေးပြီးနောက်တွင် နေရာက ကိုယ်ပြန်အထ သားမျက်နှာကလေးကို ကိုယ့်နောက်ပါးဆီတွင် အေးချမ်းကြည်လင်စွာ တွေ့ရ၏။သားမှာ တင်ပုလ္လင်ခွေထိုင်ချလျက် မျက်လုံးစုံမှိတ်ကာ တရားရှုမှတ်နေခြင်း။တစ်စက်ကလေး မလှုပ်မယှက်၊အာရုံတစ်ခုအပေါ်တွင်သာ စုစည်းလျက်ရှိရာ သားမျက်နှာမှာ ငြိမ်သက်လျက်ရှိသော ကန်၏ရေမျက်နှာပြင်ကဲ့သို့ တည်ကြည်၍အေးချမ်းလှ၏။

"ပါပါး သားကို စောင့်နေတာလား"

မိနစ်ပိုင်းမျှကြာသော် သားတစ်ယောက် မျက်ခွံကလေးများ ဖွင့်လာပြီး သုံးကြိမ်မျှဦးချကန်တော့ပြီးလျှင် ကိုယ်ရှိရာသို့ သွက်သွက်ကလေး လျှောက်လာသည်။

"တရားထိုင်နေကျလား"

"ဥပုဒ်နေ့တိုင်း ဒယ်ဒီက အလေ့အကျင့်လုပ်ပေးတယ် ပါပါး။တရားထိုင်တာ အာရုံစူးစိုက်မှု ကောင်းစေတယ်။စိတ်ငြိမ်စေတယ်တဲ့"

ဒီလိုဆိုတော့ သားကို သူ့ဥပဒေ သူ့နည်းလမ်းအတိုင်း ပုံစံချထားခြင်းပေါ့။အတွေး၌ ကိုယ်ပြုံးမိသွားသည်။စည်းကမ်းနှင့်ပတ်သက်လာလျှင်တော့ သားကို သူ့ဆီအပ်ထားရခြင်းအတွက် ကိုယ်ဥဿုံစိတ်ချသည်။ကိုယ်တိုင်က စည်းကမ်းသေ၀ပ်သူမို့ သားကို လက်လွတ်စပယ် ပစ်စလတ်ခတ် ထားမည်မဟုတ်မှန်းလည်း ကြို၍ သဘောပေါက်သည်။

"ဒါပြီးရင် ဘယ်သွားမလဲ ပါပါး"

"ပါပါးအသိ ဆိုင်တစ်ဆိုင်ကို သွားရအောင်။ဆိုင်မှာ မြန်မာမုန့်တွေ အစုံတင်တယ်ဆိုတော့ အဲဒီမှာ အတူတူစားကြမယ်"

"ဟုတ်ကဲ့"

ကိုယ့်လက်ထဲက အထုတ်ပလုတ်များကို သားတစ်ယောက် လက်ပြောင်းယူသွားပြီး အရှေ့ကနေ၍ ခပ်သွက်သွက် လျှောက်သွားနှင့်သည်။ဆိုင်ကယ်အပ်ထားရာနေရာဆီ ကိုယ်ရောက်တော့ သားတစ်ယောက် ဆိုင်ကယ်ထုတ်ထားနှင့်ပြီ။

"ဟီး ပါပါးကိုယ်နံ့က အမြဲ သင်းသင်းလေးမွှေးတယ်။သိလား ပါပါး။ဒယ်ဒီ့အခန်းထဲမှာလည်းလေ ပါပါးကိုယ်သင်းနံ့နဲ့ အနံ့ချင်း ခပ်ဆင်ဆင်တူတဲ့ အင်္ကျီတွေရှိတယ်။ဒါပေမဲ့လေ ဒယ်ဒီက ဘယ်တော့မှ ထုတ်မဝတ်ဘူး။မတော်လို့လား မသိဘူးနော်။သားကတော့ ပါပါးကို သတိရရင် အဲဒီအင်္ကျီတွေ ထုတ်ထုတ်ပြီး အနံ့မွှေးကြည့်တယ်။တကယ့်ကို ပါပါးအနံ့"

ဆိုင်ကယ်စက်နှိုးနေချိန် သားက ကိုယ့်ခါးကို နောက်ပါးက ဖက်သိုင်းလျက် တတွတ်တွတ်ပြောနေသည်။ကြပ်ညပ်နေအောင် ဖက်တင်းထားပြီး သားကိုယ်လေးက ဖအေ့ကျောပြင်ဆီ တောက်တဲ့လေးအတိုင်း မခွာတမ်းကပ်တွယ်၍ ထား၏။သားစကားကို အထူးအဆန်းမဟုတ်သည့်နှယ် ကိုယ်တုံ့ပြန်မှုမပေး။ခပ်ရွဲ့ရွဲ့တစ်ချက် ပြုံးမိသွာသည်ကလွဲ အသံတိတ်၍ ဆိတ်နေလိုက်သည်။တတ်နိုင်လို့ သင်းဘာသာသင်း ကိုယ့်အင်္ကျီတွေကို သိမ်းထားရုံမက လက်နှီးစုတ်(လက်သုတ်၀တ်)ပဲ လုပ်ပစ်ပစ် ကိုယ့်အတွက်ကတော့ ဘယ်လိုခံစားချက်မျိုးမှ ရှိတော့မည်မထင်။အထူးသဖြင့် ယခင်အချိန်ကာလများက စကားတစ်ခွန်း၊အပြုအမူတစ်ရပ်နှင့်ပင် ဆွေ့ဆွေ့ခုန် ကြည်နူးခဲ့ဖူးသော ကိုယ့်နှလုံးသားကလေး ယခုမူ သင်းပေးသော သေရာပါဒဏ်ရာကို အကြောင်းပြု၍ ရင့်ကျက်သွားခဲ့ပြီးပြီ။စိတ်မကောင်းပါဘူးကွယ်။ဒီကရှေ့လျှောက် မင်းနဲ့ပတ်သက်လာသမျှ ရင်ခုန်တယ်ဆိုတာ ရှိမှာမဟုတ်တော့လို့ မင်းဘက်က ခံစားချက် ကျန်နေသေးရင်တောင် ငါ့ဘက်ကတော့ တကယ်ကြီး ၀မ်းနည်းပါတယ် မောင်။

"မင်း သားလေးလား"

"အေး သူငယ်ချင်း"

"ရော မင်း,သားက ဒီအရွယ်ကြီးတောင် ရောက်ပြီပါ့အေး။ဒါနဲ့ အချောလေးပဲ"

"ငါနဲ့တူမှတော့ ချောပြီပေါ့ကွ မင်းကလည်း"

ဆိုင်ကယ်ကို စားသောက်ဆိုင်တစ်ဆိုင်ရှေ့ရပ်ပြီး ဆိုင်ထဲ၀င်ခဲ့တော့ ဆိုင်ရှင်ဖြစ်ဟန်တူသူ အန်တီကြီးတစ်ယောက် ဂျွန်ယောင်းတို့အနား ရောက်လာသည်။ပါပါးနှင့် သက်တူရွယ်တူ ကျောင်းနေဘက်များ ဖြစ်ပုံရပါ၏။စကားပြောသည့်ဟန်မှာ တရင်းတနှီး ရှိလှသည်။

"ရော့ ဒါက အကြော်စုံ။ဒါက မြန်မာမုန့် စိန်ဖေကြီး၊ငှက်ပျောပူတင်း၊သာကူပြင်၊စနွင်းမကင်း၊ဒူးရင်းမလိုင်၊မုန့်ကြက်ဥ။စစ်ကိုင်းနဲ့ တချို့အညာဒေသတွေမှာတော့ မုန့်ချိုသွင်းလို့လည်းခေါ်တယ်၊ဒါက မုန့်လိပ်ပြာ၊ဒါက ကြက်ဥသကြားပလာတာ၊စမူဆာ၊အီကြာကွေး၊ကုလားပဲသုတ်၊ငှက်ပျောပေါင်း၊နို့ဟင်းမလိုင်၊ဒါက နန်းကြီး၊နန်းသေး၊မုန့်ဟင်းခါး၊ကက်ကြေးကိုက်။ကြိုက်တာသာစား။ဒါက မင်းအကြိုက် စီလုံတီး"

စားပွဲ၀ိုင်းကြီးအပြည့် ဗန်းနှင့်တစ်ဗန်းပြီး တစ်ဗန်းရောက်လာသော မုန့်မျိုးစုံ၊မုန့်ရောင်စုံကိုကြည့်ပြီး ဂျွန်ယောင်းမှာ ပါးစပ်ပင် ဟောင်းလောင်းဟသည်။မုန့်များမှာ လောလောလတ်လတ်ကမှ ဆီပူထိုး အသင့်ပြင်ပြီး လာချပုံရပါ၏။ပူပူလောလော အငွေ့တထောင်းထောင်းနှင့် လတ်လတ်ဆတ်ဆတ် ရှိလှသည်။

"ဘာစားမလဲ သား"

"ပါပါးစားတာ"

ရွေးရခက်လွန်းသည့်အတွက် ပါပါးစားမည့် မုန့်ကိုသာ ဂျွန်ယောင်းလည်း ရွေးဖို့ဆုံးဖြတ်လိုက်သည်။ပါပါးက မုန့်ဟင်းခါးပန်းကန်ကိုယူသည်။ပန်းကန်ထဲ ဘူးသီးနှင့်ပဲကြော်ကို မုန့်ဖက်၊ဟင်းရည်နှင့် လိုက်ဖက်မည့် အချိုးအစားအတိုင်း ခြေထည့်ပေးပြီး သံပုရာစိတ်ကို အရည်ကုန်အောင် ညှစ်ထည့်သည်။ပြီးသည့်နောက်တော့ ပဲသီး၊ငါးဖယ်အုပ်၍ ငံပြာရည်ပေါက်ပြီး ဂျွန်ယောင်းဘက်သို့ ကမ်းပေးသည်။အိုးဘဲဥကြီးများ မုန့်ဟင်းရည်ဝါဝါနှစ်နှစ်ထဲ အစီအရီ။

"စားလေ သား။"

ပါပါးတစ်ယောက် လက်ဖက်ရည်သောက်သည့် ပုံစံကို ဂျွန်ယောင်းငေးနေခြင်း။လက်ဖက်ရည်ကို အောက်ခံပန်းကန်ပြားထဲ ငှည့်ထည့်ပြီး ချက်ချင်းမသောက်သေးပါဘဲ ပန်းကန်ပြားကို တစ်ပတ်ပြည့်အောင်လှည့်၍ တဖူးဖူးမှုတ်နေသေးသော ပါပါး။ပြီးကာမှ တစ်ငုံချင်းစီ ငုံသောက်သည်။ထူးဆန်း၏။တဆိတ်ကို ထူးဆန်းလွန်းပါသည်။ဒီလိုအမူအကျင့်မျိုး ဒယ်ဒီ့တစ်ယောက်တည်းတွင်သာ ရှိမည်ဟု ဂျွန်ယောင်းထင်ခဲ့မိတာ။ပါပါးတွင်လည်း ဒီအကျင့် ရှိသတဲ့လား။

"ဘာငေးနေတာလဲ မုန့်ဟင်းရည်က တစ်ခုခုလိုလို့လား"

"ပါပါးခွံ့ကျွေး"

"ဟင်"

"ခွံ့ကျွေးပါ ပါပါး"

စတစ်အင်္ကျီလက်ရှည်နှင့် ယောပုဆိုးကို သပ်ရပ်သေသပ်စွာ ဆင်မြန်းထားသဖြင့် ပါပါးမှာ လူကြီးလူကောင်းဆန်စွာ တည်ငြိမ်နေသည်။လှုပ်ရှားသမျှသည်လည်း ဣန္ဒြေရ၍ ငြိမ်သက်သိမ်မွေ့လွန်း၏။တစ်သျှူးဖြင့် နှုတ်ခမ်းကိုတို့သုတ်သည်ကအစ လက်ဖက်ရည်ခွက် ပြန်ချသည့်အဆုံး၊လက်ဖက်ရည်တစ်ငုံသောက်တိုင်း အရသာကို စိတ်ကျေနပ်ဟန်ဖြင့် မျက်တောင်ကြီးများ ဖိကပ်သွားပုံအလယ် ပါပါး၏ ဟန်အမူအရာတိုင်းက အငြိမ်ဓာတ်တစ်ခုဖြင့် ဆွဲဆောင်အားကောင်းလှသည်။အချိန်တစ်ခုကြာအောင် ငေးကြည့်နေခဲ့ရာက ပါပါး၏ လက်သွယ်ကလေးများ လှုပ်ရှားနေသည့်ဟန်အမူအရာကိုကြည့်ပြီး ပါပါးခွံ့ကျွေးလျှင် ပိုကောင်းမည်ဟူသော အသိတစ်ခု ဂျွန်ယောင်းအတွေးထဲ ၀င်လာ၏။ပါပါးက ဂျွန်ယောင်းစကားကို 'ဟင်'တစ်လုံးထုတ်၍ အမေးပြုရာက မျက်တဖြတ်ခတ်ကြာလျှင် သွားပေါ်အောင်ပြုံးရယ်လျက် ဂျွန်ယောင်းဆံပင်ကို လာဖွသည်။

"ကဲ ပါးစပ်ကလေးဟ။ပါပါးသားလေးက ကလေးလေးလုပ်ချင်နေတာ ဟုတ်လား"

"ဒီမှာ ပါပါးကလေးလေး မှတ်ဉာဏ်ကောင်းအောင် ငါးနဲ့ကြက်သွန်ဥ များများစား"

"ကောင်းကောင်းစားတာပဲ။ပါးကလေးလေးက အစားပုတ်လေးကွာ"

ပါပါးတစ်ယောက် ဂျွန်ယောင်းကို မုန့်ခွံ့ရင်း တတွတ်တွတ် ပြောနေချိန် ပါပါးမျက်နှာဆီ မမှိတ်မသုန်ကြည့်၍ ဂျွန်ယောင်း၏ အတွေးများ အတိတ်ကာလသို့ အမှတ်မထင် ရောက်ရသည်။

"သားသားငယ် လာ ဘိုးဘိုးဆီ လာအုံး"

ဖေဖေ့ အခန်းထောင့်တွင် အရုပ်ကြီးဖြင့် ထိုင်ကစားနေချိန် အဘိုးဖြစ်သူက ခေါ်လာသဖြင့် ဂျွန်ယောင်းကလေး ပုံထိုင်ချထားရာက တုတ်ခနဲထကာ အဘိုးဆီ တန်းမတ်နေအောင် ပြေး၏။ဂျွန်ယောင်း၏နာမည်ကို အဘိုးခေါ်ပြီဆိုလျှင် မုန့် (သို့မဟုတ်)ချိုချဥ် တစ်ခုမဟုတ်တစ်ခု ရတတ်သဖြင့် ဂျွန်ယောင်းက အဘိုးအသံကြားသည်နှင့် အဖိုးဆီလှစ်ခနဲနေအောင် ပြေးတတ်သည်။

"ရော့ ကလေးအတွက်"

ဘိုးဘိုးကမ်းပေးသော ချိုချဥ်ဘူးကိုယူ၍ ဘိုးဘိုးပေါင်ပေါ် ဂျွန်ယောင်းတက်ထိုင်ပစ်လိုက်သည်။နံဘေးရှိ ခုတင်တွင် ငြိမ်သက်လျက် လျောင်းနေသော ပုဂ္ဂိုလ်ကိုမြင်တော့ ဂျွန်ယောင်းမျက်နှာကလေး မသိမသာပုတ်သွားရ၏။

"ဘိုးဘိုး ဖေဖေက ဘယ်အချိန် နိုးလာမှာလဲ"

"ဖေဖေ့ကို နိုးစေချင်ပြီလား သားက"

"အွန်း ဖေဖေ့ကို လွမ်းတယ်။ဖေဖေက ညတိုင်း သားနဲ့ကစားပေးတယ်။အခုကျ ဖေဖေက အိပ်နေတော့ သားနဲ့ကစားပေးမဲ့သူ မရှိတော့ဘူး"

ဂျွန်ယောင်းမျက်နှာဆီကြည့်၍ အဘိုးမျက်နှာမှာ ပြုံးနေခဲ့ရာက တဖြည်းဖြည်း တည်သွားရသည်။ဘိုးဘိုးက ဝမ်းနည်းသွားတာလား။ဂျွန်ယောင်းက ဘိုးဘိုးထက် ဖေဖေ့ကို ပိုချစ်တယ်ထင်ပြီး ဖိုးဖိုးက ၀မ်းနည်းသွားတာလား။

"ဖိုးဖိုးကိုလည်း သားကချစ်ပါတယ်။ဖေဖေ့ကိုက ဒီအတိုင်း သတိရပြီး ပြောတာပါ။ဘိုးဘိုးကိုလည်း ချစ်ပါတယ်"

"အမလေး သိပါတယ်ဗျာ။ဘိုးမြေးလေးက ဘိုးကို ချစ်မှန်း ဒီဘိုးက အများကြီး အများကြီး သိတာပေါ့ဗျ။"

"ဘိုးဘိုးကရော သားကိုအများကြီး အများကြီးချစ်လား"

လက်ထဲယူကိုင်ထားသော တုတ်ထိုးချိုချဥ်ကို ဘိုးဘိုးဆီ အဖောက်ခိုင်းထားရာက ဂျွန်ယောင်းအမေးကိုကြားတော့ ဘိုးဘိုးက ပြုံးသည်။ဂျွန်ယောင်း ပါးဖောင်းဖောင်းကို အသာဖဲ့ပြီး

"ချစ်တာပေါ့ကွာ။ဘိုးဘိုးရော၊ဖေဖေရော၊ဟိုး အဝေးရောက်နေတဲ့ ဒယ်ဒီပါ ဒီက သားသားငယ်လေး တစ်ယောက်ကိုပဲ စုပြုံချစ်နေကြရတာ။သားသားက မိသားစုရဲ့ အချစ်ခံလေးပါကွာ။အချစ်တွေ အများကြီး ရ,ထားတဲ့ကလေးလေး"

"ဒယ်ဒီ ဒယ်ဒီက ဘယ်အချိန်ပြန်လာမှာလဲဟင်။ဒယ်ဒီ့ကို သားသား လွမ်းတယ် ဖိုးဖိုး"

"ဒယ်ဒီက အလုပ်တွေပြီးရင် သားသားဆီ ပြန်လာမှာပေါ့။အခု ဒယ်ဒီပြန်မလာခင်
ဒယ်ဒီ့အစား သားသားကို အဖော်ပြုပေးဖို့ ဘိုးဘိုးက ပါပါးကို ခေါ်လာတယ်။သားသားငယ် ပါပါးနဲ့ တွေ့မလား"

အဘိုးစကားကြောင့် ဂျွန်ယောင်း နားရွက်ကလေးများ ထောင်သွားသည်။

"ပါပါးက ဂျွန်ယောင်းနဲ့ ကစားပေးမှာလား ဘိုးဘိုး"

"ကစားပေးမှာပေါ့ကွ"

"သားသားကိုရော ချစ်မှာလား"

"ပါပါးလောက် သားကို ချစ်ပေးမဲ့သူ ဒီကမ္ဘာမှာ ထပ်မရှိနိုင်တော့ပါဘူးကွာ။သေချာပေါက် ချစ်ပေးမှာပေါ့ သားသားရဲ့။"

"ဒါဆိုတွေ့မယ်"

လိုလိုလားလားပင် ဂျွန်ယောင်းခေါင်းညိတ်ပြလိုက်ပြီး ဘိုးဘိုးပေါင်ပေါ် ငြိမ်ငြိမ်လေး ထိုင်စောင့်နေလိုက်သည်။

"သားငယ်လေး ၀င်လာခဲ့ကွယ်"

ဘိုးဘိုးဆီက ခေါ်သံကြားပြီး သိပ်မကြာ တံခါးချပ်ကိုဖွင့်ပြီး လူတစ်ယောက် ၀င်လာသည်။ထိုပုဂ္ဂိုလ်က ဂျွန်ယောင်းမျက်နှာဆီ ငေးငေးလေးကြည့်၍ အနားသို့ တရွေ့ရွေ့လျှောက်လာ၏။အနီးအပါးရောက်လျှင် "သား"ဟူသော ခေါ်သံကို ခပ်တိုးတိုးထုတ်၍ ဂျွန်ယောင်း၏ လက်သေးသေးလေးများအား ထိကိုင်ဆုပ်သည်။

"ဒါ ကျွန်တော့်သားလေးလား ဒယ်ဒီ"

"ဟုတ်တယ် သားငယ်။မင်းရဲ့ သားဦးကလေး။နာမည်က ပတ်ဂျွန်ယောင်း"

"အင်း"

ထိုပုဂ္ဂိုလ်က ဂျွန်ယောင်းနှင့် ဘိုးဘိုးရှေ့ ဒူးထောက်ထိုင်ချပြီး ဂျွန်ယောင်း၏ လက်သေးသေးလေးကို လာဆုပ်သည်။ဂျွန်ယောင်းမျက်နှာဆီ စူးမော့ကြည့်၍ ဂျွန်ယောင်းလက်သေးသေးလေးနှစ်ဖက်အား တင်းနေအောင်လာဆုပ်သဖြင့် ဂျွန်ယောင်းမှာ မနေတတ်ဖြစ်ကာ အီခနဲမြည်၍ ထိုလက်ဆုပ်ထဲက ရုန်းထွက်ပစ်လိုက်ရသည်။

"ပါပါးကလေးလေးက သဘောမကျဘူးပဲ။"

ထိုပုဂ္ဂိုလ်က ထိုသည်ကို သဘောပေါက်ဟန်ဖြင့် ဂျွန်ယောင်းလက်ကို ဦးစွာ လွှတ်ပေးသည်။

"ကလေးက စတွေ့ခါစမို့ စိမ်းနေတာပါ သားရယ်။မွေးပေးထားတဲ့ ဖအေပဲ။သွေးက စကားပြောပါတယ်။ဟိုဒီတွေးပြီး ဝမ်းမနည်းပါနဲ့။"

"ခံနိုင်ရည်ရှိပါတယ် ဒယ်ဒီ။သား ကျွန်တော့်အပေါ် စိမ်းမယ်ဆို ဒီ့ထက်တောင် အများကြီး စိမ်းသင့်သေးတာ။ရှစ်နှစ်လုံးလုံး သားကိုပစ်ပြီး တစ်ချက်ကလေး လှည့်မကြည့် နိုင်ငံရပ်ခြားကို ထွက်သွားခဲ့တဲ့ အဖေ။ရင်ငွေ့လေးတောင် ကောင်းကောင်းမပေးနိုင်ခဲ့တဲ့အဖေ။အကယ်၍များ သားလေးအရွယ်ရောက်ပြီး နားလည်လာတဲ့အချိန် ဒီကိစ္စနဲ့ပတ်သက်လို့ သား ကျွန်တော့်အပေါ် မုန်းတီးမယ်၊ရွံရှာမယ်ဆိုရင်တောင် ခံနိုင်ရည် ရှိပါတယ်။ခံနိုင်ရည်ရှိဖို့ ကြိုလည်း ပြင်ဆင်ထားတယ် ဒယ်ဒီ"

ဘိုးဘိုးပေါင်ပေါ်က အတင်းထိုးဆင်းပြီး ကစားစရာများထားသော စတိုခန်းထဲ ပြေးလာခဲ့ချိန်တွင် ဘိုးဘိုးနှင့် ထိုပုဂ္ဂိုလ်၏ စကားသံတစ်ချို့ ဖေဖေ့အိပ်ခန်းထဲ ကျန်ခဲ့ကြသည်။အရုပ်ယူပြီးချိန်၌ စိတ်ထဲမြူးလာသဖြင့် ဖေဖေ့အိပ်ခန်း၏ တံခါးပေါက်အကွယ်မှနေ၍ ထပ်တစ်ခေါက် ဂျွန်ယောင်း ချောင်းကြည့်သေးသည်။ဖေဖေ့လက်ကိုကိုင်ဆုပ်ပြီး မျက်ရည်၀ဲနေသော ပါပါးဆိုသည့် ပုဂ္ဂိုလ်ကို ထိုနေ့က ပထမဆုံးနှင့် နောက်ဆုံးအကြိမ်တွေ့ရပြီး နောင်ကာလအတော်ကြာအောင် ထပ်မတွေ့ရတော့မှန်း ထိုနေ့က ဂျွန်ယောင်းသိခဲ့ပါလျှင် လက်ထဲက ချိုချဥ်ကလေး ထိုပုဂ္ဂိုလ်ဆီ ပေးခဲ့မိမည်ထင်ပါသည်။ဖေဖေက ပြောဖူးသည်။ဝမ်းနည်းနေတဲ့ ပုဂ္ဂိုလ်ကို တွေ့ခဲ့ရင် ချိုချဥ်လေးပေးပြီး နှစ်သိမ့်ကြည့်ပါ သားတဲ့။

"ဘာတွေတွေးနေသလဲ သား"

သားတစ်ယောက် ကိုယ့်မျက်နှာဆီ ကြည့်ငေးလျက် ငြိမ်နေသည်မှာ နာရီဝက်မကကြာပြီ။တစ်ခါတစ်ခါများဆို ငေးကြည့်နေရာကနေ၍ ခေါင်းငုံ့သွားသည်လည်း ရှိတတ်၏။

"အိမ်ပြန်ချင်လို့လား။ပါပါးနဲ့ လျှောက်လည်ရတာ ပျင်းလို့လား"

သားက ခေါင်းအသာယမ်းသည်။အင်းလေ သူလေးလည်း ပျင်းရှာမပေါ့။ကိုယ်က အခြားသောမိဘများလို တီတီတာတာပြောပြီး သားသွားချင်သည့် နေရာအစုံကိုလည်း လိုက်မပို့တတ်သူကိုး။လိုက်ပို့ရအောင်လည်း ဘယ်နေရာဘာရှိသည် ကိုယ်မသိ။ကစားကွင်း၊ရုပ်ရှင်ရုံ သည်မျှသာသိသည်။ခေတ်နောက်ကျနေသော အဘိုးကြီးဟူ၍ သားစိတ်မှာထင်လည်း ထင်စရာရှိသည်ပင်။

"မင်းဒယ်ဒီတော့ သူ့သားကို ဒီလောက်အကြာကြီး ခေါ်ထားတာသိရင် စိတ်ဆိုးတော့မှာပဲ။လာ ပြန်ရအောင်။အိမ်ထိ ပါပါးလိုက်ပို့မယ်"

"ဟင့်အင်း မပို့ပါနဲ့။သားဘာသား ပြန်ပါ့မယ်"

သားမျက်နှာကလေး တစ်မျိုးဖြစ်သွားသည်။ကိုယ့်လက်ကိုဆွဲ၍ မျက်လုံးပြူးကလေးနှင့် အသည်းအသန်တား၏။

"မင်းဒယ်ဒီက ပါပါးမျက်နှာ မမြင်ချင်ဘူး ပြောလို့လား"

"အဲဒီလိုမဟုတ်ပါဘူး။ပါပါးနဲ့ နေချင်သေးလို့ပါ"

ခပ်တိုးတိုးဆိုပြီး ခေါင်းငုံ့ချသွားသည်။

"မော့စမ်း သား။နေမကောင်းဘူးလား"

မျက်နှာလေးမှာ အခါများစွာနှင့်ဆန့်ကျင်စွာ ဖျော့တော့တော့ ဖြစ်ချင်နေသဖြင့် နဖူးနှင့်ပါးဆီ လက်ခုံအပ်၍ စမ်းကြည့်ရသည်။ကိုယ်လည်း မပူပါ။သားက မျက်လွှာချထား၏။ကိုယ့်အကြည့်နှင့်မဆုံ။ဒါနဲ့ နေပါအုံး သားနှုတ်ခမ်းတွေ အညိုဖျော့ရောင်ပြောင်းနေသလား၊မဟုတ်မှ ကိုယ်စိတ်ထင်တာလား။

"ပါပါးကို တဆိတ်ခွင့်ပြု သား"

မေးဖျားကပင့်မော့စေလျက် သားနှုတ်ခမ်းဆီ အနံ့ခံကြည့်၏။စီးကရက်နံ့ ဖျော့ဖျော့။ ဟုတ်သည်။အထက်တန်းနှစ်များက သူ သိပ်ကြိုက်ပြီး စွဲသောက်တတ်သည့် စီးကရက်နံ့ဖျော့ဖျော့ သားနှုတ်ခမ်းဆီက ရသည်။ဒိန်းခနဲ ဆောင့်တက်သည့် အသိစိတ်နှင့် သားမျက်နှာဆီ အလန့်တကြား ကြည့်မိချိန် သားက ခေါင်းကို ငုံ့သထက် ငုံချသွား၏။

"စီးကရက်တွေ သောက်သလား ပတ်ဂျွန်ယောင်း"

နာမည်အရင်းကိုခေါ်၍ ခပ်မာမာ ကိုယ့်အမေး၌ သားကိုယ်လုံးကလေး ဆတ်ခနဲ တွန့်သွားကာ ကိုယ့်မျက်နှာဆီ မော့ကြည့်လာသည်။ခေါင်းယမ်းပြလာ၏။

"ပါပါးကိုမညာနဲ့ သား။ဆရာလုပ်လာတဲ့ သက်တမ်းတစ်လျှောက် ကျောင်းသားအမျိုးအစားစုံကို ပါပါးထိန်းလာဖူးပြီးပြီ။ဘယ်လိုမျက်လုံးအကြည့် ဘယ်လိုကိုယ်ဟန်အနေအထား ဘယ်လိုစကားလုံးမျိုးကိုသုံးလာတာအစ လိမ်နေညာနေသလဲဆိုတာ
ပါပါးတန်းဖမ်းလို့ရတယ်"

ကိုယ်က ဆရာတစ်ယောက်။ဆရာ့သမ္ဘာကိုသုံး၍ သားမျက်လုံးကလေးများ၌ မုသားရိပ်များ ပြည့်တက်လာသည်ကို အကဲခတ်မိသော် အဟန့်အနေဖြင့် မိမိ၏ဆရာသြဇာကို ထုတ်သုံးရတော့၏။မိဘတစ်ယောက်အနေဖြင့် သို့မဟုတ်လျှင် ဆရာတစ်ယောက်အနေဖြင့် လမ်းမှားရောက်တော့မည့်ကလေးကို တည့်မတ်အောင် ထိန်းကြောင်းပေးဖို့ လိုပြီမဟုတ်လား။

"ဇာတ်လမ်းဘယ်က စသလဲ"

"ဆယ်တန်းက အစ်ကိုအုပ်စု စီးကရက် အ၀ယ်ခိုင်းရာက စ..စတာပါ ပါပါး။ဒါပေမဲ့ သားက စီးကရက်ကို အခုမှ စ,စမ်းကာစ ရှိပါသေးတယ်။မစွဲသေးပါဘူး။"

"သေချာသလား။ဒီလိုဆို ဒီစီးကရက်ကို ဆက်မစမ်းဘဲ ဖြတ်ပါ့မယ်လို့ ပါပါးကို သား ကတိပေးနိုင်သလား"

သားက ခေါင်းကို အမြန်အမြန်ညိတ်ပြသည်။

"သားကတိမတည်ရင်"

"ပါပါးကြိုက်တဲ့အပြစ်ပေးပါ"

"ဆရာအနေနဲ့လား မိဘအနေနဲ့လား"

"ပါပါးစိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်"

"အိုခေ ဒီလိုဆို ပါပါးမင်းကို ယုံကြည်ပေးမယ်။လောလောဆယ်တော့ စီးကရက်ကို တုံးတိကြီးဖြတ်ပါ မတိုက်တွန်းဘူး။တစ်ဆင့်ခြင်းစီသွားရအောင်။ပါပါး မင်းအတွက် စီးကရက်အစားထိုး candyလေးတွေ ဝယ်ပေးမယ်။အစပထမတော့ ခက်မှာပေါ့။ဒါပေမဲ့ လစ်မစ်ကို အရင်လျှော့မယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့"

သားက လက်ချောင်းကလေးများအား အပြန်အလှန် ဆိတ်ဆွနေရင်း ခေါင်းညိတ်ကတိပေးသည်။သားခေါင်းက ဆံပင်ကောက်လိမ်ကလေးများအား အသာဆွဲဖွလျက် အံတစ်ချက် တင်းနေအောင် ကိုယ်ကြိတ်မိ၏။အလကားလူ။ကိုယ့်သားသမီး ဘာဖြစ်နေသလဲ သေချာမသိ အထိန်းအသိမ်း လျော့ရဲလွန်းသည်။
သူ့ကို ကိုယ် အထင်ကြီးမိတာ မှားတာပဲ။

"ပါပါးဒီနေ့ တိုက်ကို စာမူပို့မှာ။ဖတ်ကြည့်ချင်လား"

ခေါင်းငုံ့လျက် အပြစ်သားနှယ် ငြိမ်နေသောသားကို တက်ကြွလာအောင် ပြန်၍မြှားရသည်။ဒီအရွယ်ကလေးနဲ့ အပြစ်သားလို ခံစားချက်မျိုးရပြီး သားကို စိတ်မဖိစီးစေချင်။

"တကယ်ပဲ ဒီစာမူက ပါပါး၊ဖေဖေနဲ့ဒယ်ဒီတို့ ငယ်ငယ်ကအကြောင်းရေးထားတဲ့ ဇာတ်လမ်းစာမူလား"

"အွန်း"

"ဒီလိုဆို ဒယ်ဒီ ငယ်ငယ်က တော်တော်ဆိုးတာပဲ"

"အင်း ဟုတ်တယ်။မင်းဒယ်ဒီက လူဆိုးကောင်လေး"

စာမျက်နှာများဆီ သား၏ မျက်လုံးလေးများ ပြေးလွှားနေရင်း တစ်ကြောင်းဖတ်လိုက် တစ်ခါမှတ်ချက်ပြုလိုက် ရှိနေသည်။

"ဟိုတုန်းကမှားတဲ့အမှားရယ်×××ဒီနေ့ထပ်မမှားချင်×××အချစ်ဒဏ်ချက်တွေ များလွန်းပြီ×××ပိုရင့်ကျက်လာဖို့×××ပဲကျန်တော့တယ်×××"

ဖုန်းringtoneက ထမြည်လာသည်။သားက စာဖတ်နေရာက မျက်နှာမော့ပြီး ကြည့်လာ၏။အမြန်ကောက်ဖွင့်ကြည့်တော့ဖုန်းOperatorဆီက ပို့သော မက်ဆေ့ချ်။

"ပါပါးလည်း ငယ်ချစ်ဦး သီချင်း ကြိုက်တာလား"

"အွန်း"

ဖုန်းစခရင်မ်ကို ပြန်ပိတ်ရင်း သားအမေးကို ခပ်အေးအေး ကိုယ်ဖြေတော့ သားက မျက်မှောင်တစ်ချက်ကြုတ်သည်။

"ထူးဆန်းတယ်။ဒယ်ဒီ့ ဖုန်းringtoneထဲလည်း အဲဒီသီချင်းပဲ ထည့်ထားတာ။အားတာနဲ့ ဒီသီချင်းပဲ ဒယ်ဒီက နားထောင်နေတတ်တော့တာပဲ"

ခပ်တိုးတိုးဆိုပြီး သားတစ်ယောက်တော့ ဖတ်လက်စကို ဆက်၍ဖတ်နေသည်။သီချင်းစာသားကို စိတ်ထဲက ညည်းရွတ်ရင်း ကိုယ်၏စိတ်အစဥ်ဝယ် 'ဂျေ'ဟုအမည်ရသော ဂျစ်ကန်ကန် ကောင်လေးအား သိမ်းမှတ်ထားရာ အတိတ်ကာလတစ်ခု အလည်အပတ်ရောက်ရှိလာ၏။

7769words
Sun,March24

အရင်တစ်ပိုင်းမှာတုန်းက အတိတ်အကြောင်းကို အပိုင်းတိုင်း ထည့်သွားမယ်လို့ ပြောခဲ့ဖူးတယ်ပေါ့နော်။ဒါပေမဲ့ ကျွန်တော့်ဒီအပိုင်းက ရေးရင်းနဲ့ ရှည်သွားတာကြောင့်ရော၊ကျွန်တော်ကိုယ်တိုင်လည်း နေမကောင်းနေတာကြောင့်ပါ အတိတ်အကြောင်းကို နောက်အပိုင်းမှထည့်ပေးဖို့ အဆင်ပြေမှာမို့ သည်းခံပေးကြပါအုံးလို့။ဒါနဲ့ဖတ်ရတာ အဆင်ပြေ မပြေ ပြောသွားကြအုံးနော။

Zawgyi

"မုန့္ေတြက ထည့္ေပးလိုက္တာနဲ႕ေလာက္လား။လိုေသးရင္ အိမ္ထိန္းႀကီးဆီ ဖုန္းဆက္ၿပီး လာပို႔ခိုင္း။သူမ်ားအိမ္က လူႀကီးေတြကို ဟိုဟာစားခ်င္တယ္ ဒီဟာစားခ်င္တယ္နဲ႕ အပူမတိုက္ရဘူးေနာ္ ဂြၽန္ငယ္။ဒယ္ဒီေျပာတာ ၾကားလား"

"ဟုတ္ကဲ့"

ႏႈတ္ခမ္းဆူႀကီး လုပ္ထားရာက ကြၽန္ေတာ့္စကားကို သားတစ္ေယာက္ မေျဖခ်င့္ေျဖခ်င္ ျပန္ေျဖသည္။မပူဆာတတ္သည့္ ကေလးမွန္းလည္း သိသည္။အလိုက္သိ၍ လူႀကီးမိဘစကားကို တစ္ခြန္းဆိုလွ်င္တစ္ခြန္း နားေထာင္တတ္ေသာ ကေလးမွန္းလည္း သိသည္။သူစိမ္းသူရံအေပၚ မဆိုထားႏွင့္။မိဘ အုပ္ထိန္းသူ ကြၽန္ေတာ့္အေပၚတြင္ေတာင္ အတင္းအဓမၼ ဂ်ီပူဂ်စ္က်တတ္ျခင္း မရွိေသာကေလးက သူတစ္ပါးအိမ္က လူႀကီးေတြကို ဂ်စ္တိုက္ပူဆာပါမတဲ့လား။သိသိႀကီးႏွင့္ ထိုသို႔ ကြၽန္ေတာ္မွာေနရျခင္းမွာ အေၾကာင္းရွိ၏။ဆက္၍ ရႈပါေလ။

"အျပင္စာေတြလည္း မစားနဲ႕။ေရကိုလည္း ထည့္ေပးလိုက္တဲ့ ဘူးထဲကပဲေသာက္။"

"ဟုတ္ကဲ့"

သားက အျပင္စာႏွင့္ ဓာတ္မတည့္။ေရမသန့္လွ်င္ျဖစ္ျဖစ္ ေရာင္းခ်သည့္အစားအစာတြင္ သန့္ရွင္းမႈအားနည္းလွ်င္ျဖစ္ျဖစ္ အလာ့ဂ်စ္ထတတ္သည္။အေသးေသာဆုံးေသာကိစၥမွာ မ်က္ႏွာတြင္ အနီဖုမ်ားျဖစ္လာတတ္ျခင္းျဖစ္ၿပီး ထို႔ထက္ပိုဆိုးလွ်င္ ၀မ္းေလွ်ာ၀မ္းပ်က္ျဖစ္ေတာ့သည္။ထိုမွတစ္ဆင့္တက္လွ်င္ အသည္းအသန္ေအာ့အန္ကာ အစာအဆိပ္သင့္သည္ဟူေသာ လကၡဏာျဖင့္ ေဆး႐ုံတက္ရတတ္၏။သိပ္ႏုေသာသား။အထိခိုက္ေသးေသးကေလးပင္ မခံနိုင္ရွာေသာ ပိုးဟပ္ျဖဴကေလးကို ကြၽန္ေတာ့္မွာ ေနပူလွ်င္လည္းပူလို႔၊မိုး႐ြာလွ်င္လည္း႐ြာလို႔ အေျခအေနအေၾကာင္းေၾကာင္းကိုလိုက္ၿပီး ပိုးေမြးသလို ထုပ္သိမ္းေစာင့္ေရွာက္ေနရျခင္းကို သားတစ္ေယာက္ကေတာ့ "ဒယ္ဒီက သားအေပၚ တင္းၾကပ္တယ္"ဟူ၍ ဆိုေလကာ အျပစ္ျမင္ခ်င္လွ၏။

"အကယ္၍ စာလုပ္ေနရင္းနဲ႕ ေခါင္းထဲ ေနလို႔ထိုင္လို႔ အဆင္မေျပတာ၊ဗိုက္ထဲမအီမသာျဖစ္တာရွိရင္ ဒယ္ဒီ့ဆီ ခ်က္ျခင္းဖုန္းဆက္မယ္ေနာ္။"

"ဟုတ္ကဲ့"

"အျပန္က် သားတစ္ေယာက္တည္း ျပန္ဖို႔ အဆင္မေျပရင္ ဒရိုက္ဘာႀကီး ဖုန္းကိုေခၚ၊ဒါမွမဟုတ္ရင္ ဒယ္ဒီ့ဆီဆက္။အစည္းအေဝးရွိလည္း ဖ်က္ၿပီး သားကို ဒယ္ဒီ မရရေအာင္ လာႀကိဳမယ္။အဓိကက ဒယ္ဒီ့သားေလး ေဘးကင္းဖို႔ပဲ။က်န္တာ အေရးမႀကီးဘူး"

"ဟုတ္ကဲ့"

ဒီကေလး ဒယ္ဒီ့ကို အကဲစမ္းေနတာ လစ္မစ္ကုန္ၿပီ။မီးနီရွိရာသို႔အေရာက္တြင္ ဘရိတ္တစ္ခ်က္နင္း၍ သားဘက္ ကြၽန္ေတာ့္အၾကည့္မ်ား တည့္စူးစြာ ေရာက္ရ၏။ဆူပုတ္သုန္မႈန္ေနေသာ မ်က္ႏွာကေလးမွာ ေဘးတိုက္အေနအထားကၾကည့္ေတာ့ အပ်ံသင္စငွက္ကေလး အပ်ံမကြၽမ္းက်င္ေသးရာက မိဘမ်ားေနာက္ အစာေကာက္မလိုက္ရ၍ ခုန္ဆြခုန္ဆြ ပိက်ိပိက်ိ ေအာ္ရင္းက်န္ရစ္ခဲ့ပုံႏွင့္တူလွသည္။ေတာင္ပံျဖန့္ခ်င္ပါသည္ေပါ့။လြတ္လြတ္လပ္လပ္ ပ်ံသန္း၍ သူမ်ားတကာႏွယ္ အစာရွာခ်င္ပါသည္ေပါ့။ဒါေပသိ ကိုယ့္အေတာင္ကိုယ္ပင္ အထိန္းသိမ္းမတတ္ေသးေသာ ငွက္ငယ္ေလးအဖို႔ မျမင္ရေသာ အႏၲရာယ္က မ်ားစြာ။

"ပတ္ဂြၽန္ေယာင္းရွီ"

"ဟုတ္ကဲ့"

"သားၾကည့္ရတာ ၀မ္းနည္းေနသလိုပဲ။ဒယ္ဒီ့အလုပ္ေတြေ႐ႊ႕ၿပီး သားတို႔စာလုပ္တာ လိုက္ေစာင့္ေပးရမလား။မဟုတ္ရင္ သားသူငယ္ခ်င္းကိုေခၚၿပီး အိမ္မွာ စာလာလုပ္ခိုင္းမလား။စာၿပီးရင္ သားတို႔ သြားခ်င္တဲ့ေနရာအစုံ ဒယ္ဒီ လိုက္ပို႔မယ္ေလ"

"မရပါဘူး ဒယ္ဒီ။မရပါဘူး။သားေသသြားတာမျမင္ခ်င္ရင္ ဒယ္ဒီ ဒီစကားကို ထပ္မေျပာမွျဖစ္ပါလိမ့္မယ္"

မ်က္ေမွာင္ၾကဳတ္ႀကီးျဖင့္ အပီအျပင္ ဒရမ္မာခင္းခ်င္ပါေသာ ကြၽန္ေတာ့္ သားငယ္။ဒီကေလးႏွယ္ စကားကို တစ္ခါတစ္ခါမ်ားဆို သည္လို ပုံႀကီးခ်ဲ့ေျပာတတ္လြန္း။

"ဒီလိုဆို ဒယ္ဒီ့သားငယ္ကေလးက မ်က္ႏွာပုတ္ႀကီး ဘာလို႔လုပ္ထားသလဲ။ဖေအ့စကားကိုလည္း "ဟုတ္ကဲ့"ခ်ည္း အက္ေၾကာင္းထပ္ေအာင္ လိုက္တယ္။ႏႈတ္ခမ္းကိုလည္း အေရွ႕ကို ဆယ္ေတာင္ေလာက္ထုတ္ထားတယ္။ေမာင္းလာတဲ့ေတာက္ေလွ်ာက္
အေရွ႕ကိုခ်ည္း မဲၾကည့္ၿပီး ဒယ္ဒီ့ဘက္ကိုလည္း မလွည့္ဘူး။ကဲ ေျပာ ဘာေတြေကာက္သလဲ"

"ေကာက္မွာေပါ့။သားဘာသာ စက္ဘီးနဲ႕ လာလို႔ရပါတယ္လို႔ ဒယ္ဒီ့ကို သားေျပာတယ္။ဒါေပမဲ့ ဒယ္ဒီက စိတ္မခ်ပါဘူးဆိုၿပီး သူငယ္ခ်င္းအိမ္အထိ လိုက္ပို႔တယ္။တစ္လမ္းလုံးလည္း သားကိုစိတ္မခ်သလို ပြစိပြစိ မွာတယ္။"

တစ္လမ္းလုံး မ်က္ႏွာပုတ္ႀကီးျပဳ၍ ၿငိမ္ၿငိမ္ကေလး ေကာက္ေနခဲ့ရာ ကြၽန္ေတာ့္ဘက္မွစတင္၍ စကားလမ္းေၾကာင္းဖြင့္သည့္အခါ၀ယ္ သားတစ္ေယာက္ ရသည့္အခြင့္အေရးကို အပီအျပင္ယူလ်က္ ပြစိပြစိ တရစပ္ ဖေအ့ကို ရန္ေထာင္ေတာ့သည္။

"သားကို ဒယ္ဒီတစ္ခုေမးမယ္"

အကြက္ထဲ၀င္လာၿပီမို႔ ဂီယာျပန္ခ်ိန္၍ ကားစက္ျပန္ႏွိုးရာက သားကိုကြၽန္ေတာ္ နားခ်ဖိဳ႕ ျပင္ရသည္။သည္အ႐ြယ္ သည္လိုဆယ္ေက်ာ္သက္ကေလးေတြက အက်ိဳးႏွင့္အေၾကာင္း အေသအခ်ာခိုင္လုံေအာင္ ရွင္းျပမွ နား၀င္သည့္အမ်ိဳး။တစ္ခ်က္လႊတ္အမိန့္ထုတ္ ဗစ္တိုအာဏာသုံးၿပီး ပိတ္ပင္တားဆီးလွ်င္ အစပထမေတာ့ ေၾကာက္၍သာ သို႔တည္းမဟုတ္ မတတ္သာသည့္အေၾကာင္းရွိ၍သာ နားေထာင္လိမ့္မည္။ေနာက္ပိုင္းေရာက္လွ်င္ ကိုယ့္ဘက္က ခ်မွတ္သည့္စည္းကမ္းမွန္သမွ် (မိမိဘက္က မွန္ကန္မႈရွိေနလွ်င္ေတာင္) အထင္တလြဲေတြး၍ ပုန္ကန္ဆန့္က်င္လာမည္မွာ မလြဲေသခ်ာ။

"အရင္တစ္ေခါက္ စက္ဘီးနဲ႕အျပင္ထြက္ဖို႔ သားကိုဒယ္ဒီခြင့္ျပဳတုန္းက ဘာျဖစ္သလဲ"

"သူမ်ားကို ၀င္တိုက္တယ္"

"ဒီေတာ့ အက်ိဳးဆက္အေနနဲ႕ ဘာျဖစ္သြားသလဲ"

"ေျခေထာက္..."

သားဆီက အသံဆက္မထြက္လာ။ေခါင္းငုံ႕ခ်သြားၿပီး လက္ထိပ္ကေလးမ်ား အခ်င္းခ်င္း ဆိတ္ဆြေနသည္။

"အင္း ေျခေထာက္က ဘာျဖစ္သလဲ"

"ေျခေထာက္အဆစ္လည္ၿပီး ႏွစ္ပတ္လုံးလုံး ေက်ာင္းမတက္နိုင္ဘူး။"

သားအသံက တိတ္သြားျပန္သည္။ပါးစပ္ထဲ လက္ထိုးထည့္ၿပီး လက္သည္းေထာင့္စြန္းကို သြားႏွင့္ႀကိတ္၍ ဖိကိုက္ေနသည္၌ အျမန္ဆြဲထုတ္ရျပန္၏။ဗီဇကိုက တစ္ေထရာတည္း အေမြဆက္ခံၿပီး ပါလာသည္။ဒီအက်င့္ကို ကြၽန္ေတာ္မႀကိဳက္။ကေလးကလားသိပ္ဆန္၍ ညစ္ပတ္သည္ဟု ကြၽန္ေတာ္ျမင္သည္။သူ႕အ႐ြယ္ႏွင့္သူ ရွိသင့္သည့္ ရင့္က်က္မႈ သားတြင္ ရွိေစခ်င္သည္က အေၾကာင္းတစ္ရပ္အေနႏွင့္လည္း​ ပါ၏။

"ဆက္ေျပာမယ္ ဂြၽန္ငယ္"

ကြၽန္ေတာ္ မ်က္ေမွာင္ကုတ္ထားသည္ကိုျမင္ေတာ့ သားက လက္ကေလးႏွစ္ဘက္ကို ဒူးႏွစ္ေခ်ာင္းၾကား ညွပ္သြင္းပစ္သည္။လည္ကုပ္ကေလး မသိမသာ ပု၀င္လ်က္ သားက ကြၽန္ေတာ့္မ်က္ႏွာကို မရဲတရဲ ခိုးၾကည့္၏။

"စာေတြ ေနာက္က်တယ္။လပတ္မွာ အမွတ္ေတြ အမ်ားႀကီးေလ်ာ့တယ္။Scholarအတြက္ ေလွ်ာက္ထားတာလည္း လက္လႊတ္လိုက္ရတယ္။ဒါေပမဲ့ အဲဒါက ပထမဆုံးအေခါက္မို႔ပါ ဒယ္ဒီ။ဒီ့ထက္ပိုၿပီး ေလ့က်င့္ရင္ ကြၽမ္းက်င္လာမွာပါ ဒယ္ဒီရဲ႕"

"ပထမဆုံး အေခါက္မို႔ ဒယ္ဒီနားလည္ေပးတယ္။ပထမဆုံးမို႔ အမွားရွိမွာကိုလည္း သေဘာေပါက္တယ္။နားလည္ေပးၿပီး ေျခေထာက္ကဒဏ္ရာ အရွင္းသက္သာမွ စက္ဘီးျပန္စီးပါ။ဒယ္ဒီနဲ႕အတူ ေလ့က်င့္မယ္လို႔ သားကို ဒယ္ဒီေတာင္းဆိုထားတယ္။ဒါကို သား နားေထာင္သလား"

"ဟင့္အင္း"

"နားမေထာင္ဘဲ ဘာလုပ္သလဲ"

"စက္ဘီးယူၿပီး သူငယ္ခ်င္းနဲ႕ ၿမိဳ႕ျပင္ခိုးထြက္တယ္"

"ခိုးထြက္ေတာ့ေရာ ဒယ္ဒီမသိေအာင္ အႏၲရာယ္ကင္းကင္းနဲ႕ အိမ္ျပန္ေရာက္သလား"

"မေရာက္ပါဘူး"

"ေအး မေရာက္ဘဲ သူမ်ားကေလးကို ၀င္တိုက္ၿပီး ျမႇောင္းထဲထပ္က်တယ္။ေျခေထာက္ျပန္ထိလို႔ ေဆး႐ုံထပ္တက္ရတယ္။ေက်ာက္ပတ္တီးစည္းရတယ္။ဒါလည္း ဆင္ျခင္ၿပီး ၿငိမ္ၿငိမ္ေနသလားဆို မေနဘူး။ေျခေထာက္အရွင္း ျပန္ေပ်ာက္ေတာ့ ဒယ္ဒီမသိေအာင္ သူငယ္ခ်င္းေခၚၿပီး ၿမိဳ႕ျပင္ထပ္ထြက္တယ္။ဒီတစ္ခါေတာ့ ကံသီတယ္လို႔ေျပာရမလား၊ေသကံမေရာက္လို႔လို႔ ေျပာရမလား။ကားေရွ႕ေရာက္ၿပီး ၀င္တိုက္မိမလိုျဖစ္ရာက တစ္ဖက္ကားက ကားဆရာ အရွိန္အျမန္သတ္လို႔ မႀကိတ္မိဘဲ လြတ္ခဲ့တာ သားကိုယ္ပိုင္ျဖစ္ရပ္၊သားကိုယ္ေတြ႕မို႔ လုံေလာက္ၿပီထင္တယ္။မစီးနဲ႕၊မလုပ္နဲ႕လို႔ ဒယ္ဒီမင္းကို လုံးလုံးႀကီး တားထားတာမဟုတ္ဘူး ဂြၽန္ငယ္။ဒါေပသိ မင္း အႏၲရာယ္ကင္းေလာက္တဲ့အေနအထား၊ကြၽမ္းကြၽမ္းက်င္က်င္ စီးနိုင္တဲ့အေနအထားထိေရာက္မွ ဒယ္ဒီမင္းကို စီးဖို႔ခြင့္ျပဳမွာ။ဒါ ဒယ္ဒီ့ဆုံးျဖတ္ခ်က္ပဲ"

"ဒါေပမဲ့ သားအေနနဲ႕ေျပာရရင္ ဒယ္ဒီ့ဆုံးျဖတ္ခ်က္ကို သေဘာမက်ဘဴး။တစ္ခ်က္လႊတ္အမိန့္နဲ႕ တူလြန္းေနတယ္။အနာခံမွ အသာစံရတာပါ ဒယ္ဒီ။ေလ့က်င့္မႈမ်ားမွ ကြၽမ္းက်င္မွာေပါ့။အခုလိုမ်ိဳးအၿမဲ ဟိုဟာအတြက္စိုးရိမ္၊ဒီဟာအတြက္ စိုးရိမ္ၿပီး သားကို ဒယ္ဒီ ပိတ္ပင္တားျမစ္ေနရင္ သားမွာ ကိုယ္ပိုင္လုပ္နိုင္စြမ္း၊ကိုယ္ပိုင္အစြမ္းအစ ဘယ္ရွိေတာ့မလဲ"

မ်က္လုံး၀င့္၍ ဒယ္ဒီ့ဘက္သို႔ ဂြၽန္ေယာင္း တစ္ခ်က္ၾကည့္သည္။အသံမွာ မသိမသာ
မာသည္ဆိုသည့္တိုင္ ဒယ္ဒီ့မ်က္ႏွာက တည္ၿငိမ္ေအးေဆး၏။ေျပာမိၿပီးကာမွ ေနာင္တရသလို ျဖစ္ရကာ ေအးေဆးလွေသာ ဒယ္ဒီ့မ်က္ႏွာကို ျမင္ျပန္ေတာ့ မိမိကိုယ္ မိမိ မွန္သည္ဟူ၍ ယူဆမိျပန္သည္။အၿမဲ ေရငုံႏႈတ္ပိတ္ေနေနလွ်င္ ဂြၽန္ေယာင္းအေတြး၊ဂြၽန္ေယာင္းအယူအဆ၊ဂြၽန္ေယာင္းသေဘာထားကို ဒယ္ဒီက သိမည္မဟုတ္။ဒီေန႕ေခတ္လို လိုအင္ဆႏၵမ်ား၊လိုအပ္ခ်က္မ်ား၍ အခ်ိန္မ်ားမ်ားစားစားမေပးနိုင္ေသာ ေခတ္ကာလႀကီးထဲ မိဘလည္းမိဘလိုက္နာရမည့္က႑ သားသမီးလည္း သားသမီးက်င့္သုံးရမည့္က႑ မတူညီေသာက႑အသီးသီး၌ ႏွစ္ဦးႏွစ္ဘက္ ပို၍ နားလည္မႈရွိေအာင္ မိဘႏွင့္သားသမီးၾကား ပြင့္လင္းမႈရွိသင့္သည္ဟု ဂြၽန္ေယာင္းထင္သည္။

"ဒီစကားေတြ သားကို ဘယ္သူေျပာလဲ"

ဒယ္ဒီ့အသံက ခပ္ေအးေအး။မ်က္ႏွာအမူအရာမွာလည္း ေအးေဆးၿငိမ္သက္သည္။

"ဘယ္သူမွမေျပာပါဘူး။သား ဦးေႏွာက္နဲ႕သားကိုယ္ပိုင္ စဥ္းစားမိတာေတြပါ"

အမွန္အတိုင္းပင္ ဂြၽန္ေယာင္း ၀န္ခံမိျခင္းပါ။

"ဟုတ္ပါတယ္။ဒယ္ဒီ့သားငယ္ ေျပာတဲ့စကား ရာႏႈန္းျပည့္ ဒယ္ဒီေထာက္ခံတယ္။ မွန္လည္းမွန္တယ္။ဒါေပမဲ့ ဒယ္ဒီ့ဘက္က ခံစားခ်က္ကိုလည္း သားေလး သိေအာင္ ဒယ္ဒီေျပာျပခ်င္တယ္။နားေထာင္ေပးမလား"

"ေျပာပါ ဒယ္ဒီ"

စည္းကမ္းတင္းၾကပ္သည့္တိုင္ တဇြတ္ထိုး တစ္ယူသန္ ငါ့စကားႏြားရဆိုတတ္ေသာ မိဘမ်ိဳးထဲ ဒယ္ဒီမပါမွန္း ဂြၽန္ေယာင္းသိသည္။အျပစ္ေပးလွ်င္ေတာင္ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပၿပီးမွ ကိုယ့္အျပစ္ကိုယ္သိေအာင္ ျပတတ္ေသာ မိဘမ်ိဳးထဲ ပါသျဖင့္ ဒယ္ဒီဆုံးမၿပီဆိုလွ်င္ ဂြၽန္ေယာင္းကလည္း အေလးအနက္ထား နားေထာင္တတ္၏။ဒယ္ဒီ့ကို ဂြၽန္ေယာင္း ေလးစားျခင္းက အဓိက အခ်က္ပါပင္။

"ဒယ္ဒီ့အတြက္ေတာ့ မင္းက ေမွ်ာ္လင့္ခ်က္ႀကိဳးတစ္မွ်င္ပဲ။မင္းဆိုတဲ့ ႀကိဳးေလးတစ္ေခ်ာင္းရွိေနလို႔ ဒယ္ဒီ အမ်ားႀကီးေတာင့္ခံနိုင္ခဲ့တာ။တြယ္တာစရာ မ်ားမ်ားစားစားမေျပာနဲ႕ ေကာက္ရိုးတစ္မွ်င္ေတာင္ မရွိေတာ့တဲ့ ဒီေလာကမွာ မင္းဆိုတဲ့ ေမတၱာအလင္းေရာင္ေလးေၾကာင့္ ဒယ္ဒီ့ အသက္ဓာတ္ကေလး လင္းလာရတာ သား။ဒီေတာ့ ဒယ္ဒီ့အဖိုးတန္ေလးကို ဒယ္ဒီကပ္ေစးကုပ္တယ္၊လုံလုံၿခဳံၿခဳံေလး အထိအခိုက္မရွိ ထားခ်င္တယ္။ဒီ့အတြက္နဲ႕ သားကို ခ်ဳပ္ျခယ္မိတယ္၊စည္းကမ္းထားတယ္။သားခံစားခ်က္ကို
ဒယ္ဒီနားလည္ပါတယ္။ဒယ္ဒီ့စည္းကမ္းေတြေၾကာင့္ ဒယ္ဒီ့သားေလး စိတ္မြန္းၾကပ္ရမွာ၊ပင္ပန္းရမွာလည္း သိတယ္။ဒါ့ေၾကာင့္ မင္းနဲ႕ပတ္သက္ရင္ အတတ္နိုင္ဆုံးေလွ်ာ့ဖို႔ ဒယ္ဒီႀကိဳးစားတယ္။မလိုအပ္ဘဲ တင္းၾကပ္တာေတြ မလုပ္မိဖို႔ ဒယ္ဒီ ကိုယ့္ကိုယ္ကိုယ္ သတိေပးတယ္။"

သားက ကြၽန္ေတာ့္မ်က္ႏွာကို ေငးေငးကေလးၾကည့္ေနသည္။မ်က္ဆံကေလးမ်ား ေတာက္လက္၍ ကြၽန္ေတာ့္စကားကို သူ စိတ္ပါလက္ပါ နားေထာင္ေနခဲ့ျခင္းပါ။

"ဒယ္ဒီ့ကို နားလည္ေပးပါ သားငယ္။"

"သားေၾကာင့္ ဒယ္ဒီ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ဖို႔မလိုပါဘူး။ဒယ္ဒီ့ ေမတၱာ၊ဒယ္ဒီ့ ေစတနာ၊ဒယ္ဒီ့အခ်စ္ ဒါေတြအားလုံးကို သားျမင္ပါတယ္။အခုလို ေျပာမိတယ္ဆိုတာလည္း မေက်နပ္စိတ္ ေသးေသးကေလး ၀င္မိတာေၾကာင့္ပါ။ဒယ္ဒီ့ကို အျပစ္တင္ခ်င္လို႔ရယ္ေၾကာင့္လည္း မဟုတ္ပါဘူး။ေနာက္ၿပီး သားအတြက္၊သားအက်ိဳးအတြက္ ဒယ္ဒီအမုန္းခံ ဆုံးမတယ္ဆိုတာကိုလည္း သားသေဘာေပါက္ပါတယ္"

သားစကားကို နားေထာင္ရေတာ့ ကြၽန္ေတာ့္ရင္ထဲ တဆိတ္ေအးရသည္။သားေခါင္းကို အသာသပ္ဖြမိခ်ိန္ ၿပဳံးလ်က္ ၾကည့္လာေသာ သားမ်က္ႏွာကေလးက ေအးေအးခ်မ္းခ်မ္း။ေဖ့သား ငဂ်စ္တူးေလးက တစ္ခါတစ္ခါမ်ားက် လူႀကီးကေလးလို သိတတ္နားလည္မႈ ရွိသား။လူပ်ိဳေပါက္စကေလးျဖစ္လာေတာ့ သားကေလးက ကြၽန္ေတာ့္အတြက္ တစ္နည္းတစ္ဖုံမကေတာ့ အားတစ္ခုျဖစ္လာသည္မွာ အမွန္ပါပင္။

"ဒီတစ္ပတ္ ေသာၾကာ ညေနပိုင္းကစၿပီး ဒယ္ဒီ အားၿပီ။ဒယ္ဒီနဲ႕အတူတူ စက္ဘီးစီးထြက္ၾကမယ္။ဒယ္ဒီ့သားေလး ယုံၾကည္မႈရွိရွိ အမွားယြင္းကင္းကင္း အထိခိုက္မရွိ စီးနိုင္ေအာင္ ဒီဒယ္ဒီက ေဘးကေန ေလ့က်င့္ေပးမယ္။ဒယ္ဒီ့ကို နားလည္ေပးမယ္ မဟုတ္လား ကေလး"

"သားဒယ္ဒီက အေကာင္းဆုံးဥစၥာ။နားမလည္ေပးနိုင္စရာ ရွိမလား"

သားက နံေဘးကေန၍ ကြၽန္ေတာ့္လက္ေမာင္းကို လာခ်ိတ္သည္။မ်က္လုံးကေလးမ်ား ေမွးမွိတ္က်သည္အထိ ဖေအ့ကို အခြၽဲပိုကာ သြားစိ၍လည္း ရယ္ျပ၏။

****************

"ထိုင္ပါအုံး ဦးရ။မသြားခင္ေလး တစ္ခုခု စားသြားပါအုံး"

"မစားေတာ့ဘူး သား၊ရတယ္။အစည္းအေဝးက ၈ခြဲစမွာမို႔ အခုသြားမွ ျဖစ္မယ္ ထင္တယ္ "

"ဂ႐ုစိုက္ၿပီး ေမာင္းပါဗ်"

"ဒယ္ဒီဂ႐ုစိုက္ၿပီး ေမာင္းေနာ္"

သားသူငယ္ခ်င္းအိမ္ေရာက္ၿပီး ဖင္ပူေအာင္ပင္ မထိုင္နိုင္။အစည္းအေဝးအတြက္ အခ်ိန္မီေျပးဖို႔ ကြၽန္ေတာ့္မွာ ေလာေန၊ျပာေနရ၏။သားႏွင့္သားသူငယ္ခ်င္းေကာင္ေလးက အိမ္ေရွ႕ကားရပ္ထားရာေနရာအထိ ကြၽန္ေတာ့္ကို လိုက္ပို႔ၾကသည္။အေပါင္းအသင္းမက္ေသာ ကြၽန္ေတာ့္လူဂ်စ္ကေလးခမ်ာ သူငယ္ခ်င္းႏွင့္ေတြ႕ေတာ့ ကြၽန္ေတာ့္အနားပင္မကပ္။

"ေနာက္အခ်ိန္ရရင္ သားနဲ႕အတူတူ မင္းတို႔သူငယ္ခ်င္းႏွစ္ေယာက္ကို အပန္းေျဖခရီး ေခၚအုံးမယ္"

"ဟာဗ်ာ အရင္ကတည္းက အေဖနဲ႕အေမ့ကို ပူဆာခ်င္ေနတာ အေမတို႔က အလုပ္မအားၾကေတာ့ ေျပာဖို႔ခက္တာဗ်။ဦးေျပာကာမွ အေတာ္ပဲ။"

"အင္း ဒါ့ေၾကာင့္မို႔ သူငယ္ခ်င္းႏွစ္ေယာက္ စာအတူတူလုပ္၊လိမ္လိမ္မာမာေနၿပီး အမ်ားႀကီးႀကိဳးစားၾက။ေနာက္လာမဲ့ လထဲ ဦးတို႔ကုမၸဏီမွာ promotion saleခ်မဲ့ပြဲေတြ ေတာက္ေလွ်ာက္ရွိတယ္။နယ္ဘက္ေတြ အပန္းေျဖခရီးထြက္ၾကမွာဆိုေတာ့ ႏွစ္ေယာက္သား ေလး၊ငါးဆယ္ရက္မကေတာ့ တဝႀကီးအနားယူလို႔ရေအာင္ ဦးစီစဥ္ေပးမယ္"

"သားဒယ္ဒီက အၿမဲတမ္းအတြက္အေကာင္းဆုံး၊ဘယ္အခ်ိန္မဆို အေကာင္းဆုံး။ဒါဆို ဒယ္ဒီသြားေတာ့ေလ။ဒယ္ဒီနဲ႕ စကားရပ္ေျပာေနတာနဲ႕ပဲ သားတို႔ စာလုပ္ဖို႔ အခ်ိန္ေတြ ပဲ့ကုန္ၿပီ။အခုၾကည့္ ရွစ္နာရီေက်ာ္ေနၿပီ ေတြ႕လား"

"အမေလး ကဲပါဗ်ာ။ဟုတ္ပါၿပီ ဒါဆို ဒယ္ဒီ စိတ္ခ်မယ္ ဂြၽန္ငယ္။မွာတာေတြမေမ့ဘဲ လိမ္လိမ္မာမာ စာလုပ္ေနရမယ္ေနာ္"

"သားက ကေလးေလးလား ဒယ္ဒီ။ရည္းစားထားရင္ေတာင္ရတဲ့အ႐ြယ္ေရာက္ၿပီကို ေနရာတကာ စိတ္မခ်ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ"

မ်က္ႏွာပုတ္ႀကီး လုပ္ျပၿပီး သားက ကြၽန္ေတာ့္ကို လက္ပိုက္ၾကည့္သည္။တစ္ဖန္ အက်အန ပုံသြင္းထားေသာ ဆံသားအလိပ္ကေလးမ်ားအား လက္ေခ်ာင္းျဖင့္ ထိုးဖြဆြ၍ သူ႕ကိုယ္သူ လူႀကီးဆိုဒ္ လူႀကီးဂိုက္ပုံဖမ္းလ်က္ မ်က္လုံးလွန္ၾကည့္ကာ ဆူေျပာေျပာ၏။

"ဟုတ္ပါၿပီခင္ဗ်ာ့။ ညဆိုဒယ္ဒီ့ရင္ခြင္ထဲ ၀င္၀င္ခြၽဲတဲ့ ကေလးေပါက္စက လူပ်ိဳေလး ျဖစ္လာၿပီမို႔ ဒီကဒယ္ဒီက ေဟာ့ဒီလို တင္လုံးလုံးကို ႏွစ္ခ်က္ပုတ္ၿပီး သားသူငယ္ခ်င္းလက္ထဲ စိတ္ခ်လက္ခ် အပ္ခဲ့ပါၿပီဗ်ာ။"

"ဟာဗ်ာ ဒယ္ဒီက။သြားေတာ့ပါဆို ျမန္ျမန္"

ကြၽန္ေတာ့္လူပ်ိဳေပါက္စကေလး အရွက္သည္းပုံမ်ား ခ်စ္စရာ။ကိုယ္ေလးရို႔ရို႔ၿပီး မ်က္ႏွာနီကေလးႏွင့္ ကြၽန္ေတာ့္လက္ သူ႕တင္ပါးဆီ ထပ္ေရာက္မည္ကို ဆိုးေသာ သားခမ်ာ ကြၽန္ေတာ့္လက္ကို အတင္းဆုပ္ဆြဲ၍ ကားေပၚတြန္းပို႔သည္။ကားတံခါးဆြဲဖြင့္ၿပီး ကားေပၚကြၽန္ေတာ္ေရာက္မွ စိတ္ခ်သြားဟန္ျဖင့္ လက္ကေလးတျပျပလုပ္၍ ခုန္ဆြခုန္ဆြ က်န္ခဲ့သည္။ေကာင္စုတ္ကေလး။သူငယ္ခ်င္းႏွင့္ေတြ႕ေတာ့ ဖေအကို ေဂ်ာင္ထိုးၿပီေပါ့။

"ေဟ့ေရာင္ မင္းဖားသားေတာ့ သြားၿပီ။ဆရာက ဘယ္အခ်ိန္ လာေခၚမွာတဲ့လဲ"

ဒယ္ဒီ့ကားေနာက္ၿမီး လမ္းၾကားထဲက တေ႐ြ႕ေ႐ြ႕ေပ်ာက္သြားမွ ဂြၽန္ေယာင္းမွာလည္း သက္ျပင္းခ်နိဳင္သလို သူငယ္ခ်င္းဆီကလည္း ေလပူမႈတ္သံၾကားရသည္။

"၈ခြဲလို႔ေျပာတာပဲ။ေတာ္ပါေသးရဲ႕။ဒယ္ဒီက ျမန္ျမန္သြားလိုက္လို႔။မဟုတ္လို႔ ႏွစ္ေယာက္ပက္ပင္းေတြ႕ရင္ ငါေတာ့ေသၿပီ"

"မင္းတို႔ဟာကလည္း မိဘနဲ႕သားသမီး ခ်ိန္းေတြ႕တဲ့ကိစၥ သမီးရည္းစားခ်ိန္းတာလည္းမဟုတ္၊ခိုးေၾကာင္ခိုး၀ွက္ ေတြ႕ေနရေအာင္။ဒါႀကီးေတာ့ တကယ္မမိုက္ပါဘူးကြာ"

သူငယ္ခ်င္းက ဂြၽန္ေယာင္းေျပာျပထားၿပီး၍ ပါပါးႏွင့္ဂြၽန္ေယာင္းေတာ္စပ္မႈကို သိထားသည္မွာ မၾကာေသး။ယခင္အေခါက္အခါမ်ားကလည္း သူငယ္ခ်င္းဆီက အကူအညီကိုယူ၍ ပါပါးႏွင့္အခ်ိန္းအခ်က္လုပ္ရသည့္ကိစၥမ်ား ရွိထားဖူးသျဖင့္ သူငယ္ခ်င္းခမ်ာလည္း ဂြၽန္ေယာင္းႏွင့္ေပါင္းမိကာမွ ဒယ္ဒီ့ကိုညာလိုက္ရ၊ဆရာျဖစ္သူကို ညာလိုက္ရျဖင့္ပင္ အမႈတြဲထဲ အလိုတူအလိုပါ ပါ၀င္ကျပေနရသည္။

"ေတြ႕လို႔ အဆင္မေျပတဲ့ကိစၥ မင္းပါပါးကို အမွန္အတိုင္း ေျပာျပလိုက္ပါလား။မင္းပါပါးက လူႀကီးဆိုေတာ့ ၾကည့္က်က္ စီစဥ္တတ္မွာပဲ။ေပါ့ေသးေသးလုပ္မေနနဲ႕ ငါတို႔ အခုလုပ္ေနၾကတာ ကေလးအကြက္ႀကီး၊မၾကာခင္ မိသြားနိုင္တာႀကီး ေဟ့ေကာင္။ေနာက္ၿပီး မင္း ဒယ္ဒီရဲ႕ ေဒါသကို ငါေၾကာက္တယ္။"

"မျဖစ္ပါဘူးကြာ။ပါပါးကို အလကားေန အလကား စိတ္မညစ္ေစခ်င္ဘူး။ေနာက္ၿပီး ပါပါးနဲ႕ဒယ္ဒီက ဘာအေၾကာင္းေတြေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ မုန္းတီးေနၾကသလဲ မသိေပမဲ့ ငါ့ေၾကာင့္နဲ႕ထပ္ၿပီး ႏွစ္ေယာက္ၾကား အမုန္းမပြားေစခ်င္ဘူး။ဒီအတိုင္းေလးပဲ ေကာင္းပါတယ္။ပါပါးလည္း ငါ့ကို ေအးေအးေဆးေဆးေတြ႕နိုင္မယ္။ဒယ္ဒီခြင့္မျပဳတာ မသိရေတာ့ ငါ့အတြက္ သူ
သီးသန့္ႀကီးစိုးရိမ္စရာ မရွိဘူး။ဒယ္ဒီလည္း ဒီ့အတြက္ အလကားေဒါသမထြက္ရဘူး"

သူငယ္ခ်င္းက ေခါင္းႀကီးယမ္းခါၿပီး အနီးက ခုံတန္းေပၚ ၀င္ထိုင္သည္။စီးကရက္ဘူးႀကီး ေဘာင္းဘီအိပ္ေထာင္ထဲက ႏွိုက္ထုတ္ၿပီး မီးညွိရွိုက္ဖြာေနသျဖင့္ သူငယ္ခ်င္းလက္ထဲက တစ္လိပ္ဆြဲယူၿပီး မီးညွိလိုက္၏။ခံတြင္းထဲ ခ်ဥ္တင္တင္ျဖစ္ေနသည့္ကိစၥ ပါပါးမလာခင္ သုံးေလး၊ငါးရွိုက္ေလာက္ေတာ့ ဖြာအုံးမွ။တံဆိပ္က အိမ္ရွိ ဒယ္ဒီ့စီးကရက္မ်ားေလာက္ အရသာမစြဲေပမဲ့ တစ္မ်ိဳးေတာ့ေကာင္းသား။တစ္ရွိုက္သြင္း တစ္ရွိုက္ထုတ္တိုင္း ေလေပၚလြင့္ေနသည့္ ခံစားခ်က္မ်ိဳး။

"ငါတို႔ကြာ လိမ္လိမ္မာမာ ေနပါေျပာကာမွ အတတ္ေကာင္းေတြ သင္စရာမလိုေအာင္ကိုတတ္ေနၾကတာ လခြမ္းတဲ့မွ လူႀကီးေတြ သိရင္ေတာ့ မလြယ္ဘူး "

"ေက်ာင္းက ဆယ္တန္းအစ္ကိုႀကီးေတြလည္း ေသာက္ေနၾကတာပဲဥစၥာ။ငါတို႔က စမ္း႐ုံပဲစမ္းတာ။မစြဲေသးဘူး။ကိစၥမရွိဘူး ေဟ့ေကာင္"

ပခုံးတစ္ခ်က္တြန့္၍ ဆိုေသာဂြၽန္ေယာင္းစကားကို သူငယ္ခ်င္းက မည္သို႔မွ်မတုံ႕ျပန္။တေအာင့္ၾကာမွ လက္ေမာင္းဆီ လက္သီးတစ္ခ်က္ပစ္သြင္းၿပီး

"မင္းဒယ္ဒီေရာ မင္းပါပါးေရာ မင္းကို လိမၼာလွၿပီ မွတ္ေနၾကတာ။သိသြားလို႔ကေတာ့ ကြိုင္ပဲ။အႀကီးႀကီးကြိုင္"

အင္း ဒီတစ္ခုေတာ့ ပါပါးကိုေရာ၊ဒယ္ဒီ့ကိုပါ ဂြၽန္ေယာင္း အားနာသည္။ေျပာရရင္ ဒီစီးကရက္ေသာက္တတ္တာေလးတစ္ခုပဲ ဂြၽန္ေယာင္း မေကာင္းတာပါ။စာႏွင့္ပတ္သက္လွ်င္လည္း ဂြၽန္ေယာင္းႀကိဳးစားသည္။ခ်မွတ္ထားေသာ ဒယ္ဒီ့စည္းကမ္းမ်ားေအာက္တြင္လည္း တစ္ခ်က္တေလ မေဖာက္ဖ်က္ ဂြၽန္ေယာင္းေနသည္။သို႔တိုင္ ဒီေဆးလိပ္ကိစၥကေတာ့ ဂြၽန္ေယာင္း အဘယ္နည္းႏွင့္မွ ရပ္တန့္မပစ္နိုင္။မရပ္တန့္နိုင္ျခင္းအတြက္လည္း လက္သည္တရားခံမ်ားျဖစ္ေသာ ဆယ္တန္းအစ္ကိုမ်ားကို သြားၿပီး တရားစြဲ၍ မရ။

'ခင္ဗ်ားတို႔ စမ္းေသာက္ခိုင္းလို႔၊ခင္ဗ်ားတို႔ေၾကာင့္ ကြၽန္ေတာ္စီးကရက္ႀကိဳက္တတ္သြားတာ'

ဟူ၍ လက္ညွိုးထိုး သြားေျပာေနလွ်င္လည္း ဟိုအဖြဲ႕က ေနာင္တရၿပီး ေတာင္းပန္မည္ထင္ပါသေလာ။ေဝးပါေသး၏။ဆြဲထိုးမလႊတ္ရင္ေတာင္ ကံေကာင္း။

************

"snack dateဆို ပါပါး"

"ဘာျဖစ္လို႔လဲ သားရဲ႕"

"snack dateဆိုေတာ့ သားက Shopping ထြက္တာပဲျဖစ္ျဖစ္၊Cafe Shopထိုင္တာပဲျဖစ္ျဖစ္၊ပန္းၿခံသြားတာပဲျဖစ္ျဖစ္ လုပ္မယ္ထင္ေနတာ။"

"ဘုရားလာရတာ မႀကိဳက္ဘူးလား ကေလးက"

"ဟီး ပါပါးနဲ႕ဆို ဘယ္သြားရသြားရ ဂြၽန္ေယာင္းက သေဘာက်ၿပီးသားပါ"

သားက ဘုရား၀န္းေရွ႕ ဆိုင္ကယ္ထိုးရပ္ၿပီးသည္ႏွင့္ ကိုယ့္ဖိနပ္ေရာ သူ႕ဖိနပ္ကေလးပါ လက္ထဲယူကိုင္သြားသည္။လက္တစ္ဖက္ကလည္း အိမ္ကထည့္ယူလာဟန္တူေသာ Snackဘူးကေလးမ်ား ကိုင္ထားေသး၏။လူေကာင္ေလးက ပုပုလုံးလုံးႏွင့္ ေသးသေလာက္ညွပ္သေလာက္ ရွိသမွ်ပစၥည္း လက္ထဲစုၿပဳံကိုင္၍ အလိမၼာတုံးလုပ္ခ်င္ေနေသာသားကို ၾကည့္ၿပီး ထယ္ေယာင္းမွာ ၿပဳံးစိၿပဳံးစိ ျဖစ္ရသည္။ၿမိဳ႕ထဲ ေလွ်ာက္ပတ္မည္ထင္၍ သားခမ်ာ ပဲပိၿပီး အျပတ္အသတ္
႐ႊိုင္းလာပုံရပါ၏။ပုံသြင္းထားေသာ ဆံေခြလိပ္ကေလးမ်ားအား တသသလုပ္ေနရင္း ပိုလိုရွပ္ ဂ်င္းအရွည္ႏွင့္သားက တကယ့္ကို ရွင္းသန့္ေျပာင္ေရာင္ကာ အေရာင္ထြက္လြန္းေနသည္။မသိလွ်င္ ဘုရားပြဲႏွင့္ရွိုးပြဲ ေနရာမွား ေရာက္လာသည့္အတိုင္း။ဘုရားဖူးလာၾကေသာ ဧည့္သည္တစ္ခ်ိဳ႕က သားႏွင့္ကိုယ့္ကိုျမင္ေတာ့ အထူးအဆန္းသဖြယ္ လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေနၾကေသးသည္။

"ဂႏၶမာတစ္စည္းရယ္၊ေ႐ႊပန္း၊ေငြပန္းဆယ္ကုံးေလာက္ေပးေနာ"

"ညီအစ္ကိုေတြထင္တယ္ေနာ ႐ုပ္ကေလးေတြဆင္ၾကတယ္"

"မဟုတ္ပါဘူး။သား ဆရာပါ"

"ကြၽန္ေတာ့္ သားပါ"

သားေရာ ကိုယ္ပါ ႏွစ္ဦး ၿပိဳင္တူေျဖေသာ အသံတြင္ ပန္းသည္အေဒၚႀကီးက သေဘာေပါက္ဟန္ျဖင့္ အေမးဆက္မလာပါဘဲ မွာထားေသာပန္းကို ႏွီးျဖင့္စည္းေပးေန၏။

"ၾသ ဒါဆို ဆရာတပည့္ေပါ့။ေစာနကတည္းက ၾကည့္ေနတာ အားလုံးထဲ ထင္းထြက္ေနၾကေတာ့ေလ။ကြၽန္မတို႔က ကေလးကို ကိုရီးယားလူမ်ိဳး မွတ္ေနတာ"

"ဟုတ္ကဲ့ ဟန္းဂုေသြးစပ္ပါတယ္"

အေဒၚႀကီးက ပိုက္ဆံအေႂကြႏွင့္ပန္းစည္းကို ကိုယ့္လက္ထဲ ထည့္လာေပးရင္း သားဘက္သို႔ၾကည့္လ်က္ ေရ႐ြတ္သည္။ေနအရွိန္ေၾကာင့္ထင္ပါ၏။ျဖဴဥလွေသာ သားမ်က္ႏွာကေလးမွာ ပန္းေသြးေရာင္သို႔ ေျပာင္းလုၿပီ။

"အေမက ကိုရီးယားသူနဲ႕တူတယ္ေနာ"

"မဟုတ္ပါဘူး။သားအေဖက ကိုရီးယားလူမ်ိဳးပါ။ခြင့္ျပဳပါအုံး။လာ သား"

ေဈးသည္အေဒၚႀကီးက နားမလည္ဟန္ မ်က္လုံးအေၾကာင္သားျဖင့္ က်န္ခဲ့သည္။ေနအရွိန္မွာ အေတာ္ကေလး ျပင္းလာၿပီျဖစ္၍ သားလက္ကိုဆြဲကာ ေနရာက ခပ္သြက္သြက္ ထြက္လာလိုက္၏။

"ဗုဒၶဟူးနံေထာင့္ကိုသြားမလား"

"ရတယ္ ပါပါး။ဒီမွာပဲ သားကန္ေတာ့မယ္။"

"ရရဲ႕လား သားေရသပၸာယ္ခ်င္ သပၸာယ္လို႔ရေအာင္ ပါပါးက ေျပာေနတာ"

"ဘုရားဟာ ဘုရားပါပဲ။ဘယ္ဘုရားက တန္ခိုးပိုႀကီးတယ္၊ဘယ္နံေထာင့္က ဘုရားကို ကန္ေတာ့မွ ဆုေတာင္းပိုျပည့္တယ္မရွိပါဘူး။အဓိကက ကိုယ့္ရင္ထဲ စစ္မွန္ေလးနက္တဲ့တရားဓမၼ ကိန္းေအာင္းေနဖို႔ပါပဲ"

ဗုဒၶဟူးသားေလးျဖစ္သည့္သားက သူ၏ ေန႕နံေထာင့္သို႔ မသြားပါဘဲ ကိုယ္ႏွင့္အတူတူ စေနနံေထာင့္သို႔ လိုက္လာသည္။ဘုရားပန္းကပ္လႉပူေဇာ္၍ ဘုရားရွင္ကိုယ္ေတာ္ျမတ္အား စိတ္မွတ္တြင္ရည္မွန္းလ်က္ ေရသပၸာယ္ပူေဇာ္ေနခ်ိန္ သားမွာ နံေဘးကေန၍ အေမႊးတိုင္ထုတ္ကေလးကိုင္ၿပီး ရပ္ေစာင့္ေနေပး၏။ေရသပၸာယ္ၿပီး၍ ဘုရားရွင္ကိုယ္ေတာ္ျမတ္အား ထိျခင္းငါးျဖာျဖင့္ ဦးခ်ကန္ေတာ့လိုက္သည္။သရဏဂုံသုံးပါးႏွင့္ဘုရားဂုဏ္ေတာ္ကိုးပါး၊ေမတၱသုတ္ကို အစဥ္အတိုင္း ႐ြတ္ဖတ္ပူေဇာ္ၿပီး ျပဳျပဳသမွ် ကုသိုလ္အစုစုအား ျမင္အပ္၊မျမင္အပ္ ပုဂၢိဳလ္အေပါင္းႏွင့္ ၃၁ဘုံသားတို႔အား အမွ်ေဝေပးၿပီးေနာက္တြင္ ေနရာက ကိုယ္ျပန္အထ သားမ်က္ႏွာကေလးကို ကိုယ့္ေနာက္ပါးဆီတြင္ ေအးခ်မ္းၾကည္လင္စြာ ေတြ႕ရ၏။သားမွာ တင္ပုလႅင္ေခြထိုင္ခ်လ်က္ မ်က္လုံးစုံမွိတ္ကာ တရားရႈမွတ္ေနျခင္း။တစ္စက္ကေလး မလႈပ္မယွက္၊အာ႐ုံတစ္ခုအေပၚတြင္သာ စုစည္းလ်က္ရွိရာ သားမ်က္ႏွာမွာ ၿငိမ္သက္လ်က္ရွိေသာ ကန္၏ေရမ်က္ႏွာျပင္ကဲ့သို႔ တည္ၾကည္၍ေအးခ်မ္းလွ၏။

"ပါပါး သားကို ေစာင့္ေနတာလား"

မိနစ္ပိုင္းမွ်ၾကာေသာ္ သားတစ္ေယာက္ မ်က္ခြံကေလးမ်ား ဖြင့္လာၿပီး သုံးႀကိမ္မွ်ဦးခ်ကန္ေတာ့ၿပီးလွ်င္ ကိုယ္ရွိရာသို႔ သြက္သြက္ကေလး ေလွ်ာက္လာသည္။

"တရားထိုင္ေနက်လား"

"ဥပုဒ္ေန႕တိုင္း ဒယ္ဒီက အေလ့အက်င့္လုပ္ေပးတယ္ ပါပါး။တရားထိုင္တာ အာ႐ုံစူးစိုက္မႈ ေကာင္းေစတယ္။စိတ္ၿငိမ္ေစတယ္တဲ့"

ဒီလိုဆိုေတာ့ သားကို သူ႕ဥပေဒ သူ႕နည္းလမ္းအတိုင္း ပုံစံခ်ထားျခင္းေပါ့။အေတြး၌ ကိုယ္ၿပဳံးမိသြားသည္။စည္းကမ္းႏွင့္ပတ္သက္လာလွ်င္ေတာ့ သားကို သူ႕ဆီအပ္ထားရျခင္းအတြက္ ကိုယ္ဥႆုံစိတ္ခ်သည္။ကိုယ္တိုင္က စည္းကမ္းေသ၀ပ္သူမို႔ သားကို လက္လြတ္စပယ္ ပစ္စလတ္ခတ္ ထားမည္မဟုတ္မွန္းလည္း ႀကိဳ၍ သေဘာေပါက္သည္။

"ဒါၿပီးရင္ ဘယ္သြားမလဲ ပါပါး"

"ပါပါးအသိ ဆိုင္တစ္ဆိုင္ကို သြားရေအာင္။ဆိုင္မွာ ျမန္မာမုန့္ေတြ အစုံတင္တယ္ဆိုေတာ့ အဲဒီမွာ အတူတူစားၾကမယ္"

"ဟုတ္ကဲ့"

ကိုယ့္လက္ထဲက အထုတ္ပလုတ္မ်ားကို သားတစ္ေယာက္ လက္ေျပာင္းယူသြားၿပီး အေရွ႕ကေန၍ ခပ္သြက္သြက္ ေလွ်ာက္သြားႏွင့္သည္။ဆိုင္ကယ္အပ္ထားရာေနရာဆီ ကိုယ္ေရာက္ေတာ့ သားတစ္ေယာက္ ဆိုင္ကယ္ထုတ္ထားႏွင့္ၿပီ။

"ဟီး ပါပါးကိုယ္နံ႕က အၿမဲ သင္းသင္းေလးေမႊးတယ္။သိလား ပါပါး။ဒယ္ဒီ့အခန္းထဲမွာလည္းေလ ပါပါးကိုယ္သင္းနံ႕နဲ႕ အနံ႕ခ်င္း ခပ္ဆင္ဆင္တူတဲ့ အကၤ်ီေတြရွိတယ္။ဒါေပမဲ့ေလ ဒယ္ဒီက ဘယ္ေတာ့မွ ထုတ္မဝတ္ဘူး။မေတာ္လို႔လား မသိဘူးေနာ္။သားကေတာ့ ပါပါးကို သတိရရင္ အဲဒီအကၤ်ီေတြ ထုတ္ထုတ္ၿပီး အနံ႕ေမႊးၾကည့္တယ္။တကယ့္ကို ပါပါးအနံ႕"

ဆိုင္ကယ္စက္ႏွိုးေနခ်ိန္ သားက ကိုယ့္ခါးကို ေနာက္ပါးက ဖက္သိုင္းလ်က္ တတြတ္တြတ္ေျပာေနသည္။ၾကပ္ညပ္ေနေအာင္ ဖက္တင္းထားၿပီး သားကိုယ္ေလးက ဖေအ့ေက်ာျပင္ဆီ ေတာက္တဲ့ေလးအတိုင္း မခြာတမ္းကပ္တြယ္၍ ထား၏။သားစကားကို အထူးအဆန္းမဟုတ္သည့္ႏွယ္ ကိုယ္တုံ႕ျပန္မႈမေပး။ခပ္႐ြဲ႕႐ြဲ႕တစ္ခ်က္ ၿပဳံးမိသြာသည္ကလြဲ အသံတိတ္၍ ဆိတ္ေနလိုက္သည္။တတ္နိုင္လို႔ သင္းဘာသာသင္း ကိုယ့္အကၤ်ီေတြကို သိမ္းထား႐ုံမက လက္ႏွီးစုတ္(လက္သုတ္၀တ္)ပဲ လုပ္ပစ္ပစ္ ကိုယ့္အတြက္ကေတာ့ ဘယ္လိုခံစားခ်က္မ်ိဳးမွ ရွိေတာ့မည္မထင္။အထူးသျဖင့္ ယခင္အခ်ိန္ကာလမ်ားက စကားတစ္ခြန္း၊အျပဳအမူတစ္ရပ္ႏွင့္ပင္ ေဆြ႕ေဆြ႕ခုန္ ၾကည္ႏူးခဲ့ဖူးေသာ ကိုယ့္ႏွလုံးသားကေလး ယခုမူ သင္းေပးေသာ ေသရာပါဒဏ္ရာကို အေၾကာင္းျပဳ၍ ရင့္က်က္သြားခဲ့ၿပီးၿပီ။စိတ္မေကာင္းပါဘူးကြယ္။ဒီကေရွ႕ေလွ်ာက္ မင္းနဲ႕ပတ္သက္လာသမွ် ရင္ခုန္တယ္ဆိုတာ ရွိမွာမဟုတ္ေတာ့လို႔ မင္းဘက္က ခံစားခ်က္ က်န္ေနေသးရင္ေတာင္ ငါ့ဘက္ကေတာ့ တကယ္ႀကီး ၀မ္းနည္းပါတယ္ ေမာင္။

"မင္း သားေလးလား"

"ေအး သူငယ္ခ်င္း"

"ေရာ မင္း,သားက ဒီအ႐ြယ္ႀကီးေတာင္ ေရာက္ၿပီပါ့ေအး။ဒါနဲ႕ အေခ်ာေလးပဲ"

"ငါနဲ႕တူမွေတာ့ ေခ်ာၿပီေပါ့ကြ မင္းကလည္း"

ဆိုင္ကယ္ကို စားေသာက္ဆိုင္တစ္ဆိုင္ေရွ႕ရပ္ၿပီး ဆိုင္ထဲ၀င္ခဲ့ေတာ့ ဆိုင္ရွင္ျဖစ္ဟန္တူသူ အန္တီႀကီးတစ္ေယာက္ ဂြၽန္ေယာင္းတို႔အနား ေရာက္လာသည္။ပါပါးႏွင့္ သက္တူ႐ြယ္တူ ေက်ာင္းေနဘက္မ်ား ျဖစ္ပုံရပါ၏။စကားေျပာသည့္ဟန္မွာ တရင္းတႏွီး ရွိလွသည္။

"ေရာ့ ဒါက အေၾကာ္စုံ။ဒါက ျမန္မာမုန့္ စိန္ေဖႀကီး၊ငွက္ေပ်ာပူတင္း၊သာကူျပင္၊စႏြင္းမကင္း၊ဒူးရင္းမလိုင္၊မုန့္ၾကက္ဥ။စစ္ကိုင္းနဲ႕ တခ်ိဳ႕အညာေဒသေတြမွာေတာ့ မုန့္ခ်ိဳသြင္းလို႔လည္းေခၚတယ္၊ဒါက မုန့္လိပ္ျပာ၊ဒါက ၾကက္ဥသၾကားပလာတာ၊စမူဆာ၊အီၾကာေကြး၊ကုလားပဲသုတ္၊ငွက္ေပ်ာေပါင္း၊နို႔ဟင္းမလိုင္၊ဒါက နန္းႀကီး၊နန္းေသး၊မုန့္ဟင္းခါး၊ကက္ေၾကးကိုက္။ႀကိဳက္တာသာစား။ဒါက မင္းအႀကိဳက္ စီလုံတီး"

စားပြဲ၀ိုင္းႀကီးအျပည့္ ဗန္းႏွင့္တစ္ဗန္းၿပီး တစ္ဗန္းေရာက္လာေသာ မုန့္မ်ိဳးစုံ၊မုန့္ေရာင္စုံကိုၾကည့္ၿပီး ဂြၽန္ေယာင္းမွာ ပါးစပ္ပင္ ေဟာင္းေလာင္းဟသည္။မုန့္မ်ားမွာ ေလာေလာလတ္လတ္ကမွ ဆီပူထိုး အသင့္ျပင္ၿပီး လာခ်ပဳံရပါ၏။ပူပူေလာေလာ အေငြ႕တေထာင္းေထာင္းႏွင့္ လတ္လတ္ဆတ္ဆတ္ ရွိလွသည္။

"ဘာစားမလဲ သား"

"ပါပါးစားတာ"

ေ႐ြးရခက္လြန္းသည့္အတြက္ ပါပါးစားမည့္ မုန့္ကိုသာ ဂြၽန္ေယာင္းလည္း ေ႐ြးဖို႔ဆုံးျဖတ္လိုက္သည္။ပါပါးက မုန့္ဟင္းခါးပန္းကန္ကိုယူသည္။ပန္းကန္ထဲ ဘူးသီးႏွင့္ပဲေၾကာ္ကို မုန့္ဖက္၊ဟင္းရည္ႏွင့္ လိုက္ဖက္မည့္ အခ်ိဳးအစားအတိုင္း ေျခထည့္ေပးၿပီး သံပုရာစိတ္ကို အရည္ကုန္ေအာင္ ညွစ္ထည့္သည္။ၿပီးသည့္ေနာက္ေတာ့ ပဲသီး၊ငါးဖယ္အုပ္၍ ငံျပာရည္ေပါက္ၿပီး ဂြၽန္ေယာင္းဘက္သို႔ ကမ္းေပးသည္။အိုးဘဲဥႀကီးမ်ား မုန့္ဟင္းရည္ဝါဝါႏွစ္ႏွစ္ထဲ အစီအရီ။

"စားေလ သား။"

ပါပါးတစ္ေယာက္ လက္ဖက္ရည္ေသာက္သည့္ ပုံစံကို ဂြၽန္ေယာင္းေငးေနျခင္း။လက္ဖက္ရည္ကို ေအာက္ခံပန္းကန္ျပားထဲ ငွည့္ထည့္ၿပီး ခ်က္ခ်င္းမေသာက္ေသးပါဘဲ ပန္းကန္ျပားကို တစ္ပတ္ျပည့္ေအာင္လွည့္၍ တဖူးဖူးမႈတ္ေနေသးေသာ ပါပါး။ၿပီးကာမွ တစ္ငုံခ်င္းစီ ငုံေသာက္သည္။ထူးဆန္း၏။တဆိတ္ကို ထူးဆန္းလြန္းပါသည္။ဒီလိုအမူအက်င့္မ်ိဳး ဒယ္ဒီ့တစ္ေယာက္တည္းတြင္သာ ရွိမည္ဟု ဂြၽန္ေယာင္းထင္ခဲ့မိတာ။ပါပါးတြင္လည္း ဒီအက်င့္ ရွိသတဲ့လား။

"ဘာေငးေနတာလဲ မုန့္ဟင္းရည္က တစ္ခုခုလိုလို႔လား"

"ပါပါးခြံ႕ေကြၽး"

"ဟင္"

"ခြံ႕ေကြၽးပါ ပါပါး"

စတစ္အကၤ်ီလက္ရွည္ႏွင့္ ေယာပုဆိုးကို သပ္ရပ္ေသသပ္စြာ ဆင္ျမန္းထားသျဖင့္ ပါပါးမွာ လူႀကီးလူေကာင္းဆန္စြာ တည္ၿငိမ္ေနသည္။လႈပ္ရွားသမွ်သည္လည္း ဣေႏၵျရ၍ ၿငိမ္သက္သိမ္ေမြ႕လြန္း၏။တစ္သ်ႉးျဖင့္ ႏႈတ္ခမ္းကိုတို႔သုတ္သည္ကအစ လက္ဖက္ရည္ခြက္ ျပန္ခ်သည့္အဆုံး၊လက္ဖက္ရည္တစ္ငုံေသာက္တိုင္း အရသာကို စိတ္ေက်နပ္ဟန္ျဖင့္ မ်က္ေတာင္ႀကီးမ်ား ဖိကပ္သြားပုံအလယ္ ပါပါး၏ ဟန္အမူအရာတိုင္းက အၿငိမ္ဓာတ္တစ္ခုျဖင့္ ဆြဲေဆာင္အားေကာင္းလွသည္။အခ်ိန္တစ္ခုၾကာေအာင္ ေငးၾကည့္ေနခဲ့ရာက ပါပါး၏ လက္သြယ္ကေလးမ်ား လႈပ္ရွားေနသည့္ဟန္အမူအရာကိုၾကည့္ၿပီး ပါပါးခြံ႕ေကြၽးလွ်င္ ပိုေကာင္းမည္ဟူေသာ အသိတစ္ခု ဂြၽန္ေယာင္းအေတြးထဲ ၀င္လာ၏။ပါပါးက ဂြၽန္ေယာင္းစကားကို 'ဟင္'တစ္လုံးထုတ္၍ အေမးျပဳရာက မ်က္တျဖတ္ခတ္ၾကာလွ်င္ သြားေပၚေအာင္ၿပဳံးရယ္လ်က္ ဂြၽန္ေယာင္းဆံပင္ကို လာဖြသည္။

"ကဲ ပါးစပ္ကေလးဟ။ပါပါးသားေလးက ကေလးေလးလုပ္ခ်င္ေနတာ ဟုတ္လား"

"ဒီမွာ ပါပါးကေလးေလး မွတ္ဉာဏ္ေကာင္းေအာင္ ငါးနဲ႕ၾကက္သြန္ဥ မ်ားမ်ားစား"

"ေကာင္းေကာင္းစားတာပဲ။ပါးကေလးေလးက အစားပုတ္ေလးကြာ"

ပါပါးတစ္ေယာက္ ဂြၽန္ေယာင္းကို မုန့္ခြံ႕ရင္း တတြတ္တြတ္ ေျပာေနခ်ိန္ ပါပါးမ်က္ႏွာဆီ မမွိတ္မသုန္ၾကည့္၍ ဂြၽန္ေယာင္း၏ အေတြးမ်ား အတိတ္ကာလသို႔ အမွတ္မထင္ ေရာက္ရသည္။

"သားသားငယ္ လာ ဘိုးဘိုးဆီ လာအုံး"

ေဖေဖ့ အခန္းေထာင့္တြင္ အ႐ုပ္ႀကီးျဖင့္ ထိုင္ကစားေနခ်ိန္ အဘိုးျဖစ္သူက ေခၚလာသျဖင့္ ဂြၽန္ေယာင္းကေလး ပုံထိုင္ခ်ထားရာက တုတ္ခနဲထကာ အဘိုးဆီ တန္းမတ္ေနေအာင္ ေျပး၏။ဂြၽန္ေယာင္း၏နာမည္ကို အဘိုးေခၚၿပီဆိုလွ်င္ မုန့္ (သို႔မဟုတ္)ခ်ိဳခ်ဥ္ တစ္ခုမဟုတ္တစ္ခု ရတတ္သျဖင့္ ဂြၽန္ေယာင္းက အဘိုးအသံၾကားသည္ႏွင့္ အဖိုးဆီလွစ္ခနဲေနေအာင္ ေျပးတတ္သည္။

"ေရာ့ ကေလးအတြက္"

ဘိုးဘိုးကမ္းေပးေသာ ခ်ိဳခ်ဥ္ဘူးကိုယူ၍ ဘိုးဘိုးေပါင္ေပၚ ဂြၽန္ေယာင္းတက္ထိုင္ပစ္လိုက္သည္။နံေဘးရွိ ခုတင္တြင္ ၿငိမ္သက္လ်က္ ေလ်ာင္းေနေသာ ပုဂၢိဳလ္ကိုျမင္ေတာ့ ဂြၽန္ေယာင္းမ်က္ႏွာကေလး မသိမသာပုတ္သြားရ၏။

"ဘိုးဘိုး ေဖေဖက ဘယ္အခ်ိန္ နိုးလာမွာလဲ"

"ေဖေဖ့ကို နိုးေစခ်င္ၿပီလား သားက"

"အြန္း ေဖေဖ့ကို လြမ္းတယ္။ေဖေဖက ညတိုင္း သားနဲ႕ကစားေပးတယ္။အခုက် ေဖေဖက အိပ္ေနေတာ့ သားနဲ႕ကစားေပးမဲ့သူ မရွိေတာ့ဘူး"

ဂြၽန္ေယာင္းမ်က္ႏွာဆီၾကည့္၍ အဘိုးမ်က္ႏွာမွာ ၿပဳံးေနခဲ့ရာက တျဖည္းျဖည္း တည္သြားရသည္။ဘိုးဘိုးက ဝမ္းနည္းသြားတာလား။ဂြၽန္ေယာင္းက ဘိုးဘိုးထက္ ေဖေဖ့ကို ပိုခ်စ္တယ္ထင္ၿပီး ဖိုးဖိုးက ၀မ္းနည္းသြားတာလား။

"ဖိုးဖိုးကိုလည္း သားကခ်စ္ပါတယ္။ေဖေဖ့ကိုက ဒီအတိုင္း သတိရၿပီး ေျပာတာပါ။ဘိုးဘိုးကိုလည္း ခ်စ္ပါတယ္"

"အမေလး သိပါတယ္ဗ်ာ။ဘိုးေျမးေလးက ဘိုးကို ခ်စ္မွန္း ဒီဘိုးက အမ်ားႀကီး အမ်ားႀကီး သိတာေပါ့ဗ်။"

"ဘိုးဘိုးကေရာ သားကိုအမ်ားႀကီး အမ်ားႀကီးခ်စ္လား"

လက္ထဲယူကိုင္ထားေသာ တုတ္ထိုးခ်ိဳခ်ဥ္ကို ဘိုးဘိုးဆီ အေဖာက္ခိုင္းထားရာက ဂြၽန္ေယာင္းအေမးကိုၾကားေတာ့ ဘိုးဘိုးက ၿပဳံးသည္။ဂြၽန္ေယာင္း ပါးေဖာင္းေဖာင္းကို အသာဖဲ့ၿပီး

"ခ်စ္တာေပါ့ကြာ။ဘိုးဘိုးေရာ၊ေဖေဖေရာ၊ဟိုး အေဝးေရာက္ေနတဲ့ ဒယ္ဒီပါ ဒီက သားသားငယ္ေလး တစ္ေယာက္ကိုပဲ စုၿပဳံခ်စ္ေနၾကရတာ။သားသားက မိသားစုရဲ႕ အခ်စ္ခံေလးပါကြာ။အခ်စ္ေတြအမ်ားႀကီးရထားတာ"

"ဒယ္ဒီ ဒယ္ဒီက ဘယ္အခ်ိန္ျပန္လာမွာလဲဟင္။ဒယ္ဒီ့ကို သားသား လြမ္းတယ္ ဖိုးဖိုး"

"ဒယ္ဒီက အလုပ္ေတြၿပီးရင္ သားသားဆီ ျပန္လာမွာေပါ့။အခု ဒယ္ဒီျပန္မလာခင္
ဒယ္ဒီ့အစား သားသားကို အေဖာ္ျပဳေပးဖို႔ ဘိုးဘိုးက ပါပါးကို ေခၚလာတယ္။သားသားငယ္ ပါပါးနဲ႕ ေတြ႕မလား"

အဘိုးစကားေၾကာင့္ ဂြၽန္ေယာင္း နား႐ြက္ကေလးမ်ား ေထာင္သြားသည္။

"ပါပါးက ဂြၽန္ေယာင္းနဲ႕ ကစားေပးမွာလား ဘိုးဘိုး"

"ကစားေပးမွာေပါ့ကြ"

"သားသားကိုေရာ ခ်စ္မွာလား"

"ပါပါးေလာက္ သားကို ခ်စ္ေပးမဲ့သူ ဒီကမာၻမွာ ထပ္မရွိနိုင္ေတာ့ပါဘူးကြာ။ေသခ်ာေပါက္ ခ်စ္ေပးမွာေပါ့ သားသားရဲ႕။"

"ဒါဆိုေတြ႕မယ္"

လိုလိုလားလားပင္ ဂြၽန္ေယာင္းေခါင္းညိတ္ျပလိုက္ၿပီး ဘိုးဘိုးေပါင္ေပၚ ၿငိမ္ၿငိမ္ေလး ထိုင္ေစာင့္ေနလိုက္သည္။

"သားငယ္ေလး ၀င္လာခဲ့ကြယ္"

ဘိုးဘိုးဆီက ေခၚသံၾကားၿပီး သိပ္မၾကာ တံခါးခ်ပ္ကိုဖြင့္ၿပီး လူတစ္ေယာက္ ၀င္လာသည္။ထိုပုဂၢိဳလ္က ဂြၽန္ေယာင္းမ်က္ႏွာဆီ ေငးေငးေလးၾကည့္၍ အနားသို႔ တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာ၏။အနီးအပါးေရာက္လွ်င္ "သား"ဟူေသာ ေခၚသံကို ခပ္တိုးတိုးထုတ္၍ ဂြၽန္ေယာင္း၏ လက္ေသးေသးေလးမ်ားအား ထိကိုင္ဆုပ္သည္။

"ဒါ ကြၽန္ေတာ့္သားေလးလား ဒယ္ဒီ"

"ဟုတ္တယ္ သားငယ္။မင္းရဲ႕ သားဦးကေလး။နာမည္က ပတ္ဂြၽန္ေယာင္း"

"အင္း"

ထိုပုဂၢိဳလ္က ဂြၽန္ေယာင္းႏွင့္ ဘိုးဘိုးေရွ႕ ဒူးေထာက္ထိုင္ခ်ၿပီး ဂြၽန္ေယာင္း၏ လက္ေသးေသးေလးကို လာဆုပ္သည္။ဂြၽန္ေယာင္းမ်က္ႏွာဆီ စူးေမာ့ၾကည့္၍ ဂြၽန္ေယာင္းလက္ေသးေသးေလးႏွစ္ဖက္အား တင္းေနေအာင္လာဆုပ္သျဖင့္ ဂြၽန္ေယာင္းမွာ မေနတတ္ျဖစ္ကာ အီခနဲျမည္၍ ထိုလက္ဆုပ္ထဲက ႐ုန္းထြက္ပစ္လိုက္ရသည္။

"ပါပါးကေလးေလးက သေဘာမက်ဘဴးပဲ။"

ထိုပုဂၢိဳလ္က ထိုသည္ကို သေဘာေပါက္ဟန္ျဖင့္ ဂြၽန္ေယာင္းလက္ကို ဦးစြာ လႊတ္ေပးသည္။

"ကေလးက စေတြ႕ခါစမို႔ စိမ္းေနတာပါ သားရယ္။ေမြးေပးထားတဲ့ ဖေအပဲ။ေသြးက စကားေျပာပါတယ္။ဟိုဒီေတြးၿပီး ဝမ္းမနည္းပါနဲ႕။"

"ခံနိုင္ရည္ရွိပါတယ္ ဒယ္ဒီ။သား ကြၽန္ေတာ့္အေပၚ စိမ္းမယ္ဆို ဒီ့ထက္ေတာင္ အမ်ားႀကီး စိမ္းသင့္ေသးတာ။ရွစ္ႏွစ္လုံးလုံး သားကိုပစ္ၿပီး တစ္ခ်က္ကေလး လွည့္မၾကည့္ နိုင္ငံရပ္ျခားကို ထြက္သြားခဲ့တဲ့ အေဖ။ရင္ေငြ႕ေလးေတာင္ ေကာင္းေကာင္းမေပးနိုင္ခဲ့တဲ့အေဖ။အကယ္၍မ်ား သားေလးအ႐ြယ္ေရာက္ၿပီး နားလည္လာတဲ့အခ်ိန္ ဒီကိစၥနဲ႕ပတ္သက္လို႔ သား ကြၽန္ေတာ့္အေပၚ မုန္းတီးမယ္၊႐ြံရွာမယ္ဆိုရင္ေတာင္ ခံနိုင္ရည္ ရွိပါတယ္။ခံနိုင္ရည္ရွိဖို႔ ႀကိဳလည္း ျပင္ဆင္ထားတယ္ ဒယ္ဒီ"

ဘိုးဘိုးေပါင္ေပၚက အတင္းထိုးဆင္းၿပီး ကစားစရာမ်ားထားေသာ စတိုခန္းထဲ ေျပးလာခဲ့ခ်ိန္တြင္ ဘိုးဘိုးႏွင့္ ထိုပုဂၢိဳလ္၏ စကားသံတစ္ခ်ိဳ႕ ေဖေဖ့အိပ္ခန္းထဲ က်န္ခဲ့ၾကသည္။အ႐ုပ္ယူၿပီးခ်ိန္၌ စိတ္ထဲျမဴးလာသျဖင့္ ေဖေဖ့အိပ္ခန္း၏ တံခါးေပါက္အကြယ္မွေန၍ ထပ္တစ္ေခါက္ ဂြၽန္ေယာင္း ေခ်ာင္းၾကည့္ေသးသည္။ေဖေဖ့လက္ကိုကိုင္ဆုပ္ၿပီး မ်က္ရည္၀ဲေနေသာ ပါပါးဆိုသည့္ ပုဂၢိဳလ္ကို ထိုေန႕က ပထမဆုံးႏွင့္ ေနာက္ဆုံးအႀကိမ္ေတြ႕ရၿပီး ေနာင္ကာလအေတာ္ၾကာေအာင္ ထပ္မေတြ႕ရေတာ့မွန္း ထိုေန႕က ဂြၽန္ေယာင္းသိခဲ့ပါလွ်င္ လက္ထဲက ခ်ိဳခ်ဥ္ကေလး ထိုပုဂၢိဳလ္ဆီ ေပးခဲ့မိမည္ထင္ပါသည္။ေဖေဖက ေျပာဖူးသည္။ဝမ္းနည္းေနတဲ့ ပုဂၢိဳလ္ကို ေတြ႕ခဲ့ရင္ ခ်ိဳခ်ဥ္ေလးေပးၿပီး ႏွစ္သိမ့္ၾကည့္ပါ သားတဲ့။

"ဘာေတြေတြးေနသလဲ သား"

သားတစ္ေယာက္ ကိုယ့္မ်က္ႏွာဆီ ၾကည့္ေငးလ်က္ ၿငိမ္ေနသည္မွာ နာရီဝက္မကၾကာၿပီ။တစ္ခါတစ္ခါမ်ားဆို ေငးၾကည့္ေနရာကေန၍ ေခါင္းငုံ႕သြားသည္လည္း ရွိတတ္၏။

"အိမ္ျပန္ခ်င္လို႔လား။ပါပါးနဲ႕ ေလွ်ာက္လည္ရတာ ပ်င္းလို႔လား"

သားက ေခါင္းအသာယမ္းသည္။အင္းေလ သူေလးလည္း ပ်င္းရွာမေပါ့။ကိုယ္က အျခားေသာမိဘမ်ားလို တီတီတာတာေျပာၿပီး သားသြားခ်င္သည့္ ေနရာအစုံကိုလည္း လိုက္မပို႔တတ္သူကိုး။လိုက္ပို႔ရေအာင္လည္း ဘယ္ေနရာဘာရွိသည္ ကိုယ္မသိ။ကစားကြင္း၊႐ုပ္ရွင္႐ုံ သည္မွ်သာသိသည္။ေခတ္ေနာက္က်ေနေသာ အဘိုးႀကီးဟူ၍ သားစိတ္မွာထင္လည္း ထင္စရာရွိသည္ပင္။

"မင္းဒယ္ဒီေတာ့ သူ႕သားကို ဒီေလာက္အၾကာႀကီး ေခၚထားတာသိရင္ စိတ္ဆိုးေတာ့မွာပဲ။လာ ျပန္ရေအာင္။အိမ္ထိ ပါပါးလိုက္ပို႔မယ္"

"ဟင့္အင္း မပို႔ပါနဲ႕။သားဘာသား ျပန္ပါ့မယ္"

သားမ်က္ႏွာကေလး တစ္မ်ိဳးျဖစ္သြားသည္။ကိုယ့္လက္ကိုဆြဲ၍ မ်က္လုံးျပဴးကေလးႏွင့္ အသည္းအသန္တား၏။

"မင္းဒယ္ဒီက ပါပါးမ်က္ႏွာ မျမင္ခ်င္ဘူး ေျပာလို႔လား"

"အဲဒီလိုမဟုတ္ပါဘူး။ပါပါးနဲ႕ ေနခ်င္ေသးလို႔ပါ"

ခပ္တိုးတိုးဆိုၿပီး ေခါင္းငုံ႕ခ်သြားသည္။

"ေမာ့စမ္း သား။ေနမေကာင္းဘူးလား"

မ်က္ႏွာေလးမွာ အခါမ်ားစြာႏွင့္ဆန့္က်င္စြာ ေဖ်ာ့ေတာ့ေတာ့ ျဖစ္ခ်င္ေနသျဖင့္ နဖူးႏွင့္ပါးဆီ လက္ခုံအပ္၍ စမ္းၾကည့္ရသည္။ကိုယ္လည္း မပူပါ။သားက မ်က္လႊာခ်ထား၏။ကိုယ့္အၾကည့္ႏွင့္မဆုံ။ဒါနဲ႕ ေနပါအုံး သားႏႈတ္ခမ္းေတြ အညိုေဖ်ာ့ေရာင္ေျပာင္းေနသလား၊မဟုတ္မွ ကိုယ္စိတ္ထင္တာလား။

"ပါပါးကို တဆိတ္ခြင့္ျပဳ သား"

ေမးဖ်ားကပင့္ေမာ့ေစလ်က္ သားႏႈတ္ခမ္းဆီ အနံ႕ခံၾကည့္၏။စီးကရက္နံ႕ ေဖ်ာ့ေဖ်ာ့။ ဟုတ္သည္။အထက္တန္းႏွစ္မ်ားက သူ သိပ္ႀကိဳက္ၿပီး စြဲေသာက္တတ္သည့္ စီးကရက္နံ႕ေဖ်ာ့ေဖ်ာ့ သားႏႈတ္ခမ္းဆီက ရသည္။ဒိန္းခနဲ ေဆာင့္တက္သည့္ အသိစိတ္ႏွင့္ သားမ်က္ႏွာဆီ အလန့္တၾကား ၾကည့္မိခ်ိန္ သားက ေခါင္းကို ငုံ႕သထက္ ငုံခ်သြား၏။

"စီးကရက္ေတြ ေသာက္သလား ပတ္ဂြၽန္ေယာင္း"

နာမည္အရင္းကိုေခၚ၍ ခပ္မာမာ ကိုယ့္အေမး၌ သားကိုယ္လုံးကေလး ဆတ္ခနဲ တြန့္သြားကာ ကိုယ့္မ်က္ႏွာဆီ ေမာ့ၾကည့္လာသည္။ေခါင္းယမ္းျပလာ၏။

"ပါပါးကိုမညာနဲ႕ သား။ဆရာလုပ္လာတဲ့ သက္တမ္းတစ္ေလွ်ာက္ ေက်ာင္းသားအမ်ိဳးအစားစုံကို ပါပါးထိန္းလာဖူးၿပီးၿပီ။ဘယ္လိုမ်က္လုံးအၾကည့္ ဘယ္လိုကိုယ္ဟန္အေနအထား ဘယ္လိုစကားလုံးမ်ိဳးကိုသုံးလာတာအစ လိမ္ေနညာေနသလဲဆိုတာ
ပါပါးတန္းဖမ္းလို႔ရတယ္"

ကိုယ္က ဆရာတစ္ေယာက္။ဆရာ့သမာၻကိုသုံး၍ သားမ်က္လုံးကေလးမ်ား၌ မုသားရိပ္မ်ား ျပည့္တက္လာသည္ကို အကဲခတ္မိေသာ္ အဟန့္အေနျဖင့္ မိမိ၏ဆရာၾသဇာကို ထုတ္သုံးရေတာ့၏။မိဘတစ္ေယာက္အေနျဖင့္ သို႔မဟုတ္လွ်င္ ဆရာတစ္ေယာက္အေနျဖင့္ လမ္းမွားေရာက္ေတာ့မည့္ကေလးကို တည့္မတ္ေအာင္ ထိန္းေၾကာင္းေပးဖို႔ လိုၿပီမဟုတ္လား။

"ဇာတ္လမ္းဘယ္က စသလဲ"

"ဆယ္တန္းက အစ္ကိုအုပ္စု စီးကရက္ အ၀ယ္ခိုင္းရာက စ..စတာပါ ပါပါး။ဒါေပမဲ့ သားက စီးကရက္ကို အခုမွ စ,စမ္းကာစ ရွိပါေသးတယ္။မစြဲေသးပါဘူး။"

"ေသခ်ာသလား။ဒီလိုဆို ဒီစီးကရက္ကို ဆက္မစမ္းဘဲ ျဖတ္ပါ့မယ္လို႔ ပါပါးကို သား ကတိေပးနိုင္သလား"

သားက ေခါင္းကို အျမန္အျမန္ညိတ္ျပသည္။

"သားကတိမတည္ရင္"

"ပါပါးႀကိဳက္တဲ့အျပစ္ေပးပါ"

"ဆရာအေနနဲ႕လား မိဘအေနနဲ႕လား"

"ပါပါးစိတ္ႀကိဳက္ဆုံးျဖတ္နိုင္ပါတယ္"

"အိုေခ ဒီလိုဆို ပါပါးမင္းကို ယုံၾကည္ေပးမယ္။ေလာေလာဆယ္ေတာ့ စီးကရက္ကို တုံးတိႀကီးျဖတ္ပါ မတိုက္တြန္းဘူး။တစ္ဆင့္ျခင္းစီသြားရေအာင္။ပါပါး မင္းအတြက္ စီးကရက္အစားထိုး candyေလးေတြ ဝယ္ေပးမယ္။အစပထမေတာ့ ခက္မွာေပါ့။ဒါေပမဲ့ လစ္မစ္ကို အရင္ေလွ်ာ့မယ္ ဟုတ္ၿပီလား"

"ဟုတ္ကဲ့"

သားက လက္ေခ်ာင္းကေလးမ်ားအား အျပန္အလွန္ ဆိတ္ဆြေနရင္း ေခါင္းညိတ္ကတိေပးသည္။သားေခါင္းက ဆံပင္ေကာက္လိမ္ကေလးမ်ားအား အသာဆြဲဖြလ်က္ အံတစ္ခ်က္ တင္းေနေအာင္ ကိုယ္ႀကိတ္မိ၏။အလကားလူ။ကိုယ့္သားသမီး ဘာျဖစ္ေနသလဲ ေသခ်ာမသိ အထိန္းအသိမ္း ေလ်ာ့ရဲလြန္းသည္။
သူ႕ကို ကိုယ္ အထင္ႀကီးမိတာ မွားတာပဲ။

"ပါပါးဒီေန႕ တိုက္ကို စာမူပို႔မွာ။ဖတ္ၾကည့္ခ်င္လား"

ေခါင္းငုံ႕လ်က္ အျပစ္သားႏွယ္ ၿငိမ္ေနေသာသားကို တက္ႂကြလာေအာင္ ျပန္၍ျမႇားရသည္။ဒီအ႐ြယ္ကေလးနဲ႕ အျပစ္သားလို ခံစားခ်က္မ်ိဳးရၿပီး သားကို စိတ္မဖိစီးေစခ်င္။

"တကယ္ပဲ ဒီစာမူက ပါပါး၊ေဖေဖနဲ႕ဒယ္ဒီတို႔ ငယ္ငယ္ကအေၾကာင္းေရးထားတဲ့ ဇာတ္လမ္းစာမူလား"

"အြန္း"

"ဒီလိုဆို ဒယ္ဒီ ငယ္ငယ္က ေတာ္ေတာ္ဆိုးတာပဲ"

"အင္း ဟုတ္တယ္။မင္းဒယ္ဒီက လူဆိုးေကာင္ေလး"

စာမ်က္ႏွာမ်ားဆီ သား၏ မ်က္လုံးေလးမ်ား ေျပးလႊားေနရင္း တစ္ေၾကာင္းဖတ္လိုက္ တစ္ခါမွတ္ခ်က္ျပဳလိုက္ ရွိေနသည္။

"ဟိုတုန္းကမွားတဲ့အမွားရယ္×××ဒီေန႕ထပ္မမွားခ်င္×××အခ်စ္ဒဏ္ခ်က္ေတြ မ်ားလြန္းၿပီ×××ပိုရင့္က်က္လာဖို႔×××ပဲက်န္ေတာ့တယ္×××"

ဖုန္းringtoneက ထျမည္လာသည္။သားက စာဖတ္ေနရာက မ်က္ႏွာေမာ့ၿပီး ၾကည့္လာ၏။အျမန္ေကာက္ဖြင့္ၾကည့္ေတာ့ဖုန္းOperatorဆီက ပို႔ေသာ မက္ေဆ့ခ်္။

"ပါပါးလည္း ငယ္ခ်စ္ဦး သီခ်င္း ႀကိဳက္တာလား"

"အြန္း"

ဖုန္းစခရင္မ္ကို ျပန္ပိတ္ရင္း သားအေမးကို ခပ္ေအးေအး ကိုယ္ေျဖေတာ့ သားက မ်က္ေမွာင္တစ္ခ်က္ၾကဳတ္သည္။

"ထူးဆန္းတယ္။ဒယ္ဒီ့ ဖုန္းringtoneထဲလည္း အဲဒီသီခ်င္းပဲ ထည့္ထားတာ။အားတာနဲ႕ ဒီသီခ်င္းပဲ ဒယ္ဒီက နားေထာင္ေနတတ္ေတာ့တာပဲ"

ခပ္တိုးတိုးဆိုၿပီး သားတစ္ေယာက္ေတာ့ ဖတ္လက္စကို ဆက္၍ဖတ္ေနသည္။သီခ်င္းစာသားကို စိတ္ထဲက ညည္း႐ြတ္ရင္း ကိုယ္၏စိတ္အစဥ္ဝယ္ 'ေဂ်'ဟုအမည္ရေသာ ဂ်စ္ကန္ကန္ ေကာင္ေလးအား သိမ္းမွတ္ထားရာ အတိတ္ကာလတစ္ခု အလည္အပတ္ေရာက္ရွိလာ၏။

7769words
Sun,March24

အရင္တစ္ပိုင္းမွာတုန္းက အတိတ္အေၾကာင္းကို အပိုင္းတိုင္း ထည့္သြားမယ္လို႔ ေျပာခဲ့ဖူးတယ္ေပါ့ေနာ္။ဒါေပမဲ့ ကြၽန္ေတာ့္ဒီအပိုင္းက ေရးရင္းနဲ႕ ရွည္သြားတာေၾကာင့္ေရာ၊ကြၽန္ေတာ္ကိုယ္တိုင္လည္း ေနမေကာင္းေနတာေၾကာင့္ပါ အတိတ္အေၾကာင္းကို ေနာက္အပိုင္းမွထည့္ေပးဖို႔ အဆင္ေျပမွာမို႔ သည္းခံေပးၾကပါအုံးလို႔။ဒါနဲ႕ဖတ္ရတာ အဆင္ေျပ မေျပ ေျပာသြားၾကအုံးေနာ။

Continue Reading

You'll Also Like

2.9M 17.6K 199
Book I Bored out of your mind? Looking for a new Taekook fanfic? Check this out, you might like one of these recommendations. From werewolf to vampir...
1.2M 69K 76
" I thought you were supposed to always obey your alpha. " Where the Red Moon pack leader's one and only omega son Jeon Taehyung was forced to marry...
5.3M 83.2K 29
"I'll buy you anything you want, under one condition." "That is?" "You assist me around the world as my girlfriend to the public eye, but daddy's dir...