(၄)
"မြို့ထဲက ဂိမ်းဆိုင်က ကျောင်းသားတွေကိုဝင်ခွင့်မပြုတော့ဘူးတဲ့ မင်းသိလား။ မမိုက်လိုက်တာ ငါကတော့ မနက်ဖြန်ကျ သွားဆော့မှာပဲ မင်းရော လိုက်မလား"
စနေနေ့။ပုံမှန်အေးဆေးနားတတ်တဲ့ Daeyoung ဟာ အခုတော့ နားဒုက္ခခံနေရပြီ။ခြံစည်းရိုးပေါ်ကနေ ကျော်ကြည့်ပြီး ခြံထဲက အုတ်ခုံပေါ်ထိုင်နေတဲ့ Daeyoung ကို လှမ်းအော်ပြောနေတဲ့ Rikuပါတဲ့။အထက်တန်းရောက်နေတဲ့ Maedaဟာ စာလုပ်ဖို့ထက် ဂိမ်းကစားဖို့ကို အားသာနေပုံက Daeyoung တစ်ယောက် အံ့ဩမှင်သက်လျှက်။အလယ်တန်းကနေ ခင်လာခဲ့တဲ့ ၂နှစ်တာကာလပတ်လုံး Daeyoung က Rikuကို နိုင်တယ်ဆိုတာ တစ်ရက်လေးမှမရှိခဲ့ဘူး။
"ငါမလိုက်ဘူး"
တိုတိုတုတ်တုတ် အဖြေပေးပြီး ဘေးနားချထားတဲ့ ဂျပန်ဝေါဟာရ စာအုပ်ကို ကောက်ဖတ်လိုက်တယ်။Rikuဆီက "ဟွန့်" ဆိုတဲ့အသံပြီးတော့ ဘာမှထပ်မကြားရတော့ဘူး။
"သား"
"ဗျာ အမေ"
"ဟိုဘက်အိမ်ကကောင်လေးနဲ့လျှောက်လည်ဖို့လား"
အိမ်ထဲက ထွက်လာတဲ့ Daeyoung အမေက ကြော့ရှင်းတဲ့ ဟန်ပန်နဲ့ Daeyoung ဘေးနား အသာဝင်ထိုင်တယ်။
"မလည်ပါဘူး"
တိုတိုတုတ်တုတ် Daeyoung ရဲ့ အငြင်းစကားကြောင့် Daeyoung ရဲ့အမေဖြစ်သူက Daeyoung ရဲ့ဆံပင်လေးတွေကို သပ်ေပးပြီး ပြောတယ်။
"သူငယ်ချင်းနဲ့လည်ချင်ရင် လည်ချင်ရင် လည်ချည်လေ သူလဲ ပျင်းနေတယ်ထင်ပါတယ် မေ့သားလေးကို နေရာအစုံလိုက်ပြပေးဖို့ သူငယ်ချင်းလို့တော့ အမေထင်ပါတယ်"
Daeyoung က မသွားပါဘူး တွင်တွင်ငြင်းပေမယ့် နောက်နေ့မနက်မှာ Rikuတစ်ယောက် Daeyoung တို့အိမ်ထဲကို ရောက်နှင့်နေပြီ။အိပ်ယာထပြီးအခန်းထဲက ထွက်ထွက်လာချင်း ထမင်းစားစားပွဲမှာ နွားနို့ခွက်ကိုသောက်နေတဲ့ ငနဲကို Daeyoung မှုန်ကုတ်ကုတ်ကြည့်လိုက်တယ်။
"သား နိုးပြီလား ဒီမှာ Riku က အလည်သွားဖို့ စောင့်နေတာ"
Daeyoung အမေဖြစ်သူက မီးဖိုချောင်အခန်းကျဉ်းလေးထဲမှာ အေပရွန်ပန်းရောင်လေးဝတ်ပြီး ဟင်းချက်ရင်း လှမ်းပြောတယ်။
"ငါလာတယ်"
နွားနို့ခွက်ကို တစ်ကျိုက်မော့ပြီး မျက်လုံးတွေမှိတ်ကျတဲ့အထိရယ်ပြရင်း Daeyoung ကိုပြောလာတယ်။
Rikuနှုတ်ခမ်းမှာ နို့တွေပေနေတာနဲ့ တိုင်မှာချိတ်ထားတဲ့လက်ကိုင်ပဝါကို ဖြုတ်ပြီး လှမ်းပစ်ပေးလိုက်တယ်။
"ကျေးဇူးပဲ"
Daeyoung က Rikuရဲ့ကျေးဇူးစကားကို လက်မခံပဲ ခေါင်းရမ်း သက်ပြင်းချပြီး အင်္ကျီလဲဖို့ အခန်းထဲပြန်ဝင်ခဲ့တယ်။
ဂျပန်ကိုရောက်တော့ Daeyoung တစ်ယောက် မြို့ထဲကို တစ်ခါမှမရောက်ဖူးခဲ့ဘူး။Daeyoungအမေက သူကိုယ်တိုင်လဲမသွားဖြစ်တော့ Daeyoung ကို လိုက်ပြဖို့ မေ့နေတာလို့ ပြောတယ်။ဘူတာရုံကိုလဲရောက်ခဲ့တယ် ။ Rikuတစ်ေယာက်ရထားထွက်တာကို ကြည့်ချင်တယ်ဆိုလို့ ဘူတာရုံမှာ ၄၅မိနစ်လောက်ထိုင်စောင့်ပေးလိုက်ရတယ်။ရထားစထွက်လို့ ဥဩဆွဲတာနဲ့တစ်ပြိုင်နက် အသံပြဲကြီးနဲ့ထအော်လို့ Daeyoung တစ်ယောက် အဲ့ငနဲပါးစပ်ကို မနဲပိတ်လိုက်ရတယ်။
ပြီးတော့ Rikuက နွေရာသီပိတ်ရက်တွေမှာ သူအလုပ်သွားလုပ်တဲ့ စားသောက်ဆိုင်ကို ခေါ်သွားတယ်။တရုတ်စားသောက်ဆိုင်တစ်ခုပါပဲ။ဟော့ပေါ့ဆိုတဲ့အစားအစာရောင်းတယ်။ဟော့ပေါ့ဆိုတာ အဖြူလား အပြာလား Daeyoung မသိပေမယ့် Rikuက မကြိုက်ဘူးလို့ ပြောတယ်။အငွေ့တစ်ထောင်းထောင်းနဲ့ ဟင်းသီးဟင်းရွက်တွေ အသားတွေကို အရသာရှိရှိပြုတ်စားရတဲ့အရာတဲ့။Rikuအကြောင်းကို Daeyoung ကောင်းကောင်းသိတယ်။ဟင်းသီးဟင်းရွက်ဆိုလဲ ဟင်းသီးဟင်းရွက်သက်သက်မှ အသားဆိုလဲ အသားသက်သက်မှ စားတတ်တဲ့သူက အကုန်ရောသွားရင် မစားတတ်တာ Maeda Riku ရဲ့ ဇီဇာငကြောင်မှုပဲ။
စားသောက်ဆိုင်ကိုလိုက်ပြပြီး လမ်းမှာပြောတာတွေက တရုတ်နှစ်သသ်ကူးမှာ အံပေါင်းရတာတွေ၊ဆိုင်မှာလာစားကြတဲ့မိသားစုအကြောင်းတွေ၊ဟင်းရည်အိုးကို မမှောက်အောင် ဂရုစိုက်ကိုင်ရတဲ့အကြောင်းအရင်းတွေ စုံလို့။Rikuက သူပြောချင်တာတွေပြောနေရရင် မျက်နှာလေးကလန်းပြီး မြူးကြွနေတတ်တယ်။Daeyoungဘက်က ဘာတုံ့ပြန်မှု ဘာစကားမှပြန်မပြောရင်တောင်ဆက်ပြောနိုင်သေးတယ်။
နောက်ထပ်တစ်နေရာက ဈေးတန်းတစ်ခုပဲ။အဲ့ဈေးတန်းကလူတွေအကုန်လုံးက Maeda Rikuကို သိကြတယ်။Rikuကို မြင်တော့ အမေနေကောင်းလား အငယ်လေးရော ဘယ်နှနှစ်လဲ နဲ့တစ်ယောက်တစ်မျိုးမေးကြတယ်။
"ငါကဒီဈေးကို ခနခနလာတာလေ အမေက ငယ်ငယ်ကတည်းက ဒီဈေးမှာ လာဝယ်ခိုင်းတာ မနက်အစောကြီးထဝယ်မှ အသားရတာ"
ဟုတ်မယ်။အခုနေ့လည်မရောက်သေးတာတောင် ဆိုင်တစ်ချို့သိမ်းကုန်ပြီ။
"ငါ၅တန်းတုန်းက မနက်အစောကြီး အသားလာဝယ်တာ အပြန်လမ်းမှာ ထူးဆန်းတဲ့ဦးလေးကြီးလိုက်လာလို့ အသားကုန်အော်ပြီး ပြေးဖူးတယ်"
Rikuက သူ့အဖြစ်ကိုပြောပြီး ရယ်တယ်။Daeyoungကတော့ မရယ်နိုင်ဘူး။အဲ့ဒါဟာ ဘယ်လောက်အန္တရာယ်များလိုက်လဲ။မတော်ရင် Riku တစ်ခုခုဖြစ်သွားနိုင်တယ်။
"နောက်တစ်ခါ ဈေးသွားရင် ငါလဲလိုက်ခဲ့မယ်"
"တော်ပါ အရာရှိသားက အိမ်မှာပဲနေစမ်းပါ"
ဒီနေ့ရဲ့လည်ပတ်မှုမှာ Daeyoung သိလိုက်ရတာက Rikuက အရမ်းဆိုးတဲ့သားမဟုတ်ပါရက်နဲ့ Rikuအမေက ဘာလို့ ရိုက်နက်နေရတာလဲ။Rikuက Daeyoung ကိုဆို စကားအရမ်းပြောပေမယ့် အိမ်ပြန်ရောက်ရင် Rikuဟာ အလိုလိုအသံတိတ်သွားတယ်။ငယ်သေးတဲ့အသက်အရွယ်မို့ တစ်ခါတစ်လေ ပြန်မပြောနားမထောင်အချိန်လေးတွေရှိလာတဲ့အခါ ဆိုဆဲမှုတွေပြုတယ်။Daeyoungတစ်ယောက် ပူပန်လိုက်ရတာ Rikuရယ်။
တစ်နေကုန်လျှောက်သွားပြီး ပင်ပန်းလာတဲ့ Daeyoung က ခွေးခြေခုံလေးနဲ့ တစ်ဖက်ခြံကို ချောင်းကြည့်ဖို့တော့ မမေ့ခဲ့ဘူး။ကြည့်လိုက်တော့ Riku က သူ့ညီမလေးကို ချီပြီး လမ်းလျှောက်နေတယ်။ကလေးလေးက Rikuပုခုံးပေါ်မှာ အိပ်မောကျနေတယ်။Rikuက ဒီလိုလေးကျတော့လဲ ရင့့်ကျက်တဲ့ ၁၆နှစ်သား ကောင်လေးတစ်ယောက်ပဲ။
"ဂျပိုးကောင် မင်းကို Hana က သဘောကျလို့တဲ့"
"ဟမ် ဘယ်သူ"
"Hanaလေ ဟိုတစ်နေ့က ငါအနောက်တန်းသွားထိုင်တုန်း မင်းဘေးနားလာထိုင်တဲ့တစ်ယောက်"
Daeyoung က Rikuပန်းကန်ထဲကို ဝက်အူချောင်းတွေ ထည့်ပေးရင်း Riku ပြောတာကို နားထောင်နေတယ်။Rikuက စကားများရုံတင်မကဘူး ဇီဇာလဲ ကြောင်သေးတယ်။ဝက်အူချောင်းကို ရေနဲ့ကြော်မှစားတာ ဆီနဲ့ကြော်ရင် တို့တောင်မတို့ဘူး။ပြီးရင် ဝက်အူချောင်းရဲ့အပေါ်တစ်လွှာကို ဖယ်ပေးရသေးတာ။
"အော် ပါးရဲရဲလေးနဲ့တစ်ယောက်"
"ဟုတ်တယ် မင်းကို သဘောကျလို့တဲ့"
Rikuက Daeyoung ထည့်ပေးတဲ့ ဝက်အူချောင်းတစ်ခုကို စားရင်း ပြန်ပြောလိုက်တယ်။
"မင်းကိုပြောခိုင်းတာလား"
"မဟုတ်ပါဘူး ငါဒီတိုင်း ဟိုနား ဒီနားက ကြားလာတာ"
မိန်းကလေးတစ်ယောက်က ကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတော့ လူပျိုပေါက်အရွယ်ကောင်လေး Daeyoung က ပြုံးစိစိနဲ့ မာန်တက်နေမိသေးတယ်။အဲ့တော့ Rikuက ဇွန်းနဲ့ခေါင်းခေါက်တယ်။
"Hanaကို ပြန်ပြောလိုက်မယ် မင်းမှာချစ်သူရှိတယ်လို့"
Rikuက ထမင်းတစ်ဇွန်းကို ယူစားပြီး ပြောတယ်။
"ငါ့မှာ ချစ်သူမရှိပါဘူး"
"ရှိပါတယ် သေချာစဉ်းစားပါအုံး"
Rikuစကားတွေက ရည်ရွယ်ချက်အပြည့်နဲ့မို့ Rikuမျက်နှာဟာ မာန်တက်နေသလိုလို ဂုဏ်ယူနေသလိုလို။
"ဘယ်သူလဲ"
Daeyoung က မရှိဘူးပြောတာကို ဇွတ်ငြင်းနေတဲ့ Rikuကြောင့် မျက်မှန်အောက်က မျက်ခုံးတွေတွန့်ချိုးပြီး မေးလိုက်တယ်။
"ငါလေ မင်းချစ်သူက ငါလေ"
Rikuက Daeyoung ပုခုံးကိုဖက်လို့ သူ့ရင်ဘတ်သူ စည်တီးပြီးပြောတယ်
"ဟာ ဘာဆိုင်လို့လဲ"
ဘာဆိုင်လို့လဲဆိုတဲ့မေးခွန်းမှာ ကြည်နူးမှုလေးပါသွားတာ Daeyoung ကိုယ်တိုင်သိသင့်တယ်။မထင်ထားတဲ့မျက်နှာပေါ်က အပြုံးတစ်ချက်ကိုတော့ Daeyoung မဖုံးကွယ်လိုက်နိုင်။
"မနက်ခင်းလဲကျောင်းအတူလာတယ်
ငါ့စက်ဘီးလက်ကိုင်ကိုလဲ ထိန်းပေးတယ်
ငါ့အတွက် ဝက်အူချောင်းကိုလဲခွာပေးတယ်
ငါနဲ့အတူတူထမင်းစားတယ်
ငါတို့တွေအတူတူလဲအိပ်....."
"ဒါပေမယ့် မင်းက မိန်းကလေးမှ မဟုတ်ဘဲ..."
Daeyoung ရဲ့အသံတိုးညှင်းညှင်းလေးက Riku ရဲ့အသံကျယ်ကျယ်တွေကို လွှမ်းမိုးသွားတယ်။Rikuဟာ ငြိမ်သွားတယ်။ပြီးတော့ ဘာမှမဖြစ်သလို ပြုံးပြီး Daeyoung ကို "မင်းက ငဂျစ်ကောင် ပဲ" ဆိုပြီး ပြောတယ်။
Rikuရဲ့ "ဂျပိုးကောင်" လို့ခေါ်သံတွေကို ကြားရတာများလာတော့ Daeyoung က နားယဉ်ပါးလာတယ်။မနက်ခင်းကျောင်းသွားဖို့လာခေါ်ရင်း အိမ်မှာ မနက်စာ ကပ်စားသွားတတ်တဲ့ Rikuကို Daeyoung ကအမြင်ကတ်လာတယ်။စာနားမလည်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ Daeyoung အခန်းမှာ အိပ်ပျော်တတ်တဲ့ အကြိမ်ရေလဲ မနည်းတော့ဘူး။
ဒီMaedaကလေ စိတ်ပျက်စရာ။
ထပ်ပြီးစိတ်ပျက်စရာက အထက်တန်းကျောင်းသားက ချစ်သူကောင်မလေးထားနေတာပဲ။Maeda Rikuက ချစ်သူကောင်မလေးရသွားပြီ။ဂြိုလ်ကြီးကိုးလုံးက ကြော်စားလို့မရဘူးပြောပြီး ကောင်မလေးကရော ကြော်စားလို့ရသလား ကလိုရိုဖီးက ဂိမ်းမဟုတ်လို့စိတ်မဝင်စားဘူးပြောပြီး ကောင်မလေးကရော ဂိမ်းဟုတ်ရဲ့လား။Daeyoungကို သဘောကျတယ်ပြောခဲ့တဲ့ Hana ဆိုတဲ့ကောင်မလေးနဲ့ တွဲနေပြီလို့ သတင်းတွေကြားခဲ့တယ်။
အခုဆို ပွစိပွစိစကားတွေကြားမှာ သေချာတောင်နားမလည်ေသးတဲ့ အချစ်ဒသနတွေကို ထည့်ပြောလာပြီ။
"Daeyoung မင်းရော Hanaကို ဘယ်လိုမြင်လဲ"
"ဘာကိုလဲ"
Hanaက လှတယ် ထက်မြတ်တယ် စာတော်တယ်။အဲ့သုံးချက်ထဲမှာ Rikuနဲ့လိုက်ဖက်စေတဲ့အချက်တစ်ချက်မှမပါဘူး။Rikuကိုယ်တိုင်ကလှပြီးသားမို့ လှတဲ့သူထပ်မလိုတော့ဘူး။Rikuက ထက်မြတ်တဲ့သူထက် ပေါက်ပေါက်ဖောက်သမျှနားထောင်ပေးမယ့်သူလိုတာ။စာတော်ဖို့ထက် နားမလည်တဲ့သင်္ချာပုစ္ဆာတစ်ပုဒ်လောက်ကိုပဲ ရှင်းပြပေးနိုင်တဲ့သူတစ်ယောက်ပဲလိုတာ။
"Hanaက လှတော့လှပါတယ် ဒါပေမယ့် မာနကြီးတယ်"
ကုတင်ပေါ် နှစ်ယောက်သား ဝမ်းလျားမှောက်လို့ ကောင်မလေးတစ်ယောက်အကြောင်းဆွေးနွေးနေကြတယ်။Rikuက ဘယ်တော့မှ ဆက်လို့မပြီးနိုင်တဲ့ အံစာတုံးကို အရောင်တူတာတွေစုလာအောင် ဟိုလှည့်ဒီလှည့် လုပ်နေတယ်။Daeyoungကတော့ မျက်မှန်ပင့်တင်လိုက် သင်္ချာဉာဏ်စမ်းစာအုပ်ကို ကြည့်လိုက်နဲ့ Rikuစကားကို ထောက်ခံသလို ခေါင်းညိမ့်ပြလိုက်တယ်။
"Daeyoung ငါနဲ့ Hanaနဲ့လိုက်ရဲ့လား"
၁၆နှစ်အရွယ်ရောက်လာတဲ့ကောင်လေးက အချစ်အကြောင်းစိတ်ဝင်စားလာတာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ခဲ့ဘူး။
"လိုက်မှာပေါ့"
နောက်ထပ် ၁၆နှစ်အရွယ်ကောင်လေးမှာ မိန်းကလေးတွေထက်တောင် ပါးစိပါးစပ်များတဲ့ သူငယ်ချင်းတစ်ယောက်ရှိနေတာကရော ထူးဆန်းနေရဲ့လား။
"ဟာ မင်းဟာက ဘာစကားကြီးလဲ "
Daeyoung ကို လက်ထဲက အံစာတုံးနဲ့ပစ်ပြီး ဝမ်းလျားမှောက်နေရာကနေ ထထိုင်တယ်။
"ဒါနဲ့ မင်းစာမေးပွဲဖြေပြီးရင် ကိုရီးယားပြန်မှာလား"
"အင်း ပြန်မှာ ဟိုမှာ အဖွားကမျော်နေတယ်"
"မပြန်နဲ့"
ကလေးတစ်ယောက်က ဂျီကျနေသလိုအသံမဟုတ်ပဲ အမိန့်သံနည်းနည်းပါတယ်။Daeyoungက ခုနက Rikuပစ်ပေါက်လိုက်တဲ့ အံစာတုံးကိုကောက်ကိုင်ပြီး Rikuလိုပဲ ကုတင်ပေါ် တင်ပျဉ်ခွေထိုင်လိုက်တယ်။ဆောင်းအကုန်နွေအကူးမို့ တိုက်လာတဲ့လေတွေကြောင့် ခန်းစီးလိုက်ကာ အဖြူလေးက တလွင့်လွင့် လွင့်နေတယ်။
"မင်းပြန်ရင် ငါ Hanaနဲ့ လက်ထပ်ပစ်မယ်"
Rikuစကားကြောင့် Daeyoung အံစာတုံးဆက်နေရာကနေ မော့ကြည့်လိုက်တယ်။အကြည့်တွေက အလိုမကျသလို မနှစ်မြို့သလို။
"လက်ထပ်ပေါ့ မင်းလက်ထပ်တာ ငါလက်ထပ်တာလား"
ဘာမှမဖြစ်သလိုပဲ ပြောလိုက်ပေမယ့် Daeyoung ရင်ဘတ်က တစ်ချက်ခုန်သွားတယ်။ရင်ခုန်၍မဟုတ် ကြောက်ရွံ့နေ၍သာ။
Rikuဟာ Daeyoung ကို အကြာကြီး စိုက်ကြည့်နေမိတယ်။
Rikuက စွပ်ကျယ်အဖြူနဲ့ ပေါင်လယ်လောက်ပဲရှိတဲ့ ဘောင်းဘီကိုဝတ်ထားတယ်။ဆံပင်ပျော့ပျော့အိအိလေးတွေက နဖူးပေါ်ဝဲလို့ မျက်နှာက ရှင်းရှင်းလေးဖြစ်နေတယ်။
Daeyoung ကတော့ လက်ပါတဲ့T shirt အမဲရောင်နဲ့ ဘောင်းဘီအမဲကိုဝတ်ထားတယ်။ဆံပင်က ပျော့အိမနေပဲ ဖွာဖွာလေးနဲ့ ရှေ့ဆံပင်တွေဟာ ရှည်လို့ မျက်မှန်ပေါ်ထိ ဝဲကျနေတယ်။Rikuလောက်အသားမဖွေးပေမယ့် အသားအရည်က စိုပြေနေတုန်း။
သူတို့နှစ်ယောက်ဟာ တစ်ယောက်အိပ်ကုတင်ပေါ်မှာ ထိုင်နေကြပြီး ကောင်မလေးအကြောင်းနဲ့ကိုရီးယားကို မပြန်စေချင်တဲ့အကြောင်းကို အရေးလုပ်ပြီး ပြောနေကြတယ်။ဒါပေမယ့် သူတို့နှစ်ေယာက်အကြောင်းကိုပြောဖို့တော့ မေ့နေကြတယ်။