HolyShitt! My ex-husband love...

By SummerGrape

2K 284 32

​သောက်ကျိုးနည်း! ငါ့​ခင်ပွန်း​ဟောင်းက ငါ့ကိုကြိုက်​နေတာလား! More

Intro
1
2

3

497 80 8
By SummerGrape

"အစ်ကို ဒီမှာပဲ ​စောင့်မလို့လား။"

"ဒီမှာမ​စောင့်လို့ ဘယ်က​စောင့်ရမှာလဲ။"

"ဟို .. မဟုတ်ပါဘူး။ အဲဒါက ...."

မဝံ့မရဲ​ပြောလာသည့် မန်​နေဂျာလီ၏ အဆုံးမသတ်လိုက်​သော စကားကို ထယ်ရယ် သ​ဘော​ပေါက်၏။ ယခင်က စတူရီယိုသို့လာတိုင်း ထယ်ရယ်က သူတို့အတွက် စတူရီယိုဘက်မှ စီစဥ်​ပေးထားသည့်အခန်း၌ ဘယ်​တော့မှ​စောင့်မ​နေတတ်ဘဲ ရှန်ချွမ်​ရွေ့ရှိ​သော​နေရာအထိ အမြဲလိုက်သွား​လေ့ရှိသည်။

ယခင်ဘဝကလည်း ယခုကဲ့သို့ ကွာရှင်းခံရပြီး​နောက်တစ်ရက်တွင် စတူရီယိုသို့ အလုပ်ကိစ္စဖြင့်လာခဲ့၍ ထုံးစံအတိုင်း ရှန်ချွမ်​ရွေ့​​ရှိသည့်​နေရာသို့လိုက်သွားရင်း အိုမီဂါ အိုင်​ဒေါလ်တစ်ဦးအား နှစ်​ယောက်တွဲ ကကွက်တစ်ခု သင်​ပေး​နေသည့်အား​တွေ့၍ စိတ်မထိန်းနိုင်ဘဲ ပထမဆုံးအကြိမ် လူကြားထဲ ပြဿနာရှာမိရာမှ ကိစ္စများက ပိုမိုဆိုးရွားလာခဲ့သည်မဟုတ်လား။

"မန်​နေဂျာလီ"

"ဟုတ်ကဲ့"

"ငါ ကွာရှင်းလိုက်ပြီ။"

"ဗျာ"

​မျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားသည့် မန်​နေဂျာလီ၏ တုံ့ပြန်မှု​ကြောင့် ထယ်ရယ် ​ခေါင်းငြိမ့်ပြလိုက်ရင်း ဆိုဖာ​ပေါ်၌ သက်​တောင့်သက်သာအ​နေအထားဖြစ်​အောင် ​ပြောင်းထိုင်လိုက်သည်။

"ဟုတ်တယ်။ မ​နေ့ကပဲ ကွာရှင်းလိုက်တာ။ မီဒီယာ​တွေကို​တော့ တရားရုံးက အတည်ပြုချက်ရမှ ​ကြေညာမလို့။ မန်​နေဂျာလီကို ကြို​ပြောပြထားတာ။ ငါ့ရဲ့မန်​နေဂျာဆို​တော့ အားလုံးကိုသိထားမှဖြစ်မယ်​လေ။ သ​ဘော​ပေါက်တယ်မလား။"

"​ဟုတ်ကဲ့ သ​ဘော​ပေါက်ပါပြီ။ ​အခု လုပ်လက်စ​တွေပြီးတာနဲ့ အစ်ကို့အတွက် ​နောက်ထပ် Dance Studio အသစ် ​ပြောင်းလိုက်ပါ့မယ်။"

ချက်ချင်းပြန်​ဖြေလာသည့် မန်​နေဂျာလီ၏ပါးနပ်မှုကြောင့် ထယ်ရယ် ​သ​ဘောတကျပြုံး၍ ​ခေါင်းငြိမ့်ပြလိုက်ရာ မျက်နှာချင်းဆိုင်ရှိ မန်​နေဂျာ​လေးမှာ ထိုအပြုံးအားမမြင်ဖူးသလို ​တောင့်​တောင့်ကြီး စိုက်ကြည့်​နေရာမှ နားရွက်ဖျားများရဲလာ၍ ချက်ချင်း ​ခေါင်းငုံ့သွားရှာ၏။ ထိုအခါကျမှ ဖြတ်သန်းခဲ့ရသည့် နှစ်ဘဝလုံးတွင် မန်​နေဂျာ​လီအား စိတ်လိုလက်ရပြုံးပြဖူးသည်မှာ ယခုတစ်ကြိမ်က ပထမဆုံးဖြစ်​ကြောင်း ထယ်ရယ် သတိထားမိလိုက်သည်။

အလုပ်လုပ်ရာ၌ တိကျကျွမ်းကျင်​သည့်အပြင် အ​နေ​အေး၍ ရိုးသား​သောမန်​နေဂျာ​လေးသည် ထယ်ရယ့်ထံ၌ အလုပ်ဝင်သည်မှာမကြာ​သေး။ ​အေဂျင်စီနှင့်စာချုပ်မချုပ်ထားသည့် ဂင်မ်ထယ်ရယ်က အလုပ်ကလွဲလျှင် တခြားမည်သူ့ကိုမှဂရုမစိုက်သည့်အပြင် ကိုင်တွယ်ရခက်၍ အ​ပြောအဆိုလည်းရင့်သည်။

ထို့​ကြောင့် မန်​နေဂျာအများစုမှာ ထယ်ရယ့်ဒဏ်ကိုမခံနိုင်၍ ​ခြောက်လ​လောက်နှင့် အလုပ်ထွက်သွားတတ်ပြီး မန်​နေဂျာလီကမူ ယခင်ဘဝက ထယ်ရယ်​သေဆုံးချိန်အထိ တစ်နှစ်​ကျော်နီးပါးကြာ​အောင်ရှိ​နေခဲ့၍ ထယ်ရယ့်အ​ပေါ်၌ အ​တော်​သည်းခံနိုင်ရှာသည့် က​လေးလည်းဖြစ်၏။ ထယ်ရယ်ကမူ ထုံးစံအတိုင်း ရှန်ချွမ်​ရွေ့နှင့်အဆင်မ​ပြေသမျှကို ​တွေ့ရာလူအ​ပေါ်၌ ပုံချတတ်ရာ မန်​နေဂျာလီသည်လည်း ခြွင်းချက်မဟုတ်ခဲ့။

လူတစ်​ယောက်​အ​ပေါ် ရူးသွပ်မှု​ကြောင့် တန်ဖိုးရှိသည့်အရာများကို ဆုံးရှုံးခဲ့ရသည်မှာ တစ်ဘဝနှင့်ပင်လုံ​လောက်ပြီဖြစ်ရာ မန်​နေဂျာလီကဲ့သို့ သူ့အ​ပေါ်သစ္စာရှိသည့် လူ​ကောင်းတစ်​ယောက်အား ယခုအချိန်မှစ၍ ​ကောင်း​ကောင်းမွန်မွန် ဆက်ဆံ​ပေးရန်​​ ဆုံးဖြတ်မိသည်။

______ 🚬 ______

"ဝမ်း တူး သရီး ... ဝမ်း တူး သရီး .."

"အဲဒီအတိုင်းပြီးရင် ​​ခြေဖျားမှာပဲ အားထည့်ပြီး ​ဘယ်ဘက်ကိုနည်းနည်း​ရွေ့။"

ယမန်​နေ့ကမှ ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးပြီး ကွာရှင်းပြတ်ဆဲခဲ့​သော ခင်ပွန်း​​ဟောင်းနှင့် နောက်တစ်​နေ့မနက်တွင် အတူအလုပ်တွဲလုပ်နေရသည်မှာ အူ​ကြောင်​ကြောင်နိုင်သော်လည်း သူတို့အနုပညာ​​လောက၌ အ​ရေးအကြီးဆုံးမှာ အလုပ်နှင့်ကိုယ်​ရေးကိုယ်တာ ခွဲခြားထားရန်ဖြစ်သည်။

ထို့​ကြောင့် မကွာရှင်းမီကလည်း သူနှင့်ရှန်ချွမ်​ရွေ့က အခြား​နေရာများ၌ လုံးဝအဆင်မ​ပြေလျှင်​တောင် အလုပ်လုပ်သည့်​အချိန်တွင်​တော့ အဆင်​ပြေသည်၊ နှစ်​ယောက်စလုံးက အလုပ်ကိုသာအာရုံစိုက်ထား၍ စကားအပိုလည်း မ​​ပြောဖြစ်။ မ​ကျေနပ်စရာရှိလျှင်​လည်း အိမ်​ရောက်မှ ဝုန်းဒိုင်းကြဲ ​ဖြေရှင်းသည်။

ယခင်ဘဝက​ ဤအချိန်၌ လူ​ရှေ့သူ​ရှေ့တွင် ပထမဆုံးအကြိမ် ပြဿနာဖြစ်ပြီး အကမကျင့်ဖြစ်လိုက်သော်လည်း ယခုတွင်​တော့ ထယ်ရယ်က ​practice room​တွင်သာ ထိုင်​စောင့်​နေ၍ ဘာပြဿနာမှမရှာထားရာ ပုံမှန်အတိုင်း အေး​အေး​ဆေး​​ဆေး။

"အို​ခေ ... အဆင်​ပြေတယ်​။ ခဏနားပြီးရင် ထပ်လုပ်ကြည့်။"

______ 🚬 ______

ခဏနား​သည့်အချိန်၌ ထောင့်နားတွင်ထိုင်ကာ အ​မော​​ဖြေရင်း မန်​နေဂျာနှင့် စကားပြော​နေသူအား ချွမ်​ရွေ့ မသိမသာလှမ်းကြည့်မိ၍ စိတ်ထဲ၌ တစ်ခုခုထူးဆန်း​နေသလို ခံစားရသည်။ ပုံမှန်ဆိုလျှင် ဂင်မ်ထယ်ရယ်လို အ​ခြေကြီးသည့်လူစားမျိုးက မန်​နေဂျာများနှင့် ရင်းရင်းနှီးနှီး မ​နေတတ်သည့်အပြင် ပရိတ်သတ်များနှင့်​တွေ့သည့်အချိန်မှလွဲလျှင် စိတ်လိုလက်ရပြုံးတတ်သည်က အလွန်ရှား၏။ ထို့​ကြောင့် ယခုကဲ့သို့ ပါးချိုင့်များ​ပေါ်သည်အထိ ပြုံး​နေသည်ကိုမြင်ရသည်မှာ မျက်စိထဲတစ်မျိုးဖြစ်​နေ၏။

ထို့အပြင် ယခင်က စတူရီယိုကိုရောက်သည်နှင့် သူရှိရာ​နေရာသို့ တန်းလာတတ်​သော်လည်း ယ​နေ့တွင်​တော့ ​ရောက်မလာခဲ့။ လက်​ထောက်တစ်​ယောက်က လာ​ပြောမှသာ ထိုသူ​​ရောက်​နေ​ကြောင်း သိခဲ့ရခြင်း။ ကြည့်ရသည်မှာ ဂင်ထယ်ရယ်က ကွာရှင်းပြီးသည်နှင့် သူစိမ်းအဖြစ် ချက်ချင်း သတ်မှတ်လိုက်ပုံရ၏။

သူ့ဘက်က ဒီလိုဆို​တော့ ပို​တောင်​ကောင်း​သေးတာပဲ။ ​စိတ်ရှုပ်စရာမရှိ​တော့ဘူး​ပေါ့။ ​ရှေ့​လျှောက်လည်း ဒီလို ဘာဇယားမှလာမရှုပ်ဘဲ ​နေသွားရင်​ကောင်းမယ်။

"ဆရာ နားချိန်​ကျော်​နေပါပြီ။ ပြန်စ​ကြတော့မလား။"

လက်​ထောက်​ဖြစ်သူက အနားကပ်လာ၍ ခပ်တိုးတိုး​​ သတိ​ပေးမှသာ ချွမ်​ရွေ့ အ​တွေးလွန်​နေရာမှ သတိပြန်ဝင်လာ၍ နာရီကိုကြည့်လိုက်​ရာ ပုံမှန်နားချိန်ထက် ​​ခုနစ်မိနစ်နီးပါး စွန်း​နေပြီဖြစ်သည်။

"ပြန်စရ​အောင်။"

ယ​နေ့​လေ့ကျင့်ရသည့်ကကွက်မှာ အ​တော်​လေး အဆင့်များသည့် footwork တစ်ခုဖြစ်၍ ​​​​သေ​ချာ အာရုံစိုက်ထားရ၏။ အထူးသဖြင့် အိုင်​ဒေါလ်များလို ကကွက်များအား အမြဲလေ့ကျင့်​နေစရာမလိုဘဲ တခါတ​လေ လိုအပ်မှသာကျင့်ရသည့် အဆို​တော်တစ်ဦးအတွက် ယ​နေ့သင်သည့်ကကွက်များက မှတ်ရသိပ်မလွယ်။

"ခန္ဓာကိုယ်အ​လေးချိန်ကို မျှ​ခြေထား၊ ညာဘက်​ခြေ​ထောက်တစ်ဖက်တည်းကိုပဲ အားထည့်ပြီး ...... "

သင်​ပေးသမျှကို အာရုံစိုက်၍ ​လိုက်ကျင့်​နေသူ၏ မျက်နှာထက်ပင် ​ချွေးစများသီး​နေ၍ အသက်ရှုသံများလည်း မြန်​နေပြီဖြစ်ရာ ချွမ်​ရွေ့ သင်လက်စအား ခဏရပ်၍ ငါးမိနစ်လောက် ထပ်မံအနားယူခိုင်းရန် စဥ်းစားလိုက်သည်။

"ဒီမှာ ခင်ဗျား ..."

​​ဘေးချင်းယှဥ်ရပ်၍ မျက်နှာချင်းဆိုင်ရှိ မှန်ကိုသာအာရုံစိုက်ကြည့်ကာ လှုပ်ရှား​နေသူအား ခဏနားရန်​ပြောဖို့အတွက် ​ဘေးသို့လှည့်လိုက်စဥ်မှာပင် မထင်မှတ်ဘဲ ​တစ်ဖက်ကလည်း ကကွက်အတိုင်း ဘေးသို့ ​ခြေ​ထောက်ဆန့်ထုတ်လိုက်သည်နှင့်ဆုံ၍ ​ခြေ​ထောက်ချင်း ချိတ်မိပြီး အရှိန်မထိန်းနိုင်ဘဲ ​နှစ်​ယောက်စလုံး လဲကျသွား​တော့သည်။

ဝုန်း!

"အ့"

" .... "

​အာရုံစိုက်၍ က​နေရင်းက ရုတ်တရက်ဖြစ်သွားသည့် အ​ဖြစ်အပျက်များကို ထယ်ရယ် လိုက်မမှီ။ သို့​သော် နီးကပ်လွန်းသည့် စီးကရက်နံ့ပြင်းပြင်း​ကြောင့် သတိဝင်လာသည့်အချိန်တွင်​တော့ ခန္ဓာကိုယ်တစ်ခုလုံးက ရှန်ချွမ်​ရွေ့အ​ပေါ်၌ ထပ်လျက်သားဖြစ်​နေ၍ သူ၏နှုတ်ခမ်းများကလည်း တစ်ဖက်လူ၏​မေးရိုး​ချွန်ချွန်ပေါ်၌ ထိကပ်​နေလျက်သား။

​သောက်ကျိုးနည်း! ငါ အခု မ​နေ့ကမှ လတ်လတ်ဆတ်ဆတ် ကွာရှင်းထားတဲ့ ​​ယောက်ျား​​ဟောင်းကို အာဘွားပေးမိသွားတာလား။

________________________

2.12.2023

Continue Reading

You'll Also Like

1.9M 85.4K 192
"Oppa", she called. "Yes, princess", seven voices replied back. It's a book about pure sibling bond. I don't own anything except the storyline.
708K 26.1K 101
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
190K 6.7K 95
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
590K 18.1K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...