ခက်တယ် ကလေးရယ်
#ဦးငယ်
•••••••••••••••••••••••••••
အခန်း ၁
" အို အဟွန့် "
"ဟာ ဆောရီး အမိ"
"ဟွန် ကျွန်မနာမည် အမိမဟုတ်ဘူးရှင့်
မုမုလယ်တဲ့"
"အော် ဟုတ်ကဲ့"
"အဟိ"
"ဟာ ဟေး လှေကားကနေ ဒုန်းမဆင်း
နဲ့လေ ခြေချော်လဲမယ်ကွဲ့"
ပြော၍မရ။ ဆံနွယ်လေးတွေ လွင့်ခါ
သွားသည့်တိုင်အောင် ခုန်လွှား ဆင်း
သွားသူလေး။ သေချာသည်။ မြို့ကြီးသူ
လေးသာ ဖြစ်ကောင်းဖြစ်မည်။
"ဟော ဇေရှိန် ရောက်ပြီလားဟေ"
"တင်ပါ့ဘုရား ဖိုးချက်လာပြောလို့
လုပ်လက်စချပြီး လာခဲ့တာဘုရား"
"အကြောင်းကတော့ အထူးတဆန်း
မဟုတ်ဘူးဟေ နိုင်ငံရေးကာလ အဆင်မပြေ
တော့ ရွာဘက် လာနေတဲ့ ဘဘုန်းဆွေမျိုးအတွက်
လာနေမဲ့အကြောင်း ပြောမလို့"
"တင်ပါ့"
"ဒီရွာမှာတော့ အေးချမ်းတယ်ဆိုပေမဲ့
နောက်ဆိုရင်တော့ မပြောတတ်ဘူးဟေ
ဇေရှိန်ရေ ကူညီလိုက်ကွယ်နော"
"တင်ပါ့ အိမ်ဝိုင်းထဲက နှစ်ထပ်အိမ်တော့
ဟိုတလောက အဖေ့အမျိုးတွေလာတာနဲ့
နေသွားကြတာ အရန်သင့်တော့ ရှိတယ်
ဘုန်းဘုရား"
"ကောင်းတာပဲ ဟဲ့ လိုက်သာသွား"
လူစိမ်းသူစိမ်းတွေ ဖြစ်သည်နှင့်အညီ
တည်ကြည်သော သွင်ဟန်ဖြင့် ဇေရှိန်
နှုတ်ဆက်ရတော့သည်။
" ရွာမှာတော့ အေးချမ်းတုန်းပဲဗျ
ဒီရွာမှာတော့ သီးသန့်ဥက္ကဋ္ဌဆိုတာမျိုးတော့
မရှိပါဘူး သစ်ပင်ပန်းမန်များတော့
အေးချမ်းပါတယ်"
"ဒါပဲ ပြောနေတယ် အမောင်ရယ်
ရပါတယ် ကျေးဇူးပါကွယ်၊ ကျုပ်ကတော့
ပြန်သွားမှာပါ သမီးနဲ့ ဇနီးကိုပဲ ဒီဆီ
လာထားခြင်းပါ"
"အော် ဟုတ်ပြီ ကျွန်တော့အိမ်မှာတော့
အဒေါ်ကြီးနဲ့အတူနေပါတယ် အဒေါ်လည်း
အဖော်ရတာပေါ့"
စကားတွေက ပြောလေလေ ခင်မင်
စေလေ ဖြစ်သွားသည့်နောက် ဝက်သား
တုပ်ထိုးဆိုင်လေးရှေ့တွင် မျှော်ငေးနေ
သော ကောင်မလေး။
"ဟောကြည့် အဲ့တာ ကျုပ်တို့
သမီးလေးပဲ နာမည်က မုမုလယ်တဲ့
တက္ကသိုလ်ဆက်တက်ဖို့ကို အခြေအနေ
တွေကြောင့် နားလိုက်ရတယ်"
"ဟုတ် ဟုတ် အဟင်း"
ချစ်စရာကောင်းသည်ထက် ပိုသူလေးပင်။
" ဒီကလေးကိုလည်း ညီမနှမလိုသာ
ဆုံးမပေးပါ ကိုဇေရှိန်"
"ဟုတ်ကဲ့ဗျ အဟင်း"
ပြုံးပြပြီးနောက် ဆက်သွားမည်ပြင်စဉ်
မုမုလယ်လေးအနား ကွက်ကြည့်ကွက်ကြည့်
ဖြင့် ဝိုင်းလာကြလေသော ကောင်လေးအချို့။
"ဟိုလေ ဟိုးက အိမ်က ကျွန်တော်တို့
အိမ်ပါ သွားနှင့်နော် အန်ကယ်တို့"
"ဟေ"
"ဟိုမှာလေဗျ အန်ကယ်တို့ ကလေးက
မိန်းမလှ မောင်ပျိုချောတွေက ဝိုင်းလာပြီ"
"မုမုရေ ဟဲ့ မုမု"
"ရှင် မေမေ"
"လာခဲ့တော့"
"ကောင်းလေရော"
ခွင်ဖန်မည်ပြင်လေမှ သွားလေပြီ။
"ညည်းဟာလေ အစားအတော်မတ်
စားသလောက်လည်း မဝ"
"အမေကလည်း ဒါကအခုမှ အစရှိသေးတယ်
နောက်ဆို ဟော့ဒီက ဦးကို ပူဆာပြီး အကုန်
လျှောက်စားပစ်အုံးမှာ သိရဲ့လား"
"ဟယ်ကြည့်"
"မဟုတ်ဘူးလား အမေနဲ့ ဒီ ဦးတို့
စကားတွေပြောလာကြတာဟာ သိပ်ခင်နေကြ
ပြီဟာကိုး"
"ဟုတ်ပါတယ် အမိ လာပါဗျ
သွားကြတာပေါ့ တောဆိုတော့
အနေတော့ ခက်မယ်ထင်တယ်"
"ဦး"
"ဘုရား"
"အို လက်မောင်းလေး ကိုင်တာကို
ဘာလို့ ဘုရားတနေသလဲ ဟွန်လို့"
"တယ်ခက်ပါလား"
"သမီး သူများကို အားနာစရာ ညည်းလေးနော်"
"အိုး ဘာဖြစ်လဲ သမီးအကြောင်းလည်း
ဒယ်ဒီသိသားနဲ့ ဒီ ဦးကို ခင်လို့ဟာကို"
လက်ဖျားခါရသည်။ မိဘတွေ မပြောနိုင်။
ကိုယ့်နှလုံးသားတွေလည်း အငြိမ်မနေနိုင်။
ဇေရှိန်ရင်ခုန်သံတွေက ကလေး ကလေး ဟု
ပင် ခုန်နေရော့သလား အောက်မေ့ရလေ
သည်။
ရင်ခုန်ရတာ သိပ်ခက်တယ်ကွယ်။
•••••••••••••••••••••••••••••••
အခန်း ၂
တစ်မနက်။
"ဟိတ် ဦး"
"ဗုဒ္ဓေါ လန့်တာ အမိရယ်"
"ဘာလုပ်နေတာလဲလို့ ဖုန်တွေထတယ်"
"တံမြက်စည်းလှဲနေတာလေကွယ်
တယ်စောပါ့လား "
"စောစောထတာ ဟို ဟို ကြက်ဖအော်သံကြောင့်"
"အော် အွန်း"
"ပေး မုမု လှဲမယ်"
"အမလေးလေး မလုပ်ပါနဲ့ကွယ်
ခိုက်မိကုန်ပါ့မယ် လာ ခဏ အဲ့တာ
မလုပ်နဲ့ ညည်းလေးဖို့ ဦး မုန့်ခွေလိပ်
ဝယ်ထားပေးတယ်"
"ဟင် ဘာကြီး မနက်စာလား"
"လာပါ ဒေါ်ဒေါ်ပြောတာတော့
မုန့်ပေါင်းပါ ဝယ်ထားတယ် ပြောတာပဲ"
"စားစရာလားဟင်"
ချစ်စရာလေးပင်။ ခုံတန်းလျားတွင် ခြေ
ထောက်လေး လှုပ်လွှဲကာ ထိုင်နေသူလေး။
ကလေးလေးမှ ကလေးလေးပင်။ မုန့်ခွေ
လိပ်လေးကို ဆီဆမ်း၍ မုန့်ပေါင်းလေးကို
ကတ်ကြေးလေးဖြင့် စားချင်စဖွယ်ဖြစ်အောင်
ကိုက်ညှပ်ယူလာလိုက်လေသည်။
"လာ ဒီမှာ စားကြည့်"
"အွန်း အာ"
"ဟေ"
"အစောက လျှောက်ကိုင်ထားလို့
ပေနေလို့ ဦး ခွံ့ကျွေး"
"ဟေ အေးလေ အွန်း ဒီမှာ"
လက်တောင် တုန်မိသည်။ တစ်ချက်
တစ်လေ အောက်နှုတ်ခမ်းရဲရဲလေးကို
ထိမိသည့်အခါ နှလုံးသားကျပျောက်
သွားမတတ်။
"ဝပြီလား"
"အွန်း အွန်း"
"ရေမသောက်နဲ့ ကလေး နေ ဒါလေး
သောက် ရေနွေးကြမ်း ဝမ်းချုပ်မှာစိုးလို့
နော် သောက်လိုက် ဦး အေးအောင် မှုတ်
ထားပေးတယ်"
"ဟွန် ဟုတ်"
ချစ်စဖွယ်ပင်။ အရုဏ်တတ်သည်နှင့်
သူ ရင်ခုန်တတ်ပြီ ဆိုရလေမည်။
"ဟင် ဒါက ဘာတုန်း ဦး"
"ထမင်းကြမ်းကြော်နဲ့ အကြော်လေကွယ်"
"မုမုလည်း နည်းနည်းစားချင်တယ်"
"ဟာ ဗိုက်မပြည့်သေးလို့လား
ဗိုက်နာလိမ့်မယ် မစားပါနဲ့ကွယ်နော်"
"အွန် ဟင်း စားချင်ပါတယ်ဆို"
"ခက်ပါကောလား လာ ဒါဆိုလည်း
တစ်လုပ်နှစ်လုပ်တော့ ဦး ခွံ့မယ်"
"ဟုတ်ကဲ့"
ချစ်စရာကောင်းလိုက်တာကွယ်။ ပြုံးမိရင်း
သွားမစိနိုင်မိသည်အထိ။ စားပြီးသည့်အခါ
အနားက ပြေးထွက်သွားလေသည့်အခါ လစ်
ဟာသွားသော ရင်အစုံ။
"တယ်လည်း ခက်နေပါကောလား
ကလေးလေးရယ် သိပ်ချစ်မိတော့မယ်ကွယ်"။
••••••••••••••••••••••••••••••••••
အခန်း ၃
" ဦးရေ ဦး "
"ဟေ ကလေး အယ် မေ့လို့ မုမု"
နေပင် အနည်းငယ်မြင့်လေမှ တော
ကို လှည်းမောင်းထွက်ခဲ့လေရာ အနောက်
က ပြေးလိုက်လာလေသော ကလေးမလေး။
"စောင့်ပါအုံး ဦးရဲ့ မုမုလည်း
လိုက်ချင်တယ်"
"ကျွတ် ကျွတ် ဟင်း……"
နွားလှည်းကို ရပ်လျက် ခုန်သော ရင်အစုံ
ဖြင့် စောင့်နေမိသည့်အခါ ဖုန်တလုံးလုံးကြား
မှာ ပြေးလိုက်လာသူလေး။
အလို ပြေးလာရင်း လဲပြီ။
မိန်းမလှလေး လှဲကျသည့်အခါ လှည်းပေါ်
မှ ဝုန်းဒိုင်းခုန်ဆင်းကာ ပြေးထူမိလေသူ။
ဦး။
"ရရဲ့လားကွဲ့ ဟင်း ပွန်းရုံပဲ
ဖြစ်သွားတာ တော်သေးတာပေါ့ လာ"
"ချီ"
"ဟေ"
"နာလို့ ချီလို့ဆိုနေ ဦးနော်"
"အေး အေးပါကွာ ခက်ပါရော ဟင်း"
လမ်းလယ်ခေါင်မို့ အချိန်မဆိုင်းလင့်
တော့ပဲ ကောက်ကာ ပွေ့ချီသည့်အခါ
ရင်ခွင်ကြီးထဲ မြုပ်နေလေသော ကလေး။
"လာ ဒီ အိတ်ပေါ် ဖင်ခုထိုင်"
"ဦး"
"ဟဲ့နွား တောက် အော် ဒီနွား……"
"ဟာ ဦးလို့ဆိုနေ"
"ဟေ ဟေ ပြောလေ ကလေး"
"ဦးက လူပျိုကြီးဆို"
"အေး ဘာလို့မေးသလဲ"
"ဒေါ်ကြီးက ပြောပြလို့လေ ဦးသိလား"
"ဘာကို သိရမှာတုန်းကွ ဟွန်"
"မုမုလည်း တစ်ကိုယ်တည်းအပျိုလေးဆိုတာ"
"ဒီကလေးနှယ်"
"ကလေးဟာ လှလားဟင်"
"ဟာ အဲ့လို လက်မောင်းကို မဖက်ပါနဲ့"
"ဟွန့် အွန်း ဦးက မကြိုက်လို့လား"
"အလိုလေး မဟုတ်ပါဘူး"
"ရှက်နေတာလား"
"မဟုတ်ပါဘူးကွယ် ကလေးရယ်
ဦးကိုယ်က ချွေးနံ့တွေ ကလေးအသားဖွေး
ဖွေးလေးတွေဆီ ကူးကုန်မှာစိုးလို့"
"အို ကူးပါစေ ဘာမှဖြစ်ဘူး
ဦးလက်မောင်းကြီးတွေက သိပ်ချစ်စရာ
ကောင်းလို့"
"ဒီကလေးတော့လေ တော နေပူရ ပူနဲ့
ကလေး အမေက မဆူဘူးလား"
"မဆူပေါင် အခုလည်း ဒီလိုက်လာတာ
သိမှာ မဟုတ်ဘူး အမေက ရွာထဲကအန်တီကြီး
တွေနဲ့ အဖော်တွေ့နေတာ"
"ကောင်းနေရော"
"အားလားလား ဖင်ဆောင့်တာ နာတယ်တော့"
"ဟေ ခက်ပါကောလား မြက်ရိတ်လာရင်
တော့ ခု ထိုင်လို့ရတယ် အခုဟာက ဘာမှမပါ
ဟို ဘယ်လို လုပ်ရမလဲ"
"ဦး ပေါင်ပေါ် ထိုင်မယ်"
"ဟာကွယ် မဖြစ်နိုင်တာ"
"ဦးလို့ဆိုနေ"
"မလုပ်ပါနဲ့ကွယ် ပြီးတော့ ဟို ဟို"
"မသိဘူး ဖင်ကြိမ်းမခံနိုင်ဘူး ထိုင်မှာပဲ"
"ခက်တယ် ကလေးရယ်……"။
•••••••••••••••••••••••••••••••••
အခန်း ၄
" ဟေး ဟေး သစ်ပင်ပေါ်တက်နေ
ပြုတ်ကျနေမယ်နော် အခုဆင်း"
"အသီးလေးတွေ ရှိတယ် ဦးရဲ့
စားချင်လို့နော်"
"အသီးက နုနုလေးတွေ အခုဆင်း"
"ဆင်းဘူး"
"အော် ဒီကလေးနှယ် မြွေပါးကင်းပါးနဲ့
ဆင်းပါကွယ် လာပါ ဦး အလုပ် လုပ်မရဘူး"
"ဟာ ဦးမသိလို့ ဦး ဆေးဖြန်းနေတာကို
ဟော့ဒီအပင်ပေါ်က ကြည့်နေတာ
ဦးကလေ သိပ်ခန့်ချောတာပဲ သိလား"
"အေး မဆင်းဘူးလား"
"ဟင့်အင်း"
"ဒါဆိုပြီးရော"
"ဦး ဦး အဲ့တာ ဘယ်တုန်းလို့"
"ရေချိုးမလို့လေ ဟော့နားက ရေတွင်း"
"ပြီးရော"
ဦးဇေရှိန် အဝတ်ကို ချွတ်ကာ ရေချိုး
လိုက်မိသည်။ ချိုးနေကြမို့ အပင်ပေါ်
က ကလေးမ ရှိသည်ကို အစက သတိ
မမူမိ။ တစ်ခဏနေမှ သတိရ၍ မော့ လှမ်း
ကြည့်မိသည့်အခါ တခစ်ခစ်ရယ်ကာ သစ်
ကိုင်းကြားလေးမှ ချောင်းကြည့်နေသူလေးကို
မြင်လိုက်ရလေသည်။ ရှက်မည်ပြင်မိသည်။
ပြင်ရုံသာ။
" မြွေ အား ဦးရေ ဦး ကယ်ပါအုံး "
"ဟင်"
အပြးအလွှား ရောက်သွားမိသည်။ ရေခွက်
ပစ်ချကာ ပြေးသွားမိခဲ့သည်။ မျက်စိစုံမှိတ်
ကာ ပိတ်အော်နေသူလေး။
"ခုန်ချလိုက် လာ ဦး ဖမ်းထားပေးမယ်"
"အဟင့် အမြင့် အမြင့်ကြီးဟာကို"
"ခုန်ပါကွယ် စိတ်ပူတယ်ကွယ် လာ"
"ခုန်မယ်နော် အဟွန့်"
"အောင့် မလေး လေး"
ခုန်ချသည့်အခါ အရှိန်ပါ၍ ဖက်ထားလျက်
သား ခွေယိုင်လဲကျသွားလေသည်။
"အဟိဟိ"
"ဟင် ကလေး ဟာကွာ"
လူပေါ်မှနေကာ တခစ်ခစ်ရယ်၍ ရင်ဘတ်
တစ်ခုပေါ် နမ်းလိုက်လေသူ။
"အသည်းယားမိတယ် ကလေးရယ်"
"အွန် သွား မဆိုးနဲ့လေလို့"
"ဦး ရင်ခုန်မိတယ်ကွယ် တယ်ခက်တယ်"
"အိုဟို ဘာခက်သလဲလို့"
"ကလေးဟာ ငယ်ငယ်လေး
ဦးဟာ လူကြီးလေ"
"လူကြီးနဲ့ကလေးက ဆွေမျိုးတွေမှ
မဟုတ်တာပဲ ချစ်လို့ရင်ခုန်လို့ရတယ်လေ
ဟုတ်ဘူးလားလို့"
"ကလေးက ဦးအတွက် ရင်ခုန်နိုင်လို့လား"
"မိန်းမသားက စပြောမှ သိရမှာလားလို့"
"ဦး ကလေးကို သိပ်ချစ်တယ် အဟင်း"
"ရှက်နေတာလား အဲ့တာ၊ ဦးနော်
ယောက်ျားကြီးဖြစ်ပြီး"
"ချစ်တယ် ကလေးရယ် အခုတော့
အပ်ါကနေ ဖယ်ပေးနော်"
"ဟွန် ဟုတ်သား အဟီး"
"ကလေး"
"ရှင့်"
"ဦး ရေချိုးနေရင် လှမ်းမကြည့်နဲ့နော်"
"အွန် ဟင်း"။
••••••••••••••••••••••••••••••••••
အခန်း ၅
မြောက်ပြန်လေက တမာပင်အောက်
က စုံတွဲလေးကြား တိုးတိုက်ကျီစယ်
တိုက်ခတ်သွားကြလေသည်။
"ဦး"
"ဗျာ"
"ကလေးကို တကယ်ချစ်တာပေါ့နော်"
"တစ်ကယ်မကဘူး အကယ်သိန်းသန်းမက"
"မနောက်ပါနဲ့ ကလေးကလေ ဦးကို
ဟိုးနေ့က လှေကားအဆင်းမှာကတည်းက
ကြွေသွားမိတာ ဦးမျက်ဝန်းတွေကို ကြည့်မိ
ပြီးတော့လေ"
"ဦးလည်း အတူတူပါပဲကွယ်"
"ဦးဟာ ကလေးရဲ့ အချစ်ဦးပါ"
"ဦးရောပဲ အခုဆို ရွာထဲက ရွယ်တူတွေ
အသုတ်လိုက် အိမ်ထောင်ကျသွားကြပေမဲ့
ရွာအကြီးအကဲစာရင်းတောင် ဝင်တဲ့ လူပျို
ကြီး ဖြစ်ကျန်နေခဲ့တာသာ ကြည့်လေ"
"ဦးက သိပ်ချောလွန်းလို့ နေမှာပေါ့"
"နာမည်ကြီး ထမင်းငတ်ပေါ့ကွယ်"
"ကလေးကို တွေ့ဖို့ အငတ်ခံခဲ့တာမလား"
"ဒါပေါ့ကွယ် ချစ်တယ် ကလေးရာ"
"အွန် အဟွန့် ဦး နှုတ်ခမ်းတွေ
အထိအတွေ့က သိပ်အသည်းယားစရာ
ကောင်းတယ် နမ်းပါနဲ့ဆို"
"ချစ်လို့ပဲကွာ နော် နော်"
"ဦး"
"ဗျာလို့"
"ဘာရယ် မဟုတ်ဘူး ခေါ်ကြည့်တာ"
"ဒါဆို ဖယ်အုံး ရင်ခွင်ထဲက"
"ဘယ်သွားမှာတုန်း ကလေးကော လိုက်မယ်"
"ဟိုနား မြက်ရိတ်မလို့ နော် ဒီမှာပဲ
နေခဲ့ အသားမည်းကုန်လိမ့်မယ်
နေသိပ်ပြင်းတယ် ကလေးရဲ့"
"ဟာ မလိုပါဘူး နေဘယ်လောက်ပူပူ
ဦး အချစ်တွေကြောင့် အေးမြနေပြီးသားဟာ"
"ကြည့်ပါ့လားကွာ ဦး ကလေးလေးက
စကားသိပ်တတ်တယ် လာ ကျောပိုးမယ်
ခမောက်လေး ဆောင်းခဲ့"
" ဟုတ်"
နှစ်ကိုယ်သား လယ်ကန်သင်းဖောင်ဘက်
လျှောက်လာမိကြလေသည်။ ကောင်းကင်က
ပျံသန်းသွားသော ငှက်မောင်နှံလေးတွေက
အသံလေးတွေ မတိုးတတိုးအော်ကာ စနောက်
သွားသလို နေမင်းသူရိန်ကို တိမ်မျှင်လေးတို့
က ဖုံးစစပြုထားလေသည်။
"မဆင်းနဲ့လေ ကလေး "
"ဟာ တကယ် ညောင်းနေပါ့မယ်"
"ကလေးနဲ့ တစ်လက်မတောင် မခွာချင်လို့"
"ပိုပြီ ဦးကတော့ ဟိုလေ ဦး
ကလေးလည်း မြက်ရိတ်ကြည့်မယ်လေ"
"မလုပ်ပါနဲ့ကွယ် တံဇဉ်ခိုက်မိမှ"
"ဦးလို့"
"ဟော မရပါလား လာကွယ် လာ
ပြီးရင်တော့ အိမ်ပြန်မယ်နော် နော်"
" အားလား လား"
"ဟာကွာ ကျွတ် မြက်က ရှလိုက်တာ
သွေးစို့ပြီ ဦးစကားမှ နားမထောင်တာ"
"ဦးလို့ဆိုနေ"
"ပေး ငုံထားပေးမယ် သွေးတိတ်အောင်"
"အဟိဟိ"
နှစ်ဦးသား၏ ကြည်နူးမှုအချို့ကား
အနောက်ဌာနေဝယ် နေကျလာချိန်
ရောက်သည့်နောက် ပျက်ပြယ်လုလေပြီ။
ခလောက်သံဆူဝေကာ အိမ်ပြန်လမ်း
ထက် အနမ်းတွေ တဝကြီး ခြွေနေလေ
သူ။
"ဘာလို့ ဇွတ်နမ်းနေတာတုန်းလို့ ဦးနော်"
"နမ်းမဝလို့ပါကွယ် အိမ်ရောက်ရင်
အနားကပ်လို့ မသင့်တော့ဘူးလေ"
"ဘာလို့မသင့်သလဲ ဦးနော်"
"ကလေးကို မုန့်ပေးကြိုက်တယ်
ရွာကလူတွေ ပြောကြမှာပေါ့ကွ"
"အို့ ကလေးကို ဦးက
နှလုံးသားပေးပြီး ကြိုက်တာပဲဟာ"
"ချစ်တယ် ကလေးရာ"
"ညကြ ချိန်းတွေ့မယ်လေနော် ဦး"
"အဆင်ပြေပါ့မလား ကလေးမေမေ
သိသွားရင် ဘဘုန်းကြိမ်လုံးက
ဦးရဲ့ ကျောပြင်ထက် အနှက်ကြီးလာနှက်မှာလေ"
"ဘုန်းဘုန်းကြိမ်လုံးကို ကြောက်သလား
ကလေးနဲ့ အတူမနေရမှာကို ကြောက်မှာလား
ရွေး"
"ကြိမ်လုံးစာပဲ စားလိုက်ပါ့မယ်"
"ကလေးကိုကော စားလေ"
"ဒီကောင်မလေး စကားကို ဘယ်လိုပြောသလဲ
ဦး ကလေးကို လက်ထက်ပြီးမှ စားမှာ"
"လူ ရိုး ကြီး"
"ကလေးကို ဦး သိပ်တန်ဖိုးထားလို့
ရိုးအမိတာပါကွယ်……"
"ဟိုးအနောက်က နေညိုချိန်တိုင်း
နေဝင်သွားတတ်ပေမဲ့ ဦး ရင်ခုန်သံတွေ
ကတော့ ဘယ်တော့မှ နေဝင်သလို ပျောက်ကွယ်
သွားမှာ မဟုတ်ဘူးထင်တယ်နော် ဟွန် "
"သိပ်ဟုတ်တာပေါ့ကွယ်"
"နေဝင်စ အနွေးဓာတ်လေးလို
နွေးနွေးလေးဖြစ်နေတဲ့ ဦးရင်ခွင်ထဲမှာ
ကလေး အမြဲနေသွားချင်တယ် ဦးရယ်"။
••••••••••••••••••••••••••••••••••
အခန်း ၆
လသာ ထိန်ထိန်သာနေ၏။ မျှော်
နေသူလေးကလည်း ပေါ်မလာ။ အရှေ့
အရပ်ဆီမှ ထွက်ပေါ်လာသော လမင်း
ကြီး ဦးခေါင်းပေါ်တည့်တည့် ရောက်သည့်တိုင်
အောင် ပေါ်မလာခဲ့။
ဟင်း …… ၊ တကယ်ခက်နေပါကောလား။
စိတ်ကစားပြီး ကျီစားကာ ချစ်တဲ့သူကို တစ်ဘဝ
စာ ပုံအပ် ချစ်မိသွားတာပါ့လား။ အရွယ်လွန်မှ
အသည်းကွဲလူမိုက်စာရင်းဝင်တော့မယ်တဲ့လား
ဟေ။ ဟင်း ……
ကွပ်ပျစ်လေးထက် ပက်လက်လှန်အိပ်ကာ
တွေးတောနေမိလေသူ။ ကြယ်တစ်လုံးချင်း
စီကို အတွေးပုံရိပ်ဖြင့် စုစည်းချိတ်ဆက်ကြည့်
မိသည့်အခါ ကလေးပုံရိပ်သာ မြင်နေရလေ
သည်။
" ဟေး ရှူး ရှူး "
"ဟွန် ကလေး"
"အိပ်နေပြီလား ဦးရဲ့"
"ဟာ မအိပ်သေးပါဘူးကွ လာ ထိုင်"
"စိတ်ကောက်နေတာလားဟင်"
"မကောက်ပေါင် ကလေးကို လွမ်းနေတာ"
"ဖုန်းသုံးလွန်သွားလို့"
"ကလေး"
"ရှင်"
"တစ်နေ့တော့ ပြန်သွားမှာပေါ့နော်"
"အို ဗြုန်းစားကြီး ပေးပါအုံး
ဦး လက်ကို ကိုင်ထားချင်မိလို့"
"တော်ပါတော့ကွယ် အမှန်တော့
ဦးလိုတောသားတစ်ယောက်ဟာ
တစ်ယောက်ယောက်ကို ချစ်ပြီဆိုတာနဲ့
တစ်ဘဝစာ ချစ်မိသွားတတ်တဲ့သူမျိုးပါ"
"အဲ့ဒီတော့ ဘာဖြစ်သတုန်း ဦးရဲ့"
"ကလေးက မြို့သူအလှလေးလေ
ပြီးတော့ အရွယ်ချင်းက အရမ်းကွာလွန်းတယ်
ဖြစ်နိုင်ပါ့မလားဆိုတာ တွေးနေမိတယ်"
"ကလေး သိတာတော့ ဦးနဲ့
အတူတူရှိရင် ကလေးဘဝဟာ ပြီးပြည့်စုံ
နေလိမ့်မယ်လို့ ယုံကြည်နေမိတယ်"
"ကလေးရယ်"
" ဖေဖေကပြောတယ် ဒီရွာမှာပဲ နေကြ
အုံးတဲ့ ပြီးတော့ မနက်ဆို မေမေကပါ
လိုက်သွားတော့မှာ"
"ဟေ ဒီလိုသာဆို ကလေးကရော"
"ကလေးက အလုပ်လက်မဲ့လေးလေ
လိုက်သွားဖို့ မသွားဖို့က ဦးအပေါ်ပဲ
မူတည်တယ်"
"ဟွန်"
"မေမေ့ကို ကလေး ပြောပြလိုက်တယ်"
"ဘာကိုလဲကွယ်"
"သမီး ဦးကို သိပ်ချစ်မိသွားတယ်လို့
ဦးဟာ သမီးအပေါ်ဆို စေ့စေ့စပ်စပ်
ဂရုစိုက်ပေးတယ်လို့ အဖေကော အမေကော
ပစ်ပစ်သွားတဲ့ အထီးကျန်အိမ်ထဲ နေခဲ့ရသူ
ထပ် မဖြစ်အောင် ဦးက ချစ်ပေးလိမ့်မယ်လို့
ပြောလိုက်တယ်"
"ခက်ပါရောလား ဘာလို့ ဦးကို
မတိုင်ပင်သလဲကွယ်"
"အစကတော့ မေမေက ဆူတယ်
ဦးဟာလည်း အခွင့်အရေးယူတဲ့သူလို့
မေမေပြောတယ်"
"ဟင်း…… ဒါလည်း ဟုတ်တာပဲ"
"အို မဟုတ်ပါဘူးလို့ ကလေး ငြင်းပစ်
တယ် အခန်းတံခါးပိတ်ထားခဲ့ရော အကြာ
ကြီးပဲ ခဏနေမှ အမေ ပြန်လာချော့တယ်"
"ဟွန်"
ရင်က ခုန်သည်ထက် တုန်သည်က
ပိုသည်။ ယောက္ခမကြီးမည်သို့ ဆုံး
ဖြတ်သည်မသိ။ သည်ညဟာ နှုတ်ဆက်
ရမည့် ည ဖြစ်နေမလားမသိ။
"အမေက ပြောတယ်……"
ကလေး ပြောသမျှကို အသေအချာ
နားဆင်နေမိသည်။ တွတ်တီးတွတ်တာ
ပြောနေလေသော ကလေး နှုတ်ခမ်းလေး
ကို တဝကြီး နမ်းမိလိုက်သည့်အခါ လသာသာ
အောက် ညင်သာစွာ ကလေး ထ လျှောက်ထွက်သွား
ရှာလေသည်။
ခက်တော့ ခက်တယ်ကလေးရယ်……။
•••••••••••••••••••••••••••••••••
အခန်း ၇
" ခင်ဗျား လုပ်ရပ်တယ်နော် မထင်ထားဘူး "
"ခွင့်လွှတ်ပါဗျာ ပြောလိုရာပြော
ဆိုလိုရာ ဆိုနိုင်ပါတယ် အရွယ်ချင်းကွာနေ
တာ အဆင့်အတန်းချင်းကွာနေတာတွေ
ကြောင့် ကျုပ် ဘာကိုမှ မပြောလိုပါဘူး
ဟာ ဟေး မိဘတွေရှေ့ကို"
ကြောက်တုန်ပါသည် ဆိုလေမှ
လက်မောင်းကို လာဖက်နေပြန်လေ
သော ကလေး။
"မသိဘူးသွား ဦးကို ဆူရင်
ကလေးကတော့ ဦးကို ကားတင်
ခိုးပြေးမှာ"
"သမီးစုတ်"
"ဒယ်ဒီနော်"
"ဒီမှာ ကိုဇေရှိန်"
"ဟုတ် ပြောပါ"
"ခေတ်ကာလမကောင်းသေးတာမို့
ခင်ဗျားအပြစ်နဲ့ ခင်ဗျားခံပေရော့ပဲ"
"ဗျာ ဘာကိုလဲ"
"သမီးအမွှေစိန်လေးကို ခင်ဗျားဆီ
ထားခဲ့တော့မှာလေ လွန်လွန်ကျူးကျူး
တော့ မဖြစ်ကြနဲ့ပေါ့ သိက္ခာတော့
ထိန်းပေးပါ ခင်ဗျားလည်း ငယ်တော့တာ
မဟုတ်"
"အာ ဒယ်ဒီကလည်း တထစ်ရှိ
ဦး အသက်လောက် ခိုက်ပြောနေတာ"
"ကလေး တော်ပြီကွာ လူကြီးကို
ပြန်မပြောရဘူးလေ"
"ကလေးကို ဦးအဲ့လိုပြောရင်
ကလေး ငိုပစ်လိုက်မှာဗျ"
"ဟောဗျာ ခက်ပြီ"
"ဒယ်ဒီတို့ သွားတော့လေ နေပူနေပြီ""
"သွားမှာပါ စိတ်ချ ရော့ဒါက မုန့်ဖိုး"
"ဟာ နေ နေပါစေ အန်ကယ် ကျွန်တော်
တစ်ယောက်လုံး ရှိပါတယ်"
"ဟုတ်သား ဒယ်ဒီကလည်း သမီးရဲ့
ဦးတစ်ယောက်လုံး ရှိတာပဲဟာ"
"အေးအေး အတော် တော်တဲ့ သမီး
ကိုဇေရှိန် သွားအုံးမယ် မကြာပါဘူး
ပြန်လာမှာပါ"
"ဟုတ်ကဲ့"
ကံကောင်းသည် ဆိုရလေမည်။ ည အခါတုန်း
ကတော့ ကလေး မိခင်က ခင်ပွန်းစကားကို
သာ လက်ခံမည်ဟု ပြော၍ တစ်ညလုံး ဆုတောင်း
ခဲ့ရသည်မှာ အမော။ သည်ချိန်ခါမှ စိတ်အေးရ
တော့သည်။ ရွာလမ်းမထက် ကားတစ်စင်း ဖုန်
လုံးထသွားအောင် မောင်းသွားသည့်နောက် ရင်ဘတ်
ပေါ် မှီ လျက် ဖက်လာလေသူ။
"ကလေး"
"ရှင့်"
"ကလေး ဖေဖေက မှာသွားတယ်
သိက္ခာတော့ ထိန်းရမယ်တဲ့ ခက်တော့
ခက်သားကွယ်နော်"
"အော် ဦးရယ် အမှန်တော့ ဦးဆိုသည်
မှာလည်း တစ်ခက်ထဲ ခက်နေတဲ့
ဦးခက်ခက်ခက်ခက်ပါပဲလား
တကယ်ပဲ စိတ်ပျက်တယ် မခက်အောင်
ဦး ကလေး စကားကိုနားထောင်လိုက်"
"လာ ဒါဆို အနားကပ်ပြီး နားထောင်မယ်"
"အို လွှတ် သူများကို အတင်းဖက်တယ်
မျက်နှာကြီးက အခုမှ လာပြုံးပြနေတယ်"
"အခု ခက်မှ မခက်တော့တာ ကလေးရယ်"
"ကလေးအတွက်ကတော့ ပိုလို့ ခက်လာတယ်"
"ဟေ ဘာတွေ ခက်သလဲ ဦးကို ပြော ပြောလေ"
"ဦးကို တစ်နေ့တစ်ခြား ချစ်မဝလာလို့လေ ဦးရယ်"
"အိုကွယ် ဦးရဲ့ ကလေးလေးရယ်……"။
_ ပြီးပါပြီဗျာ _
#ဦးငယ်
(ဘေးရန်မခဘဲ ကျန်းမာကြပါစေ။
တစ်ခဏတာ အပန်းဖြေဖို့ ရေးသားလိုက်ပါ၏။)
#သတိပြုရန် အချိန်အတိုလေးတွင်း
ရေးသားထားသော ဝတ္ထုတိုလေးဖြစ်လို့
လိုအပ်ချက်များစွာအတွက် သည်းခံနားလည်
ဖတ်ရှုပြီး ဆက်လက်အားပေးပါရန် မေတ္တာရပ်ခံ
တောင်းဆိုချင်ပါသည်။
_8:14pm |18-3-2022|Fri