DON'T BABY ME [Short Story] [...

By noh_noh98

3K 286 45

It's a story about the relationship between a teacher and his student. More

EP-2
EP-3
EP-4
EP-5 (FINAL)

EP-1

926 63 5
By noh_noh98


*****

" ဒီနေ့ ဆရာအသစ်ရောက်မှာတဲ့ "

" မင်ဂယူး ငါတို့ တစ်ချက်လောက် သွားရှိုးကြမလား "

" မလိုက်ချင်ပါဘူး မင်းတို့ပဲသွားကြည့် "

" လာစမ်းပါ ... ကပ်တီးကပ်ဖဲ့လုပ်မ‌နေနဲ့"

ဂျီဟွန်းရဲ့ မရမကဆွဲခေါ်သွားမှုကြောင့် မလိုက်ချင်ပဲ လိုက်လာရသည်။ ဆရာများနားနေခန်းရောက်တော့ အထဲမှာ ဘယ်သူမှမရှိ။ အပေါက်ဝမှာ 4/5ယောက်လောက်ပြုံပြီး နားနေခန်းထဲ လည်ပင်းရှည်ထွက်မတတ် လှမ်းရှိုးကြသည်။ တယ်လည်း စပ်စုကြသည်ကိုး။ သင်္ချာဆရာမက အလုပ်ကထွက်သွားသဖြင့် အသစ်ရောက်လာမည့်ဆရာကို ကျောင်းသားသဘာဝ စပ်စုကြခြင်းဖြစ်သည်။

"ဘာလုပ်နေကြတာလဲ?"

အနောက်ဘက်ဆီမှ အသံတစ်ခုထွက်လာ၍ လှည့်ကြည့်မိတော့ မျက်မှန်လေးနှင့် ချစ်စရာကောင်ငယ်လေးတစ်ယောက်က အပေါက်ဝမှာပြူတစ်ပြူတစ်လုပ်နေသည့် မင်ဂယူးတို့အုပ်စုကို မျက်မှောင်ကြုံ့ပြီး ကြည့်နေသည်။ ကျောင်းယူနီဖောင်းမဝတ်ထားပုံထောက်ရင် ကျောင်းသားသစ်လား ဘာလား။ မင်ဂယူးတို့ဆိုတာ အကုန်လူကောင်ကြီးသည့်ကျောင်းသားတွေ။ သူ့ကြည့်တော့ ပိုးနှံကောင်လေးလို လက်တောက်လောက်နဲ့ မင်ဂယူးတို့တစ်အုပ်စုလုံးကို မိုက်ကြည့်ကြည့်နေတာများ ...

"ဟို ကျောင်းသားတွေ စာသင်ချိန်ကို အတန်းမဝင်သေးပဲ ဒီမှာ ဘာလာလုပ်ကြတာလဲ ?"

ရုတ်တရက်ပေါ်လာသော အတန်းမှူး၏ ငေါက်ငမ်းသံနှင့်အတူ လှစ်ကနဲ ပြေးကြသည်။ အတန်းမှူးမိရင်မလွယ် ၊အဲ့ဒီဆရာက အကုန်ဖမ်းပြီး မစာမနာ သန့်ရှင်းရေးလုပ်ခိုင်းတတ်တာ

***********************************

"ဒါမင်းတို့အတန်းကို အသစ်ဝင်မယ့် သင်္ချာဆရာအသစ်ပဲ ... ဒီကြားထဲနောက်ကျနေတဲ့စာတွေကို ‌ဆရာအသစ်နဲ့ သေချာလိုက်လုပ်ပါ ၊ ဆရာ....နှုတ်ဆက်ပေးပါဦး"

"အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ် ... ဆရာ့နာမည် ဆောမြောင်ဟိုပါ"

တစ်တန်းလုံး ပါးစပ်အဟောင်းသားနှင့် ပြန်လည်နှုတ်ဆက်ဖို့ မေ့နေကြသည်။ အတန်းမှူးနှင့်အတူပါလာပြီး အတန်းမှူးကိုယ်တိုင် သင်္ချာဆရာပါဟု ပြော၍သာယုံရသည်။ ဖြူဖြူသေးသေး မျက်မှန်လေးနှင့်မို့ ဆရာမဟုတ်ပဲ သူတို့နှင့်ရွယ်တူ ကျောင်းသားဆိုရင်တောင် တကယ်ကြီးယုံမိမှာ။

ဆောမြောင်ဟိုကတော့ ဒီကျောင်းသားတွေကိုထိန်းဖို့ ယုံကြည်ချက်ရှိသည်။အင်မတန်ဖွံ့ဖြိုးသည့်အရွယ်တွေမို့ လူကောင်ကြီးတွေကသာ မိုးထိုးနေပေမယ့် ဒီအသက်အရွယ်ကို သူလဲ ဖြတ်ကျော်ခဲ့တာမဟုတ်လား။ထိုအရွယ်၏သဘာဝ ၊ အကြောက်တရား ၊ သဘောကျနှစ်သက်မှု အကုန်နားလည်သည်။ ကျောင်းသားတွေမလေးမစားဖြစ်စေမည့်အပြုအမူမျိုးကိုလည်း လုံးဝရှောင်တာမို့ လူကောင်သေးပေမယ့် ကျောင်းသားတွေကို အကိုင်အတွယ်ပါးနပ်သည့် ဆရာတစ်ယောက်ဖြစ်သည်။

ဆရာအပြောင်းအလဲကြောင့် လှစ်လှပ်နေသည့်ကြားကာလအတွင်းတွင် နောက်ကျနေခဲ့သည့်စာများကို ပြန်သင်ရင်း တစ်တန်းလုံးကိုဝှေ့ဝဲကာကြည့်မိတော့ နောက်ဆုံးတန်းမှ အသားခပ်ညိုညိုနှင့် ကျောင်းသားက စာလိုက်မကြည့်ပဲ မြောင်ဟို့ကို စူးစိုက်ကြည့်နေတာ။ ပုံစံကြည့်တာနှင့် အကြောမသေးမှန်းသိသာတာမို့ လောလောဆယ် မသိချင်ယောင်ဆောင်လိုက်ပြီး နောက်မှ ကြည့်ကျက်ဖြေရှင်းဖို့ လုပ်ထားလိုက်သည်။

"စာ‌တွေအများကြီးနောက်ကျနေတာမို့ အိမ်စာကို နေ့တိုင်းများများပေးမှာပါ .. လောလောဆယ် အခုပေးလိုက်တဲ့ ပုစ္ဆာတွေကို နေ့လည်စာစားချိန်ကျ ဆရာတို့ရုံးခန်းမှာ မဖြစ်မနေ လာထပ်ပေးပါ အချိန်ပြည့်ပြီမို့ ဒီနေ့ ဒီလောက်ပါပဲ"

နေ့လည်စာစားချိန်ရောက်တော့ ခိုင်းထားသည့်အတိုင်း စာအုပ်တွေလာပို့သည်။ စာအုပ်တွေလာပို့သူမှာ သူ့ကိုစိုက်ကြည့်နေသည့် ဟိုခပ်ညိုညိုနှင့်ကျောင်းသား။ ထိုကျောင်းသားပြန်ထွက်သွားသည်နှင့် ဘေးကဆရာမဆူဇန်က မြောင်ဟို့ဘေးကို ချက်ချင်းကပ်လာသည်။

"ဆရာ ... အဲ့ဒီ အပေအတေကို ဘယ်လိုကိုင်လိုက်လို့ အတန်းခေါင်းဆောင်လုပ်ရမယ့် တောက်တိုမယ်ရတွေ သူကလုပ်နေတာတုန်း"

"???"

"အာ...ဂင်မင်ဂယူးလေ ...စာအုပ်လာပို့သွားတဲ့ကျောင်းသားကိုပြောတာ ... မိဘက ပိုက်ဆံရှိတော့ နေချင်သလိုနေနေတာ ... မိုက်ရိုင်းနေတာမဟုတ်ပေမယ့် ဆိုးတဲ့စာရင်းထဲတော့ ထည့်ရမယ် ... ဆရာတွေစကားလည်း မကြားတာလိုလို မထုံတက်တေးနဲ့‌ ။ ပုံစံက ကြီးကျယ်တာ တအား"

ကျောင်းရဲ့လော်ဘီလို့ သတင်းကြားထားသည့်အတိုင်း မသိတာမရှိ မြင်သမျှအတင်းချနေသော ဆရာမဆူဇန်ကြောင့် အချိန်ကြာတော့ တော်တော်လေးပင် နားပူနေပြီ။

***************************************

ကျောင်းသွားဖို့ ဘတ်စ်ကားဂိတ်ကိုသွားနေတုန်း လူနားကပ်ပြီး ဟွန်းတီးသံအကျယ်ကြီးထွက်လာတော့ လန့်ပြီး ဘေးသို့ခုန်ကပ်မိသည်အထိ။ မြောင်ဟို့ဘေးမှာ မော်တော်ဆိုင်ကယ်ကြီးကိုကပ်ရပ်ပြီး ဆိုင်ကယ်ဦးထုပ်ချွတ်လိုက်သူက ဂင်မင်ဂယူးဆိုသည့် ဟိုကျောင်းသား။ ဆရာကိုမြင်ရက်နှင့် မနှုတ်ဆက် ၊ စကားတစ်ခွန်းမပြော၊ လူကို ရုပ်တည်နှင့်ကြည့်ပြီး သူ့ဆိုင်ကယ်နောက်သို့ မေးဆတ်ပြသည်။ဒီကလေးက ဘာတုန်း ?

"ဆရာကိုမြင်ရင် နှုတ်ဆက်ရမယ်ဆိုတာ မသိဘူးလား"

"နှုတ်ဆက်ရင် အတူလိုက်မှာလား?"

"ဟင်"

"မင်္ဂလာပါ ဆရာ"

ရုတ်တရတ် ရိုရိုသေသေခေါင်းညွတ်ပြီး နှုတ်ဆက်လာတော့ ဘာဆက်ပြောရမှန်းမသိဖြစ်နေတုန်း မြောင်ဟိုလက်ထဲက အိတ်ကိုဆွဲယူပြီး သူ့ဆိုင်ကယ်ပေါ်ပြန်ခွတက်သွားသည်။ ဆရာ ကျွန်တော့်ဆိုင်ကယ်နဲ့လိုက်ခဲ့ပါလို့ပြောရင် ဘာဖြစ်သွားမှာမို့လို့လဲ။

သူ့ဆိုင်ကယ်ပေါ်တက်လိုက်သွားခါမှပဲ ရှိသမျှဘုရားစုံအောင်တရတော့သည်။အမောင်းကြမ်းလိုက်တာဆိုတာ လေတွေနားကနေ တိုးဝှေ့ဖြတ်သွားတာများ ဝှီးကနဲ ဝှီးကနဲ။ လန့်ပြီး သူ့ခါးက ကျောင်းယူနီဖောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရသည်။ နေပါဦး ကြည့်လိုက်တာနှင့် တော်ရုံဈေးမဟုတ်သည့် မော်တော်ဆိုင်ကယ်ကြီးနဲ့ ကျောင်းသားတစ်‌ယောက်က ကျောင်းရောက်လာတာကို ကျောင်းကလည်း ဘာမှမပြော သူ့မိဘတွေကလည်း ခွင့်ပြုထားတာလား။ ဒီအရှိန်နှုန်းကြီးနဲ့သာ နေ့တိုင်းစီးလာရင် မတော်တဆဆိုတာ ကြိုမြင်ရတာမဟုတ်။ ယာဉ်တိုက်မှုတွေဖြစ်ပြီး သေကုန်ကြဦးမယ် ...

ကျောင်းရောက်တော့လည်း ဆိုင်ကယ်ရပ်ပြီး မြောင်ဟို့အိတ်ကိုပြန်မပေးပေ။ ခေါင်းကို မြောင်ဟို့နားငုံ့ကိုင်းလာပြီး သူ့ဆိုင်ကယ်အရှိန်ကြောင့် ပွထနေသည့် မြောင်ဟို့ ဆံပင်တွေကို ပြန်သပ်ပေးနေသည်။ သူ့လို လက်ရဲဇက်ရဲသမားမမြင်ဖူးတာမို့ ‌အယောင်ယောင်အမှားမှားနှင့် ငြိမ်ခံနေလိုက်မိသည်။ ဒီကလေး အရပ်ကလည်း နည်းနည်းနောနောမဟုတ် ... သူ့အရပ်ကြီးက မြောင်ဟို့ကိုပါ အုပ်မိုးနေတာ။

"မျက်လုံးအောက်က မှဲ့က တော်တော်လှတာပဲ"

"ဟင်"

"သွားရအောင်"

သူလုပ်ချင်တာလုပ်ပြီး ရှေ့မှသွားလိုက်သူသည် မြောင်ဟို့အိတ်ကို ပြန်လည်း မပေးပေ။ နားနေခန်းအထိ လိုက်ပို့ပြီးမှ ဘာစကားမှမပြောပဲ ပြန်ထွက်သွားလေသည်။

"ဂင်မင်ဂယူး .... စာအုပ်ကိုကြည့် ... ဘာလိုက်ကြည့်နေတာလဲ"

"ဆရာ့ကို"

ကျောင်းသားတို့၏ ရယ်သံ ခပ်တိုးတိုးက ဟိုနားဒီနားထွက်လာတာမို့ ရုတ်တရက်စိတ်တိုပြီး စာအုပ်ကို ခုံပေါ်ဆောင့်ချလိုက်မှ အကုန်တိတ်သွားသည်။

"ဂင်မင်ဂယူး ... အတန်းပြီးရင် ရုံးခန်းမှာ လာတွေ့"

အတန်းချိန်ပြီးသွားတော့ မြောင်ဟိုနှင့်အတူ ရုံးခန်းသို့ ပါလာပြီး မြောင်ဟိုဆူသမျှကို မထုံတက်တေးရုပ်နှင့် နားထောင်နေသည်။

"ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ ... စာသင်ချိန် စာကိုပဲ အာရုံစိုက်ပေး .. တခြားအချိန် ဘာပဲဖြစ်နေဖြစ်နေ .. စာသင်ချိန်တစ်ခုတော့ ဆရာကို ဆရာလိုလေးစားပြီး ပြောစကားနားထောင်ပေး"

"စကားနားထောင်ရင် အပြန်လိုက်ပို့လို့ ရမှာလား"

"ဟင်"

"အတူတူ ပြန်ချင်တယ်"

စကားတစ်ခွန်းပြောတိုင်း အပေးအယူလုပ်တာ သူ့အကျင့်လားမသိပါ။ မြောင်ဟိုက ဘာပြောပြော အပြန်လိုက်ပို့ခိုင်းမှာလား အတူပြန်လို့ရမလားချည်း မေးနေတာကြောင့် မတတ်နိုင်လွန်းတော့သဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။

***************************************

"ဆရာ ... ဂင်မင်ဂယူးက လိမ္မာနေပါလား ... ဘယ်လိုကိုင်တွယ်ထားလို့ပါလိမ့်"

ဒုကျောင်းအုပ်ပါမေးရတဲ့အထိ ဂင်မင်ဂယူးက ထူးထူးခြားခြား လိမ္မာသွားတာလား။ သူကတော့ မင်ဂယူးရဲ့ ဒီပုံစံကိုပဲ မြင်ဖူးသည်ကြောင့် ထူး၍ ခြားနားလာသည်မထင်။ ကျောင်းသွားကျောင်းပြန်ကို မတောင်းဆိုပါပဲ အတင်းလိုက်ပို့သည်။ မြောင်ဟိုဝင်ရမည့် အတန်းချိန်ရောက်လျှင် ဆရာနားနေခန်းရှေ့တွင် လာစောင့်သည်။ တစ်ခြားဆရာတွေကိုတော့ မသိပေမယ့် မြောင်ဟို့အတန်းချိန်ကိုတော့ မှန်မှန်လာသည်။ စာလည်း လိုက်လုပ်သည်။ ဒါကို တစ်ခြားဆရာတွေက ဂင်မင်ဂယူးကို ဘယ်လိုထိန်းထားလိုက်သလဲဟု တစ်ယောက်ပြီးတစ်ယောက် မေးနေကြသည်။ သို့သော် မြောင်ဟို့မှာ အဖြေမရှိ။ သူမသိဘူးလေ မြောင်ဟိုက ကိုယ့်ဘာသာနေပြီး သူလဲ မြောင်ဟိုနားမှာ သူ့ဘာသာ‌ရောက်နေတာ။ ဘယ်ကျောင်းသားမှလည်း ဂင်မင်ဂယူးလောက် သူ့ကို မကပ်ဖူးတာတော့ အမှန်။

"ဆရာ ... ဂင်မင်ဂယူး အခန်း(၃)က ကျောင်းသားနဲ့ရန်ဖြစ်နေတယ် ... အတန်းမှူးဆွဲတာတောင် မရဘူး"

ကျောင်းသူလေးတွေ လာတိုင်လို့ အပြေးသွားကြည့်တော့ အတန်းမှူးက နှစ်ယောက်လုံးထွေးနေတာကို ရေနှင့်ပက်ပြီး ဝင်ဆွဲထားရသည်ထင်၏။ ရေတွေစိုလျက် ။ ထိုးထားကြိတ်ထားကြတာလည်း နှစ်ယောက်လုံး၏ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်‌များနှင့် ညိုမဲနေပြီး နှုတ်ခမ်းတွေပါ ပေါက်ပြဲနေကြသည်။ နှစ်ယောက်လုံးကို ရုံးခန်းခေါ်လာပြီး အတန်းမှူးကငေါက်ငမ်းနေသည်မှာ ကျားဟိန်းသံအလား။အတန်းမှူးပုံစံက ပြောလေပြောလေ ဆူရင်းငေါက်ရင်း ဒေါသပိုထွက်လာတတ်သည့်ပုံစံမျိုးမို့ လက်ထဲက သစ်သားပေတံနှင့် နှစ်ယောက်လုံးကို တဂေါက်ဂေါက်နှင့် ချနေသည်။ ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေရသည့် မြောင်ဟိုမှာလည်း မြင်ရ ကြားရတာ စိတ်မချမ်းသာ။

"တအားတော် တအားတတ် တအားသတ္တိရှိနေရင် စစ်ထဲဝင်ကြမင်းတို့ ... ဒါမှမဟုတ်လည်း လက်ဝှေ့ထိုးစားကြ။ လူမြင်မကောင်းအောင် ဘာကိစ္စ အငြိုးတကြီး ဆွဲမရ ပြုမရအောင် ထိုးနေသတ်နေကြတာလဲ ? "

"ဘာဖြစ်တာလဲ မင်းတို့ ... ပါးစပ်ပေါက်တွေက အ,သွားတာလား ဖြေလေ "

" သူအရင် ကျွန်တော့်ကို ပလိန်းကြီးဝင်ထိုးတာ "

"မင်ဂယူး ... မင်းကရော ဘာကိစ္စထိုးရတာလဲ ..? ခုတလော ငြိမ်သွားလို့ အကောင်းမှတ်နေတာကို ထဖောက်ပြန်ပြီ"

"ဆရာဆောမြောင်ဟိုကို တစ်လအတွင်းရအောင်လိုက်မယ်ဆိုပြီး လောင်းကြေးချနေတာကြားလို့"

လှမ်းကြည့်နေသည့် မြောင်ဟို့ကို တစ်ချက်ကြည့်လာပြီး ပြန်ဖြေသည့် အဖြေကြောင့် မြောင်ဟိုမှာ ရုတ်တရက်အမ်းသွားသည်။ နေပါဦး ရန်ဖြစ်ရသည့် အကြောင်းရင်းက နေရင်းထိုင်ရင်း မြောင်ဟိုတဲ့လား ? ဘယ်လို အခြေအနေတုန်း အခုက။ အတန်းမှူး၏ လက်စွဲတော် သစ်သားပေတံက ထိုကျောင်းသားခေါင်းပေါ် တစ်ဖန်ပြန်ရောက်သွားသည်။

"‌ဒီကောင်တော့ ... ဆရာတွေကို မလေးမစားနဲ့ မင်းတို့ ပေါက်လွတ်ပဲစားဆက်ဆံဖို့ထင်နေလား လာစမ်း လာစမ်း မင်းငါနဲ့တွေ့ပြီပဲ ၊ မင်ဂယူး မင်းက ဆေးပေးခန်းထဲသွားတော့ ... ရပြီ"

မြောင်ဟို့ကို တစ်ချက်ကြည့်ပြီး ရုံးခန်းထဲမှ ပြန်ထွက်သွားချိန်အထိ မြောင်ဟို့မှာ လိုက်ငေးကြည့်နေမိသည်။ ဒီကလေးက ဘာလဲ ? မြောင်ဟို့ကို တော်တော်လေး ခင်တွယ်နေတာလား ? ဘာကိစ္စ သူ့ကိုအကြောင်းပြုပြီး ရန်ဖြစ်ရတာလဲ ?


ကျောင်းဆင်းတော့ ထုံးစံအတိုင်း သူ့ဆိုင်ကယ်ကြီးကို မှီပြီး မြောင်ဟို့ကို ရပ်စောင့်နေသည်။ မြောင်ဟိုသူ့ရှေ့ကို ရပ်လိုက်သည်နှင့် မြောင်ဟို့လက်ထဲက အိတ်ကို ဆွဲယူလိုက်ပြီး ဆိုင်ကယ်ပေါ်တက်ကာ မြောင်ဟိုတက်အလာကို စောင့်နေသည်။

"ဘာမှရှင်းပြစရာ မရှိဘူးလား ?"

" ရှိရင် ဆရာ့အိမ်ခေါ် မှာလား ? ဒီမှာ မပြောချင်ဘူး "

" ပြီးရော သွားမယ် "

ဒီကလေးနောက် လိုက်ရတာလဲ ဘယ်နေ့ဆေးရုံရောက်မလဲမသိဘူး။ ဆိုင်ကယ်ကို အတင်းနင်းကန်မောင်းနေတာ ။ ထိုအချိန်တိုင်း သူ့ ယူနီဖောင်းခါးစကို အမြဲဆုပ်ကိုင်ထားလေ့ရှိတာမို့ အမြဲသပ်ရပ်တောက်ပြောင်နေသည့် ကျောင်းယူနီဖောင်းသည် မြောင်ဟို့လက်ချက်နှင့် ခါးနားတွင် တွန့်ကြေနေလေ့ရှိသည်။ မြောင်ဟို့အိမ်ရောက်တော့ ဧည့်ခန်းထဲက စားပွဲပေါ်တွင် ထိုင်ခိုင်းထား၍ သူစားဖို့ စတော်ဘယ်ရီတွေ ရေဆေးပေးပြီး အဝတ်လဲဖို့ အခန်းထဲဝင်လာခဲ့သည်။ထို့နောက် အိမ်နေရင်း တီရှပ်အဖြူတစ်ထည်နှင့် ဘောင်းဘီရှည်တစ်ထည်ကောက်စွပ်ပြီး ပြန်ထွက်လာခဲ့လိုက်သည်။

"ကဲ ပြော ... ဘာလို့ရန်ဖြစ်တာလဲ ? အကြောင်းရင်းက ဆရာ့ကြောင့်ဆိုတာတစ်ခုတည်း မဖြစ်နိုင်ဘူး "

" ဒီကောင်က အမြဲတမ်း အဲ့လိုပဲ ... မိန်းကလေးတွေကိုလည်း လောင်းကြေးနဲ့လိုက်ပြီး အနှောက်အယှက်တအားပေးတာ ... ပြီးရင် ဘယ်မိန်းကလေးနဲ့ ဘယ်လိုဖြစ်ခဲ့ပါတယ်ဆိုတာတွေအထိ ပါးစပ်စည်းမရှိ အရသာခံပြီးပြောတဲ့ အကျင့်လဲ ရှိတယ် "

" အင်း "

" ပြီးတော့ သူ့ကို ကြည့်မရဘူး"

" ...."

" ...."

"ဒါပဲလား ... ပြောစရာမရှိတော့ဘူးလား"

" ဆရာ့ကို ခုလိုပြောတာလည်း မကြိုက်ဘူး "

" ဟော ... အကျင့်မကောင်းတဲ့သူဆိုတာ သိရင်လည်း မသိချင်ယောင်ဆောင်ပြီး ကျော်သွားလို့ရတယ်လေ ... ဘာလို့ အလကား ရန်ဖြစ်ရတာလဲ ... ပြီးတော့ မင်းစိတ်ထဲ ဆရာက ကျောင်းသားတစ်ယောက်ကို ပြန်ကြိုက်နိုင်တဲ့လူလို့ မြင်တာလား "

" အာ ... အဲ့လို သဘောမဟုတ်ဘူးလေ ... ဒီတိုင်း ဒေါသထွက်သွားလို့ ထိုးလိုက်တာ... အဲ့လိုအတွေးမျိုး လုံးဝမရှိဘူးနော် "

အကြောက်အကန်ငြင်းနေသည့်ပုံစံက အထင်လွဲမှာကို ကြောက်သည့်ဟန်။

" အင်း ... အပြစ်မမြင်ဘူးမို့လို့ ဒီလောက်ပဲ ငြင်းတော့ ... ဆရာ မကြိုက်တာကိုသိလား ရန်ဖြစ်ရတဲ့ အကြောင်းအရင်းက ဆရာ့အတွက်ဆိုတဲ့ ခေါင်းစဉ် ဖြစ်နေတာပဲ .. မှတ်ထား တစ်စုံတစ်ယောက်အတွက်နဲ့ သူ့ကြောင့်ငါက ရန်ဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆိုးသွမ်းနေတာက ဂုဏ်ယူစရာမဟုတ်ဘူး "

"...."

"ရန်ဖြစ်လာတော့ ဘာရလဲ ? မင်းမျက်နှာ ချောချောလေးပဲ ထိခိုက်လာတာမလား ...ကြည့်ဦး ပါးစောင်တွေကို ညိုလို့ "

မျက်ဝန်းတွေဝိုင်းလို့ ကြည့်နေတဲ့ကောင်လေးက သူ့ကိုချောတယ်ပြောလိုက်လို့ စိတ်လှုပ်ရှားသွားပုံပေါ်သည်။ နားရွက်တွေရဲလာပြီး မနေတတ်မထိုင်တတ် ဖြစ်နေပေမယ့် မျက်နှာကတော့ ခပ်ပြုံးပြုံး။

"အနာတွေ ဆေးထည့်ထားလား ? "

"သူများထိတာမကြိုက်လို့ "

ခေါင်းခါပြရင်း သူ့အကြောင်းပြချက်ကိုပြောပြတော့ နားရင်းနာနာအုပ်ချင်စရာလေး။ တကယ်ကြီးကြီးကျယ်ကျယ် ကလေးပဲ။

"ခဏလေး ... ဆေးယူပေးမယ် ။ ကိုယ့်ဘာသာလုပ်သွား "

အခန်းထဲက ဆေးသေတ္တာဘူးလေးယူလာပြီး သူရှေ့ချပေးထားတာ သူလုပ်သမျှထိုင်ကြည့်နေလိုက်သည်။ ဆေးလိမ်းတာကို အပေါက်မတည့်နိုင် ... အနာတခြားဆေးတခြား တို့နေသည်။ အကူအညီတောင်းသလို မျှော်ကြည့်လာတာကိုမြင်သော်လည်း မသိယောင်ဆောင်၍ ခပ်တည်တည်သာထိုင်နေလိုက်သည်။

လက်ထဲက ဆေးဘူးကို မြောင်ဟိုရှေ့ချပြီး လုပ်ပေးပါဆိုတဲ့ မျက်လုံးနှင့်စိုက်ကြည့်နေတော့ ရယ်ချင်ရက်လက်တို့ ။ ပြောတော့ သူ့ကိုသူများထိတာ မကြိုက်ဘူးဆို ။

"မလုပ်တတ်ဘူးလား ... ကူညီချင်ပေမယ့် ဘယ်လိုလုပ်မလဲ .. သူများထိတာမကြိုက်ဘူးဆိုတော့လည်း"

"ဆရာက သူများမဟုတ်ဘူး "

ခေါင်းသာခါနိုင်တော့သည်။တကယ်အမျိုးမျိုး။ ဆေးကို ဂွမ်းတံနှင့်တို့၍ သူ့မျက်နှာအနှံ့ရှိ ဒဏ်ရာဒဏ်ချက်များပေါ်သို့ တို့ပေးတော့လည်း တောင့်တောင့်ကြီးခံနေသည်။

"ထမင်းစားပြီးမှ ပြန်မလား"

"အင်း"

" ခဏစောင့် "

စောင့်ဖို့ပြောပေမယ့် ပြောစကားနားမထောင်ပဲ ဘာချက်မှာလဲမေးပြီး အစအဆုံး လုပ်ကူနေသည်။အကုန်ချက်ပြုတ်ပြီးစီးသွားတော့လည်း မီးဖိုချောင်အမှိုက်တွေကို အပြန်တစ်ခါတည်း သူပစ်လိုက်မယ်ဆိုပြီး အိတ်နှင့်ထည့်ကာ စုထားလေသည်။

"ဆရာက တစ်ယောက်တည်းနေတာလား"

"အင်း .... မေမေတို့က ဇာတိမှာ ခြံစိုက်တာ မင်းအခုစားနေတာတွေအကုန် မေမေပို့လိုက်တဲ့ ခြံထွက်တွေပဲ ... ကုန်အောင်စားသွား"

" ကုန်အောင်စားရင် ဇာတိပြန်တဲ့အခါကျ ကျွန်တော့်ကိုခေါ်မလား "

"ဘာလိုက်လုပ်မှာလဲ ?"

"ဆရာ့မိဘတွေကို တွေ့ချင်လို့ ... ပြီးတော့ ဆရာကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကို မြင်ဖူးချင်တယ်"

"စိုက်ခင်း‌တွေပဲရှိတဲ့‌ဒေသပါဆို ဘာမှ မထူးခြားပါဘူး ... ပျင်းစရာကောင်းနေမှာပေါ့"

"မခေါ်ချင်ဘူးပဲ "

"ဟေ့... အဲ့လိုမဟုတ်ဘူးလေ ခေါ်မယ် ခေါ်မယ် ဟုတ်ပြီလား "

ထိုအခါမှ စိတ်ကျေနပ်သွားကာ စားလက်စကို ပြီးအောင် ဆက်စားလေသည်။ မြောင်ဟို့ဇာတိကို ဘာကိစ္စစိတ်ဝင်စားနေလဲ မသိပါ။

စားသောက်ပြီးစီးသွားတော့ အမှိုက်ထုပ်တွေကို တားသည့်ကြားက မရမကဆွဲထုတ်သွားသည်။ အပေါက်ဝရောက်တော့ မထွက်သေးပဲ အကြာကြီးရပ်နေကာ တစ်ခုခုကို အသဲအသန်တွေးနေသည့်ဟန်။

" ဂင်မင်ဂယူး ... ဘာဖြစ်လို့လဲ ပြောစရာရှိလို့လား "

" ဆရာ "

"အင်း"

"ကျွန်တော်အခု အထက်တန်းနောက်ဆုံးနှစ်လေ"

" အေး အဲ့ဒါဘာဖြစ်လဲ "

" ဒီနှစ်တော့ စာသေချာလုပ်ချင်လို့ ကျွန်တော့်အိမ်မှာ ဂိုက်ပြပေးပါလား "

" မပြပေးဘူး "

"ဘာဖြစ်လို့လဲ"

"နားချိန်ပဲ့တယ်"

ခေါင်းငိုက်စိုက်နှင့်ပြန်သွားသူကို သနားပေမယ့် ဒါတော့ သူမလိုက်လျောနိုင်။ သူနှင့် အရွယ်မကွာသည့် ကျောင်းသားတွေကို ထိန်းရတာနှင့်ပင် ခြေကုန်လက်ပန်း ကျနေပြီ။ အလုပ်က ပင်ပန်းနှင့် အိမ်အထိ စာလိုက်ပြတာအထိ သူမလုပ်လိုတော့။ နားချိန်တော့ အပြည့်အဝ နားချင်သည်။ ဂင်မင်ဂယူးတို့က မိဘပိုက်ဆံလည်းရှိသားပဲ သင့်တော်ရာရှာပြီး ငှားရင်ရနေတာကို ...

***************************************

အိမ်ပြန်ရောက်သည်နှင့် အိပ်ခန်းထဲက ကုတင်ပေါ်ပစ်လှဲပစ်လိုက်သည်။ မျက်နှာကျက်ဖြူဖြူပေါ်မှာတော့ ထုံးစံအတိုင်း မျက်မှန်လေးနှင့် မျက်နှာလှလှလေးပေါ်လာသည်။

ဂင်မင်ဂယူး ဆရာဆောမြောင်ဟိုကို တိတ်တခိုး သဘောကျနေတာဖြစ်သည်။ ဆရာ ကျောင်းပြောင်းလာသည့်ရက်က ကျောင်းသားနှင့်အထင်မှားမိသည်အထိကို သူ့ဆရာက အင်မတန်မှ နုနုငယ်ငယ်လေး။ အတန်းထဲလာ‌နှုတ်ဆက်မှ ဆရာမှန်းသိပြီး မင်ဂယူးတို့တစ်ဖွဲ့လုံးရော တစ်တန်းလုံးပါ အံ့အားသင့်ရသည်။ ဘယ်လိုများနေထိုင်ခဲ့လို့ ကလေး‌ရုပ်လေး ထွက်နေလဲမသိပါ။ ဖြူဖြူသေးသေးလေးနှင့် အနှီဆရာပေါက်စလေးမှာ တကယ့်ကို ချစ်စရာလေး။ သို့သော် မျက်နှာကြောလေးကတော့ တင်းမှတင်း ထို့ကြောင့် ကပြက်ကချော်တော့ မလုပ်ရဲကြ။ အတန်းထဲ ဝေ့ကြည့်ရင်း အကြည့်စူးစူးလေးက မင်ဂယူးထံ ရောက်လာသည့်အချိန်တိုင်း ရင်ထဲ ဒိုင်းခနဲဖြစ်သွားရသည်အထိ ဆရာပေါက်စလေးက စွမ်းလေသည်။ မျက်မှန်လေးပင့်ပင့်ပြီး စာသင်ဟန်ကိုလည်း စာသင်ချိန်တိုင်း ကြည့်လို့မဝနိုင်။

ဆရာ့ကို သဘောကျနေကြောင်း ဂျီဟွန်းတို့ကိုပြောတော့ ငရဲကို အစိမ်းလိုက်ကြွမယ့်ကောင် ၊ ကိုယ့်သေတွင်းကိုယ်တူးနေတာ ၊ လမ်းသွားရင်သတိထား မြေမျိုမယ် ဘာညာနှင့် ဝိုင်းဝန်းထောပနာပြုပေးကြသည်။ ကျောင်းသားချင်းဆိုရင်တောင် မျှော်လင့်ချက်ရှိဦးမယ် ဆရာဖြစ်နေတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။အစကဆို ဆရာတွေရုံးခန်းမှာ သွားသွားချောင်းတာလောက်ပဲ လုပ်ရဲသည်။ ဆရာ စိတ်ကွက်မှာ မကောင်းမြင်မှာကိုလည်း သေမတတ်ကြောက်သည်မို့ အချိုးတွေပါ ပြင်ထားရလေသည်။ အချိုးတွေပြောင်းကုန်မှ ဂျီဟွန်းက မသိမသာ ဆရာ့နားမှာကပ်နေ သံယောဇဉ်ရှိလာမှ ပြောကြည့် အနည်းဆုံးတော့ ဆွဲမထိုးလောက်ပါဘူးဆိုပြီး အကြံလာပေးသည်။ ရောဂါကလည်းအတော်လေးရင့်နေတာမို့ သူပြောသလို မသိမသာတော့မဟုတ် သိသိသာသာ ကပ်နေခြင်းဖြစ်သည်။

လိုက်ရခက်အောင် ဆရာက ဘာလို့ စောစောမွေးလာလဲမသိပါ။ အတူတူလောက်ဆိုရင်ကို ပွင့်ပွင့်လင်းလင်း အားကြိုးမာန်တက် လိုက်နေလောက်ပြီ။

သူ့ဆရာပေါက်စလေးက သူ့ကိုသဘောကျလာနိုင်ပါ့မလား။ မင်ဂယူးအပေါ်တော့ အမြင်မဆိုးဟုထင်သည်။ဆယ်နှစ်လောက် ကွာဟနေသည်မို့ ကလေးလို့ထင်နေမှာတော့ မဟုတ်ဘူးမလား။ အထက်တန်းမြန်မြန်ပြီးချင်ပြီ ။ တက္ကသိုလ်ကျောင်းသားဆိုရင်ရော ကြိုက်နိုင်လောက်လား ။ ဒါမှမဟုတ် ဘွဲ့ရအလုပ်ဝင်လောက်တဲ့အချိန်မှ ဖွင့်ပြောရမှာလား ။ ဒီကြားထဲ ဆရာသာ အိမ်ထောင်ပြုသွားရင် ဟက်တက်ကြီး ကျန်ခဲ့ရဦးမှာ။ တစ်ခြားမပြောနဲ့ အတန်းထဲက မိန်းကလေးတွေတောင် ဆရာဆောမြောင်ဟိုအတန်းချိန်ဆို အလှပြင်တဲ့လူပြင် မှန်ကြည့်တဲ့သူကြည့် ။ ဆရာ့ကို သဘောကျတဲ့သူတွေလည်း အများကြီးရှိနေလောက်မှာ။ ဒီအရွယ်ရောက်ပြီဆိုတော့ ရည်းစားလည်း ထားဖူးလောက်မှာ ... အတွေးများရလိုက်တာ ဆရာပေါက်စရယ်

တောင်အီအီ မြောက်အီအီ တွေးတောရင်း မျက်ခုံးပေါ်က ပလာစတာကိုစမ်းမိသွားတော့ သူ့ကို ဆေးလိမ်းပေးသည့် ဆရာ့ကို မြင်လွှာထဲ ပြန်မြင်ယောင်လာပြန်သည်။ မင်ဂယူးနံဘေးမှာ ကပ်ထိုင်လာပြီး မင်ဂယူးလက်ထဲက ဂွမ်းတံကို လှမ်းယူလိုက်ချိန် လက်ကိုပါ အုပ်ကိုင်သွားတာမို့ တောင့်ကနဲပင်ဖြစ်သွားခဲ့ရသည်။ မင်ဂယူးမျက်နှာကို လက်တစ်ဖက်နှင့် ထိန်းကိုင်ထားပြီး ဆေးလိမ်းပေးခြင်းကြောင့် မျက်နှာနုနုလေးကို အနီးကပ်ငေးခဲ့ရတာ သွေးတွေ အပေါ်အောက်ပြောင်းပြန်စီးပြီး နားထင်ကြောတွေပါ တဒုတ်ဒုတ်။ အသက်ပင် ရဲရဲမရှူဝံ့ရသည့်ကြား မင်ဂယူးနှုတ်ခမ်းက ဒဏ်ရာကို ဆေးလိမ်းပေးအပြီး လေနှင့်ပါ မှုတ်ပေးလိုက်သေးသည်။ နှုတ်ခမ်းသားထူထူလှလှလေးက ထော်ပြီး မင်ဂယူးနှုတ်ခမ်းနားမှာ ဝဲနေတာမို့ လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရလျက်။ ရင်တွေ အရမ်းခုန်နေတာ ဇောချွေးတွေပါ ပြန်လို့ ။ ဆရာပေါက်စက သိပ်လှသည် ။မင်ဂယူးမှာ အချိန်တိုလေးအတွင်း ရူးတော့မလို့ ...

ဆရာ့ကို အသွားအပြန် ဆိုင်ကယ်ပေါ်တင်ရတဲ့အချိန်တိုင်းကတော့ မင်ဂယူးအတွက် စိတ်အလှုပ်ရှားရဆုံးနှင့် အပျော်ဆုံးဖြစ်သည်။ အရှိန်နှင့် မြန်မြန်မောင်းလေ့ရှိတာမို့ မင်ဂယူးခါးကို လာလာဆွဲထားလေ့ရှိပြီး ‌ ဆရာ့ကိုယ်လုံးနွေးနွေးလေးက မင်ဂယူးကျောပြင်တွင် ကပ်နေသည်မှာ အသည်းထဲ ယားကျိယားကျိ‌ဖြစ်စေသည်။ ရှပ်အင်္ကျီအောက်မှ ခါးလေးကလည်း သွယ်သွယ်သေးသေးလေးမှန်းသိသာအောင်ပင်။ အူယားလွန်းလို့ သိမ်းကြုံးဆွဲဖက်လိုက်ရင်များ ကျိုးသွားမလားမသိအောင် ခန္ဓာကိုယ်လေးက မင်ဂယူးတစ်ပွေ့စာသာရှိသည်။မင်ဂယူးထက် အသက်ကြီးလို့ ဆရာဖြစ်နေသည်ကလွဲ ကိုယ့်အငယ်လေးလို အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ချင်စရာ အကောင်ပေါက်လေး။

***************************************

ဆရာက ဒီနေ့ဘာလို့မလာသေးတာလဲ ။ ဆရာ့အိမ်နားမှာ ပတ်ချောင်းနေတာကို 4ခေါက်5ခေါက်ရှိပြီ။ ကျောင်းချိန်နီးနေပြီကို အခုထိ ရောက်မလာသေး ။ မနေနိုင်တော့လို့ ဆရာ့အိမ်တံခါးဝမှာ ဘဲလ်သွားနှိပ်တော့ တံခါးတော်တော်နှင့်ဖွင့်မလာပေ။ စိတ်ပူလာတာမို့ ဆက်တိုက် ဘဲလ်နှိပ်ကာမှ တံခါးဖွင့်လာသည့် မျက်နှာလေးသည် ညှိုးနွမ်းနွမ်းနှင့် အားမရစရာ။

"နေမကောင်းဘူးလား ဆရာ "

" အင်း ... ဘာလာလုပ်တာလဲ ကျောင်းချိန်ရောက်နေပြီမလား "

ကိုယ်တိုင်က နေမကောင်းဖြစ်နေတာ‌တောင် မင်ဂယူးကျောင်းမသွားတာကို သိချင်နေသေးသည်။ဒီဟာလေးကတော့ ...

"ဘာစားပြီးပြီလဲ ? ဆေးရောသောက်ပြီးသားလား ? အစာမရှိပဲ ဆေးတွေချည်း လှိမ့်မသောက်နဲ့နော် အန်လိမ့်မယ်"

"?? "

မင်ဂယူးကပဲ ဇောတွေများပြီး မေးခွန်းတွေ တရစပ်မေးလိုက်၍များ ပြန်မဖြေတတ်တော့လားမသိပါ။ ဂွမ်းစောင်ကြီးခြုံလျက်သာ ကုပ်ကုပ်လေး ရပ်ကြည့်နေသည်။ ပုံစံကြည့်ရတာ လန်းလန်းဆန်းဆန်းမရှိ မင်ဂယူးရှိနေလို့ သွားအိပ်နေလို့လည်းမရပဲ အားနာနေပုံပေါက်တာကြောင့် မင်ဂယူးကပဲ

"ဆရာ ဘာမှမစားထားရဘူးမလား !! ဆေး‌မသောက်ခင်စားဖို့ ကျွန်တော် ဆန်ပြုတ်ပြုတ်ပေးမှာမို့ အိပ်ရာထဲမှာ သက်သက်သာသာလှဲနေနော် "

" အဲ့လောက်ထိ လုပ်‌ပေးစရာ မလိုပါဘူး .. မင်းက ကျောင်းမသွားတော့ဘူးလားလို့ ... "

"ဟောဗျာ ...သွားအိပ်နေပါဆို ... တစ်ရက်လောက် ကျောင်းမသွားတာ ဘာဖြစ်မှာကျလို့ ... ကျွန်တော့်ရှေ့မှာဆရာတစ်ယောက်လုံး နေမကောင်းဖြစ်နေတာကို ဘယ်စိတ်နဲ့ထားသွားရမှာလဲ "

စောင်ခေါင်းမြှီးခြုံ၍ မင်ဂယူးနားကပ်ရစ်နေတာကို ရပ်သွားအောင်သာ လျှောက်ပြောနေရသည်။ တစ်ခြားသူဖျားတာဆိုရင် မင်ဂယူးတို့ ဘာအရေးလုပ်လိမ့်မလဲ။ သူ့ဆရာပေါက်စမို့သာ ဂရုစိုက်ချင်လွန်းလို့ စေတနာ‌တွေ ရေစီးကမ်းပြိုလိုက်နေတာ။ မတ်တပ်ရပ်ရတာတောင် ပင်ပန်းနေပုံပေါ်တာမို့ ပုခုံးမှကိုင်ကာ အိပ်ခန်းထဲသို့ ဆွဲခေါ်သွားပြိး အတင်းအိပ်ခိုင်းလိုက်ရသည်။ ထိုအခါမှသာ ဖြောင့်ဖြောင့်တန်းတန်း အိပ်ရာထဲဝင်လေသည်။

ဆန်ပြုတ်ပြုတ်ပေးမည်ဟု အသံကောင်းဟစ်ထားသော်လည်း မီးဖိုချောင်မကျွမ်းကျင်သည့်မင်ဂယူး၏ ကြိုးစားမှုမှာအချည်းနှီးသာ။ အချိန်အဆဘာမှမသိခြင်းကြောင့် ထွက်လာသည့်ဆန်ပြုတ်သည်လည်း အရောင်၏ပြည့်စုံခြင်း အနံ့၏ပြည့်စုံခြင်း ဗလာနတ္တိ စားချင်စဖွယ်လည်းမရှိ။နောက်ဆုံးတော့ လက်လျှော့လိုက်ပြီး နီးစပ်ရာဆိုင်တွင် ဆန်ပြုတ်တစ်ပွဲအမြန်ဝယ်ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် စေတနာကသာ အဓိကမလား ကိုယ်တိုင်ချက်တာမှ ပါရမီမပါတာကို။

အခန်းထဲဝင်လာပြီး ဆရာ့ကို လာကြည့်တော့ စောင်အောက်တွင် ပုဇွန်ထုပ်လေးလိုကွေးနေသည့် ဆရာသည် အသံထွက်မလာပဲ ခိုက်ခိုက်တုန်လျက်။ နဖူးကို စမ်းကြည့်တော့ အဖျားတွေတက်ကာ ပူကျစ်နေသည်။တဟင်းဟင်းညည်းနေသူသည် မျက်လုံးပင်ဖွင့်မလာ လက်သီးလေးကျစ်ကျစ်ပါအောင်ဆုပ်လျက် တုန်ရီနေလေသည်။ မင်ဂယူးမှာလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ရေပတ်တိုက်‌ပေးရမှာလား ။ သူယူလာတဲ့ဆန်ပြုတ်ပဲခွံ့ရမလား ဆေးပဲ အတင်းတိုက်လိုက်ရမလားဆိုတာ ဝေခွဲရခက်နေမိသည်။

နောက်ဆုံး ကြံရာမရတော့သည်နှင့် အပေါ်မှ အင်္ကျီလက်ရှည်ကိုဆွဲချွတ်ကာ တီရှပ်လက်ပြတ်နှင့် ဆရာ့စောင်အောက်သို့ တိုးဝင်သွားပြီး ပူကျစ်နေသည့် ကိုယ်လုံးသေးသေးလေးအား ရင်ခွင်ထဲထည့်၍ ဖက်ထားလိုက်လေသည်။ပူကျစ်နေသည့် ကိုယ်ရှိန်ကို မင်ဂယူးပါ ခံစားနေရပြီး ရင်ဘတ်ထဲတွင်လည်း တစ်လှပ်လှပ်။ရင်ခွင်ထဲကအသေးလေးကို နွေးပါစေတော့ဟူသည့်စိတ်နှင့် တစ်ဆတစ်ဆ တိုး၍သာဖက်ထားမိသည်။ တစ်အောင့်မျှကြာတော့ တအင်းအင်းညည်းနေရာမှ မင်ဂယူးအင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်လျက်ငြိမ်သွားပြီး မင်ဂယူးမှာလည်း ရော၍ အိပ်ပျော်သွားလေသည်။

***************************************

မြောင်ဟိုအိပ်ရာကနိုးလာတော့ပုံမှန်ထက်တင်းကြပ်မှုကို ခံစားနေရပြီး အသက်ပင်ကောင်းကောင်းရှူမရ။တစ်ကိုယ်လုံးမှာလည်း ထုပ်ထားသကဲ့သို့ နွေးနေပြီး တစ်ယောက်ယောက်၏အငွေ့အသက်ကို မျက်လုံးမှိတ်လျက်ပင်ခံစားနေရသည်။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်မိရာ မျက်စိရှေ့တွင်ကျယ်ပြန့်သော ရင်ဘတ်ကြီးသာရှိသည်။ မော့ကြည့်လိုက်တော့ အိပ်ပျော်နေသည့် ဂင်မင်ဂယူးမျက်နှာကိုမြင်လိုက်ပြီး နောက်မှသဘောပေါက်သည်။ အစောပိုင်းက မြောင်ဟို အဖျားတက်ပြီး အရမ်းချမ်းနေတာ။ရာသီဥတုအေးလို့ ချမ်းတာမျိုးကဲ့သို့ မဟုတ်ပဲ ကိုယ်တွင်းမှလှိုက်ကာ ချမ်းနေပြီး တစ်ကိုယ်လုံးခိုက်ခိုက်တုန်လျက် ညည်းညူခြင်းအမှုသာပြုနိုင်လေသည်။ ဘေးမှ တတွတ်တွတ်နှင့် စကားလာပြောနေတာ စောင်အောက်ကို အခြားတစ်ယောက်ရောက်လာတာအထိ သိပေမယ့် ချမ်းတာကလွဲ၍ အာရုံမရှိ။ တစ်ကိုယ်လုံးနွေးထွေးသွားချိန် နွေးရာနေရာသို့ ဇွတ်တိုးဝင်ပြီး ခဏအကြာတွင် မျက်လုံးများမှေးစင်း၍ အိပ်ပျော်သွားရာ ယခုမှ နိုးလာခြင်းဖြစ်သည်။

ဘယ်လိုဖြစ်လို့များ အိပ်ပျော်နေတာတောင် သေမလိုဖက်ထားရတာတုန်း။ အနည်းငယ်ရုန်းကန်လိုက်တော့မှ နိုးလာပြီး တင်းကြပ်စွာ ထွေးဖက်ထားမှုကို လွှတ်ပေးလေသည်။ အဖျားတက်တာ ကျသွားခြင်းကြောင့် နဖူးစပ်တွင် ချွေးစစထွက်နေပြီး မြောင်ဟို့နှုတ်ခမ်းတို့မှာလည်း ယခုမှ ပူထူနေသည်။သူ့ဘေးတွင်တော့ ငေးတိငေးငိုင်နှင့် ဂင်မင်ဂယူးက ထိုင်နေသည်။ နေပါဦး သူအဖျားတက်နေတာကို ဘယ်လိုဦးနှောက်မျိုးနဲ့ အဖြေရှာလိုက်လို့ မြောင်ဟို့အိပ်ရာထဲဝင်အိပ်ပြီး ဖက်ထားရတာလဲ။ အခုကြည့်မိမှ ထိုကလေးမျက်နှာမှာ မူမမှန်။နဖူးကို စမ်းကြည့်လိုက်ရာ ထင်သည့်အတိုင်း ခပ်နွေးနွေး ခပ်ရှိန်းရှိန်းနှင့် အဖျားကူးလေပြီ။

"ဟေး ... မဆင်မခြင်တွေ လျှောက်လုပ်တာ မင်းပါဖျားနေပြီ ... ငါလည်းအဖျားပျောက်သေးတာမဟုတ်လို့ ဘာမှထမလုပ်နိုင်သေးဘူး ... မင်းအိမ်မပြန်သေးဘူးလား "

ဆောမြောင်ဟိုပြောတာ ဘယ်နေရာများမှားသွားလို့လဲ။ သူမြင်တာ မမှားဘူးဆိုရင် ဒီကလေး နှုတ်ခမ်းဆူသွားတာလားလို့။ ဘေးစားပွဲရှိ သူ့အိတ်ထဲက ဖုန်းကိုထုတ်၍ အိမ်ကိုဖုန်းခေါ်ကာ လာကြိုခိုင်းလိုက်ပုံရသည်။ ထို့နောက် စောင်ကိုဆွဲ၍ အိပ်ရာထဲ လှဲနေပြန်၏။ မြောင်ဟိုကိုယ်တိုင်လည်း အဖျားကျသွားသည်မှလွဲ၍ လူက နုံးခွေနေတာမို့ မင်ဂယူးဘေးတွင် လှဲချလိုက်သည်။ တအောင့်အကြာတွင် မြောင်ဟို့ကိုယ်ပေါ်သို့ စောင်လွှမ်းခြုံပေးလာသည်ကို မျက်စိမှိတ်ထားလျက် ခံစားမိနေသည်။ ထို့မျှမက ဘေးတိုက်အိပ်နေသည့် မြောင်ဟို၏ ခြေဖဝါးနှစ်ဖက်ကို သူ၏ခြေဖဝါးနှစ်ဖက်ကြားသို့ ညှပ်ထားလိုက်သေးသည်။ ဒါဘယ်လိုတောင် ကလေးဆန်တာလဲ ... အရမ်းရဲတင်းပြီး တွယ်ကပ်လွန်းနေတာ မဟုတ်ဘူးလား .. လေးလံလာသည့် မျက်ခွံ၏ စေ့ဆော်မှုကို မတွန်းလှန်နိုင် တဖြည်းဖြည်းကြီးစိုးလာသည့် အိပ်ချင်စိတ်၏ အလိုအတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

ငြိမ်သက်သွားသည့် အခန်း၏ တိတ်ဆိတ်မှုတွင် ဦးစွာ လှုပ်ရှားလာသူကတော့ မင်ဂယူးပင်။ လေးတွဲစွာ ထထိုင်လိုက်ပြီး မူးနောက်နောက်ဖြစ်နေသည်ကို အတော်လေးထိန်းယူနေရသည်။ သူတကယ်ကို နေမကောင်းဖြစ်နေပြီပဲ ။ နံဘေးတွင် ပုဇွန်ထုပ်လေးလို ကွေးလျက် အိပ်ပျော်နေသူလေးကတော့ အိပ်နေတာတောင် မျက်နှာရဲရဲလေးနှင့် မျက်မှောင်လေးကြုံ့ထားတာကအစ ချစ်စရာကောင်းနေသည်။ မင်ဂယူးနေမကောင်းဖြစ်ရင် တာဝန်အရ ဂရုစိုက်မယ့်သူတွေပုံနေပေမယ့် သူ့ဆရာပေါက်စလေးကတော့ ဒီအတောအတွင်း အခုလို တစ်ယောက်တည်း ဖြတ်သန်းနေရမှာပဲ။ တွေးကြည့်မိတာနှင့်ပင် အကဲပိုစွာ ဂရုဏာစိတ်က ကြီးစိုးလာသည်။ သူတကယ်ကို အရူးရင့်နေတာပဲ သူ့ထက်အတွေ့အကြုံအများကြီးရှိတဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရဲရဲရပ်ပြီး နေစဉ်ဘဝကိုဖြတ်သန်းနေတဲ့ ဆရာဆိုတဲ့ဂုဏ်ပုဒ်နဲ့ လူကြီးတစ်ယောက်ကို ကလေးလေးလို အဖြစ်သည်းချင်တဲ့အထိ ရူးသွပ်နေတာပဲ ။

ဖြေးညင်းစွာ ထရပ်လိုက်ပြီးနောက် ချွတ်ထားသည့် လက်ရှည်ကို ကောက်ဝတ်ကာ အခန်းထဲက ထွက်ဖို့အလုပ် ချီတုံချတုံနှင့် အိပ်ပျော်နေသူကို စောင်းငဲ့ကြည့်မိသည်။ ထို့နောက် အိပ်ရာနားပြန်ရောက်လာကာ မျက်မှောင်လေးတွန့်လျက် အိပ်စက်နေသူ၏ ပါးပြင်ကို ညင်သာစွာ အနမ်းခြွေလိုက်လေသည်။

တစ်ကြိမ်တော့ ခွင့်လွှတ်ပါဆရာ.. ခိုးနမ်းတာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲ .. နောက်ကျ တရားဝင် နမ်းခွင့်ရနိုင်သူ လုပ်ပါ့မယ်။

အခန်းထဲမှ တိုးတိုးတိတ်တိတ်ထွက်လာကာ အပြင်ရောက်တော့ အသင့်စောင့်နေသည့် ကားထဲဝင်ထိုင်ပြီးသူ့ဆိုင်ကယ်သော့ကိုလည်း ပစ်ပေးလိုက်သည်။ သူဆိုင်ကယ်တောင် မမောင်းချင်လောက်အောင် နှုံးနေပြီ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါဖျားတာကတော့ ပျော်ပျော်ကြီးဖျားနိုင်ပါသည် .... သူချစ်ရတဲ့ဆရာ့ကိုယ်လုံး‌နွေးနွေးလေးကို ရင်ခွင်ထဲပစ်ထည့်ပြီး ကူးစက်လာတဲ့ အပူရှိန်တွေမလား ... ပေါက်ပေါက်ရှာရှာတွေးပြီးပင် ရယ်မိသည်။ဒီနေ့တော့ အသက်ရှူရတာကတောင် အလွန့်အလွန် ပျော်ဖို့ကောင်းနေပါလား

********************************

Continue Reading

You'll Also Like

5.9K 530 16
Got a lime green lollipop , Disapearing on my tongue. Need another lollipop, Cause this one is almost gone. Next one I won't chew the top, This one...
4.4K 523 20
Graceful swan,my deep regret,you nevermore shall be Odette
15.5K 1.8K 11
Ricky Shen X Kim GyuVin Start Date-31/5/23 End Date- 29/7/23
845 62 11
"Being deeply loved by someone gives you strength, while loving someone deeply gives you courage." - Lao Tzu Highest ranking 4th at shyness Cover don...