Quark

By Ree1313

2.2K 218 14

တကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ္ေတာ့ လူသားေတြဆိုတာ စၾက... More

Unit 1
Unit 2
Unit 3
Unit 4
Unit 5
Unit 6
Unit 7
Unit 8
Unit 9
Unit 10
Unit 11
Unit 12
Unit 13
Unit 14
Unit 15
Unit 16
Unit 17
Unit -18
Unit 19

Unit 20

66 3 1
By Ree1313

ချော၏ စာမေးပွဲကြီး မတိုင်ခင် တစ်ပတ်အလိုတွင် မေမေ့၏ စေ့စပ်ကြောင်းလမ်းပွဲအား ကျင်းပခဲ့သည်။ ခမ်းခမ်းနားနားကြီး မဟုတ်သော်ငြား ပျော်ရွှင်ဖွယ်ရာတော့ ကောင်းလှပါသည်။

မေမေ့၏ သတို့သားလောင်းဘက်မှ ဆွေမျိုးများပါ တကူးတက တက်ရောက်ချီးမြှင့်ကြသဖြင့် ထိုနေ့က ကြီးကြီးတို့ အိမ်၌ လူအတော်လေး စည်ခဲ့သည်။

တစ်ဖက်အသိုင်းအဝိုင်းများမှာ ငွေကြေးကုံလုံကြသော်လည်း မေမေ့အပေါ်၌ အတော်လေး နွေးနွေးထွေးထွေးရှိလှ၏။ အထူးသဖြင့် မေမေ တစ်ယောက် သူတို့သားနောက် တစ်ကိုယ်တည်း လိုက်ခဲ့မည်ဟူသော ဆုံးဖြတ်ချက်အား အတော်လေး နှစ်သက်သဘောကျဟန် တူလေသည်။

"သမီးလေးက တစ်ယောက်ထဲပဲ ရှိတယ်ဆိုတော့ ခွဲရတာ ခက်မှာပါ"

ထိုသူ၏ မိခင်ဖြစ်သူက ကော်ဖီတစ်ငုံသောက်ပြီးနောက် စကားစလာသည်။

မေမေက ဘာမှပြန်မဖြေခင် ချောအား တစ်ချက်လှမ်းကြည့်သည်။

"ချောနဲ့ မေမေက ဒီလိုမှမဟုတ်လဲ တစ်နေ့မဟုတ် တစ်နေ့တော့ ခွဲရမှာပါပဲ။ ဒါပေမဲ့ အခုကျတော့ မေမေ့အတွက် တကယ်ကောင်းတဲ့ နည်းလမ်းနဲ့ ခွဲရတာဆိုတော့ ချောဘက်က ပိုလို့တောင် ဝမ်းသာပါသေးတယ်"

မေမေ့အား ရွာပြန်ရန် တစ်နည်းမဟုတ် တစ်နည်း တည့်တစ်မျိုး၊ စောင်းတစ်မျိုး ပြောဆိုနေသည့် ကြီးကြီး စကားများအား ကြားရည်နားဝ ရှိနေပြီ ဖြစ်သော ချောမှာ ခပ်အေးအေးသာ ဖြေလိုက်သည်။

"ကလေးက အတော်လေးကို လူကြီးဆန်တယ်နော်"

"ဟုတ်တယ်၊ ကလေးက အရွယ်နဲ့မလိုက်အောင် တွေးတတ်၊ နေတတ်ထိုင်တတ်တာလေ။ ဘယ်လောက်တောင်မှ လိမ္မာလိုက်သလဲ"

ကြီးကြီးသည် ဦးထွန်းဝေအား အဓိပ္ပါယ်ပါပါ တစ်ချက်လှမ်းကြည့်ကာ ပြောသည်။

"ကျွန်တော်ကတော့ ကလေးက သူ့အရွယ်နဲ့သူ နေတတ်တာက ပိုကောင်းတယ်လို့ ထင်တာပဲ"

ဦးထွန်းဝေသည် စကားကို မသဲမကွဲပြောရင်း ကော်ဖီတစ်ငုံ မျောချကာဖြင့် အရှိန်ပြန်သတ်လိုက်သည်။

ထိုသူ၏ မိခင်ဖြစ်သူက အနည်းငယ် ကသိကအောက် ဖြစ်သွားသည့် လေထုအား ပြန်ထိန်းနိုင်ရန် ကြိုးပမ်းလာသည်။

"မင်္ဂလာဆွမ်းကျွေးတာကို ကလေး စာမေးပွဲပြီးတာနဲ့ လုပ်တော့မလား"

"ဟုတ်.."

"ဒါကတော့ နည်းနည်း ကတိုက်ကရိုက် ဖြစ်မယ်လို့ ထင်ပါတယ်"

ဒီတစ်ခါတွင်တော့ တစ်ချိန်လုံး တိတ်နေခဲ့သည့် မေမေမှာ စကားဝင်ပြောလာသည်။

"ဘာကို ကတိုက်ကရိုက် ဖြစ်မှာလဲ? မင်းတို့ဟာက ဆွမ်းကျွေးရုံလေးပဲ မဟုတ်လား?"

ကြီးကြီးကတော့ မလိုလားသည့်ဟန်ဖြင့် စကားဝင်ထောက်လာသည်။

"ချောက အခုလဲ စာမေးပွဲကိစ္စတွေနဲ့ ရှုပ်နေတော့ ကျွန်မကိုလဲ သိပ်အချိန် မပေးနိုင်ဘူးလေ။ အဲ့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ချောနဲ့ ခရီးလေးတစ်ခုလောက် ခေါ်သွားချင်လို့ပါ။ ကျွန်မ ရွာဘက်ကိုလဲ ဆွေပြမျိုးပြ ခေါ်သွားရင်းလေ"

ဒီတစ်ခါတွင်တော့ ချောသည်လည်း အနည်းငယ် အံ့အားသင့်သွားရသည်။ ချော ဘဝတစ်သက်တာတွင် မေမေ့ဘက်မှ ဆွေမျိုးများနှင့် တွေ့ဆုံခဲ့ဖူးသည်ဟူ၍ မရှိခဲ့စဖူး။ ဖေဖေနှင့် မေမေ အပြင် ချောအတွက် ဆွေမျိုးသားချင်း တစ်ယောက်ဟူ၍ ကြီးကြီး တစ်ယောက်တည်းသာ ရှိခဲ့သည်။

"ဘာလုပ်မှာလဲ? ရှုပ်ရှုပ်ယှက်ယှက်၊ နောက်ဆို ချောက ငါနဲ့ နေရတော့မှာပဲ။ ဘာလုပ်ဖို့ ဆွေပြမျိုးပြတွေ အပိုလုပ်နေစရာ မလိုပါဘူး"

"ဒါပေမဲ့..."

မေမေသည် ပထမဦးဆုံးအနေဖြင့် သူမ၏ သဘောထားအား ပြရန် ကြိုးပမ်းသော်လည်း ကြီးကြီး၏ အကြည့်တစ်ချက်အောက်တွင် စိတ်ထဲတင်းထားသမျှ အပြိုအပြိုအလဲလဲ ဖြစ်သွားဟန်ရလေသည်။

လေထုသည် ကမောက်ကမဆန်သွားသည့်အခါ တစ်ဖက်မိသားစုမှ အခြေအနေအား ပြန်ထိန်းရန် ပျာပျာသလဲ ကြိုးပမ်းလာသည်။

"သွားမယ်၊ မသွားဘူး ကိစ္စက နောက်မှ ဖြေးဖြေးချင်း ဆုံးဖြတ်လို့ ရပါတယ်။ အခုတော့ ကလေးကို စိတ်အေးလက်အေးနဲ့ စာမေးပွဲ အရင်ဖြေခိုင်းလိုက်ရအောင်"

ကြီးကြီးသည် အိန္ဒြေဆယ်သည့် အနေဖြင့် ဘာမှပြန်မပြော။ မေမေကတော့ ယဉ်ကျေးသည့်သဘောဖြင့် ခေါင်းလေး တစ်ချက်သာ ငြိမ့်ပြသည်။

"မေမေ့ ဆွေမျိုးတွေက ဘယ်လိုမျိုးလဲ?"

မေမေ့စေ့စပ်ကြောင်းလမ်းပွဲ ပြီးဆုံးသွားသည့်အခါ ချောသည် လုပ်နေကျအတိုင်း အခန်းထဲသို့ ပြန်မသွားသေးဘဲ ပစ္စည်းများ သိမ်းဆည်းနေသည့် မေမေ့အနားတွင် ယောင်ပေပေ ကပ်နေမိသည်။

ဆေးကြောထားသည့် ကော်ဖီခွက်များအား သုတ်သင်နေသည့် မေမေ့လက်များမှာ ရပ်တန့်သွားသည်။

"တော်တော်လေးကို ရိုးသားကြတယ်။ အကုန်လုံးက လယ်လုပ်ကိုင်းလုပ်ကြတဲ့လူတွေ ဆိုတော့လေ"

မေမေသည် ခပ်အေးအေးလေး ပြန်ဖြေသည်။

လယ်လုပ်ကိုင်းလုပ်ကြသည့် လူရိုးလူအေးကြီးများ၏ ပုံပန်းသွင်ပြင်အား ပုံဖော်ကြည့်မိသည်။ မေမေ့ထံတွင် အမှန်တကယ်ကို အေးအေးလူလူ နေတတ်သည့် မျက်နှာသွင်ပြင် ရှိသော်လည်း ထိုကဲ့သို့ ရောင့်ရဲတင်းတိမ်တတ်သည့် အကျင့်စရိုက်မျိုးတော့ မရှိပါချေ။

"မေမေက အိမ်မှာ အငယ်ဆုံး သမီးလေ။ အလိုလိုက်အခံရဆုံး ဆိုတော့ အဆိုးဆုံးပေါ့"

မေမေသည် ခပ်ယဲ့ယဲ့လေး ပြုံးသည်။ ခပ်ဆိုးဆိုး ခပ်စွာစွာ နေတတ်သည့် အငယ်ဆုံးသမီးလေး စရိုက်နှင့် မေမေ့ ယခု ပုံစံမှာလဲ လိုက်ပြီး မလိုက်ဖက်ပါချေ။

"မေမေ မြို့မှာ အလုပ်လာလုပ်ဖို့ ပြောတုန်းက ဘယ်သူမှ လက်မခံကြဘူးလေ။ သူတို့က ကိုယ့်မြေကိုယ့်ရွာမှာပဲ အေးအေးလူလူလေး အခြေချစေချင်တာ"

အတိတ် မှတ်ဉာဏ်များတွင် ပျော်ဝင်နေသည့် မေမေသည် လက်ရှိ ပစ္စုပ္ပန်ကိုတော့ မေ့လျော့နေဟန် ရှိသည်။

"သမီးရဲ့ ဖိုးဖိုးက ပြောတယ်၊ မြို့ပေါ်က လူ့အသိုင်းအဝိုင်းက သိပ်ကို ကြောက်ဖို့ကောင်းတယ်တဲ့။ ဒါပေမဲ့ မေမေ လက်မခံခဲ့ဘူး။ မေမေ့ သူငယ်ချင်းတစ်ယောက်က မြို့ပေါ်မှာ အတော်လေး ကောင်းစားနေတာကိုး"

'သူငယ်ချင်း' ဟူသော စကားလုံးအရောက်တွင် မေမေ့ မျက်နှာသွင်ပြင်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ချော အမိအရ ဆုပ်ကိုင်နိုင်လိုက်သည်။

"သူငယ်ချင်း?"

မေမေသည် အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်သည်။ ချော အကင်းပါးပုံအား မနှစ်မြို့သည်ထက် ပူပင်သည့်ပုံပေါ်လေသည်။

"အင်း သူငယ်ချင်း။ သိပ်ကို လှပြီး သိပ်ကို တော်လွန်းတဲ့ သူငယ်ချင်း။ ငယ်ငယ်တုန်းက မေမေတို့ ကိုင်းထဲ ထွေရာလေးပါးတွေ လျှောက်ပြောတဲ့အချိန်မှာ သူက အနာဂါတ် အစီအစဉ်တွေကို အတည်ပေါက်ကြီး ပြောပြတတ်တဲ့ သူငယ်ချင်းလေ။ အမြင်ကတ် စရာကောင်းသလို အားကျစရာလဲ ကောင်းတယ်"

ချောသည် ပျင်းတိပျင်းရွဲပုံစံဖြင့် စားပွဲထက်တွင် စက်ဝိုင်းပုံလေးများ ရေးဆွဲနေမိသည်။

"အခု အဲ့ဒီသူငယ်ချင်းရော?"

"အခု သူက ရန်ကုန်မှာလို့ ကြားတယ်။ သူ့မှာလဲ သမီးလေး တစ်ယောက်ရှိတယ်တဲ့။ သူတို့ မိသားစုက သိပ်ကို အဆင်ပြေတယ်လို့ ကြားတယ်"

မိသားစု ဆိုသည့် စကားကြောင့် စက်ဝိုင်းလေးများ ရေးဆွဲနေသည့် ချော လက်များမှာ ရပ်တန့်သွားသည်။

အဆင်ပြေသည့် မိသားစု၊ ပျော်စရာကောင်းသည့် မိသားစု...

"မေမေ အားကျနေစရာ မလိုပါဘူး"

မေမေသည် ယောင်နနဖြင့် ချောအား လှမ်းကြည့်သည်။

"မေမေလဲ သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုကို မကြာခင် ရတော့မှာ မဟုတ်လား?"

မေမေသည် လက်သီးများအား မသိမသာ ဆုပ်လိုက်သည်။ သူ၏ နှုတ်ခမ်းများသည် တစ်ခုခုအား ပြောလိုက်ချင်သည့်အလား အကြိမ်များစွာ လှုပ်ရွရွ ဖြစ်၍နေသည်။

"ချော မေမေနဲ့ လိုက်ခဲ့ချင်လား?"

ချောသည် မေမေ့အား မျက်လွှာလေးပင့်ကာ ပြောလိုက်သည်။ မေမေ့ ပုံစံကြည့်ရသည်မှာ စီရင်ချက်ချတော့မည့် တရားသူကြီးအား မျှော်ကြည့်နေသည့် အပြစ်သားတစ်ယောက်နှင့်ပင် တူ၍နေသေးသည်။

ချောသည် လက်ဖဝါးများအား ဆုပ်ချည် ၊ ဖြန့်ချည် လုပ်နေမိသည်။ ချော၏ အသိမှတ်ဉာဏ် ဖွံ့ဖြိုးစ အချိန်၌ပင် နားလည်ခဲ့သည်မှာ ချောမှာ မည်သူမှ အလိုမရှိပါဘဲ မွေးဖွားလာသည့် ကလေး တစ်ယောက်သာ ဖြစ်သည်။

ချောကြောင့် ဖေဖေသည် ချစ်ရသူအား ဆုံးရှုံးခဲ့ရသည်။

ချောကြောင့် မေမေသည် လွတ်လပ်ပေါ့ပါးသော ဘဝတစ်ခုအား ဆုံးရှုံးခဲ့ရသည်။

ချောသည် မည်သူမှ အလိုမရှိသော ကလေးတစ်ယောက်။ ချောသည် မိသားစုဟူသည့် ဝေါဟာရနှင့် မကိုက်ညီသည့် လူတစ်ယောက်။

ချောသည် ဂြိုလ်ဆိုး၏ တမန်တော်ပင် ဖြစ်သည်။

မေမေသည် ပျော်စရာကောင်းသော မိသားစုတစ်ခုအား အလိုရှိသည်။ ထိုသူသည်လည်း ထိုကဲ့သို့ပင်...

ပျော်စရာကောင်းသည့် မိသားစုတစ်ခု။

ဖုန့်မှုန့်တစ်စက်ပင် တင်နေခြင်းမရှိသည့် စားပွဲထက်တွင် မျက်နှာကြက်ထက်မှ မီးဆိုင်းကြီး၏ တောက်တောက်ပပ အလင်းရောင်ကြောင့် ချော၏ ပုံရိပ်အား ပြန်မြင်နိုင်လေသည်။

မေမေ့၏ ပျော်ရွှင်မှုအတွက် ညှိနှိုင်းချက်တွင် 'ချော' ဆိုသည့် အမည်နာမ မပါသလို ၊ သူ့ပျော်ရွှင်မှု၏ အာမခံချက်တွင်လဲ 'ချော' သည် မဝင်ဆံ့ရဲသည့် တည်ရှိမှုတစ်ခု။

ချောသည် မေမေ့အား မျက်လွှာကလေး တစ်ချက်ပင့်ကာ ကြည့်လိုက်သည်။ ချော၏ ဘဝနှင့် မေမေ့ ပျော်ရွှင်မှု အလဲအထပ် လုပ်ရမည်ဆိုလျှင် မေမေ ဘယ်တစ်ခုအား ရွေးချယ်လိမ့်မည်နည်း။

ချောသည် သိလဲမသိချင်သလို မေမေ့အား ထိုသို့ ဘေးကြပ်နံကြပ် အခြေအနေသို့ မကျရောက်စေလိုပါချေ။

ချောသည် မေမေ့အား မမုန်း။ ချော မမုန်းသည့်သူများအား ချောကြောင့် စိတ်ဒုက္ခမရောက်စေလိုသည်မှာ အမှန်ပင် ဖြစ်သည်။

"ကျေးဇူးပါ မေမေ"

မေမေသည် ခဏတာ အသက်အောင့်လိုက်ပြီးမှ ပင့်သက်တစ်ချက်အား ရှိုက်လာသည်။

"ကြီးကြီးက ချောကို ချစ်သားပဲ မဟုတ်လား"

မေမေ မငြင်းနိုင်။ မဟုတ် မေမေ မငြင်းချင်သည်ကို ချောသိသည်။

ချောသည် ရင်ဘတ်ထဲမှ ခံစားလိုက်ရသည့် ပျို့တက်ချင်လာသည့် မသက်မသာဖြစ်မှုအား အတင်း မျိုသိပ်လိုက်ရသည်။ ချော၏ ရင်ထဲတွင် တုန်လှုပ်နေသော်လည်း ချောသည် အတင်းဟန်လုပ်ထားမိသည်။

ချောသည် စကားဝိုင်းကို ဤမျှလောက်နှင့်ပင် ဖြတ်တောက်ချင်သဖြင့် ကမန်းကတန်း ထရပ်လိုက်ကာ အခန်းတွင်းသို့ ခပ်သော့သော့လေး ပြန်လာလိမ့်လိုက်သည်။

ချောသည် အခန်းတံခါးအား ပိတ်ပြီးလိုက်သည့်အချိန်တွင် ချောသည် တံခါးလက်ကိုင်ဘုအား ကိုင်ထားလျက်ဖြင့်ပင် ထိုင်ချလိုက်မိသည်။

နွမ်းနယ်မှုတစ်ရပ်က ချော၏ ရင်အား လှိုက်စားကာ သွားသည်။

ချောသည် ပြတင်းပေါက်မှ ဝင်ရောက်လာသည့် နေရောင်ခြည် ခပ်ဖျော့ဖျော့လေးအား ငေးကြည့်လိုက်မိသည်။ မကြာမှီ အရာအားလုံးသည် ပုံမှန်တကျ ပြန်လည် လည်ပတ်ပေတော့မည်။

ချော ဟူသည့် လူသားတစ်ယောက်သည်ကား ဘယ်လောက်များ အရေးပါလိမ့်မည်လဲ?...

.......................

"မေ ဒါ...ဒါက"

မကျဉ်းမကျယ် အိမ်ငယ်လေးထဲတွင် သူ့၏ အက်ကွဲသည့် အသံမှာ တုန်လှုပ်ခြင်း အပြည့်။

ချောသည် သူ့၏ ရေသေကဲ့သို့ အမြဲလိုလို တည်ငြိမ်လျက်ရှိသော မျက်နှာမှာ ဤကဲ့သို့ ခံစားမျိုးအား ထုတ်ပြနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

တကယ်တော့ ချော မြင်ချင်ခဲ့သည်မှာလဲ ဤကဲ့သို့ ခံစားချက်မျိုး မဟုတ်။

ချောသည် ထိုသူ၏ မျက်နှာပြင်ထက်တွင် ပထမဦးဆုံး ထင်ဟပ်လာမည့် ခံစားချက် အမူအရာလေးအား အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။

နက်ရှိုင်းလှသည့် သူ့မျက်ဝန်းများအား ချော တစ်ယောက်တည်း အတွက် ရွှန်းလဲ့စေချင်ခဲ့သည်။ သူ့ပြင်းပြလှသော အသက်ရှူသံက ချော၏ အကြားအာရုံအား လာရောက် ကလူကျီဆယ်သည့်အချိန်၌ သူ၏ အနမ်းကြောင့် ချော၏ နဖူးလေး နွေးထွေးသွားမည်ကို တောင်းတဖူးခဲ့သည်။

သို့ပေမဲ့ ချောသည် သူ့အား ဘယ်သောအခါမှ မတုန်လှုပ်စေခဲ့ပါ။

သူသည် မျက်နှာအား လက်ဖြင့် အကြိမ်များစွာ ပွတ်သပ်ပြီးနောက် ဆံပင်များအား ထိုးဖွလိုက်ပြန်သည်။ အမြဲတမ်း အကွက်စေ့စေ့ အစီအစဉ်ချတတ်သည့်လူက လမ်းပျောက်နေသည့်ဟန် ဖြစ်နေသည်အား မြင်လိုက်ရသည့်အခါ ချောမှာ အနည်းငယ် မချင့်မရဲ ဖြစ်မိသည်။

"အကို"

"ချော ခဏလောက် ကိုယ့်ကို စဉ်းစားခွင့်ပေးပါ"

ချောသည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်မိသည်။

"တကယ်တော့ ကိုယ် ချောကို ပြောစရာရှိခဲ့တာ"

ချော၏ လက်သည်းများအား လက်ဖဝါးများအား ထိုးစိုက်သွားသည်။ မျှော်လင့်ပြီးသား အခြေအနေ တစ်ခု ရောက်ရှိလာတော့မည်ကို သိသော်လည်း ဘာရယ်ကြောင့်မှန်းမသိ ချော၏ လက်များမှာ တုန်ရီနေသည်။

"ကိုယ် မာစတာကို ဂျာမနီမှာ သွားတက်ဖို့ ပညာတော်သင်ဆု ရထားတယ်။ ကိုယ့်ကို ဒီနေ့ ပါမောက္ခက ပြောပြတာ"

ချောသည် သူ့အား ဆတ်ခနဲ မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွင် အရိပ်ထင်နေသည့် ချော၏ ပုံစံအား ခဏတာ ကြည့်ပြီးခဏတာ မှင်သက်သွားပြီးမှ ခပ်ဖွဖွ ပြုံးလိုက်သည်။

တကယ်တော့ ချောသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ချင်တာ ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်သူအား လှောင်ရယ်သလို ဖြစ်မည်ကို စိုး၍ ပြုံးရုံသာ ပြုံးလိုက်မိခြင်း ဖြစ်သည်။

"ဒီလောက်ဆို ချော ဘာလုပ်ရမယ်မှန်း သိပါပြီ"

ချောသည် ခပ်လွယ်လွယ်ပင် ပြောလိုက်သည်။ သူ့မျက်ဆံများသည် ခဏတာ တုန်လှုပ်သွားသည်။ ထိုသည်က အပြစ်မကင်းသောကြောင့်လား၊ ဒါမှမဟုတ် ဝမ်းသာသွားသောကြောင့်လား။

ချော ဘာမှကို မစဉ်းစားချင်တော့။

"ကိုယ်တောင်းပန်ပါတယ် ချော။ ကိုယ် ဘာမှအဆင်သင့် မဖြစ်သေးခင်မှာ တာဝန်မယူနိုင်တဲ့ ကိစ္စမျိုးကို မလုပ်ခဲ့သင့်ဘူး။ ကိုယ်က..."

ဒီတစ်ခါတွင်တော့ ချောသည် အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။

ဓနထက်သည် ချောအတွက် ထူးခြားခဲ့ဖူးသည်။ အမှန်အတိုင်း ပြောရလျှင် ထိုသူသည် ချော၏ မျက်လုံးထဲတွင် အမတ နတ်ဘုရားတစ်ပါးလိုပါပင်။

လောကကြီးအား နားလည်သော၊ လူတို့အကြောင်းကို ကျွမ်းကျင်လိမ္မာသည့် လူတစ်ယောက်။

အခု ချော အရှေ့ရှိ လူကတော့ တကယ် ပီဘိ လူငယ် တစ်ယောက်လိုပါပဲ။

စွန့်စားလိုစိတ်များသည်၊ သို့ပေမဲ့လဲ အကျိုးဆက်ကိုတော့ ခေါင်းမခံနိုင်သေး။

ထိုသူသည် အမှားအား တာဝန်မယူနိုင်သေးဘဲ အမှားဆီမှ သင်ခန်းစာလိုခြင်း ဖြစ်သည်။

သင်ထောက်ကူ ပစ္စည်းလေး ချောကတော့ သဘောထားကြီးစွာ နားလည်ပေးရမည် ဖြစ်သည်။

"မေ... မွေးဖွားလာတဲ့ ကလေးတိုင်းက ကောင်းချီး မဟုတ်ဘူး ဆိုတာ မင်းရော ကိုယ်ရော အသိဆုံး မဟုတ်လား?"

ချော၏ ရယ်သံကြောင့် ကသိကအောက်နိုင်သွားသည့် သူသည် အကျိုးသင့်အကြောင်းသင့် ရှင်းပြလာသည်။

ဟုတ်ပေသည်၊ မွေးဖွားလာသည့် ကလေးတိုင်းက ကောင်းချီး တစ်ခုမဟုတ်ခဲ့။ ဥပမာ ချောလိုမျိုး၊ နောက် သူ့လိုမျိုး၊ ထို့အပြင် အသက်ဆုံးရှုံးသွားခဲ့ရသည့် သူ့ညီမလေးလိုမျိုး...

"အကို့ရဲ့ အနာဂါတ် အစီအစဉ်တွေထဲမှာ ချောကို ဘယ်နေရာမှာ ထားပြီး စဉ်းစားခဲ့ဖူးလဲ?"

ချောသည် ဖြေးဖြေးမှန်မှန် မေးခွန်းထုတ်လိုက်သည်။

သူသည် မလိုလားစွာဖြင့် အကြည့်လွှဲသွားသည်။

အိမ်တွင်းရှိ လေထုမှာ တဖန် ပြန်လည်တိတ်ဆိတ်သွားရသည်။ ခေါက်ဆွဲပြုတ်ရနံ့သင်းသင်းလဲ မရှိသလို တစ်ဦးပေါ် တစ်ဦး ကျီဆယ်သံများလဲ မရှိ။

"ဒါမှမဟုတ် အကို့ရဲ့ အနာဂါတ် အစီအစဉ်တွေထဲမှာ ချောကို ထည့်တွေးဖူးရဲ့လားလို့ မေးသင့်လား?"

သူသည် ချောအား ရုတ်တရက် သူ့ရင်ခွင်ထဲသို့ ထွေးပွေ့လိုက်သည်။

"ကိုယ် တောင်းပန်ပါတယ် မေ"

အတုအယောင်လောကတစ်ခုသည် ပြိုပျက်သွားရသည်။ လှပသည့် အိမ်မက်လေးတစ်ခု ပြီးဆုံးသွားသည့်အခါ နှမြောတသဖြစ်ခြင်းသာ ကျန်ရစ်ခဲ့သည်။

"အပြင်မှာ သရက်ပွင့်တွေ ပွင့်နေတယ်။ ဒါပေမဲ့ ချော သရက်သီးလေးတွေတော့ မတွေ့နိုင်တော့ဘူး ထင်တယ်"

ချောသည် နှမြောတသဖြစ်ဟန်ဖြင့် ပြောလိုက်သည့်အခါ ချောအား သိုင်းဖက်ထားသည့် သူ၏ လက်များသည် ပို၍ပင် တင်းကြပ်လာသည်။

"ချောတို့ ဘယ်လို လုပ်ကြမှာလဲ?"

ချော၏ အသံသည် အသက်မပါလှ။ မဟုတ် ဤသည်မှာ ချော၏ နဂိုပုံစံဖြစ်သည်။

"ကိုယ်တို့ ဒေါက်တာ အောင်ပန်းဆီပဲ သွားကြရအောင်"

ချော၏ ကိုယ်လုံးလေးသည် အနည်းငယ် တုန်ရီသွားသည်။ ‌ဒီမြို့ထဲတွင် နေထိုင်သည့် လူများမှာ ဒေါက်တာ အောင်ပန်း အကြောင်း အနည်းနဲ့ အများဆိုသလို သိကြသည်ချည်း ဖြစ်သည်။

သူ၏ ဆေးခန်းမှာ အထူးသဖြင့် လူငယ်လေးများ အဝင်အထွက်များလှသည်။

ဆရာဝန်ဟု ဆိုသော်လည်း သူ့မျက်နှာတွင် ဆရာဝန်အများစုတွင် တွေ့ရတတ်သည့် ကြင်ကြင်နာနာ မျက်ဝန်းများ မရှိ။ သို့ပေမဲ့ သူသည် အတော်တော့ အသုံးဝင်သည်။

အထူးသဖြင့် သူသည် လူငယ်များ၏ စွန့်စားမှု လွန်ကဲမှု များသောကြောင့် ဖြစ်လာရသည့် အမှားအား ပြုပြင်ပေးရာတွင် ထူးချွန်သည်။

သူ့အဆိုအရဆိုလျှင် လူ့လောကတွင် မရှိသင့်သည့် အရာလေးတစ်ခုအား ဖျောက်ဖျက်ပေးခြင်း။

သို့ပေမဲ့ သူသည်လည်း လူသားတစ်ယောက် ဖြစ်ပေရာ အမှားတော့မကင်း။

ခပ်တိုးတိုး ကြိတ်ကြိတ် လုပ်ရသည့် ကိစ္စရပ်များ ဖြစ်သောကြောင့် ထိုအမှားအား ဖျောက်ဖျက်ရန်အတွက် ပေးရသည့် အဖိုးအခမှာ ငွေကြေးမှသည် တခါတရံ အသက်ဇီဝိန်ဖြစ်သွားနိုင်သည်။

ချောသည် တုန်လှုပ်သွားရခြင်းမှာ တခြားအရာများထက် ထိုသူ၏ မျက်လုံးများအကြောင်း တွေးမိ၍ ဖြစ်သည်။ ထိုသူ၏ မျက်လုံးထဲတွင် ချောသည်လည်း လောကကြီးထဲတွင် မရှိသင့်သည့် အမှားတစ်ခုသာ ဖြစ်လေသည်။

"မကြောက်ပါနဲ့။ ချောက အခုထိ လနုသေးတော့ ဘာမှ မဖြစ်ပါဘူး။ ဒီထက် အချိန်ပိုဆွဲရင်တော့ ချောအတွက် အန္တရာယ် ရှိလာနိုင်တယ်"

သူသည် ချော၏ ဆံနွယ်များအား ပွတ်သပ်ပေးကာ ခပ်တိုးတိုး ဆိုလာသည်။

"ချောက စာမေးပွဲ ဖြေရဦးမှာဆိုတော့ စာမေးပွဲ ပြီးပြီ တစ်ပတ်လောက်မှပဲ ကိုယ်တို့ သွားကြရအောင်။ ကိုယ် အောင်တစ်ခေတ်ဆီမှာ ပိုက်ဆံ ငါးသောင်းလောက် ချေးလိုက်မယ်။ ချော ဘာမှကြောက်စရာမလိုဘူး ဟုတ်ပြီလား?"

ချောသည် သူ့ရင်ခွင်အား မျက်နှာအပ်ထားရာမှ ခွာလိုက်သည်။

"အကိုက ပိုက်ဆံ ချေးမလို့လား?"

ချော မေးခွန်းကြောင့် သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ကျသွားပြီး ကသိကအောက်ဖြစ်ဟန်ဖြင့် ပြန်ဖြေသည်။

"လလယ်ကြီးဆိုတော့ ကိုယ့်မှာ ပိုက်ဆံ အဲ့လောက် မရှိဘူးလေ"

ချောသည် ရုတ်တရက်ကြီး ထရယ်လိုက်ပြန်သည်။ သူကတော့ ချောအား ရတက်မအေးဟန်ဖြင့် ကြည့်လာပြန်သည်။

"ချော?"

သူ၏ ပူပန်မှုအား ချောသိပါသည်။ သူသည် ချော သွက်သွက်ခါအောင် ရူးသွားမည်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။ သို့ပေမဲ့ ချော၏ စိတ်ကတော့ ယခင်ထက်ပင် ပို၍ ကြည်လင်နေသေးသည်။

အနည်းငယ်လေးပင် ယစ်ဝေနေမှု မရှိ။

"ဘယ်လိုလုပ်မလဲ? အကို့အတွက် ချောက ဘယ်လိုမှ မေ့မနိုင်မယ့် စိတ်ဒဏ်ရာကြီး ဖြစ်ကျန်ခဲ့မယ်နဲ့ တူတယ်"

ချောသည် ထိုသူ၏ မေးရိုးတင်းတင်းလေးများအား လက်ချောင်းလေးများဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။ သူသည် ရုတ်တရက်ကြီး ချော၏ နှုတ်ခမ်းပါးများအား ငုံထွေးစုပ်ယူလာသည်။

ချောသည် သူ့ရင်ဘတ်အား အနည်းငယ် အားသုံးကာ တွန်းထုတ်လာသည်။

"အစ်ကို့အတွက် နောက်ထပ် 'ချော' တွေ မရှိလာစေဖို့ ဆုတောင်းပေးပါတယ်"

သူ့အကြည့်စူးရှရှသည် ချောထံသို့ ကျရောက်လာသည်။

"ကိုယ့်ကို စကားနာမထိုးပါနဲ့လား ချောရယ်၊ ကိုယ် တောင်းပန်တယ် ဆိုတာကလွဲ ဘာပြောရမယ်မှန်း မသိလို့ပါ"

'တောင်းပန်တယ်' ဆိုသည့် စကားသည် ကန်လန့်ကာ တစ်ခုဖြစ်သည်။ ကန့်လန့်ကာချလိုက်သည်နှင့် ပုံပြင်တစ်ပုဒ်သည် ပြီးဆုံးသွားပေလိမ့်မည်။

.........................................................................

Continue Reading

You'll Also Like

78.9K 249 25
here are some of my horny thoughts as a trans man with a pussy. snap if you wanna sext ;)
330K 19.1K 41
You live in a different time zone Think I know what this is It's just the time's wrong
210K 4.7K 70
imagines as taylor swift as your mom and travis kelce as your dad
35.6K 2.3K 57
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...