စီနီယာအစ်ကိုကြီးမရှိတဲ့ကျောင်းဖွင့်ရက်တွေက တကယ်ငြီးငွေ့စရာကောင်းပါတယ်။ ကျောင်းတက်ရတာမကြာသေးပေမယ့် တက္ကသိုလ်ကျောင်းပိတ်ရက်ကိုလက်ချိုးရေနေတဲ့ရိပေါ်က တကယ်ကလေးလိုဘဲ။ ယင်းအားရီဆီကနေကြားရသလောက်ကတော့ အဆောင်ကိစ္စလည်းအဆင်ပြေပြီး အဆောင်မှူးကလည်းသဘောကောင်းတာမို့ ကံကောင်းတယ်လို့ဆိုရမယ်တဲ့။
ဒါပေမယ့် ရောက်စက ရေပြောင်းမြေပြောင်းမို့ဖျားသေးတယ်ပြောတော့ ရိပေါ်ခမျာ ပြေးပြီးထွေးပွေ့လိုက်ချင်စိတ်တွေကတပွေ့တပိုက်။ ဒီအစ်ကိုကြီးကအဆိုးအဆာလေးဆိုတော့ ဆေးမှသောက်ဖြစ်ပါ့မလား ရိပေါ်တကယ်စိတ်ပူသွားခဲ့သေးတာ။ ပြီးတော့ရန်တွေမဖြစ်ဘဲအားလုံးနဲ့သင့်သင့်မြတ်မြတ်နေစေချင်တယ်။ ရန်ဖြစ်လို့ဒဏ်ရာရလာတဲ့အခါ ဆေးထည့်ပေးဖို့ စီနီယာအစ်ကိုကြီးအနားမှာ ရိပေါ်ရှိမနေတာမို့ နဂိုထက်ပိုပြီးစိတ်ပူပါတယ်။
"အိုက်ယား!!! စာတွေမှားကုန်ပြီ ဒုက္ခဘဲ"
အတွေးတွေလွန်ပြီးတွက်နေတဲ့သချ်ာပုစ္ဆာတွေပါရောကုန်တယ်။ ဝမ်ရိပေါ်ကအဲ့လိုအမြဲတမ်းဖြစ်တယ်။ ကျန့်ကောအကြောင်းတွေးလိုက်ရင်း အယောင်ယောင်အမှားမှားအလွဲလွဲအချော်ချော်။ ကျန့်ကောကိုတအားလွမ်းနေပေမယ့် အေးအေးဆေးဆေးမလွမ်းရဲဘူး။ ရိပေါ်မှာစာကျက်စရာတွေများတယ်။ အတန်းကြီးလာတာနဲ့အမျှစာလုပ်စရာဆိုတာများလာတာဘဲလို့ မားမားကပြောတယ်။ တချို့တွေအတွက်စာဆိုတာအကြောင်းမဟုတ်ပေမယ့် ဝမ်ရိပေါ်ကတော့အကျိုးရဖို့စာလုပ်မှဖြစ်မယ်။ ဒါမှအထက်တန်းကိုကောင်းကောင်းအောင်ပြီး ပေကျင်းတက္ကသိုလ်ကိုတက်နိုင်မှာ။ ပြီးတော့ စီနီယာအစ်ကိုကြီးကိုရောတွေ့ရမှာ။
စာတွေကျက်တယ်၊ သချ်ာတွေတွက်တယ်၊ ဒီကြားထဲမှာ ရရင်ရသလိုအချိန်လုပြီးကျန့်ကောကိုလွမ်းပါတယ်။ Wang Yibo's To Do Listထဲမှာထည့်ရေးမထားပေမယ့် နှလုံးသားလေးထဲမှာတော့အဝါရောင်စာတန်းသေးသေးလေးချိတ်ဆွဲထားသေးတယ်။
-ကျန့်ကောကို အချိန်မှန်လွမ်းရန်
~~~
ဒီနေ့ကစနေနေ့။ ဝမ်ရိပေါ်ရဲ့ကျောင်းပိတ်ရက်။ အားလပ်ရက်တော့မဟုတ်ဘူး။ ရိပေါ်မှာစာတွေလုပ်စရာရှိသေးတယ်။
အပြင်မှာမိုးတွေခပ်ဖွဲဖွဲကျနေတယ်။ မိုးအေးနေရင်အိပ်လို့ကောင်းတယ်ဆိုတဲ့ရိပေါ်ကို ဒီမနက်စာဝိုင်းရောက်လာဖို့ မားမားခမျာအတော်ကြိုးစားလိုက်ရတယ်။ နဂိုတည်းကဝမ်ရိပေါ်ကအအိပ်မက်တာကိုး။
"နွားနို့ထပ်ယူဦးမလား ဝမ်ပေါင်ပေ့"
"တော်ပြီ မား"
နွားနို့ဖန်ချိုင့်ကိုမေးငေါ့ပြရင်း မားမားကမေးလာတာမို့ ရိပေါ်ခေါင်းယမ်းပြလိုက်တယ်။ ခုထိလည်းသူ့နွားနို့ခွက်ကအပြည့်နီးပါးရှိနေတုန်း။ ပေါင်မုန့်နှစ်ချပ်ကိုင်ပြီးထိုင်နေတဲ့ရိပေါ်က အိပ်ချင်မူးတူးပုံစံနဲ့။ မျက်ခွံမို့မို့ကိုမျက်မှန်ဝိုင်းလေးနဲ့ကာထားတယ်။ ဆံပင်တွေကလည်းနည်းနည်းပွနေတော့ အိပ်ရာနိုးခါစလသားကလေးကိုမျက်မှန်တပ်ပေးထားတဲ့အတိုင်းဘဲ။
"မနက်ခင်းစောစောထမှ လူကလန်းတာဝမ်ပေါင်ပေ့ရဲ့"
အိပ်ချင်မူးတူးဖြစ်နေတဲ့ရိပေါ်ကို မားမားကအဲ့လိုပြောတယ်။ ရိပေါ်တော့အဲ့အဆိုပြုချက်ကိုငြင်းချင်ပါတယ်။ စောစောထရတဲ့မနက်ခင်းတွေဆို ဝမ်ရိပေါ်ကတော့မလန်းဆန်းပါ။
"မနက်စာစားပြီးရင် လေ့ကျင့်ခန်းလေးဘာလေးလုပ် ဒါမှခန္ဓာကိုယ်က!..."
Ring~Ring~Ring
သြဝါဒတွေခြွေနေရင်း အချိန်ကိုက်ထမြည်လာတဲ့အိမ်ဖုန်းကြောင့် မားမားကပြောလက်စ,စကားကိုရပ်ပြီး ဖုန်းကိုင်ဖို့ထသွားတယ်။ ရိပေါ်ကတော့ ဖုန်းလာတာကိုသိပ်စိတ်မဝင်စားပါ။ လင်းဝေ့ကလည်းကျောင်းမှာနေ့တိုင်းတွေ့နေရတော့ ဖုန်းဆက်မှာမဟုတ်။
'အားကျန့် နေကောင်းရဲ့လား ကလေး'
နွားနို့သောက်နေရင်းနဲ့ မားမားအသံကြောင့် ရိပေါ်ခေါင်းထောင်ကြည့်မိတယ်။ ကျန့်ကောလားလို့လှမ်းမေးချင်ပေမယ့် မားမားကသူ့ကိုကျောပေးရင်းဖုန်းပြောနေတာမို့ သူကြည့်နေတာကိုမြင်မှာမဟုတ်ဘူး။
'အားရီကနေကောင်းပါတယ် အားကျန့်သာဂရုစိုက် နေကောင်းအောင်နေ စာကြိုးစား
ပြီးတော့အချိန်မှန်စား ကြားလား'
တစ်ဖက်ကပြောတာတွေကို ရိပေါ်မကြားရပေမယ့် မားမားကတော့ ရင်ခွင်ပိုက်ကလေးလေးအဝေးထွက်သွားသလို တတွတ်တွတ်မှာနေတယ်။ ရိပေါ်လည်းမေးချင်ပါတယ်။ အစစအရာရာအဆင်ပြေပြီးအထိအခိုက်ကင်းရဲ့လားဆိုတာ ရိပေါ်မေးကြည့်ချင်တယ်။
'သြော် ရိပေါ်လား မနက်စာစားနေတာ
နေဦး ခဏ သားညီလေးဆီဖုန်းပေးလိုက်ဦးမယ်'
မားမားက ရိပေါ်ကိုလှည့်ကြည့်ရင်း ဖုန်းထဲကကျန့်ကောကိုပြောတယ်။ ကျန့်ကောကဖုန်းပြောချင်ရဲ့လားမသိပေမယ့် စီနီယာအစ်ကိုကြီးအပေါ် ရိပေါ်တအားခင်တွယ်တာကို မားမားကသိတယ်။ လက်ယပ်ခေါ်နေတဲ့မားမားအနားကိုသွားရပ်လိုက်တော့ မားမားကဖုန်းကိုထိုးပေးပြီးထွက်သွားတယ်။ မျက်နှာလွှဲခဲပစ်လုပ်သွားတဲ့မားမားကို ရိပေါ်အပြစ်မမြင်နိုင်သေးပါ။ စီနီယာအစ်ကိုကြီးကိုဘာပြောရမလဲဆိုတာ အပြေးအလွှားစဥ်းစားနေရတယ်။
'ဟယ်လို စီနီယာအစ်ကိုကြီး'
'အင်း'
ဖုန်းထဲကနေ စီနီယာအစ်ကိုကြီးရဲ့အသက်ရှူသံခပ်တိုးတိုးကို ရိပေါ်ကြားနေရတယ်။ ကျောင်းစာသိပ်တော်တဲ့ရိပေါ်က ခုတော့ဖုန်းပြောဖို့စကားလေးတွေကို အပြင်းအထန်စုဆောင်းနေရတယ်။
'စီနီယာအစ်ကိုကြီး အဲ့ဒီမှာအစစအရာရာအဆင်ပြေရဲ့လားဗျ'
ရိပေါ်မေးတော့ စီနီယာအစ်ကိုကြီးကချက်ချင်းမဖြေသေးဘူး။ သက်ပြင်းချသံတိုးတိုးလေးကို ရိပေါ်ကြားလိုက်ရတယ်။ သက်ပြင်းချသံကတိုးညှင်းလွန်းပေမယ့် ကျန့်ကောရဲ့အနီးအနားကလေငွေ့လေးတွေကိုတောင်ဖမ်းဆုတ်ထားတတ်တဲ့သူ့အတွက် ဒါဟာသိသာလွန်းနေတယ်။ ပြီးတော့ စိုးရိမ်ပါတယ်။ သူ့ကျန့်ကောအဆင်မှပြေရဲ့လား၊ တကယ်မှပျော်ရဲလား။
'ငါကအားလုံးအဆင်ပြေပါတယ်'
ငါကအားလုံးအဆင်ပြေပါတယ်ဆိုတော့ ရိပေါ်ကိုအဆင်ပြေမနေဘူးလို့များ စီနီယာအစ်ကိုကြီးတွေးနေသလား။မဟုတ်ဘူး အဆင်ပြေပါတယ်။ ဝမ်ရိပေါ်အဆင်ပြေတယ်။ ဒါပေမယ့် အဲ့တာကညာတာဆိုတာလည်း ဝမ်ရိပေါ်ဘဲသိတယ်။ စီနီယာအစ်ကိုကြီးမပါတဲ့နေ့ရက်တွေမှာ ရိပေါ်အဆင်လည်းမပြေသလို နေလည်းမနေချင်ပါဘူး။
'ဟုတ်ကဲ့ အစစအရာရာအဆင်ပြေရင်ပြီးတာပါဘဲ'
'အင်း စိတ်ပူဖို့မလိုပါဘူး ငါ့အတွက်'
လေလှိုင်းထဲကစကားလုံးတွေကြောင့် ရိပေါ်ရင်ဘတ်တွေနင့်ခနဲပါဘဲ။ အပိုတမ်းသက်သက်ဆိုရင်တောင် ဒီလူ့အပေါ်ပူပင်စိတ်တွေကို ရိပေါ်မထိန်းချုပ်နိုင်ပါဘူး။ လိုအပ်လာတဲ့အချိန်ထုတ်သုံးလိုက်ပေါ့၊ မလိုတဲ့အခါ ဝမ်ရိပေါ်ကိုချောင်ထိုးထားလိုက်ဦး။ ကျေနပ်နေဦးမှာဘဲ။ ချစ်ရင်အပြစ်မမြင်ဘူးဆိုတာလည်းမှန်တယ်။ နှလုံးသားဟာလည်း လွန်ဆန်လို့မရဘူး။ ဒီအဆိုးအဆာလေးမှဒီအဆိုးအဆာလေး။
'မားမားကိုပေးလိုက်တော့မယ်ဗျ
ကျန်းမာရေးဂရုစိုက်ပါ စီနီယာအစ်ကိုကြီး'
'အင်း'
မားမားရှိမှန်းမသိ၊မရှိမှန်းမသိရမ်းပြောလိုက်ပေမယ့် အချိန်ကိုက်ဆိုသလိုမားမားကအနားရောက်လာတာမို့ ဖုန်းကို မားမားဆီပြန်ပေးလိုက်တယ်။ ရိပေါ်ကတော့ နွားနို့ဖန်ခွက်ရှေ့ရောက်လာတယ်။ ငုတ်တုတ်ထိုင်နေတဲ့သူ့ကို /ငါတို့ကိုမစားတော့ဘူးလား ဝမ်ရိပေါ်/လို့ ပေါင်မုန့်နှစ်ချပ်ကမေးတယ်။ အသင့်ကြိုနေတဲ့ပန်းကန်ပြားထဲကပေါင်မုန့်နှစ်ချပ်ကိုကိုက်ဖဲ့နေရင်း မားမားဖုန်းပြောတာကိုခိုးနားထောင်မိတယ်။
ဘာဘဲဖြစ်ဖြစ်ကျန်းမာရေးကိုတော့ အထူးဂရုစိုက်စေချင်တယ်။ ကိုယ်ကျန်းမာရေးအပြင် စိတ်ကလေးပျော်ရွှင်ရေးကိုပါရည်ညွှန်းတယ်။ စိတ်ကလေးပျော်မှ ကျန့်ကောကပြုံးဖြစ်မှာ။ ယင်းအားရီကပြောဖူးတယ်။ သူ့စီနီယာအစ်ကိုကြီးမှာယုန်တွေလိုမျိုး ချစ်စရာကောင်းတဲ့ရှေ့သွားကြီးကြီးလေးနှစ်ချောင်းရှိတယ်တဲ့။ ယုန်တွေကချစ်စရာကောင်းတာတော့ အမှန်လို့ရိပေါ်လက်ခံပါတယ်။ ဒါပေမယ့် စီနီယာအစ်ကိုကြီးသာယုန်သွားလေးနှစ်ချောင်းပေါ်အောင်ရယ်ခဲ့ရင် ယုန်တွေထက်ပိုချစ်စရာကောင်းပါလိမ့်မယ်။ ဟက်ဟက်ပက်ပက်ရယ်နေတာမမြင်ဖူးပေမယ့် နဂိုဂျစ်ကန်ကန်လေးကိုတောင်နေမရ၊ထိုင်မရလောက်အောင်ချစ်တဲ့သူမို့ ယုန်ကလေးလိုရယ်ပြရင် ဝမ်ရိပေါ်ကတော့ ကျန့်ကောကိုထုတ်သိမ်းထားမိမယ်ထင်ပါတယ်။
မားမားဖုန်းပြောတာကို ခိုးနားထောင်ရင်း အဆုံးသတ်စကားမှာရိပေါ်သိပ်ကျေနပ်သွားတယ်။ မားမားက ကျန့်ကောကိုမှာတယ်။ 'ပိတ်ရက်တွေကျဖြစ်နိုင်ရင်ပြန်လာခဲ့ အားကျန့်'တဲ့။ ခုတော့ ဝမ်ရိပေါ်ဟာ ကျောင်းပိတ်ရက်တွေကိုမျှော်တတ်လာတယ်။ ပြက္ခဒိန်ကိုကြည့်ပြီး ပိတ်ရက်ကိုတွက်တတ်လာတယ်။
~ ကျောင်းဖွင့်ရက်တွေဟာ သိပ်ကြာတတ်ကြောင်းကို အထက်တန်းပထမနှစ်မှာ ရိပေါ်သိခဲ့ရပါတယ်~
---
"ငါတော့ဘာမှလည်းမဖြေနိုင်ဘူးကွာ
လျိုလောင်ရှီးကဆူမလားမသိဘူး"
အထက်တန်းပထမနှစ်ရဲ့ပထမဆုံးလပတ်စာမေးပွဲအပြီးမှာ လင်းဝေ့ကအဲ့လိုငြီးငြူပါတယ်။ တစ်ခါတစ်လေလင်းဝေ့က ခိုလိုဘဲတငြီးငြီးတငြူငြူနဲ့။ ဒါပေမယ့် လင်းဝေ့ကအပိုလုပ်နေတာမှန်းလည်း ရိပေါ်သိတယ်။ တကယ်တော့လင်းဝေ့ကရိပေါ်လောက်မဟုတ်ပေမယ့် အတန်းထဲမှာလူချစ်လူခင်များပြီးစာတော်တဲ့ကျောင်းသားတစ်ယောက်ပါဘဲ။ စာမရခဲ့ဘူးဆိုတာ လင်းဝေ့ကရွှီးတာ။
"အရင်ကစီနီယာတွေ စာခက်တယ်ပြောရင် ငါကအပိုတွေလို့ထင်ခဲ့တာကွ"
"ခုရောဘယ်လိုထင်သွားလို့လဲ"
လင်းဝေ့စကားကိုထောက်ပေးရင်းမေးတော့ လင်းဝေ့ကခေါင်းကိုအသာခါတယ်။ သက်ပြင်းချနေတဲ့ပုံစံက အော်စကာဆုရနိုင်တဲ့ရုပ်မျိုးနဲ့။
"သူတို့ညာတာမဟုတ်ဘူး စာတွေကတကယ်မကောင်းဘူးကွာ"
စာတွေကမကောင်းတာမဟုတ်ဘဲ ကျောင်းသားတွေကမကျက်ချင်တာဆိုရင်ပိုမှန်ပါတယ်။
"ငါတို့မုန့်စျေးတန်းဂိုးရအောင်လေ"
မေးခွန်းစာရွက်အထပ်ကြီးကိုစီရင်း လင်းဝေ့ကိုခေါင်းညိမ့်ပြလိုက်တယ်။ ဒီသကောင့်သားကခုနကမျက်နှာနဲ့မတူတော့ဘူး။ အစားအသောက်အကြောင်းပြောရမယ်ဆိုရင် မျက်နှာကဖြီးလို့။
"အား...Strawberry Juiceချင်းအတူတူကိုတောင် အထက်တန်းကျောင်းသားဘဝမှာသောက်ရတဲ့Strawberry Juiceကပိုပြီးမိုက်နေတယ်လို့ငါတော့ခံစားရတယ်"
မုန့်စျေးတန်းကအပြန် juiceဘူးကိုဟန်ပါပါသောက်ရင်း လင်းဝေ့ကပြောလာတယ်။ လင်းဝေ့ကိုအပိုတွေလို့မပြောနိုင်ဘဲ Apple Juiceအမြဲသောက်တတ်တဲ့စီနီယာအစ်ကိုကြီးကို ရိပေါ်လွမ်းသွားတယ်။ ခုချိန်ဆို သူ့ကျန့်ကောဘာတွေများလုပ်နေလိမ့်မလဲ။ စာတွေကျက်နေမလား၊ ဒါမှမဟုတ် အပေါင်းအသင်းသစ်တွေနဲ့ရယ်မောနေလေမလား။ ရင်ထဲမှာလှိုက်နေအောင်လွမ်းပါတယ်။
"ရိပေါ် မင်းရောဘယ်လိုထင်လဲ"
"ဘာမေးလိုက်တာလဲ ငါအတွေးလွန်သွားလို့"
ရိပေါ်မေးတော့ လင်းဝေ့က'ဖြစ်တတ်ရန်ကော'ဆိုတဲ့အကြည့်နဲ့ကြည့်ရင်း သက်ပြင်းတစ်ချက်ချတယ်။
"အလယ်တန်းကျောင်းသားဘဝနဲ့အထက်တန်းကျောင်းသားဘဝဘာကွာလဲလို့မေးတာ"
လင်းဝေ့အမေးကိုပြန်မဖြေနိုင်သေးဘူး။ ဘာကွာသလဲ အလယ်တန်းကျောင်းသားဘဝနဲ့အထက်တန်းကျောင်းသားဘဝ။ သူ့အတွက်တော့ ကျောင်းဝန်းထဲမှာအရိပ်ပြာကလေးရှိခြင်း၊မရှိခြင်းဘဲကွာတယ်။ ဆေးထည့်ပေးနေရကျအဆိုးအဆာလေးကိုမမြင်မတွေ့ရခြင်းအပြင် ဘာမှထူးခြားမနေပါဘူး။ ပြောရရင် ကျန့်ကောမပါတဲ့အထက်တန်းကျောင်းသားဘဝထက် အဆိုးအဆာလေးသူ့ကျန့်ကောကိုလိုက်ငေးရတဲ့အလယ်တန်းကျောင်းသားဘဝက သူ့အတွက်တော့ ပိုသာပါတယ်။ ရိပေါ်က အတိတ်တွေကိုထွေးပိုက်ချင်တဲ့လူငယ်လေးနဲ့တူတယ်။ ပစ္စုပ္ပန်ကိုတော့ဖာသိဖာသာဖြတ်သန်းပါတယ်။
"သိပ်တော့မထူးခြားပါဘူး စာတွေပြောင်းတာကလွဲရင်ရေရေရာရာမရှိဘူးထင်တယ်"
"အိုက်ယား!! ဝမ်ရိပေါ်
မင်းဘာလို့နည်းနည်းမှကဗျာဆန်ကြည့်ဖို့မကြိုးစားတာလဲကွာ ဒီစာအုပ်တောထဲကကိုမထွက်ဘူး"
သူ့အဖြေကိုသဘောကျပုံမရတဲ့လင်းဝေ့ကမျက်နှာကြီးရှုံ့မဲ့နေရင်းပြောလာတယ်။ မဟုတ်မှ ဒီစာသင်နှစ်မှာငါရင့်ကျက်လာတယ်တို့ဘာတို့များမျှော်လင့်ထားသလားမသိ။ တကယ်ဘာမှမထူးခြားတာရိပေါ်အသိဘဲ။ အများကြီးလွမ်းရတာကလွဲရင်၊ ရင်ဘတ်ထဲမှာမေတ္တာနဲ့ရောတဲ့ထုထည်ခပ်ကြီးကြီးအလွမ်းတွေပိုက်ထားရတာကလွဲရင် အထက်တန်းကျောင်းသားဘဝဟာဗလာသက်သက်အခွံတစ်ခုလိုရယ်ပါ။
စာသင်ခန်းဆီပြန်ရောက်တော့ လင်းဝေ့ကရိပေါ်အနားမှာမနေတော့ဘူး။ ကျောင်းသားအုပ်စုနဲ့စကားတွေသွားပြောရင်းရယ်မောနေတော့တယ်။ သူ့ကိုခေါ်ပေမယ့် ဒီတစ်ခါလည်းရိပေါ်လိုက်မသွားဖြစ်ပြန်ဘူး။ ဆိတ်ငြိမ်တဲ့နေရာလေးမှာ လူမသိသူမသိလွမ်းဦးမယ်။ အလယ်တန်းကျောင်းသားဘဝတုန်းက စပြီးချစ်တယ်။ အထက်တန်းကျောင်းသာဘဝရောက်လာတော့ ချစ်တာအပြင်လွမ်းရပြန်ပါတယ်။
ကျောင်းဆင်းလာတော့အိမ်ပြန်လမ်းကလေးမှာ ရိပေါ်တစ်ယောက်တည်း။ လင်းဝေ့ကလည်း ကျောင်းသန့်ရှင်းရေးလုပ်ဖို့အလှည့်ကျလို့နောက်ကျမှာမို့ တစ်ယောက်တည်းဘဲပြန်လာခဲ့တယ်။ ဖန်တရာတေအောင်လျှောက်ဖူးတဲ့နေ့ရက်တွေထဲကမှ ကျန့်ကောနဲ့အတူလျှောက်ဖူးတဲ့ခြေရာတွေကိုရိပေါ်လွမ်းတယ်။ ကျန့်ကောတို့အိမ်ရှေ့ရောက်တော့ မတော်တဆများပြန်ရောက်နေလေမလားဆိုတဲ့အတွေးနဲ့ စက္ကန့်တချို့စာလောက် ရိပေါ်ရပ်ငေးနေခဲ့သေးတယ်။ ဒါပေမယ့် ကျန့်ကောကိုရိပေါ်မတွေ့ရပါဘူး။ ရိပေါ်ကအရူးလေး။ ပညာသွားသင်နေတဲ့တက္ကသိုလ်ကျောင်းသားလေးကို အိမ်ခိုးပြန်လာဖို့မျှော်လင့်နေတဲ့လူဆိုးလေး။
"ပထမလပတ်စာမေးပွဲအခြေအနေဘယ်လိုရှိလဲ မားမားကလေးလေး"
ညစာစားရင်းမားမားကမေးတယ်။
"ဖြေနိုင်ပါတယ် မားရဲ့"
"အင်း အပင်ပန်းတအားမခံနဲ့ ကလေးလေး
ခုမှအထက်တန်းပထမနှစ်ဘဲရှိသေးတာကို အေးအေးဆေးဆေးလေးနေပါဦး"
ညနက်တဲ့အထိစာကျက်တတ်တာကိုသိတဲ့မားမားက အဲ့လိုပြောတယ်။ မားမားကစည်းကမ်းကြီးတတ်ပေမယ့် အတင်းလည်းမချုပ်ချယ်ဘူး။ တချို့မိဘတွေလို့ ဘာဖြစ်ရမယ်ဆိုပြီးရိပေါ်ကိုသတ်မှတ်ပေးမထားဘူး။ ဝါသနာပါရာလုပ်မှအောင်မြင်တာလို့ မားမားကပြောပါတယ်။
"စောစောအိပ်နော် ဝမ်ပေါင်ပေ့"
"ဟုတ်ကဲ့ မား"
ဟင်းပန်းကန်တွေသိမ်းရင်း မားမားကပြောတာမို့ ရိပေါ်ခေါင်းညိမ့်ပြရင်းဖြေလိုက်တယ်။ ပါးတွေမို့သွားအောင်ပြုံးဖို့လည်းမမေ့။
စာကြည့်မီးအိမ်မှိန်ပျပျလေးအောက်မှာ လုပ်စရာရှိတဲ့သင်ခန်းစာတွေကိုလုပ်ရတယ်။ ညစောစောအိပ်စေချင်တဲ့မားမားစကားကြောင့် ဒီညတော့စောအိပ်ဖို့ရိပေါ်တွေးထားပါတယ်။ စာတွေအားလုံးလုပ်ပြီးတော့ ည10နာရီခွဲနေပြီ။ ပုံမှန်ထက်တအားစောနေတာမို့ မျက်လုံးကအိပ်ချင်မနေဘူး။ အားလပ်နေတာကိုသိတဲ့နှလုံးသားလေးက တစ်စုံတစ်ယောက်ကိုအပြေးအလွှားထပ်လွမ်းပြန်တယ်။
တကယ်ဆိုရိပေါ်နေသားမကျသေးပါဘူး။ တွေ့နေကျအရိပ်ပြာလေးမရှိတဲ့အခါ နှလုံးသားကဗလာနတ္ထိဖြစ်နေတယ်။ ဒီညတော့စာကြောင့်မဟုတ်ဘဲအတွေးတွေနဲ့ညဥ့်နက်ဦးမယ်ထင်ပါတယ်။ ညဘက်အစာရှာထွက်တဲ့ဇီးကွက်ကလေးကိုတွေ့ရင် မှာချင်တယ်။ ပေကျင်းမှာရာသီဥတုသာယာရဲ့လားသိချင်ကြောင်း၊ ဒီလူ့ရင်ဘတ်မှာတော့တိမ်တွေမှိုင်းနေကြောင်းပေါ့။
~ကျွန်တော့်မေတ္တာကြောင့် စီနီယာအစ်ကိုကြီးလျှောက်မယ့်လမ်းမှာအထိအခိုက်ကင်းစေချင်တယ် ပြီးတော့ အိပ်မက်ကလေးတွေလည်းလှစေချင်တယ်~
#TayyYizhan
29.7.2022(Fri)