"ဆရာ ရေပြည့်ပြီ"
မြကြိုင်ဟာ အသံလေး ကျယ်ကျယ်နဲ့ လှမ်းအော်တယ်။ မြကြိုင်ရဲ့ အသံကို ကြားတဲ့အခါ ကျောင်းဆရာလေးက အိမ်ရှေ့ကို ထွက်လာတယ်။
"ကျေးဇူးပဲနော်"
မြကြိုင်က ရို့ရို့ကလေး ပြုံးပြတယ်။
"ဒါဖြင့် သွားပြီနော်"
"ရေဖိုးယူသွားလေ"
မြကြိုင်က လက်ကလေးတွေကို ခါပြရင်း ခေါင်းလေးတွေကိုပါ ခါတယ်။
"မယူပါဘူး ဆရာရယ်"
"ဘယ်ဟုတ်မလဲဗျာ၊ ယူသွားပါ"
"ဆရာက ရွာက ကလေးတွေကို စာသင်ပေးနေတာလေ၊ ကျုပ်က တတ်နိုင်တာလေး ပြန်လုပ်ပေးတာပါ"
မြကြိုင်ဟာ ကျောင်းဆရာလေးကို သိပ်ပြီး ကူညီချင်တယ်။ အရင် ရောက်လာခဲ့တဲ့ ဆရာတွေကို မြကြိုင် ကူညီခဲ့ဖူးပါရဲ့။ ဒါပေမဲ့ ဒီလောက်ထိတော့ ကူညီချင်စိတ်မရှိခဲ့ဖူးဘူး။
မြကြိုင် ဒီကျောင်းဆရာလေးကိုမှ ထူးထူးခြားခြား ကူညီပေးချင်နေတာပါ။ ဒါကြောင့်မလို့ ရေဖိုးကိုတောင် မယူတော့ပါဘူးလို့ ပြန်ပြောခဲ့တာပဲ။
"ကျုပ်သွားပြီနော်"
မြကြိုင်က ခြေကို သွက်သွက်ကလေး လှမ်းပြီး ကျောင်းဆရာလေးရဲ့ အိမ်က ထွက်လိုက်တယ်။ ပြီးတဲ့အခါ အခြားအိမ်တွေကို ရေဖြည့်ဖို့ ရှိသေးတယ်လေ။
မြကြိုင် ရေဖြည့်နေရင်းလည်း မဖြည့်ချင်တဲ့ အိမ်လည်း ရှိပါသေးတယ်။ ဒါပေမဲ့ မြကြိုင်အနေနဲ့ ဖြည့်နေရတာပါပဲ။ ပိုက်ဆံလိုတယ်လေ။ ဒီတော့ မြကြိုင် မဖြည့်ချင်လည်း သည်းခံပြီး ဖြည့်ရတာပါပဲ။
"ဘယ်လောက်ကျလဲ"
"သုံးရာ"
"ရော့"
မြကြိုင်ကို ပေးတဲ့ ပိုက်ဆံ နွမ်းနွမ်းလေးတွေက စဉ့်အိုး အဖုံးပေါ်ကို ရောက်လာတယ်။ သည်အိမ်က အဲလိုပဲ၊ မြကြိုင် ကို ပိုက်ဆံပေးရင် ဘယ်တော့မှ လက်ထဲမပေးဘူး။ စဉ့်အိုးပေါ် ပေးတာမျိုးရှိတယ်၊ ရေခွက်ပေါ် တင်ပေးတာမျိုးရှိတယ်။ မြကြိုင် ကို ဒီလို ပေးပေမဲ့ မြကြိုင်ကတော့ မယူဘဲ မနေပါဘူး။ လုပ်အားနဲ့ရတဲ့ ပိုက်ဆံပဲ။ သူတို့က ပိုက်ဆံကို အဲသလို ပေးရင် မြကြိုင်ကလည်း ခပ်တည်တည်ပဲ အိတ်ထဲကို ကောက်ထည့်တယ်။ ပြီးတဲ့ အခါ နောက်တစ်အိမ်ကို ရေဖြည့်ပေးဖို့ ခပ်သွက်သွက်ကလေး ထပ်သွားတော့တာပဲ။
****
မြကြိုင်ဟာ နေ့လည်ဘက်တွေမှာ ဆိုရင် သနပ်ခါးကို ဖွေးနေအောင် လိမ်းပြီး ပန်းလေး တစ်ပွင့်ကို နားကြားမှာ ညှပ်ပန်ထားတတ်တယ်။ မြကြိုင်က ပန်းလေးတွေကို ချစ်လည်းချစ်တယ်၊ ကြိုက်လည်းကြိုက်တယ်။ ပန်တော့လည်း သေသေသပ်သပ်ကလေးပန်တယ်။ မြကြိုင်ပန်ထားရာက ပန်းလေးညှိုးသွားရင် အဲဒီပန်းလေးကို ဖက်ရွက်ကလေးနဲ့ သေသေချာချာလေး ထုပ်ပိုးထားတတ်တယ်။
ဒီနေ့မှာလည်း မြကြိုင်ဟာ ပန်းလေးတစ်ပွင့်ကို ညာဘက်နားမှာ ညှပ်ပြီး ပန်ထားတယ်။ သနပ်ခါးလေးကို ညက်ညက်ကလေး လိမ်းပြီး ပါးကွက်ကြီးကြီး ကွက်ထားတယ်။ နှုတ်ခမ်းနီလေးကလည်း မြကြိုင်ရဲ့ နှုတ်ခမ်းမှာ စိုလို့ ရဲလို့။ ပုဆိုး အစိမ်းရောင်လေးနဲ့ အင်္ကျီ အစိမ်းလေးကလည်း မီးပူသေချာတိုက်ထားတဲ့ ပုံစံမလို့ ကျော့ကျော့ကလေး ဖြစ်နေတယ်။ ရေထမ်းထွက်တဲ့ အခါ မြကြိုင်က ခပ်နွမ်းနွမ်း အဝတ်အစားလေးတွေကို ဝတ်လေ့ရှိပေမဲ့ အိမ်မှာနေရင်တော့ မြကြိုင်က လှပေ့ သန့်ပေ့ သစ်လွင်ပေ့ ဆိုတာလေးတွေကိုပဲ ဝတ်လေ့ရှိတယ်။
အဲသည်လိုပဲ မြကြိုင်ဟာ သိပ်ပြီး လှလှကလေးနေချင်တယ်။ ရေထမ်းသွားရရင် မြကြိုင် သနပ်ခါးမလိမ်း၊ ပန်းမပန်ဘဲ သွားတော့ ဒီအချိန်လေးမှာပဲ မြကြိုင်ဟာ လှလှကလေး နေရှာတယ်လေ။
"မြကြိုင်ရေ.."
"လာလေ အနု"
မြကြိုင်ဟာ နုနု ကို အနု လို့ စိတ်လိုလက်ရ ခေါ်ရင်း အိမ်ထဲကနေ လက်လှမ်းပြတယ်။
"လာ ထိုင်၊ ဘယ်က လှည့်လာတာလဲ"
"တောင်ပိုင်းက အပြန် နင့်ဆီဝင်လာတာ"
မြကြိုင်က ချက်ချင်းဆိုသလို ထပြီး အိမ်ထဲကို ဝင်တယ်၊ ပြီးတော့ ရေနွေးကရားကို ယူလာတယ်။
"ရော့ သောက်၊ ငါ လက်ဖက်သွားသုပ်ပေးမယ်"
"ရပါတယ်ဟယ်"
မြကြိုင်က မျက်စောင်းထိုးတယ်။
"အမလေးအေ၊ ညည်းပြီးရင် မစားတာလည်းမဟုတ်ဘူး"
နုနုက ရယ်တယ်။ တကယ်လည်း မြကြိုင် သုပ်ပေးတဲ့ လက်ဖက်သုပ်ကို နုနု ကြိုက်ပါတယ်။ မြကြိုင်က လက်ဖက်သုပ်တဲ့အခါ ကြက်သွန်နီလေး ထည့်သုပ်တတ်တယ်။ နောက်ပြီး ဘေးနားမှာ သင်္ဘောရွက်နုနုလေးတွေ ထားပေးတတ်တယ်။
"တွဲစားဖို့အတွက် သင်္ဘောရွက်ပါ ယူလာတယ်နော်"
"ငါလည်း နင်ကျွေးတာနဲ့ အကျင့်ဖြစ်နေပြီ"
နုနုက ရယ်ရင်းပြောတဲ့အခါ မြကြိုင်လည်း သဘောတကျ ရယ်ပါတယ်။
နုနုက အစပိုင်းမှာ အဲဒီလိုမျိုး မစားတတ်ဘူး။ ခါးသက်တဲ့ သင်္ဘောရွက်ရဲ့ အရသာကို မကြိုက်တဲ့ နုနုဟာ မြကြိုင် က စားကြည့်ဖို့ ညွှန်းလွန်းတဲ့အခါ စားကြည့်ရာက စလို့ အကျင့်ဖြစ်သွားရတော့တာပဲ။
"မြကြိုင် နင် မနက်ဖြန် လိုက်မလား"
နုနုက လက်ဖက်သုပ်ကို စားရင်း မြကြိုင်ကို မေးငေါ့ လှမ်းမေးတယ်။
"ဘယ်လဲ"
"ပျိုးစိုက်ဖို့ တဲ့"
မြကြိုင်က ခေါင်းညိတ်တယ်။
"ငါ မနက်စောစော ရေဖြည့်ပြီးရင် လိုက်မယ်လေ၊ နင်ဘယ်မှာ စောင့်မလဲ"
"နင့်အိမ်ကိုပဲ လာမယ်လေ၊ ငါလည်း လမ်းချင်းတူတာပဲ"
မြကြိုင်က အင်း လို့ ဆိုတယ်။ ပြီးတဲ့အခါ လက်ကလေးတွေကို ထောင်လိုက်တယ်။ နောက်ပြီးတဲ့ အခါတော့ လက်ကလေးတွေကို တစ်ချောင်းချင်းချိုးရင်း ရေဖြည့်ရမဲ့ အိမ်တွေကို တွက်တယ်။
"အရီး ကြည်စိန်၊ အရီး ငွေခင်၊ မရမ်းပင် သုံးပင်နဲ့ အိမ်၊ သင်္ဘောသီးရောင်းတဲ့အိမ် ၊ ပြီးတော့ ဆရာ့အိမ် "
ဆရာ့ အိမ်ဆိုတဲ့ နေရာလည်းရောက်ရော မြကြိုင်က ဇက်ကလေးကို ပုရင်း ပြုံးရယ်တယ်။ နုနုက မြကြိုင်ကို အသေအချာကြည့်တယ်။
"မြကြိုင်.."
နုနု က မြကြိုင်ကို မေးခွန်းထုတ်သလို ခေါ်တဲ့အခါ မြကြိုင်က နင်မသိပါဘူး ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်တယ်။
မြကြိုင် ဆရာလေးကို တော်တော် သဘောကျပါတယ်။ တစ်နေ့ထက်တစ်နေ့ အတော်လေး သဘောကျလာတယ်။ ဆရာလေးဟာ ချောတဲ့ လှတဲ့ အထဲ တော့ သိပ်မပါဘူး။ ဒါပေမဲ့ အသားဖြူဖြူလေးနဲ့ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို မြကြိုင် သိပ်သဘောကျတာပဲ။ ကျောင်းဝတ်စုံလေးကို ဝတ်လိုက်တဲ့ အခါ ကျောင်းဆရာလေးဟာ သိပ်ပြီး ကြည့်ကောင်းတယ်။ ဒါပေမဲ့ မြကြိုင် အမြင်မှာတော့ ဆရာလေး ဘယ်လိုနေနေ၊ ဘာပဲ ဝတ်ဝတ် အမြဲ ကြည့်ကောင်းပါတယ်။
"နင် မဟုတ်မှ.."
မြရယ် ရယ်လိုက်တယ်။
"ဘာတွေတွေးနေတာလည်း အနုရယ်၊ ငါက သဘောရိုးပါဟဲ့"
မြကြိုင် ရိုးတာ မရိုးတာတော့ မြကြိုင်ပဲ သိမယ်ထင်တယ်။ နုနုကတော့ မြကြိုင်ကို အသေအချာကို စိုက်ကြည့်နေတာပဲ။
"ဒါဖြင့် နင်မနက်ဖြန် လုပ်ထားလိုက်၊ ငါဝင်ခေါ်မယ်"
မြကြိုင်က ခေါင်းလေး ညိတ်တယ်။
"စိတ်ချစမ်းပါအေ"
နုနုက ထွက်သွားတယ်။ မြကြိုင်က အိမ်ထဲကို ပြန်ဝင်ပြီး ညနေ ရေထမ်းထွက်ဖို့ ပြင်ဆင်တယ်။ မြကြိုင်ဟာ အခုဆိုရင် ရေထမ်းထွက်ရင်တောင် သနပ်ခါးလေးလိမ်းတတ်နေပြီ။ ပါးကွက်မကွက်ပေမဲ့ သနပ်ခါးလေး လိမ်းပြီး ခေါင်းလေးကို သေချာဖြီးတတ်နေပြီ။
မြကြိုင်က သီချင်းလေးတညည်းညည်းနဲ့ မှန်ရှေ့မှာ ခေါင်းလေးဖြီးတယ်။ အကျယ် ခြောက်လက်မ၊ အမြင့် ရှစ်လက်မ ရှိတဲ့ မှန်လေးဟာ မြကြိုင်ရဲ့ မျက်နှာနဲ့တော့ ကွက်တိ အနေအထားပဲ။ မြကြိုင်က ပြည့်ပြည့်လေးဖြစ်နေတဲ့ မျက်နှာလေးကို ဘယ်တစ်လှည့်၊ ညာတစ်လှည့်ကြည့်တယ်။ စိတ်ကျေပ်အောင် ကြည့်ပြီးမှ မှန်ရှေ့က ထွက်လာတော့တယ်။