အပိုင်း(၄၈၁)
လုံကျဲ ထွက်ခွာသွားပြီးနောက် ထျန်းနင်က စားပွဲခုံပေါ် တင်ထားသော မဂ္ဂဇင်း စာအုပ်ဘက် ပြန်လှည့်သည်။ သို့သော်လည်း သူမ ကြာကြာ အာရုံမစိုက်နိုင်၍ ပြတင်းပေါက် အပြင်ဘက်ကို ငေးမောကြည့်ကာ အတွေးလွန်နေမိသည်။ သူမက ဖျော်ဖြေရေးလောက၏ မကောင်းကြံစည်မှုကို တန်ပြန်တိုက်ခိုက်ရန် ကြောက်ရွံခြင်း မရှိခဲ့၍သာ ယခုအချိန်အထိ ဖျော်ဖြေရေးလောကထဲ ရှင်သန်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း သူမက ယခုအချိန်တွေ ကိုယ်ဝန်ဆောင်ထားရ၍ သူမ၏ ရင်သွေးလေးကို ကာကွယ်စောင့်ရှောက်ပေးရန် အစွမ်းကုန် ကြိုးစား အားထုတ်ရမည်။
တစ်စုံတစ်ယောက်က သူမကို မကောင်းကြံစည်ချင်သည်လော။
သူတို့ တတ်စွမ်းသလောက် အကောင်းဆုံး ကြိုးစား အားထုတ်နိုင်သည်။
သူမက ကြောက်လန့်နေလျှင် သူမက လက်စားချေတတ်သည့် ထျန်းနင် မဟုတ်နိုင်ချေ။
...
နောက်နှစ်ရက်ကြာပြီးနောက် လေဆိပ်တွင် ထိခိုက်ဒဏ်ရာ ရခဲ့သော ပရိသတ်တချို့ တစ်ယောက်ပြီးတစ်ယောက် ဆေးရုံဆင်းကြသည်။ သူတို့အတွက် တစ်စုံတစ်ယောက်က ဆေးရုံစရိတ် တာဝန်ယူပေးခဲ့သည်။ သို့တိုင် အလှူရှင်၏အမည်ကို လျှို့ဝှက်ထားခဲ့သည်။
အကယ်၍ ဆေးရုံစရိတ် ပေးခံသူက ဟိုက်ဟွေ့ဖျော်ဖြေရေး ဖြစ်ခဲ့လျှင် သူတို့က တုံ့ဆိုင်းခြင်း မရှိပါဘဲ လက်ခံမိလိမ့်မည်။ ယခုအလှူရှင်က သူ့အကြောင်း ကွယ်ဝှက်ထားရသည့် အကြောင်းအရင်းကို ဆေးရုံဝန်ထမ်းများ နားမလည်နိုင်ပေ။
သို့သော်လည်း ဆေးရုံဆင်းသွားသော ပရိသတ်များက ထျန်းနင်ကို ဆန့်ကျင်သော ပရိသတ်အဖြစ် ပြောင်းလဲခဲ့ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထျန်းနင်က တရုတ်ပြည် ပြန်ရောက်ရောက်ချင်း သူမ၏ စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သော်လည်း သူမ၏စိတ်ရင်းကို သူတို့ မခံစားရပေ။
သူတို့က လူ့မှုကွန်ယက်စာမျက်နှာပေါ်တွင် စာတင်ခဲ့သည်။
"ထျန်းနင်ကို အချိန်အကြာကြီး အားပေးခဲ့တာ ငါ ကန်းနေလို့ပဲ ဖြစ်မယ်"
"ထျန်းနင်ရဲ့အမြင်မှာ ငါတို့က ဘာမှ မဟုတ်ဘူး"
"ဟိုးအရင်တုန်းက ငါတို့အဖွဲ့ကို လူတိုင်းက စော်ကားနေတာတောင် ငါတို့ကို ကာကွယ်ပေးဖို့ ရှေ့ထွက်မလာခဲ့ဘူး။ အဲဲဒီအချိန်တည်းက ငါ သေချာ သိလိုက်ပါပြီ။ ငါတို့တွေ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်တုန်းက ထျန်းနင်က ငါတို့ကို သူစိမ်းထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သေးတယ်"
"သူက တကယ်ကို သွေးအေးရက်စက်လွန်းတယ်"
ဤစာကြောင့် ထျန်းနင်၏ကျန်ရှိသော ပရိသတ်များက ထျန်းနင်၏ဆန့်ကျင်ပရိသတ်အသစ်များကို တိုက်ခိုက်ကြသည်။
ဤအပြုအမူက အခြေအနေကို ပို၍ ဆိုးရွားစေခဲ့သည်။
"ငါက ထျန်းနင်ရဲ့ ပရိသတ်ဖြစ်ခဲ့တာ ကြာပြီ။ ဒါပေမဲ့ ထျန်းနင်က သူနာမည်ကျော်ဖို့ တခြားသူတွေကို ချနင်းချင်နေတာ ဆက်သည်းမခံနိုင်တော့ဘူး"
"ထျန်းနင် လှည့်ဖျားတာ မခံကြဖို့ မင်းတို့တွေကို ဖျောင်းဖျပါရစေ။ သူက မာန်တက်လွန်းလို့ ပရိသတ်နဲ့ ထိတွေ့တာ ရှားရှားပါးပါးပဲလေ"
"ငါ ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ သူက တစ်လောကလုံးကို အဖက်မတန်သလို သဘောထားတာလေ။ ဒါပေမဲ့ အခုတော့ ပြောင်းလဲဖို့ အချိန်တန်ပြီ"
ထျန်းနင်၏နှစ်ရှည်ပရိသတ်များက အတွင်းသတင်းတချို့ကို သိထားကြ၍ မှန်တစ်ဝက် မှားတစ်ဝက် အခြေအနေကို ဖန်တီးကာ ပြဿနာကို ပိုဇာချဲ့ကြသည်။
ညဉ့်ဦးယံအချိန် ထျန်းနင် အိပ်မောကျသွားပြီးနောက် မို့ထင်က စာကြည့်ခန်းဘက် ထွက်လာခဲ့သည်။ ထျန်းနင် ယခုရင်ဆိုင်နေရသော ရန်သူက ပုံမှန်ရန်သူများကဲ့သို့ အကျိုးအမြတ်ကို မျှော်ကိုးခြင်း မဟုတ်သောကြောင့် ရင်ဆိုင်ရန် ပို၍ ခက်ခဲနေသည်။
ဤတစ်ကြိမ်တွင် သူမ ရင်ဆိုင်ရသည့် ပြဿနာက သူမ၏ကျော်ကြားမှု လမ်းကြောင်းကို ပိတ်ပင်နိုင်သော်လည်း သူမ၏ ခင်ပွန်းသည်၊ သူမ၏မန်နေဂျာ တစ်ဦးအနေဖြင့် ယခုလို ကိစ္စမျိုးကို ခွင့်မပြုနိုင်ပေ။
သို့သော်လည်း ထျန်းနင်က ရုတ်တရက် နိုးလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ညဉ့်နက်နေပြီလေ။ ဘာလို့ စာကြည့်ခန်းထဲ ပုန်းနေတာလဲ"
မို့ထင်က ထျန်းနင် သူ့ဘေးနား ချဉ်းကပ်လာသော မြင်ကွင်းကို စောင့်ကြည့်နေစဉ် သူမ အနားရောက်လာသည်နှင့် လှမ်းဖက်လိုက်သည်။
"ကိုယ့်မှာ လုပ်စရာ အလုပ်လေးတွေ ရှိနေသေးလို့ပါ"
"ယောက်ျားက ဘယ်သူ့ကို အရူးလုပ်ဖို့ စဉ်းစားနေတာလဲ"
ထျန်းနင်က မို့ထင်၏ပေါင်ပေါ် ထိုင်ကာ သူ့လက်တော့ မျက်နှာပြင်ကို ကြည့်လိုက်သည်။
"talk showအတွက် ပြင်ဆင်နေတာမလား"
"ချစ်လေးကို ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူး"
မို့ထင် အနည်းငယ် နွမ်းလျနေသော လေသံဖြင့် ပြန်ဖြေသည်။
"တကယ်တမ်း ချစ်လေးက ဆုံးဖြတ်ချက် ချပြီးပြီ"
ထျန်းနင်က မို့ထင်ကို လေးလေးနက်နက် ကြည့်ရှုသည်။
"talk showကို အခွင့်အရေး အနေနဲ့ အသုံးချပြီး ချစ်လေး ရုပ်ရှင်ရိုက်ကူးတာ ခဏ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချင်တယ်"
မို့ထင်ကို ဤစကားလုံးများက သိသိသာသာ အံ့အားသင့်စေခဲ့သည်။
"ဘာဖြစ်လို့လဲ"
ထျန်းနင်က သူ့အမူအရာကို အကဲခတ်ကာ ပြန်မေးသည်။
"ဘာမှ မဟုတ်ပါဘူး။ နိုင်ငံတာ အဆင့်မီ စူပါမော်ဒယ် ဖြစ်ခါနီးတုန်းကလည်း ကိုယ့်ကြောင့် စွန့်လွှတ်ခဲ့ရတယ်။ အခုလည်း ကိုယ်တို့ကလေးကြောင့် တခြားအလုပ်တစ်ခုကို စွန့်လွှတ်ရဦးမယ်။ အခုလိုဖြစ်ရပ်မျိုးကို ကိုယ် မကြည့်ရက်ဘူး"
"ကိုယ်က ချစ်လေးကို ပျော်ရွှင်စေချင်တာလေ။ အခုလိုမျိုး ဆက်တိုက် စွန့်လွှတ်နေတာ မမြင်ချင်ဘူး"
"အခု အပြင်လောကမှာ တခြားသူတွေ ပြောနေကြတာ ချစ်လေးကို မျက်နှာနှစ်ဖက်နဲ့ မြေးခွေးမတဲ့။ အပေါ်ယံကြည့်လိုက်ရင် ချစ်လေးက အမေရိကန် ရုပ်ရှင်လောကကို ဂရုမစိုက်ဟန် ရှိပေမဲ့။ အမေရိကန် ဒါရိုက်တာနဲ့ ဆက်သွယ်ခဲ့တော့ သူတို့က တစ်မျိုးတမည် ပြောကြတာပေါ့။ အတင်းအဖျင်း သတင်းတွေ အားလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှားပစ်တာ အကောင်းဆုံးပဲလေ"
ထျန်းနင်က ချိုသာစွာ ပြောဆိုသည်။
"အခုချိန်မှာ ချစ်လေးတို့ ရင်သွေးလေးကိုပဲ အကောင်းဆုံး စောင့်ရှောက်ချင်တယ်။ ဒါကြောင့်လည်း ရုပ်ရှင်လောကထဲက ခဏ ဆုတ်ခွာဖို့ ဆုံးဖြတ်ထားတယ်"
"ဒါပေမဲ့ ဒီလိုအခြေအနေ ရောက်လာဖို့ ချစ်လေးအတွက် လွယ်ကူတာမှ မဟုတ်တာ"
"ထင်၊ ချစ်လေး မလုပ်နိုင်တာ ဘာမှ မရှိဘူး။ ခဏ အချိန်ယူတာပဲလေ။ ဒါကြောင့်လည်း ချစ်လေးတို့ ရင်သွေးလေးကို ပိုဂရုစိုက်ချင်တယ်"
မို့ထင်က ထျန်းနင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူ့ကို ယုံကြည်ပြီး စတေးခဲ့၍ သူ့ဘဝ တစ်သက်တာတွင် ထျန်းနင်ကို အကောင်းဆုံးသော ဆုလာဘ်များကိုသာ ပေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
"အင်းပါ"
နောက်ဆုံးတော့ မို့ထင် ခေါင်းညိတ်ခဲ့သည်။
"ကလေး မွေးပြီးသွားရင် ချစ်လေးက အတောက်ပဆုံး ကြယ်ပွင့်လေး အနေနဲ့ ဖျော်ဖြေရေးလောကထဲ ပြန်လာမှာပါ။ သိပ်မကြာတော့ပါဘူး။ တကယ်တမ်း ချစ်လေးကို အခုအနေထားထက်တောင် ပိုပြီးတောင် လင်းလက်တောက်ပ စေချင်တယ်"
ထျန်းနင်က ပြုံးလျက် တည့်တည့်မတ်မတ် ထိုင်သည်။ ထို့နောက် မို့ထင်၏မျက်နှာကို ကိုင်ကာ နှုတ်ခမ်းချင် ထိတွေ့သည်။
ထို့နောက် မို့ထင်က သူ့အစီအစဉ်အားလုံးကို ဖျက်သိမ်းရန် လုချယ်ကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထျန်းနင်၏ ရုပ်ရှင်လောကမှ နုတ်ထွက်သည့် သတင်းက ပြဿနာအားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်သည့် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
"ချစ်လေးအတွက် ဘာလုပ်ပေးရမှန်းတောင် မသိတော့ပါဘူး။ ချစ်လေးက ကိုယ့်ကိုတောင် လှည့်ဖျားတော့မလို့"
ထျန်းနင်က မို့ထင် ဘာပြောချင်လဲ သိနေ၍ ရယ်မောသည်။
"တခြားသူတွေ ဘာလုပ်လုပ် ချစ်လေး ဂရုမစိုက်ပါဘူး။ ချစ်လေးက ယောက်ျားကို ဒုက္ခ မပေးချင်လို့ပါ။ ဒါကြောင့်လည်း ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်တာ ပိုမကောင်းဘူးလား"
"ချစ်လေးက ကိုယ့်အတွက်ပဲ တွေးပြီး ဘာမဆို လုပ်တယ်။ ချစ်ဘေးအတွက်ရော ထည့်စဉ်းစားရဲ့လား"
"ဒါပေါ့ အရင်ကဆိုရင် ချစ်လေးရဲ့ အခမ်းနားဆုံး အိပ်မက်က ယောက်ျားနဲ့ လိုက်ဖက်ညီတဲ့ မိန်းကလေး ဖြစ်ဖို့ပဲ။ အခုတော့ ချစ်လေးရဲ့ အခမ်းနားဆုံး အိပ်မက်က ယောက်ျား နဲ့ တို့နှစ်ယောက် ရင်သွေးလေးကို အကောင်းဆုံး စောင့်ရှောက်ချင်တာပဲ"
ထျန်းနင်က လေးလေးနက်နက် ပြောဆိုသည်။
"ဒါမို့ ဒီတစ်ခေါက် ယောက်ျား ဝင်မပါနဲ့။ သူတို့အားလုံး စိတ်ကြိုက် မကောင်းကြံစမ်းပါစေ။ ချစ်လေး ဒီလောကထဲက နုတ်မထွက်ခင် ချစ်လေးကို အားလုံး မေ့မရအောင် ချစ်လေး လုပ်သွားမယ်"
မို့ထင်က ရယ်ကာမောကာဖြင့် ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
အပိုင်း(၄၈၁)
ပြီး၏။