နိုဝင်ဘာလ
အေဒီ ၇၈ ခုနှစ်
ပုံပေမြို့
ရောမအင်ပါယာ
အိမ်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဥယျာဥ်ကြီးထဲမှ ပန်းပွင့်များသည် ဆောင်းဦးကာလ အေးချမ်းမှုကြောင့် ဖူးပွင့်နိုင်ခြင်းမရှိတော့။
ကျောက်တိုင်ဖြူများကို တွယ်ကာတက်နေသည့် စပျစ်ပင်မှ ရွက်စိမ်းတို့သည်ပင် နီညိုရောင်သို့ ပြောင်း၍နေပြီ။
ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေအေးသည် ပြင်းထန်ခြင်းမရှိသော်လည်း အေးစိမ့်မှုကို လက်ဆင့်ကမ်းကာ သယ်ဆောင်လာနေပြီ။
အရှင်..
ရင်ထဲမှ တိုးတိတ်စွာခေါ်မိခြင်းသာ
လှမ်းမြင်နေရသည့် ပုံရိပ်သဏ္ဌာန်သည် မြင်နေကြဖြစ်သော်လည်း ဘယ်အခါမှ ရိုးသွားနိုင်စရာမရှိ။
ဝတ်ရုံအနားလိပ်သည် ခြေကျင်းဝတ်မှ လျှောကာ တစ်ပိုင်းတစ မြေပြင်နှင့်ထိနေသည်။
နောက်ကျောဘက်မှ မြင်နေရသည့် ရွှေရောင်ဆံလိပ်ခွေများသည် လေအဝှေ့မှာ လှုပ်ခါလျက်။
နေ့လယ်နေ့ခင်း စားသောက်ပြီးချိန်တိုင်း အရှင်လုလိယက်စ်သည် အိမ်အပေါ်ဆုံးထပ်ရှိ ဥယျာဥ်ထဲတွင် လမ်းလျှောက်တတ်သည်။ လှဲလျောင်းစာဖတ်ကာ နားနားနေနေ အနားယူတတ်သည်။
ယနေ့တွင်မူ အအေးဓါတ်က ကဲလာပြီဖြစ်သဖြင့် ဖဲလ်လစ် အရှင့်အတွက် ခြုံလွှာကို ယူလာခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းကျတော့ အနားသို့သွားရမှာကိုပဲ မဝံ့ရဲသလို တွေဝေနေမိသည်။
ဒီအိမ်ကြီးကို စ ရောက်လာကတည်းက အတတ်နိုင်ဆုံး အရှင်နှင့် မတွေ့ရအောင် သူနေသည်။ မလွှဲသာ၍ တွေ့ဆုံရလျှင်လည်း တာဝန်ကျေအောင် အမြန်ဆုံးဆောင်ရွက်သည်။ ခိုင်းစေသူ၏အမိန့်ကို မငြင်းနိုင်၍ အရှင့်ထံ လာခဲ့ရသော်လည်း တကယ်တမ်း ဒီအရပ် ဒီနေရာမှာ သူ ရှိမနေချင်။ သူ အတူရှိနေချင်သူနှင့် ခွဲခွာရသည်မှာ အရှင့်ကြောင့်ဟု မသိစိတ်ထဲ စွဲ၍နေသည်။ ခံစားချက်မဲ့ မျက်နှာသေနှင့် ဝတ္တရားမပျက် လုပ်ကိုင်နေသည့် သူ့ရင်ထဲမှ လှုပ်ခတ်မှုတိုင်းကို ဘယ်သူမှ မမြင်နိုင်ခဲ့။
ခပ်ပြင်းပြင်းတိုက်လာသော လေကြောင့် လက်ထဲမှ နီညိုရောင်ခြုံလွှာလေးကို လွင့်စင်မသွားအောင် ဖမ်းဆုပ်လိုက်ရသည်။
အရှင် အေးနေမည်လားမသိ
တွေဝေမှုကို အာခံရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။
ခြေသံကြောင့်ထင်သည်၊ အရှင်နောက်လှည့်ကြည့်သည်။
"ဖဲလ်လစ်.. လာ"
ရှေ့သို့လှမ်းလာရင်း ခေါင်းကိုငုံ့ထားမိသည်။
အရှင်နှင့်မျက်နှာချင်းဆိုင်ရမှာကို သူ ဘယ်တုန်းကမှ မဝံ့ရဲခဲ့။
ပိုဆိုးသည်မှာ သိပ်မကြာသေးမီကပင် သူ စာဖတ်တတ်ကြောင်းကို အရှင်သိသွားခဲ့ပြီ။
လက်တင်ဘာသာတောင်မဟုတ်။ ဂရိဘာသာစကားနှင့် ရေးသားထားသော စာတစ်စောင်ကို အားရီးယူးစ်ဟူသည့် အမည်နာမကို မြင်လိုက်ရသည့်ခဏ အရာရာကို မေ့လျော့သွားကာ သတိလက်လွတ် ဖတ်မိသွားသည်။
ဒါကို နားလည်လိုက်သည့်အရှင်သည် သူ့အပေါ်သံသယမဝင်ဘဲ နေလိမ့်မည်မဟုတ်။
"အရှင်.. ဒါ.."
အရှင်နှင့်ဆိုလျှင် စကားလုံးများပါ ပျောက်ဆုံးတတ်မြဲ။ လက်ထဲမှခြုံလွှာကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
တော်သေးသည်။
အရှင်က သူ့အခက်အခဲကို နားလည်သည့်ဟန် လှဲလျောင်းနေရာမှ မတ်ထိုင်ပေးသည်။
နောက်ထပ်ခြေတစ်လှမ်း
နီးစပ်လွန်းသော အနေအထားရောက်ချိန် အသက်ရှူရမှာပဲ မဝံ့ရဲတော့။
ခိုင်ခံ့သောပခုံးများပေါ် ခြုံလွှာကိုတင်သည်။ ကိုယ်ကိုဝိုက်ကာ ချိုင်းအောက်မှ သိုင်းပြီး ပခုံးထက်ပြန်တင်ချိန် လက်ဖျားများက မသိမသာ တုန်ရင်နေသည်။ ဆောင်းဦးလေအဝှေ့မှာ လှုပ်ခါသွားသော အရှင့်ဆံစအချို့က သူ့ပါးပြင်ထက် ထိခတ်သွားသည်။
"ကျေးဇူးပဲ ဖဲလ်လစ်"
တအံ့တသြ မော့ကြည့်မိသွားပြီးမှ ချက်ချင်း ခေါင်းပြန်ငုံ့သည်။
သခင်တစ်ယောက်က ကျွန်တစ်ယောက်ကို ကျေးဇူးတင်ကြောင်း ပြောလေ့ရှိပါသလား။
စက္ကန့်ပိုင်းမျှ မြင်လိုက်ရသည့် အကြည့်များမှ အနွေးဓါတ်သည် ခန္ဓာတစ်ခုလုံး အေးစိမ့်တောင့်တင်းသွားရန် အစွမ်းရှိသည်။
"မင်း တခြား ဘာလုပ်စရာရှိသေးလဲ"
"ဗျာ.. ကျွန်တော်.."
"မင်း အချိန်ရရင်..."
ကမ်းပေးနေသော စာလိပ်ကို မရွံ့မရဲ လှမ်းယူဖြစ်သည်။
မင်း အချိန်ရရင်.. မင်း အားမယ်ဆိုရင်..
တစ်ခုခု ခိုင်းမည်ဆိုတိုင်း ဒီလိုအသုံးအနှုန်းမျိုးကို အရှင် အမြဲထည့်သုံးသည်။ သူနှင့်မှမဟုတ်။ အခြားအစေခံကျွန်များပေါ်တွင်လည်း အရှင်သည် ဒီလိုပင် သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်မြဲ။ အဘိုးအိုအဲလ်ဇီယိုအပေါ်တွင် ဖခင်တစ်ဦးလိုပင် တလေးတစား ရှိလှပြန်သည်ကို သတိထားမိခဲ့တာ ကြာခဲ့ပြီ။ သူ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် အနေအထားနှင့် ဝေးကွာလှသည့် အခြေအနေမျိုးပင်။
မျက်လွှာပင့်ကာ မယုံရဲစွာ မော့ကြည့်ချိန်မှာ အရှင့်ထံမှ အပြုံးနှင့် ရိုးသားမှုကိုသာ မြင်ရသည်။
ဒါဆို စာဖတ်နိုင်သည်ကို ဖုံးကွယ်ထားခဲ့သော သူ့အပေါ် အရှင်သည် ခွင့်လွှတ်နိုင်မည်ထင်သည်။ မည်သည့်အာဏာတမှလည်း ထားဟန်မရှိ။
လည်ချောင်းထဲမှ တစ်ဆို့မှုသည် အသံထွက်စာဖတ်ဖို့ရန် ခက်ခဲစေပြန်သည်။
အရှင်သည် အလောတကြီးမရှိ။ နားထင်ကို လက်မှီထောက်ရင်း သက်သောင့်သက်သာ လှဲလျောင်းသည်။
မျက်လုံးများကို မှိတ်ထားရင်းက ဖတ်ပြနေသော စကားလုံးများကို အေးသက်သာစွာ နားထောင်နေသည်။ အေးချမ်းသောနေ့လယ်ခင်းအချိန်သည် တရွေ့ရွေ့ ငြိမ်းချမ်းစွာ ဖြတ်သန်းလျက်။
အိမ်ကြီး၏ ဧည့်ခန်းဆောင်မှ ထွန်းညှိလိုက်ဟန်တူသော ထင်းရှူးမွှေးရနံ့ကို ပင်လယ်လေနှင့်အတူ ရှူရှိုက်ရလိုက်သည်။
ဆောင်းဦးပန်းများကို ရှာဖွေနေသော လိပ်ပြာဖြူလေးသည် မျက်နှာနားမှ ဖြတ်ကာ ပျံသန်းသွားသည်။
"အရှင်.."
ဖြေသံကို မကြားရတော့။ စာရွက်လိပ်၏ အဆုံးသတ်ကို ဖတ်ရှုပြီးချိန် အရှင်လုလိယက်စ်သည် အသက်ရှူသံမှန်စွာဖြင့် အိပ်မောကျသွားခဲ့ပြီ။
အရှင့်မျက်လုံးများသည် ပိတ်ထားလျက်ပင် အကြည့်မလွှဲချင်လောက်အောင် လှနိုင်ရက်ပြန်သည်။
ရွှေရောင်သန်းသော မျက်တောင်စင်းများကို ငေးကြည့်မိသည်။
သာမန်ဆိုလျှင် မျက်နှာချင်းမဆိုင်ဝံ့သော်လည်း ယခုအချိန်တွင်မူ ချောမောခန့်ညားသည့်အရှင့်ကို တမေ့တလျော့ စိုက်ကာကြည့်ဖြစ်သည်။ အရှင့်ကိုယ်ပေါ်မှ ခြုံလွှာကို ပခုံးထက်ထိ အသာအယာ တိုးရွှေ့ပေးဖြစ်သည်။
ဆောင်းဦး နေ့လယ်ခင်း၏ နေရောင်ခြည်သည် အားမပြင်းသော်လည်း နွေးထွေးသည်။
ခပ်မှန်မှန်ကြားနေရသော လေတိုက်သံသည်ပင် ချော့ကာသိပ်နေသလို။
ဖဲလ်လစ် မျက်လုံးများကို ခေတ္တမှိတ်လိုက်မိသည်။
အရာရာသည် လုံခြုံငြိမ်းအေးစွာ တိတ်ဆိတ်လျက်..
.......
........
........
"ဖဲလ်လစ်..."
......
"ဟေ့ကောင်လေး.. ဖဲလ်လစ် မင်း ဘယ်မှာလဲ"
အဘအဲလ်ဇီယို၏ ခေါ်သံကို ပိုပြီး ပီပီပြင်ပြင် ကြားလိုက်ရချိန် မျက်လုံးများ ဖျတ်ခနဲ ပြန်ဖွင့်သည်။
မှေးခနဲ အိပ်ပျော်သွားသည့်အချိန်သည် မည်မျှကြာခဲ့သည်မသိ။
နေ့လယ်ခင်း၏ နေရောင်သည်ပင် အတော်လေးအားနည်းနေပြီ။
အရှင်သည် အနားမှာ မရှိတော့။
သူ ဖတ်ပြပေးခဲ့သော စာလိပ်လေးသာ အနားမှာ ကျန်နေခဲ့သည်။
ကျွန်တစ်ယောက်က သခင့်အနားမှာ အိပ်ပျော်နေသည်ကို မြင်နေပါလျက် အပြစ်မတင်၊ မနှိုးသွားခဲ့။ ဒီအတိုင်းသာ ထွက်သွားခဲ့သည်တဲ့လား။
ဖဲလ်လစ်ရင်ထဲမှာ နားမလည်စွာ စူးနင့်နင့်ခံစားရသည်။
"ဖဲလ်လစ်.. ဟေ့ကောင်လေး. မင်း .. ဘယ်မှာလဲ.. ညစာအတွက် လာကူဦး.."
"လာပြီ အဘ...."
နေရာမှ ရုန်းထသည်။
ထ ရပ်လိုက်ချိန် တစ်စုံတစ်ရာသည် သူ့ခန္ဓာပေါ်မှ လျှောကာကျသည်။
မြေပြင်ပေါ်မရောက်မီ ဖမ်းဆုပ်ကိုင်ရင်း မယုံနိုင်စွာဖြင့် လက်ထဲမှ ခြုံလွှာလေးကို စိုက်ကာကြည့်သည်။
သူ့လက်ထဲမှ နီညိုရောင်ခြုံလွှာလေးသည် အိစက်နူးညံ့စွာ...
အကြင်နာမွန်