"ခွပ်...စောက်သုံးတစ်စက်မှမကျတဲ့ကောင်တွေ...မင်းတို့အကုန်သေနေ့စေ့ပြီ"
"မလုပ်ပါနဲ့...မလုပ်ပါနဲ့ သခင်ကြီးရယ် ကျွန်တော်တို့ကို ချမ်းသာပေးပါ"
ထိုအသံများသည် တော်ဝင်ပန်းမာန်အဖိုးဖြစ်သူ သခင်ကြီးတော်ဝင်သွေး၏ စံအိမ်မှထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။သခင်ကြီးတော်ဝင်သွေး၏ ထိုးချက်များကြောင့် သူ့လူယုံနှစ်ယောက်၏မျက်နှာများသည်လည်း သွေးတလုံးလုံးနှင့်ကြည့်ရဆိုးနေလေပြီ။
"ငါက မင်းတို့ကို ဆူးမာန်ရစ်ခွေရဲ့အိမ်မှာ သူလျှိုအဖြစ် အားနေလို့ ထားထားတယ်များ ထင်နေတာလား...ဟမ်"
"မဟုတ်...မဟုတ်ပါဘူး"
"မဟုတ်ရင် ဘာဖြစ်လို့ မနေ့က ဆူးမာန်ရစ်ခွေ ဂေဟာကိုရောက်မလာခဲ့ရတာလဲ...ဟမ်...မင်းတို့ ငါ့ကို သစ္စာဖောက်လိုက်တာပဲ"
"မဟုတ်ဘူး...ကျွန်တော်တို့သေချာကြားလိုက်တာ သူသူ့လူယုံနဲ့ပြောနေတာကို တကယ်ကြားလိုက်ရတာ...ဒါပေမယ့် ဘာဖြစ်လို့ရောက်မလာလဲတော့ ကျွန်တော်တို့လည်းမသိပါဘူး...ကျွန်တော်တို့ကို ခွင့်လွှတ်ပါ...ရှိခိုးပြီး တောင်းပန်ပါတယ်"
"ဟုတ်ပါတယ်...ခွင့်လွှတ်ပါသခင်ကြီး"
"တောက်...အကုန်ထွက်သွားကြစမ်း"
မိမိ၏ခြေထောက်အားထိ၍ တောင်းပန်နေသူများအား အားရပါးရကန်ကျောက်ကာ မောင်းထုတ်လိုက်တော့သည်။
ထိုလူနှစ်ယောက်ထွက်သွားသည်အထိ မပြေသေးသော ဒေါသများအား ဧည့်ခန်းတွင်ရှိသော ပစ္စည်းများအပေါ်ပုံချနေပြန်၏။
ရစ်အား လှည့်စားရန် မြေးဖြစ်သူကိုလုပ်ခိုင်းထားသော်လည်း တော်တော်နှင့်အခြေအနေမထူးသည်ကြောင့် ရစ်တို့စံအိမ်ကို သူလျှိုများ လွှတ်ခဲ့သည်။ထိုသူလျှိုများ၏ သတင်းပေးချက်ကြောင့် ရစ်မွေးနေ့တွင် အလစ်ဝင်တိုက်ရန် ပြင်ဆင်ထားခဲ့ခြင်းပင်။သို့သော် သူတို့ထက်လျှင်သော ရစ်က ဂေဟာကိုမလာခဲ့ပေ။ရစ်ထက်ခြေတစ်လှမ်းနောက်ကျခဲ့ခြင်းကြောင့် သခင်ကြီးတော်ဝင်သွေး ဒေါသငယ်ထိတ်ရောက်နေတာဖြစ်သည်။
..................
"ဒီမှာမင်းတို့အတွက်ပိုက်ဆံ...နောက်ထပ်ထပ်ပတ်သတ်စရာအကြောင်းမရှိတော့ဘူး...ထွက်သွားလို့ရပြီ"
ဦးလေးရန်ပေးလိုက်သော ပိုက်ဆံများအား ဝမ်းသာအားရယူနေသော လူနှစ်ယောက်မှာ တခြားလူများမဟုတ် သခင်ကြီးတော်ဝင်သွေး၏ သူလျှိုနှစ်ယောက်သာဖြစ်သည်။
"ဟွန်း...ခုလောက်ဆို အဘိုးကြီးတော်ဝင်သွေးတော့ ဒေါသနထင်ကပ်နေလောက်ပြီ...ဘာအပြစ်မှမရှိတဲ့မိဘမဲ့ကလေးတွေကို ဒိုင်းကာလုပ်ပြီး ကျုပ်ကိုများသတ်ချင်နေသေးတယ် သတ္တိကြောင်ချက်ပဲ"
ရစ်က ဧည့်ခန်းတွင် ခြေချိတ်ကာ မိန့်မိန့်ကြီးထိုင်နေပြီး ကျေနပ်မှုအပြည့်ဖြင့် ပြောလာသည်။လက်ထဲကဝိုင်ခွက်ကိုလည်း အသာအယာမွေ့ယမ်းကာ ဝိုင်အနည်းငယ်ကိုအရသာခံသည်။
"တော်ဝင်မျိုးနွယ်စုတစ်ခုလုံးကတော့ သခင်လေးရဲ့ လွှမ်းမိုးမှုအောက်ကို လုံးလုံးလျားလျား ဝင်ရောက်နေကြရပြီ...သခင်ကြီးလည်း တမလွန်မှာ ဝမ်းသာအားရနေမှာပါ"
"ကျုပ်လည်းအဲ့လိုပဲထင်ပါတယ်ဦးလေးရန်...ဒါနဲ့ ဦးတော်ဝင်မျိုးအခြေအနေကရော"
"ခုထိ...တော်ဝင်ပန်းမာန်အဖေအရင်းရှိတဲ့နေရာကို ထုတ်မပြောသေးပါဘူး"
"တော်တော်ခေါင်းမာနေတာပဲ...ထုတ်မပြောမချင်း အနာကျင်ဆုံးနှိပ်စက်မှုတွေပေးလိုက် အသက်တော့မသေစေနဲ့"
"သခင်လေးကိုမေးခွန်းထုတ်တာတော့မဟုတ်ပေမယ့်...ဘာလို့များ တော်ဝင်ပန်းမာန်ရဲ့အဖေအရင်းကို အသည်းအသန်ရှာနေရတာပါလဲ...သူ့ကိုတွေ့ရင် ဘာတွေများ အကျိုးဖြစ်နိုင်လို့လဲ"
ရစ်လက်ထဲက ဝိုင်ခွက်အားချကာ ပြတင်းပေါက်ရှိရာသို့ သွားရပ်လိုက်သည်။ထိုပြတင်းပေါက်ကနေ ကြည့်လျှင် အစေခံတန်းလျားသို့ တန်းမြင်နိုင်၏။ရစ် အစေခံတန်းလျားရှိ ဒန်းပေါ်တွင် လုံးလုံးနှင့်စကားပြောနေသော တော်ဝင်ပန်းမာန်အား စိုက်ကြည့်ကာ ဦးလေးရန်အမေးကို ပြန်ဖြေသည်။
"တော်ဝင်ပန်းမာန်သိသင့်တယ်...သူချစ်ခင်ပြီးကာကွယ်ပေးချင်နေတဲ့လူက သူ့အဖေအရင်းမဟုတ်ဘူးဆိုတာကို"
"သခင်လေး...အခုတော်ဝင်ပန်းမာန်က သူ့ကိုယ်ရံတော်နဲ့လည်း အတူရှိနေပြီဆိုတော့ သတိကြီးကြီးထားစေချင်တယ်...သူသခင်လေးကိုထိခိုက်အောင် လုပ်လာနိုင်တယ်"
"ဟွန်း...သူမလုပ်ပါဘူး...လုပ်လည်းမလုပ်နိုင်ဘူး"
"သူ့ကိုရောအဆုံးသတ်ကျရင်ဘာလုပ်ဖို့စဉ်းစားထားလဲ"
"သူ့ကိုမထိနဲ့...အဆုံးသတ်ထိသူကငါ့ရဲ့ပိုင်ဆိုင်မှုပဲ"
ထိုစကားကြောင့် ဦးလေးရန်စိတ်ထဲ တစ်မျိုးဖြစ်သွားသော်လည်း လူငယ်သဘာဝမို့ သူဘာမှဝင်မပြောနေတော့ပေ။
သခင်လေးကို ထိခိုက်အောင်မလုပ်သ၍တော့ လွှတ်ထားလို့ရပါသေး၏။
"ဦးလေးရန်...သွားလို့ရပါပြီ"
"ကောင်းပါပြီ...သခင်လေး"
ဦးလေးရန်ထွက်သွားသည်အထိ ရစ်၏အကြည့်တို့က တော်ဝင်ပန်းမာန်ဆီမှ မဖယ်ခွာသွားသေးပါ။လုံးလုံးအား စူစူပုတ်ပုတ်ဖြင့် ပြောပြနေသည်မှာ သူ့အကြောင်းဟုတ်ပါလေစ။
နှစ်ယောက်သား ရန်ဖြစ်ပြီးကတည်းက အစေခံတန်းလျားသို့ ထွက်သွားပြီး တစ်နေ့လုံးပြန်မလာတော့တာဖြစ်သည်။ရစ်ကလည်း ဘာမှမပြောသည်ကြောင့် သူနေချင်သလိုနေနေတာဖြစ်လိမ့်မည်။အခုတော့ သူရှိနေသင့်သည့်နေရာကို ပြန်လာချိန်တန်လေပြီ။
"အဲ့တာဆို...ဒီကိစ္စမှာ သခင်ကြီးရစ်မှားတာပေါ့...သူအဲ့လိုမလုပ်သင့်ဘူးလေ"
"အဲ့တာပြောတာ...သူကလေ သူ့ကိုယ်သူဟုတ်လှပြီထင်ပြီးဘဝင်ရူးနေတာ"
"ကျုပ်မကောင်းကြောင်းတွေ ပြောလို့ဝပြီဆိုလည်း အိမ်ပြန်လိုက်ခဲ့တော့"
"ဟင်...ဆူးမာန်ရစ်ခွေ"
"သခင်ကြီး"
ရစ်၏စကားသံကြောင့် နှစ်ယောက်လုံး မျက်လုံးပြူးမျက်စံပြူးဖြစ်သွားရ၏။ဆူးမာန်ရစ်ခွေကလူတွေကို လန့်အောင်လုပ်ရတာကို တော်တော်များ ကျေနပ်နေသလားမသိ။
"မင်းအသံလေးဘာလေးပေးလို့မရဘူးလား"
"အိမ်ပြန်လိုက်ခဲ့တော့"
"မလိုက်ပါဘူး...ငါလုံးလုံးနဲ့ပဲနေတော့မှာ"
"မလိုက်လည်း...အတင်းအကြပ်ခေါ်သွားရုံပေါ့"
ရုတ်တရပ်ကောက်ပွေ့လိုက်သောလူကြောင့် တော်ဝင်ပန်းမာန်အပါအဝင် လုံးလုံးပါ ပါးစပ်အဟောင်းသား။တော်ဝင်ပန်းမာန်သတိပြန်ဝင်လာပြီး ရစ်၏ကျောတွေကို ထုတော့ မနာသည့်ပုံစံနှင့် ခပ်တည်တည်ဖြင့်သာ စံအိမ်ထိ ပွေ့လာသည်။ဧည့်ခန်းထဲရောက်မှ အောက်ချပေး၏။
"မင်းဘာဖြစ်ချင်နေတာလဲ"
"ခင်ဗျားရဲ့ရစ်"
ရစ်ကပြောပြီး တော်ဝင်ပန်းမာန်နား တိုးလာတာမို့ ရှိသမျှအားဖြင့် သူ့ကိုယ်လုံးကြီးကို တွန်းထုတ်ရပြန်သည်။
"လဲသေလိုက်ပါလား..."
"အဟက်...ခင်ဗျားကလွယ်လွယ်နဲ့သိမ်းသွင်းလို့မရဘူးပဲ"
တော်ဝင်ပန်းမာန်တစ်ယောက် သူ့ရှေ့တွင် အရည်မရအဖက်မရတွေလာပြောနေသူအား အမြင်ကပ်စွာ စိုက်ကြည့်ပေးလိုက်သည်။မင်းပြောချင်ရာသာပြောဆိုသည့် မျက်နှာပေးဖြင့်။
"ဟေ့...မျက်နှာကိုပြင်လိုက်နော်"
"...."
မိမိပြောသည်ကို လျစ်လျူရှုကာ စိုက်ကြည့်နေသေးတာမို့ ရစ်စိတ်ထဲ ချဉ်စူးစူးဖြစ်ရ၍ ထိုလူနား တိုးကပ်သွားလိုက်ပြီး ခါးမှဆွဲဖက်ကာ နားဖျားအား ခပ်ဖွဖွကိုက်ပစ်လိုက်သည်။လျှာနှင့်ပါတို့ထိပြီး ကိုက်လိုက်တာမို့ တော်ဝင်ပန်းမာန် တုန်သွားရကာ မျက်နှာများ နီရဲသွားတော့သည်။
"မင်း..."
"ကျုပ်စကားနားမထောင်လို့...အပြစ်ပေးတာ"
လျှာအား လူယုတ်မာဆန်ဆန်သပ်ပြကာ ပြောနေသောရှေ့ကလူ၏ မျက်နှာကြီးအား ကုပ်ဆွဲချင်စိတ်များကို တော်ဝင်ပန်းမာန်မနည်းထိန်းထားရသည်။
"မင်း...ဒီတစ်ခါတော့လုံးဝသည်းမခံတော့ဘူး"
တော်ဝင်ပန်းမာန်က ဘာမပြောညာမပြောဖြင့် ရစ်၏လက်အား ဇွတ်ဆွဲယူကာ အားဖြင့် ကိုက်ချပစ်လိုက်သည်။တော်ဝင်ပန်းမာန်၏အားကုန်ကိုက်မှုသည် ဆူးမာန်ရစ်ခွေအဖို့ ပုရွတ်ဆိတ်ကိုက်တာလောက်ပင် နာကျင်မှုခံစားရ၏။
"ဟင်...အော်လေ"
"ဘာကိစ္စအော်ရမှာလဲ"
"နာရမှာလေ"
"မနာပါဘူး"
ရစ်၏ ခပ်ပြတ်ပြတ်စကားကြောင့် တော်ဝင်ပန်းမာန် အားအင်ချိနဲ့သွားရကာ သူ့လက်အား ပစ်ချလိုက်သည်။ဘယ်လိုတောင် မနာတတ်တဲ့လူလဲ။
"မတရားဘူး...နောက်တစ်ခါငါ့ကိုကိုက်ရဲကိုက်ကြည့်လိုက် မင်းကိုဓားနဲ့ကိုထိုးမှာ"
တော်ဝင်ပန်းမာန် ဒေါသတကြီးပြောပြီး အပေါ်ထပ်တက်ဖို့လုပ်တော့ ရစ်က အပေါ်တက်မခံဘဲ လက်ကနေ ပြန်ဆွဲကာ သူ့ရှေ့ပြန်ရောက်စေသည်။
"ကျုပ်မနက်စာမစားရသေးဘူး"
"မစားနဲ့လေ...ငါကဘာလုပ်ရမှာလဲ"
"ဟ...ခင်ဗျားက ကျုပ်ရဲ့ဘာလဲ"
"အရှင်သခင်လေ"
"ဘာ..."
တော်ဝင်ပန်းမာန် သူ့အမေးကို ရွဲ့ပြီးဖြေပေးလိုက်တော့ အော်ငေါက်သံ အကျယ်ကြီးက ထွက်လာသည်။သူ့အတွက်ကျတော့ သိတတ်နေလိုက်တာဆိုတာ။
"ဘာတွေဖြစ်နေကြတာလဲဗျ"
"ဟင်...လုံးလုံး ဘာလာလုပ်တာလဲ"
"သခင်လေးကြိုက်တဲ့မုန့်ဟင်းခါးဆိုင်ကနေမုန့်ဟင်းခါးမှာထားတာ...အခုရောက်ပြီမို့ လာပေးတာ"
"ဒီနေတော့မနက်စာစားကောင်းပြီပဲ...ကျေးဇူးနော် လုံးလုံး"
မုန့်ဟင်းခါးဗူးအားကိုင်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဝင်သွားသော သခင်လေးအား လုံးလုံးတားချိန်တောင် မရလိုက်ပေ။သူဘယ်ပိုက်ဆံနဲ့မုန့်ဟင်းခါးဖိုးရှင်းရမှာလဲ။
"ဘာရပ်လုပ်နေသေးတာလဲ...သွားတော့လေ"
"သွားတာကသွားလို့ရပါတယ်...ဒါပေမယ့်Deliက အိမ်ရှေ့မှာစောင့်နေတော့...အဲ့တာ ပိုက်ဆံ"
"မင်းရဲ့သခင်လေးဆိုတဲ့လူဆီမှာတောင်းလေ"
"ဘာလဲ...ဘာတောင်းမှာလဲ"
မုန့်ဟင်းခါးထည့်ထားသော ကြွေပန်းကန်အား ဂရုတစိုက်သယ်ပြီး ဧည့်ခန်းထဲကထွက်လာသော တော်ဝင်ပန်းမာန်က မေးလာသည်။
"မုန့်ဟင်းခါးဖိုးပါသခင်လေး"
"ဟင်...ငါ့မှာမှပိုက်ဆံမရှိတာ...ဘယ်လိုလုပ်ကြမလဲ"
"အရှေ့ခုံပေါ်မှာကျုပ်ပိုက်ဆံအိတ်"
"မင်းပိုက်ဆံအိတ်ကိုဘာလုပ်ရမှာလဲ"
နားလည်သဘောပေါက်မလွယ်သော တော်ဝင်ပန်းမာန်အား ရစ်စိတ်မရှည်သလိုစိုက်ကြည့်၏။နားလည်သဘောပေါက်လွယ်သူကတော့ ရစ်အိတ်ထဲက ပိုက်ဆံကိုယူပြီး အပြင်ထွက်သွားလေပြီ။
"မင်းဘာသာဝယ်ကျွေးတာနော်...ငါဝယ်ကျွေးခိုင်းတာမဟုတ်ဘူး"
"အလာကြီးပဲခင်ဗျားက"
ရစ်ပြောသည်ကိုလည်း တော်ဝင်ပန်းမာန် ကြားတော့မည်မထင်ပါ ဧည့်ခန်းထဲတွင် ဇိမ်ကျကျထိုင်ပြီး မုန့်ဟင်းခါးကို စားနေသည်မှာ တစ်လုပ်ပြီးတစ်လုပ်။သူ့လက်ထဲကဇွန်းအား ရစ်ဆွဲလုလိုက်တော့ မကျေနပ်သည့်အကြည့်များက ဒိုင်းကနဲ။
"အကြည့်ကိုပြင်နော်...ဒါကျုပ်ပိုက်ဆံနဲ့ဝယ်ထားတာ"
"ငါစားလက်စကြီးကိုမင်းကစားမို့လား...မရွံဘူးလား"
"ရွံရအောင် ခင်ဗျားကနူနေလို့လား"
"မဟုတ်လည်း...အထဲမှာနံနံပင်တွေနဲ့"
"ဖယ်စားလိုက်မယ်"
တော်ဝင်ပန်းမာန် ဘယ်လောက်ပဲ ဆင်ခြေတွေပေးနေပါစေ ရစ်က မရမက စားတော့မှာမို့ တော်ဝင်ပန်းမာန်ကပဲ စိတ်လျှော့လိုက်ရသည်။
"ခုငါနဲ့မင်းက မုန့်ဟင်းခါးကို တစ်ယောက်တစ်ဝက်စီ စားနေတာဆိုတော့ မိတ်ဆွေတွေဖြစ်ပြီပေါ့နော်...မင်းလျှို့ဝှက်ချက်တွေ ငါ့ကိုပြောပြလို့ရတယ်...သိလား"
မလှည့်စားတတ်ပဲ သူ့လိုလူကို လှည့်စားဖို့ကြိုးစားနေသော ယုန်ဖြူလေးအားကြည့်ကာ ရစ်ရယ်ချင်မိသည်။ခင်ဗျားက ရိုးရှင်းလွန်းတယ် တော်ဝင်ပန်းမာန်။
"ဒါကကျုပ်မုန့်ဟင်းခါး...ခင်ဗျားကကပ်စားနေတာလေ ဘာကိုမိတ်ဆွေလဲ"
"အဲ့တာဆို...ငါ့ဇွန်းပြန်ပေး"
ဇွန်းလုကြရင်း နောက်ဆုံးတွင်တော့ သူတစ်လုပ်ကိုယ်တစ်လုပ်ဖြင့် မုန့်ဟင်းခါးများ ကုန်သည်အထိ စားပစ်လိုက်ကြသည်။ထိုမုန့်ဟင်းခါးသည် ဆူးမာန်ရစ်ခွေနှင့်တော်ဝင်ပန်းမာန်တို့အဖို့ စားဖူးသမျှထဲတွင် စားအကောင်းဆုံးမုန့်ဟင်းခါး ဖြစ်နေလိမ့်မည်ထင်၏။
_______________________________________
#Date-5.1.2024
#စောင့်ဖတ်ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးပါ💗