(၆)
Rikuက Hana နဲ့တွဲနေတယ်။ဒါပေမယ့် အထက်တန်းမို့လို့ သူတိူ့နှစ်ယောက် အတူတူတွေ့ချိန်လဲ မရှိပါဘဲ ဘယ်လိုတွဲနေကြတာလဲ။အိမ်လဲမနီးသလို ကျောင်းသွားကျောင်းပြန်တောင် အတူတူမရှိကြတာ ဘယ်လိုတွေ့ကြမှာလဲ။
"ဟို Daeyoung"
"ဟုတ်"
ကျောင်းကမှန်တံခါးတွေကို ပြောင်အောင်တိုက်နေရင်း Hanaမိန်းကလေးက Daeyoung ဆီလာပြီး စကားပြောတယ်။မျက်နှာက ရှက်၍လား ပုံမှန်အတိုင်းပဲလား ရဲတက်လို့။
"Rikuကို ဒီတစ်ပတ်စနေနေ့ ပန်းခြံမှာတွေ့ဖို့ ပြောပေးလို့ရမလား"
Rikuက အဖျားကျသွားပေမယ့် အနားယူဖို့လိုနေသေးလို့ ကျောင်းမလာသေးဘူး။Rikuမိဘတွေကလဲ အိုဆာကာကနေပြန်မလာကြသေးဘူး။အိမ်မှာ Rikuတစ်ယောက်တည်း။
နားမလည်တဲ့မျက်ဝန်းတွေနဲ့ မပြောပေးချင်တဲ့ မျက်နှာထားကို Hana က သတိထားမိသွားပုံ။Daeyoungက မိန်းကလေးကျမ်းကျေနေတဲ့သူမဟုတ်ဘူး။အစကတော့ ဒီမိန်းကလေးက Daeyoung ကို သဘောကျတယ်ပြောပြီး အခုတော့ Rikuနဲ့တွဲနေသည်တဲ့။Rikuကိုမနာလိုလို့ ၊ဒီမိန်းကလေးကိုမကျေနပ်လို့တွေးတဲ့အတွေး လုံးဝမဟုတ်ရဘူး။ဒီအတိုင်း သိချင်ရုံတင်။
"ဟို အဆင်မပြေရင်လဲ ရပါတယ်"
"ရပါတယ် ကျွန်တော်ပြောလိုက်မယ်"
ညနေကျောင်းဆင်းတော့ Riku အိမ်သွားပြီး အကြောင်းအရင်းပြောတော့ ဆရာသမားက မသွားချင်ဘူးတဲ့လေ။
"ဟ မင်းချစ်သူမို့လား သွားဖို့ပြောနေတာတောင် မင်းကသွားရမှာပေါ့"
"ဟာ မင်းမပါရင် မသွားဘူး"
ကလေးလို နှုတ်ခမ်းဆူပြီး ဆောင့်အောင့်ပြောနေပုံက ချစ်သူရည်းစားထားတာ သူမဟုတ်တဲ့အတိုင်း။
"ငါမေးတာ ဖြေရင် ငါလိုက်မယ်"
"အင်း"
Rikuအတွက် ဆန်ပြုတ်ကိုအေးအောင်မှုတ်ပေးရင်း မေးခွန်းမေးလိုက်တယ်။
"မင်းပြောတော့ Hanaက ငါ့ကိုသဘောကျနေတာဆို"
"ဟုတ်တယ်လေ "
"ဒါဆို ဘာလို့ အဲ့ကောင်မလေးက မင်းမှမင်းဖြစ်နေတာလဲ မင်းဘာတွေနဲ့မြူစွယ်ထားတာလဲ"
မေးလဲမေးရင်း ဆန်ပြုတ်တစ်ဇွန်းခပ်ပြီး Rikuကိုခွံ့ကျွေးလိုက်တယ်။
"မင်းကိုကြည့်ရတာ သူ့ကိုစိတ်မဝင်စားတဲ့ပုံမို့လို့တဲ့"
Daeyoung က ခေါင်းညိမ့်လိုက်တယ်။အတန်းထဲမှာ Daeyoung ခေါင်းစခြေဆုံးကြည့်ဖူးတဲ့သူက Rikuတစ်ယောက်ပဲရှိတယ်။အလယ်တန်း၊အထက်တန်းနှစ်နှစ်လုံး အတန်းထဲမှာ မိန်းကလေးဘယ်နှယောက်ရှိလဲဆိုတာတောင် မသိခဲ့ဘူး။
"မင်းကရော Hanaကို ချစ်လို့လား"
Riku မဖြေ။ဘေးနားမှာထိုင်နေတဲ့ Daeyoung ကို မကြည့်နေ။
"စနေနေ့ ငါလိုက်ခဲ့မယ် မဟုတ်တာလုပ်ရင် ငါပြန်မယ်"
Rikuပြုံးလိုက်မိသည်။Kim Daeyoung က သူ့ကို ဘယ်တော့မှ ပစ်မထားဘူး။
စနေနေ့။Daeyoungတို့ လမ်းနဲ့မလှမ်းမကမ်းရက်ကွက်မှာ ပန်းခြံရှိတယ်။Hanaက အလှဆုံးပြင်လာတယ်။ကျောင်းမှာ အမြဲစည်းထားတဲ့ဆံပင်ရှည်ကို ကျောလယ်မှာ ဝဲနေအောင်ချထားတယ်။ပန်းနုရောင်ဂါဝန်က အသားအရောင်နဲ့လိုက်ဖက်အောင် ဝင်းပနေတယ်။ပိုက်ဆံအိတ်ကိုလွယ်ထားပုံက တကယ့်အပျိုဖြန်းလေးပင်။
Rikuက စိတ်လွတ်လက်လွတ် Hanaဆီ ဖြည်းဖြည်းချင်းလျှောက်သွားတယ်။သစ်ပင်ကြီးအောက်က သစ်သားခုံမှာ နှစ်ယောက်က အတူထိုင်ကြတယ်။Daeyoungကတော့ မလှမ်းမကမ်းကနေပဲ ရပ်ကြည့်နေတယ်။ဘာတွေပြောနေကြမှန်း မကြားရပေမယ့် Rikuက ရယ်နေတယ်။Daeyoungမျက်ခုံးတွေဟာ တွန့်ချိုးသွားတယ်။မျက်မှန်နဲ့ဖုံးကွယ်မရတဲ့အလိုမကျမှုတွေ မျက်ဝန်းမှာ အထင်းသား။စကားပြောရင်း Daeyoung ဘက်ကိုလဲ တစ်ချက်တစ်ချက်လှည့်ကြည့်ရင်း ပြုံးပြသေးတယ်။
ပြုံးမပြနဲ့ တစ်ပါးသူကြောင့်ဖြစ်ပေါ်လာတဲ့အပြုံးနဲ့ ငါ့ကိုမပြုံးပြနဲ့ Riku။
တဖြည်းဖြည်း နီးစပ်လာတဲ့Rikuနဲ့Hanaရဲ့လက်တွေဟာ Daeyoung ဂဏာမငြိမ်ဖြစ်ေနရတဲ့အကြောင်းအရင်းတွေပါပဲ။Daeyoungလက်ကို ကိုင်ခဲ့တဲ့Rikuလက်တွေဟာ တစ်ခြားကောင်မလေးရဲ့လက်ကို ကိုင်တော့မယ်။ဒေါသထွက်လေသလား ဒေါသထွက်စရာလား။
ရှက်သွေးဖြာနေတဲ့ Hana မေးဖျားကို Rikuကလက်ဖျားနဲ့ကိုင်လိုက်တဲ့အချိန် Daeyoung ဟာ နှစ်ခါမစဉ်းစားဘဲ လှည့်ပြန်ခဲ့တယ်။ပန်းခြံအထွက်မှာ အနောက်ကနေ အော်ခေါ်သံကြားပေမယ့် Daeyoung လှည့်မကြည့်ဘူး။ကားလမ်းမပေါ်ထိ ခြေလျှင်လျှောက်ပြန်ခဲ့တယ်။အနောက်ကလိုက်လာလား လိုက်မလာဘူးလားဆိုတာ Daeyoung မသိဘူး။ဒါဟာ ဒေါသထွက်စရာလား။
လမ်းအကွေ့မှာ ကားဟွန်းသံအကျယ်ကြီးနဲ့အတူ စက်ဘီးနဲ့ကောင်လေးက မြေပြင်ပေါ်လဲကျသွားတယ်။Kim Daeyoung တစ်ယောက် လှည့်မကြည့်ပါဘူးဆိုတဲ့အနောက်ကို အသားကုန်ပြေးသွားလိုက်တယ်။လူတွေဝိုင်းအုံနေတယ်။လူအုပ်ကြားထဲအတင်းတိုးဝှေ့ကြည့်တော့ စက်ဘီးအောက်မှာပိနေတဲ့ခြေထောက်ေတွ။Daeyoung ကိုမြင်တော့ အားယူပြုံးပြနေတဲ့ အပြုံးတွေ။
"ကောင်မလေးကျထားတတ်တယ် စက်ဘီးလေးတစ်စီးကိုတောင် ဖြောင့်အောင်မနင်းတတ်ဘူးလား အရူးကောင်"
ဆိုဆဲပြီး Daeyoung က အော်တယ်။လူအုပ်က ဘယ်သူမှမထိခိုက်လို့ လူစုခွဲသွားတယ်။ကားဆရာကလဲ အဆင်ပြေလားမေးပြီး ကားပြန်ထွက်သွားတယ်။
"မင်းက တကယ်အရူးကောင်ပဲ ကားတိုက်သွားရင်ဘယ်လိုလုပ်မှာလဲ "
Rikuလက်မောင်းကို ထုပြီး ပြောလိုက်တယ်။
"မင်းက ပြန်သွားတာကိုး"
"အဲ့ဒါကြောင့်ပေါ့ ငါ့ကြောင့် မင်းကားတိုက်သွားရင် ဘယ်လိုလုပ်မှာလဲ အရူးကောင်ရဲ့"
လမ်းမထက် ဆူဆူညံညံအသံတွေက အရူးကောင်သူငယ်ချင်းကို တစ်ဖက်ကောင်လေးက ဆူဆဲပြီးရိုက်ပုတ်နေတဲ့ အသံတွေပါပဲ။
-SILENCE-
ပုံမှန်လို ကျောင်းအပြန်လမ်းမှာပဲ။ဒါပေမယ့် ဒီနေ့တော့ Daeyoung က စက်ဘီးနင်းတဲ့သူ Rikuက အနောက်က ထိုင်လိုက်တဲ့သူ။ခြေထောက်ပတ်တီးနဲ့ လူကို Daeyoung က စက်ဘီးနင်းခွင့်မပေးနိုင်ဘူး။
ပက်တီးက ဘယ်ကပေါ်လာတာလဲဆို ကားတိုက်မလိုဖြစ်ရာက အရှိန်နဲ့လဲကျပြီး စက်ဘီးနဲ့ပိနေတဲ့ ဘယ်ဘက်ခြေထောက်က အရိုးနဲနဲအက်သွားလို့ပါပဲ။ပတ်တီးနဲ့တောင် ဒီကောင်က အချစ်ကြောင့်ရတဲ့ဒဏ်ရာဆိုပြီး အခွက်ပြောင်တုန်း။
"မနက်ဖြန် ငါ့ညီမလေး 3နှစ်ပြည့်ပြီ ငါတို့အိမ်လာခဲ့မလား မွေးနေ့မုန့်ကျွေးမှာ"
"မင်းညီမလေးက အခုမှ 3နှစ်ပြည့်မှာလား ငါက 3နှစ်ပြည့်ပြီးပြီထင်တာ"
Rikuက Daeyoung ရဲ့ခါးနားက အင်္ကျီစကို ကိုင်ပြီး အနောက်ခုံကနေ အငြိမ်မနေနိုင်။ကြွေကျနေတဲ့ ဆာကူရာတွေကို လက်နဲ့လိုက်ဖမ်းနေတယ်။
"အဲ့ကလေးမလေးက စကားအရမ်းတတ်တာ လူကဖြင့်လူမဖြစ်သေးဘူး စကားလုံးတွေကို စံုနေအောင်ပြောတတ်နေပြီ"
"ချစ်စရာလေးပါ ငါလဲ အဲ့လိုညီမလေးတစ်ယောက်လောက်လိုချင်တယ်"
"ငါ့လို ညီလေးရော မလိုချင်ဘူးလား"
မေးရဲတဲ့ သတ္တိကို Daeyoung က ဩချမိတယ်။
"မင်းလို ညီလေးကို Tojimbo မှာ ပစ်ချပစ်မှာ"
"ဘာ"
Rikuရဲ့ မကျေနပ်ချက်ကို Daeyoung က သဘောတကျရယ်လိုက်တယ်။
"ငါ့ညီမနဲ့ငါနဲ့ ရေထဲပြုတ်ကျရင် မင်းဘယ်သူ့ကို ကယ်မှာလဲ"
"သေချာပေါက်မင်းညီမလေးပေါ့ မင်းက ကိုယ့်ဘာသာရေကူးလာ"
"ငါမှရေမကူးတတ်တာ"
"Hanaကို ကယ်ခိုင်းလိုက်"
Daeyoung ရဲ့ကျောပြင်မှာ Rikuရဲ့ လက်သံပြောင်ပြောင်က ကျရောက်သွားတယ်။
ကျောင်းပြန်တဲ့လမ်းတစ်လျှောက်မှာ ကောင်လေးနှစ်ယောက်ရဲ့ မဖြစ်နိုင်တဲ့စကားေတွကို ငြင်းခုန်နေသံတွေ ညံပွက်နေခဲ့တာပေါ့။
ဗုဒ္ဓဟူးနေ့။Rikuညီမလေးရဲ့ ၃နှစ်ပြည့်မွေးနေ့ကို Daeyoung ရောက်လာခဲ့တယ်။မွေးနေ့ရှင်လေးက အခုမြို့ပေါ်တွေမှာ ခေတ်စားနေသလို ဂါဝန်အဖြူရောင်လေးနဲ့ သရဖူသေးသေးလေးကို ဆောင်းထားတယ်။အငြိမ်မနေတဲ့ ကလေးလေးကို Rikuက လိုက်ထိန်းရင်းအလုပ်ရှုပ်နေတယ်။
"Daeyoung လာလေ ငါတို့ ဟိုဘက်မှာ သွားထိုင်ရအောင်"
ကြောင်တောင်တောင် ရပ်နေတဲ့Daeyoungကို Rikuကပဲ လက်ဆွဲပြီး ခေါ်သွားတယ်။Rikuတို့အိမ်နဲ့ Daeyoung တို့အိမ်က ဆင်တယ်။အင်းးး ဒီမြို့ထဲက အိမ်တွေတိုင်း ဆင်ကြတယ်။ခြံဝန်းနဲ့အိမ်ကိုအပြည့်မဆောက်ပဲအရှေ့မျက်နှာသာကိုအလွတ်ထားတယ်။ကွပ်ပျစ်လေးရှိတယ် စဉ့်အိုးတွေရှိတယ် ပန်းပင်တွေရှိတယ်။Daeyoungတို့အိမ်ဘေးမှာ Rikuတို့အိမ်ရှိနေတာလေးကပဲ ထူးဆန်းနေတယ်။
ကွပ်ပျစ်ပေါ်မှာ စားပွဲတစ်ခုချထားပြီး မိန်းမကြီးတွေ စုထိုင်နေတယ်။အိမ်ထဲမှာတော့ ရက်ကွပ်ထဲက လူကြီးတွေ စုပြီး တဟားဟား ရယ်မောနေကြတယ်။
Rikuက Daeyoung ကို အိမ်ထဲက လွတ်နေတဲ့နေရာလေးကို ခေါ်သွားတယ်။
"အယ် ဟိုမှာ ညည်းသားခေါ်လာတာ ဟိုဘက်အိမ်က မယားငယ်ရဲ့သားမို့လား"
"အရာရှိရဲ့သားပါတော်"
"ဟုတ်ရဲ့လား အရာရှိမိန်းမသာပြောတာ အရာရှိကြီးအိမ်ကိုလာတာလဲ မတွေ့ပါဘူး ညည်းတို့က အိမ်ချင်းနီးနေတာ အရာရှိပြန်လာတာတို့ ရန်ဖြစ်သံတို့ကြားရလား"
"အသံတွေတော့ သိပ်မကြားမိဘူး"
"ညည်းကလဲအေ တိတ်ဆိတ်နေတာ အိမ်ထောင်ဦးစီးမရှိလို့ပေါ့အေ မယားငယ်က ဒီယောင်္ကျားကို မရရအောင်ယူထားတာလေ မချစ်လို့ ပြန်မလာတာနေမှာပါ့"
အဒေါ်ကြီး သုံးယောက်လောက်က Rikuအမေနဲ့စကားကို တိုးတိတိုးတိပြောနေကြတယ်။
"Rikuရေ ဒီမှာ မုန့်တွေကုန်ပြီ လာထည့်ပေးပါအုံး"
Rikuက Daeyoung နားက ထလာပြီး စကားများတဲ့အဒေါ်ကြီးတွေဝိုင်းကို မုန့်သွားထပ်ထည့်ပေးတယ်။
"အေ ညည်းသားကို အဲ့လိုကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ခိုင်းစမ်းပါနဲ့အေ တော်ကြာ ညည်းကိုပါ လူတွေပြောလာကြမယ်"
Rikuက မုန့်တွေထည့်ပေးပြီး သူ့အမေမျက်နှာကို ကြည့်လိုက်တယ်။အမေဖြစ်သူက သွားတော့ဆိုတဲ့ ပုံစံပြတာမို့ Rikuလဲ အဲ့နေရာကနေ ထွက်လာခဲ့တယ်။
"ကျမ သားကို ဆုံးမထားလိုက်ပါ့မယ်"
"ဆုံးမဆို ပါးစပ်နဲ့တင်ရတာမဟုတ်ဘူး ဒီအရွယ်က အသားနာမှ နာတတ်တာ"
မျက်နှာကို မဲ့ရွဲ့ပြီးပြောနေတဲ့ မိန်းမကြီးကို Daeyoung က အိမ်ထဲကနေ လှမ်းကြည့်လိုက်တယ်။ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးRikuအမေထက်တော့ ဝဖြိုးတယ်။မျက်နှာချေအပြည့်နှုတ်ခမ်းနီအပြည့်နဲ့ ကိုရီးယားက ထုတ်တဲ့ ဘလောက်စ်အင်္ကျီကို ဝတ်ထားတယ်။Daeyoungကြည့်နေတာ မြင်တော့ Daeyoung ကို မတူသလိုမတန်သလိုပြန်ကြည့်ပြီး လှည့်သွားတယ်။
Daeyoung အမေက မယားငယ်မဟုတ်ပဲ နောက်အိမ်ထောင်ဆိုတာကို တလောကလုံးက လူတွေသိအောင်ပြောမနေချင်ဘူး။အရာရှိကြီးပြန်လာရင် Daeyoung အမေ ဘယ်လောက်ပြုံးပျော်နေလိုက်လဲဆိုတာကို Daeyoung တစ်ယောက်ပဲသိရင် တော်ပြီ။အင်းးးး Rikuလဲသိရင် ကောင်းမယ်။Rikuက အဲ့မိန်းမကြီးတွေလို Daeyoung ကို မယားငယ်ရဲ့သားလို့မထင်ရင် ကောင်းမယ်။
"Daeyoung ငါတို့ မုန့်ဆိုင်က မုန့်ပဲသွားစားကြမလား"
"အင်း"
မုန့်ဆိုင်ဆိုပေမယ့် တကယ်တမ်းရောက်သွားတာက Tojimbo ချောက်ကမ်းပါးကို။မဝေးလှတာမို့ လမ်းလျှောက်ရင်းပဲ ရောက်လာခဲ့တယ်။Daeyoungကလဲ အတွေးတွေလွင့်နေသလို Rikuကလဲ စကားမများပဲ ငြိမ်ငြိမ်လေး လမ်းလျှောက်လာကြတယ်။
ကျောက်ဆောင်တွေကို လှိုင်းပုတ်တဲ့အသံတွေက နည်းနည်းတော့ကြောက်ဖို့ကောင်းပေမယ့် တိတ်ဆိတ်နေတဲ့ Rikuလောက် ကြောက်ဖို့ကောင်းပါ့မလား။
"မင်းကိုရီးယားကို ပြန်မှာလား"
ဒီမေးခွန်းက Rikuမေးနေကြမေးခွန်းပါ။ပြီးရင်တော့ မပြန်ပါနဲ့ဆိုပြီး အမျိုးမျိုး တောင်းဆိုလိမ့်မယ်။တောင်းဆိုလို့မရရင် ခြိမ်းခြောက်လိမ့်မယ်။
အလယ်တန်းတုန်းကလဲ Daeyoung ကိုရီးယားကို ပြန်လို့မရအောင် နှစ်ဝက်စာမေးပွဲကို ကျအောင်ဖြေတယ်။Daeyoungကို မစောင့်ဘဲ စက်ဘီးနင်းသွားတတ်လို့ စက်ဘီးခနခနလဲပြီး ဒူးပြဲရာတွေ ဗလပွ။အဲ့လိုနဲ့ Daeyoung ကိုရီးယားကို မပြန်ဖြစ်ခဲ့ဘူး။
"ဒီနှစ်တော့ ငါပြန်မှရမယ် ဖွားက ငါ့ကိုလွမ်းလှပြီတဲ့"
Rikuဟာ ထူးထူးဆန်းဆန်းပဲ အသာတကြည် ခေါင်းညိမ့်လာတယ်။
"ဟိုမှာအေးဆေးနားခဲ့ပြီး ငါတို့ တက္ကသိုလ် အတူတက်ရအောင်"
နူးနူးညံ့ညံ့အပြုံးနဲ့ပြောလာတဲ့ Riku စကားက Daeyoung နားထဲ သေရာပါအောင်စွဲသွားတယ်။
"Riku ငါ....."
Daeyoung က Rikuကို ရှင်းပြချင်တယ်။Daeyoungအမေဟာ မယားငယ်မဟုတ်ကြောင်းရှင်းပြချင်တယ်။
"အဲ့အဒေါ်ကြီးတွေက ဆိုးတယ်မို့လား"
Daeyoung ခြေလှမ်းတွေဟာ ဖြည်းညှင်းသွားတယ်။အရှေ့က သွားနှင်းတဲ့ Rikuနောက်ကျောကို ငေးကြည့်နေမိတယ်။
"သူတို့သားတွေက ပိုဆိုးတယ် ငယ်ငယ်တုန်းက ငါ့ကို အမြဲတမ်းအနိုင်ကျင့်ကြတယ်။အခုတော့ သူတို့က တိုကျိုမှာ ကျောင်းသွားတက်နေကြတယ်"
Rikuက နောက်မှာကျန်နေခဲ့တဲ့ Daeyoung ကို ပြုံးပြပြီး Daeyoung လက်ကိုဆွဲပြီး ပင်လယ်နားက ကျောက်ဆောင်ပေါ်မှာ ထိုင်ကြတယ်။
"ဘာလိုလိုနဲ့ငါတို့တောင် တက္ကသိုလ်ကျောင်းသားကြီးတွေ ဖြစ်တော့မယ်
ဟေ့ကောင် Daeyoung မင်း တက္ကသိုလ်ရောက်လို့ ရည်းစားထားရင် ငါ့ကိုအရင်ပြော"
Daeyoung လက်မောင်းကို မနာအောင်ဖွဖွလေးထုပြီးပြောတယ်။
"ဘာလို့ပြောရမှာလဲ "
Daeyoung ရဲ့ အကန်စကားကြောင့် Rikuက မျက်စောင်းထိုးတယ်။
"မင်းကရည်းစားရသွားရင် ငါကတစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့
မင်းရည်းစားရလဲ ငါက မင်းကို ကပ်နေလို့ရလို့လား ဟင်"
Daeyoung နဲ့ဘေးချင်းကပ်ထိုင်နေတဲ့ Rikuက Daeyoung ပုခုံးပေါ် မေးဖျားတင်ပြီး စကားဆိုတယ်။Maeda Rikuက ဘယ်လိုအနိုင်ယူရမလဲဆိုတာကောင်းကောင်းသိတယ်။ဘာ်လိုချွဲရမလဲဆိုတာကောင်းကောင်းသိတယ်။အဲ့တာကိုပဲ Daeyoung က ခံနိုင်ရည်မရှိဘူး။
Daeyoung ဆီက အဖြေစကားမလာတော့ Riku က နှာခေါင်းလေးရှုံ့ပြီး ပင်လယ်ကို ကြည့်နေတယ်။Daeyoungကတော့ ပင်လယ်ကိုကြည့်နေတဲ့ Rikuရဲ့ မျက်လုံးဝိုင်းလေးတွေကို ကြည့်နေမိတယ်။