မြကြိုင်ဆိုတာ ရွာထဲက အင်း ဘယ်လိုပြောရမလဲ.. မိန်းမလျာပေါ့။ မိန်းမလျာ ဆိုလို့ အလွန်တရာမှ နွဲ့တယ် နောင်းတယ်ရယ်လည်း မဟုတ်ပါဘူး ခန္ဓာကိုယ်ရော၊ ဟန်ပန်ကရော ပျော့ပျော့ညံ့ညံ့ ဟုတ်မနေဘူး။ စိတ်ကသာ နွဲ့တာ ရုပ်ရည်ကတော့ ကျားကိုးကောင် စားမကုန်ဘူးလို့ ပြောရမလိုပဲ။ မြကြိုင်ရဲ့ အရပ်က ငါးပေ ကိုးလက်မ လောက်အထိ ရှိတယ်။ ရပ်ထဲရွာထဲမှာ ဗလတောင့်တောင့်နဲ့ ထောင်ထောင် မောင်းမောင်း ခန္ဓာကိုယ်မျိုးပဲ။ ရုပ်ရည်ကို ကြည့်ရင်လည်း မြကြိုင်ရဲ့ မျက်နှာက လေးထောင့်ဆန်တယ် ပြီးတော့ နှုတ်ခမ်းမွေး ရေးရေးလေးတွေလည်း ရှိနေသေးတယ်။ မြကြိုင်ဟာ အသားညိုညို၊ ဗလ တောင့်တောင့်နဲ့ အဲသည်လို ပုံစံပဲ။ ဗလတောင့်တောင့် ဆိုလို့ မြို့သားတွေလို အလေးတွေမ,ပြီး ကစားတာမျိုးမဟုတ်ဘူး။ ရပ်ထဲရွာထဲက အလုပ်မှန်သမျှလုပ်နေတာရယ်၊ နောက်ပြီး နဂိုပုံစံကလည်း ထောင်ထောင်မောင်းမောင်းရယ် မလို့ ဒီလို ပုံစံ ဖြစ်နေတာပါ။
"မြကြိုင်ရေ.. နင် အားသလား"
မြကြိုင်ဟာ အပြေးကလေး ရောက်လာတယ်။
"အရီး သောက်ရေလိုပြီလား"
သည်လိုပဲ၊ မြကြိုင်ဟာ သိပ်ပြီး ကူညီတတ်တယ်။ ရေပုံးလေးတွေကို ဆွဲပြီး သီချင်းလေးတညည်းညည်းနဲ့ ရွာဦး ဘုန်းကြီးကျောင်းကို သွားတော့တာပဲ။
အဲဒီအချိန်တုန်းက ရေ ဆိုတာကလည်း ရေသန့်ဘူးနဲ့ တွင်းရေပဲ ရှိတာလေ။ ဒီလို ရေသန့်ဘူးတွေကို အမြဲတော့လည်း ဘယ်သောက်နိုင်ပါ့မလဲ။ အဖိုးအခကလည်း ကြီးတာကိုး။ ဒီတော့ အလကားရတဲ့ ဘုန်းကြီးကျောင်းက ရေကိုပဲ အားကိုးကြရတယ်။ ပြီးတော့ ရွာဘုန်းကြီးကျောင်းက သောက်ရေ က သိပ်အေးပြီး သိပ်ကောင်းတာ။ အေးစိမ့်ပြီး မြေအိုးထဲ ထည့်ထားလိုက်ရင် အခုခေတ်ပြောနေတဲ့ ရေခဲသေတ္တာတောင် မလိုဘူး။ ရန်ကုန်မြို့ကြီးမှာ တစ်ခွက်ကို သုံးဆယ်နဲ့ ဝယ်သောက်ရတဲ့ ရေခဲရေလို အရသာမျိုးထက်တောင် ကောင်းလှပါရဲ့။
မြကြိုင်ဟာ ရေတံပိုးကို ထမ်းရင်း ဘုန်းကြီးကျောင်းရေတွင်းဆီရောက်လာတယ်။ မြကြိုင်ဟာ ဘုန်းကြီးကျောင်းအဝမှာ ဖိနပ်ကလေးကို ဘေးမှာကပ်ပြီး ချွတ်တယ်။ တခုတ်တရ ချွတ်နေလို့ မြကြိုင်ရဲ့ ဖိနပ်ဟာ သိပ်တန်ဖိုးကြီးလှတာမဟုတ်ဘူး။ စင်ကြယ် သားရေဖိနပ်ဟာ နောက်ဘက်မှာတောင် ပါးလို့၊ ပေါက်လို့။ ဒါပေမဲ့လည်း မြကြိုင်ဟာ ဖိနပ်ကလေးကို သိပ်တန်ဖိုးထားတယ်။ ဖိနပ်ကလေး နှစ်ပိုင်းမပြတ်မချင်း မြကြိုင် ဖိနပ်အသစ်မလဲဘူး။
ရေတွင်းမှာ မြကြိုင်အပြင်အခြား ရေခပ်နေတဲ့သူတွေလည်းရှိတယ်။ မြကြိုင်ဟာ ကြိုးချည်ထားတဲ့ အဝါရောင် ပုံးကို ရေတွင်းထဲကို ပစ်ချလိုက်တယ်။ ရေတွင်းထဲက ရေငင်ပြီးတဲ့အခါ တံပိုးတပ်ထားတဲ့ ရေပုံးအဝါရောင် နှစ်ပုံးကို ပြည့်အောင်ဖြည့်တယ်။ ရေပြည့်တဲ့ အခါမှာတော့ မြကြိုင်ဟာ ရေငင်တဲ့ အဝါရောင်ပုံးလေးကို တံပိုးတစ်ဖက်မှာ ပြန်ချည်လိုက်တယ်။ နောက်ပြီး ရေတံပိုးကို ပခုံးပေါ်တင်လို့ ရေလေးထမ်းပြီး ရွာထဲ ပြန်ဝင်လာတော့တာပဲ။
"မြကြိုင်ရေ ဒါ မုန့်ဖိုးယူ"
"မယူပါ အရီးရယ်၊ ကျုပ် ကုသိုလ်ယူတာပါ"
ဒီလိုပဲ မြကြိုင်ဟာ ငွေပေးတိုင်း ငြင်းတယ်။ အဖိုး၊ အဖွား တွေကို သောက်ရေ ခပ်ပေးတာ မြကြိုင် နေ့တိုင်း လုပ်နေတဲ့ အလုပ်တွေပဲ။
"ပင်ပန်းပါတယ် မြကြိုင်ရယ်"
"အရီးကလည်း ရေအကျိုး ဆယ်ပါးတဲ့၊ မြကြိုင် အဲဒီ ငွေယူလို့ ရေကုသိုလ် မရတော့ရင် ဘယ့်နှယ်လုပ်မလဲ"
မြကြိုင်ဟာ အဲလိုလူပဲ။ ဒါပေမဲ့ မြကြိုင်ဟာ ဒီစကားတွေကို ပြောပဲ ပြောတတ်တာ မဖတ်တတ်ရှာဘူးလေ။ မြကြိုင်ကျောင်းမှ မနေခဲ့ရတာကိုး။ မြကြိုင်ငယ်ငယ်က ရွာထဲမှာ ကျောင်းမရှိဘူး၊ ကျောင်းတက်ချင်တဲ့ ကလေးတွေဟာ တစ်ဖက်ရွာကို သွားရတယ်။ ရွာထဲ ကျောင်းလေးရှိလာတဲ့ အချိန်မှာတော့ မြကြိုင်ဟာ အသက် နှစ်ဆယ်ကို ရောက်နေပြီလေ။
"ကျုပ်သွားပြီ အရီးရေ၊ နောက်နေ့ လိုရင် ပြောနော်"
မြကြိုင်ဟာ အခြားအိမ်တွေကို ရေဖြည့်ပေးဖို့ အတွက် ခပ်သုတ်သုတ်ကလေးထွက်လာပြန်တယ်။
မြကြိုင်က ရေထမ်းရောင်းတယ်။ ရေတစ်ထမ်းကို တစ်ရာ ရတယ်။ နေ့တိုင်းရေထမ်းရောင်းရတဲ့ အလုပ်က ပင်ပန်းပေမဲ့ မြကြိုင်အတွက်တော့ အဆင်ပြေပါတယ်။ ရေဆိုတာ လူတိုင်း လိုတဲ့ အရာပဲ မဟုတ်လား။
"ရေဖြည့်မယ်နော်"
"ဟုတ်ကဲ့၊ လာမယ်နော် "
မြကြိုင်ဟာ ခပ်သုတ်သုတ်ကလေး လမ်းလျှောက်တယ်။ မြကြိုင်တို့ရွာမှာ သောက်ရေဆိုရင် ဘုန်းကြီးကျောင်းက ရေတွင်းက ခပ်ကြပြီးတော့၊ သုံးရေဆိုရင် အခြားရေတွင်းက ခပ်ကြတာများတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မြကြိုင်ရဲ့ ရေကတော့ တစ်ထမ်းကို တစ်ရာပဲ။ အဝေးကြီးကိုသွားရလည်း တစ်ရာပဲ။
ညနေစောင်းလို့ နေဝင်ရင်တော့ မြကြိုင်ဟာ အလုပ်သိမ်းတယ်။ သီချင်းလေးဆိုရင်း လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြန်တယ်။
ဒီလိုပဲ မြကြိုင်ရဲ့ ဘဝကလေးက သိပ်ပြီး ရိုးရှင်းတယ်။ မနက်တစ်ခါ၊ ညနေတစ်ခါ ရေထမ်းထွက်ပြီးတော့ ပြန်ရောက်တဲ့ အချိန်မှာ သနပ်ခါး အဖွေးသားကို ပါးကွက်ကြီးကြီး ကွက်လိမ်းပြီး လှလှကလေး အနားယူနေတတ်တယ်။ နေ့လည်နေ့ခင်းဆိုရင်တော့ ပန်းလေးပါပန်ပြီး နှုတ်ခမ်းနီလေး ဆိုထားတတ်လေရဲ့။
ဒါဟာ မြကြိုင်ရဲ့ ဘဝကလေးပါပဲ။
တစ်နေ့ .. အဲဒီတစ်နေ့မှာတော့ ရွာထဲကို ကျောင်းဆရာလေးတစ်ယောက် ရောက်လာခဲ့တယ်။