"ကျန့်ကော"
"အင်း"
ပန်းချီဆွဲနေရာကလှည့်မကြည့်ဘဲကျန့်ကောကထူးတယ်။ နွေကျောင်းပိတ်ရက်ရှည်မို့ဝမ်ရိပေါ်တို့တွေဇာတိမြို့ငယ်လေးဆီရောက်နေကြတယ်။ ကျန့်ကောဆီကအချစ်ကိုရပြီးနောက်ပိုင်း ဝမ်ရိပေါ်ကPizzaဆိုင်မှာအလုပ်လုပ်ရင်းတက္ကသိုလ်ဆက်တက်တယ်။ ကျန့်ကောကလည်းသူ့ပြခန်းနဲ့သူအချိန်ကုန်နေခဲ့ပါတယ်။ အခုကနွေပိတ်ရက်မို့ဝမ်ရိပေါ်တို့မားမားရှိရာမြို့ကလေးဆီအတူပြန်လာခဲ့ကြတာ။ ဘယ်လိုပဲပြောပြောမရတဲ့အဆုံးမှာတော့ ကျန့်ကောကယင်းအာရီမရှိတော့တဲ့အိမ်ကလေးမှာတစ်ယောက်တည်းနေတယ်။ မားမားကအတူလာနေဖို့ပြောပေမယ့်စီနီယာအစ်ကိုကြီးကမလိမ်မိုးမလိမ္မာလေးဖြစ်နေတုန်းပါပဲ။
"မျက်လုံးအာရုံစိုက်ရတာများပြီမလား
ကျွန်တော်တို့စက်ဘီးပတ်စီးကြမလားဗျ"
ပန်းချီဆွဲနေတဲ့ပြာလွင်လွင်ကျောပြင်လေးကိုကြည့်ရင်းဝမ်ရိပေါ်ပြောလိုက်တယ်။ ကျန့်ကောကညနေတွေဆိုအိမ်ထဲမှာပဲပန်းချီဆွဲနေတတ်တယ်။ ဝမ်ရိပေါ်ကတော့ထုံးစံအတိုင်းအချစ်ရှိရာလာရတာပဲပေါ့။
"ငါမှစက်ဘီးမစီးတတ်တာ"
ဆေးစပ်ထားတဲ့ပစ္စည်းတွေနဲ့စုတ်တံကိုချပြီးဝမ်ရိပေါ်ဖက်ကိုလှည့်လာရင်း ကျန့်ကောကပြောပါတယ်။ မျက်မှောင်ကလေးကျုံ့ပြီးပြောနေတဲ့ကျန့်ကောက ဟိုးအရင်အချိန်ကရိပေါ်တိတ်တခိုးချစ်ခဲ့ရတဲ့စီနီယာအစ်ကိုကြီးနဲ့ဘာမှကွာခြားမသွားပါဘူး။ အရိပ်တကြည့်ကြည့်မြတ်နိုးဖို့ကောင်းတုန်းပါပဲ။
"ကျွန်တော်ရှိတယ်လေဗျာ
ကျွန်တော်ကျန့်ကောကိုတင်ခေါ်မှာပေါ့"
ဝမ်ရိပေါ်ပြောတော့ကျန့်ကောကခေါင်းအသာညိမ့်တယ်။ ပြီးတော့ဘာမှမပြောဘဲပန်းချီဆွဲတဲ့ပစ္စည်းတွေကိုထသိမ်းနေတယ်။ ဒါဟာသူ့စီနီယာအစ်ကိုကြီးကလက်ခံလိုက်ပြီဆိုတဲ့အဓိပ္ပါယ်ပဲ။ မားမားဆုချထားတဲ့ပြိုင်ဘီးလေးကစီးဖို့အဆင်မပြေတော့တာမို့စက်ဘီးတစ်စီးအသစ်ဝယ်ထားတယ်။ ဒါကလည်းမားမားသဘောကျလုပ်ထားတာပါပဲ။ အခုတော့နှစ်ယောက်စီးလို့ရတဲ့စက်ဘီးလတ်လတ်ကလေးကဖြစ်သွားပြီ။ စျေးတော့သိပ်မများပေမယ့်ပေါ့။
"သွားမယ် ထ!"
ပစ္စည်းတွေသိမ်းပြီးဖြစ်သွားတဲ့ကျန့်ကောကဝမ်ရိပေါ်အနားလာရပ်ရင်းပြောတယ်။ အပြာနုရောင်လက်ရှည်လေးဆီကပိုလျှံပြီးထွက်လာတဲ့လက်ချောင်းတွေကိုသွားဆုတ်ကိုင်လိုက်တော့တစ်ချက်ငဲ့ကြည့်လာတယ်။ ဘာမှတော့မပြောပါဘူး။ နှုတ်ကနေထုတ်ဖော်မပြောရင်တောင်ကျန့်ကောကဒီလိုအပြုအမူနွေးနွေးလေးတွေကိုသဘောကျကြောင်းမျက်ဝန်းတွေကနေတဆင့်ရိပေါ်သိပါတယ်။
"ကျွန်တော့်ခါးကိုသေချာကိုင်ထားပါဗျ"
စက်ဘီးပေါ်ကိုခွတက်လိုက်တဲ့ကျန့်ကောကိုဝမ်ရိပေါ်ပြောတော့ ကျန့်ကောကခေါင်းတစ်ချက်ညိမ့်တယ်။ စက်ဘီးကိုစနင်းလိုက်တာနဲ့ကျန့်ကောလက်ချောင်းတွေကဝမ်ရိပေါ်ခါးဆီရောက်လာတယ်။ ကျန့်ကောကလူကြောက်လေးပါပဲ။ အထက်တန်းကျောင်းသားဘဝတုန်းကခပ်ဆိုးဆိုးစီနီယာအစ်ကိုကြီးပုံစံဖမ်းနေပေမယ့်တကယ်တော့အသည်းငယ်တတ်တဲ့ယုန်ကလေးဖြစ်နေတယ်။ စက်ဘီးပေါ်ကပြုတ်ကျမှာကိုသူ့စီနီယာအစ်ကိုကြီးစိုးရိမ်နေပုံရပါတယ်။
စက်ဘီးရဲ့ဘီးကလေးတစ်ပတ်ချင်းလိမ့်သွားတာနဲ့အတူ နွေဦးရာသီရဲ့လေပြေညှင်းလေးကမျက်နှာကိုလာရိုက်ခတ်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားတဲ့နွေဦးလေပြေနဲ့အတူစက်ဘီးကလေးဟာတလိမ့်လိမ့်။ ကျန့်ကောခန္ဓာကိုယ်ကပိန်သွယ်သွယ်ပဲမို့စက်ဘီးနင်းရတာလေးနေတာမျိုးမရှိဘဲသက်တောင့်သက်သာပါပဲ။
"မင်းငါ့လက်ကိုငုံ့ကြည့်မနေဘဲနင်း"
ရိပေါ်ရဲ့ခါးဆီရစ်သိုင်းထားတဲ့ကျန့်ကောလက်ကိုခဏခဏငုံ့ကြည့်နေတော့ ကျန့်ကောကသိသွားပုံရတယ်။ ဆူသလိုလေသံလေးနဲ့ပြောလာတယ်။
"ဟုတ်ကဲ့ ကျန့်ကောမကြိုက်ရင်မကြည့်တော့ဘူးဗျ"
လက်ချောင်းတွေဆီကနေအကြည့်လွှဲလိုက်ပြီးစက်ဘီးကိုသေချာနင်းလိုက်တယ်။ ကျန့်ကောကတော့ဘာမှပြန်မပြောတော့ဘူး။ တကယ်တော့ကျန့်ကောကပိတ်ပင်ချင်တာမျိုးမဟုတ်ဘဲစက်ဘီးလဲမှာစိုးနေတာပါ။ ဝမ်ရိပေါ်ကလည်းကျန့်ကောလက်ကိုပဲသွားကြည့်မိနေတာကိုး။
အခုသွားနေတာကမြို့ပတ်လမ်းလေးဆီကို။ တစ်နည်းအားဖြင့်ဝမ်ရိပေါ်ရဲ့အားလပ်ချိန်တွေကုန်ဆုံးရာထဲကတစ်နေရာ။ အဲ့ဒီမြို့ပတ်လမ်းလေးမှာဝမ်ရိပေါ်နဲ့လင်းဝေ့နှစ်ယောက်သားစက်ဘီးပတ်စီးခဲ့ဖူးတယ်။ ပြီးတော့စက်ဘီးလည်းလဲဖူးခဲ့သေးတယ်။ မြို့ပတ်လမ်းလေးကအရင်ကအတိုင်းပဲ။ ထင်းရှူးတန်းတွေကလည်းရာသီအလိုက်စိမ်းလန်းလိုက်ငြှိုးနွမ်းလိုက်ဖြစ်နေတုန်း။ ပြီးတော့တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီးလျှောက်နေကြတဲ့ချစ်သူစုံတွဲတွေကိုလည်းဟိုတစ်တွဲဒီတစ်တွဲတွေ့ရတုန်း။
"ဝမ်ရိပေါ်"
"ဗျာ"
မြို့ပတ်လမ်းဘေးကထိုင်နေကျခုံလေးမှာထိုင်နေတုန်း ကျန့်ကောကခေါ်လာတာမို့ဝမ်ရိပေါ်ထူးလိုက်တယ်။ သူ့စီနီယာအစ်ကိုကြီးကတော့ဝမ်ရိပေါ်ကိုကြည့်မနေဘူး။ လမ်းတစ်ဖက်ဆီကစုံတွဲတွေကိုကြည့်နေလေရဲ့။
"ကျောင်းပြီးရင်ဘာလုပ်မှာလဲ မင်းစဥ်းစားပြီးပြီလား"
စုံတွဲတွေဆီကနေအကြည့်လွှဲလာပြီးဝမ်ရိပေါ်ကိုကြည့်လာရင်းကျန့်ကောကမေးပါတယ်။ တကယ်တော့ရည်ရွယ်ချက်များများစားစားမရှိပါဘူး။ သူ့စီနီယာအစ်ကိုကြီးအနားမှာအရိပ်လိုကပ်နေချင်တဲ့စိတ်ဆန္ဒသေးသေးလေးပဲရှိတယ်။ ကျန့်ကောကလိုလားရင်ပေါ့။
"ကျွန်တော် ကျန့်ကောအနားမှာနေဖို့ကလွဲပြီးဘာမှမစဥ်းစားမိပါဘူး"
ရိပေါ်ပြောတော့ကျန့်ကောကနှုတ်ခမ်းထောင့်စွန်းလေးတွေကွေးအောင်တိုးတိုးရယ်တယ်။ ပြီးတော့မှ'ငါအတည်မေးနေတာ'တဲ့။
"ကျွန်တော်တကယ်ပြောတာ
ကျူးလစ်ခင်းကိုထပ်တိုးချဲ့ဖို့တွေးထားတယ် ပြီးရင်တော့ကျန့်ကောရဲ့ပြခန်းမှာတောက်တိုမယ်ရလုပ်ပေးမယ်လေဗျာ"
ဝမ်ရိပေါ်ကအတည်ပေါက်ပြောတော့ ကျန့်ကောကပြုံးရင်းခေါင်းညိမ့်ပါတယ်။ စကားအများကြီးထုတ်မပြောကြဘဲတစ်ယောက်ကိုတစ်ယောက်နားလည်သိရှိလာတာနဲ့အမျှ ကျန့်ကောရဲ့အမူအရာလေးတစ်ခုချင်းဆီမှာ ဝမ်ရိပေါ်သိရှိစေနိုင်တဲ့မေတ္တာအငွေ့အသက်လေးတွေပါနေတတ်ပါတယ်။
"ကျန့်ကောမှတ်မိလား"
"ဘာကိုလဲ"
ဝမ်ရိပေါ်ရဲ့အမေးကိုကျန့်ကောကမျက်ခုံးလေးတစ်ဖက်ပင့်ပြရင်းပြန်မေးလာတယ်။ အပိုပြောတာမဟုတ်ဘဲ ကျန့်ကောကသိပ်ချစ်စရာကောင်းလွန်းတယ်။ မျက်ခုံးလေးတစ်ချက်ပင့်တာကအစ၊မျက်တောင်ဖျားလေးလှုပ်ခတ်သွားတာကအဆုံး အရိပ်တကြည့်ကြည့်မြတ်နိုးနှစ်သက်ချင်စရာတွေချည်း။
"ကျွန်တော့်ကိုကျန့်ကောအနာကပ်ပလာစတာလေးပေးဖူးတယ်"
ဝမ်ရိပေါ်စကားကိုကျန့်ကောကခပ်ဖွဖွပြုံးရင်းခေါင်းညိမ့်ပါတယ်။
"အဲ့ဒီနေ့ကအနာကပ်ပလာစတာတွေအိမ်မှာပေါတယ်လို့တောင်မင်းပြောသေးတယ်"
ကျန့်ကောစကားသံခပ်ဖွဖွမှာဝမ်ရိပေါ်ကပထမဆုရတဲ့ကလေးငယ်လေးလိုဘဝင်မြင့်သွားတယ်။ အဲ့ဒီလောက်ထိမှတ်မိလိမ့်မယ်လို့ဝမ်ရိပေါ်မထင်ခဲ့မိတာအမှန်ပါပဲ။ ထင်ရှူးရွက်တွေကလေတစ်ခါဝှေ့တိုင်းဖြာခနဲကြွေကျလာတတ်တယ်။ ညနေခင်းလေးဟာအစစအရာရာပြီးပြည့်စုံနေပါတယ်။ ဝမ်ရိပေါ်ကတော့ရှောင်းကျန့်လက်ချောင်းတွေကိုမြတ်မြတ်နိုးနိုးထွေးဆုတ်ထားတာမို့ပိုပြီးပြည့်စုံပါတယ်။
"အမာရွတ်ရှိသေးလား"
"ဗျာ"
ထွေးဆုတ်ခွင့်တရားဝင်ရသွားပြီဖြစ်တဲ့လက်ချောင်းတွေကိုပြုံးရင်းငုံ့ကြည့်နေတုန်းကျန့်ကောအသံကြောင့်ပြန်မော့ကြည့်လိုက်ပေမယ့် ဘာပြောတယ်ဆိုတာသေချာမသိလိုက်ပါဘူး။
"စက်ဘီးလဲတဲ့အမာရွတ်ရှိသေးလားလို့မေးတာ"
သေချာသိသွားပြီဖြစ်တဲ့မေးခွန်းကိုဝမ်ရိပေါ်ခေါင်းခါလိုက်တယ်။
"မရှိတော့ဘူးဗျ အမာရွတ်ပျောက်ဆေးဝယ်လိမ်းလိုက်တာ ဒါပေမယ့်အနာကပ်ပလာစတာအခွံလေးတော့ကျွန်တော့်မှာရှိနေသေးတယ်"
ခေါင်းယမ်းရင်းဖြေလာတဲ့ဝမ်ရိပေါ်ရဲ့အဖြေကိုကြားတော့ ကျန့်ကောကပြုံးတယ်။ ထင်ရှူးရွက်ကြွေတွေနဲ့အတူ၊နေခြည်ဖြာနေတဲ့ညနေခင်းနဲ့အတူ၊နွေဦးရဲ့လေပြေညှင်းနဲ့အတူ ကျန့်ကောအပြုံးတွေကခပ်လွင်လွင်။ တော်သေးတာပေါ့။ ဒီစီနီယာအစ်ကိုကြီးအပြုံးမြင်ခွင့်ရနေသေးလို့။
"မင်း ငါ့ကိုစိတ်မနာဘူးလား
ငါမင်းအပေါ်အများကြီးမကောင်းခဲ့ဘူးလေ"
ဒီမေးခွန်းဟာဒီရက်တွေအတွင်း၊ အတိအကျပြောရရင်ကျန့်ကောရဲ့အချစ်ကိုရပြီးနောက်ပိုင်းခဏခဏကြားရတတ်တဲ့မေးခွန်းဖြစ်ပါတယ်။ ကျန့်ကောကဝမ်ရိပေါ်အပေါ်မကောင်းခဲ့ဘူးဆိုတဲ့အတွေးနဲ့နောင်တသေးသေးလေးကိုထွေးပိုက်ထားတုန်းပါပဲ။ ပြီးတော့ယင်းအားရီအတွက်သားကောင်းတစ်ယောက်မဖြစ်ခဲ့ဘူးဆိုတဲ့အတွေးတွေလည်းရှိနေပါသေးတယ်။ တကယ်ပြန်တွေးကြည့်ရင်ကုန်ဆုံးခဲ့တဲ့အချိန်အတွင်းကျန့်ကောကသာတစ်ယောက်တည်းဖြစ်နေခဲ့တာမလား။ တကယ်တော့ကျန့်ကောကနောင်တတရားတွေနဲ့မသက်ဆိုင်တဲ့လူပါ။
"စိတ်နာစရာလား ကျန့်ကောရာ
ကျွန်တော့်စိတ်ကျွန်တော့်ကိုယ်နဲ့ ကျွန်တော်ကျန့်ကောကိုချစ်ခဲ့တာလေ
ကျန့်ကောပယောဂမပါတာမို့အဲ့ဒီအတွေးမတွေးပါနဲ့လားဗျာ"
ထွေးဆုတ်ထားတုန်းဖြစ်တဲ့လက်ချောင်းသွယ်တွေကိုပိုပြီးတင်းအောင်ဆုတ်လိုက်ရင်းဝမ်ရိပေါ်ပြောမိတယ်။
"အဲ့ဒီလိုနောင်တတွေရနေရင် ကျွန်တော်စိတ်မကောင်းဖြစ်ရမှာကျန့်ကောသိရဲ့သားနဲ့"
ဝမ်ရိပေါ်ပြောတော့ကျန့်ကောဆီကသက်ပြင်းချသံသဲ့သဲ့ကိုကြားရတယ်။မများပြားတဲ့စိတ်ဆန္ဒတွေထဲမှာ ကျန့်ကောမှာရှိတဲ့နောင်တဆိုတဲ့အရာတွေပျောက်ကွယ်သွားစေချင်တာလည်းပါ,ပါတယ်။ ကျန့်ကောကိုချစ်ဖို့ကျန့်ကောကစေခိုင်းခဲ့တာမှမဟုတ်တာ။ ဝမ်ရိပေါ်ကိုယ်တိုင်ကစိတ်လိုလက်ရချစ်ခဲ့၊မြတ်နိုးခဲ့မိတာပါ။ ဖြတ်သန်းခဲ့ရတဲ့ရက်တွေမှာချစ်ခြင်းမေတ္တာအားဖြင့်အေးစေ၊ချမ်းစေခဲ့တဲ့ရက်တွေချည်းပါပဲ။ ကျန့်ကောရှိနေခြင်းဆိုတဲ့အသိနဲ့တင် ရိပေါ်ဆီမှာပြည့်စုံနေခဲ့ပါတယ်။
"ဝမ်ရိပေါ်"
ဝမ်ရိပေါ်လက်ထဲကနေလက်ချောင်းတွေကိုရုန်းထွက်ရင်းကျန့်ကောကခေါ်တယ်။ ဘာလို့ရုန်းထွက်တာလဲလို့ဝမ်ရိပေါ်ကငြူစူပြီးမမေးမိပါဘူး။မေးဖို့အကြောင်းလည်းမရှိဘူး။ ကျန့်ကောလုပ်သမျှအကြောင်းအရာတွေတိုင်းမှာအကြောင်းပြချက်ခိုင်ခိုင်မာမာရှိနေမှာပါပဲ။
"ပြောပါဗျ ကျွန်တော်ကျန့်ကောစကားကိုနားထောင်နေပါတယ်"
ဝမ်ရိပေါ်စကားအဆုံးလက်ထဲရောက်လာတာက အလယ်တန်းနဲ့အထက်တန်းတစ်လျှောက်လုံးဝမ်ရိပေါ်သုံးခဲ့တဲ့မျက်မှန်ဝိုင်းကလေး။ မျက်ကပ်မှန်တပ်ထားတော့အဲ့တာကိုမလိုတော့တာမို့အခန်းထဲသိမ်းထားခဲ့တာ။ ကျန့်ကောဘယ်ကရလာသလဲတော့သူလည်းမသိဘူး။
"ကျန့်ကောဘယ်ကရလာတာလဲဗျ"
ဝမ်ရိပေါ်မေးတော့ကျန့်ကောကချက်ချင်းမဖြေသေးဘဲထင်ရှူးရွက်တွေကြွေတာကိုငေးမောကြည့်နေတယ်။ အဲ့ဒီအခါကျန့်ကောရဲ့မျက်တောင်ရှည်တွေကရှေ့ဖက်ဆီကိုဖြောင့်စင်းလို့။
"အားရီပေးတာ...မဟုတ်ဘူး...အားရီဆီကငါတောင်းလာတာ"
ကျန့်ကောဖြေသံကခပ်တိုးတိုးထွက်လာတယ်။
"ဘာလုပ်မလို့လဲဗျ မျက်မှန်မပါလည်းကျွန်တော်ကျန့်ကောကိုမြင်ရတယ်လေ"
နားမလည်သလိုဝမ်ရိပေါ်ပြောတော့ ကျန့်ကောကခေါင်းအသာခါတယ်။ ပြီးတော့'မင်းမြင်ရတာငါသိပါတယ်'တဲ့။ အဲ့ဒီနောက်ဘာမှမပြောဖြစ်တော့ဘဲ ကျန့်ကောကထင်းရှူးရွက်ကြွေတွေကိုပဲငေးကြည့်နေပြန်တာမို့ဝမ်ရိပေါ်လည်းကျန့်ကောကိုပဲငေးကြည့်နေလိုက်တယ်။ ဝမ်ရိပေါ်ကထင်းရှူးရွက်ကြွေတွေကိုမကြည့်ချင်ဘူး။ ကျန့်ကောကိုပဲတစ်သက်စာငေးကြည့်နေချင်ခဲ့တာ။ ထင်းရှူးတစ်ရွက်ကြွေလာတိုင်းဖျတ်ခနဲလှုပ်သွားတတ်တဲ့မျက်တောင်ဖျားလေးတွေမှာ ဝမ်ရိပေါ်ကရင်တစ်ခါခုန်တယ်။ ပြီးတော့တစ်ကြိမ်ထပ်ပြီးချစ်မိတယ်။
"ဝမ်ရိပေါ်"
"ဗျာ"
ကျန့်ကောမျက်နှာကိုလက်ထောက်ပြီးငေးနေတုန်းကျန့်ကောကရုတ်တရက်လှည့်လာပြီးခေါ်တာမို့ဝမ်ရိပေါ်ကခေါင်းပြန်ထောင်လိုက်တယ်။
"ခဏလေးငြိမ်ငြိမ်နေ"
ပြောရင်းဆိုရင်းကျန့်ကောကဝမ်ရိပေါ်ကိုမျက်မှန်ဝိုင်းကလေးတပ်ပေးလာတယ်။ အခုအနေအထားနဲ့ဆိုဝမ်ရိပေါ်ကအလယ်တန်းကျောင်းသားလေးနဲ့တူနေမလားပါပဲ။
"မင်း ငါ့ကိုစီနီယာအစ်ကိုကြီးလို့တစ်ခေါက်လောက်ပြန်ခေါ်ပေးမလား"
ကြည်ကြည်စင်စင်မျက်ဝန်းကလေးတွေနဲ့ကျန််ကောကပြောလာတဲ့အခါ ဝမ်ရိပေါ်ခေါင်းညိမ့်လိုက်တယ်။ ဘယ်လိုအခေါ်အဝေါ်ပဲဖြစ်ပါစေ၊ကျန့်ကောသဘောကျကျေနပ်နေဖို့အရေးကြီးပါတယ်။
"စီနီယာအစ်ကိုကြီး"
"အင်း"
ဝမ်ရိပေါ်ခေါ်တော့ သူ့စီနီယာအစ်ကိုကြီးကလိုတာရသွားတဲ့ကလေးတစ်ယောက်လိုပြုံးရင်းထူးတယ်။
"ကျွန်တော်ကျန့်ကောကို!..မဟုတ်ဘူး
စီနီယာအစ်ကိုကြီးကိုချစ်တယ်ဗျ ဟိုးစတွေ့တည်းကနေအခုထိ"
ဝမ်ရိပေါ်အပြောကြောင့်ကျန့်ကောကပြုံးတယ်။
"နောက်ကာလတွေအတွက်ရောမပြောတော့ဘူးလား"
"စီနီယာအစ်ကိုကြီးလိုလားသ၍ ကျွန်တော်ကစီနီယာအစ်ကိုကြီးအနားမှာရှိနေပေးမှာလေဗျာ"
လေးလေးနက်နက်နဲ့ပြောမိပါတယ်။ ဒါဟာအပိုစကားမဟုတ်ဘဲ ကျန့်ကောစိတ်ထဲမှာဝမ်ရိပေါ်အတွက်နေရာတစ်နေရာစာရှိနေတဲ့အထိ ဝမ်ရိပေါ်ကကျန့်ကောအနားမှာရှိနေပေးဖို့ရည်ရွယ်ထားပါတယ်။
"ငါ့တစ်ဘဝလုံးစာအတွက်ငါမင်းကိုလိုအပ်တယ်လေ ဝမ်ရိပေါ်"
ရိပေါ်မျက်လုံးတွေဆီသေချာကြည့်ရင်း ကျန့်ကောကပုံမှန်အသံလေးနဲ့ပြောလာပါတယ်။
"တစ်ဘဝလုံးဆိုလည်းတစ်ဘဝလုံးပေါ့
ကျွန်တော့်ကိုစိတ်ချလို့ရပါတယ်ဗျာ"
မျက်မှန်ကိုင်းကိုငယ်ငယ်တုန်းကလိုပင့်တင်ရင်းဝမ်ရိပေါ်ပြောတော့ကျန့်ကောကပြုံးနေတယ်။
"စီနီယာအစ်ကိုကြီးသောက်တတ်တဲ့apple juiceတွေကိုတစ်ဘဝလုံးစာဝယ်တိုက်ရမယ်ဆိုရင်လည်းကျွန်တော်ဝယ်တိုက်နိုင်ပါတယ်ဗျ"
ကျန့်ကောဆီကအပြုံးနုနုလေးလွင့်ကျလာတယ်။ ညနေခင်းကထင်းရှူးတွေကြွေလွင့်ပုံထက်ကျန့်ကောအပြုံးနုနုလေးကစွဲမက်မြတ်နိုးဖို့ကောင်းပါတယ်။
"မင်းမှတ်မိသေးသားပဲ"
ကျန့်ကောကပြုံးရင်းပြောလာတယ်။ အမှတ်တမဲ့တိုင်းဟာအမှတ်တရဖြစ်လာတတ်တာမှန်ပေမယ့်ကျန့်ကောနဲ့ပတ်သက်တဲ့အရာတိုင်းဟာဝမ်ရိပေါ်အတွက်ဘယ်သောအခါမှအမှတ်တမဲ့မဖြစ်ခဲ့ပါဘူး။ နှလုံးသားအောက်ခြေအထိစွဲမြဲမှတ်သားထားတဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေဖြစ်နေခဲ့ပါတယ်။
"ကျန့်ကောမို့ပါ ကျန်တာတွေဆိုကျွန်တော်မမှတ်မိပါဘူးဗျာ"
ဝမ်ရိပေါ်စကားကြောင့်ကျန့်ကောကထပ်ပြုံးတယ်။ တကယ်အမှန်ပါပဲ။ ကျန်တဲ့အကြောင်းအရာတွေဆိုဝမ်ရိပေါ်သိချင်မှသိတော့မှာ။
"ဘာရယ်မဟုတ်ပါဘူး"
"ဗျာ"
ကျန့်ကောစကားကြောင့်နားမလည်သလိုအသံပြုတော့ကျန့်ကောကဘာမှပြန်မဖြေသေးဘဲသက်ပြင်းသာသာရှိုက်တယ်။
"ငါ့နောက်တကောက်ကောက်လိုက်ပြီး ငါ့ကိုအမြဲအရိပ်တကြည့်ကြည့်လုပ်နေတတ်တဲ့အလယ်တန်းကျောင်းသားလေးဝမ်ရိပေါ်ကိုလွမ်းလို့"
ဘာကြောင့်မျက်မှန်ဝိုင်းကလေးကိုပြန်ယူလာရသလဲဆိုတဲ့မေးခွန်းကိုသွယ်ဝှိုက်သောနည်းနဲ့ကျန့်ကောကဖြေပါတယ်။ မျက်မှန်ဝိုင်းလေးတပ်လိုက်တာနဲ့အတိတ်ရဲ့အငွေ့အသက်တွေကထွေးပွေ့တယ်။ ကျန့်ကောလိုချင်တာဒါပါပဲ။ အရင်တစ်ချိန်ကဝမ်ရိပေါ်ကိုတခုတ်တရသတိရပေးတဲ့အတွက် ဝမ်ရိပေါ်ကတော့ကျန့်ကောကိုကျေးဇူးတင်ပါတယ်။
"ငါ့ကိုလွှတ်ချဖို့မဆုံးဖြတ်ခဲ့လို့ကျေးဇူးပဲ ဝမ်ရိပေါ်"
ကျေးဇူးတင်စကားကနှလုံးသားအထိရိုက်ခတ်တယ်။ လွှတ်ချဖို့နေနေသာသာ၊တွန်းထုတ်ရင်တောင်ကပ်တွယ်ဖို့ကြိုးစားဦးမယ့်သူပါ။
"ကျန့်ကောကိုလက်လွှတ်ဖို့အထိကျွန်တော့်မှာသတ္တိမရှိတာကျန့်ကောသိတယ်မလားဗျာ"
ဝမ်ရိပေါ်မေးတော့ကျန့်ကောကပြုံးရင်းခေါင်းညိမ့်ပါတယ်။
"အင်း ငါသိတယ်"
အဖြေကတိုးတိုးလျလျပါပဲ။ ဝမ်ရိပေါ်ရဲ့ညနေခင်းအတွက်တော့ဒါဟာဆည်းလည်းသံလေးတွေထက်ပိုတယ်။ နွေရဲ့လေညှင်းလေးထက်ပိုတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့စိတ္တဇနာမ်လေးနဲ့ထပ်တူညီပါတယ်။
//တစ်ဦးတစ်ယောက်ကိုချစ်မြတ်နိုးရခြင်းဟာဒါပါလားလို့သိရတဲ့အခါ ကျောပြင်ပြာကလေးကိုစတွေ့ရတယ်။ အဲ့ဒီကျောပြင်ပြာကလေးကိုငေးမောရသမျှစက္ကန့်တွေဟာအမှတ်တရတွေဖြစ်ခဲ့ပါတယ်//
#TayyYizhan
28.12.2022(Wed)
A/N လွမ်းနေကြမယ်လို့ထင်လို့special chapterကိုnew yearလက်ဆောင်အဖြစ်လာပေးတာပါ။ အကယ်၍အပိုင်းပိုကိုမနှစ်သက်တာမျိုးဖြစ်ခဲ့ရင်လည်း တေးကပဲတောင်းပန်ပါတယ်။ အခုဆိုရင်တော့တကယ်နှုတ်ဆက်ရပြီပဲဖြစ်ပါတယ်။ နောက်ထပ်အပိုင်းမရှိတော့တာသေချာပါပြီ💙