ဆွေးနွေးပွဲပြီးတာတစ်ပတ်ရှိသွားပြီ။ ဆွေးနွေးပွဲအပြီးမှာကိုယ်ယောင်ဖျောက်သလိုမျိုး ကျန့်ကောကပျောက်သွားတယ်။ ဖမ်းလို့မမိနိုင်တဲ့အခိုးအငွေ့လေးလိုမျိုး၊လက်ဆုတ်လက်ကိုင်ပြလို့မရတဲ့လေဟာနယ်ကလေးလိုမျိုး အဲ့ဒီအစ်ကိုကြီးဟာပျောက်ကွယ်သွားပြန်တယ်။ ဒါပေမယ့်ရိပေါ်ကတော့ဒီတစ်ခါတိတ်တိတ်လေးပြိုလဲနေမယ့်သူမဟုတ်ဘူး။ တစ်မြေတည်းရှိနေတာသေချာပြီဖြစ်တဲ့အတွက်မရရအောင်ရှာဦးမယ်။ ပြောစရာစကားတွေရင်နဲ့မဆန့်အောင်ရှိသလိုယင်းအားရီရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ကျန့်ကောမြို့ငယ်လေးဆီပြန်လာဖို့ကိုလည်းရိပေါ်တောင်းဆိုရဦးမယ်။ စိတ်လိုလက်ရလိုက်မလာမချင်း ကပ်ပါးကောင်လေးလိုတွယ်ကပ်ရလိမ့်ဦးမယ်။ ကျန့်ကောနဲ့ပြန်တွေ့တဲ့အကြောင်းလင်းဝေ့ကိုပြောတော့ လင်းဝေ့ကတအံ့တသြနဲ့။ ပြီးမှ'ဒီတစ်ခါတော့လွှတ်မပေးတော့နဲ့'တဲ့။ ရိပေါ်ကတော့ရယ်နေရုံဘဲ။ အဲ့ဒီအစ်ကိုကြီးကမှသဘောမကျဘူးဆိုရင်လွှတ်ပေးလိုက်ရုံကလွဲပြီးဘာတတ်နိုင်ဦးမှာလဲလေ။
ရိပေါ်အရင်လိုခပ်တုံးတုံးစာကြမ်းပိုးလေးမဟုတ်တော့ဘူး။ အကြောင်းအရာတွေအများကြီးကိုသေချာသိတဲ့လူငယ်လေးဝမ်ရိပေါ်ဖြစ်လာပြီ။ ဒါပေမယ့်အဲ့ဒီအစ်ကိုကြီးကိုမျက်နှာအညှိုးမခံချင်၊ အဲ့ဒီအစ်ကိုကြီးဆီကသက်ပြင်းချသံသဲ့သဲ့လေးတောင်မကြားချင်တဲ့ဝမ်ရိပေါ်ဖြစ်နေတုန်းဘဲ။ မြို့ငယ်လေးဆီပြန်ခေါ်လာမယ်။ ချစ်တဲ့အကြောင်း၊မြတ်နိုးရတဲ့အကြောင်း၊ ဒီအတောအတွင်းလွမ်းခဲ့ရတဲ့နေ့တွေအကြောင်း တဖွဲ့တနွဲ့နားထောင်လိုသမျှပြောမယ်။ ဒါပေမယ့်မကပ်တွယ်ပါနဲ့လို့ပြောရင် ဆက်ပြီးရှိနေမယ့်သူမျိုးလည်းမဟုတ်ပြန်ပါဘူး။ အဲ့ဒီအစ်ကိုကြီးဆီမှာစိတ်ရှုပ်စရာသတ္တဝါလေးအဖြစ်ရှိမနေချင်ဘူး။ နေခွင့်ရသမျှကာလပတ်လုံး၊နီးစပ်ခွင့်ရသမျှအချိန်နာရီအားလုံးမှာ ကျန့်ကောပျော်နေဖို့ဘဲမြင်ချင်တဲ့သူ။ အရာအားလုံးကိုအဲ့ဒီရှောင်းကျန့်ဆိုတဲ့လူဆီမှာဘဲမြှုပ်နှံထားတဲ့သူ။ ပြောရရင်ကျန့်ကောက ဝမ်ရိပေါ်အမြတ်နိုးဆုံးအပြာရောင်နာမ်ကလေးဘဲဖြစ်မယ်။ အထိအခိုက်မရှိစေချင်။ ပြီးတော့အနာတရကင်းစေချင်။
ဒီရက်တွေအတွင်းကျောင်းမှာရသလောက်စုံစမ်းခဲ့ပေမယ့်ဘာမှရေရေရာရာမသိရဘူး။ ကျောင်းသားရေးရာမှာကျန့်ကောရဲ့နာမည်ပြောပြီးလိပ်စာကိုရှာခဲ့ပေမယ့် မြို့ငယ်လေးကယင်းအားရီအိမ်လိပ်စာကိုဘဲတွေ့ခဲ့ရတယ်။ ပန်းချီပြခန်းဆိုတာကိုတော့ရိပေါ်မသွားရသေးဘူး။ အလုပ်နဲ့ကျောင်းနဲ့ဆိုတော့မသွားနိုင်သေးတာပါဘဲ။ အလုပ်ပိတ်ရက်ကျရင်တော့လင်းဝေ့နဲ့သွားဖို့တွေးထားတယ်။ ရိပေါ်အရင်လိုလွမ်းမနေတော့ဘူး။ ပြန်ဆုံခဲ့ပြီးပြီဘဲ။ နောက်တစ်ကြိမ်မရရအောင်ရှာဖို့ကရိပေါ်တာဝန်ပေါ့။ ဒါကမခက်ပါဘူး။
"သွားတော့မှာလား"
ရေကိုအလောသုံးဆယ်ချိုးပြီးထွက်လာတဲ့သူ့ကိုလင်းဝေ့ကဆီးကြိုပြီးမေးတယ်။ အလုပ်ကတစ်ပတ်မှတစ်ရက်ဘဲပိတ်တာဖြစ်တဲ့အတွက် ကျန်တဲ့ခြောက်ရက်လုံးရိပေါ်ကရေကိုအေးအေးဆေးဆေးချိုးလို့မရဘူး။ ကျောင်းကပြန်လာတာနဲ့အဆောင်ရဲ့ရေချိုးခန်းထဲပြေးဝင်ပြီးဇွတ်ချိုးချိုးရတော့တာဘဲ။ အတော်လေးကတိုက်ကရိုက်နိုင်တယ်ဆိုပေမယ့် ပညာတစ်ပိုင်းတစ်စဖြစ်နေတဲ့ရိပေါ်ကိုအလုပ်ပေးထားတာကိုကကျေးဇူးတင်စရာပါဘဲ။
"အင်း သွားတော့မှာ ခုဘယ်နှနာရီရှိသွားပြီလဲ"
အဖြူရှောင်တီရှပ်ကိုခေါင်းကနေစွပ်နေရင်း လင်းဝေ့ကိုရိပေါ်လှမ်းမေးလိုက်တယ်။
"3:50ရှိနေပြီ ပြေးတော့ ဖေ့သား"
အလုပ်ချိန်ကတအားနီးနေပြီမို့ပြင်ဖို့ဆင်ဖို့အချိန်သိပ်မရတော့ဘူး။ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့မီးခိုးရင့်ရောင်ဆံပင်တွေကိုလက်နဲ့ပြင်လိုက်တယ်။ ဒီထက်ပိုပြီးအချိန်မရှိတော့ဘူး။
"ငါသွားပြီ လင်းဝေ့
အပြန်ကျတစ်ခုခုမှာချင်တာရှိရင်စာပို့ထားလိုက်"
"အေး ကောင်းကောင်းသွားဦး
ခလုတ်လည်းတိုက်ဦးမယ်"
ခပ်လောလောနှုတ်ဆက်ပြီးထွက်လာတဲ့ရိပေါ်ကို လင်းဝေ့ကဖုန်းသုံးနေရင်းလှမ်းအော်သေးတယ်။ ရိပေါ်တို့ကအဆောင်ရဲ့အပေါ်ထပ်မှာနေတာမို့ အောက်ကိုဆင်းချင်ရင်လှေကားကိုဖြတ်ရသေးတယ်။ ဒါကြောင့်မို့လင်းဝေ့ကခလုတ်တိုက်ဦးမယ်လို့အော်နေတာပါဘဲ။ လင်းဝေ့ကချင်းအာကိုကြိုက်တယ်ဆိုတာတကယ်ပြောခဲ့တာ။ မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်ခဲ့ပေမယ့် ခုတော့ချင်းအာနဲ့အတော်တောင်ရင်းနှီးနေပြီ။ အခုလည်းချင်းအာနဲ့စကားပြောနေတာဘဲဖြစ်လိမ့်မယ်။ ရိပေါ်ကသာကြိတ်ချစ်ရတုန်းဆိုပေမယ့်လင်းဝေ့ကတော့သွက်တယ်။ သူပြောခဲ့သလိုဘဲ လင်းဝေ့ကရိပေါ်ထက်အရင်ရည်းစားရနိုင်တဲ့သူ။
"ကျွန်တော်ရောက်ပြီဗျ ဦးလေးလျို"
ဆိုင်ထဲကိုဝင်ဝင်ချင်း ရိပေါ်လှမ်းပြောလိုက်တယ်။ အချိန်ကလုံးဝကွက်တိဘဲ။ ရိပေါ်ဆိုင်ထဲကိုရောက်တော့4:00ထိုးသွားပြီ။ ကောင်တာမှာအလုပ်ရှုပ်နေပုံရတဲ့ဦးလေးလျိုကရိပေါ်အသံကြားတော့ စာရွက်တစ်ရွက်ကိုင်လာရင်း ရိပေါ်ထိုင်နေတဲ့စားပွဲဝိုင်းဆီကိုလျှောက်လာတယ်။
"ဒီနေ့ပို့ရမှာသိပ်တော့မများဘူးကွ
ငါးနေရာတည်း ခုမှရောက်တာဆိုတော့ခဏနားပြီးမှသွားပို့ချင်လည်းပို့ ခုပို့ချင်လည်းပို့"
လိပ်စာတွေရေးထားတဲ့စာရွက်ကိုပေးရင်း ဦးလေးလျိုကပြောလာတယ်။ ဦးလေးလျိုကတကယ်သဘောကောင်းတယ်။ အလုပ်ရှင်ဆိုပြီးဖိနှိပ်တာမျိုးလည်းမရှိဘူး။ ကိုယ့်တူလို၊သားလိုမျိုးဘဲဆက်ဆံတတ်တယ်။ ဒါပေမယ့်ရိပေါ်ကတော့အခွင့်အရေးကိုလိုတာထက်ပိုမယူတတ်ပါဘူး။ နောက်မှသွားပို့လည်းရတယ်ဆိုပေမယ့် အချိန်ကြာတယ်ဆိုပြီးဆိုင်နာမည်မပျက်စေချင်ဘူး။ စနစ်တကျထုတ်ပိုးထားတဲ့Pizzaဘူးအထပ်လိုက်ကိုကြည့်ရင်း အခုဘဲသွားပို့ဖို့ရိပေါ်တွေးလိုက်တယ်။
"ကျွန်တော်အခုဘဲသွားလိုက်မယ်ဗျ"
"ဟုတ်ပြီ ဟုတ်ပြီ ဆိုင်ကယ်ကိုဂရုစိုက်မောင်း"
ဦးလေးလျိုကိုနှုတ်ဆက်ပြီးpizzaဘူးတွေကိုမရင်းဆိုင်ပြင်ကိုထွက်လာလိုက်တယ်။ ညနေခင်းကိုရောက်ပြီမို့နေတအားမပူတော့ဘူး။ ဒါပေမယ့်တစ်ချက်တစ်ချက်တိုက်တတ်တဲ့လေတွေကတော့ပူတုန်း၊နွေးတုန်းဘဲ။ ဆိုင်ကယ်ဦးထုပ်ရဲ့မေးသိုင်းကြိုးကိုသေချာတပ်ပြီးတော့ရိပေါ်အလုပ်စတော့တယ်။ ဘယ်အရာကိုမဆိုတာဝန်ကြေအောင်လုပ်တတ်တဲ့ရိပေါ်ကို ဦးလေးလျိုကလည်းသဘောကျတယ်။
ဆိုင်ကယ်ဘီးတစ်ပတ်အလှိမ့်မှာတစ်ချက်ချင်းဝေ့လာတတ်တဲ့လေပူတွေကြောင့် မြို့ငယ်လေးရဲ့လမ်းမကလေးကိုတောင်သတိရမိသေးတယ်။ ဝေ့ခနဲတိုက်ခတ်လာတဲ့လေနုအေးကိုသဘောကျလို့ရိပေါ်စက်ဘီးစီးဖူးတယ်။ အဲ့ဒီလမ်းမကလေးမှာဘဲရိပေါ်စက်ဘီးလဲဖူးတယ်။ ပြီးတော့အဲ့တာကြောင့်ဘဲတစ်စုံတစ်ယောက်ဆီက အနာကပ်ပလာစတာလေးရခဲ့ဖူးတယ်။ အရာရာဟာလွမ်းမောစရာ၊မြို့ငယ်လေးဟာလည်းလွမ်းမောစရာ၊ သူ့အစ်ကိုကြီးကတော့ချစ်စရာ။
"ကျေးဇူးပါဗျ ကောင်းကောင်းသုံးဆောင်လိုက်ပါဦး
ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ"
နောက်ဆုံးပို့တဲ့အိမ်ပြီးတော့ အချိန်ကအတော်လေးစောနေသေးတယ်။ အလုပ်လုပ်တာကျင့်သားရလာသလိုပေကျင်းလမ်းမတွေကိုလည်းအတော်လေးအလွတ်ရနေပြီ။ အလုပ်စဝင်ခါစရက်တွေတုန်းကလောက်အိမ်ရှာဖို့အချိန်မပေးရတော့ဘူး။ pizzaပို့ပြီးပြီဖြစ်တဲ့အတွက်ဆိုင်ကိုဘဲပြန်ဖို့တွေးလိုက်တယ်။ အချိန်ကကျန်နေသေးတာကိုး။ ရိပေါ်အလုပ်ချိန်မှမပြီးသေးဘဲ။
"ဦးလေးလျို ကျွန်တော်ပြန်ရောက်ပြီဗျ
ဒီမှာလက်ခံရရှိကြောင်းလက်မှတ်တွေနဲ့ပြေစာတွေပါ"
လက်ခံရရှိကြောင်းစာရွက်နဲ့ပိုက်ဆံကိုလှမ်းပေးတော့ဦးလေးလျိုကခေါင်းတစ်ချက်ညိမ့်ရင်းယူတယ်။ ပြီးတော့ထုံးစံအတိုင်းလိပ်စာတွေကိုတိုက်စစ်နေတယ်။ ရိပေါ်ကတော့အေးအေးဆေးဆေးပါဘဲ။ နောက်ထပ်pizzaလှမ်းမှာတဲ့သူမရှိဘဲအလုပ်ချိန်ပြည့်သွားရင်အဆောင်ပြန်ရုံဘဲရှိတော့တယ်။
"မြန်သားဘဲ ဝမ်ရိပေါ်
နောက်ထပ်pizzaမှာတဲ့သူရှိမရှိမသိရသေးဘူးဆိုတော့အလုပ်ချိန်ပြည့်အောင်စောင့်လိုက်ဦးကွာ"
ရိပေါ်ပုခုံးကိုတစ်ချက်ပုတ်ရင်းဦးလေးလျိုကပြောတယ်။
"ရတယ်ဗျ ကျွန်တော်စောင့်ပါ့မယ်"
ရိပေါ်အဖြေကိုခေါင်းတစ််ချက်ညိမ့်ပြုံးပြရင်းဦးလေးလျိုကကောင်တာဆီကိုထွက်သွားတယ်။ ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ဖုန်းကအသိပေးချက်အသံမြည်လာတာကြောင့်ထုတ်ကြည့်တော့ လင်းဝေ့ကစာပို့ထားတယ်။ 'အပြန်ကျရင်ခေါက်ဆွဲဝယ်ခဲ့ပေးပါဗျ ရိပေါ်ကောကော အဆောင်ညစာကြီးမစားချင်လို့'တဲ့။ 'အေး'လို့တစ်လုံးတည်းပြန်ပို့လိုက်တာကလွဲရင်ရှည်ရှည်ဝေးဝေးတွေပြောမနေတော့။ တစ်နှစ်လုံးမကဘဲနောက်နှစ်တွေပါဆက်စားရမယ့်အဆောင်ထမင်းကိုနေ့ရွှေ့ညရွှေ့လုပ်နေတဲ့သကောင့်သားကိုရိပေါ်လည်းမနိုင်တော့ပါ။
အချိန်တွေတအားပိုနေတာဖြစ်တဲ့အတွက်ဖုန်းကိုဟိုပွတ်ဒီပွတ်လုပ်ရင်းအင်တာနက်သုံးနေလိုက်တယ်။ ရိပေါ်ကအင်တာနက်သုံးတယ်ဆိုပေမယ့်တကူးတကကြီးသုံးနေတာမျိုးမဟုတ်ဘူး။ ပြီးတော့အင်တာနက်မှာရိပေါ်ရှာကြည့်တာဆိုလို့နံနံပင်အကြောင်းကလွဲရင်ဘာမှမရှိဘူး။ ဘဝမှာအနှစ်သက်ဆုံးနဲ့ဖြတ်ရအခက်ဆုံးသံယောစဥ်ဆိုရင် နံနံပင်နဲ့ကျန့်ကောဘဲ။ ကျန့်ကောထက်အရင်နံနံပင်ကိုတွေ့တာဆိုတော့ နံနံပင်ကသံယောစဥ်ဦးလိုဘဲ။ ကိုယ့်ဟာကိုယ်တွေးနေရင်းနဲ့သဘောတကျပြုံးမိတယ်။ ဘာမှမဆိုင်လည်းအတွေးထဲမှာ ရှောင်းကျန့်ဆိုတဲ့အစ်ကိုကြီးကပါပြန်တယ်။ တကယ့်နွယ်စိမ်းလေးဘဲ။
"ဟုတ်ပြီခင်ဗျ အခန်းနံပါတ်လေးတစ်ချက်ပြောပါဦး"
ဘာရယ်မဟုတ်ကောင်တာဆီကိုကြည့်မိတော့ဦးလေးလျိုကဖုန်းပြောနေတယ်။ စကားအခြေအနေအရ ရိပေါ်pizzaသွားပို့ရတော့မယ်နဲ့တူပါတယ်။ ဖုန်းကိုခဏပိတ်ထားလိုက်ပြီးဘောင်းဘီအိတ်ကပ်ထဲထည့်ထားလိုက်တယ်။ အလုပ်ချိန်မှာဖုန်းသုံးနေတာတကယ်တော့မကောင်းပါဘူး။
"ဆယ်မိနစ်အတွင်းရောက်လာပါလိမ့်မယ်ဗျ ကျေးဇူးပါ"
ကျေးဇူးတင်စကားပြောပြီး ဦးလေးလျိုကဖုန်းကိုချလိုက်တယ်။ ပြီးတော့လိပ်စာရေးထားပုံရတဲ့စာရွက်ကလေးကိုကိုင်ရင်း ရိပေါ်အနားကိုရောက်လာတယ်။
"အလုပ်တော့ပေါ်လာပြီ ဝမ်ရိပေါ်ရေ
ဒီလိပ်စာကိုpizzaသွားပို့ပေးဦး"
စာရွက်ကလေးကိုပေးလာရင်း ဦးလေးလျိုကပြောတယ်။ ဦးလေးလျိုပေးတဲ့စာရွက်ကိုယူရင်းရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။
"ဟုတ်ပြီ ဦးလေးလျို
အခုဘဲသွားလိုက်မယ်ဗျ"
"7:00လည်းထိုးပြီးနေပြီဆိုတော့ အဲ့တာပို့ပြီးရင်မင်းဒီကိုမလာဘဲအဆောင်ကိုပြန်လိုက်တော့ ဆိုင်ကယ်ကိုမနက်ဖြန်ကျမှပြန်ယူလာခဲ့ပေါ့"
ဦးလေးလျိုကိုခေါင်းညိမ့်ပြရင်း ဆိုင်ကယ်ဦးထုတ်ကိုကောက်စွပ်ပြီးမေးသိုင်းကြိုးကိုတပ်လိုက်တယ်။ ညဘက်ရောက်လာပြီဆိုတော့လေပူတွေမရှိတော့ဘူး။ ပေကျင်းရဲ့ညကထုံးစံအတိုင်းဘဲကာလာစုံနဲ့လင်းကျင်းနေတယ်။ လိပ်စာထဲမှာပါတဲ့ကွန်ဒိုကနည်းနည်းဝေးတယ်။ ဒါပြီးရင်တော့ညစာကိုဇွတ်ဝယ်ပြီးအဆောင်ကိုTaxiနဲ့အမြန်ပြန်မှဖြစ်လိမ့်မယ်။ ကွန်ဒိုကိုရောက်ပြန်တော့လည်းအခန်းနံပါတ်ကိုရှာရသေးတယ်။ အခန်းနံပါတ်က(13)။ တော်သေးတာကကြာကြာမရှာရလို့ပါဘဲ။ ရိပေါ်တကယ်အမြန်ပြန်မှဖြစ်မယ်။ အဆောင်တံခါးပိတ်သွားရင်အပြင်မှာအိပ်ရမှာစိတ်ညစ်စရာ။
~ဒေါက်~ဒေါက်~ဒေါက်~
အခန်းနံပါတ်(13)ရဲ့အခန်းတံခါးကိုခေါက်လိုက်တော့ချက်ချင်းလာဖွင့်မပေးဘူး။ ရိပေါ်အလျင်လိုနေတာမို့နောက်တစ်ကြိမ်ထပ်ခေါက်ဖို့ပြင်တုန်းအခန်းတံခါးကပွင့်လာတယ်။
"Pizzaလာပို့တာပါခင်ဗျာ အရသာရှိရှိ!.."
ပြောလက်စ,စကားတွေဟာလေထဲမှာရပ်တန့်ကုန်တယ်။ ဒီတစ်ပတ်လုံးလုံးရှာခဲ့ရဲ့သားနဲ့မတွေ့ခဲ့တဲ့လူက အခုတော့တိုက်တိုက်ဆိုင်ဆိုင်ရိပေါ်ရှေ့မှာရောက်နေတယ်။ ဟိုးနှစ်တွေကလိုပါဘဲ။ ဒဏ်ရာတွေနဲ့မျက်နှာကိုဆေးထည့်ပေးဖို့အခန်းတံခါးခေါက်ခဲ့တုန်းကလိုမျိုး ပြောင်းလဲသွားတာတွေမရှိဘူး။ ရိပေါ်ကလည်းအခန်းထဲကိုဝင်ဖို့တုံ့ဆိုင်းနေတုန်း။ အဲ့ဒီအစ်ကိုကြီးကလည်းပြာလွင်လွင်ရှပ်ကလေးနဲ့မြတ်နိုးစရာကောင်းနေတုန်း။
"ရပ်မနေဘဲဝင်ခဲ့တော့ ဝမ်ရိပေါ်"
တစ်ချိန်တုန်းကလိုလေသံမျိုးနဲ့ကျန့်ကောကသူ့ကိုခေါ်တယ်။ မမှတ်မိဘူးလို့ထင်ခဲ့တာ။ အတိအကျကြီးကိုမှတ်မိနေသားဘဲ။ ယုတ်စွအဆုံး 'မင်းကငါအထက်တန်းတုန်းကငါ့ကိုတစ်ချိန်လုံးလိုက်ကပ်နေတဲ့ကောင်လေးနဲ့နည်းနည်းတူတယ်'လို့ပြောရင်တောင်ရိပေါ်ကတော့ကျေးဇူးတင်နေဦးမှာဘဲ။ ကျန့်ကောရဲ့ဦးနှောက်ထဲမှာအမှုန်အမွှားသေးသေးလေးအဖြစ်ရှိနေရရင်တောင် ရိပေါ်ကတော့ကျေနပ်တယ်။
ကျန့်ကောအခန်းကဘာမှထူးထူးခြားခြားရှိမနေဘူး။ အထက်တန်းကျောင်းသားဘဝကအခန်းလေးလိုဘဲ။ အိပ်ယာကုတင်လေးရယ်၊ထိုင်စရာဆိုဖာအသေးလေးရယ်နဲ့ပန်းချီကားနှစ်ချပ်အပြင်ဘာမှထွေထွေထူးထူးမရှိပါဘူး။ မပြောင်းလဲသေးဘူး။ အရင်လိုဘဲချစ်နေရတုန်းဘဲ။
"ကျန့်ကော"
ရိပေါ်ခေါ်တော့ ကျန့်ကောမျက်ဝန်းတွေကနည်းနည်းလေးလှုပ်ခတ်သွားတယ်။ စက္ကန့်ဝက်စာလောက်ဆိုပေမယ့် သူ့အစ်ကိုကြီးအပေါ်နေပြောက်ထိုးမှာတောင်မကြိုက်တဲ့ရိပေါ်ကတော့အသေအချာကြီးသတိထားမိလိုက်ပါတယ်။
"အင်း ပြော"
"ညစာမစားဘဲpizzaတွေစားမလို့လားဗျာ"
ရိပေါ်ကမေးတော့အဲ့ဒီအစ်ကိုကြီးကခေါင်းညိမ့်တယ်။ မပြောင်းမလဲစွာဘဲ ထမင်းမှန်မှန်မစားတတ်သေးဘူး။
"ကျွန်တော်တစ်ခုခုလုပ်ပေးရမလား pizzaတွေမဟုတ်ဘဲနဲ့ဘာစားချင်လဲဗျ"
ရိပေါ်ကမေးတော့ဆိုဖာခုံပုလေးပေါ်မှာထိုင်နေတဲ့ကျန့်ကောကမော့ကြည့်လာတယ်။ ပြီးတော့မေးသေးတယ်။ 'မင်းကဟင်းချက်တတ်လို့လား'တဲ့။
"အရမ်းအရသာရှိပါ့မလားမသိပေမယ့် စိတ်မပျက်အောင်တော့လုပ်ပေးနိုင်ပါတယ်ဗျာ"
ရိပေါ်ကပြောတော့ကျန့်ကောကခပ်ဖွဖွပြုံးတယ်။ မီးဖိုခန်းပါရှိတာမို့သွားကြည့်တော့အသားတချို့နဲ့အသီးအရွက်အပြင်ဘာမှမရှိဘူး။ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တာဘာရှိလဲစဥ်းစားတော့အဖြေကဖက်ထုပ်ဘဲထွက်လာတယ်။ ရိပေါ်ကအဆောင်ပြန်ဖို့တောင်သတိမရတော့ဘူး။ အချိန်မှန်မစားတဲ့အစ်ကိုကြီးကိုညစာကျွေးဖို့ဘဲခေါင်းထဲရှိတော့တယ်။
"မပြောင်းလဲသေးဘူဆိုရင်ဖက်ထုပ်တော့ကြိုက်ဦးမယ်ထင်ပါတယ်ဗျ"
ဖက်ထုပ်ပူပူထည့်ထားတဲ့ပန်းကန်ကိုချပေးရင်းရိပေါ်ပြောလိုက်တယ်။
"မင်းအများကြီးပြောင်းလဲသွားတယ် ဝမ်ရိပေါ်"
ရိပေါ်မေးခွန်းနဲ့ပတ်သက်မှုမရှိပါဘဲနဲ့ ကျန့်ကောကအဲ့လိုပြောလာတယ်။ ဝမ်ရိပေါ်ကမပြောင်းလဲပါဘူး။ ဟိုးအရင်ကလိုအညိုရောင်ဆံပင်ခပ်အုပ်အုပ်တွေနေရာမှာမီးခိုးရင့်ရောင်ဆံပင်တွေရှိလာတာကလွဲရင်၊ မျက်မှန်ဝိုင်းကလေးနေရာမှာမျက်ကပ်မှန်ကိုအစားထိုးခဲ့တာကလွဲရင် ဘာမှမပြောင်းလဲခဲ့ဘူး။ ရင်ဘတ်တစ်နေရာကနေနင့်နေအောင် ရှောင်းကျန့်ကိုချစ်တဲ့ဝမ်ရိပေါ်ဖြစ်နေတုန်း။ မပြောင်းမလဲအဲ့ဒီအစ်ကိုကြီးကိုဘဲချစ်နေတုန်း။
"ကျွန်တော်မပြောင်းလဲပါဘူး ပြီးတော့ပြောင်းလဲသွားမှာကိုလည်းကြောက်တယ်"
ကြောက်တယ်။ ရှောင်းကျန့်ကိုငေးခွင့်မရတော့မှာကြောက်တယ်။ ရှောင်းကျန့်ကိုချစ်ခွင့်မရတော့မှာကြောက်တယ်။ အဆုံးရှောင်းကျန့်နောက်တစ်ကြိမ်ထပ်ပျောက်သွားမှာသေမလောက်ကြောက်တယ်။ ရိပေါ်အဖြေကိုကြားတော့ကျန့်ကောကနားမလည်သလိုကြည့်တယ်။ နားလည်အောင်ရှင်းပြဖို့လည်းရိပေါ်မကြိုးစားပါဘူး။ ဒီအတိုင်းလေးဘဲနေ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုအဆုံးအစမဲ့ချစ်ပေးနေဦးမှာ။
"ဒီအတောအတွင်းအဆင်ပြေခဲ့ရဲ့လား"
ဖက်ထုပ်ပူပူကိုငုံ့စားနေတဲ့အစ်ကိုကြီးကရိပေါ်အမေးကိုချက်ချင်းပြန်မဖြေသေးဘူး။ ဖက်ထုပ်ကိုနှစ်လုတ်ဆက်တိုက်စားပြီးကျေညက်အောင်ဝါးနေသေးတယ်။
"အဆင်မပြေဘူးရယ်လို့တော့မဟုတ်ပေမယ့် ငါစိတ်ရှုပ်စရာတွေအများကြီးကြုံခဲ့တယ်"
ဖက်ထုပ်စားနေတဲ့တူကိုချပြီးကျန့်ကောကအဲ့လိုပြောတယ်။ ဒီအတောအတွင်းထွေးပွေ့မယ့်သူမရှိဘဲပြိုလဲနာကျင်နေခဲ့မလားတွေးမိတော့ စောစောမရှာတွေ့ခဲ့တဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးအပြစ်တင်မိတယ်။ ဒီလိုတွေပင်ပန်းနေခဲ့မယ်မှန်းသိရင် အဲ့ဒီနေ့ကထွက်မသွားအောင်ဆွဲထားမိခဲ့မှာ။
"ရှောင်းကျန့်"
တစ်ခါမှမခေါ်ဖူးတဲ့အသုံးအနှုန်းနဲ့ခေါ်လိုက်တော့ ကျန့်ကောကအံ့အားသင့်သလိုကြည့်လာတယ်။
"အင်း"
အထက်တန်းကျောင်းသားရှောင်းကျန့်လိုဘဲ 'အင်း'တစ်ခွန်းတည်းပြန်ဖြေပေမယ့် ရိပေါ်ကတော့အပြစ်မမြင်နိုင်ဘဲချစ်ရပြန်တာပါဘဲ။
"နောက်တစ်ခါစိတ်ရှုပ်စရာတွေရှိလာရင် ကျွန်တော့်ကိုလာပြီးပြသနာရှာပါလား အနားမှာကျွန်တော်ရှိနေတော့မှာမို့တစ်ယောက်တည်းမပင်ပန်းပါနဲ့လားဗျာ"
ရိပေါ်စကားကိုကျန့်ကောကဘာမှပြန်မပြောတော့ဘူး။ ကျန့်ကောအဲ့လိုပါဘဲ။ လျစ်လျူရှူ့ဥပေက္ခာပြုတဲ့နေရာမှာတကယ်တော်ပါတယ်။ ဆန္ဒတွေကရိုးရိုးရှင်းရှင်းပါဘဲ။ အဲ့ဒီလူပျော်နေဖို့ဘဲမျှော်လင့်တယ်။ ပေးဆပ်ရတာတွေကိုမသိလည်းရပါတယ်။ အဲ့ဒီညကအဆောင်တံခါးပိတ်သွားလို့စာသင်ခန်းထဲမှာဖြစ်သလိုအိပ်ခဲ့ရတဲ့ဝမ်ရိပေါ်အကြောင်းကို ရှောင်းကျန့်မသိလည်းရတယ်။ အဲ့ဒီအစ်ကိုကြီးညစာကောင်းကောင်းစားဖြစ်သွားတာနဲ့တင်ဝမ်ရိပေါ်ကကျေနပ်ပါတယ်။
~ချစ်လို့ပေးဆပ်တာဘဲ အချစ်ရယ်
ကိုယ့်သဘောနဲ့ကိုယ်ချစ်ခဲ့တာမို့ ခင်ဗျားပယောဂမပါဘူးလို့ခံယူပါတယ်~
#TayyYizhan
17.9.2022(Sat)
A/N pizzaပို့ပါတယ်ဆို Yamahaကြီးနဲ့တော့မဟုတ်ဘူးလေကွယ် ဘယ့်နှယ်Yamahaနဲ့pizzaပို့ရမှာတုန်း အူတွေတောင်နာတယ်🤣