"နှစ်ဆုံးစာမေးပွဲတွေနီးလာပြီနော်
စာသေချာလုပ်ကြဦး အထက်တန်းကျောင်းသားဘဝရောက်ရင်ငါးပါးမှောက်နေကြဦးမယ်"
ဆရာမက ပြောပြောဆိုဆိုလုပ်ရင်းအခန်းထဲကထွက်သွားတယ်။ ဟုတ်တယ် ရိပေါ်တို့တွေ နှစ်ဆုံးစာမေးပွဲနီးလာပြီ။ တချို့ကျောင်းသားတွေတုန်နေအောင်ကြောက်ကြရတဲ့အချိန်ပေါ့။ ပြီးတော့ အထက်တန်းကျောင်းသားတွေလည်း ရိပေါ်တို့နဲ့မကွာမတင်ဖြေရမှာ။ တကယ့်ကိုကြားထဲမှာအချိန်သိပ်မခြားဘူး။ စီနီယာအစ်ကိုကြီး စာမှလုပ်ဖြစ်ပါရဲ့လားမသိ။
ကျန့်ကောဆီကိုမရောက်ဖြစ်တာ တစ်နည်း မျက်နှာလေးကိုမငေးဖြစ်တာ နှစ်ပတ်ကျော်သွားပြီ။ ဒီအတောအတွင်း ရင်ထဲစူးနေအောင်လွမ်းပါတယ်။ ကျန့်ကောကဘဲထူးသလား ဝမ်ရိပေါ်ကဘဲရူးသလားမသိပေမယ့် ခဏဖြစ်ဖြစ်တွေ့ချင်လိုက်တာ။ စာမှကျက်ဖြစ်ရဲ့လား မနက်စာမှစားဖြစ်ရဲ့လားကို မရဲတရဲမေးချင်ပါသေးတယ်။
"အိုးဟိုး အဂ်လိပ်ဆရာ အတန်းနောက်ကျမယ်တဲ့ သားကြီး"
သူ့ပုခုံးပေါ်ကိုဖတ်ခနဲလာပုတ်ရင်း အူးမြူးနေတဲ့ရုပ်နဲ့လင်းဝေ့ကလာပြောတယ်။ ဒီငနာလေးကတော့ စကားပြောရင်လက်ကပါပြီ။
"ဘာလို့တဲ့လဲ"
"အစည်းအဝေးရှိတယ်တဲ့ကွ
အထက်တန်းနောက်ဆုံးနှစ်ကကျောင်းသားတွေရန်ဖြစ်လို့ဆိုလားကွာ
အဲ့တာ ကျောင်းထုတ်သင့်၊မထုတ်သင့်ဆုံးဖြတ်ကြမလို့တဲ့"
လင်းဝေ့စကားကြောင့် ရင်ဘတ်ထဲကထိတ်ခနဲ။ အထက်တန်းနောက်ဆုံးနှစ်ဆိုတဲ့စကားမှာ ရိပေါ်ရင်တွေပူလိုက်တာ။ နှစ်ဆုံးစာမေးပွဲနီးပြီဆိုတော့ ဆရာ/ဆရာမတွေလည်း ကျောင်းသားတွေအတွက် အတော်ခေါင်းစားနေရမှာ။
"သြော်...ဒါနဲ့"
ငြိမ်ကျနေတဲ့သူက လင်းဝေ့စကားကြောင့် ခေါင်းကဆတ်ခနဲ။
"မင်းရဲ့ကျန့်ကောလည်းပါတယ်တဲ့ ရိပေါ်"
မဖြစ်ဘူးလေ ကျန့်ကောတော့ကျောင်းထုတ်ခံရလို့မဖြစ်ဘူးလေ။ ကျန့်ကောသာတစ်ခုခုဖြစ်ရင် ယင်းအားရီရော သူပါရူးလိမ့်မယ်။ အထူးသဖြင့် သူ့သားကိုသိပ်ချစ်တဲ့ယင်းအားရီယူကြုံးမရဖြစ်လိမ့်မယ်။ ဘယ်လိုလုပ်ရမလဲဆိုတာမတွေးတတ်အောင်ဘဲ။ သူဟာကျန့်ကောအတွက် မလိုအပ်ရင်တောင် အမြဲရှိနေပေးချင်ခဲ့တာ။ စဥ်းစားကြည့်ရသလောက် သူကူညီဖို့တွေးတော့ ခေါင်းထဲမှာတစ်ခုဘဲဝင်လာတယ်။
"ဝင်ခွင့်ပြုပါခင်ဗျ"
ရိပေါ်အသံကြားတော့ အစည်းအဝေးခန်းမထဲကဆရာ/ဆရာမတွေအားလုံးကလှည့်ကြည့်တယ်။ ပြီးတော့ မျက်နှာမှာဒဏ်ရာတွေနဲ့ သူ့ကျန့်ကောအပါအဝင် ကျောင်းသားတွေလည်းရှိတယ်။ ဆရာ/ဆရာမတွေက သူ့ကိုမြင်တော့ပျူပျူငှာငှာကြိုဆိုကြတယ်။ စာတော်ပြီးလိမ္မာရေးခြားရှိတဲ့ဝမ်ရိပေါ်ဟာ ဒီကျောင်းရဲ့အချစ်ခံလေးကိုး။
"ကျွန်တော်တောင်းဆိုချင်တာလေးရှိပါတယ်ဗျ ဖြစ်နိုင်ရင် စီနီယာအစ်ကိုတွေကိုကျောင်းမထုတ်ဘဲသက်ညှာပေးစေချင်ပါတယ် နှစ်ကုန်ဖို့လည်းနီးပြီဆိုတော့လေ"
ဝမ်ရိပေါ်ရဲ့စကားကြောင့် ဆရာ/ဆရာမတွေက ခပ်တွေတွေတစ်ချက်ဖြစ်သွားတယ်။ ဒဏ်ရာတွေနဲ့ကျောင်းသားတွေရဲ့မျက်ဝန်းတွေကလည်း လက်ခနဲ။ ရန်သာဖြစ်ရတာ သူတို့လည်းကျောင်းတော့ထွက်ချင်မှာမှမဟုတ်တာ။ ဒါပေမယ့် လက်ခနဲဖြစ်သွားတဲ့မျက်ဝန်းတွေထဲမှာ သူ့စီနီယာအစ်ကိုကြီးတော့မပါခဲ့ပေမယ့်လည်းပေါ့။
"ဟုတ်ပြီလေ နောက်တစ်ကြိမ်သာဖြစ်ခဲ့ရင်တော့ ဘာမှစဥ်းစားနေမှာမဟုတ်ဘူးနော်"
ကျောင်းအုပ်ကြီးရဲ့စကားကြောင့် ရင်ထဲကအလုံးကြီးကျသွားသလိုပါဘဲ။ ကျောင်းသားတွေကလည်းအပူလုံးကျသွားတဲ့မျက်နှာတွေနဲ့။
အိမ်ပြန်လမ်းကလေးမှာ အဖော်ဆိုတဲ့တစ်စုံတစ်ယောက်ကိုဘာလို့လိုချင်ကြသလဲဆိုတာကို ဒီနေ့မှရိပေါ်သိတယ်။ ချစ်တဲ့သူနဲ့အတူလျှောက်လှမ်းရတဲ့လမ်းတွေဟာ ချစ်ရတဲ့သူရင်ထဲမှာတော့ပန်းတစ်ခင်းပျိုးလိုက်သလိုပါဘဲ။ မွှေးမွှေးပျံ့ပျံ့သင်းသင်းလှိုင်လှိုင်။
"စီနီယာအစ်ကိုကြီး အဆင်ပြေရဲ့လား"
မျက်နှာပေါ်မှာဒဏ်ရာဒဏ်ချက်တွေနဲ့ကျန့်ကောကို ရိပေါ်မေးမိတယ်။ ဒဏ်ရာတွေသက်သာရဲ့လားလို့မေးတာမဟုတ်ဘဲ ' မတွေ့ရတဲ့ရက်တွေမှာအဆင်ပြေခဲ့ရဲ့လား၊ ကျွန်တော့်ကိုရောလွမ်းနေခဲ့မိသေးလား၊မနက်စာရောပုံမှန်စားဖြစ်ရဲ့လား'စတဲ့,စတဲ့ သူ့အလွမ်းတွေကိုရည်ရွယ်မေးခွန်းထုတ်ပါတယ်။ ဒါတွေကို ကျန့်ကောသိမှာမဟုတ်ပါဘူး။ သိဖို့ကြိုးစားရအောင်လည်း ဝမ်ရိပေါ်ဟာ စီနီယာအစ်ကိုကြီးရဲ့စိတ်ထဲမှာ ဘယ်နေရာ၊ဘယ်အနေအထားမှာရှိနေသလဲဆိုတာ ရိပေါ်မသိပါ။
"လီဟွားရဲ့ရည်းစားဟောင်းဆိုတဲ့ကောင်နဲ့စကားများရင်းကနေ ရန်ဖြစ်သွားတာ"
သူမေးတာကတခြား၊စီနီယာအစ်ကိုကြီးရဲ့အဖြေကတခြားဆိုပေမယ့် သူ့စိတ်ထဲမဆိုသလောက်လေးကြည်နူးမိသွားတယ်။ အခုအခြေအနေက စီနီယာအစ်ကိုကြီးက ကလေးတစ်ယောက် သူ့မိဘတွေကိုပြန်တိုင်နေတာနဲ့တူမနေဘူးတဲ့လား။ အခုလိုကျ ရိပေါ်ကဘဲ ကျန့်ကောရဲ့အုပ်ထိန်းသူလိုလို။
"သူတို့ဘက်ကစတာမဟုတ်လား"
ရိပေါ်မေးတော့ စီနီယာအစ်ကိုကြီးကခပ်မဲ့မဲ့တစ်ချက်ပြုံးတယ်။ နှုတ်ခမ်းထောင့်ကဒဏ်ရာလေးဟာ သွေးတွေခပ်စို့စို့။
"မင်းအဲ့လိုထင်လို့လား ဝမ်ရိပေါ်"
"ဘာဘဲဖြစ်ဖြစ် ကျွန်တော် စီနီယာအစ်ကိုကြီးကိုယုံတယ်"
ယုံကြည်တယ် ဒီလူ့ကိုအဆုံးစွန်ထိကိုယုံပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီလူ့ဆီမှာ ဝမ်ရိပေါ်ရဲ့အမှန်တရားတွေခိုအောင်းနေတယ်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အကြောင်းပြချက်ဆိုတာအမြဲတစေရှိနေတာဘဲမဟုတ်လား။ နောက်ဆုံး ဘယ်သူမှစီနီယာအစ်ကိုကြီးဘက်မှာမရှိတော့ရင်တောင်၊ စီနီယာအစ်ကိုကြီးသိပ်မှားခဲ့တယ်ဆိုရင်တောင် သူဆိုတဲ့ဝမ်ရိပေါ်ကတော့ စီနီယာအစ်ကိုကြီးရဲ့အကြောင်းပြချက်ကိုရှာဖွေနေဦးမှာ။ သူ့ကျန့်ကောရှေ့မှာ ရပ်ပေးနေဦးမှာပါဘဲ။ ထုံးလိုကထုံး၊ဖြတ်လိုကဖြတ် စီနီယာအစ်ကိုကြီးသဘောနဲ့ တင်းလိုတင်း၊လျော့လိုလျော့စေတဲ့ကြိုးတွေ။ မေတ္တာကြိုးတွေ။
"မင်းက တိမ်စိုင်ဖြူတစ်ခုလိုဘဲ ဝမ်ရိပေါ်
အရောင်ဆိုးရသိပ်လွယ်လွန်းတယ်"
စီနီယာအစ်ကိုကြီးက ပြောချင်ရာပြောပြီးထွက်သွားတယ်။ ဝမ်ရိပေါ်က တိမ်စိုင်ဖြူဆို စီနီယာအစ်ကိုကြီးက ကောင်းကင်ပြာပေါ့။ အရောင်ဆိုးရလွယ်တယ်ဆိုရင်တောင် ဆေးလာခြယ်တဲ့သူက သူ့ကျန့်ကောဖြစ်ဖို့ဘဲလိုတယ်။ အဖြူလား အနက်လား ကြိုက်သလောက်ခြယ်စမ်းပါစေ စွန်းပေဖို့အသင့်။
*လေတွေတိုက်ချင်သလောက်တိုက်စမ်းကွယ်
ကောင်းကင်ပြာထဲမှာဘဲ တဆုံးလွင့်မြောပါ့မယ်
ကိုယ်ဟာ မင်းအတွက်ဖြစ်တည်တဲ့တိမ်စိုင်ငယ်*
___
"ယင်းအားရီ ကျန့်ကောရှိလားဗျ"
"သားရဲ့ကျန့်ကောရှိပါ့ရှင်
ဝင်သွားလိုက် ရိပေါ်လေး"
ဆေးသေတ္တာလေးပိုက်ရင်း အပြာရောင်တံခါးလေးဆီခပ်မြန်မြန်ဘဲရောက်လာခဲ့တယ်။ ညနေကရန်ဖြစ်ထားတော့ ဒဏ်ရာတွေကနာနေမှာ။ ယင်းအားရီဆေးထည့်ပေးတာလည်းမခံတတ်တဲ့သူ့ကျန့်ကောက တကယ့်ကိုအဆိုးအဆာလေး။ တံခါးလေးကိုခေါက်လိုက်တော့ ချက်ချင်းဖွင့်ပေးလာတဲ့သူက ဒဏ်ရာတွေတောင်နည်းနည်းယောင်နေပြီ။ သူလာတာနည်းနည်းနောက်ကျသွားပုံရတယ်။
"အဆင်ပြေရင် ဒီတစ်ခါမင်းဆေးထည့်ပေးမလား အဆင်မပြေရင်လည်း!.."
"ပြေတယ်!...ပြေတယ်ဗျ
ကျွန်တော်ဘဲထည့်ပေးမယ်"
အလောတကြီးသဘောတူလိုက်တဲ့သူ့ကို ကျန့်ကောကလန့်သွားပုံရတယ်။ ပြေတာပေါ့ ဘယ်မပြေဘဲရှိပါ့မလဲလေ။ ဒီလူ့အတွက်ဘဲ ငြိုငြင်စရာဘာအကြောင်းရှိသလဲ။
လက်နာနေပုံရတဲ့ကျန့်ကောက သူ့အနားကိုနည်းနည်းကပ်လာတယ်။ အသေအချာကြည့်မိရင် မျက်နှာမှာဒဏ်ရာတွေမနည်းလှပါဘူး။ မျက်လုံးအောက်နားဆီကဒဏ်ရာကို ဂွမ်းစနဲ့ဆေးတို့ပေးတော့ နည်းနည်းလေးတော့မဲ့သွားတယ်။ တကယ့်ကလေးလေးနဲ့တူလိုက်တာ။
"နာလို့လားဗျ"
"မဟုတ်ဘူး ရတယ် ဆက်လုပ်"
နာတာကိုနာတယ်လို့ဝန်မခံချင်တဲ့ကျန့်ကောဟာ ကလေးဆိုးလေးလိုပါဘဲ။ နာတယ်လို့ဝန်ခံလိုက်တော့ ဘာများဖြစ်သလဲလေ။
"ခံစားနေရသေးလားဗျ လီဟွားနဲ့ပတ်သတ်ပြီးတော့လေ"
ရိပေါ်မေးတော့ စီနီယာအစ်ကိုကြီးက ခေါင်းခါရင်းပြုံးတယ်။ ဒီလိုမေးတာဟာ ရင်နာနာနဲ့ချစ်မြတ်နိုးခြင်းမည်ပါတယ်။ ကျန့်ကောရဲ့ကိုယ်၊စိတ်၊နှလုံးသုံးပါးအထိအခိုက်ကင်းစေဖို့ပေါ့။
"သာမန်မိန်းကလေးတစ်ယောက်ပါဘဲ
ငါ့မှာခံစားနေဖို့အချိန်လည်းမရှိဘူး"
လိုချင်တဲ့အဖြေ၊တောင့်တခဲ့တဲ့အဖြေဖြစ်ပေမယ့်လည်း ရင်ဘတ်ထဲနင့်ခနဲပါဘဲ။ သူကလည်းဘာမှဆန်းပြားမနေတဲ့သာမန်ယောကျာ်းလေးတစ်ယောက်၊သာမန်အလယ်တန်းကျောင်းသားကလေးတစ်ယောက်ဘဲမို့ အချစ်တွေက ကျန့်ကောအတွက်မှေးမှိန်နေမှာ စိုးရိမ်ပါတယ်။ အတိအကျအသေအချာပြောရရင် ကြောက်ပါတယ်။
"စာတွေရောလုပ်ဖြစ်ရဲ့လားဗျ
နှစ်ကုန်စာမေးပွဲနီးပြီလေ"
ပူလောင်နေတာကိုမျက်ကွယ်ပြုဖို့ မျက်မှန်ကိုင်းလေးကို နှာနုရိုးဆီပင့်တင့်ရင်း သူမေးတော့ ကျန့်ကောကခေါင်းကိုမတုံ့မဆိုင်းဘဲခါတယ်။ စာမလုပ်ဖြစ်ဘူးနဲ့တူပါရဲ့လေ။
"စာမလုပ်ဘဲမနေပါနဲ့လားဗျာ
စီနီယာအစ်ကိုကြီးသာ အထက်တန်းမအောင်ရင် ယင်းအားရီစိတ်မကောင်းဖြစ်နေရလိမ့်မယ်ဗျ"
အရဲစွန့်ပြီးပြောမိပါတယ်။ ယင်းအားရီတင်မဟုတ်ဘဲ စိတ်နှလုံးညှိုးနွမ်းရမယ့်လူတွေထဲမှာ ဝမ်ရိပေါ်ပါ,ပါဝင်နေကြောင်း သိစေလိုပါတယ်။ စီနီယာအစ်ကိုကြီးအမြင့်တက်ဖို့ သူဟာလှေကားတစ်ထစ်စာနေရာမှာရှိမနေပေမယ့်လည်း သံမှိုတစ်ခုအဖြစ်တော့ ကုတ်တွယ်နေဦးမှာပါဘဲ။
"အင်း...မင်းရော"
"ခင်ဗျာ"
မျက်မှန်အောက်ကမျက်လုံးအိမ်ကိုတည့်ကြည့်ပြီး မေးလာတဲ့စကားကြောင့် ကြောင်တောင်တောင်ထူးမိတယ်။
"မင်းရောလို့...မင်းရော ငါ့ကိုစာလုပ်စေချင်သလား ဝမ်ရိပေါ် "
တဒိန်းဒိန်းနဲ့အသံတွေကြားနေရတယ်။ အဲ့တာ မိုးကြိုးပစ်နေတာမဟုတ်ဘူး။ ဝမ်ရိပေါ်ရင်ခုန်နေတာ။ ထိန်းစမ်းပါဦး ဝမ်ရိပေါ်! ကိုယ့်ဟာကိုယ်ထိန်းစမ်း။ ဒုတိယမ္ပိမျက်မှန်ကိုင်းကိုပင့်တင်ရင်း ကိုယ့်ကိုယ်ကိုထိန်းရတယ်။
"ကျွန်တော့်သဘောအရဆိုရင်တော့
စာသေချာလုပ်စေချင်ပါတယ်ဗျ"
တုန်ချင်ချင်ဖြစ်နေတဲ့အသံကိုအတော်ထိန်းယူလိုက်ရတယ်။ ဒါတောင်အဖျားခတ်သံကတုန်သွားသေးတယ်ထင်ရဲ့။ စီနီယာအစ်ကိုကြီးသာ သူ့သဘောထားကိုလက်ခံခဲ့ရင် သူတော့သေပျော်ပါပြီ။ အဲ့ဒီအခိုက် လေပြေနုအေးလေးတွေတောင် ဝေ့လာသလိုလို။
"မင်းစာလုပ်စေချင်ရင် ငါလုပ်မှာပေါ့"
နားထဲဝင်လာတဲ့စကားလုံးလေးတွေဟာ စိတ်ချမ်းမြေ့ဖွယ်ရာ။ တစ်ချိန်လုံးတစ်ကောက်ကောက်အနောက်ကနေလိုက်ခဲ့ရတာတွေ၊ ဒဏ်ရာကိုဆေးထည့်ပေးရတာတွေ၊ မနက်စာစားဖြစ်စေဖို့အတွက်ပင်ပန်းရတာတွေဟာ ဒီစကားလေးတစ်ခွန်းနဲ့တင်တန်ပါတယ်။ 'သေဆိုသေ ရှင်ဆိုရှင်'လို့ပြောရလောက်အောင် ဝမ်ရိပေါ်က ရှောင်းကျန့်တစ်မျက်နှာဘဲကြည့်ပြီးရှင်သန်ခဲ့မိတယ်ထင်ပါရဲ့။ မျက်နှာလေးလည်းမညိုစေချင်သလို မိုးတွေလည်းမပြိုစေချင်။
"ဟုတ်ကဲ့ ကျွန်တော်သွားပါဦးမယ်ခင်ဗျ"
ခုန်နေတဲ့ရင်အစုံနဲ့ တုန်တုန်ယင်ယင်ဘဲနှုတ်ဆက်မိပါတယ်။ ဒီထက်သာဆက်နေရင် စီနီယာအစ်ကိုကြီးကို သူဖက်နမ်းရင်နမ်းမိ ဒါမှမဟုတ်ရင် သူ့မျက်မှန်ဝိုင်းရဲ့ကိုင်းလေးအပူချိန်မြင့်ပြီးကျိုးရင်ကျိုး တစ်ခုခုပါဘဲ။
တံခါးလေးကိုဇွတ်ဖွင့်ပြီး ပြန်ဖို့ပြင်တော့ ကျန့်ကောကစကားတစ်ခွန်းပြောသေးတယ်။
"ဒီနေ့အတွက်ကျေးဇူးဘဲ ဝမ်ရိပေါ် "
စီနီယာအစ်ကိုကြီးကတော့ ရိုးရိုးလေးပြောလိုက်တာဘဲ။ ဝမ်ရိပေါ်မှာတော့ အခန်းပြင်ရောက်တော့ ကမ္ဘာတွေကိုပျက်လို့ဆိုတာမျိုး။ ကျေးဇူးဘဲတဲ့။ 'ကျေးဇူးတင်ဖို့မလိုပါဘူးလေ ဒီကချစ်တာကိုး'လို့ပြောပြလိုက်ချင်ရဲ့။ စီနီယာအစ်ကိုကြီးကဟယ်ရီပေါ်တာလေး။ လူကိုအမျိုးမျိုးဖြစ်အောင်ပြောတတ်တယ်။
အိမ်ပြန်လမ်းလေးက သိပ်သာယာတယ်။ ကျေးဇူးတင်စကားလေးကြားခဲ့ရတဲ့ ဝမ်ရိပေါ်ကသာ အရူးကြီးလိုဘဲ တဟီးဟီးနဲ့။ ရင်းနှီးနေတဲ့အအေးဆိုင်ပိုင်ရှင် ဦးကြီးလျိုကတောင် အထူးတဆန်းလုပ်ပြီးမေးလိုက်သေးတယ်။ 'ငါတို့ပေါ်ပေါ် ဒီနေ့မြူးဆင်းနေပါလားဟေ့'တဲ့။ မြူးတယ် မြူးတာပေါ့။ ရင်ထဲမှာပန်းတွေပွင့်နေတာမှအမျိုးကိုစုံလို့။ အချစ်ပန်း၊ မေတ္တာပန်း၊သစ္စာပန်းတွေဟာ အရောင်တွေယှက်ဖြာနေပုံများ။ ပန်းခင်းပိုင်ရှင်ဝမ်ရိပေါ်ကလေးဟာလည်း မျက်မှန်ကိုင်းလေးပင့်တင်လိုက်၊ပြုံးလိုက်နဲ့ အရာရာဟာသူ့ဟာနဲ့သူနေသားကျနေလေရဲ့။
"နှစ်ကုန်စာမေးပွဲနီးပြီဆိုတော့စာတွေရပြီလား ရိပေါ်"
ညစာစားရင်း မာမားကမေးလာတယ်။ စာတွေက အရင်တည်းကခေါင်းမဖော်တမ်းကျက်ထားတာမို့ ခုချက်ချင်းဖြေဆိုရင်တောင် ဝမ်ရိပေါ်လေးက အမှတ်ပြည့်ရနေဦးမယ်ထင်တယ်။
"မားမွေးထားတဲ့သားဘဲ စာတွေရလားလို့မေးနေရသေး"
မာမားရဲ့အမေးကို ခပ်ငေါ့ငေါ့ပြန်ဖြေတော့ မာမားကပြုံးပါတယ်။ ဘယ်နေရာမှာဘယ်လိုဘဲတည်ငြိမ်နေပါစေ။ စာသင်ခန်းထဲမှာဘယ်လောက်ဘဲခပ်ကုပ်ကုပ်နေပါစေ။ မာမားရှေ့မှာတော့ ရိပေါ်ဟာလူနောက်ကလေးလိုလိုပါဘဲ။
"ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ
ဝမ်လောင်ရှီးကို မာမားမနိုင်ပါဘူး"
မာမားက လက်မြှောက်ပြရင်းပြောတော့ ရိပေါ်ရော၊ မာမားပါရယ်မိကြတယ်။ မာမားဟာ အမေတစ်ယောက်ဆိုတာထက်ကိုပိုပါတယ်။ အရာရာတိုင်ပင်လို့ရတဲ့သူငယ်ချင်းတစ်ယောက်လိုမျိုး ရိပေါ်ဘေးမှာအချိန်ပြည့်ရှိနေပေးခဲ့တယ်။ ဝမ်ရိပေါ်အကြောင်းကို ဆံခြည်တစ်မျှင်စာမကျန် မာမားသိသလို အရာရာကိုနားလည်ပေးတတ်တဲ့သူဟာလည်း မာမားပါဘဲ။
"ကျန့်ကောတို့အိမ်ဘက်ဘဲသွားမနေနဲ့ဦး
သေချာစာလုပ်ဦးနော် ဝမ်လောင်ရှီး"
ညစာသိမ်းတော့ မာမားက အဲ့လိုပြောသေးတယ်။ ဒါဟာ တားမြစ်ပိတ်ပင်တာမဟုတ်ဘဲ စကားအဖြစ်ပြောမှန်း ကာယကံရှင်ဖြစ်တဲ့မာမားရော၊ ရိပေါ်ပါသိပါတယ်။ ပါပါးဆုံးတော့ သူ့အသက်ဆယ်နှစ်ရှိနေပြီ။ ပါပါးကပြောဖူးတယ် 'သူ့ဇာတိမြို့ကလေးမှာဘဲ သေတပန်သက်တဆုံးနေချင်တယ်'တဲ့။ ပါပါးကိုသိပ်ချစ်တဲ့မာမားက သူမဇာတိဖြစ်တဲ့ဒီမြို့ကလေးကို ရိပေါ်မွေးပြီးတည်းကထပ်မရောက်ဖြစ်တော့ဘူး။ မိဘမဲ့ကျောင်းမှာကြီးပြင်းခဲ့သူမို့ အနှောင်အတွယ်မရှိတာလည်းပါကောင်းပါမှာပေါ့လေ။ 'မာမားရော ဇာတိကိုမပြန်ချင်ဘူးလား'လို့ ရိပေါ်ငယ်ငယ်လေးကမေးတိုင်း မာမားကပြုံးတယ်။
'ချစ်ရတဲ့သူတွေရှိတဲ့နေရာဟာ နှလုံးသားရဲ့ဇာတိပါဘဲ သားရယ်
ချစ်ခြင်းမေတ္တာဆိုတာဟာလည်း ချစ်ရတဲ့သူတွေရဲ့ဆန္ဒကိုစွမ်းနိုင်သမျှဖြည့်ဆည်းခြင်းပါဘဲ'
အဲ့ဒီလို မာမားကအမြဲဖြေတတ်ပါတယ်။
မာမားဟာ သိပ်ချစ်တတ်တဲ့အမျိုးသမီးပါဘဲ။ ဘာဘဲဖြစ်ဖြစ် မာမားကို ရိပေါ်သိပ်ကျေးဇူးတင်ပါတယ်။ ပါပါးဆုံးပြီးတော့ ဒီမြို့ကလေးကိုပြောင်းလာခဲ့ဖြစ်တယ်။ ဒါကြောင့်ဘဲ သူ့ကောင်းကင်ပြာကလေးနဲ့ဆုံခွင့်ရခဲ့တာမဟုတ်လား။ သံယောစဥ်ဆိုတာငြိတွယ်တတ်မှန်းမသိခင်တည်းက တစ်နည်းအားဖြင့် ဖြတ်ရခက်မှန်းမသိခင်တည်းက ဒဏ်ရာတွေနဲ့အဲ့ဒီလူကို စပြီးရစ်နှောင်တွယ်မိခဲ့တယ်နဲ့တူပါရဲ့။
ပုံတူပန်းချီလေးနားမှာထိုင်ရင်း ဝမ်ရိပေါ်ဟာ တပြုံးပြုံးနဲ့။ ကျေးဇူးတင်ခဲတဲ့ကျန့်ကောက သူ့ကိုအသေအချာကြီးကျေးဇူးတင်ခဲ့တာကိုး။ တကယ်ဆိုမျက်လုံးအားနည်းတဲ့ဝမ်ရိပေါ်က မျက်မှန်မတပ်ဘဲ စီနီယာအစ်ကိုကြီးကိုတပ်ပေးထားရမယ်။ သူ့အချစ်တွေကိုမမြင်ရကောင်းလားဆိုပြီးတော့ပေါ့။
အဲ့ဒီညက လေပြေကလေးက ခပ်ကျယ်ကျယ်အော်မေးသွားသေးတယ်။
~စာကြမ်းပိုးဝမ်ရိပေါ် စာလည်းမကျက်ဘဲ ဘာကြောင့်ပြုံးဖြီးဖြီးလုပ်နေရသလဲ~
#TayyYizhan
27.6.2022(Mon)